Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. အေတီအမ်ကတ် ဒီဇင်ဘာလတွင် စတင်အသုံးပြုရန် ပုဂ္ဂလိကဘဏ်များကို ဗဟိုဘဏ် ညွှန်ကြား
  2. ပုဂ္ဂလိကပိုင် မြေယာများကို ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံ ငှားရမ်းနိုင်ပြီ
  3. တင်သွင်းလာသည့်ကား ခွင့်ပြုမော်ဒယ်ထက် မြင့်နေပါက ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာရပိုင်ခွင့် ချိုးဖောက်ခံရကြောင်းသတင်းရရှိက အမျိုးသားလူ့အခွင့်အရေးကော်မရှင် စစ်ဆေးမည်
  2. ငြိမ်းချမ်းရေးကိစ္စ တရားဝင်စာဖြင့် KNU အကြောင်းပြန်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အဆောက်အအုံပိုင်းဆိုင်ရာပြောင်းလဲမှုများ             

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

အေတီအမ်ကတ် ဒီဇင်ဘာလတွင် စတင်အသုံးပြုရန် ပုဂ္ဂလိကဘဏ်များကို ဗဟိုဘဏ် ညွှန်ကြား

ပုဂ္ဂလိကဘဏ်များ အေတီအမ် (Automatic Teller Machine-ATM) ကတ်ကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်က နှုတ်အားဖြင့် ညွှန်ကြားထားပြီး ၂၀၁၂ ခုနှစ်အတွင်း  အခြား အကြွေးဝယ်ကတ်စနစ်များ ဖြစ်သော Debit ကတ်၊ Credit ကတ်၊Smart ကတ်များကိုပါ အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဘဏ်အသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေရေးကြေးရေးနှင့်ဆိုင်သော လုပ်ငန်းများကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် လိုလားလျက်ရှိပြီး ဗဟိုဘဏ်၏ ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် အတွင်းဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ပုဂ္ဂလိက ဘဏ်သစ်များ အနေဖြင့် နိုင်ငံခြားငွေ ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို မလုပ်ကိုင်နိုင်ခဲ့သော်လည်း ယခု အကြွေးဝယ်ကတ် ဝန်ဆောင်မှုကို အခြားဘဏ်များ နည်းတူ ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

''အကြွေးဝယ်ကတ်ပြားမှာ အားသာချက်ရော အားနည်းချက်ပါ ရှိနေပါတယ်။ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင် နိုင်ရင် အကျိုးဖြစ်ထွန်းမှု များတယ်။ အကြွေးဝယ်ကတ်အသုံးပြုတဲ့အတွက် ငွေကိုင်ပြီးသုံးဖို့မလိုတာ၊ လုံခြုံမှုရှိတာ၊ ထိန်းသိမ်းရလွယ်တာ၊ ငွေရေ တွက်ရ လွယ်တာ စတာတွေကို အသုံးပြုသူက ခံစားရယူနိုင်တယ်။ ဘဏ်တွေအနေနဲ့လည်း အပ်နှံငွေနဲ့ ဝန်ဆောင်ခတွေကို ရရှိစေပါတယ်။ ဒါပေမယ့် ခုနက ပြောခဲ့သလို စည်းလွတ်ဘောင်လွတ်ဖြစ်ရင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာနိုင်တယ်၊ လူတွေက အကြွေးရတာပဲဆိုပြီး မတန်တဆ ငွေသုံးစွဲမှုတွေ များလာနိုင်တယ်၊ လွယ်လွယ်များများသုံးတာကြောင့် အကြွေးထူလာနိုင်တယ်၊ ပေါ့ပေါ့တန်တန် သုံးစွဲတာကြောင့် ပြည်သူတွေရဲ့ အသုံးစရိတ်၊ နိုင်ငံရဲ့ အသုံးစရိတ်တွေ မြင့်တက်လာနိုင်တယ်၊ ဘဏ်တွေအနေနဲ့လည်း ကြွေးဆုံးပမာဏ မြင့်တက်လာနိုင်တယ်။ ဒါ့ကြောင့် လူတွေအဆင်ပြေစေတဲ့ စနစ် ဖြစ်ပေမယ့် ထိန်းထိန်း သိမ်းသိမ်းဖြစ်ဖို့ ဘဏ်တွေရော၊ အသုံးပြုသူတွေရော သတိပြုဖို့လိုပါတယ်'' ဟု ဘဏ်လုပ်ငန်းနှင့် ငွေကြေးကျွမ်းကျင် ပညာရှင် တစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် အသုံးပြုမှုကို ၁၉၆၀ ပြည့်နှစ်တွင် စတင်နိုင်ခဲ့ကာ Master Card နှင့် Visa Card တို့က ဝန်ဆောင်မှု ပေးခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက် နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက် ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်အချို့၌ ဖြစ်ပေါ်ခဲ့သော ငွေကြေး အကျပ်အတည်းတွင် ဘဏ်အချို့  ပြိုလဲမှုနှင့်အတူ ရုပ်သိမ်းခံခဲ့ရကြောင်း သိရသည်။

Ref: Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကပိုင် မြေယာများကို ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံ ငှားရမ်းနိုင်ပြီ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် မြေအသုံးပြုခွင့်နှင့် နိုင်ငံခြားငွေဆိုင်ရာ အမိန့်ကြေငြာစာ နှစ်ခုကို စက်တင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းမြေအသုံးပြုခွင့် ဥပဒေအရ နိုင်ငံသားပိုင် ပုဂ္ဂလိကမြေများမှာပါ ရင်းနှီးမြှုပ်နှံ သူက ငှားရမ်းနိုင်မည် ဖြစ်သည်။

လက်ရှိထုတ်ပြန်ခဲ့သည့် အမိန့်ကြေငြာစာတွင် မြေယာအသုံးပြုခွင့်ကာလနှင့် ပတ်သက်၍ အမှန်တကယ် လိုအပ်သည့် မြေငှားရမ်းခွင့် (သို့) မြေအသုံးပြုခွင့် ကာလကို စီးပွားရေးလုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်၍ နှစ်၃၀ ငှားရမ်းခွင့် ပြုသည်၊ ငှားရမ်းမှု သက်တမ်း ကုန်ဆုံးပြီး ရင်းနှီးမြှုပ်နှံသူက လုပ်ငန်းဆက်လက် လုပ်ကိုင်လိုပါက ၁၅နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ပြုသည်၊ ယင်းသို့ ငှားရမ်းအသုံးပြုရာတွင် လုပ်ငန်းများမှာ နှစ်ရှည် သီးပင်နှင့် ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးရေးလုပ်ငန်း၊ ရာသီသီးနှံစိုက်ပျိုးရေးလုပ်ငန်း၊ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်း၊ တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းတို့ ပါဝင်သည်၊ အဆိုပါ လုပ်ငန်းများထဲတွင် ရာသီသီးနှံစိုက်ပျိုးရေး လုပ်ငန်းသည် သတ်မှတ်သော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လုပ်ကိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားသည်။

နိုင်ငံခြာငွေကြေးဆိုင်ရာ အမိန့်ကြေငြာစာနှင့် ပတ်သက်၍ စက်တင်ဘာလဆန်းပိုင်းက UMFCCI ၌ ကျင်းပခဲ့သော ဟောပြောပွဲတွင် ယခင်က နိုင်ငံခြားက ငွေလဲနှုန်းသတ်မှတ်မှု တစ်ဒေါ်လာ ခြောက်ကျပ်ကို ပယ်ဖျက်ပြီး လက်ရှိဈေး ကွက်ပေါက်ဈေးအတိုင်း လုပ်ဆောင်နိုင်မည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှုဆိုင်ရာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်တော့ ပြည်တွင်းဒေါ်လာဈေးကျသွားနိုင်တယ်။ ဒါက မြန်မာငွေ တရားဝင် မာလာတဲ့သဘောပေါ့”ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ၎င်း၏အမြင်ကို ပြောကြားသည်။

7Day News

-----------------------------------------------------------------------------------------------------------------------------------

တင်သွင်းလာသည့်ကား ခွင့်ပြု မော်ဒယ်ထက် မြင့်နေပါက ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံရမည်

လိုင်စင်တွင် ဖော်ပြထားသော မော်ဒယ်နံပါတ်နှင့် တင်သွင်းလာသော မော်ဒယ်နံပါတ် ကွဲလွဲနေသည့်အပြင် တင်သွင်းလာသည့် မော်ဒယ်မှာ ခွင့်ပြုထားသော မော်ဒယ်ထက် မြင့်နေပါက ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး အစီအစဉ်မှ ကားတင်သွင်းသောအခါ လိုင်စင်လျှောက်ထားစဉ်က ဖော်ပြထားသော မော်ဒယ်နံပါတ်နှင့် အမှန်တကယ် တင်သွင်းလာသော မော်ဒယ်နံပါတ် မတူညီပါကလည် ခွင့်ပြုထားသော မော်ဒယ်နံပါတ်အတွင်း ဖြစ်နေပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း သွင်းကုန်ဌာနမှ တာဝန်ရှိသူက ပြောကြားသည်။ သို့သော် ထိုကွဲလွဲမှုအတွက် အကောက်ခွန်ဌာနသို့ သတ်မှတ်တန်ကြေး ပေးဆောင်ရမည် ဖြစ်သည်။

ကားတင်သွင်းခွင့် လိုင်စင်များမှာ လိုင်စင်စထုတ်ပေးသည့်ရက်မှ သုံးလသက်တမ်းရှိည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် လိုင်စင်   သက်တမ်းကာလအတွင်း ကားမတင်သွင်းနိုင်ခဲ့ပါကလည်း လိုင်စင်သက်တမ်း ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း သွင်းကုန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံးရှိ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေးအဖွဲ့ ၁၈ ဖွဲ့ထံသို့ အောက်တိုဘာ ၁ရက်အထိ လာရောက်အပ်နှံသော ကားအစီးရေ ၆၀၈၉ စီး ရှိပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ကားဟောင်းအပ်နှံ၍ အစားထိုးကား တင်သွင်းခွင့် လိုင်စင်လျှောက်ထားသူများထဲမှ အောက်တိုဘာ ၃ရက်အထိ ၈၆၀ ကျော်ကို ကားသွင်းခွင့် လိုင်စင်များ ချထားပေးလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သွင်းကုန်ဌာန ညွှန်ကြားရေးမှူး ဦးကိုမင်းက ပြောကြား သည်။

7Day News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NDF ပါတီဦးစီးသည့် စွမ်းဆောင်ရည်မြှင့် သင်တန်း မန္တလေး၌ ပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ မန္တလေးတိုင်းရုံးမှ ဦးဆောင်စီစဉ်သည့် Capacity Developing Training ကို မန္တလေးမြို့တွင် ပြုလုပ် ကျင်းပနေကြောင်း ပွဲစီစဉ်သူ NDFပါတီ၊ မန္တလေးတိုင်းရုံးဥက္ကဋ္ဌ ဒေါက်တာလှစိုးညွှန့်က ပြောကြားသည်။

နိုင်ငံရေးသမားများသည် နိုင်ငံရေးပညာအပြင်စီးပွားရေးနှင့် လူမှုရေးပညာများကိုလည်း တတ်ကျွမ်းနားလည်ထားရန် လိုအပ်ခြင်းကြောင့် ယင်းကဲ့သို့ သင်တန်းများ စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အခုချိန်မှာ အားလုံးက Capacity မြင့်နေဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားသည်။ ယင်းသင်တန်းကို အမှတ် ၄၈၊ လမ်း ၃၀၊ ၇၃×၇၂ ကြားတွင် အောက်တိုဘာ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။

သင်တန်းအမှတ်စဉ်(၁)အနေဖြင့် ရန်ကုန်တွင် ပြုလုပ်ပေးပြီး အမှတ်စဉ်နှစ်အနေဖြင့် မန္တလေးတွင်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း NDF ပါတီမှ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားသည်။

ယခုသင်တန်း၌ သင်တန်းသား ၁၁၀ တက်ရောက်ခွင့်ပြုပြီး လေ့လာချင်သူများနှင့် စိတ်ပါဝင်စားသော ပြည်သူများကိုလည်း တက်ရောက်ခွင့် ပြုထားကြောင်း ဒေါက်တာလှစိုးညွှန့်က ပြောကြားသည်။

အထက်မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစုများကို အဓိကထားပို့ချပေးသော သင်တန်းဖြစ်သည့်အတွက် မန္တလေးအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ NDF ပါတီဝင်များကို ပိုချပေးခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ကယားပြည်နယ်တစ်ခုပဲ ကျန်တော့တယ်။ ကျွန်တော်တို့လက်လှမ်းမမှီသေးလိုပါ။ ဒီသင်တန်းပြီးရင်တော့ အဲဒီကို စည်းရုံးရေးဆင်းမှာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သင်းတန်းကို နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပညာရှင်များကလာရောက်ပို့ချဟောပြောသွားမည်ဖြစ်ပြီး ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးတင်မောင်မောင်သန်း၊ စာရေးဆရာမဂျူး အပါဝင် ပညာရှင် ၁၃ယောက်က ပိုချဟောပြောသွားမည်ဖြစ်သည်။

မန္တလေးတိုင်းရှိ နိုင်ငံရေးပါတီ ၆ခုကို လာရောက်သင်ကြားရန် ဖိတ်ကြားထားသော်လည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုမူ ဖိတ်ကြားထားခြင်း မရှိကြောင်းသိရသည်။ယင်းပွဲကို မန္တလေးတိုင်းရုံး ရန်ပုံငွေအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး လူမှုအဖွဲ့အစည်းများက ပံ့ပိုးကူညီထားကြောင်း သိရသည်။

                                                                                                                  Peace Press

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ချိုးဖောက်ခံရကြောင်းသတင်းရရှိက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်စစ်ဆေးမည်

နိုင်ငံသားများ၏ မူလအခွင့်အရေး ချိုးဖောက်ခံရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းရရှိပါက စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) အရ သိရသည်။

အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ အပိုဒ် ၂ ပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအောက်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ချိုးဖောက်ခံရကြောင်း သတင်းအချက်အလက် ရရှိပါက ယင်းအချက်အလက်များ မှန်ကန်ခြင်း ရှိ၊ မရှိ စုံစမ်း     စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်များကို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်း ပေးခြင်းဟူသည့် အချက်ကို ထည့်သွင်းထားကြောင်း သိရသည်။

၎င်းအပြင် ဤအမိန့်ကြော်ငြာစာအရ ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက် မှုများအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် သို့မဟုတ် ကော်မရှင်က တာဝန်ပေးအပ်ခြင်း ခံရသူများအား ပြစ်မှုကြောင်းအရသော်လည်း ကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်း မရှိစေရဟုလည်း အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ တွင် ဖော်ပြထားပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အခန်း(၈) ဖြင့်  ပြ ဋ္ဌာန်းထားပြီး ပုဒ်မ ၃၄၅ မှ  ၃၉၀ အထိဖြစ်ကြောင်း ပုဒ်မ ၃၄၅ မှ ၃၈၂ အထိ ပုဒ်မစုစုပေါင်း ၃၈ ခုတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထား ကြောင်း ပုဒ်မ ၃၈၃ မှ ပုဒ်မ ၃၉၀ အထိ ပုဒ်မပေါင်း ရှစ်ခု တွင် နိုင်ငံသားများ၏တာဝန်များ ပြဋ္ဌာန်းထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အရ သိရသည်။

နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ အများပြည်သူအေး ချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်   ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရဟု နိုင်ငံသားများ၏ အခွင့်အရေးများထဲတွင် ထည့်သွင်းထားသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃၆ ချက်ကို ယင်းအခန်း၌ ပြဋ္ဌာန်းထားကြောင်း သိရသည်။

Ref: Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးကိစ္စ တရားဝင်စာဖြင့် KNU အကြောင်းပြန်မည်

အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းလာမှုအပေါ် ကရင်အမျိုးသား အစည်းအရုံး KNU က တရားဝင်စာဖြင့် အကြောင်းပြန်ကြားမည်ဟု ပြောကြား လိုက်ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်မှ ပြည်နယ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ စေလွတ်၍ ကမ်းလှမ်းစာ ပေးပို့ခဲ့သည့်အပေါ် သက်ဆိုင်ရာ ခေါင်းဆောင် များ ညှိနှိုင်းဆွေးနွေးပြီးမှသာ အကြောင်းပြန်ကြားနိုင်မည်ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ဘာသာရေးခေါင်းဆောင်များ၊ အငြိမ်းစား တပ်မှူးဟောင်းများနှင့် ကုန်သည်ပွဲစားများ ပါဝင်ပြီး KNU ဘက်မှ တာဝန်ရှိသူ နှစ်ဦးတို့ ထိုင်းမြန်မာနယ်စပ် တစ်နေရာတွင် စက်တင်ဘာလကုန်ပိုင်းက တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အကြောင်းကြားစာတွင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ပြုလုပ်နိုင်ရန် ဖော်ပြထားသော်လည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ပြည်နယ် အစိုးရအဖွဲ့နှင့် ဦးစွာဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားရန် ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရမှ ကြားခံဆွေးနွေးခြင်းထက် ဗဟိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်းနှင့် တိုင်းရင်းသား (၁၂) ဖွဲ့ ပူးပေါင်းပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)  မူအရသာ ဆွေးနွေးနိုင်မည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“အဓိက ကတော့ အရာအားလုံးကို ဗဟိုအစိုးရကနေပြီး ချုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စတွေဆိုတော့ ကျွန်တော်တို့က တဆင့်ပြီးတော့ အဖွဲ့တွေ ခွဲပြီး မဆွေးနွေးချင်ဘူး။ ကျွန်တော်တို့ စုစည်းထားတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောထားတွေနဲ့အညီ ဆွေးနွေးချင်တယ်။ ဆွေးနွေးဖို့လည်း ကြေငြာ ချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကို  လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များဖြစ်သည့် ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/ SSPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီပြည် တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF)၊ စသည့် တပ်ဖွဲ့များအပြင် ဆက်စပ်အဖွဲ့(၆) ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည်။

YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည်ပမှာ ဒီမိုကရေစီခေတ်ပြီးတော့ ဒီမိုကရေစီ မရစေချင်တဲ့သူတွေက ပိုတောင်များနေသေးတယ်။ အစည်းအဝေးတွေမှာဆို သူတို့ ကြွေးကြော်တာက တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ကြတယ်။ တော်လှန်ရေးဆိုတာ အဓွန့်ရှည်လို့မှမရတာ။ အဓွန့်ရှည်တော့ ပိုပြီး ဒုက္ခရောက်မှာပေါ့”

အောက်တိုဘာ ၆ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၉) တွင်ပါသည့် “ပြည်တော်ပြန်တို့ အသံ” သတင်းဆောင်းပါး မှ သီးလေးသီး အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လတ်တလောအကျိုးအမြတ်မရနိုင်ဆိုပေမယ့် ရင်းနှီးမြုပ်နှံမှုကာလပဲလေ။ ဘဏ်ခွဲတွေဖွင့်တယ်။ သင်တန်းတွေ ပေးတယ်။ နောက်ဘဏ်တည်ငြိမ်ဖို့ ငြိမ်အောင် ထိန်းထားတယ်။ ခိုင်မာတဲ့ ချေးငွေကိုပဲပေးတယ်။ ကိုက်အောင်ဆိုပြီး တအားထုတ်ချေးလို့ မရဘူး။ သူများက ကိုယ့်ကိုယုံလို့ လာအပ်ထားတာ။ အဲဒီယုံကြည်မှုကို ကိုယ်လေးစားရမယ်။ အဓိကက Trust ကိုတည်ဆောက်ဆဲဖြစ်တဲ့အတွက် ဘယ်အဆင့်ထိ သွားမလဲဆိုတာပဲ စဉ်းစားတယ်။ လတ်တလောကာလမှာ သေးသေးလေးပဲ ရှိသေးတယ်။

နိုင်ငံတကာနဲ့ယှဉ်ရင် ဘယ် Level ကိုမှ မရောက်သေးဘူး။ အကျိုးစီးပွားတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး စီးပွားရေးကို ဘဏ်လုပ်ငန်းနဲ့ ပံ့ပိုးနိုင်လို့ရှိရင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရင် ကျွန်တော်တို့ လူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်လာမယ်။ အဲဒီအထိ ရည်ရွယ်ထားတယ်”

အောက်တိုဘာ ၃ ထုတ် Favourite News အမှတ် ၃/၁၈၈ သတင်းမှ ဧရာဝတီဘဏ်လုပ်ငန်းရှင် ဦးဇော်ဇော်နှင့် အင်တာဗျူး ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“စီးပွားရေးပိတ်ဆို့မှုတွေဆိုတာ စီးပွားရေးပိတ်ဆို့တဲ့ နိုင်ငံတွေ ဘာကြောင့်သူတို့ ပိတ်ဆို့ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ သူတို့ရဲ့ အကြောင်းပြချက်တွေမှာ သူတို့က ဘယ်လိုကြောင့် လုပ်တာလဲဆိုတာ ပြောပြထားပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေရယ်လို့ သက်သက်လုပ်တာ မဟုတ်ပါ ဘူး။ ပိတ်ဆို့မှုတွေမှာ အရေးယူတာလည်းပါတယ်။

အဲဒီအထဲမှာ စီးပွားရေးကိစ္စတွေလည်းပါတယ်။ စီးပွားရေးမဟုတ်တဲ့ ကိစ္စတွေလည်းပါတယ်။ နိုင်ငံရေးအရပေါ့။ ဥပမာဆိုလို့ရှိရင် တချို့ပုဂ္ဂိုလ်တွေကို ခရီး သွားလာခွင့်ပိတ်ပင်ထားတာတို့၊ ဒါကစီးပွားရေးမှမဟုတ်ဘဲ။ နိုင်ငံရေးအရလုပ်တာ။ ပိတ်ဆို့မှုအသီးသီးကို ဘာဖြစ်လို့ သူတို့လုပ်တယ်ဆိုတာ သူတို့ ရှင်းရှင်း လင်းလင်း ပြောထားတာ ရှိပါတယ်။

အဲဒါတွေ ရုပ်သိမ်းဖို့ဆိုတာက သူတို့ရဲ့ပိတ်ဆို့မှုတွေ စတင်လုပ်ဆောင်ရတဲ့ အကြောင်းအချက်တွေကို ကြည့် ပြီးတော့ ရှင်းရမှာ ဖြစ်ပါတယ်”

အောက်တိုဘာ ၆ ထုတ် NEWSWEEK အတွဲ (၂) အမှတ် (၉၈) တွင်ပါသည့် “ပြည်ပနိုင်ငံအချို့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ် သက်၍ သူတို့၏အမြင်များ” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဘဏ်တွေအပေါ်မှာ ယုံကြည်မှုပိုလာစေဖို့နဲ့ ဘဏ်တွေရဲ့ Image ပိုကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။ ဘဏ်တွေ ပြိုကျမှုတွေ မဖြစ်အောင်အပြင် ဟိုအရင်က ငွေစုချေးအသင်းတွေဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ ဆုံးရှုံးမှုမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဒီအာမခံချက်အမျိုးအစားက သူတစ်ပါးထိခိုက်မှု အာမခံ အမျိုးအစားလိုပါပဲ။ ကားပိုင်ရှင်တွေ အာမခံထားရပေမယ့် အကျိုးခံစားခွင့်ရှိသူက ကားနဲ့ထိခိုက်မိသူတွေပါ။ အခုလည်း အာမခံထားရမယ့်သူတွေက ဘဏ်တွေပါ။ ခံစားခွင့်ရှိမှာက ငွေအပ်နှံသူတွေပါ။ ငွေအပ်နှံသူတွေယုံကြည်စွာနဲ့ ဆောင်ရွက်နိုင်အောင် ပါ”

အောက်တိုဘာ ၅ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၁) ထုတ် “အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဘဏ်များအားလုံး အပ်ငွေအာမခံ စတင်ထားရှိမည် ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အပ်ငွေများကို အကာအကွယ်ပေးသွားမည်ဟု သိရ” သတင်းမှ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာဒေါက်တာ မောင်မောင်သိမ်း ၏ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အဆောက်အအုံပိုင်းဆိုင်ရာပြောင်းလဲမှုများ

အဆောက်အအုံဟူသည် စကားရပ်မှာ ယခုအခါတွင် မြန်မာစာပေလောက၌ အတွေ့ရများလာသော စကားလုံး တစ်လုံးဖြစ်ပါသည်။ လူမှုရေး အဆောက်အအုံ (Social structure)၊ စီးပွားရေး အဆောက်အအုံ (economic structure) နှင့် နိုင်ငံရေးအဆောက်အအုံ (Political structure) အစရှိ သဖြင့် တင်ပြရေးသားလာသည်ကို တွေ့မြင်ရလေသည်။ စာရေးသူ စတင်နားလည်သိရှိသည့် အဆောက်အအုံ သဘောတရားမှာ  နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်၏ သီအိုရီတစ်ခုဖြစ်သော မာ့စ်ဝါဒချဉ်းကပ်ပုံ (Marxism approach) မှ ဖြစ်ပါသည်။  ယင်းချဉ်းကပ်ချက်အရ စီးပွားရေးမှာ အခြေခံ အဆောက်အအုံဖြစ်ပြီး နိုင်ငံရေးနှင့်ယဉ်ကျေးမှုမှာ အပေါ်ထပ် အဆောက်အအုံ ဖြစ်လေသည်။ အခြေခံအဆောက်အအုံ ဖြစ်သော စီးပွားရေး ပြဋ္ဌာန်းချက် အပြောင်းအလဲများသည် နိုင်ငံရေးနှင့် ယဉ်ကျေးမှုအပေါ် ဆက်စပ်သက်ရောက်မှု ရှိနေသည်ဆိုသော အခြေခံ သဘောတရား တစ်ခု ဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။

လူမှုအဆောက်အအုံမှာ လူ့အဖွဲ့အစည်းအတွင်း လူမှုရေးတည်ဆောက်ချက်အရ ဖြစ်တည်နေခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။ လူ့အဖွဲ့ အစည်းအတွင်းတွင် လူအများ၏ စုပေါင်းဆုံးဖြတ်ချက်ဖြင့် (Collective decision) သမိုင်းခေတ်တစ်ခုကို ဖြစ်သန်း၍လာသောအခါ အားကောင်းသည့် ယဉ်ကျေးမှုနှုန်းစံ တန်ဖိုးများ ဖြစ်ပေါ်လာပြီး အဆောက်အအုံတစ်ခုအဖြစ် ခိုင်ခိုင်ခန့်ခန့် ဖြစ်ထွန်းလာတော့သည်။ ထိုဖြစ်ထွန်းလာသော လူမှုအဆောက် အအုံများသည် လူတစ်ဦးချင်းအပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိလာတော့သည်။ အဘယ်မျှပင် အကျိုးသက်ရောက်မှု ရှိသနည်းဟု ဆိုလျှင် လူမှု အဆောက်အအုံက သတ်မှတ်ထားသည့်ဘောင်ထက် ကျော်လွန်ခဲ့ပါက စံသွေဖယ်သူတစ်ဦးအဖြစ် ရှုမြင်ခြင်းခံရသည်အထိပင် ဖြစ်လေသည်။ ဥပမာ အားဖြင့် ဖော်ပြရလျှင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုမျိုးဖြစ်လေသည်။ လူမှုရေး တည်ဆောက်ချက်အရ အမျိုးသမီးများမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ထိပ်ပိုင်းရာထူးကြီးများကို မပေးအပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ လွတ်လပ်မှု နည်းပါးခြင်း အစရှိသည်တို့ကြောင့် ယောင်္ကျားများနည်းတူ အခွင့်အရေး မရရှိခဲ့ပါချေ။ ဤသို့နှင့် အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားတက်ကြွသူများမှာ လှုမှုလှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခဲ့ပြီး ထိုမညီမျှသည့် အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ ထိုလှုပ်ရှားမှုများကြောင့် လူမှုအဆောက်အအုံမှ အမျိုးသမီးများအပေါ် ထားရှိသည့် နှုန်းစံ တန်ဖိုးများမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။

နိုင်ငံရေးအဆောက်အအုံဆိုသည်မှာလည်း လူ့အဖွဲ့အစည်းအတွင်း တည်ဆောက်ထားသည့် ပါဝါ ဆက်သွယ်ချက်များ၏ အလုပ်လုပ်ပုံကို ဆိုလိုခြင်း ဖြစ်လေသည်။ ဤသည်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီသည်တော့မဟုတ်။ အချို့သော နိုင်ငံများ၏ နိုင်ငံရေးအဆောက်အအုံမှာ ဒီမိုကရက်တစ် ဆန်၍ အချို့သောနိုင်ငံများမှာတော့ အော်တိုကရက်တစ် ဆန်လေသည်။ တချို့မှာမူ အော်တိုကရက်တစ်မှ ဒီမိုကရက်တစ်သို့ အသွင်ကူးပြောင်းဆဲပင် ဖြစ်လေသည်။ ယင်းကို ဒီမိုကရက်တိုက်ဇေးရှင်းဟု ခေါ်ဝေါ်သုံးနှုန်းကြသည်များလည်း ရှိပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက်က နိုင်ငံရေးအာဏာကို တပ်မတော်မှ အဓိကယူထားပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများမှာ အာဏာရှင်စနစ် ဆန့်ကျင်သည့် အတိုက်အခံ နိုင်ငံရေးအင်အားစုအဖြစ် ရပ်တည်နေခြင်းမျိုးမှာ ပင်မရေစီးကြောင်း နိုင်ငံရေးအဆောက်အအုံ ဖြစ်ခဲ့သည်။ ဒီမိုကရေစီအစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအင်စတီကျူးရှင်းများပြောင်းလဲလာခြင်း၊ နိုင်ငံရေး ပါတီများ ပေါ်ပေါက်လာခြင်းတို့နှင့်အတူ ပင်မရေစီးကြောင်းနိုင်ငံရေးမှာ ပြောင်းလဲသွားခဲ့လေပြီ။

ဤသို့ နိုင်ငံရေးအဆောက်အအုံများ ပြောင်းလဲပြီးနောက်ပိုင်း အစိုးရသစ်မှ စတင်ပြုလုပ်ခဲ့သည့် အရာမှာကား စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည်။ ယင်းကို အကောင်အထည်ဖော်ရန် ဆင်းရဲမွဲတေမှု လျော့ချရေးဖိုရမ်နှင့် စီးပွားရေး ဖိုရမ်တို့ကို ကျင်းပ၍ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းများကို ဖတ်ကြားစေခဲ့ခြင်းမျိုးကို ပြုလုပ်ခဲ့လေသည်။ ယင်းဆွေးနွေးပွဲ ရလဒ်ကို အကောင်အထည်ဖော်သည့်အခါ ယခင် စီးပွားရေး အဆောက်အအုံမျိုးနှင့်တော့ အကောင်အထည်ဖော်၍ ရတော့မည်မဟုတ်။ သို့နှင့် စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံးကို ပံ့ပိုးပုံဖော်နေသော ဗဟိုဘဏ်၊ ကုန်သွယ်ရေး အစရှိသည့် အစိုးရပိုင်းမှ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ ဆက်ဆံရေးစသည့် စီးပွားရေးလုပ်ငန်းယဉ်ကျေးမှုကို၊ ရွေးချယ်လိုက်သည့် စီးပွားရေးစနစ်နှင့်အညီ ကြိုတင်ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်လေသည်။ သို့သော် အပြောင်းအလဲတစ်ခုတွင် အပြောင်းအလဲကို ထောက်ခံသူ များသာမက၊ အခုအခံများလည်း ရှိမည်သာဖြစ်ပါသည်။ အရေးကြီးသည့်တစ်ချက်မှာကား စီးပွားရေးနှင့် နိုင်ငံရေး    အင်စတီကျူးရှင်းများ တစုံတရာ အတိုင်းအတာအထိ ခိုင်မာမှုမရှိသေးဘဲ (မူဝါဒအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာနိုင်သော လူမှုရေး မတည်ငြိမ်မှုများကို အင်စတီကျူးရှင်း ဘောင်ထဲတွင်သာ အေးအေးညောင့်ညောင့် ဖြေရှင်းနိုင်ခြင်းမျိုး) အပြောင်းအလဲများကို လိုအပ်သည်ထက် မြန်မြန်ဆန်ဆန်ကြီး မပြုလုပ်ဖို့ ပင် ဖြစ်လေသည်။

အဆောက်အအုံပိုင်းဆိုင်ရာ အပြောင်းအလဲများကို မှန်ကန်မှုရှိစွာ ပြုလုပ်လာနိုင်ပါက လူမှုလူတန်းစားနှင့် လူမှုရေး အဆောက်အအုံသည်လည်း ပိုမိုပွင့်လင်း၊ ဘောင်ကျယ်လာမည် ဖြစ်လေသည်။ လွတ်လပ်ပွင့်လင်းမှုရှိသော အရပ်ဖက်လူ့အဖွဲ့အစည်းအားကောင်းသည့် လူမှုအဆောက်အအုံမျိုး ပေါ်ထွက်လာသည့်အခါ နိုင်ငံရေး အဆောက်အအုံနှင့် စီးပွားရေးအဆောက်အအုံ အပြောင်းအလဲများကို ယခင်ကထက် ပိုမိုထိရောက်အောင် အားဖြည့် တွန်းပေးသွား မည်ဖြစ်ပါကြောင်း……….။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs