Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. “သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” ဟောပြောပွဲကျင်းပ
  2. လိုင်စင်သက်တမ်းတိုးရန် လေးလကျော်သည့် ယာဉ်ဟောင်းများအား အစားထိုးလဲလှယ် ပေးမည် မဟုတ်
  3. တနိုင်တပိုင် ကျောက်မျက် လုပ်ကိုင်ခွင့် မိုးကုတ် ဒေသခံများ မျှော်လင့်နေ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လာမည့် ရွေးကောက်ပွဲများတွင် အားနည်းချက်မရှိအောင် ဆောင်ရွက်မည်ဟု ဦးတင်အေးဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဂေါ်ဘာချော့ သို့မဟုတ် မစစ်မှန်တဲ့အင်အားအတွင်းက မွေးထုတ်လိုက်တဲ့ အဖျက်သန္ဓေ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

“သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” ဟောပြောပွဲကျင်းပ

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် “သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” ဟောပြောပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Parkroyal Hotel တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို  နေ့လည် (၁)နာရီတွင် စတင်ကျင်းပပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်း မတွက်ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်းအထိ အသက်မွေး ဝမ်းကျောင်း ဘဝများ အတွက် မှီခိုထားမှုများ၊ တရုတ်နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း အပါအဝင် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က ဆည်တည်ဆောက်ခြင်းအပေါ် ကချင် ပြည်သူ လူထုများ၏ စိုးရိမ်ပူပန်နေမှုများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည် စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာ နယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ်စသည့် နယ်ပယ် အသီးသီးမှ စိတ်ပါဝင်စားသည့်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လိုင်စင်သက်တမ်းတိုးရန် လေးလကျော်သည့် ယာဉ်ဟောင်းများအား အစားထိုးလဲလှယ် ပေးမည် မဟုတ်

ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ပေးမှုတွင် လိုင်စင်သက်တမ်းတိုးရန် လေးလကျော်ကြာ ပျက်ကွက်ခဲ့သည့် မော်တော်ယာဉ်     များကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း  ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန (မြင်သာ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယာဉ်အိုယာဉ်ဟောင်းများ စတင်လဲလှယ်ပေးခြင်းကို စက်တင်ဘာလ ၁၉ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့သောကြောင့် ရန်ကုန်တိုင်း     အတွင်းရှိ သတ်မှတ် ယာဉ်အိုယာဉ်ဟောင်းများသည် ရန်ကုန်တိုင်းဒေသကြီး(ကညန)ရုံး (မြင်သာ)သို့ လာရောက်၍ ယာဉ်အပ်နှံမှုများ ပြုလုပ်ခဲ့ကြ သော်လည်း လိုင်စင်သက်တမ်းတိုးရန် ပျက်ကွက်မှုရှိသော ယာဉ်များကို ဆောင်ရွက်မပေးခဲ့ကြောင်း သိရှိရသည်။

မြင်သာ(ကညန)ရုံးသို့ မော်တော်ယာဉ်ဟောင်း လာရောက်အပ်နှံသည့်ယာဉ်များအနေနှင့် ကားကို ကြိုးနှင့်ဆွဲလာခြင်းမျိုး မဖြစ်စေရဘဲ   မောင်းပြီး ယူလာရမည်ဖြစ်ကြောင်း၊ သက်တမ်းရှိ ယာဉ်ဖြစ်ရမည်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် သက်တမ်းမတိုးထားခဲ့သော်လည်း ဇွန်လ သက်တမ်းကုန် ကားများအထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဇွန်လတွင် သက်တမ်းကုန်ပြီး လေးလကျော်ကြာ သက်တမ်းတိုးရန် ပျက်ကွက်သည့် ကားများအား ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း၊ သက်တမ်းတိုးရန်လိုသည့် ယာဉ်များအနေနှင့် သက်တမ်းတိုးမှုကို သုံးလအတွင်း အပြီးသတ် ဆောင်ရွက်ပြီးမှ ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ပေးမှုကို ပြန်လည်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန(မြင်သာ)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန(မြင်သာ)သို့ မော်တော်ယာဉ် လာရောက်အပ်နှံမှုများ ပြုလုပ်ရာတွင် ယာဉ်၊ ကားစာအုပ်၊ မှတ်ပုံတင် သက်သေခံလက်မှတ်၊ အမည်ပေါက်သူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

တနိုင်တပိုင် ကျောက်မျက် လုပ်ကိုင်ခွင့် မိုးကုတ် ဒေသခံများ မျှော်လင့်နေ

တနိုင်တပိုင် ကျောက်မျက် လုပ်ကွက် လုပ်ကိုင်ခွင့်များ အမှန်တကယ် ခွင့်ပြုပေးသွားမည်ဆိုလျှင် ဒေသခံများအတွက် များစွာအားရ ကျေနပ်ဖွယ်ဖြစ်ကြောင်း မိုးကုတ် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့က သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်၏ မိုးကုတ် ဒေသခံ ပြည်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်လက်ရှိ ကျင့်သုံးလျက်ရှိသော ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ တနိုင်တပိုင် လုပ်ကိုင်ခွင့်နှင့် လုပ်ကွက်ကြီးများမှ စွန့်ပစ်သော ရေနှင့်ခဲမှုန်ပစ်စာများ ရှာဖွေလုပ်ကိုင်ခွင့်တို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးသွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

လက်ရှိ၌ မိုးကုတ်ဒေသ၌ တနိုင်တပိုင် လုပ်ကိုင်နေသူမှာ မရှိသလောက် ဖြစ်ပြီး အများစုမှာ ဒေသမှခွဲခွာ၍ အခြားရပ်ရွာများ၌ ကျောက်တူး လုပ်ငန်းကို သွားရောက်လုပ်ကိုင်နေရကြောင်း လုပ်ငန်းရှင်ကြီးများ၏ ကူလီသဘော၊ စားလောက်ရုံဘဝဖြင့် ရပ်တည်နေရကြောင်း၊ မြို့မှာလည်း ခြောက်ကပ်နေကြောင်း၊ တနိုင်တပိုင် လုပ်ကိုင်ခွင့်သာ အမှန်တကယ် ချထားပေးလျှင် မြို့နှင့် မြို့ခံများ၏ စီးပွားရေးမှာ များစွာတိုးတက်လာမည် ဖြစ်ကြောင်း မိုးကုတ်ဒေသခံတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ တနိုင်တပိုင် လုပ်ကိုင်ခွင့်များ ချထားပေးလျှင် တိကျသည့် အာမခံများလည်း ပေးအပ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခင် တနိုင်တပိုင် လုပ်ကိုင်သူများမှာ ယင်းကဲ့သို့ အနိုင်ကျင့် တွင်းသိမ်းခံရသည့် အဖြစ်အပျက်များ ရှိခဲ့ခြင်းကြောင့် တနိုင်တပိုင် လုပ်ကိုင်ရန် စိုးရွံ့မှုများ ရှိခဲ့ဖူးကြောင်း၊ ယခုအခါ၌ ပြောင်းလဲလာသည့် အစိုးရသစ်၌ ယင်းကဲ့သို့ မရှိနိုင်ဘဲ တိကျသည့် အာမခံများ ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း တနိုင်တပိုင် လုပ်ကိုင်ခွင့် များချထားပေးရာ၌လည်း အမှန်တကယ် လုပ်ကိုင်စားသောက် နိုင်လောက်သည့် အခြေအနေ ချထား ပေးမှုမျိုး လိုအပ်ကြောင်း မိုးကုတ်မြို့ ဒေသခံများက ဆိုသည်။

Ref: Popular News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လာမည့် ရွေးကောက်ပွဲများတွင် အားနည်းချက်မရှိအောင် ဆောင်ရွက်မည်ဟု ဦးတင်အေးဆို

၂၀၁၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည်များကို နမူနာယူကာ နောင်လာမည့် ရွေးကောက်ပွဲများတွင် အမှားအယွင်း လျော့နည်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ဝန်ခံပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ပြင်ဆင်ချိန် ၈လသာ ရရှိခဲ့သဖြင့် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိကောင်းရှိမည် ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များသည် ရွေးကောက်ပွဲဥပဒေနှင့် သက်ဆိုင်သည့်  ဥပဒေပြဌာန်းချက်များကြောင့် မဟုတ်ဘဲလူ ပုဂ္ဂိုလ်များက ယင်း ဥပဒေပြဌာန်းချက်များကို နားလည်သဘောပေါက်မှု အားနည်းခြင်း၊ တိကျစွာ လိုက်နာဆောင်ရွက်ရာတွင် အားနည်း ခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု အားနည်းခြင်းတို့ ဖြစ်ပါကြောင်း ယင်းကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲ မသမာမှုများကို ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ ပါတီက သုံးသပ်ချက်   တစ်စောင် ရေးသား၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တင်ပြခဲ့ကြောင်း၊ ယင်း သုံးသပ်ချက်စာတမ်းတွင် ဆက်လက်၍ ကျင်းပမည့် ရွေးကောက်ပွဲတွင် လိုအပ်သည့် နည်းနာများကိုလည်း အကြံပြုတင်ပြထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲများအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန် နိုင်ငံရေးပါတီများ၏ အကြံပြုချက်ကို လက်ခံ၍ လည်းကောင်း၊ ပါတီအချင်းချင်း ထိန်းကျောင်းသော စနစ်ကိုကျင့်သုံး၍ လည်းကောင်း၊ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့များအား ပိုမိုကျွမ်းကျင်မှု ရှိအောင် လေ့ကျင့်ပညာပေး၍ လည်းကောင်း၊ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးတင်အေးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၉၇ ဦးအား ပြောကြားသည်။

YC(KS)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စီးပွားရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ ဝန်ဆောင်မှုလုပ်ငန်းတွေက ရတဲ့ဝင်ငွေအပေါ်မှာပဲ အများဆုံး ရပ်တည်နေကြပေမယ့် ကျွန်တော်တို့ဆီမှာတော့ သဘာဝအရင်းအမြစ်တွေကိုပဲ မှီခိုနေရတဲ့အတွက် နောင်လာနောင်သားတွေအပေါ်မှာ တာဝန်မဲ့ရာလည်း ရောက်ပါတယ်။ ဒါကြောင့် တခြားကဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အာဆီယံ အတားအဆီးမဲ့ ကုန်သွယ်မှု ဧရိယာက သက်ဝင်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အာဆီယံဒေသတွင်းက နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မှုမရှိရင် နောက်ကျ ကျန်ရစ်ခဲ့ရမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ တန်ဖိုးမြင့်ကုန်တွေ ထုတ်လုပ်နိုင်တဲ့ စွမ်းရည်တွေလိုတဲ့အပြင် အစိုးရကလည်း ပို့ကုန် လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိအောင် ကုန်သွယ်မှုဆိုင်ရာ မူဝါဒတွေကို အထိုက် အလျောက် ဖြေလျှော့ပေးဖို့လိုတယ်”

စက်တင်ဘာ  ၂၃ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၇) အမှတ် (၅၃၆) တွင်ပါသည့် “သဘာဝရင်းမြစ်ကိုသာ အားမကိုးသင့်” သတင်း  ဆောင်းပါးမှ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“စီစီတီဗီကင်မရာတွေ တပ်ဆင်ပြီးသွားရင် စည်းကမ်းပျက်ယာဉ်တွေကို ပိုပြီး အရေးယူလာနိုင်မှာပါ။ လောလောဆယ်တော့ ကင်မရာတွေကနေ တိုက်ရိုက် မကြည့်နိုင်သေးပေမယ့် Record လုပ်ထားတာတွေကို ပြန်ကြည့်ပြီး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဖြည်းဖြည်းချင်းတိုးချဲ့သွားမှာပါ။

“ဒါ့ပြင် စီစီတီဗီကင်မရာတွေကနေ ရိုက်ထားတာတွေကို ကွပ်ကဲရေးစင်တာကနေ တိုက်ရိုက်ကြည့်ရှုပြီး စည်းကမ်းပျက်ယာဉ်တွေကို ချက်ချင်း အရေးယူ နိုင်ဖို့ ထိန်းချုပ်ကွပ်ကဲရေး စင်တာတည်ဆောက်ဖို့လည်း စီစဉ်နေပါ တယ်”

စက်တင်ဘာ  ၂၃ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၇) အမှတ် (၅၃၆) တွင်ပါသည့် “ရန်ကုန်မြို့ရှိ မီးပွိုင့်အားလုံးတွင် စီစီတီဗီကင်မရာများ တိုးချဲ့ တပ်ဆင်ရန်စီစဉ်နေ” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကိမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်

-----------------------------------------------------------------------------------------------------------------------------------

“အခု ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံနေတဲ့အထဲမှာ ရေနံ၊ သဘာဝဓာတ်ငွေ့တို့လို စွမ်းအင်ကဏ္ဍနဲ့ ရေအားလျှပ်စစ်လို ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ စုပြုံ နေတာပါ။ ဒီကဏ္ဍတွေမှာတော့ တကယ်ကျွမ်းကျင်ပြီးသား ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေ ပါလာပြီးသားပါ။ တကယ်တမ်းပြည်တွင်းမှာ အလုပ်အကိုင်လည်း ရမယ်။ ထုတ်လုပ်မှုလည်း အားကောင်းမယ့် ကဏ္ဍမျိုးတွေမှာကျတော့ တော်တော်လေးကို အားနည်းနေပါသေးတယ်။ တစ်ခုရှိတာက အခုမြန်မာနိုင်ငံမှာ ပြည်ပရင်းနှီး မြုပ်နှံမှုနဲ့ ပတ်သက်တဲ့ဥပဒေ (Law) ကိုပြင်ဆင်ရေးဆွဲနေတယ်။ ပြီးရင် ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေ (Law)ကို ပြင်ဆင်ရေးဆွဲနေတယ်။ ပြီးရင် ရင်းနှီးမြုပ်နှံမှုအသစ်တွေ အများကြီးဝင်လာနိုင်တယ်။ ဒါကြောင့် ဥပဒေ ရေးဆွဲတဲ့အခါမှာလည်း ထုတ်လုပ်မှုပိုင်းကို အားပေးတဲ့ကဏ္ဍတွေနဲ့ ပြည်တွင်းမှာရှိတဲ့ အလုပ်လက်မဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ကဏ္ဍမျိုးတွေကို ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့အတွက် ဦးစားပေး ဆောင်ရွက်သင့်ပါတယ်”

စက်တင်ဘာ  ၂၃ ထုတ် BiWeekly အတွဲ (၄) အမှတ် (၂၅) တွင်ပါသည့် “အစိုးရသစ်လက်ထက်တွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက် လာမှုနှင့်အတူ အလုပ်လက်မဲ့ပြဿနာများနှင့် ရွှေ့ပြောင်းလုပ်သားစီးဆင်းမှုအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် ထုတ်လုပ်မှုကို အားပြုသော ရင်းနှီး မြုပ်နှံမှုကဏ္ဍများကို ပိုမို၍ ကြိုဆိုသင့်” သတင်းမှ နိုင်ငံခြားမှ ပြည်တွင်းသို့ လာရောက်ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ အကျိုးအမြတ် တွက်ချက်မှုဆိုင်ရာဝန်ဆောင်ပေးသည့် ADRC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံခြားငွေစာရင်းစာအုပ်ဆိုတာ ယာဉ်ပိုင်ရှင်အများစု မရှိပါဘူး။ ပို့ကုန်သွင်းကုန် လုပ်တဲ့ကုမ္ပဏီမှာပဲရှိတာပါ။ အခု သွင်းကုန်ပါမစ် လျှောက်မယ်ဆိုရင် နိုင်ငံခြားငွေစာရင်းစာအုပ်လည်း ပြရမယ်။ ပြီးတော့ နိုင်ငံခြားကို ငွေလွှဲမယ့် ငွေစာရင်းစာအုပ်လည်း ပြရမယ်။ ပြီးတော့ နိုင်ငံခြားကို ငွေလွှဲမယ့် ငွေစာရင်း စာအုပ်လည်း ပြရမယ်။ ယာဉ်ပိုင်ရှင်တွေ လွယ်ကူသွားအောင် ကိုယ်ကြိုက်တဲ့ ကုမ္ပဏီကို သွားအပ်ပြီးလျှောက်ပါ၊ ပြီးရင် သွင်းပါ။ အဲဒါ အားလုံးကို အထူးကိုယ်စားလှယ် လွှဲစာနဲ့ပဲလုပ်ဖို့ သတ်မှတ်ပေးထားပါတယ်။ ဒီအတွက် အနှစ်ချုပ်လိုက်ရင် ယာဉ်ပိုင်ရှင်တွေလုပ်ရမှာက ကားအပ်နှံပြီး    အထောက်အထားနဲ့ အထူးကိုယ်စားလှယ်လွှဲစာပဲ လုပ်ထားဖို့ လိုတော့မှာပါ။ ယာဉ်အပ်ပြီးတာနဲ့ အထောက်အထားရယ်၊ အထူးကိုယ်စားလှယ် လွှဲစာရယ်၊ အထူး ကိုယ်စားလှယ် လွှဲစာရယ်ကို ကုမ္ပဏီကိုသွားအပ်လိုက်ရုံပါပဲ။ ဒါဆိုရင် ကုမ္ပဏီတွေက အရမ်းခေါင်းပုံဖြတ်မလားဆိုတော့ မဟုတ်ပါဘူး။ ကုမ္ပဏီတိုင်းကို လုပ်ခွင့်ပေးထားတဲ့အတွက် မတန်တဆလုပ်တဲ့ ကုမ္ပဏီ ဘယ်သူမှ အပ်မှာမဟုတ်ပါဘူး။ အပြိုင်လုပ်ခွင့် ပေးထားလို့ ဈေးအသက်သာဆုံး ကုမ္ပဏီကို အပ်လိုက်တာနဲ့ ဘယ်ကား သွင်းမလဲ ကုမ္ပဏီက မေးမယ်။ ဘယ်ကားသွင်းမယ်ပြောလိုက်တာနဲ့ အဆင်ပြေပါပြီ”

စက်တင်ဘာ  ၂၃ ထုတ် BiWeekly အတွဲ (၄) အမှတ် (၂၅) တွင်ပါသည့် “ကားတင်သွားသူများ နိုင်ငံခြား ငွေဘဏ်စာရင်း မရှိ၍ ပါမစ်အား ကိုယ်တိုင် မလျှောက်နိုင်ပါက အထူးကိုယ်စားလှယ်လွှဲစာဖြင့် ပို့ကုန်သွင်းကုန် ကုမ္ပဏီများအား အပ်နှံ လျှောက်ထားနိုင်” သတင်းမှ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်             

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဂေါ်ဘာချော့ သို့မဟုတ် မစစ်မှန်တဲ့အင်အားအတွင်းက မွေးထုတ်လိုက်တဲ့ အဖျက်သန္ဓေ

(မောင်ဝံသ) ပြည်သူ့ခေတ်ဂျာနယ် အမှတ် ၅၇၊ ၂၅

(ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲခြင်း နှစ် ၂၀ ပြည့်ချိန် လေ့လာ သုံးသပ်ချက်)

ဒီနှစ် အေဒီ ၂၀၁၁ ခုနှစ်ဟာ အမေရိကန်နိုင်ငံဦးဆောင်တဲ့ အနောက်တိုင်းလစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေက “မကောင်းဆိုးဝါး အင်ပါယာ” လို့  ခေါ်ဝေါ်ခဲ့ကြတဲ့ ဆိုဗီယက် ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့မှု အနှစ်၂၀ တင်းတင်းပြည့်မြောက်ခဲ့တဲ့ နှစ်ဖြစ်တယ်ဗျ။

ဒုတိယကမ္ဘာစစ်အပြီးမှာ စတင် သန္ဓေတည်လာခဲ့ပြီး ဘာလင်တံတိုင်းကြီးတည်ဆောက်မှုနဲ့အတူ ပီပြင်စွာပေါ်ထွက်လာခဲ့တဲ့ “စစ်အေး” ဆိုတဲ့ ခေတ်ကြီး တစ်ခေတ် ကလည်း အဲဒီဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခဲ့မှုနဲ့အတူ နိဂုံးချုပ်သွားခဲ့တာ ဖြစ်တယ်ဗျာ။

အမေရိကန်ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ကွန်မြူနစ်ဆိုရှယ်လစ်နိုင်ငံတွေအကြား သဘောတရားရေး၊ အယူအဆရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့နယ်ပယ်အားလုံးမှာ တရားဝင်ရော၊ တရားမ၀င်ပါ နည်းလမ်းပေါင်းစုံ သုံးပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ အဲဒီစစ်အေးခေတ်ကြီး နိဂုံးချုပ်သွားခဲ့ရတာဟာ ဆိုဗီယက်ပြည်ထောင်စု ရဲ့ နောက်ဆုံးသမ္မတ မစ်ခေးလ်ဂေါ်ဘာချော့ လက်ထက်မှာ ဖြစ်တယ်ဆိုတာလည်း အားလုံးအသိပဲဖြစ်တယ်ဗျ။

သူရဲကောင်းလား ပြည်ဖျက်သစ္စာဖောက်လား

ကမ္ဘာတစ်လွှားက နိုင်ငံပေါင်းများစွာတို့မှာ ပြည်တွင်းစစ်မီးတွေကို မွေးဖွား ဒါမှမဟုတ် လောင်စာဖြည့်ပေးခဲ့တဲ့ အဲဒီစစ်အေးဆိုတဲ့ တင်းမာ အေးစက်တဲ့ ကာလရှည်ကြီးတစ်ခု အဆုံးသတ်သွားခဲ့ရာမှာ အရေးအကြီးဆုံးကဏ္ဍက ပါဝင်ခဲ့တဲ့ ဂေါ်ဘာချော့ကို စစ်အေးတိုက်ပွဲမှာ အနိုင်ရရှိသွားတဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေရဲ့အသိုင်းအ၀ိုင်းက လှိုက်လှိုက်လှဲလှဲ ချီးကျူးထောမနာပြုခဲ့ကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဆိုတဲ့ အမြင့်ဆုံး ဂုဏ်ဒြပ်ကိုတောင် ချီးမြှင့်ခဲ့ပေမယ့် နိုင်ငံတကာစင်မြင့်မှာ အမေရိကန်နဲ့ပုခုံးချင်းယှဉ်ပြီး ထည်ထည်ဝါဝါရပ်တည်နိုင်ခဲ့တဲ့ ဆိုဗီယက်အင်ပါယာခေတ်ကို နှမျောတသ အောက်မေ့သတိရ နေကြသူတွေကတော့ ဂေါ်ဘာချော့ကို အကြီးဆုံးသော အမျိုးသားသစ္စာဖောက်တစ်ယောက်အဖြစ် ရှုမြင်ခဲ့ကြ၊ အခုအထိ ရှုမြင်နေကြဆဲ ဖြစ်တယ်ဗျာ။ ကျွန်တော်တို့ လူသားတွေရဲ့သမိုင်းဟာ အဲဒီလိုမျိုးဆန့်ကျင်ဘက်အမြင်တွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်လမ်း ရှည်ကြီးတစ်ပုဒ် ဖြစ်တာမို့ ဂေါ်ဘာချော့နဲ့ပတ်သက်ပြီးတော့လည်း အဲသလိုဆန့်ကျင်ဘက်အမြင်နှစ်မျိုးရှိနေတာ အဆန်းမဟုတ်ဘူးဗျ။ အမှန်အမှားဆိုတာ ရှုမြင်သူရဲ့ ရပ်တည်ချက်ကိုထင်ဟပ်ကိုယ်စားပြုနေတဲ့အရာဖြစ်တာမို့ ဖြစ်ရပ်တိုင်း ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ လူတိုင်းမှာ သုံးသပ်ရှုမြင်ခွင့်ရှိတယ်ဗျာ။ အဲဒီရှုမြင်ချက်တွေအတွက် သက်ရောက်မှုတွေကိုလည်း လူတိုင်းက မျှော်လင့်ကြရမှာပဲဗျ။

ယခု ကျွန်တော်ပြောပြချင်တာက ဒီလ ၁၂ ရက်နေ့စွဲနဲ့ ဘီဘီစီဝက်ဘ်ဆိုက်မှာ ဖတ်ရှုခဲ့ရတဲ့ဆောင်းပါးတစ်ပုဒ် အကြောင်းဖြစ်ပါတယ်။ ဆောင်းပါးရှင်က ဘီဘီစီသတင်းထောက် ဘရစ်ဂျက်ကင်ဒယ်လ်ဖြစ်ပြီး ဆောင်းပါးက မကြာသေးခင်က ဂေါ်ဘာချော့နဲ့သူ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုအကြောင်းပါ။ ၁၉၉၁ သြဂုတ်လထဲမှာ ဆိုဗီယက် ပြည်ထောင်စုရဲ့သမ္မတဖြစ်သူ မစ်ခေးလ်ဂေါ်ဘာချော့ ခရိုင်းမီးယားမှာ အားလပ်ရက် အပန်းဖြေနေတုန်း သူ့ရဲ့နိုင်ငံရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ကွန်မြူနစ်အမာခံ ဆိုဗီယက်ထိပ်တန်း ခေါင်းဆောင် တစ်စုက ဂေါ်ဘာချော့ကို ဖယ်ရှားဖြုတ်ချပြီး အာဏာသိမ်းဖို့ကြိုးပမ်းခဲ့ကြတယ်။ အဲဒီအချိန်တုန်းက မော်စကိုမြို့မှာ ဘီဘီစီသတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ကင်ဒယ်က နှစ်၂၀ ကြာသွားပြီးတဲ့နောက်မှာ မစ္စတာဂေါ်ဘာချော့နဲ့ တွေဆုံမေးမြန်းခန်း ပြုလုပ်ခဲ့တာ ဖြစ်တယ်ဗျ။

ဂေါ်ဘာချော့ရဲ့ မူလဘူတ

 ကင်ဒယ်ရဲ့ဆောင်းပါးကို မူရင်းအနှစ်သာရမပျက်စေဘဲ လိုအပ်သလောက် ကောက်နုတ်ပြီး ဖော်ပြလိုက်ပါတယ်။

သူကိုယ်တိုင်ရဲ့ဖွင့်ဟ၀န်ခံချက်အရ မစ္စတာဂေါ်ဘာချော့ဟာ ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ယောက်အဖြစ် သူ့ရဲ့နိုင်ငံရေးဘ၀ကို စတင်ခဲ့သူ မဟုတ်ပါဘူး။ သူဟာ မျိုးချစ်စိတ်ပြင်းထန်သူတစ်ဦးနဲ့ စွဲမြဲတဲ့ကွန်မြူနစ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘ၀ နောက်ဆုံးအတန်းတင်စာမေးပွဲမှာ စတာလင်အကြောင်း အထူးပြု လေ့လာချက်စာတမ်းနဲ့ ဖြေဆိုဖို့ ရွေးချယ်ခဲ့တာကို ကြည့်ရင် အဲဒီအချက်ကို မြင်နိုင်တယ်။ သူ့ရဲ့စာတမ်းခေါင်းစဉ်က ]]စတာလင်ဟာ စစ်ပွဲမှာ ကျွန်တော်တို့ရဲ့ ဂုဏ်ကျက်သရေဖြစ်တယ်။ စတာလင်ဟာ ကျွန်တော်တို့လူငယ်ဘ၀ရဲ့တောင်ပံတွေဖြစ်တယ်}}လို့ဖြစ်ပြီး သူကွန်မြူနစ်ပါတီထဲဝင်ဖို့ ဘယ်သူကမှ တိုက်တွန်းခဲ့တာ မဟုတ်ဘူး။ သူ့သဘော သူ့ဆန္ဒနဲ့ ထက်ထက်သန်သန် အားတက်သရော ၀င်ရောက်ခဲ့တာဖြစ်တယ်လို့ ဂေါ်ဘာချော့က ပြောပါတယ်။

ကွန်မြူနစ်ဝါဒနဲ့ဆိုဗီယက်ပြည်ထောင်စုဦးတည်လျှောက်လှမ်းနေတဲ့လမ်းအပေါ် သူပထမဆုံးသံသယ၀င်လာတာက ၁၉၅၀ သူ မော်စကို တက္ကသိုလ်ကို စတင်တက်ရောက်ခဲ့ချိန်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ၁၉၅၃ မှာ စတာလင်ကွယ်လွန် အနိစ္စရောက်သွားခဲ့ခြင်းက ပညာတတ် အသိုင်းအ၀ိုင်းကို မွန်းကျပ်မှုများထဲက လွတ်မြောက်သွားစေခဲ့တယ်။ အဲဒီကာလမှာ မစ္စတာဂေါ်ဘာချော့ဟာ သူ့ရဲ့နောက်ပိုင်းတွေးတောဆင်ခြင်မှုတွေကို ပုံလောင်းပေးခဲ့တဲ့ လူတချို့နဲ့မိတ်ဆွေ ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ ထူးထူးခြားခြားဖော်ပြရမယ့် တစ်ယောက်ကတော့ ဇဒီနက်မလီနာအမည်ရှိ ချက်ကိုစလိုဗက် ကျောင်းသားတစ်ယောက်ပဲ ဖြစ်တယ်လို့ ဂေါ်ဘာချော့က မှတ်မှတ်ရရပြောပြပါတယ်။

လူသားမျက်နှာနဲ့ ဆိုရှယ်လစ်ဝါဒ

ဂေါ်ဘာချော့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အဲဒီကျောင်းသား ဇဒီနက်မလီနာဟာ နောက်ပိုင်း ၁၉၆၇ မှာ ပေါ်ပေါက်ခဲ့တဲ့ “ပရာဟာနွေဦး” ရဲ့ ဗိသုကာဖြစ်လာခဲ့တယ်။ အဲဒီလှုပ်ရှားမှုကတော့ ဆိုရှယ်လစ်စနစ်ကို လူသားမျက်နှာ တပ်ဆင်ပေးဖို့ (Communism with the Human face) တစ်နည်းပြောရရင် လူတစ်ဦးချင်းရဲ့လွတ်လပ်မှုနဲ့အခွင့်အရေးများကို လေးစားအသိအမှတ်ပြုတဲ့ ဆိုရှယ်လစ်စနစ် ဖြစ်လာစေဖို့အတွက် ချက်ကိုစလိုဗက် နိုင်ငံက ပြုပြင်ပြောင်းလဲရေးဝါဒီ ပညာတတ်များ ဦးဆောင်ဆင်နွှဲတဲ့  တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။

အဲဒီတော်လှန်ရေးကို ၁၉၆၈ မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံက အမာခံကွန်မြူနစ်တွေနဲ့ ဆိုဗီယက်တင့်ကားတွေ ပူးပေါင်းပြီး ချေမှုန်းပစ်လိုက်ပါတယ်။ အဲသလို ချေမှုန်းအပြီးမှာ ဆိုဗီယက်ခေါင်းဆောင်တွေက ဆိုဗီယက်တပ်နီတော် ၀င်ရောက် သွားခဲ့ရတာဟာ ချက်ကိုစလို ဗေးကီးယားပြည်သူတွေရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်အရသာဖြစ်ကြောင်း တွင်တွင်ပြောဆိုခဲ့ကြပြီး ဆိုဗီယက်ကွန်မြူနစ် ပါတီဝင်များကိုလည်း အဲဒီကျူးကျော်ဝင်ရောက်မှုဟာ မှန်ကန်တရားမျှတမှုရှိကြောင်း အခိုင်အမာပြောဆိုကြဖို့နဲ့ အဲဒီကျူးကျော်ဝင်ရောက်မှုအပေါ် မေးခွန်းထုတ်သူတွေကို ဆန့်ကျင်ရှုတ်ချကြဖို့ ညွှန်ကြားခဲ့တယ်။ အဲဒီအချိန်မှာ ပါတီရဲ့ သစ္စာရှိဘက်တော်သားတစ်ဦးဖြစ်နေပြီဖြစ်တဲ့ ဂေါ်ဘာချော့ဟာလည်း ပါတီရဲ့ရပ်တည်ချက် အတိုင်း တစ်သွေမတိမ်းလိုက်နာ ကျင့်သုံးခဲ့ပါတယ်။

အမှန်တရားကို ရင်ဆိုင်ခဲ့ရချိန်

ဒါပေမယ့် နောက်နှစ် ချက်ကိုစလိုဗေးကီးယားနိုင်ငံကို ဆိုဗီယက်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့အတူ အလည်အပတ်ရောက်ရှိ သွားချိန်မှာတော့ မစ္စတာဂေါ်ဘာချော့ဟာ အမှန်တရားကို မျက်စိကျိန်းအောင် မြင်တွေ့ခဲ့ရပါတော့တယ်။

ဖောက်ပြန်ရေးသမားတွေရဲ့ တန်ပြန်တော်လှန်ရေးကို ချေမှုန်းပစ်ဖို့ ပြည်သူတွေက ဆိုဗီယက်ပြည်ထောင်စုဆီက စစ်ရေးအပါအ၀င် ကူညီထောက်ပံ့မှု အားလုံးကို လိုလိုလားလားတောင်းခံခဲ့တယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဂေါ်ဘာချော့တို့အဖွဲ့ဟာ ပြည်သူတွေရဲ့ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ခဲ့ရ ပါတော့တယ်။ နေရာအတော်များများမှာ သူတို့တွေဆုံခဲ့ရတဲ့ ချက်ပြည်သူတွေရဲ့ သူတို့နဲ့ စကားပြောချင်စိတ်မရှိပုံကို မြင်တွေ့ခဲ့ကြရပြီး သူတို့သွားရောက်လည်ပတ်တဲ့စက်ရုံတစ်ရုံမှာလည်း အလုပ်သမားအားလုံးလိုလိုက  သူတို့ကို ကျောခိုင်းပြီး အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီအတွေ့အကြုံက မစ္စတာဂေါ်ဘာချော့ရဲ့အတွေးအမြင်တွေကို အတော်လေးပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီခရီးက အပြန် ဂေါ်ဘာချော့ ခေါင်းထဲမှာ အတွေးသစ် အမြင်သစ်တွေ စတင်သန္ဓေတည်နေပါပြီ။

ထိပ်ဆုံးနေရာရောက်အောင်

ဒါပေမယ့် ဂေါ်ဘာချော့ဟာ ပါးနပ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ စိတ်ထဲမှာ ဆိုဗီယက်ပြည်ထောင်စု ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်နဲ့ပတ်သက်ပြီ သံသယတွေ ရှိစပြုနေပြီဖြစ်ပေမယ့် အပြင်ပန်းမှာတော့ အဲဒီစနစ်ကို အလုပ်အကျွေး ပြုရာမှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ ရှေးရိုစွဲ ဆိုဗီယက် ခေါင်းဆောင်ဟောင်းကြီးတွေရဲ့ အရိုက်အရာကို ဆက်ခံဖို့ အသင့်တော်ဆုံး လူငယ်ခေါင်းဆောင်အဖြစ် အများကရှုမြင်လာအောင်နေပြ နိုင်ခဲ့ပါတယ်။

အဲဒီအရည်အချင်းကြောင့်ပဲ ဆိုဗီယက်ပြည်ထောင်စုကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်အပေါ် ကြီးမားသောသံသယ စတင်ပေါ်ပေါက် လာခဲ့ပြီး တဲ့နောက် (၁၆)နှစ်အကြာမှာ မစ္စတာဂေါ်ဘာချော့ဟာ အဲဒီနိုင်ငံရေးယန္တရားကြီးရဲ့ ထိပ်ဆုံးနေရာအထိ  တက်လှမ်းရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းရန် ကြိုးပမ်းမှု

ဆိုဗီယက်ပြည်ထောင်စုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက် မကြာမီမှာပဲ ဂေါ်ဘာချော့ဟာ သူ့ခေါင်းထဲမှာ နှစ်ရှည်လများ အမြစ်တွယ်နေခဲ့ပြီးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို “ပယ်ရီစထရိုက်ကာ” “ဂလပ်စနော့” ခေါင်းစဉ်တွေနဲ့ စလုပ်ပါတော့တယ်။ နောက်ဆုံးတော့ သူ့ရဲ့အဲဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေက (၁၉၉၁) သြဂုတ်လ(၂၀)ရက်နေ့မှာ ကွန်မြူနစ် အမာခံတွေရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး အဲဒါရဲ့အကျိုးဆက်အဖြစ် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲမှုအထိ ဦးတည်သွားစေခဲ့ ပါတော့တယ်။

ခေတ်သစ်ကမ္ဘာရဲ့မဟာအင်အားရှင်နိုင်ငံကြီးနှစ်ခုထဲက တစ်ခုရဲ့ခေါင်းဆောင်အဖြစ်ကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် အနှစ်နှစ်ဆယ်ကြာလာတဲ့ အခုအချိန်အထိ မစ္စတာ ဂေါ်ဘာချော့ဟာ အေးစက်တင်းမာမှုလွှမ်းမိုးကြီးစိုးတဲ့ ကာလရှည်ကြီးတစ်ခု ဖြစ်တဲ့ စစ်အေးခေတ်ကို ကူညီနိဂုံးချုပ်ပေးခဲ့သူ တစ်ဦးအဖြစ် ချီးကျူးထောမနာပြုခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကာလတစ်လျှောက်လုံးမှာ သူဟာ ဝေဖန်ပြစ်တင်မှုတစ်ပုံတပင်နဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မိမိစတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အရှိန်မြှင့်ဖို့ပျက်ကွက်ခဲ့သူ၊ ကွန်မြူနစ်ပါတီကို သမိုင်းရဲ့အမှိုက်ပုံးထဲသို့ အချိန်မီစွန့်ပစ်ဖို့ ပျက်ကွက်ခဲ့သူ၊ သူ့ကိုထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား အင်အားချိန်ခွင်လျှာညှိရာမှာ သူတစ်ခါက အသုံးပြုခဲ့တဲ့ အပေးအယူအလျှော့အတင်းတွေရဲ့ သားကောင်အဖြစ်သို့ ပြောင်းလဲကျရောက်သွားတဲ့သူ စတဲ့ဝေဖန်ပြစ်တင်မှုတွေ ဖြစ်ပါတယ်။

ဘယ်လို တွေ့ရှိခဲ့သလဲ

ဒါပေမယ့် ဆိုဗီယက်ကွန်မြူနစ်စနစ်ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့လူတစ်ယောက်က အဲဒီကြီးမားလှတဲ့ဘီလူးသရဲ အင်ပါယာဗိမာန်ကြီးတစ်ခုလုံး ပြိုလဲသွားစေခဲ့တဲ့ ပထမဆုံးလက်သီးချက်ကို ထိုးရဲလောက်တဲ့ သံမဏိစိတ်ဓါတ်နဲ့ ပရိယာယ်တွေ ဘယ်လိုက ဘယ်လိုတွေ့ရှိသွားခဲ့သလဲ ဆိုတဲ့အကြောင်း ကတော့ ဘယ်လောက်တွေးတွေး ဘယ်လောက်ရေးရေး တွေးဖို့ရေးဖို့ ထိုက်တန်တဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။

ဘီဘီစီသတင်းဆောင်းပါးရှင် ဘရစ်ဂျက်ကင်ဒယ်လ်က သူ့ဆောင်းပါးကို အဲသလိုနိဂုံးချုပ်ထားတယ်ဗျ။

တိမ်တစ်ခဲနက် ရှုရင်းပျက်ခဲ့ပုံတွေ

သူ့ဆောင်းပါးက ကျွန်တော့်အတွေးတွေကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့ ကြီးမားလှတဲ့သမိုင်း ဆိုင်ရာ လှည့်ပြောင်းမှုကြီး တစ်ခုနဲ့ နောက်ဆက်တွဲဖြစ်ရပ်များဆီသို့ ဆွဲခေါ်သွားခဲ့တယ်ဗျာ။ ဆိုဗီယက်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲပြီးနောက် မကြာမီမှာ တစ်ချိန်က အင်မတန် အင်အားကြီးမားလှတယ်လို့ ယူဆခြင်းခံခဲ့ရတဲ့ ဆိုဗီယက်အင်ပါယာကြီး “တိမ်တစ်ခဲနက် ရှုရင်းပျက်သို့” ဆိုသလို တမုဟုတ်ချင်း ပြိုကွဲသွားခဲ့ပုံတွေ၊ အဲဒီနောက်မကြာမီမှာပဲ နောက်ထပ်အင်ပါယာငယ် တစ်ခုဖြစ်တဲ့ ယူဂိုစလားဗီးယားပြည်ထောင်စုပြိုကွဲသွားခဲ့ပုံတွေ၊ အခု လတ်တလောပေါ်ပေါက်နေတဲ့ “အာရပ်နွေဦး” အထိ ပုံရိပ်တွေကတော့ အစုံပဲဗျ။

အဲဒီပုံရိပ်တွေထဲ နစ်မျောနေရင်း ကျွန်တော်စဉ်းစားနေမိတာတွေကတော့ “မျိုးစေ့မမှန် ပင်မသန်” ဆိုသလို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်တူရှိမှုဆိုတဲ့ လောကပါလတရားတွေအပေါ်မှာ တည်ဆောက်ထားတာ မဟုတ်တဲ့ အင်အားဟာ အမြင်မှာ ပမာဏ ဘယ်လောက်ပဲ ကြီးမားပေမယ့် တကယ်တော့ စစ်မှန်တဲ့အင်အားမဟုတ်ကြောင်း၊ အဲဒီအင်အားဟာ အနှေး သို့မဟုတ် အမြန် မုချမသွေပြိုလဲ ပျက်သုန်းရမှာပဲ ဖြစ်ကြောင်း၊ အဲဒီအင်အားကို အပြင်က လာတာမဟုတ်ဘဲ အဲဒီအင်အားစနစ်ကြီးက မွေးထုတ်ပေးလိုက်တဲ့အရာကပဲ ဖြိုလှဲပစ်မှာ ဖြစ်ကြောင်း စတဲ့ သင်ခန်းစာ တွေအကြောင်း ဖြစ်တယ်ဗျာ။

၁၂ ၀၉ ၂၀၁၁

maungwuntha@gmail.com

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs