Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများ ခင်ဗျာ...

   သတင်းလွှာအမှတ် ၃၀ ကို ပေးပို့လိုက်ပါတယ်။ ယခုတပတ်မှာလည်း မှတ်သားဖို့ သိမ်းထားဖို့ လိုအပ်မယ့် သတင်းကောင်းများနဲ့ စဉ်းစားတွေးခေါ်စရာ စီးပွားရေး၊ နိုင်ငံရေး သုံးသပ်ဆောင်းပါးများကို ထည့်သွင်းဖော်ပြထားပါတယ်။ တပတ်ထက်တပတ် စာဖတ်သူများ ဖတ်ရကြိုးနပ်အောင်၊ ပိုမိုထူးခြားအောင် ကြိုးစားနေပါတယ်။



လေးစားလျှက်..

သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၇.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လျှပ်စစ်ဓာတ်အား ပုံမှန် ဖြန့်ဖြူးမည်
  2. ကျောက်ဖြူ- မူဆယ် ရထားလမ်းပိုင်း ယခုနှစ်ကုန်ပိုင်း စတင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အတိုက်ခံပါတီများနှင့် ပြည်ခိုင်ဖြိုးပါတီ လက်တွဲဆောင်ရွက်မှု မရှိသေး
  2. တနင်္သာရီဝန်ကြီးချုပ် လာဘ်စားမှု သမ္မတ သတိပေးပြီ
  3. ဆရာဝန်နှင့် ရှေ့နေလိုင်စင်များ ရုပ်သိမ်းထားမှုကို ပြန်လည်စိစစ်ပြီး တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဦးသိန်းစိန်နှင့် မစ္စတာ အိုဘားမားတွေ့ဆုံခြင်း( အပိုင်း-၁)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

လျှပ်စစ်ဓာတ်အား ပုံမှန် ဖြန့်ဖြူးမည်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ထားသော်လည်း နိုင်ငံအတွင်း လျှပ်စစ်မီးပေးဝေမှုအား ပုံမှန်အတိုင်း ဆက်လက်ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ သိရှိရသည်။

“ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ်မီးရရှိမယ်ဆိုပေမယ့် နှစ်ကြာကြာပြုလုပ်ရမယ့် ပရောဂျက်ဖြစ်တာကြောင့် စီမံကိန်း ရပ်တန့်လိုက်တာနဲ့ လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအပိုင်းမှာ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စီမံကိန်းများမှာ ပေါင်းလောင်း၊ ဘီလူးချောင်း အမှတ်(၁) နှင့် အမှတ်(၂)၊ ရဲရွာ၊ ရွှေလီ၊ မုန်းချောင်း၊ ကင်းတား၊ သဖန်းဆိပ်၊ ခပေါင်း၊ ဆည်တော်ကြီး၊ ရဲနွယ်၊ ဒေါင်းလူ၊ ဇော်ဂျီ(၁)နှင့် ဇော်ဂျီ(၂)၊ ကျိုင်းတောင်နှင့်  ရွှေကျင်တို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေပြီး တစ်နိုင်ငံလုံးကို အများဆုံး ၁၄၂၀ မဂ္ဂါဝပ်၊ အနည်း ဆုံး ၇၆၀ မဂ္ဂါဝပ်၊ ပျမ်းမျှအနေဖြင့် ၁၂၅၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနေကြောင်း သိရှိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ကျောက်ဖြူ- မူဆယ် ရထားလမ်းပိုင်း ယခုနှစ်ကုန်ပိုင်း စတင်မည်

ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းဖြစ်သော ကျောက်ဖြူ- မူဆယ် ရထားလမ်းပိုင်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ကျောက်ဖြူ- မူဆယ် ရထားလမ်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး၊ကျောက် ဖြူ- မူဆယ် ရထားလမ်းပိုင်း အရှည်မှာ မိုင် ၅၀၀ ရှည်လျားမည်ဖြစ်သည်။ ရထားလမ်း စီမံကိန်းအား တရုတ်နိုင်ငံမှ BOT စနစ်ဖြင့် ဖောက်လုပ်မည်ဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံမှ မြေတိုင်းတာရေးအဖွဲ့ သုံးဖွဲ့ဖြင့် လားရှိုးနှင့် မန္တလေးအကြား၊ မန္တလေးနှင့် မင်းဘူးအကြား၊ မင်းဘူးနှင့် ကျောက်ဖြူအကြားတို့တွင် တိုင်းတာမှုများ ပြုလုပ်လျက် ရှိသည်။

စီမံကိန်းသည် ၅ နှစ် စီမံကိန်းဖြစ်၍ မြေတိုင်းတာမှုလုပ်ငန်းမှာ ၃ နှစ်အချိန်ယူ၍ လုပ်ဆောင်ရမည် ဖြစ်ပြီး၊ လမ်းဖောက်လုပ်မှုအား ၂ နှစ်ဖြင့် အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရထားလမ်းကြောင်းအနေဖြင့် ကျောက်ဖြူ- အမ်း- မင်းဘူး- မကွေး- မန္တလေး- လားရှိုး- မူဆယ်မြို့များသို့ ဖြတ်သန်း ဖောက်လုပ် သွားမည်ဖြစ်သည်။ မူဆယ်မှတဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဖောက်လုပ်မည်ဖြစ်သည်။

ယခုဖောက်လုပ်မည့် ရထားလမ်းကြောင်းသည် ကျောက်ဖြူတွင် ဆောက်လုပ်မည့် ရေနက်ဆိပ်ကမ်းမှတဆင့် နိုင်ငံတကာနှင့် ချိတ်ဆက် ကုန်သွယ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာတို့အကြား ကုန်စည်များစီးဆင်းရာ အဓိက     လမ်းမကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။

Ref : NEWS WATCH

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အတိုက်ခံပါတီများနှင့် ပြည်ခိုင်ဖြိုးပါတီ လက်တွဲဆောင်ရွက်မှု မရှိသေး

အစိုးရပါတီတစ်ခုလည်းဖြစ် အာဏာရပါတီတစ်ခုလည်းဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်ခံပါတီများအားလုံးသည် အပြန်အလှန် ယုံကြည်မှုမရှိသည့် အပြင် ပူးပေါင်းလုပ်ဆောင်မှုများမရှိကြသေးကြောင်း အတိုက်ခံပါတီများမှ တာဝန်ရှိသူများကပြောသည်။

“ထိပ်တိုက်တွေ့ရင်တော့ နှုတ်ဆက်လိုက်ပါတယ်။ ရန်တော့မဖြစ်ပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်ဆံရေးအနေအထားကို ပြောသည်။

အတိုက်ခံပါတီများအချင်းချင်းသည် နိုင်ငံရေးအမှတ်တရနေ့များ၊ နိုင်ငံရေးနှင့်ဆိုင်သော သင်တန်းများ၊ ဟောပြောပွဲကို ပူးပေါင်းဆောင်ရွက် နေသော်လည်း ပြည်ခိုင်ဖြိုးပါတီကိုမှု အသိမှတ်ပြုဖိတ်ကြားခြင်းမျိုး မရှိကြောင်းသိရသည်။

“အတိုက်ခံပါတီတွေက ကြံ့ဖွံ့ပါတီနဲ့သွားပေါင်းမယ့် နေနေသာသာ သူတို့အချင်းတောင် တောင်သိပ်ညီကြတာ မဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပါတီမှာဆိုလည်း ပါတီဝင်တွေတော့ မသိဘူး၊ လွှတ်တော်ထဲမှာတော့ ကိုယ်တင်တဲ့အဆို ထောက်ခံမဲရဖို့ကို လိုက်စည်းရုံး နေရတယ်လို့ လွှတ်တော်အမတ် တစ်ယောက်က ပြောဖူးတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အတိုက်ခံပါတီများနှင့် အာဏာရပါတီသည် ပူးပေါင်းဆောင်ရွက်မှု မရှိသော်လည်း တတိယအင်အားစုများနှင့်မူ ပါတီအားလုံးက ပူးပေါင်းဆောင်ရွက်ကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် တတိယ အင်အားစုများ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာကြောင်း ၎င်းကပြောသည်။

“တတိယအင်အားစုကို ကြားအင်အားစုလို့လဲ အဓိပ္ပါယ် ဖွင့်ကြည့်မယ်.... အစွန်းဘက်ကိုရောက်နေတဲ့ အင်အားစု နှစ်ခုက ရှိနေတယ်။ မြန်မာနိုင်ငံက ကြားအင်အားစုဟာ ရပ်တည်ရခက်ခဲတဲ့ အနေအထား၊ သတိကြီးကြီးထားရတဲ့ အနေအထားမှာ၊ အတိမ်းအစောင်း မခံတဲ့ အနေအထားမှာရှိနေသေးတယ် ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုရဲ့ အသိရေချိန်ကြောင့် အချိန်မရွေး တရားခံဘဝကို ရောက်သွားနိုင်တယ်။ ကြားအင်အားစု ဆိုတာက ထင်သာမြင်သာ ကြားအင်အားစု လို့ တံဆိပ်တပ် ခံရတဲ့ ကြားအင်အားစုရော၊ ထင်သာမြင်သာ မရှိတဲ့ ကြားအင်အားစုရော ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်တယ် နိုင်ငံရေးပါတီ တစ်ခုလဲ ဖြစ်နိုင်သလို၊ အိမ်ရှင်မ တစ်ယောက်လဲ ဖြစ်နိုင်တယ်။ ကျောင်းသား တစ်ယောက် ဖြစ်နိုင်သလို ဆိုက္ကားသမား၊ တက္ကစီ သမားတစ်ယောက်လဲဖြစ်နိုင်တယ်။ အစိုးရဝန်ထမ်းဖြစ်နိုင်သလို၊ ကုမ္ပဏီဝန်ထမ်း၊ NGO ဝန်ထမ်းလဲ ဖြစ်နိုင်တယ်။ တကယ်တမ်းက သူတို့ ရဲ့ အတွေးအခေါ်နဲ့ အမြင်တွေက အပြုသဘောဆောင်တဲ့၊ ဟိုဘက်ဒီဘက်မျှတွေးတတ်တဲ့၊ အမှန်ကို လက်ခံနိုင်မြင်နိုင်တဲ့၊ လက်တွေ့ကျတဲ့ အမြင်မျိုးဘယ်လောက်မြင်နိုင်သလဲ ဆိုတဲ့အပေါ်မူတည်နေလို့ပဲ။ ကြားအင်အားစုကို အဖွဲ့တစ်ခုခုက မောင်ပိုင်စီးလို့မရဘူး။ ကြားအင်အားစု ဆိုတာကို ရှေ့မှာပြောခဲ့သလို အမျိုးမျိုးသောပြည်သူလူထုက ကြားအင်အားစု ဖြစ်လေလေ နိုင်ငံရဲ့လားရာက ကောင်းလေလေပဲ။” ဟု နိုင်ငံရေး ပညာရှင်တစ်ဦးက တတိယအင်အားစု၏ အဓိပ္ပာယ်ကို ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏NLD ပါတီသည် သမ္မတသိန်းစိန်နှင့် တူညီသည့်နေရာများတွင်ပူးပေါင်းသွားမည် ဖြစ်ပြီး မတူညီသည့် နေရာများတွင် ဆက်လက်ဆွေးနွေးကာပူးပေါင်းသွားမည်ဖြစ်ကြောင်း NLD ပါတီဥက္ကဌ ဦးတင်ဦးက ပြောကြားသည်။                                                                                            

Peace Press

 

--------------------------------------------------------------------------------------------------------------------------------

တနင်္သာရီဝန်ကြီးချုပ် လာဘ်စားမှု သမ္မတ သတိပေးပြီ

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့်အဖွဲ့သည် အဂတိလိုက်စားမှု ကိစ္စများနှင့်ပတ်သက်ပြီး  သမ္မတဦးသိန်းစိန်က ပြင်းထန်စွာ သတိပေး လိုက်ကြောင်း သိရသည်။

ဒေသခံ ပြည်သူများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းပြီး ပြည်ခိုင်ဖြိုးပါတီ(ဗဟို) သို့ တိုင်ကြားခြင်းကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်ကြောင်း ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

တိုင်းဝန်ကြီးချုပ်သည် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအသုံးပြုကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းကြောင့် ယင်းသို့ တိုင်ကြားခံရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ဦးခင်ဇော်သည် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့် ကန့်သတ်ထားကာ ၎င်းနှင့်နီးစပ်သည့်  စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့် အများအပြားပေးခဲ့ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်းသို့ ဆန်တင်သွင်းခွင့်ကို ဦးခင်ဇော်က အောင်မြင်သူကုမ္ပဏီသို့ တစ်ဦးတည်းလုပ်ပိုင်ခွင့် ပေးခဲ့သည်ဟူသော သက်ဆိုင်ရာသို့ တိုင်ကြားမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင်  ထားဝယ်မြို့ရှိ အစိုးရဧည့်ဂေဟာအား ဟိုတယ်ဆောက်လုပ်ရန်အတွက် ကြယ်နီလာကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားမှုနှင့် ထားဝယ်မြို့ရှိ အမှတ်(၂)အထက်တန်းကျောင်း အတွင်းကျောင်းပိုင် ဘောလုံးကွင်းကို သိမ်းယူကာ ဟိုတယ်ဆောက်ရန် စီစဉ်မှုများကိုလည်း ဒေသခံများက ကန့်ကွက်ကြ ကြောင်း သိရသည်။

ဦးခင်ဇော်သည်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖြိုးရေးပါတီ ကိုယ်စားပြု၍ မြိတ်ဒေသ မဲဆန္ဒနယ်မှ ရွေးချယ်ခြင်း ခံရပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်မှ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

                                                                                                 Peace Press

--------------------------------------------------------------------------------------------------------------------------------

ဆရာဝန်နှင့် ရှေ့နေလိုင်စင်များ ရုပ်သိမ်းထားမှု တည်ဆဲဥပဒေနှင့်အညီ  ပြန်လည်စိစစ်ဆောင်ရွက်လျက်ရှိ

ဆေးကုသခွင့် လိုင်စင်နှင့် ရှေ့နေလိုင်စင်များ ရုပ်သိမ်းထားမှုကို ပြန်လည်စိစစ်ပြီး မူလအလုပ်အကိုင်များ ဆက်လက် ဆောင်ရွက်ခွင့်ပြုခြင်း နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၂၉ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဒေါက်တာထွန်းရှင်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး မေးမြန်းခဲ့သည့် မေးခွန်းနှင့်စပ်လျဉ်းပြီး ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး မေးမြန်းခဲ့သည့်မေးခွန်းမှာ ပြီးခဲ့သည့် နှစ် ၂၀ ကာလအတွင်း ဆရာဝန်အချို့နှင့် ရှေ့နေအချို့မှာ ဆေးကုသခွင့်လိုင်စင်နှင့် ရှေ့နေလိုင်စင်များ ရုပ်သိမ်းခံရခြင်း၊ သိမ်းဆည်းခံရခြင်းများ ရှိခဲ့ကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စု အစိုးရသစ်လက်ထက် နိုင်ငံ့တာဝန်ကို တစ်တပ်တစ်အားထမ်းရွက်မည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊  ထို့ကြောင့် ထိုသူများ၏ အသက်မွေး ၀မ်းကျောင်း ပညာရပ်များကို အလဟဿမဖြစ်စေရန်အတွက် လိုင်စင်ရုပ်သိမ်းထားမှုကို ပြန်လည်စိစစ်ပြီး  မူလအလုပ်အကိုင်များ ဆက်လက် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ အစရှိသဖြင့် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုမေးခွန်းကို ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ပြန်လည်ဖြေကြားခဲ့ရာတွင် ဆရာဝန် မှတ်ပုံတင် (ဆမ)၊ သွားနှင့်ခံတွင်း ဆိုင်ရာ ဆရာဝန်မှတ်ပုံတင်(သခ) ပိတ်သိမ်းခံထားရသော ဆရာဝန်များအား သတ်မှတ်ပြစ်ဒဏ် ကာလပြီးမြောက်ပါက သက်ဆိုင်ရာ ဆရာဝန်မှတ်ပုံတင်ကို ပြန်လည်ထုတ်ပေးကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီမှ ဆရာဝန်များ၏ ဆေးကုသခွင့်လိုင် စင်ကိစ္စများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း အစရှိသဖြင့် ထည့်သွင်းဖြေကြားခဲ့သည်။

ရှေ့နေလိုင်စင်များနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေများကို အရေးယူဆောင်ရွက်ရာ၌  တရားလွှတ်တော်ရှေ့နေများ ကောင်စီ Bar Council မှ ကိစ္စရပ်တစ်ခုချင်းစီ အလိုက်သေချာစွာ လေ့လာစိစစ်ပြီး ဆောင်ရွက်နေ ကြောင်း၊ ပြစ်ဒဏ်နှင့် ပတ်သက်၍ အသနားခံစာ တင်သွင်းပါ ကလည်း Bar Council  မှ အသေးစိတ် ပြန်လည်စဉ်းစားပြီး တရားမျှတမှု၊ သာတူညီမျှမှုနှင့် လိပ်ပြာသန့်မှုဟု ခေါ်Justice, Equity,   Conscience  တို့အရ သင့်မြတ်သော သဘောထားချမှတ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြန်လည်ပေးပို့ကြောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ Bar Council ၏ သဘောထားနှင့်အညီ ပြန်လည်စဉ်းစား ဆုံးဖြတ်ကြောင်း၊ အထက်တန်း ရှေ့နေများနှင့် ပတ်သက်၍လည်း ထိုကဲ့သို့ပင် ဆောင်ရွက်ကြောင်း အစရှိသဖြင့် ဒေါက်တာထွန်းရှင်က ပြန်လည် ဖြေကြားခဲ့သည်။

Ref : Bi Weekly Eleven

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “မြေယာကိစ္စနဲ့ ပတ်သက်လို့ ဥပဒေတစ်ခုလုံးသဘောအရ ရှေ့နောက်ညီအောင် အဆိုပြုချက်တင်တာပါ” လို့ ပြောပါတယ်။ ရှမ်းပြည်နယ် သီပေါမြို့နယ်မှ ကိုယ်စားလှယ် ဦးရဲထွန်းက လယ်ယာမြေ ရောင်းချခွင့်ဆိုတဲ့ အသုံးအနှုန်းကို ရဲရဲတင်းတင်း ဖော်ပြပေးဖို့နဲ့ ပတ်သက်ပြီး “လယ်ယာမြေကို ရောင်းချတာလို့ တရားဝင် သုံးစေချင်တယ်။ လယ်ယာမြေကို နိုင်ငံတော်က ပိုင်တယ်ဆိုတာ လုံလောက်ပါတယ်၊ ဒါပေမဲ့ ရောင်းချခွင့်လို့ ရဲရဲတင်းတင်း ဖော်ပြစေချင်တယ်၊ မဖော်ပြရင် လယ်ယာမြေ အလွှဲအပြောင်း လုပ်တဲ့အခါ၊ အရောင်းအဝယ်လုပ်တဲ့အခါ နိုင်ငံတော်က ရမယ့် ရောင်းခွန်ဝယ်ခွန်တွေကို နိုင်ငံတော်က မရနိုင် တော့ဘူးလေ၊ ဒါကို တင်ပြတာ လက်မခံခဲ့ဘူး”

အောက်တိုဘာ ၆ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၃) တွင်ပါသည့် “၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေ မူကြမ်း ကိုယ်စားလှယ် တစ်ဦးရဲ့ ပြင်ဆင်ချက်နဲ့ အတည်ပြု” သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“လမ်းဘေးမှာလုပ်နေတဲ့ ပွဲစားတချို့ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။ စနစ်တစ်ခုပြောင်းတိုင်း အခက်အခဲကြုံရမှာပဲ။ ကျွန်တော်တို့က grey economy (တရားဝင် မပြုလုပ်ရသေးသည့် စီးပွားရေး) ကနေ official economy (တရားဝင် စီးပွားရေး) ကို ရွေ့နေတာ။ ဒီ grey sector ဘယ်လောက် ကြီးထွားနေလဲ ဘယ်သူမှ မသိနိုင်ဘူး”

အောက်တိုဘာ ၇ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၇) အမှတ် (၅၃၈) “ငွေလဲစနစ်ကြောင့် ‘ဟွန်ဒီ’ ပပျောက်သွားနိုင်ဟု သုံးသပ်”သတင်းမှ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“လိုင်စင်ခွင့်ပြုတဲ့အခါ ရက်ကို တိတိကျကျကြေညာပြီး ဥပမာ ၁၉၉၀ မော်ဒယ်အထက် ကားတွေလောက်ပဲ လိုင်စင်ခွင့်ပြု သင့်ပါတယ်။ ဒဏ်တပ် ဒဏ်ရိုက်တဲ့အခါ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေနဲ့ ဒဏ်တပ်ရိုက်ပြီး Account နဲ့ ပေးသွင်းစေသင့်တယ်။ အဓိကကတော့ မူဝါဒတစ်ခုနဲ့လုပ်ဖို့ပါ။ အကောက်ခွန်က လက်ရှိအပိုတွေကို ဒဏ်တပ်ရိုက်သလို ကုန်းပေါ်ရောက်တန်ဖိုး CIF ဈေးပေါ်မှာ တပ်ရိုက်ပစ်ရမယ်။ အခုနိုင်ငံက ဘာအခွန်မှမရဘဲ စီးနေ ကြတဲ့အတွက် နစ်နာပါတယ်”

စက်တင်ဘာ ၇ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၇) တွင်ပါသည့် “လိုက်စင်မဲ့ကားများအား ဒဏ်ကြေးဖြင့် လိုင်စင်ခွင့်ပြု ပေးမည့် အစီအစဉ်မရှိသေးဟု သက်ဆိုင်ရာတာဝန်ရှိသူများပြောကြား လိုင်စင်မဲ့ကားများအတွက် သင့်တော်သည့် အစီအစဉ်ဖြင့် အရေးယူ လုပ်ဆောင်ရန်လို” သတင်းမှ လုပ်ငန်းရှင်တစ်ဦး၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“တကယ်တမ်းအစိုးရလုပ်ငန်းအချို့ပုဂ္ဂလိကပိုင်ဖြစ်လာခဲ့ပြီးပြီ၊ အခုထိပြည်သူတွေရဲ့ အကျိုးစီးပွားကို သိသိသာသာ မမြင်ရဘူး။ အစိုးရလုပ်ငန်းကနေ ပုဂ္ဂလိကပိုင်ဖြစ်သွားတဲ့ လုပ်ငန်းတွေက ပြည်သူတွေကို ပိုပြီးသက် သောင့်သက်သာဖြစ်တဲ့ ဝန်ဆောင်မှုပေးဖို့ လိုအပ်ပါတယ်။ နောက်လွှဲမယ့် ကိစ္စတွေမှာ အများပြည်သူပိုင်အဖြစ်လွှဲရင် လုပ်ငန်းတွေ ပိုပြီးတိုးတက်လာဖို့ မြင်တယ်”လို့ PS Business School မှ ဦးမျိုးမင်းက ပြောပါတယ်။

ပုဂ္ဂလိကပေးလိုက်လို့ ရလိုက်တဲ့ ကုမ္ပဏီအနေနဲ့ ဈေးကွက်ကို တကယ်ပဲလွတ်လပ်စွာ၊ ပွင့်လင်းစွာ ဆောင်ရွက်မှုရှိလား ဆိုတာလည်း အရေးကြီး ပါတယ်။ အခု ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေမှာ အပြင်ဈေးကျချိန် ဘာကြောင့် လိုက်မကျလဲဆိုတာတွေနဲ့ ပတ်သက်ပြီး လူတွေက မေးလာကြပြီ။ ပြည်သူတွေအနေနဲ့ လူတစ်စု ထိန်းချုပ်ထားတဲ့ ဈေးကွက်ထဲမှာပဲ လည်နေတာမျိုး မဖြစ်သင့်တော့ဘူးလို့ ဦးမျိုးမင်းက သုံးသပ်ပါတယ်”

အောက်တိုဘာ ၄ ထုတ် ကုမုဒြာသတင်းဂျာနယ် အတွဲ (၁) အမှတ် (၃၁) တွင်ပါသည့် “ ပုဂ္ဂလိကပိုင်ထက် အများ ပြည်သူပိုင်ဖြစ်စေလို” သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဦးသိန်းစိန်နှင့် မစ္စတာ အိုဘားမားတွေ့ဆုံခြင်း( အပိုင်း-၁)

နေရာကား ဆူးလေဘုရားအနီးရှိ ပလက်ဖောင်းဘေးတွင် ပလတ်စတစ်ခုံလေးများဖြင့် ချရောင်းသော လမ်းဘေး လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ဖြစ်သည်။  တီရှပ်အဖြူနွမ်းနွမ်းနှင့် ဘောင်းဘီတို အညိုရောင်ကို ဝတ်ဆင်ထားသော ကတုံးဆံပင်ပေါက်ကေနှင့် ကုလားတစ်ဦးသည် ရှပ်လက်တိုအကွက် ခပ်နွမ်းနွမ်းနှင့် လုံချည်အဟောင်းလေး တစ်ထည်ကို ဝတ်ဆင်ထားသော ထိပ်ပြောင်ပြောင်၊ အသားဖြူဖြူ၊ မျက်မှန်ဝိုင်းကလေး တပ်ထားသော အဘိုးကြီးတစ်ဦးနှင့် စကားလက်ဆုံကျလျက်ရှိသည်။ ကုလားမှာ ဆူးလေအနီးတဝိုက်တွင် နာရီ ဓာတ်ခဲ၊ ခါးပတ်၊ ပိုက်ဆံအိတ် ရောင်းသော ပျံကျတစ်ဦးဖြစ်ပုံရပြီး အဘိုးကြီး၏ဘေးတွင် တက္ကစီအစုတ်ကလေးတစ်စင်း ရပ်ထားသောကြောင့်  တက္ကစီဒရိုင်ဘာတစ်ဦး ဖြစ်ပုံရသည်။ စင်စစ်တွင်ကား အနှီကုလားမှာ စကြာဝတေးမင်းရာထူးနှင့် ညီမျှသော ရာထူးရှိသူ အမေရိကန်ပြည်ထောင်စု၏ သမ္မတ မစ္စတာအိုဘားမားဖြစ်ပြီး တက္ကစီဒရိုင်ဘာ အဘိုးကြီးမှာ မကြာသေးမီကမှ နိုင်ငံတော်သမ္မတအဖြစ်မှ ပြည်သူ့သမ္မတအဖြစ်သို့ အရှင်လတ်လတ် ပြောင်းလဲရောက်ရှိသွားသူ မြန်မာသမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်တော့သည်။ လမ်းသွားလမ်းလာများက ၎င်းတို့နှစ်ဦးကို ဈေးသည်နှင့် တက္ကစီဒရိုင်ဘာဟုပင် ထင်နေကြပြီး မည်သူကမျှလည်း အရေးတစ်စိုက် မရှိလှပေ။ ယခုကဲ့သို့ လျှို့ဝှက်စွာ တွေ့ဆုံ နေရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိနေလေသည်။

အိုဘားမားသည် ၎င်း၏ များပြားလှသော တာဝန်များကြောင့် အလွန်အမင်းစိတ်ညစ်ကာ အိမ်ဖြူတော်မှ မည်သူမျှမသိအောင် တိတ်တဆိတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်ကမူ ရှေးမြန်မာရာဇဝင်ထဲက ဘုရင်များ ရုပ်ဖျက်၍ ပြည်သူအတွင်းအတွင်း ဆင်းကာ စနည်းနာသည်ကို အားကျ၍ တစ်ကြောင်း၊ ယခုတလော ပြည်သူတွေက ဦးသိန်းစိန် ပြည်သူ့သမ္မတကြီးဟု တဖွဖွ နှုတ်ကမချတမ်း တသသ လုပ်နေကြသည်ကို ကိုယ်တိုင် နားနှင့် ဆတ်ဆတ်ကြားလို၍ တစ်ကြောင်းတို့ကြောင့် မထင်မရှားရုပ်ဖျက်၍ တက္ကစီအစုတ်တစ်စင်းကိုမောင်းကာ အထက်ပါ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ထိုဆိုင်သို့ လာရခြင်းမှာလည်း အိုဘားမားက သူအလွန်အမင်း စိတ်ညစ်နေကြောင်း၊ ဘယ်သူမှ မသိအောင် မြန်မာနိုင်ငံတွင် တစ်ရက်တန်သည် နှစ်ရက်တန်သည် လာရောက်လည်ပတ်လိုကြောင်း ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး နှစ်ကိုယ်ကြား ပြောကြားရာမှ ဦးသိန်းစိန်မှလည်း ကျွန်ုပ်လည်း သာမန်အရပ်သားအသွင်ဖြင့် အပြင်ထွက်၍ စနည်းနာရန် စဉ်းစားနေကြောင်း အကယ်၍ အဆွေတော် အိုဘားမားအနေဖြင့် ကျွန်ုပ်နှင့်အတူ စနည်းနာထွက်၍ ပြည်သူကြားထဲဆင်းပါက အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကိုရလိမ့်မည်ဖြစ်ကြောင်း အဆွယ်ကောင်း၍ အိုဘားမားကလည်း လာခဲ့ပါမည်ဟု ကတိခံကာ မထင်မရှားရောက်ရှိလာပြီး ထိုလဘက်ရည်ဆိုင်တွင် ချိန်းဆိုသောကြောင့်  ဦးသိန်းစိန်လည်း တက္ကစီအစုတ်မောင်းကာ ရောက်လာရခြင်း ဖြစ်သည်။  အိမ်ဖြူတော်နှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်မှ ရုံးအဖွဲ့ အသီးသီးမှာမူ သူတို့၏ သမ္မတများ ရုတ်တရက်ပျောက်ခြင်းမလှ ပျောက်သွား၍ ခေါင်းမီး တောက်လျှက် ရှိကာ မီဒီယာများနှင့် လူထုကို အသိမပေးဘဲ အပူတပြင်း ကြိတ်၍ ရှာဖွေနေကြလေသည်။

“ခင်ဗျား လာမှ လာပါ့မလားလို့ဗျာ၊ မလာရင်တော့ ကွိုင်ပဲ၊ ကျုပ်လည်း ဗမာစကားဆိုလို့ ချိုဆိမ့်တစ်ခွက်၊ ဘူးသီးကြော်တစ်ပွဲ၊ ဘယ်လောက်လဲ ဆိုတာလောက်ပဲ အမြန်သင်ပြီး လာခဲ့ရတာ” ဟု အိုဘားမားက ရယ်ရယ်မောမော ပြောလိုက်သည်။

“လာမှာပါအဆွေတော်ရ၊ ကျုပ်က ခင်ဗျားထက် ထွက်ရတာခက်တယ်၊ ကျုပ်တို့နိုင်ငံ လူကြီးဆို အသားကုန်လွှတ်ဖားတာဆိုတော့ ကျုပ်မှာ အိမ်သာတက်တာတောင် သမ္မတကြီး ဘာလုပ်ပေးရမလဲဆိုပြီး လိုက်လိုက်မေးနေလို့ လစ်ထွက်ရတာ ခက်နေတာ၊ နေပြည်တော်နဲ့ ရန်ကုန်လမ်း တလျှောက်က စစ်ဆေးရေးဂိတ်တွေကလည်းများတော့ ကျုပ်မှန်းမသိအောင် တော်တော်ကို စွန့်စားပြီးထွက်လာရတာလေ၊ ဒါကြောင့် နဲနဲလေး နောက်ကျ နေတာ” ဟု ဦးသိန်းစိန်က ပြန်ပြောလိုက်သည်။ တဆက်တည်းမှာပင်

“ကဲ…လင်းစမ်းပါဦး အဆွေတော်ရ၊ ဒီလောက်ဒိတ်ဒိတ်ကျဲ နိုင်ငံကြီးရဲ့ သမ္မတလုပ်နေပြီး ဘာတွေညစ်စရာ ရှိနေလို့တုန်း၊ ခင်ဗျား တို့ဆီမှာ လူသား အရင်းအမြစ်ကလည်းပေါတော့ အလုပ်ပိတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလေ၊ ကျုပ်မှာသာ ငတုံးတသိုက်နဲ့ အလုပ်လုပ်နေရတာ ဖင်ဆောင့်ငိုချင်စိတ် ပေါက်တာပဲ” ဟု တဆက်တည်း အိုဘားမားကို မေးလိုက်သည်။

“မထင်ပါနဲ့ဗျာ၊ ကျုပ်တို့ဆီကအဖြူကောင်တွေလည်း တော်လွန်းလို့ ခက်နေတာဗျ၊ အခုကျုပ်မှာ နိုင်ငံခြားရေး၊ စီးပွားရေး အဲ့ဒါတွေနဲ့ ပတ်သက်လို့ ခက်ခဲနေတာတွေ အများကြီးပဲ၊ အခုလောလောဆယ် ပါလက်စတိုင်းက လွတ်လပ်ရေးကြေငြာမယ့် ကိစ္စဗျာ၊ အမှန်ကတော့ ပေးသင့်တယ်၊ ဒါပေမယ့် ကျုပ်တို့မှာ အစဉ်အလာအရကိုက ဂျူးတွေအတွက် ကြည့်ပေးရမယ့် ဝတ္တရားကရှိလေတော့ ထုံးစံအရ အစ္စရေးဘက်ကနေ ကာကွယ် ပေးရတာပေါ့ဗျာ၊ တကယ်တော့ ကျုပ်က နိုဗယ်ငြိမ်းချမ်းရေးဆုရလေ ဒီလိုပြဿနာတွေ၊ မတရားတာတွေ ဘယ်ဖြစ်ချင်ပါ့မလဲ၊ ဒါပေမယ့် အစဉ်အလာဆိုတာကြီးက ဖောက်ထွက်ဖို့ ခက်နေတယ်၊ ဒါက လောလောဆယ်ဖြစ်နေတာ တစ်ချက်ဗျ”

“အေးဗျာ၊ ကျုပ်တို့ကတော့ သူများကြားဝင်ပြီး ရှင်းပေးဖို့မပြောနဲ့၊ ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ်တောင် တိုင်ပတ်နေတာ၊ အစဉ်အလာဆိုတာကြီး ဖောက်ထွက်ဖို့ခက်တယ်ဆိုတာတော့ ကျုပ်လဲလက်ခံတယ်၊ ကျုပ်တို့ မြန်မာစကားပုံမှာ ရှိတယ်၊ ထိုင်နေရင်းအကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုသလို ခေတ်ဟောင်းမှာ ကျန်ခဲ့ချင်သူတွေက အများသားဗျ၊ ဒါကလဲ စနစ်ပြောင်းရင် အရင်က အချောင်ရနေတဲ့ကောင်တွေက ကျိုးမှာ ကြောက်နေလို့ပါ၊ ကျုပ်လဲ ကျုပ်နိုင်ငံကို ပြောင်းလဲချင်သပေါ့ဗျာ၊ ဒါပေမယ့် မပြောင်းချင်တဲ့ကောင်တွေကြောင့် ခက်နေတယ်၊ အတူတူပါပဲ”

“မှန်တယ်၊ ကျွန်တော့် အစိုးရအဖွဲ့ထဲမှာကို ရှိနေတယ်၊ ပြောရရင် ဗျူရိုကရက်ဆန်တဲ့ ကောင်တွေကြောင့်ပေါ့၊ တခါတလေ အပြောင်းအလဲ ကောင်းကို ဆောင်ကြဉ်းဖို့ထက် သူတို့ရဲ့ ဦးနှောက်ထဲမှာ သံမှိုစွဲနေတဲ့ ကိစ္စတွေကြောင့် ခက်နေတာဗျ၊ ဥပမာ အရှေ့အလယ်ပိုင်းကိစ္စဆိုရင် သူတို့ကြောင့် ခက်နေတယ်၊ သူတို့ကပဲ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာဗျ၊ ချမယ်ဆိုတဲ့ကောင်းဘွိုင်တွေချည်းပဲ၊ ကျုပ်မှာက အရင်သမ္မတ ပေးသွားတဲ့ ဆိုးမွေကြီးကို ပိုက်ထားရသလို ဖြစ်နေတယ်”

“ဖြတ်ပြောလိုက်ဦးမယ်၊ ကျုပ်လဲဘာထူးသလဲ ဦးနေဝင်းကထားပါတော့၊ ဦးသန်းရွှေ ၂၃နှစ်လောက် ရှုပ်သွားတဲ့ အရှုပ်ထုပ်ကြီးကို ဖြည်ဖို့ ခေါင်းကြိမ်းနေရတယ်၊ ကြိုးစားပြီးဖြည်မယ်ဆိုရင်တောင် နှောင့်ယှက်ချင်တဲ့ကောင်တွေက အများသား၊ ခင်ဗျားတို့ကမှ သမ္မတနဲ့ အတိုက်အခံက တစ်ပါတီစီကွဲနေလို့၊ ကျုပ်မှာက ကိုယ့်ပါတီကကောင်တွေတောင် ကိုယ်ပြန်မထိန်းနိုင်ဘူး၊ ပြည်သူအတွက် တစ်ခုခု ကောင်းတာလုပ်မယ်ဆိုရင်တောင် ဒီကောင်တွေကပဲ ထထကန့်ကွက် နေတော့ ဘာလုပ်ရမှန်းကိုမသိဘူး၊ တစ်ခါတစ်ခါတော့ ငါသမ္မတ ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ထကိုင်လိုက်ရင် ဖြစ်ပါ တယ်၊ ဒါပေမယ့် ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်မဲ့သွားမှာစိုးလို့ပါ၊ ကိုရွှေမန်းကလည်း လွှတ်တော်ကို အတော်တည်ဆောက်ယူ ထားရတာလေ၊ ဒါပေမယ့် တော်သေးတယ် ပြည်သူကတော့ လွှတ်တော်ထက် ကျုပ်တို့ ကိုရွှေမန်းတို့ကို နားလည်မှု ပေးလာကြတယ်၊ ဒါပေမယ့် လွှတ်တော်ထဲက ကောင်တွေ၊ အစိုးရအဖွဲ့ထဲက ရှစ်လုံးတို့၊ ကျော် ဆန်းတို့လိုကောင်တွေ ကန့်လန့်တိုက်နေသေးတယ်”

“အင်း ကျွန်တော်တို့ အမေရိကားမှတော့ နိုင်ငံခြားရေးနဲ့ ပတ်သက်ရင် ဂိုဏ်းလေးဂိုဏ်းပေါ့ဗျာ၊ ဂျက်ဆင်ဂိုဏ်း၊ ဟာမီတန်ဂိုဏ်း၊ ဂျက်ဖာဆင် ဂိုဏ်းနဲ့ ဝီလ်ဆင်ဂိုဏ်းပေါ့၊ ကျုပ်ကတော့ ဂျက်ဖာဆင်ဂိုဏ်းသားဆိုပါတော့ဗျာ၊ ဘယ်သူနဲ့မှ သိပ်ပြဿနာမတက်ချင်သလို ယူအက်စ်ကို ကမ္ဘာ့ရေးရာ တွေမှာ ဝန်နည်းနည်းပဲ ထမ်းစေချင်တယ်၊ ငပွကြီး မဖြစ်ချင်ဘူး၊ အစ္စရေး-ပါလက်စတိုင်းကိစ္စကိုလည်း အရှိအတိုင်းလက်ခံဖို့ ကြိုးစားတယ်၊ ရုရှားနဲ့ တရုတ်ကလည်း ပြဿနာမဟုတ်ပါဘူး၊ စစ်ပွဲတွေလည်း ရပ်ပစ်ချင်တယ်၊ လစ်ဗျားကိစ္စဆိုကြည့်လေ ကျုပ် တာဝန်အများကြီးယူမထားဘူး၊ ခင်ဗျားတို့ မြန်မာ နိုင်ငံနဲ့လည်း ထိတွေ့ဆက်ဆံချင်ပါတယ်၊ ကျွန်တော်က အားလုံး သက်တောင့် သကသာနဲ့ ကျေနပ်နိုင်မယ့် ပုံစံကို ရွေး ချယ်ချင်တယ်”

“ကျွန်တော်လဲ အားလုံးသက်တောင့်သက်သာ ဖြစ်မယ့်ပုံစံကို လိုချင်ပါတယ်၊ ကိုယ်က အကောင်ပဲဆိုပြီး သွားထောင်လို့ မရဘူးဗျ၊ အခု ကျွန်တော် ပြည်တွင်းစစ်တွေ ရပ်ချင်တယ်၊ ကြိုးစားပေမယ့် အရင်အစိုးရဟောင်းလက်ထက်က တရုတ်ကို သဘာဝဓာတ်ငွေ့ ပို့ဖို့လုပ်ထားတဲ့ စီမံကိန်းကြောင့် ပိုက်လိုင်းတလျှောက်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်နေရတယ်၊ တရုတ်အားကိုးနဲ့ လူပါးဝနေတဲ့ ဝတွေကျတော့ နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းလို့ မရဘူးဖြစ်နေတယ်၊ အခု မြစ်ဆုံကိစ္စတောင် တိုင်းရင်းသားပြည်သူအားလုံးအတွက် စွန့်စွန့်စားစား ရပ်လိုက်ရတာပဲ၊ ဒါတောင် နောက်အစိုးရ လက်ထက် ဘယ်လိုလာဦးမလဲမသိဘူး၊ ခင်ဗျားတို့ အားပေးမှုလည်း လိုပါတယ်ဗျာ၊ ကျွန်တော်တို့အနေနဲ့ တရုတ်ကို တန်ပြန်ဖို့ လက်သီးထိုးကောင်းမယ့် မိတ်ဆွေတစ်ယောက်တော့ လိုတယ်လေ၊ မစုကြည်နဲ့ ကျွန်တော် ရန်သူမဖြစ်ချင်ဘူး၊ သူ့မှာ သြဇာ ရှိတယ်၊ ကျွန်တော်တို့မှာ ပါဝါရှိတယ်၊ တကယ်နိုင်ငံ ကောင်းမယ့် အလုပ်ကြီးဗျာ၊ ဒါကြောင့် ကျွန်တော်က မစုကြည်နဲ့ ရင်းနှီးမှုရှိအောင် ကြိုးစားတယ်၊ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူးဗျ”

“ဝီလ်ဆင်ဝါဒအရဆိုရင်တော့ ကမ္ဘာမှာ ဒီမိုကရေစီ ပြန့်ပွားရေးဆိုတာမျိုးကို ကျွန်တော်အားပေးပါတယ်၊ ဒါပေမယ့် အီရတ်ကိစ္စမှာလို အင်အားသုံး ဖြေရှင်းတာမျိုးတော့ ကျွန်တော် တယ်မကြိုက်လှဘူး၊ ကျွန်တော် ရာထူးယူပြီးနောက်ပိုင်းမှာ အီရတ်နဲ့ အာဖဂန်ကို စစ်တပ်တွေ ထပ်ပို့ခဲ့တယ်၊ ဒါပေမယ့် ပြန်ဆုတ်ရမယ့် ရက်အကန့်အသတ်ကိုလည်း တစ်ခါတည်းသတ်မှတ်ပေးလိုက်တယ်၊ တစ်ချက်က အမေရိကန်ပြည်သူတွေရဲ့ အခွန်အခတွေကို စစ်တိုက်ပြီး မဖြုန်းချင်တာရယ်၊ အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ဟာ အမေရိကားရဲ့ ရန်သူမဟုတ်ဘူး ဆိုတာကိုပြဖို့ ရည်ရွယ်တာကြောင့်ပါ၊ ခင်ဗျားတို့နဲ့လည်း ကျွန်တော် ဆက်ဆံဖို့ ကြိုးစားတယ်ဆိုတာ ဒီသဘောပါပဲ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံဟာ ဒီမိုကရေစီ မဖြစ်မနေ ဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး၊ ဒါပေမယ့် တစ်ဖက်မှာလည်း အမေရိကားရဲ့ စံနှုန်းတွေအရ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သံတမန်နည်းအရ ခင်ဗျားတို့ကို ဖိအားပေးရတာ ရှိပါတယ်။ ဒါကလည်း မပူပါနဲ့ ခင်ဗျားတို့ပြောင်းလဲလာမှု တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဘက်က အဆင်သင့်ပါ၊ အခု ခင်ဗျားတို့ကို ပိတ်ဆို့မှု သက်တမ်း တစ်နှစ်တိုးတာဟာ ပြဿနာမဟုတ်ပါဘူး၊ ဒီတစ်နှစ်အတွင်း ၂၀၁၅ AFTA မတိုင်မီအတွင်း ခင်ဗျားတို့နဲ့ တိုက်ရိုက်ထိတွေ့နိုင်ပါလိမ့်မယ်၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”

“အင်း ကျွန်တော်တို့အနေအထားအရ တရုတ်ကိုပဲ လုံးလုံးမှီခိုခဲ့ရတာဆိုတော့ အချို့ကိစ္စတွေမှာ မထွေးနိုင်မအံနိုင် ဖြစ်နေတာတွေလည်း ရှိပါတယ်၊ ကျုပ်ကတော့ရှင်းတယ်၊ ဘာမှ စားမထားတော့ ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး၊ တရုတ်ကို ကျွန်တော်ရန်လိုတဲ့ ကိစ္စရပ်မျိုး မရှိပါဘူး၊ ဒါပေမယ့် တဖြည်းဖြည်း လွှမ်းမိုးလာတာကိုတော့ power balance လုပ်နိုင်ဖို့ လိုပါလိမ့်မယ်၊ စီးပွားရေးအရ သူတို့ကို အားကိုးရမှာ ဖြစ်ပေမယ့် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ခင်ဗျားလိုမိတ်ဆွေမျိုးလည်း လိုအပ်ပါတယ်၊ အာဆီယံဥက္ကဋ္ဌ ရာထူးယူတယ်ဆိုတာကလည်း ဒီအကြောင်းအရင်း တစ်ချက် ပါဦးမယ်၊ တရုတ်ကို တန်ပြန်ဖို့ အာဆီယံနိုင်ငံတွေ စုပြီးတန်ပြန်ရမယ်ဗျ”

“ကျွန်တော့်အနေနဲ့ကလည်း တရုတ်ပြည်နဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့ စိတ်ကူးမရှိပါဘူး၊ ရုရှားကြီးနဲ့လည်း ဒီလိုပါပဲ၊ ခင်ဗျားတို့ရဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ကျုပ်တို့ဆီက လေယာဉ်တင်သင်္ဘောထားမယ်ဆိုရင် တရုတ်ပြည်က မျက်စိနောက်မှာကတော့ အသေချာပါပဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ Realist approach ကနေကြည့်ရင်တော့ ကျွန်တော်တို့လည်း တရုတ်ကို တန်ပြန်အင်အားညှိဖို့ ကြိုးစားရမှာပါပဲ၊ ဒါပေမယ့် စစ်အေးခေတ် ပုံစံမျိုးနဲ့တော့ မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ စစ်ရေးအရ ပြန်လည်ဆက်ဆံတာမျိုးဟာ တရုတ်ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုး သွားလုပ်လို့မဖြစ်ဘူး၊ ဒါပေမယ့် အမေရိကားအနေနဲ့ ခင်ဗျားတို့ကို တရုတ်ရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်”

“ ဆိုစမ်းပါဦးဗျ၊ ဘယ်လိုကိစ္စမျိုးတွေလဲ”

အိုဘားမားက ရေနွေးတကြိုက် ကြိုက်လိုက်သည်။ ဦးသိန်းစိန်က နောက်ထပ်ရေနွေးတစ်အိုးနှင့် အကြော်တစ်ပွဲ ထပ်မှာလိုက်သည်။  သူတို့နှစ်ဦးသည် အခြားစားပွဲဝိုင်းများနှင့်ဝေးသော သစ်ပင်အောက်ရှိ စားပွဲတစ်လုံးတွင် ထိုင်နေကြခြင်းဖြစ်၍ မည်သူကမျှ သူတို့ပြောစကားကို မကြားပေ။ ရန်ကုန်မြို့၏ ညနေခင်းသည် အုံ့ပျပျရှိနေသော ကောင်းကင်အောက်တွင် ဘတ်စ်ကားမှ စပါယ်ယာများ၏ ခေါ်သံများ၊ ပုရွက်ဆိတ်အုံလို လူတွေ ကျပ်ကျပ် ညပ်ညပ် တိုးဝှေ့နေခြင်းများ ဖြင့်  ပုံမှန်အတိုင်း အသက်ဝင်လျက်ရှိသည်။

“Soft Power ဗျ” အိုဘားမားက ရေနွေးခွက်ကို စားပွဲပေါ်ပြန်ချရင်း ဦးသိန်းစိန်ကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။

“ Soft Power”  “ Soft Power”  ဦးသိန်းစိန်က အိုဘားမားပြောသည့်အတိုင်း တစ်လုံးချင်း ရေရွတ်လိုက်သည်။

(ဆက်လက်ဖော်ပြပါမည်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs