Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်း
  2. နာရေးကူညီမှုအသင်း(ရန်ကုန်) နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဓိဋ္ဌာန်ဝင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု
  2. ပြည်နယ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအား သက်ဆိုင်ရာအစိုးရအဖွဲ့ စတင်ကိုင်တွယ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၈၁/၂၀၁၁ ဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (Trade and Invesment Supervision Committee, TISC)မှာ ယခင် ကုန်သွယ်ရေးမူဝါဒကောင်စီနေရာတွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက ၂၀၁၁ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အမိန့် ကြေညာစာ အမှတ် ၇/၂၀၁၁ ဖြင့် ပြင်ဆင်ပြောင်း လဲဖွဲ့စည်းထားခဲ့ကြောင်းသိရသည်။

ကုန်သွယ်ရေးဦးစီးဌာန၏ မူဝါဒနှင့်အညီလုပ်ဆောင် ရနိုင်သော်လည်း ယင်းကော်မတီကို ဖြတ်သန်းနေရသည့်အတွက် စရိတ်ပိုများ  (transaction cost) ကုန်ကျကြောင်း သွင်းကုန်-ထုတ်ကုန်လုပ်ငန်းရှင် အသိုင်အဝိုင်းမှ ကြားသည်။

ဖျက်သိမ်းလိုက်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံသူများကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ (က) ပြည်ပနှင့် ကုန်သွယ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားရှေးရှုသော နိုင်ငံတော်က ချမှတ်ထားသည့် ကုန်သွယ်မှုမူဝါဒများအတိုငိးန်းကျောင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ခ) ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းရာတွင် ပြည်သူလူထု စားဝတ်နေရေး လိုအပ်ချက်များနှင့် နိုင်ငံတော်၏ လိုအပ်ချက်များအရ ဦးစားပေး တင်သွင်းခွင့်ပြုမည့် အဓိက ကုန်ပစ္စည်းအမျိုးအစားများနှင့် အရေအတွက်ကိုသတ်မှတ် ဆောင်ရွက်ရန် (ဂ) ပို့ကုန်ပစ္စည်းများတင်ပို့ရာတွင် ပြည်တွင်း ထုတ်လုပ်မှု၊ စားသုံးသူ၊ ပိုလျှံမှု (လိုအပ်မှု) စသည်တို့ကို စနစ်တကျ ညှိနှိုင်းစိစစ်ဆောက်ရွက်သွားရန် (ဃ) ပို့ကုန်/သွင်းကုန်လိုင်စင်များ မှန်ကန်လျင်မြန်စွာ စိစစ်ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ (င) ပို့ကုန်လုပ်ငန်း ဆောင်ရွက်ရာတွင် ဈေးနှုန်းများ မြင့်မားမှုရှိ၊ မရှိ၊ အမှန်တကယ်ပို့ကုန်များတင်ပို့ခြင်း ရှိ/မရှိနှင့် ပို့ကုန်ရငွေ အမှန်တကယ် ဝင်လာခြင်း ရှိ/မရှိ ကိုစိစစ်ရန် (စ)ွင်းကုန်များ လျှောက်ထားရာတွင် လျှောက်ထားသူ၏ လျှောက်ထားခွင့်ရှိသော နိုင်ငံခြားငွေဖြင့် လျှောက်ထားခြင်း မှန်ကန်မှု ရှိ/မရှိစိစစ်ရန်၊ (ဆ) သွင်းကုန်လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ပစ္စည်း ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ သတ်မှတ်ချိန် အတွင်း ခွင့်ပြုပြီးပစ္စည်းအားလုံးတင်သွင်းခြင်း ရှိ/မရှိ မည်မျှတင်သွင်းသည် မည်မျှ ကျန်ရှိသည်တို့ကို စိစစ်ရန်၊ (ဇ) ခွင့်ပြုပြီးကုန်များအားလုံးတင်ပို့ခြင်း ရှိ/မရှိ မည်မျှတင်ပို့သည် မည်မျှ ကျန်ရှိသည်တို့ကို စိစစ်ရန်၊ (ဈ) ကုန်သွယ်မှုပမာဏတိုးမြှင့်စေရေးအတွက် ပုံမှန်ကုန်သွယ်မှုများအပြင် Transits  Trade နှင့် Re-Export လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဆောင်ရွက်ရန်၊ (ည) ကုန်သွယ်မှု ချောမွေ့စေရေးအတွက် ကုန်သွယ်မဆိုင်ရာ သယ်ယူပို့ ဆာင်ရေး လုပ်ငန်းစဉ်များ Trade Logistics အဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ရန်၊ (ဋ) ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးအတွက် နိုင်ငံ တကာ ကုန်သွယ်မှုငွေပေးငွေ ယူဆောင်ရွက်ခြင်းကိစ္စများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ရန်၊ (ဌ) နိုင်ငံတော်က အခါအားလျှော်စွာ ပေးအပ်သော တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နာရေးကူညီမှုအသင်း (ရန်ကုန်) နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဓိဋ္ဌာန်ဝင်မည်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဦးဆောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား ၅၀ ကျော်ခန့်သည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် သီတင်းကျွတ်လပြည့်နေအထိ ပုတီးစိပ် အဓိဋ္ဌာန်ပြု ဆုတောင်းမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက မီဒီယာများကို ပြောကြားသည်။

ဗုဒ္ဒမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ပုတီးစိတ် အဓိဋ္ဌာန်ပြုကြမည်ဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက် ကူညီလုပ်ကိုင် ပေးနေသော နိုင်ငံခြားသားတစ်ချို့လည်း ပါဝင်အဓိဋ္ဌာန်ဝင်မည်ဟု အဆိုပါအသင်းမှ သိရှိရသည်။

ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူသည် ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်မည့်အစီအစဉ် ရပ်ဆိုင်းပြီးနောက် နှစ်ရှည်လများ ရိတ်သိမ်းရှင်းလင်းခြင်း မရှိသည့် နှုတ်ခမ်းမွေး မုတ်ဆိပ်မွေးများကို ရိတ်သိမ်းရှင်းထားကြောင်း ဦးကျော်သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မြန်မာနိင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ခန့်ရှိပြီး ၎င်းတို့ထဲတွင် ဦးကျော်သူနှင့် အရင်းအနှီး ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ လူရွှင်တော် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးသူရ (ခေါ်) ဇာကနာ တစ်ယောက်လည်း အပါအ၀င် ဖြစ်သည်။

မြန်မာနိင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးသည် ဦးသိန်းစိန်အစိုးရအတွက် နိုင်ငံတကာ မိသားစု အ၀န်းအ၀ိုင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အဓိက စိန်ခေါ်နေမှုတရပ်လည်း ဖြစ်သည်။

ကိုင်တွယ်မြေရှင်းရန် ခက်ခဲမည်ဟု အများကယူဆထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို သမ္မတ ဦးသိန်းစိန် သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နိင်ငံရေးအကျဉ်အသားများ ပြဿနာကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ရွေးကောက်ပွဲဝင် ပါတီတစ်ချို့မှ အကောင်း မြင် သုံးသပ်ထားကြသည်။

“နိုင်ငံရေး အကျဉ်သားအရေးက ဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် မှတ်ကျောက်တင်မယ့် ကိစ္စလိုဖြစ်နေတာ မကြာခင်လွတ်ပေးမှာပါ”ဟု အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ် ပြောကြားသည်။

မိဖြူ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု

နေပြည်တော်တွင် စက်တင်ဘာလ(၂၆) ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၅) ရက် မြောက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တင်သွင်းသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို အောက်တိုဘာလ ၃ ရက် ပထမ အကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့တွင် ယင်းဥပဒေကြမ်းအား လွှတ်တော်မှအတည် ပြုခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံသားများက ထို အခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် ဤဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဤဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ပြင်ဆင်ချက်များတင်သွင်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(ဃ) အရ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ အတည်ပြုလိုက်သော ဥပဒေကြမ်းတွင် အခန်း (၈)ခန်းနှင့် အပိုဒ်ပေါင်း (၂၂) ခု ပါဝင်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်နယ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအား သက်ဆိုင်ရာအစိုးရအဖွဲ့ စတင်ကိုင်တွယ်

ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ဘဏ္ဍာရေးရန်ပုံငွေများကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ အောက်တိုဘာလ ၁ ရက်နေ့မှ စတင် ကိုင်တွယ်ပြီး လိုအပ်သော လုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အစိုးရအဖွဲ့အောက်မှာရှိတဲ့ တိုင်းဒေသကြီး အဆင့်ဌာန၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်နဲ့ ငွေကြေး ကိစ္စတွေကို အစိုးရအဖွဲ့က ကိုင်တွယ်တော့မှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အးပေးရေး အဖွဲ့နှင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့သည် ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်ကြောင်း သိရသည်။

ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများသည် ရငွေများကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများ ကိုလည်း ရသုံးမှန်းခြေငွေစာရင်း လျာထားချက်ဘောင်အတွင်း တည်ဆဲ ဘဏ္ဍာရေး စည်းမျဉ်း၊စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူသုံးစွဲရေး စသည့် လုပ်ငန်းရပ်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Ref : Venus News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဖွဲ့ကလိုက်စစ်တဲ့နေ့မှာဆိုရင် ဆိုင်တွေမှာ ဆီရောင်းတာအရမ်းမြန်သွားတယ်။ အရင်ကဆိုရင် အကြာကြီးစောင့်ရတာ ပြီးတော့ ရောင်းတဲ့ဆီကလဲ ပြည့်လာတယ်။ အရင်က တစ်ဂါလန်ကို ငါးဘူးကျော်လောက် ပါတယ်။ လာစစ်ပြီး နောက်နေ့လဲရောက်ရာ ပြန်သွားဝယ်တော့ ပုံမှန်အတိုင်း အချိန် အကြာကြီး စောင့်နေရတယ်။ ဖြစ်နိုင်ရင် အဖွဲ့က မကြာမကြာ စစ်ဆေးပေးရင် ကောင်းမှာပါ”

အောင်တိုဘာ ၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၈) တွင်ပါသည့် “ပုဂ္ဂလိကဆီဆိုင်များ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရှောင် တခင်စစ်ပြီ” သတင်းမှ စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချသူများ အသင်းရုံးအဖွဲ့မှူး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အမျိုးသားချင်းမသင့်မြတ်တဲ့ပွဲက ဘယ်တော့ပြီးမှာလဲ။ ကျွန်တော်တို့က အလုပ်လုပ်ချင်လှပြီ။ အမျိုးသားအင်အားစုတွေ မညီညွတ်ဖြစ်ရတဲ့အတွက် အားကောင်းမောင်းသန် လူငယ်တွေက တိုင်းပြည်အတွက် အလုပ်လုပ် ခွင့် မရရှာဘူး”

အောင်တိုဘာ ၆ ထုတ် Venus News အတွဲ (၃) အမှတ် (၁၂) တွင်ပါသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသားရေး အင်အားစုများ တွေ့ဆုံစကားပြောဆိုရန်လိုအပ်” သတင်းမှ ဦးကောင်းမြတ်ထွဋ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုမီဒီယာနဲ့ပတ်သက်ပြီး ဥပဒေ ရေးဆွဲနေတယ်ဆိုတာကို ဝမ်းသာပါတယ်။ အခု မီဒီယာလွတ်လပ်ခွင့်အတွက် ဥပဒေ ရေးဆွဲနေတဲ့နေရာမှာ ဘယ်သူ တွေ ပါတယ်။ ဘယ်လိုမျိုးအချက်တွေ ပါတယ်ဆိုတာကိုတော့ မီဒီယာကို ချပြသင့်တယ်။ မီဒီယာဥပဒေရေးဆွဲနေတာမှာ ပြည်တွင်းဂျာနယ်တိုက်က အယ်ဒီတာ ချုပ်တွေ ပါဝင်သင့်တယ်။ နောက်တစ်ခုကတော့ နိုင်ငံတကာက မီဒီယာဥပဒေ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်သင့်တယ်”

အောင်တိုဘာ ၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၈) တွင်ပါသည့် “သတင်းမီဒီယာဥပဒေသစ် အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနှင့် အညီ လွတ်လပ်စွာရေးသားခွင့်နှင့်အတူ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့် ရရှိမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းပြောကြား” သတင်းမှ အမေရိကန်ဘာကလေတက္ကသိုလ်တွင် နိုင်ငံတကာ သတင်းစာပညာကို သွားရောက်သင်ယူခဲ့သည့် ပြည်တွင်းသတင်းစာ ဆရာ ဦးရဲနိုင်မိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲ တိုးတက်မှု အနေအထားကို ဆန်းစစ်ခြင်း

(Bangkok Post မှ "Understanding Burma's political development" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

(ဤဆောင်းပါးသည် မြန်မာအစိုးရ၏ စဉ်းစားပုံများကို လက်ရှိအုပ်ချုပ်ရေးစနစ်အတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်နေရာ ယူထားသူ အမည်မဖော်လိုသူ ပုဂ္ဂိုလ်တစ်ဦးမှ ရှားရှားပါးပါး ထဲထဲဝင်ဝင်ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။ ၎င်းသည် ယခင်အစိုးရ လက်ထက်က တပ်မတော်တွင်ရော အစိုးရတွင်ပါ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါသည်။)

မြန်မာ အစိုးရသစ် အာဏာလွှဲပြောင်း ရယူခဲ့သည်မှာ ၆ လကျော်ပြီ ဖြစ်သော်လည်း ဒီမိုကရေစီ ပြောင်းလဲမှုများကို စတင် မိတ်ဆက်ရန် ပျက်ကွက်နေကြောင်း မြန်မာ့အရေး စောင့်ကြည့် လေ့လာသူ အများစုက ဆက်လက် ပြောဆိုရေရွတ်လျက် ရှိကြသည်။

အချို့က အစိုးရသစ်အား နိုင်ငံရေးအကျဉ်းသားများ လွှတ်မပေးသည့်အတွက် ပြစ်တင် ဝေဖန်နေကြချိန်တွင် အချို့က ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် တောင်းဆိုနေကြသည်။

သို့သော်လည်း ကျွန်တော်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အစိုးရအဖွဲ့၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့ရသူတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် ထိုသို့ အပြစ်တင်သော မှတ်ချက်များသည် အနည်းဆုံး လက်ရှိ ကာလအတွက် လက်တွေ့မကျ ခြေခြေမြစ်မြစ်မရှိဟု ကန့်ကွက်မိ ပါလိမ့်မည်။

မြန်မာအစိုးရအပေါ် ပြစ်တင်ဝေဖန်နေသူများ အားလုံးအနေဖြင့် မြန်မြန်ဆန်ဆန် လုပ်စမ်းပါဟု ဖိအားမပေးမီ အစိုးရ ရင်ဆိုင်နေရသော အခက်အခဲများကို နားလည်သဘောပေါက်အောင် ကြိုးစားကြပါဟု အကြံပေးလိုသည်။

အမေရိကန်ပြည်ထောင်စုတွင် မြန်မာအစိုးရသစ်၏ စွမ်းဆောင်မှုကို အကဲဖြတ်နေကြသော လေ့လာသူများက ယခင်က အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရနှင့် နှိုင်းယှဉ်ကြည့်လာကြသည်။ ဝေဖန်ဆန်းစစ်သူ များစွာက လက်ရှိအစိုးရလက်ထက် အနေအထားကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း အုပ်ချုပ်ခဲ့သူများနှင့် နှိုင်းယှဉ် သုံးသပ်ကြသည်။

ယခင်အစိုးရအဆက်ဆက်က သူတို့ အစွမ်းရှိသလောက် နိုင်ငံနှင့် ပြည်သူကို အလုပ်အကျွေးပြုရန် ကြိုးစားခဲ့ကြသည်ဟု ဆိုလျှင် ယခုအစိုးရသည် ကိုလိုနီခေတ်အထိ ခြေရာကောက်၍ရသော နိုင်ငံရေး ပြဿနာ ရင်းမြစ်များကို အမွေရခဲ့သည်ဟု ဆိုချင်သည်။ အဆိုပါ ဆိုးမွေများ အားလုံးကို အချိန်တိုအတွင်း ဖြေရှင်းရန် မျှော်လင့်လို့ မရနိုင်ပါ။

လက်ရှိအာဏာရ သမ္မတဦးသိန်းစိန်က မတ်လအဖွင့်မိန့်ခွန်းတွင် ယင်း၏ အစိုးရသည် အုပ်ချုပ်ရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့် တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလို ဆင်းရဲမွဲတေသော နိုင်ငံမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိပဲ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်၍ မရနိုင်ပါ။ မြန်မာအစိုးရသည် ပညာရှင်များ၊ နိုင်ငံသားများနှင့် တိုင်ပင်ညှိနှိုင်းကာ ဖွံ့ဖြိုးရေးအစီအစဉ်များစွာကို ရေးဆွဲသွားမည် ဖြစ်သလို ပြည်ပနှင့်ပြည်တွင်း ပညာရှင်များထံမှ အပြုသဘောဆောင် လက်တွေ့ကျသော အကြံဥာဏ် အားလုံးကို နားထောင်သွားရန် ဆန္ဒရှိနေသည်။

သို့သော် ယခင်ကကဲ့သို့ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများကို လစ်လျူရှုထားမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ယခင်နှင့်မတူ ဆန့်ကျင်စွာပင် တိုင်းပြည်၏ ရေရှည်အကျိုးကို မျှော်ကိုးကာ နိုင်ငံသား အုပ်စုများ၊ နိုင်ငံခြား အစိုးရများ အားလုံးနှင့် အတူလက်တွဲလုပ်ဆောင်သွားရန် ဆန္ဒ ရှိနေပြီ ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အစိုးရအတိုက်အခံ မည်သူမဆို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရိုးသားစွာ လက်တွဲလိုသည် ဆိုပါက အစိုးရကလည်း ပျော်ရွှင်စွာ လက်တွဲဆောင်ရွက်မည်သာ ဖြစ်သည်။

အလားတူပင် ကျွန်တော်တို့၏ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးနှင့်လည်း အတူလက်တွဲ လုပ်ဆောင်သွားလိုသည်။ သို့သော်လည်း ယခင်အစိုးရက လက်စလက်န ထားခဲ့သည့် နယ်ခြားစောင့်တပ် အစီအစဉ်ကို မစွန့်လွှတ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုအများစုက လက်ရှိအစိုးရကို ပြစ်တင် ဝေဖန်လျက် ရှိကြသည်။ အမှန်စင်စစ် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုတွင် လက်နက်ကိုင် တပ်မတော် တစ်ခုတည်းသာ ရှိနိုင်ပါလိမ့်မည်။

လက်ရှိအစိုးရက နယ်ခြားစောင့်တပ် အစီအစဉ်ကို စွန့်လွှတ်ခြင်း မရှိသော်လည်း ယင်းအစီအစဉ်ကို ငြင်းပယ်သော အပစ်ရပ်အဖွဲ့များ အပေါ် အရေးယူဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ခဲ့ပါ။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား ထိန်းချုပ်ခွင့် ပေးထားသောနယ်မြေများတွင် နှစ်ဖက်တပ်များအကြား တိုက်ခိုက်မှု မရှိခြင်းသည် သက်သေပြနိုင်သော အချက်တစ်ခု ဖြစ်သည်။

အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူဒဏ်ခတ် ပိတ်ဆို့မှု မူဝါဒများကို ပြန်လည် အကဲဖြတ်ကြပါဟု ကျွန်တော်တိုက်တွန်းလိုပါသည်။ အရေးယူ ဒဏ်ခတ်သည့် Sanctions များသည် ထိရောက်မှုမရှိသည့်အပြင် ပြောင်းပြန် အကျိုးသက်ရောက်ကြောင်းကို နိုင်ငံခြား အစိုးရခေါင်းဆောင်များ၊ ပညာရှင်များ မြောက်များစွာက လူသိရှင်ကြား ဝန်ခံခဲ့ကြပြီးဖြစ်သည်။ Sanctions များသည် ဆင်းရဲ နွမ်းပါးသော မြန်မာပြည်သူများအပေါ် မလိုလားအပ်သော ဆိုးကျိုးများသာ ပေးခဲ့သည်။ ဆင်းရဲတွင်း နက်လွန်းသော မြန်မာပြည်သူ အများစုကြီးမှာ နေ့စဉ်စားဝတ်နေရေးနှင့် လုံးပမ်းနေရသောကြောင့် နိုင်ငံရေး ပြဿနာများကို အချိန်မပေးနိုင်ကြပါ။

ထို့ကြောင့်ပင်လျှင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအစီအစဉ် မြောက်များစွာကို အကောင်အထည် ဖော်ရေးသည် အစိုးရသစ်၏ ဦးစားပေးကိစ္စ ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ နွမ်းပါးသော ပြည်သူများကို ကူညီရန် ဆန္ဒရှိကြသော နိုင်ငံသားများ၊ နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အားလုံးသည် လက်ရှိ အစိုးရသစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်သည်။

ကျွန်တော်တို့ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ကာ နွမ်းပါးသော ပြည်သူတို့၏ ဘဝများလည်း ပိုမို ကောင်းမွန်လာလိမ့်မည်ဟု ကျွန်တော် ယုံကြည် စိတ်ချသည်။

နိုင်ငံခြား အစိုးရခေါင်းဆောင်များ၊ အစိုးရ ဝေဖန်ပြစ်တင်သူများ အနေဖြင့် အစိုးရသစ်အား နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အရှိန်မြှင့်ရန် ဆက်၍ ဖိအားပေးနေခြင်းမှာ မြန်မာနိုင်ငံအတွက် ကောင်းကျိုး မရှိနိုင်ပါ။

အစိုးရမှန်သမျှသည် ရှင်သန်နိုင်ရေးကို အဓိကထားကြရသည့် အားလျော်စွာ မြန်မာ အစိုးရသည်လည်း အခြား ရွေးချယ်စရာ မရှိပါ။ အကယ်၍ အနောက်နိုင်ငံများက ဆက်၍ ပိတ်ဆို့မည်၊ ပို၍ပင် ပိတ်ဆို့ဦးမည်ဆိုပါက တရုတ်ကြီးနှင့် နီးစပ်အောင် တွန်းပို့ရာ ရောက်ပေလိမ့်မည်။

ကျွန်တော်တို့နိုင်ငံကို တရုတ်အစိုးရ၏ သြဇာခံပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော်လည်း ကျွန်တော်တို့ကို ရွေးချယ်စရာမရှိသော ထောင့်တွင် ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပိုမိုမှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကျပ် ဖိအားမပေးသင့်ပေ။ အမှန်စင်စစ် ကမ္ဘာပေါ်မှ အခြားသော အစိုးရများ အားလုံးကဲ့သို့ပင် လက်ရှိ မြန်မာအစိုးရသည်လည်း တစ်ကိုယ်တော်မင်းသား မဟုတ်ပါ။

မြန်မာနိုင်ငံသည် ယင်း၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းညွှန်မြေပုံကို ဆက်၍ အကောင်အထည် ဖော်ရမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို အစိုးရက ရှာဖွေရမည်ဟု ယုံကြည်ထားကြသော တိုးတက်ပွင့်လင်းသူ တာဝန်ရှိ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင် အမှန်တကယ် ရှိနေပြီ ဖြစ်သည်။

တစ်ချိန်တည်းတွင် အဆိုပါ လစ်ဘရယ်ဝါဒီတာဝန်ရှိသူများသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းမရှိကြပါ။ မြန်ဆန်သော နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်သော အင်အားစုများက ပြုပြင်ပြောင်းလဲရေးသမားများကို ဟန့်တားနှောင့်ယှက်လျက် ရှိကြသည်။

လတ်တလော သို့မဟုတ် အနည်းဆုံး အချိန်တိုတိုအတွင်း နိုင်ငံရေး အပြောင်းအလဲများစွာ ဖြစ်မသွားအောင် အတိုက်အခံ ဆန့်ကျင်နေကြသော တာဝန်ရှိသူ အတော်များများ မြန်မာနိုင်ငံတွင် ရှိနေပါသေးသည်။ အစိုးရအတွင်းမှ အဆိုပါ သဘောထားတင်းမာသော အုပ်စုသည် အတော်လေး အင်အားကြီးနေသည်။ သို့ဖြစ်ရာ လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံရေး အပြောင်းအလဲ ပိုမို ဖြစ်ပေါ်အောင် ကြိုးစားသည့် အချိန်တွင် များစွာ သတိထား၍ ဆောင်ရွက်နေကြရသည်။ နိုင်ငံအနေဖြင့် လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများ ပိုမိုအင်အားကြီးလာသည့် အချိန်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများကို ပိုမို မြင်တွေ့ရပါလိမ့်မည်။

အကယ်၍သာ လက်ရှိ ပါဝါဂိမ်းကစားပွဲတွင် လစ်ဘရယ်ဝါဒီများ အသာစီး မရခဲ့ပါက တိုင်းပြည်တွင် နိုင်ငံရေး ပိုမိုပွင့်လင်းရန် အချိန်များစွာ ကြာမြင့်သွားပါလိမ့်မည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမှန်တကယ် စိုးရိမ်ပူပန်သော နိုင်ငံသားများ အနေဖြင့် ယင်းတို့၏ လှုပ်ရှားမှုများကြောင့် လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများ၏ အနေအထား အားနည်းမသွားရအောင် အသေချာ ဂရုစိုက်ကြရမည်။ အကယ်၍ သဘောထားတင်းမာသော အုပ်စုသာ အသာစီးရသွားပါက အစိုးရနှင့် အတိုက်အခံများအကြား ပူးပေါင်း ဆောင်ရွက်မှု လုံးဝရှိလာတော့မည် မဟုတ်ပါ။

အကယ်၍သာ အစိုးရအပေါ် ပြစ်တင်ဝေဖန်သူများ၏ လုပ်ရပ်များကြောင့် တိုင်းပြည် မတည်မငြိမ် ဖြစ်ခဲ့မည်ဆိုပါက သဘောထား တင်းမာသူများက အတိုက်အခံ နိုင်ငံရေးအုပ်စုများအပေါ် တင်းမာသော မူဝါဒများ ချမှတ်ရန် အကြောင်းပြချက်အဖြစ် အသုံးချသွားနိုင်သည်။ ထို့အပြင် တိုက်ရိုက်စစ်အုပ်ချုပ်ရေးစနစ်သို့ပင် ပြန်လည်ရောက်ရှိ သွားနိုင်ပါသေးသည်။

တိုင်းပြည်၏ အရေးပေါ်အခြေအနေ ကာလမျိုးတွင် တပ်မတော်က အစိုးရအာဏာကို ထိန်းချုပ်နိုင်ရန် အခြေခံဥပဒေက ခွင့်ပြုထားသည်။ ယင်းသို့သာ ဖြစ်လာပါက အနာဂတ် ဒီမိုကရေစီဖွံ့ဖြိုးရေး မျှော်လင့်ချက်များ အဆုံးသတ်သွားပါလိမ့်မည်။

ထို့ကြောင့် နိုင်ငံ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ဖြေရှင်းရန် လက်ရှိအစိုးရသစ်က အချိန်ယူနေခြင်းကို စိတ်ရှည်သည်းခံကြပါ ဟု နိုင်ငံခြားအစိုးရများနှင့် စိုးရိမ်ပူပန်သော နိုင်ငံသားပြည်သူများကို တိုက်တွန်း ပြောကြားလိုပါသည်။

ယခုအချိန်တွင် အမှားမလုပ်မိရန် အရေးကြီးသည်။ တပ်မတော်သည် အင်အားကြီးသော အဖွဲ့ကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ယင်း၏ ခေါင်းဆောင်များ ကလည်း အကြောင်းပြချက် ကောင်းကောင်း ရှိမည်ဆိုလျှင် အာဏာသိမ်းရန် နှောင့်နှေး ကြလိမ့်မည် မဟုတ်ပါ။ အစိုးရအဖွဲ့အတွင်းမှ လစ်ဘရယ်ဝါဒီ တာဝန်ရှိသူများက အဆိုပါ ပြဿနာများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန် အကောင်းဆုံး ကြိုးစားကြမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာသေးမီ ခရီးရှည် ချီတက်ရဦးမည် ဖြစ်သော်လည်း ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံရေး အဖွဲ့အစည်းများစွာ ရှိနေပြီ ဖြစ်သည်။ သို့သော် သန်စွမ်း ခိုင်မာလာရန် အချိန် လိုအပ်သည်။

အတိုက်အခံ နိုင်ငံရေးပါတီ မြောက်များစွာ လွှတ်တော်အသီးသီးတွင် ရှိနေပြီ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မှတ်ပုံတင်မထားသော NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် အစိုးရက ခွင့်ပြုပေးထားသည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ သဘောထား ကွဲပြားမှုများကို ဘေးဖယ်ကာ တွေ့ဆုံခဲ့ကြပြီးနောက် ဤနိုင်ငံ၏ ပြည်သူများအတွက် အတူတကွ လုပ်ဆောင်ရာတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားကြရန် အစိုးရခေါင်းဆောင်နှင့် NLD ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူခဲ့ကြသည်။

လက်ရှိအစိုးရသည် မကြာမီအတွင်း သိသာထူးခြားသော စီးပွားရေးနှင့် နိုင်ငံရေးမူဝါဒများကို ချမှတ်တော့မည် ဖြစ်ပြီး ယင်း မူဝါဒအသစ် များသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြဿနာများ ပြေလည်မှုရစေရန် အထူး ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ လူတိုင်းက မြင်တွေ့လိုကြသော နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာရေး အတွက် တစ်ခုတည်းသော နည်းလမ်းမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအားလုံးအကြား ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း တင်ပြလိုက်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs