Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ကားဟောင်း ဖျက်သိမ်းမှုဂယက် အမြင့်ကားများ ဈေးပျက်
  2. ဘဏ်များ အရစ်ကျငွေပေးချေစနစ် အောက်တိုဘာလတွင် စတင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ်အစိုးရတောင်းဆို
  2. ပြည်မြန်မာကုန်တိုက် အတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များ မိနစ် ၂၀ ကြာဆန္ဒထုတ်ဖော်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အစိုးရ၏ အောင်မြင်မှုလား ပြည်ခိုင်ဖြိုး၏ အောင်မြင်မှုလား

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ဘဏ်များ အရစ်ကျငွေပေးချေစနစ် အောက်တိုဘာလတွင် စတင်မည်

ကုန်ပစ္စည်းများကို အရစ်ကျငွေပေးချေကာ ၀ယ်ယူနိုင်သည့်စနစ် (Hire- Purchase) ကို မြန်မာနိုင်ငံရှိဘဏ်များ အားလုံးတွင် အောက်တိုဘာ လအတွင်း စတင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဘဏ်များထံမှ သိရှိရသည်။

ယင်းစနစ် အသုံးပြုရန်အတွက် ဘဏ်များတွင် လိုအပ်မည့် စည်းကမ်းချက်များကို သတ်မှတ်နေဆဲဖြစ်သဖြင့်အသေးစိတ် မသိနိုင်သေးကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) မှ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။

ယင်းစနစ်မှာ ကုန်ပစ္စည်းတစ်ခုကို ၀ယ်ယူလိုသူနှင့် ရောင်းချမည့်ဆိုင်အကြား ဘဏ်ကငွေကြိုစိုက်ထုတ်ကာ ရောင်းမည့်ဆိုင်သို့ ပေးချေ      ထားပြီး ၀ယ်ယူသူက ယင်းငွေအတွက် ဘဏ်သို့ အရစ်ကျငွေပေးချေရသောစနစ် ဖြစ်သည်။

နိုင်ငံတကာတွင် ဘဏ်များက ကုမ္ပဏီများနှင့်ချိတ်ဆက်ထားပြီး ၎င်းင်းချိတ်ဆက်ထားသော ကုမ္ပဏီသို့မဟုတ် ဆိုင်မှပစ္စည်းကို အတိုးနှုန်း အမျိုးမျိုးဖြင့် ငွေစိုက်ချေပေးထားသည်။

ဝယ်ယူလိုသော ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဘဏ်သို့ ဦးစွာပေးသွင်းထားရန်လိုပြီး အတိုးနှုန်းမှာလည်း ကုန်ပစ္စည်း၊ ဘဏ်များအပေါ် မူတည်၍လည်းကောင်း၊ အပြောင်းအလဲရှိကြောင်း စင်ကာပူရှိ သွင်းကုန်/ထွက်ကုန် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခြားဘဏ်များအတွက် အသေးစိတ် မသိရှိရသေးသော်လည်း AGDဘဏ်အနေနှင့်မူ အောက်တိုဘာလ ၁၅ ရက်နေ့ တွင် စတင် လက်ခံနိုင်ရန် စီစဉ်ထားကြောင်း ဦးရဲမင်းဦးကဆိုသည်။

Ref: The Voice Weekly

-----------------------------------------------------------------------------------------------------------------------------------

ကားဟောင်း ဖျက်သိမ်းမှုဂယက် အမြင့်ကားများ ဈေးပျက်

နှစ် ၄ဝ ကျော် ကားဟောင်းများ အစားထိုးဖျက်သိမ်းမှု၏ နောက်ဆက်တွဲဂယက်အရ အမြင့်ကားဈေးနှုန်းများ ကျဆင်းလာပြီး ပြင်ပကား ဝယ်ရောင်းဈေးကွက်အတွင်း မကြုံစဖူး လှုပ်ခတ်လျက်ရှိကြောင်း ဝါရင့် ဝယ်ရောင်းများထံမှ သိရသည်။

“ဝိုင်းထဲမှာတစ်ခါမှဒီလောက် လူမစည်ဖူးဘူး။ အကုန်လုံးက မျက်နှာစိမ်းတွေချည်းပဲ။ ဆလွန်းတွေ၊ ပစ်ကပ်တွေ၊ နောက်တောင်းအေ့စ်တချို့ဆို သိန်းတစ်ရာကျော် ဝန်းကျင်ဆိုတော့ အရောင်းအဝယ် တော်တော်ဖြစ်နေကြတယ်။ ဒီဈေးက မကြုံဖူးတဲ့ဈေးတွေဆိုတော့ အိမ်စီးသမားတွေ အများဆုံး လာကြတယ်။ နောက် ကားဟောင်းတွေကို တစ်ရာပတ်လည်နဲ့ ရောင်းလိုက်ရတဲ့သူတွေက အခုဒီ ဈေးနဲ့အမြင့် ကားပြောင်းစီးကြတာပေါ့” ဟု ဟံသာဝတီ ကားဝယ်ရောင်းဝင်းမှ ဝါရင့်ဝယ်ရောင်းတစ်ဦးက ဆိုသည်။

 ယင်းအခြေအနေကို အခြားဝယ်ရောင်းတစ်ဦးကလည်း “အခု ဝိုင်းထဲမှာဖြစ်နေတာက ဝယ်ရောင်းတွေက ကားဟောင်းတွေဝယ်ပြီး ပါမစ်ရဖို့ လုပ်နေကြတယ်။ ကားဟောင်း ရောင်းလိုက်တဲ့သူတွေကလည်း လက်ထဲကပိုက်ဆံနဲ့ ရနိုင်မယ့် ကားတွေ  ကြည့်မယ်၊ ဝယ်မယ်။ မိသားစုလိုက်ကို လာကြည့်ကြတာဗျ” ဟု ပြောကြားသည်။

လက်ရှိအနေအထားအရ ဝယ်ရောင်းအများစုမှာ လက်ထဲရှိ သိန်း ၃ဝဝဝန်းကျင် ကားများအား ဈေးလျှော့ရောင်းထုတ်နေကြပြီးယခင် သိန်း ၅ဝဝ ပတ်လည်ရှိသော အမြင့်ကားအမျိုးအစားများမှာ ၎င်းဈေး နှုန်းနီးနီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

ဈေးကွက်အတွင်း မာ့ခ်တူးအုပ်စုကားများမှာ လူကြိုက်များပြီး ရွှေငါး၊ ကြောင်မျက်လုံးနှင့် ဂလိုရီအမျိုးအစား မာ့ခ်တူးကားများမှာ ယခင် မရနိုင်သည့် ဈေးနှုန်းဝန်းကျင်၌ လှုပ်ခတ်လျက်ရှိကြောင်း သိရသည်။

ယခုကားဟောင်းအစားထိုး ဖျက်သိမ်းပြီးကားသစ်တင်သွင်းခွင့် ပြုခြင်းသည် ယခင်ကားတင်သွင်း ခွင့်ပြုခဲ့စဉ်ကာလနှင့် ကွဲပြားသည့်     အလျောက် ကုမ္ပဏီအနေဖြင့် လုပ်ကိုင်သူများသာ ရေရှည်တွင် အကျိုးဖြစ်ထွန်းဖွယ်ရှိကြောင်း လုပ်သက် နှစ်ဆယ်ဝန်းကျင်ရှိ ဝယ်ရောင်းတစ်ဦးက သုံးသပ်သည်။

ယင်း အပြောင်းအလဲများနှင့်အတူ ကားအရောင်းပြခန်းများ ပေါ်ပေါက်လာပြီး ဈေးကွက်တွင်ကျယ်လာပါက ရေရှည်တွင် ပြင်ပဝယ်ရောင်း       ရပ်ဝန်းများ ပျောက်ကွယ်သွားနိုင်ကြောင်း ၎င်းက ထပ်လောင်းသုံးသပ်သည်။

လိုင်စင်မဲ့ကားများ ၈၅ ရာခိုင် နှုန်းအခွန်ဆောင်၍ လိုင်စင်ချပေးပြီးသည့်နောက် အရောင်းအဝယ်   အေးစက်ကာ ဈေးနှုန်းများ ကျဆင်းခဲ့သော ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်မှာ စက်တင်ဘာလဆန်းပိုင်းတွင် တစ်ကြိမ် ဈေးခုန်တက်ခဲ့သော်လည်း လက်ရှိအနေအထားတွင်မူ ဈေးတက်ရန်ထက် အရောင်းထွက်ရန်သာ မျှော်မှန်းနေရသည့် အခြေအနေဖြစ်ကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

Ref: Popular News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ်အစိုးရတောင်းဆို

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက    အောက်တိုဘာလ ၁ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ Hong Leiက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်နှင့် ပတ်သတ်၍ ပြဿနာများကို ကိုင်ကွယ် ညှိနှိုင်းရန် မြန်မာနိုင်ငံအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တွင် နှစ်နိုင်ငံစလုံးသည် အဆိုပါ စီမံကိန်းကို သေချာစွာ လေ့လာသုံးသပ်ပြီးမှ သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ကြေညာချက်တွင် ''တရုတ်ကုမ္ပဏီများ၏ တရားဝင်မှု အခွင့်အရေးကို နိုင်ငံများက အာမခံသင့်ကြောင်း၊ မြစ်ဆုံဆည်သည် တရုတ်နှင့် မြန်မာအကြား ပူးတွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ဆက်လက်လေ့လာ ဆုံးဖြတ်သင့်ကြောင်း'' ထုတ်ပြန်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် မြန်မာအစိုးရနှင့် စတင်အဆိုပြု ဆွေးနွေး   ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သဘောတူ ကန်ထရိုက်စာချုပ်ကို အေးရှားဝါးလ်ကုမ္ပဏီနှင့် တရုတ် စွမ်းအင်ကုမ္ပဏီ (CPI) တို့က ဆည်ဆောက်ရန် သဘောတူညီခဲ့ ကြပြီး ၂၀၁၉ခုနှစ်တွင်  ပြီးဆုံးရန် ရေးဆွဲထားသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သတ်၍ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ပညာရှင်များက  ရေလှောင်တမံကြီးကြောင့် ကြီးမားသော ဧရိယာအား ရေလွှမ်းနိုင်ပြီး လူအများနှင့် ပတ်ဝန်ကျင်ဆိုင်ရာများကို ပျက်စီးနိုင်ကြောင်း ကန့်ကွက်ခဲ့ကြသည်။

မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ဆောက်ရန်စီစဉ်ခဲ့သည့် အဆိုပါ ဆည်သည် အိမ်နီးချင်းတရုတ်အတွက် အဓိက ပံ့ပိုးပေးရန် ရည်ရွယ်သည့် ကိစ္စဖြစ်ခဲ့ပြီး ထွက်ရှိမည့် စွမ်းအင် ၉၀ ရာခိုင်နှုန်းကို ပံ့ပိုးရမည်ဖြစ်ကာ  စင်ကာပူနိုင်ငံအရွယ်အစားရှိ ရေလွှမ်းဧရိယာ ၇၆၆ စတုရန်းကီလိုမီတာ( ၂၉၆ စတုရန်းမိုင်)မျှ ရှိမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လွှတ်တောသို့ တင်ပြရာတွင် မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင် မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရမည်ကြောင်း ဖော်ပြပါရှိသည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

ပြည်မြန်မာကုန်တိုက် အတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များ မိနစ် ၂၀ ကြာဆန္ဒထုတ်ဖော်

ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများအား အင်အား သုံးဖယ်ရှားခဲ့မှုနှင့် နစ်နာကြေး ပေးလျော်ခြင်း မရှိမှု တို့ကြောင်း ယင်းဆိုင်ခန်းပိုင်ရှင်များက အောက်တိုဘာ ၂ရက်၊ နေ့လည် ၁ နာရီနှင့် မိနစ် ၂၀ ခန့်က လှည်းတန်းလမ်းဆုံတွင် မိနစ် ၂၀ ကြာ ဆန္ဒ    ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ဆိုင်ခန်းပိုင်ရှင် ၄၀ လောက် သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ပေးဖို့ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြကြတာပါ”ဟု အဆိုပါ ဖြစ်စဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ဆုံဆည်းရာ လက်ဘက်ရည်ဆိုင်ရှင် ဦးဝင်းက ဆိုသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် လိုလားချက်များကို တောင်းဆိုသည့် ဆိုင်းဘုတ်ကိုင်ဆောင်ထားသူ အမျိုးသမီးနှစ်ဦးအား တက္ကသိုလ်ရိပ်သာ      လမ်းမပေါ်ရှိ ရန်ကုန်တက္ကသိုလ်ဝင်ပေါက်ရှေ့တွင် တက္ကစီပေါ်မှဆင်းလာသူ အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကို ရုံးထဲပေးမ၀င်တဲ့အပြင် ရုံးရှေ့မှာစောင့်နေတဲ့ သတင်းထောက်တွေရယ်၊ ကျွန်တော်တို့ရယ်ကို ရုံးပေါ်ကနေ မှတ်တမ်းတင် နေတယ်”ဟု အီလက်ထရောနစ် ပစ္စည်းဆိုင်ရှင် ဦးသန်းဦးက ဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရန်ကို အာဏာပိုင်များအား အကြောင်းကြားထားခြင်းမရှိဘဲ လုပ်ဖြစ်ခဲ့ပြီး ယခင်ကလည်း မိမိတို့ဆိုင်ခန်းရှင်များ နစ်နာခဲ့သည်များကို ပြေလည်စွာ ဖြေရှင်းပေးပါရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်နိုင်ငံတော်သမ္မတကြီးထံ စာရေးသား၍ တင်ပြခဲ့ကြောင်း ယင်းကဆိုသည်။

“ကျွန်တော်တို့ဆိုင်ခန်းတွေကို ဖယ်ရှားပြီး နှစ်လအတွင်း ဆုံးရှုံးမှုတွေ ပြန်လည်ရရှိမယ်လို့ ဂတိပေးထားပေမယ့် အခုထိ မရသေးတာရယ်၊ အာဏာပိုင်တွေကို မေတ္တာရပ်ခံတော့လည်း အကျိုးမထူးတာရယ်ကြောင့် ဒီလို ဆန္ဒထုတ်ဖော်ပွဲကို လုပ်ဖြစ်တာပါ”ဟု ဦးသန်းဦးကဆက်လက် ပြောပြသည်။

ပြည်မြန်မာကုန်တိုက်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ AA Mediacl Product ပိုင်ရှင် ဦးမြတ်သင်းအောင်၏ မိသားစုဝင်များမှ လေလံအောင်ခဲ့ကြောင်း သိရသည်။

YC(KS)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့အနေနဲ့ Monopolize လုပ်ချင်တဲ့ ဆန္ဒကြောင့် လုပ်တာမဟုတ်ပါဘူး။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလော အကူးအပြောင်းကာလအတွင်း အထူးပြုကုမ္ပဏီတွေ ပါဝင်ဆောင်ရွက်လာမှု များလာအောင် ယာယီဆောင်ရွက်ခြင်းသာဖြစ်တယ်။ ဈေးကွက်ကို ထိန်းချုပ်မှု မဖြစ်စေချင်တဲ့အတွက် အထူးပြုကုမ္ပဏီတွေထဲမှာ အများဆုံးဖြစ်တဲ့ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ပြည်ပဆန်တင်ပို့တာကို မယူဘူးလို့ စွန့်လွှတ်ထားတယ်။ ဆုံးရှုံးမှုများတဲ့အတွက် လတ်တလောအနေနဲ့ ပေးနိုင်တဲ့ အခွင့်အရေးကို ယာယီပေးထားခြင်းသာ ဖြစ်ပါတယ်”

စက်တင်ဘာ ၃၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၃၇) တွင်ပါသည့် “ဆန်စပါး အထူးပြုကုမ္ပဏီများက ပြည်ပသို့ ဆန်တင်ပို့မှု များတွင် ဦးစားပေးရန် တောင်းဆိုမှုများသည် ဈေးကွက်ထိန်းချုပ်မှုဖြစ်စေနိုင်” သတင်းမှ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အကောက်အထည်ပေါ်လာရင် ကိုယ့်လူတွေက သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် အဆင်သင့် ဖြစ်နေဖို့ လိုတယ်။ တကယ် free trade လုပ်လာရင် အားသာချက် အကောင်းဆုံးနေရာ ဘယ်နေရာလဲဆိုတာသိပြီး ဒီနေရာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လာအောင် ဖိတ်ခေါ်ရမယ်။ ရင်းနှီးမြုပ်နှံမှု လာလုပ်တဲ့ နိုင်ငံခြားသား တစ်ယောက်အနေနဲ့လည်း မြန်မာပြည်အကြောင်းလည်း မသိဘူး။ မြန်မာပြည်ရဲ့ အလုပ်သမားတွေ အကြောင်းလည်း နားမလည်ဘူး၊ မသိတဲ့အတွက် မလွဲမသွေ သူသည် မြန်မာကုမ္ပဏီတွေ၊ မြန်မာအဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ရတော့မယ်။ ဒါမှမဟုတ် သူကိုယ်တိုင် မြန်မာဝန်ထမ်းတွေ ခန့်ပြီး ကုမ္ပဏီဥပဒေအောက်မှာ မြန်မာကုမ္ပဏီလိမီတက်ဖွဲ့ရင် အခု လောလောဆယ်တော့ လက်ညှိုးထိုးပြစရာ စီပီပဲ ရှိတယ်။ စီပီက အစေ့ထုတ်ပြောင်းရဲ့ supply chain တစ်ခုလုံးမှာ ဝင်လုပ်နေတယ်။ ဒီအတွက် ဘယ်သူမှ နစ်နာမသွားပါဘူး။ ဒါပေမယ့် သူ့ Model ကို ယူပြီး သူ့ကို ပြိုင်နိုင်အောင် ကြိုးစားဖို့တော့ လို အပ်ပါတယ်။ သူ့ Model ကိုယူပြီး ပြည်တွင်းက ကုမ္ပဏီတွေ သူ့လိုလုပ်နိုင်ရင် သူ့ထက်ပိုသာသွားနိုင်ပါတယ်”

စက်တင်ဘာ ၃၀ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၆) တွင်ပါသည့် “ပြည်ပရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် နိုင်ငံတကာ စံနှုန်းများအတိုင်း လာရောက်ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများကိုသာ ကြိုဆိုသင့်ပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံသားအမည်ခံ၍ ဝင်ရောက်လာမှုများ စနစ်တကျစိစစ်သင့်”သတင်းမှ ပြည်ရင်းနှီး မြုပ်နှံမှုဆိုင်ရာ အကျိုးအမြတ်တွက်ချက်ပေးသည့် ကုမ္ပဏီမှ ဦးတင်ထွဋ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခု Hire Purchase စနစ်နဲ့ ငွေထုတ်ချေးဖို့ ဗဟိုဘဏ်က ဘဏ်တွေကို ခွင့်ပြုလိုက်ပါပြီ။ ဒီစနစ်က အသုံးအဆောင် ပစ္စည်းတွေဝယ်မယ့်သူရယ်၊ ရောင်းမယ့်ကုမ္ပဏီရယ် ဘဏ်တွေရယ် ချိတ်ဆက်ပြီးတော့ လုပ်ရတဲ့သုံး ဦးသုံးဖလှယ် အတိုးနှုန်းကတော့ လက်ရှိဘဏ်ချေးငွေအတိုးအတိုင်း ပေးရမှာပါ။ ဒါပေမဲ့ လက်ငင်းပေးရမယ့် ပစ္စည်းတန်ဖိုးတို့၊ ဘဏ်ဝန်ဆောင်ခတို့ကတော့ ဆိုင်ရာဘဏ်အလိုက်ကွဲပြားသွားနိုင်ပါတယ်။ သေချာခိုင်မာတဲ့ ချေးငွေ စာချုပ်တော့ ချုပ်ရမှာပေါ့။ ပစ္စည်းဝယ်သူအနေနဲ့လအလိုက် အရစ်ကျပြန်ဆပ်ရမှာပေါ့။ ဒီစနစ်ကို အရင်ကလည်း ပုဂ္ဂလိက ဘဏ်တွေ လုပ်ခဲ့ဖူး ပါတယ်”

စက်တင်ဘာ ၃၀ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၂၈) တွင်ပါသည့် “ပုဂ္ဂလိကဘဏ်များမှာ ပုံမှန်ဝင်ငွေရှိသူများအား နေအိမ် အသုံးအဆောင်ပစ္စည်းများ အဌားဝယ်စနစ်ဖြင့် ငွေထုတ်ချေးပေးရန် ပြင်ဆင်နေ” သတင်းမှ ကမ္ဘောဇဘဏ် လီမိတက်မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အစိုးရ၏ အောင်မြင်မှုလား ပြည်ခိုင်ဖြိုး၏ အောင်မြင်မှုလား

“ကျွန်ုပ်တို့ တိုင်းပြည်တွင် ချိန်ဘာလိန်ကဲ့သို့နိုင်ငံရေးသမားမျိုးရှိပါက ထိုသူ၏သက်တမ်းမှာ ခြောက်လထက်ပို၍ ခံမည်မဟုတ်၊ ကျွန်ုပ်တို့ လူမျိုးမှာ သူတို့၏ ဟာဒယကို ထိအောင်ပြောနိုင်မှ နှစ်သက်၏”

အထက်ပါ စကားမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ဦးသန့်၏ “ Oh ,we’re Burma” ဟူသော ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်သည်။  မီဒီယာတို့တွင်လည်း အဆိုးရကို အဆဲကောင်းသည့် မီဒီယာ၊ အတိုက်အခံချင်းလည်း အဆော်ကောင်းသည့် ပါတီက လူထု ကြိုက်နှစ်သက်မှုကို ပိုရလေ့ရှိသည်ဟုလည်း ထပ်မံရေးသားထားသည်။ မြန်မာတွေ နိုင်ငံရေး နားမလည်သေးဆိုသည့် သဘာဝကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည့် သရော်စာလေးဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဦးသန့်ရေးသားခဲ့သော မြန်မာတို့၏ သဘာဝသည် ယနေ့တိုင် ပြောင်းလဲနိုင်ခြင်း    မရှိသေးသည်ကို တွေ့နေရသည်။ အုပ်ချုပ်သူတွေကလည်း ပုံစံဟောင်းတွေထဲက မထွက်နိုင်၊ မကြာသေးမှီက ပေါ်လာသည့် နိုင်ငံရေးပါတီတွေပင် တစ်ဖက်နှင့် တစ်ဖက် ကွဲကြ၊ ပြဲကြ၊ ဆော်ကြနှက်ကြသည်၊ ပြည်သူတွေကလည်း ယခုထက်ထိ အဆဲကောင်းသည့် ဘက်ကို လက်ခုပ်တီးနေတုန်းပင် ရှိသေးသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတစ်ယောက် ခေါင်းတွေကိုက်နေသည်။ ထိုသူကား သူ၏ ပြည်ခိုင်ဖြိုးပါတီကို  နိုင်ငံတကာရှိ သြဇာကြီးမားသော ပါတီကြီးများကဲ့သို့ စနစ်တကျ ထူထောင်လိုသူ ဖြစ်သည်။ နိုင်ငံ တကာမှ ပါတီကြီးများကဲ့သို့ နိုင်ငံရေးအိုင်ဒီယိုလိုဂျီ ခိုင်ခိုင်မာမာရှိ၍ လူထုထောက်ခံမှုကို အကြီးအကျယ်ရလိုသည်။ တစ်ချိန်က NLD အောင်မြင်ခဲ့သည့် အခြေအနေမျိုးကိုရောက်အောင် တည်ဆောက်လိုသူ ဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲကာလအတွင်းက အနိုင်ရရှိရေးကိုသာ ဦးတည်ပြီး အရေအတွက်ကို ဦးစားပေး၍ ဖွဲ့စည်းခဲ့သဖြင့် ရပ်ကွက်ထဲတွင် ဆယ်အိမ်မှူး ဖြစ်ရုံမျှဖြင့် ပါဝါပြချင်သော လူပုဂ္ဂိုလ်မျိုးတွေ တန်းစီ၍ ပြည်ခိုင်ဖြိုးပါတီထဲကို ဆွဲထည့်ထားသည်။ အနိုင်ရလိုဇောအားကြီးပြီး အောင်သိန်းလင်းကဲ့သို့ ဗြောင်လိမ်ဗြောင်စားတွေ ပေါ်လာ၍ ပါတီမဖြစ်ခင် အသင်းဘဝတည်းကပင် စတည်းကယဉ်သကို ဆိုသလို လူထု၏ ရွံရှာမှုကို ခံယူထားရကား ပါတီ၏ ပုံရိပ်မှာလည်း ပြည်သူကြားတွင် အော့နှလုံးနာစရာသာဖြစ်နေသေးတော့သည်။ ထိုကဲ့သို့ မတစ်ရာသားများဖြင့် ဗျောက်သောက်ဖြစ်နေသော ပါတီကို လူထုက အကြည်ညိုမရှိသည်မှာ အဆန်းတော့မဟုတ်ပေ။ အထက်တွင် ဆိုခဲ့သလို ပါတီမဖြစ်မီကပင် ပြည်သူကို နှိပ်စက်ခဲ့ခြင်းက တကြောင်း၊ မြန်မာလူမျိုး ဆိုသည်က ဘူးဆိုလျှင် ဖယုံမသီးသည့် လူမျိုးဖြစ်ခြင်းရာ အဟောင်းတွေကို မမြင်ချင်တော့ဘဲ ပြန်မြင်နေရရ၍ တကြောင်းတို့ကြောင့် ယနေ့တိုင် ပါတီ၏ ပုံရိပ်မှာ ပြည်သူကြားတွင် ရေပန်းမစားသေးပေ။ စားလျှင်လည်း အကောင်းဘက်ထက် အဆိုးဘက်သာ ပိုများသည်။ လွှတ်တော်တွင် လူထုအကျိုးရှိမည့် အဆိုတစ်ခု အတည်ပြုခြင်း မခံရလျှင် ပြည်ခိုင်ဖြိုးကြောင့်ဟုသာ လက်ညှိးထိုးတော့သည်။ အကယ်၍ ပြည်ခိုင်ဖြိုးက လူထုအတွက် အကျိုးရှိမည့်      အဆိုတစ်ခုကို တင်သွင်းစေကာမူ စည်းဝါးရိုက်ပြီး ပဏ္ဍာယူသည်ဟု စွပ်စွဲခံရပြန်သည်။

မြန်မာတို့ကား အစွဲကြီးသည်မှာ အထူးပြောစရာမလိုသည့် လူမျိုးပင်၊ ခေတ်မှီအားဆေးတွေ ပေါ်နေစေကာမူ လူပျံတော် ပတ္တမြားနှင့် အခြား ပြည်တွင်းဖြစ် သွေးဆေးများက ပျောက်ကွယ်မသွားပေ၊ အိမ်မိုးဖို့ သွပ်ပြားလိုလျှင် ယိုးဒယားဆင်တံဆိပ်ပါမှ သဘောကျသည်။ ပြောင်းပြန်တွေးလျှင် ယခင်က မကြိုက်နှစ်သက်ခဲ့သော ပစ္စည်းတစ်ခု၊ တံဆိပ်တစ်ခု မည်မျှပင် ကောင်းမွန်အောင် ပြန်လည်ပြုပြင်၍ ဈေးကွက်ထဲ ပြန်ထည့်စေကာမူ မည်သူမျှ ပြန်မသုံးတော့ပေ။ ဥပမာပြရလျှင် ယခင်က လူတကာကြိုက်ခဲ့သည့် စူပါကော်ဖီမစ်ပင်လျှင် နောက်ပိုင်း နာမည်ကြီးလာသောအခါ ပစ္စည်းခို၍ အရည်အသွေး ညံ့သွားရာ ယင်းပစ္စည်းနှင့် ပြိုင်ဘက် ပရီမီယာက ကျောက်တက်သွားသည်။ စူပါကော်ဖီမည်မှာ ယနေ့ထိ အရည်အသွေးထိန်းခြင်း၊ ကြော်ငြာအား    ကောင်းကောင်းဖြင့် ထိုးဖောက်ခြင်းများဖြင့် ပြန်လည်ကြိုးစားသည့်တိုင် ယခင်ရရှိခဲ့ဖူးသော နံပါတ်တစ်နေရာကို ပြန်မရောက်နိုင်တော့ပေ။ ထိုဥပမာကို ယူ၍ ပြောရလျှင် အစတည်းက လူထု ချဉ်ဖတ်ဖြစ်ခဲ့သော ခြင်္သေ့တံဆိပ်ကြီးကို လူတွေ လက်မခံနိုင်မှန်းသိ၍ ဝန်ကြီးအချို့က ပါတီနှင့် ခပ်ကင်းကင်းနေကာ လူထုကြိုက်နှစ်သက်မည့် ကိစ္စတွေ ဆောင်ရွက်ရင်း လူထုအားကို ယူလာကြသည်။ ထိုသို့ဖြင့် လူထုနှစ်သက်မှု ရလာသည့် ဝန်ကြီးတွေက ပါတီနှင့် ခပ်ကင်းကင်းဖြစ်လာသည်။ ဝန်ကြီးချင်း အတူတူပင်လျှင် ဦးကျော်ဆန်းနှင့် ဦးဇော်မင်းတို့ကို ပြည်ခိုင်ဖြိုးပါတီက ဝန်ကြီးများဟု ပါတီနှင့် တွဲမြင်ကြပြီး လူထုကြိုက်နှစ်သက်မှု ရလာသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းကဲ့သို့သော ဝန်ကြီးများကိုကျတော့ ပြည်ခိုင်ဖြိုးပါတီနှင့် ခွဲခြား၍ မြင်နေကြသည်။ ပါတီ၏ ဒုတိယဥက္ကဋ္ဌ ရာထူးယူထားသော သူရဦးရွှေမန်းပင်လျှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ပိုမိုတန်ဖိုးထားနေ၍ ပါတီကို လှည့်မကြည့်တော့ပေ။ အဆိုပါ အချက်မှာ ပြည်သူအတွက် ကောင်းသည့်ကိစ္စ ဖြစ်သော်လည်း ပါတီအတွက်မူ အင်အားတစ်ရပ် လျော့သွားခြင်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ ပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန်က သမ္မတဖြစ်သွား၍ ပါတီမှ နှုတ်ထွက်ပေးရသည်။ သမ္မတကြီးကား ပါတီ၏ သြဇာကိုမခံဘဲ လူထုဘက်ကို ပို၍ ယိမ်းလာရာ နောက်ဆုံးတွင် မြစ်ဆုံစီမံကိန်းကို ရပ်တန့်ပြလိုက်ခြင်းဖြင့် လူထုဘက်တော်သား လုံးလုံးဖြစ်သွားသည်။ အစိုးရကို ပြည်သူ့အကျိုး ဆောင်ရွက်ရာတွင် အခက်တွေ့အောင် လုပ်နေသည့် နိုင်ငံရေး အင်အားစုများ ရှိနေသည်ဟု သမ္မတကြီးက ဆိုထား ရာ မည်သူတွေကို ရည်ညွှန်းသနည်းဟုသာ ပြန်တွေးရပေတော့မည်။

လူတစ်ဦးတစ်ယောက်ကို သံသယဖြစ်ခြင်း ခံထားရလျှင် ထိုလူမည်မျှ သံသယရှိအောင် နေခဲ့သနည်း၊ ထိုနေခဲ့သော ကာလအချိန် အတိုင်းအတာခန့် ပြန်လည်ပေးဆပ်ရသည်ဟု ဆိုကြသည်။ ဆိုလိုသည်မှာ လူဆိုးတစ်ယောက်သည် ဆယ်နှစ်ခန့် ဆိုးသွမ်းခဲ့ပါက ထိုသူလိမ်မာရန် ဆယ်နှစ်ခန့် ပြန်လည်ပေးဆပ်ရသည် ဟုဆိုလိုသည်။ ထို့အတူ ပြည်ခိုင်ဖြိုး ပါတီလည်း အသင်းဖွဲ့စည်းခဲ့ပြီး လူထုကြားထဲတွင် ချဉ်ဖတ်ဖြစ်ခဲ့သည့် အချိန် အတိုင်းအတာခန့် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ NLD ကို လူတွေချစ်ကြသည်မှာ ပေးဆပ်မှု သက်သက်သာဖြစ်ခဲ့၍ ယနေ့အထိ နှလုံးသားထဲတွင် စွဲနေကြခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုအချိန်တွင် ပြည်သူတွေကို ချေးငွေပေးခြင်း၊ လယ်သမားတွေကို ထောက်ပံ့ခြင်း အစရှိသည့် လုပ်ရပ်များဖြင့် ပြုပြင်နေပြီဟု ယူဆရသော်လည်း ပြည်သူတွေ သံသယများ ပျောက်သွားသည်အထိ အချိန်တစ်ခု ယူရဦးမည်။ အမှန်တကယ်ပင် စေတနာ ကောင်းဖြင့် ဆောင်ရွက်ပေးသည်ဟု ပြည်သူတွေ၏ အမြင်မှာ မြင်လာစေရန် ကြိုးပမ်းရမည်။ ရွေးကောက်ပွဲတုန်းက လမ်းတစ်ဝက်ခင်း၍ ယနေ့ထိ အပြီးမသတ်သေးတာမျိုး၊ ရွေးကောက်ပွဲတုန်းက စိုက်ပျိုးစရိတ်ချေးပေးခြင်း၊ ရေတွင်းတူးပေးခြင်း၊ ရေဘေး ဒုက္ခသည်များကို ကူညီခြင်း ရှိခဲ့သော်လည်း ယနေ့ ထိုကိစ္စတွေ ဆက်လုပ်သည်ဟု မကြားရတော့ပေ။ မန္တလေးရေဘေးတွင် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မည်သည့် နိုင်ငံရေးပါတီကမှ လာရောက် ကူညီခဲ့ခြင်း မရှိဟု သိရသည်။ ယမန်နှစ်က ရေဘေးတွင်တော့ ရွေးကောက်ပွဲနီး၍လား မသိပေ၊ ပါတီတွေ အလုအယက်လာရောက် လှူဒါန်းကြသည်ဟု ဆိုသည်။ အခြားပါတီတွေက ယခုအချိန်တွင် ကူညီချင်သည့်တိုင် ပြည်ခိုင်ဖြိုးက နှောင့်ယှက်၍ ကူညီခွင့်မရဟူသော အသံတွေလည်းထွက်နေရာ ပါတီမှာ ယနေ့အချိန်ထိ လူထုကြားတွင် အမုန်းခံဖြစ် လျက် သာရှိသေးသည်။

ပြည်ခိုင်ဖြိုးပါတီကို စနစ်တကျ တည်ဆောက်ခြင်း၊ အောင်သိန်းလင်းကဲ့သို့ နိုင်ငံရေး အမည်းစက်ရှိသူကို ချောင် ထိုးထား လိုက်ခြင်း စသည်ဖြင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသော်လည်း ပါတီသည် လူထုအကြားတွင် အကောင်း အမြင်မခံရသေးပါ။ ယခုအစိုးရမှ ပြုလုပ်နေသော အပြောင်းအလဲသည် သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြောင်းလဲနေကြခြင်းဖြစ်သည်။  ပြည်ခိုင်ဖြိုးသာ လွှတ်တော်တွင် မရှိလျှင် ယခုထက်ပို၍ တိုးတက် ဖွယ်ရှိသည်ဟုသာမြင်နေကြသေးသည်။ ထို့ကြောင့် အစိုးရအပေါ် ပြည်သူ၏ နှစ်သက်မှု ပိုလာခြင်းကြောင့် ပြည်ခိုင်ဖြိုးကို နှစ်သက်မှု ပိုလာလိမ့်မဟု တိုက်ရိုက်အချိုးကျ သီအိုရီဖြင့် တွက်၍ မရပေ။အစိုးရ၏ အောင်မြင်မှု သည် ပြည်ခိုင်ဖြိုး၏ အောင်မြင်မှု မဟုတ်ဟုသာ ဆိုရပေတော့မည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs