Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၃.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ကုန်သွယ်မှုကိစ္စများ ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ အိန္ဒိယသွားမည်
  2. ရန်ကုန်ရှိ မီးပွိုင့်အားလုံးတွင် စီစီတီဗီ ကင်မရာများ တိုးချဲ့တပ်ဆင်ရန် စီစဉ်
  3. မြန်မာနိုင်ငံ၌ စတော့ရှယ်ယာဈေးကွက် ထူထောင်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကားရောက်မြန်မာများ ဆက်တိုက်ပြန်လာရန် ရှိကြောင်း ဦးပီတာလင်းပင်ဆို
  2. ချင်းပြည်နယ်တွင် ၀န်ကြီးဌာနသစ် တစ်ခုတိုး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးပညာ သင်ကြားရေးနှင့်လေ့ကျင့်ကွင်း

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ကုန်သွယ်မှုကိစ္စများ ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ အိန္ဒိယ သွားမည်

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုကိစ္စအရပ်ရပ်အတွက် ဆွေးနွေးညှိနှိုင်းနိုင်ရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင် ၁၀ ဦးသည် အိန္ဒိယနိုင်ငံသို့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲမှ သတင်းရရှိသည်။

“ ဒီလ ၂၅ ရက်မှာ အိန္ဒိယကို သွားမှာပါ။ ပဲမျိုးစုံတင်ပို့ရာတွင် ဈေးကွက်က ဝေစုနည်းသွားမှာ စိုးရိမ်တာကြောင့် လည်း ပါပါတယ်။ ကနေဒါနဲ့ သြစတြေးလျတို့က ခြိမ်းခြောက်မှုတွေကြောင့် ကျွန်တော်တို့ ဈေးကွက်က တော်တော်လေး လျော့သွားတယ်။ ပြီးတော့ အရန်ဆန်နဲ့ ပတ်သက်တာ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေပေါ့၊ အိန္ဒိယနဲ့က နယ်စပ်ကုန်သွယ်ရေး တော်တော်နည်းနေတော့ ညှိနှိုင်းတာလေးတွေ ရှိမှာပါ” ဟု  တာဝန်ရှိသူတစ်ဦးမှ ပြောကြားသွားသည်။

အိန္ဒိယနိုင်ငံ ခရီးစဉ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ၃ ဦးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ်မှ တာဝန်ရှိသူ ၇ ဦးတို့ လိုက်ပါသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံသည် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို အိန္ဒိယသို့ ၇ဝ ရာခိုင်နှုန်းကျော် ပို့လျက်ရှိပြီး ကမ္ဘာ့ပဲဈေး ကွက်တွင် ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ယခုနှစ်တွင် ငွေဈေးကျဆင်းမှုကြောင့် ပြည်ပတင်ပို့သည့် ဈေးကွက်တွင် ရိုက်ခတ်မှုများ ကြုံတွေ့ခဲ့ရသည်။

လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုများထဲတွင် ပဲမှာ အများဆုံး ပို့ကုန်တစ်ခု ဖြစ်နေပြီး ယမန်နှစ်ပိုင်း အတွင်းက မက်ထရစ်တန်ချိန် ၉သန်း ကျော် တင်ပို့နိုင်ခဲ့ရာ စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံ နီးပါးရှိခဲ့ကြောင်း ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်ရှိ မီးပွိုင့်အားလုံးတွင် စီစီတီဗီ ကင်မရာများ တိုးချဲ့တပ်ဆင်ရန် စီစဉ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မီးပွိုင့်များအားလုံးတွင် စီစီတီဗီကင်မရာများ တပ်ဆင်ရန် ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်း ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ မီးပွိုင့် ၁၂၉ ခုရှိသည့်အနက် ယာဉ်သွားလာမှု ပိုမိုများ ပြားသော မီးပွိုင့် ရှစ်ခုတွင် ၂၀၀၈ ခုနှစ်မှ စတင်ခါ စီစီတီဗီကင်မရာများ တပ်ဆင်ခဲ့ပြီး ယခုကျန်ရှိနေသော မီးပွိုင့်များတွင် ထပ်မံတပ်ဆင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း တို့ကို သက်ဆိုင်ရာ ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်ဆင်မည့် စီစီတီဗီများမှာ တစ်လုံးလျှင် ကျပ်သိန်း ၅၀၀ နှင့် ၆၀၀ ကြားရှိကြောင်း သိရသည်။ ထို စီစီတီဗွီ ကင်မရာများကို Fisca၊ Eagle ၊ Billion Bright၊ အေးချမ်းမေတ္တာ၊ နောင်ရိုးကုမ္ပဏီတို့နှင့် ပူးပေါင်းတပ်ဆင်မည် ဖြစ်ပြီး ယခု နှစ်ကုန်ပိုင်းအတွင်း စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေနီကုန်း၊ ရွှေဂုံတိုင်၊ လှည်းတန်း၊ ဆူးလေ၊ ကုက္ကိုင်း၊ ရှစ်မိုင်နှင့် တာမွေ၊ ပေါက်တောဝ မီးပွိုင့်များတွင် စီစီတီဗွီကင်မရာများ တပ်ဆင်ထားပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို မှတ်တမ်းတင် အရေးယူလျက် ရှိသည့်အပြင် ယာဉ်ထိန်းရဲများနှင့် မထသမှ တာဝန်ရှိသူများ ပူးပေါင်းပြီးလည်း မြို့တွင်းရှိ မီးပွိုင့် ၃၇ ခုတွင် စည်းကမ်းပျက်၊ မီးနီဖြတ် ယာဉ်များအား မှတ်တမ်းတင် ဖမ်းဆီးပြီး ပြစ်မှုများကို ယာဉ်ပိုင်ရှင်အိမ်အထိ အသိပေး ပို့ဆောင်ပေးကြောင်းလည်း သိရသည်။

Ref: MYANMAR TIMES

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ စတော့ရှယ်ယာဈေးကွက် ထူထောင်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်

မြန်မာနိုင်ငံ၌ စတော့ဈေးကွက် ထူထောင်နိုင်ရေးကိုဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၏အဆိုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသွား သည်။

မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကိုကူးပြောင်းခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးရေးအတွက် လေ့လာခဲ့ပါကြောင်း၊ ၁၉၉၆ ဇွန်လ ၇ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံဆိုင်ရာ သုတေသနအဖွဲ့လီမိတက်တို့ မြန်မာငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (M SEC ) ကို ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်သည့် ဖက်စပ်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ပြင် အရင်းအနှီးလေ့လာရေး ကော်မ တီကို သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဇူလိုင်လ ၁ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် အဆင့်သုံးဆင့်ပါသည့် အရင်းအနှီးဈေးကွက် ထူထောင်ရေးလမ်းပြ မြေပုံကို ရေးဆွဲပြီး အာဆီယံအရင်းအနှီးဈေးကွက်ဆိုင်ရာ ဖိုရမ်၏ Time Frame အတိုင်း ရေးဆွဲအကောင်အထည်ဖော် လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသွားသည်။

အာရှ ငွေချေးစာချုပ်အစီအစဉ် ( ABMI )အရ မြန်မာနိုင်ငံ၏ ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ အကူအညီပေးရန် Daiwa Institute of Research Ltd ( DIR ) အဖွဲ့သည် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာနှင့် တွေ့ဆုံခဲ့ကြောင်း၊ ပထမအဆင့် ဆောင် ရွက်ပြီးဖြစ်၍ ဒုတိယအဆင့်၌ နိုင်ငံတော်အဆင့် ငွေချေးသက်သေခံလက်မှတ်ကော်မတီ ဖွဲ့စည်းပြီးပါက တတိယအဆင့်ပါ အတိုင်း စတော့အိတ်ချိန်းများ ထူထောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။

Ref : Global

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

 အမေရိကားရောက်မြန်မာများ ဆက်တိုက်ပြန်လာရန် ရှိကြောင်း ဦးပီတာလင်းပင်ဆို

ပြည်ပရောက်မြန်မာ့အရေး အတိုက်အခံများကြားတွင် ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးပီတာလင်းပင်သည် စက်တင်ဘာ ၁၉ ရက်နေ့က သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး၊ ယင်းပြန်လာပြီးသည့် နောက်ပိုင်းတွင်  အမေရိကားရောက်အတိုက်အခံများ မြန်မာများလည်း ပြန်လာရန်ရှိကြောင်း သတင်းမီဒီယာများအား ဖွင့်ဟပြောကြားခဲ့သည်။

“ကျွန်တော်ပြန်လာပြီးနောက်ပိုင်းမှာ အမေရိကားက မြန်မာလူမျိုး တော်တော်များများ ပြန်လာဖို့ ရှိပါတယ်”ဟု ယင်းကဆိုသည်။

ဦးပီတာလင်းပင်သည် မြန်မာနိုင်ငံသို့ ပြန်လာရန် ကိစ္စရပ်နှင့်ပက်သက်၍ အမေရိကားတွင် နာမည်ကြီး အတိုက် အခံများ ဖြစ်ကြသော မိုးသီးဇွန်၊ ထွန်းအောင်ကျော်၊ မောင်မောင်ကျော်၊ ကိုမြင့်စိုးတို့နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆွေးနွေးခဲ့ခြင်း၏ ရလဒ်ကြောင့် ဦးပီတာလင်းပင်သည် အမေရိကားရောက် မြန်မာလူမျိုးများထဲမှ မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာသူဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်နောက်မှာ ပြန်လာမယ့်သူတွေ အများကြီးရှိပါတယ်။ လက်ရှိအခြေအနေက လက်ခံစရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်လို့ လက်ခံကြပါလို့ တိုက်တွန်းခဲ့တယ်”ဟု ဦးပီတာလင်းပင်က ဆိုသည်။

ဦးပီတာလင်းပင်သည် မြန်မာအစိုးရသစ်အနေဖြင့် အပြောင်းအလဲတစ်ခု ဖော်ဆောင်နေသည်ဟု ထင်မြင်မိ၍ မြန်မာနိုင်ငံသို့ ပြန်သွားခြင်းအပေါ် NCGUB အနေဖြင့် မည်သည့် မှတ်ချက်တစ်စုံတစ်ရာမှ ပေးလိုခြင်းမရှိကြောင်း ယင်း တို့အား အီမေလ်းဖြင့် ဆက်သွယ်မေးမြန်းခြင်းအပေါ် ပြန်ကြားသည်။

ဦးပီတာလင်းပင်သည် ၁၉၉၀ တွင် ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဖြစ်ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်း အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်ပရောက် ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ် အများအစုတွင် သဘာပတိအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

            YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ချင်းပြည်နယ်တွင် ၀န်ကြီးဌာနသစ် တစ်ခုတိုး

ချင်းပြည်နယ်၊ မြို့တော် ဟားခါးတွင် စက်တင်ဘာလ ၂၂ရက်နေ့က ကျင်းပခဲ့သည့် ပြည်နယ်လွှတ်တော် အထူး အစည်းအဝေး၌ ၀န်ကြီးဌာနသစ်တစ်ခု ထပ်တိုးလိုက်ပြီး ၀န်ကြီးအချို့ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

နံနက် ၁၀နာရီတွင် စတင်ခဲ့သည့် အစည်းအဝေးတွင် လျှပ်စစ်နှင့်စက်မှု ၀န်ကြီးဌာနကို ထပ်တိုးလိုက်ပြီး ယင်း ဌာန၀န်ကြီးအဖြစ် ယခင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျင့်လျန်းပေါင်ကို ခန့်အပ်လိုက်သည်ဟု သိရသည်။

ထို့နောက် လစ်လပ်သွားသော ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဦးငွန်ဆန်းအောင်ကို အသစ်ခန့်အပ်လိုက်ကြောင်း လွှတ်တော်ကို တက်ရောက်နေသည့် လွှတ်တော်အမတ် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုးဇမ်က ပြောကြားသည်။

အသက် ၅၈ နှစ်အရွယ် ဦးငွန်ဆန်းအောင်သည် ဗဟိုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး အဖြစ်မှ ယခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် အငြိမ်းစားယူခဲ့သူဖြစ်ကာ မည်သည့်နိုင်ငံရေး ပါတီဝင်မှ မဟုတ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် အစိုးရသစ် စဖွဲ့စဉ်က ၀န်ကြီးဌာန ၉ ခုရှိသော်လည်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးများတွင် နိုင်ငံတော်အစိုးရက ၀န်ကြီးဌာန ၈ ခုအဖြစ် ပြန်လည်လျှော့ချခဲ့သည်။

ယင်းကိစ္စကို ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုးဇမ်က ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သည့်အတွက်ကြောင့် ယခုကဲ့သို့ ၀န်ကြီးဌာနတခုကို ပြန်လည်တိုးချဲ့ပေးခြင်း ဖြစ်သည်ဟု သိရသည်။

ယခင် ချင်းပြည်နယ်အစိုးရ ၀န်ကြီးဌာနများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေး ၀န်ကြီးဌာနတို့ ဖြစ်သည်။

အထူးအစည်းအဝေးကို မိနစ် ၃၀ သာ ကျင်းပခဲ့ပြီး အသက် ၃၅နှစ် မပြည့်သောကြောင့် ၀န်ကြီးရာထူးမှ ပယ်ချခံ ရသော ဦးကွီထန်းအား ပြန်လည်ခန့် အပ်ရေးကိစ္စနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှု မရှိခဲ့ကြောင်း သိရသည်။

YC( Moe Z)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

တချို့ကကြော်ငြာ ကောင်းကောင်းနဲ့ဝင်လာရင် ရမှာပဲလို့ ထင်တာရှိပါတယ်။ ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးမှာ ကြော်ငြာ ကောင်းတာ အရေးကြီးပါတယ်။ ဒါပေမဲ့ ကြော်ငြာကောင်းတာတစ်ခုတည်းနဲ့တော့ ပုံရိပ်ကို တည်ဆောက်လို့ မရနိုင်ပါ။ ကြော်ငြာ ကောင်းရုံမျှနဲ့၊ ကံစမ်းမဲတွေ ဖောက်ပေးနေရုံမျှနဲ့ ဒီပစ္စည်းထုတ်လုပ်သူတွေ စေတနာ ကောင်းတယ်။ ဒီပစ္စည်း အမျိုးအစား ကောင်းတယ်လို့ နာမည်တွင်သွားလိမ့်မည် မဟုတ်ပါ။ တကယ်စေတနာကောင်းတယ်ဆိုတာ တကယ် စေတနာ ကောင်းမှရတာပါ။

ရွေးကောက်ပွဲ နိုင်ငံရေးပေါ်လာတော့ အများပြည်သူကြားမှာ နာမည်မကောင်းခဲ့တဲ့သူ တချို့က တိုင်းပြည်နဲ့ လူမျိုး ပေါ်မှာထားတဲ့ စေတနာတွေကို ကြော်ငြာမောင်းခတ် ဝင်လာပေမယ့်လည်း ပြည်သူလူထုက သိပြီးသားပါ ဆိုတဲ့သဘောနဲ့ ပြုံးစိစိ လုပ်နေကြတာရှိပါတယ်။ လူတစ်ယောက် တိုင်းပြည်အပေါ် ဘယ်လောက်စေတနာ ထားတယ်၊ ဘယ်လောက် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်တယ်ဆိုတာ ဟိုနားဒီနား လူလုံးပြ အလှူလေး ဘာလေးပေး ဆိုတာလောက်နဲ့ မရနိုင်ဘူး မဟုတ်လား။ ပြည်သူယုံကြည်မှုရှိတဲ့ ပုံရိပ်တစ်ခု တည်ဆောက်တယ် ဆိုတာ ပြည်သူကို ငါလှိမ့်လိုက်ရင် ရမှာပဲဆိုတဲ့ စိတ်ကူး ရှိနေသရွေ့တော့ မဖြစ်နိုင်သေးပါဘူး။

စက်တင်ဘာ ၂၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၁) တွင်ပါသည့် ဆောင်းပါးရှင်းမောင်းဆက်၏ “ပြည်သူ့ ယုံကြည်မှု ပြည်သူ့အစွဲအလမ်းနဲ့ အမျိုးသား ပြန်လည်ထူထောင်ရေး” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပထမဆုံးအနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကို တရားဝင်သတ်မှတ်ပေးဖို့လိုအပ်ပါတယ်။ အရင်က အစိုးရပိုင်ဘဏ်နှစ်ခု သုံးခုလောက်မှာပဲ နိုင်ငံခြားငွေ လဲလှယ်လို့ရတဲ့အတွက် ငွေလဲလှယ်ရာမှာ အခက်အခဲကြုံတဲ့အခါ၊ အလျင်လိုတဲ့အခါမှာ လာဘ်ပေးလာဘ်ယူမှု အနည်းနဲ့ အများဆိုသလို ရှိနိုင်ပါတယ်။ အကယ်၍ ပုဂ္ဂလိကဘဏ်တွေကိုသာ နိုင်ငံခြားငွေ လဲလှယ် ကိုင်ဆောင်ခွင့်ပြုလိုက်မယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေလည်း အတော် လေးပပျောက်သွားစေမှာပါ”

စက်တင်ဘာ ၂၂ ထုတ် ENVOY အတွဲ (၂) အမှတ် (၂၂) တွင်ပါသည့် “ပုဂ္ဂလိကဘဏ်တချို့နိုင်ငံခြားသုံး ငွေစာရင်း ဖွင့်ခွင့် ပြုလိုက်ပါက နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်” သတင်းမှ ကမ္ဘောဇဘဏ်မှ ဒုတိယဥက္ကဋ္ဌ  ဦးသိန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

သို့ပေမယ့် လွှတ်တော်အတွင်း မဲခွဲတဲ့အခါ တိုင်းပြည်ကိစ္စကြီးတစ်ခုနဲ့ ပတ်သက်လို့ အဆုံးအဖြတ်ပေးဖို့ အရေးတကြီး မဲခွဲပြီ ဆိုပါစို့။ ပါတီတွေရဲ့ ထုံးစံ၊ ပါတီရဲ့ သဘောထား၊ ပါတီခေါင်းဆောင်ရဲ့လမ်းညွှန်ချက်ဆိုတာက ရှိနေမှာပဲ။ ခင်ဗျားရဲ့ မိခင်ပါတီက တိုင်းပြည် အကျိုးယုတ်မယ့် ကိစ္စကြီးကို ထောက်ခံရမယ်လို့ ဆုံးဖြတ်ထားမယ်ဗျာ။ ခင်ဗျားက လွှတ်တော် ကိုယ်စားလှယ်ဆိုရင် ဘယ်လို မဲပေးမလဲ။ ဗြောင်မဲပေးရမယ်ဆိုရင် ခင်ဗျား အကျပ်ရိုက်တော့မယ်။ ခင်ဗျားရဲ့ ဆန္ဒအတိုင်း မလုပ်နိုင်တော့ဘူး။ လျို့ဝှက်မဲပေးရမယ်ဆိုရင်တော့ ခင်ဗျားရဲ့ဆန္ဒ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ခလုတ်နှိပ်နိုင်မှာ ဖြစ်တယ်ဗျာ။

စက်တင်ဘာ ၂၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၁) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “လျှို့ဝှက် မဲပေးတာ ကောင်းတယ်” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ အပြုသဘောဆောင် ဆက်ဆံလာတာဟာ တစ်နိုင်ငံလုံးအတွက်လည်း အကျိုး ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ တစ်ကမ္ဘာလုံးမှာ အရေးကြီးပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းခြင်းအားဖြင့် ကောင်းကျိုးတွေပဲရနိုင်သလို ဆိုခြင်းအားဖြင့်လည်း လောလောဆယ် တားဆီးပိတ်ဆို့မှုတွေ ရှိနေ တုန်းပါ”

စက်တင်ဘာ  ၂၃ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၇) အမှတ် (၅၃၆) တွင်ပါသည့် “ကန်-မြန်မာ ဆက်ဆံရေး ပိုမို ကောင်းမွန် လာဟု သုံးသပ်” သတင်းမှ ဗအိုအေသတင်းဌာန၏ သတင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးပညာ သင်ကြားရေးနှင့်လေ့ကျင့်ကွင်း

မောင်ဝံသ

(စက်တင်ဘာ ၂၂ ထုတ် ပြည်သူခေတ် အတွဲ (၂) အမှတ် (၆၁) မှ ထုတ်ယူဖော်ပြသည်)

ခုတလော ညပိုင်းတွေမှာ ရုပ်သံက လွှင့်ပေးတဲ့ လွှတ်တော် အစည်းအဝေး သတင်းတွေ စောင့်ကြည့်နားထောင် ဖြစ်ပါတယ်ဗျာ။ စိတ်ဝင်စားတဲ့ ဆွေးနွေးချက်တွေဆိုရင် နောက်နေ့ သတင်းစာမှာ ထပ်ဖတ်ရသေးတယ်ဗျ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် စုတုတ္ထမဏ္ဍိုင်လို့ ခံယူထားလေတော့ သည်အလုပ်တွေကို ကြိုက်ကြိုက် မကြိုက်ကြိုက်လုပ်နေရတာပဲဗျ။ အခုဆိုရင် အစီအစဉ်အတိုင်း ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ မြန်မာပြည် သူတွေ စိတ်ဝင်စားနိုင်လောက်တဲ့ အမေးအဖြေတွေ အစည်းအဝေးတစ်ခုထက်တစ်ခု ပိုပိုပြီး ပါလာနေတာ သတိထားမိတယ်ဗျာ။

နိုင်ငံရေး အထူးပြုသင်ကြားရေး

အဲဒီထဲမှာမှ ကျွန်တော့်ရဲ့ အာရုံကို ဆွဲယူဖမ်းစားခဲ့တဲ့ အမေးအဖြေတစ်ခုကတော့ ပထမအကြိမ် အမျိုးသား လွှတ်တော်ရဲ့ ဒုတိယပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) က ဒေါက်တာမြတ်ဉာဏစိုးက မေးပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြအေးက ဖြေကြားတဲ့ အဖြေ ဖြစ်တယ်ဗျ။

ဒေါက်တာ မြတ်ဉာဏစိုးက မျိုးဆက်သစ် လူငယ်တွေကို နိုင်ငံရေးအမြင်ကောင်းတွေ ပျိုးထောင်ပေးဖို့ လိုအပ် နေတာကြောင့် နိုင်ငံတော်ပိုင်တက္ကသိုလ်တွေမှာ နိုင်ငံရေး အထူးပြုဘွဲ့သင်တန်း ဘာသာရပ်ကို တိုးချဲ့ဖွင့်လှစ် သင်ကြား ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့တာပါ။

ဒါတွေသင်နေပါတယ်

အဲဒီမေးခွန်းကို ပြည်ထောင်စု ပညာရေးဝန်ကြီးက တက္ကသိုလ် ဒီဂရီကောလိပ်များမှာ နိုင်ငံတကာ ဆက်ဆံရေး (International Relationship) အထူးပြု ဘာသာရပ်ကို သင်ကြားပို့ချပေးနေကြောင်း၊ အဲဒီ ဘာသာရပ်နဲ့ သင်ရိုး မာတိကာမှာ Political Science ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Political Thought, International Relation, Geography of Southeast Asian Countries, Understanding Human Interaction, Political Organization, Governments of South East Asia, Macro Economics, Commucative Skills, International Law, Government of Myanmar, Current Problem in International Relation, Economic Development and International Trade, Political Geography, European Community, Myanmar Foreign Relations, Myanmar and Neighbouring Countries, Diplomacy, United Nations Peace Activities ဘာသာရပ်တွေကို သင်ကြားပို့ချပေးနေကြောင်း              Political Science ဘာသာရပ်ကို ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ဖို့၊ လိုအပ်ရင် နိုင်ငံတော်က စီစဉ်ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်ကြောင်း ဖြေကြား သွားခဲ့တယ်ဗျ။

အမှန်ကို ဝန်ခံရရင် ရှစ်ဆယ့်ရှစ်မဖြစ်ခင်ကတည်းက ရန်ကုန်တက္ကသိုလ်မှာ IR အမည်နဲ့ ဘွဲသင်တန်း တစ်ခု ရှိတယ်ဆိုတာလောက်ကလွဲပြီး ကျန်တဲ့အသေးစိတ်တွေကို မသိခဲ့တာ အမှန်ပါ။ အခု ပြည်ထောင်စု ပညာရေးဝန်ကြီး ဖြေကြားလိုက်မှပဲ အဲဒီဘွဲ့ရဲ့ သင်ရိုးမာတိကာတွေကို သိရတာဖြစ်ပါတယ်ဗျာ။

စာတွေပြည်စုံလုံလောက်

အဲဒီ သင်ရိုးမာတိကာကို ကြည့်လိုက်ရင် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို စိတ်ဝင်တစား လေ့လာဖတ်ကြားလိုသူ ကျောင်းသားတစ်ယောက်အတွက် အတော်ကလေး ပြည့်စုံလုံလောက်တဲ့ သင်တန်းဖြစ်တယ်လို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို စိတ်ဝင်စားသူ ကျောင်းသား တစ်ယောက်ဟာ သင်တန်းပြီးဆုံးသည်အထိ စူးစူးနက်နက် လေးလေးနက်နက်တက်ရောက် သင်ကြားခဲ့မယ်ဆိုရင် သင်တန်းပြီးဆုံးပြီး ဘွဲ့ရချိန်မှာ သူဟာ နိုင်ငံရေးသိပ္ပံဘာသာရပ် အကြောင်းထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်းသဘောပေါက်နားလည်နေသူ တစ်ယောက်ဖြစ်နေမှာ သေချာတယ်ဗျ။

လက်တွေ့နိုင်ငံရေးသဘောသဘာဝ

ဒါပေမဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဘယ်ပညာရပ်နယ်ပယ်မှာမဆို သင်တန်းနဲ့ တန်းတူ ဒါမှမဟုတ် သင်တန်းထက်တောင် ပိုအရေးကြီးတာက ကစားပွဲ သို့မဟုတ် လက်တွေ့လုပ်ဆောင် အကောင် အထည်ဖော်မှု ဖြစ်တယ်ထင်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝတုန်းက နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ ကျောင်းသားတွေဟာ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စနစ်တကျ သင်ကြားပို့ချတဲ့ ဘယ်သင်တန်းကိုမှ တက်ရောက် သင်ကြားခွင့် ရခဲ့ကြတာ မဟုတ်ပါဘူး။ ကံကောင်းတာက ကျွန်တော်တို့ဟာ နည်းစနစ်ကျနတဲ့ သင်တန်းတွေနဲ့ ကြုံကြိုက်ခွင့် မရခဲ့ပေမယ့် အင်မတန်မှ အကြိတ်အနယ်ရှိတဲ့ ကစားပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ကြလို့လက်တွေ့နိုင်ငံရေးရဲ့ သဘော သဘာဝကို မြည်းစမ်းခွင့်ရခဲ့ကြပါတယ်။

ခြေသွင်းဖို့ ကစားကွင်းရှိခဲ့တယ်

ကျွန်တော်တို့ထက် နှစ်အစိတ် သုံးဆယ်မျိုးဆက်တစ်ဆက် စောတဲ့ ခေတ်က ကိုနု၊ ကိုအောင်ဆန်း၊ ကိုလှရွှေ၊ ကိုလှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်းစတဲ့ နောင်တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ကြသူတွေကို မွေးထုတ်ပေးခဲ့ရာ ကျောင်းသားကိုယ်စားပြု အဖွဲ့အစည်းကြီးက ကျွန်တော်တို့ခေတ်တိုင်အောင် ဆက်ရှိခဲ့တာမို့ အဲဒီ အဖွဲ့အစည်းကြီးဟာ ကျွန်တော်တို့လို နိုင်ငံရေးသိပ္ပံပညာကို စိတ်ပါဝင်စားသူ ကျောင်းသားတွေအတွက် ခြေစွမ်းပြစရာ၊ ခြေသွေးရာ ကစားကွင်းကြီး ဖြစ်ခဲ့ပါတယ်။ စာတွေ့သင်တန်း ကောင်းကောင်း မတက်ခဲ့ကြရပေမယ့် လွတ်လွတ်လပ်လပ် အားစိုက်ခွန်စိုက် မိမိအစွမ်းကို ပြသနိုင်ခွင့်၊ မိမိအရည်အချင်းကို စမ်းသပ်နိုင်ခွင့် ရရှိခဲ့တဲ့ အဲဒီကစားကွင်းနဲ့ ကစားပွဲတွေ ကြောင့် အဲဒီခေတ်က ကျွန်တော်တို့ မျိုးဆက်တွေဟာ နိုင်ငံတကာ လူငယ်စင်မြင့်တွေမှာ ပွဲလယ်တင့်ခဲ့ကြတယ်ဆိုတာ သမိုင်းစာမျက်နှာတွေ ပြန်လှန်ကြည့်ရင် တွေ့ နိုင်ပါတယ်။

သင်းသတ်ခံခဲ့ရချိန်

ဒါပေမယ့် အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲကြီး တစ်ခုနဲ့အတူ အဲဒီအဖွဲ့ အစည်းကြီးလည်း ပျောက်ကွယ်သွားခဲ့ရပြီး လူငယ်မျိုးဆက်သစ်တွေရဲ့ နိုင်ငံရေးအတွေ့အကြုံ အလေ့အထုံ တွေဟာလည်း နိုင်ငံရေး ခေါင်းဆောင်တစ်ဦး တင်စားခဲ့သလို ‘သင်းသတ်ခြင်း’ ခံခဲ့ရကြရပါတယ်။ ဆယ်စုနှစ်သုံးခုနီးပါး ကြာမြင့် ခဲ့တဲ့ အဲဒီကာလအတွင်း ကျောင်းသားတွေအတွက်ရော ကျောင်းသား မဟုတ်သူတွေအတွက်ပါ နိုင်ငံရေးသင်တန်း ဆိုတာ တွေ ဘွဲ့ဒီဂရီဆိုတာတွေ ရှိခဲ့ပေမယ့် ကစားစရာကွင်းက တစ်ကွင်းတည်းရှိ၊ ကစားပွဲကလည်း တစ်သင်းတည်းကို နာမည် နှစ်ခုပေးပြီး နှစ်ဖက်ခွဲ ကစားခိုင်းတဲ့ ပွဲမျိုးတွေသာ ဖြစ်ခဲ့လေတော့ ကြာလေကြာလေ ပရိသတ်တွေရော၊ ကိုယ်တိုင်ပါဝင် ကစားနေတဲ့သူတွေပါ ပျင်းရိငြီးငွေ့လာကြပြီး ကွင်းထဲမှာရော ပွဲကြည့်စင်မှာပါ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်လာခဲ့တာ အားလုံး အသိပါပဲ။

နိုင်ငံရေးစိတ် အငုပ်ကျန်

အဲဒီကာလအတွင်းမှာ ကျွန်တော့်အနေနဲ့တစ်ဖက်က အစိုးရသတင်းစာ အယ်ဒီတာလုပ်ရင်း တစ်ဖက်ကလည်း ဘာသာပြန်နိုင်ငံရေး စာပေများ ရေးသားခဲ့ပါတယ်။ စာဖတ်သူ ပြည်သူတွေဟာ လက်တွေ့နိုင်ငံရေးနဲ့ ဝေးနေ ကြပေမယ့် နိုင်ငံရေးစိတ် အငုပ်တွေတော့ ကျန်ရှိနေသေးတယ်ဆိုတာ ထိုစဉ်က ကျွန်တော်တို့ ရေးသားထုတ် ဝေတဲ့ နိုင်ငံရေး အတ္တုပ္ပတ္တိစာအုပ်တွေ အရောင်းသွက်ခဲ့ခြင်းက သက်သေခံနေပါတယ်။

နိုင်ငံရေးသိပ္ပံမိတ်ဆက်

နိုင်ငံရေးသိပ္ပံပညာကို ကျောင်းသင်ဘာသာရပ်အနေနဲ့ မသင်ခဲ့ရတဲ့ ကျွန်တော်ဟာ နိုင်ငံရေးစိတ်ဝင်စားတဲ့ လူငယ်များအတွက် ရည်ရွယ်ပြီး ၁၉၇၇-၇၈မှာ ‘နိုင်ငံရေးသိပ္ပံမိတ်ဆက်’ ဆိုတဲ့ ကျမ်းစာအုပ်တစ်အုပ် ရေးသားပြုစုကာ စာပေစိစစ်ရေးကို တင်ခဲ့ဖူးတယ်။ မရပါဘူး။ တစ်နှစ်လောက် ကြာတော့ သူတို့မကြိုက်တဲ့ နိုင်ငံရေးသိပ္ပံဆိုတဲ့ နာမည်အစား ‘တိုင်းရေးပြည်မှု သုတအထွေထွေ’ ဆိုတဲ့ နာမည်နဲ့ ထပ်တင်ခဲ့ပါသေးတယ်။ မရပါဘူး။ ထိုစဉ်က ပြည်ထဲရေး ဒုဝန်ကြီး ဦးခင်မောင်တည်ထံ ပုဂ္ဂိုလ်ရေး စာရေးပြီး ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါသေးတယ်။ မရပါဘူး။

ကျွန်တော့် စာမူကြီးကို ဖိုင်ထဲထည့်ပိတ်ထားကာ ၁၉၈၇ မှာ ကျွန်တော်ကိုယ်တိုင် ဗဟိုနိုင်ငံရေးတက္ကသိုလ် သွားတက်ရတယ်။ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေးသိပ္ပံကျမ်းပြုခဲ့သူက ဆိုရှယ်လစ်နိုင်ငံရေး သင်တန်းကို တက်ခဲ့ရတဲ့ အဖြစ်ပါ။ အဲဒီ ဆိုရှယ်လစ် အခြေခံနိုင်ငံရေး သင်တန်းကိုလည်း ကျွန်တော်က အကောင်းမြင်ပါတယ်။ ဘာပဲပြောပြော စနစ်တကျ သင်ရိုးညွှန်းတမ်းတွေနဲ့ ငါးလကြာ အချိန်ပြည့်သင်တန်းဖြစ်လို့ နိုင်ငံရေးသင်တန်းတော့ ပီသပါတယ်။ လက်တွေ့ဟောပြော ဆွေးနွေးရတဲ့ လေ့ကျင့်ခန်းတွေလည်း ပါတဲ့အတွက် နိုင်ငံရေးသမားဖြစ်လိုသူတွေအတွက် ကွင်းကောင်းတစ်ကွင်းလို့ ဆိုနိုင်ပါတယ်။

သင်တန်းပေးခဲ့ဖူးတယ်

ရှစ်လေးလုံးကြီး နောက်ပိုင်းကျွန်တော် နိုင်ငံရေးအဖွဲ့အစည်းထဲ ရောက်သွားတော့ ကျွန်တော့်နိုင်ငံရေးသိပ္ပံ မိတ်ဆက်စာမူကြီးက အသုံးကျလာပြန်တယ်။ အဲဒီမှာ လစ်ဘရယ်ဒီမိုကရေစီ သင်တန်းအချို့ ပေးနိုင်ခဲ့တယ်။ သို့ပေမယ့် နှစ်မပေါက် လိုက်ပါဘူး။ ကျွန်တော်ရော သင်တန်းသား အတော်များများရော အင်းစိန်တောရ ရောက်ကုန်တာပါပဲဗျာ။

အခုတော့ အခြေအနေက အတန်အသင့် ပြောင်းလဲလာခဲ့ပါပြီ။ အဖွဲ့အစည်းအချို့က Capacity Building ခေါင်းစဉ်အောက်မှာ နိုင်ငံရေးပညာ အပါအဝင် မိမိကိုယ်မိမိ ပျိုးထောင်ရေး သင်တန်းတွေ ပေးနိုင်နေပြီ။ နိုင်ငံရေးပါတီ တွေမှာလည်း သင်တန်းမျိုးစုံ ပေးနေကြပြီ။ နောက်ထပ် ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းခဲ့ အပြီးမှာ ပျပျကလေးမျှသာ ဖြစ်နေသေးပေမယ့် ရုတ်တရက် မြင်တွေ့လိုက်ကြရတာကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင်ကို မခံနိုင်လို့ မျက်စိကျိန်း နေကြသေးတဲ့ လူငယ်တွေဟာ မကြာခင်မှာပဲ သူတို့ကစားမယ့် ကွင်းသစ်ကို သူတို့ဘာသာ ခုတ်ထွင်ရှင်းလင်း ဖော်ထုတ် ကြမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်ပိုင်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေက လူငယ်တွေအတွက် အထူးသဖြင့် ကျောင်း သား လူငယ်တွေအတွက် အမှန်တကယ် သစ်လွင်တဲ့ ကစားကွင်းတွေ၊ ကစားပွဲတွေ ကူညီဖန်တီးပေးခဲ့ကြမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံအတွက် အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ ထင်မြင်မိကြောင်းပါဗျာ။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs