Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်သတင်းစာ အကာအကွယ်ပေးရေးသား

(8 Oct 2011 ရက်စွဲပါ Reuters သတင်းဌာန၏ China paper defends Myanmar Investment ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သတင်းပြန်လည်သင်းပျံ့

(Monster and Critics မှ သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို အားပေး တိုက်တွန်းရန် အမေရိကန် ပြင်ဆင်

(The New York Times မှ 7 Oct 2011 ရက်စွဲပါ "United States aims to encourage political changes in Myanmar" သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

**********************************************************************

မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်သတင်းစာ အကာအကွယ်ပေးရေးသား

(8 Oct 2011 ရက်စွဲပါ Reuters သတင်းဌာန၏ China paper defends Myanmar Investment ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တရုတ်စီမံကိန်းကြီးများသည် စီးပွားရေး တိုးတက်မှုကိုဖြစ်ထွန်းစေနိုင်သလို သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိအောင်လည်း အာမခံနိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက အောက်တိုဘာလ ၇ ရက်နေ့တွင် အသိပေး ရေးသားဖော်ပြလိုက်သည်။ နိုင်ငံခြားမီဒီယာများက မြန်မာနိုင်ငံမှ တရုတ်စီမံကိန်းကြီးများနှင့်ပတ်သက်၍ အပုပ်ချရေးသားဖော်ပြမှုများသည် အများ ပြည်သူ သဘောထားကို များစွာလွှမ်းမိုးနေခြင်းဖြစ်သည်ဟု အဆိုပါ မီဒီယာက ပြောဆိုထားသည်။

မြန်မာအစိုးရက တရုတ်နိုင်ငံ၏ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကို ရပ်ဆိုင်းရန် ကြေညာ လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက သင့်တင့်လျောက်ပတ်သော ဖြေရှင်းချက်တစ်ခု ထုတ်ဖော်ရန် ဖိအားပေးတောင်းဆိုလာသည်။ အဆိုပါ စီမံကိန်း ကြောင့် ဧရာဝတီမြစ်အပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိလာနိုင်သလို ဒေသခံပြည်သူများလည်း နေရာရွှေ့ပြောင်းနေထိုင်ကြရ သည်ဟု အစိုးရဆန့်ကျင်ရေးသမားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လာပြီးနောက် မြန်မာအစိုးရ က ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီအာဘော်ဖြစ်သော People's Daily သတင်းစာကရေးသားဖော်ပြရာတွင် တရုတ် ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှ သက်သာရာရစေနိုင်သလို ဧရာဝတီ မြစ်ကူးတံတားကြီးများ တည်ဆောက်ခြင်းကြောင့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ကာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ကြောင်း ဖော်ပြပါရှိသည်။

"မြန်မာနိုင်ငံတွင်းမှ အများပြည်သူသဘောထားကို လေ့လာကြည့်ရာ အချို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မြန်မာအစိုးရအပေါ် ယုံကြည်မှု မရှိကြဘဲ နိုင်ငံခြားမီဒီယာများ၏ လွှမ်းမိုးမှုကိုသာ ခံနေကြရသည်ကို တွေ့ရသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့် သတင်းအချက်အလက်များကို လူအနည်းစုမျှသာ ရရှိကြသည်" ဟု People's Daily က ရေးသားဖော်ပြသည်။

ယင်းမြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးထိခိုက်မှုမှာ အနည်းငယ်မျှသာဖြစ်သည်ကို နှစ်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင် များက ရှာဖွေတွေ့ရှိထားကြောင်း အဆိုပါသတင်းစာတွင်ပါရှိသော ဆောင်းပါးကဆိုသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို China Power Investment Corp(CPI) က အကောင်အထည်ဖော် ဆောက်လုပ်ခြင်းဖြစ်ပြီး ယင်းသို့ဆောက်လုပ်ရာတွင် မြန်မာအစိုးရ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုရှိသလို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စံသတ်မှတ်ချက်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု လည်း ဆိုသည်။

CPI သည် မြစ်ဆုံစီမံကိန်းဒေသတွင်းနေထိုင်သူများ ပြန်လည်နေရာချထားရေးအတွက် ဒေါ်လာ ၂၅ သန်းကျော် ကုန်ကျခံခဲ့ကြောင်း၊ ဒေသခံ ကျေးရွာများတည်ဆောက်ရေးအတွက် မိုဒယ်တစ်ခုကိုလည်း ရေးဆွဲဖန်တီးပေးခဲ့ကြောင်း ဖော်ပြသည်။ "မြန်မာပြည်သူများသည် ပြီးပြည်စုံပြီး တိကျ မှန်ကန်မှုရှိသော သတင်းအချက်အလက်များကို ရှင်းလင်းစွာ မရရှိခဲ့ကြပေ။ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက လူမှုရေးဆိုင်ရာ တာဝန်ယူမှုများ ပြုလုပ်ခြင်း၊ ဒေသခံ လူ့အဖွဲ့အစည်းများအတွက် အကူအညီပေးခြင်းအစရှိသည်တို့နှင့်ပတ်သက်သော အသင်းအချက်အလက်များ မရရှိခဲ့ကြပေ" ဟု ဆို သည်။

မြန်မာနှင့် တရုတ်နှစ် နိုင်ငံအခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှာ တဖြည်းဖြည်းချင်း ကြီးထွားလာလျက် ရှိသည်။ ယမန်နှစ်ဝက်ခန့်အထိ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံတန်ဖိုးထိရောက်ရှိလာသည်။ တရုတ်နိုင်ငံဘက်မှ ရရှိသော အချက်အလက်များအရ မြန်မာ ပြည်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော စွပ်စွဲချက် များဖြင့် အနောက်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ခံနေရသည့် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းတရုတ်သည် သံတမန်ရေးအရ လွန်စွာ အရေးပါ သော မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

************************************************************************************

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သတင်းပြန်လည်သင်းပျံ့

(Monster and Critics မှသတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် သြဂုတ်လ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ နိုင်ငံသမ္မတ ဦးသိန်းစိန်က သူမ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကိုလည်း ပါဝင်အောင်ထည့်သွင်းဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲထားသည့် သမ္မတရုံးခန်းထဲ၌ လက်ဆွဲနှုတ်ဆက်ပုံကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ သည်။ အဆိုပါ သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာ့အမျိုးသားနိုင်ငံရေးအတွက် သဘောထားလက္ခဏာသစ်တစ်ရပ် ထွက်ပေါ်လာစေသည်။

၁၉၉၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သော ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဒေါ်အောင်ဆန်း စုကြည်ကို မလိုလားမနှစ်သက်သူအဖြစ် သတ်မှတ်ခံခဲ့ရရုံမျှမက သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏  အခန်းကဏ္ဍကို မှေးမှိန်အောင်ပြုလုပ်ခဲ့သည့် အတွက် များစွာဝေဖန်ပြောဆိုခံခဲ့ရသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်အချိန်က နေပြည်တော်မြို့တော်ရှိ အစိုးရရုံးများတွင် မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများချိတ်ဆွဲခဲ့ခြင်း မရှိခဲ့ပေ။ "ဦးသိန်းစိန်က သူဟာ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံတဲ့သူ တစ်ဦး ဖြစ်ပါတယ် ဆိုတဲ့အချက်ကို မြန်မာပြည်သူတွေ သိအောင်လုပ်ပြလိုက်တာပါ" ဟု အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဦးခင်မောင်ဆွေကပြောကြားသည်။ "ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံကို သမ္မတရုံးခန်းမှာ ချိတ်ပြတယ်ဆိုတာက သူ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို မဖျောက်ဖျက်လိုဘူးဆိုတဲ့အချက်ကို ပြလိုက်တာပဲဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။ NDF ပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လိုက်သောပါတီတစ်ခုဖြစ်ပြီး မြန်မာပြည်တွင်းသုံး ကျပ်ငွေများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ထည့်သွင်း ရိုက်နှိပ်ရေး ကိစ္စကို လွှတ်တော်သို့ အဆိုပြု တင်သွင်းရန် ယခုအခါ စီစဉ်လျက်ရှိသည်။ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ဗိုလ်ချုပ်ဓာတ်ပုံများ

မြန်မာကျပ်ငွေများတွင် ရိုက်နှိပ်ဖော်ပြမှုကို ဆက်တိုက်ဆိုသလို ပိတ်ပင်ခဲ့သည်။

"ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားရေးသူရဲကောင်းတစ်ဦးပါ။ ကျွန်တော်တို့အနေနဲ့ အားလုံးကို အရင်ကအတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင် သွားမှာပါ" ဟုလည်း ဆိုသည်။ ထို့ပြင်ယခုအခါ မြန်မာနိုင်ငံတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများ ပြန်လည် ပေါ်ထွက် လာသည် ကိုလည်း တွေ့ရသည်။

ယခင်မြို့တော်ဟောင်းရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများနှင့် ပိုစတာများကို တရားဝင် ရောင်းချနေကြပြီ ဖြစ်သလို ပြည်တွင်းပုဂ္ဂလိကသတင်းစာစောင် အသီးသီးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ဆောင်းပါးများကို ဝေဝေ ဆာဆာ ရေးသားဖော်ပြနေပြီဖြစ်သည်။

"ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေပြန်လည်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အခုဆိုရင် အသက်အရွယ်ငယ်တဲ့ တပ်မတော်သားတွေ အနေနဲ့ ဘယ်သူဟာ လွတ်လပ်ရေးသူရဲကောင်းဖြစ်ပြီး တပ်မတော်ရဲ့ဖခင် ဖြစ်တယ်ဆိုတာကို သိလာကြပြီဖြစ်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။ ၁၉၈၈ ခုနှစ် စစ်တပ်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေး မပေါ်ပေါက်မီ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီသူရဲကောင်းအဖြစ် ပေါ်ထွန်းမလာမီကာလများတွင် မြန်မာစစ်တပ်က ဗိုလ်ချုပ် အောင်ဆန်း ကို တပ်မတော်ဖခင်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ လွတ်လပ်ရေးဗိသုကာအဖြစ် လည်းကောင်း ချီးမွမ်း ဂုဏ်ပြုခဲ့သည်။

*************************************************************************************

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို အားပေး တိုက်တွန်းရန် အမေရိကန် ပြင်ဆင်

(The New York Times မှ 7 Oct 2011 ရက်စွဲပါ "United States aims to encourage political changes in Myanmar" သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

              အမေရိကန် ပြည်ထောင်စုသည် အမေရိကန် အကြီးတန်း တာဝန်ရှိသူများ သုံးသပ်ထားသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ စတင် မှုကို အားပေးရန် အဆင့်များ လုပ်ဆောင်ခြင်း၊ ဘဏ္ဍာရေး အကူအညီ တားမြစ်ချက်များကို ဖြေလျှော့ခြင်းတို့ အပါအဝင် မြန်မာအာဏာရှင် အစိုးရကို ကာလ ကြာမြင့်စွာ ခပ်စိမ်းစိမ်း ဆက်ဆံခဲ့မှုကို သိသာစွာ ပြောင်းလဲခြင်း ပြုလုပ်ရန် စဉ်းစား သုံးသပ်လျက် ရှိသည်။

              မနှစ်က မတော် မတရား ရွေးကောက်ပွဲများ အပြီး မြန်မာနိုင်ငံရေး အသွင်ပြောင်းလဲမှု နောက်ဆက်တွဲ အဖြစ် စောစောစီးစီး ယခုလို ဆက်ဆံ ရေး တိုးတက် နွေးထွေးလာခြင်းမှာ မြန်မာ အစိုးရသစ်၏ အခြေခံ လွတ်လပ်ခွင့်များ ချုပ်ချယ် ထားမှုကို ဖြေလျှော့ပေးမည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အဖိနှိပ်ခံ အတိုက်အခံ အုပ်စု လှုပ်ရှားမှုကို ပူးပေါင်း ဆောင်ရွက်မည့် အလားအလာ များအား မြှင့်တင်ပေးလိုသည့် လက္ခဏာပင် ဖြစ် သည်။

              ယခင် နှစ်ပေါင်း ၂၀ စစ်အစိုးရတွင် ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ခဲ့သော သမ္မတသစ် ဦးသိန်းစိန်သည် ဗဟိုက ချုပ်ကိုင်လွန်းသော၊ မူမမှန်သော အတိတ်က မူဝါဒများကို ယင်း အင်အားရပြီး ၆ လအတွင်း ပြတ်ပြတ်သားသား လမ်းခွဲ ပြလိုက်သည်။ ဦးသိန်းစိန်အစိုးရသည် ယခုအခါ အခွန်နှင့်မြေ ပိုင်ဆိုင်ခွင့်ဥပဒေ ပြန်လည်ရေးဆွဲခြင်း၊ မီဒီယာများအပေါ် ချုပ်ချယ်မှုလျှော့ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဆွေးနွေးခြင်းတို့ကို ပြုလုပ်နေပြီ ဖြစ်သည်။

              အမေရိကန် ပြည်ထောင်စုအနေဖြင့် ယခင် နှစ်ပေါင်းများစွာ နိုင်ငံတကာက ဝိုင်းပယ်ထားမှုကြောင့် တရုတ်၏ မဟာမိတ် ဖြစ်သွားခဲ့ရသော သယံဇာတ ကြွယ်ဝသည့် အရှေ့တောင် အာရှနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်နိုင်မည့် အခွင့်အလမ်းများ လတ်တလောအရွေ့တွင် ပေါ်ထွက် လာခဲ့ သည်။ ပြီးခဲ့သောအပတ်က မြန်မာသမ္မတသည် နိုင်ငံမြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံ ရေလှောင်တမံ လုပ်ငန်းကို မမျှော်လင့်ဘဲ ရုတ်တရက် ရပ်ဆိုင်းလိုက်သောကြောင့် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့၏ ဒေါသတကြီး ပြစ်တင် ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

              အာရှ၌ သြဇာလွှမ်းမိုးရန် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှု မြင့်မားနေသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းလဲမှု များက ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေသော အိုဘားမား အစိုးရက သံသယ မကင်း သေးသော်လည်း သံတမန် ဆွေးနွေးမှုများ အစဉ်လိုက်ပြုလုပ်ကာ မြန်မာတို့၏ အသစ်စက်စက် တိုးတက်ပွင့်လင်းမှုကို အပြုသဘော တုန့်ပြန် လျက် ရှိသည်။

              အသစ်ခန့်အပ်ထားသော မြန်မာ မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) က "သူတို့ရဲ့ လက်တွေ့ကျကျ လှုပ်ရှားမှု နဲ့ အညီ ကျွန်တော်တို့ကလည်း လက်တွေ့ကျကျ လှုပ်ရှားမှုနဲ့ တုန့်ပြန်မယ်" ဟု အင်တာဗျူးတွင် ပြောကြားသည်။ တကယ်လို့ သူတို့က အဆင့်တွေ များများတက်သွားရင် ကျွန်တော်တို့ကလည်း ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို ထောက်ခံကြောင်း ပြသဖို့ အဆင့်များများ လိုက်တက်မယ် ဟု ပြောကြားသော Derek Mitchell သည် ယခင်လက မြန်မာနိုင်ငံတွင် ၅ ရက်ကြာ နေထိုင်ကာ အစိုးရ အကြီးတန်း ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သူ ဖြစ်သည်။ ယင်းခရီးစဉ်အပြီးတွင် ယခင်အပတ်က ဝါရှင်တန်နှင့် နယူးယောက် မြို့များ၌ အမေရိကန် နိုင်ငံခြားရေး ဌာန အကြီးတန်းတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အကြား အစည်းအဝေး ၂ ကြိမ် ထပ်မံပြုလုပ်ခဲ့သည်။

              အမေရိကန် နိုင်ငံအတွင်း ခရီးသွားလာခွင့်ကို ပုံမှန်အဆင့် တင်းကြပ်ခံထားရသော ဦးဝဏ္ဏမောင်လွင်သည် စစ်အစိုးရတက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဦးဆုံး ဖိတ်ကြားခြင်းခံရသော မြန်မာနိုင်ငံခြားရေး ဝန်ကြီးဖြစ်သည်။

              ယခု အပြောင်းအလဲများ၏ ရည်ရွယ်ချက်ကို အမေရိကန် တာဝန်ရှိသူများနှင့် အခြားသူများကပါ ဝေခွဲမရ ဖြစ်နေကြသော်လည်း မြန်မာတို့ကမူ သံတမန်ရေး အပယ်ခံဘဝကို အဆုံးသတ်ရန်နှင့် ပြည်သူ ၅၅ သန်းကို ဆင်းရဲတွင်းနက်စေခဲ့သည့် အလုပ်မဖြစ်သော စီးပွားရေးစနစ်ကို ပြန်လည် တည်ဆောက်ရန် စိတ်အား ထက်သန်လျက် ရှိနေကြပုံ ရသည်။

              ယခင် အစိုးရလက်ထက်က များစွာ နာမည်ဖျက်ဖိနှိပ်ခြင်းခံရပြီး အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရာမှ မနှစ်က နိုဝင်ဘာလတွင် လွတ်မြောက် လာ သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များ အကြိမ်များစွာ တွေ့ဆုံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေး ပွင့်လင်းမှုသဖွယ် ပေါ်ထွက်လာသည့် ကိစ္စများကို သတိကြီးကြီးဖြင့် ထောက်ခံ အားပေးကြရန် ထုတ်ဖော် ပြောကြားထားသည်။

              နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သော အကြောင်းအရာကိစ္စတစ်ခု ဖြစ်သော နိုင်ငံရေး အကျဉ်းသား ထောင်ချီ လွတ်ပေးရေးကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ အမေရိကန် တာဝန်ရှိသူများနှင့် လည်းကောင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရက ဆွေးနွေးခဲ့သည်။ လွှတ်ပေးရန် စဉ်းစားထားသည့် စာရင်းကိုပင် အစိုးရက ပြုစုထားပြီး ဖြစ်သည်။ ထိုင်းနိုင်ငံ အခြေစိုက်အဖွဲ့အစည်း၏ စာရင်းပြုစုထားမှုအရ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ နီးပါး ရှိနေသည်ဟု အတိုက်အခံ ခေါင်းဆောင်များနှင့် သံတမန်များက ပြောကြားလျက် ရှိသော်လည်း အစိုးရ၏ စာရင်းတွင် ၆၀၀ ခန့်သာ ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို တည်ထောင်ခဲ့သူ ဦးဝင်းတင်က "သူတို့ရဲ့ စာရင်းကို ကျွန်တော်တို့ လက်မခံနိုင်ဘူး လို့ အစိုးရကို အကြောင်းကြားပြီးပါပြီ။ အစိုးရက စာရင်းကိုပြန်ပြောင်းမလား ဆိုတာကိုတော့ ခုထိမသိရသေးပါဘူး" ဟု ပြောကြားသည်။

              သို့တိုင်အောင်ပင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထားကြောင်း ဝန်ခံရုံမျှနှင့်ပင် အစိုးရသစ်၏ သဘောထား သိသိသာသာ ပြောင်းလဲမှုကို ထင်ဟပ်နေသည်ဟု အမေရိကန်အစိုးရအကြီးတန်း တာဝန်ရှိသူက ဆိုသည်။ ယခု ထွက်ပေါ်လာသော လက္ခဏာများသည် မရေရာသေး သည့်တိုင် ယခင်က မြန်မာနိုင်ငံ အပြောင်းအလဲကို အတုအယောင်ဟု ရှုမြင်ခဲ့ကြသော သံသယကြီးသူများအပေါ် စတင်အနိုင်ယူနေပြီဟု ဆိုသည်။

              “သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” ဟု ပြောကြား သူမှာ ၁၉၉၉ မှ ၂၀၀၂ အထိ ရန်ကုန်မြို့ သံရုံးတွင် သံရုံးတာဝန်ခံ အကြီးအကဲ ဖြစ်ခဲ့ သူ Priscilla A Clapp ဖြစ်သည်။ “အရာရာဟာ ပိုမိုကျယ်ပြန့်လာတဲ့ အစိုးရပုံစံထဲကို ရွေ့နေကြတယ်။ လုံးဝ ဒီမိုကရေစီပဲလို့ မဆိုနိုင်သေးပေမယ့် ကိစ္စတွေ ဟာ အရမ်းကို မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲနေပါတယ်” ဟု သူမက ဆိုသည်။

              သို့သော် ပြည်တွင်းနှင့် ပြည်ပ၌ပါ မျှော်လင့်ချက်များ ပိုမိုကြီးမားလာသော ယခု ပြောင်းလဲမှုများသည် လုပ်ငန်းအားဖြင့် တိုးတက်ရန် လိုသေး သည်ဟု သူမနှင့်အခြားသူများက သတိပေး ပြောဆိုသည်။ ဒီမြန်မာနိုင်ငံ ဇာတ်လမ်းရဲ့ အသွင်ပြောင်းလဲမှုမှန်သမျှဟာ တည်ငြိမ်ပျက်ဖို့ အကြောင်းရင်း ဖြစ်သွားနိုင်ပါသေးတယ်။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ အာဏာသိမ်းမှုမျိုးတောင် ဖြစ်လာနိုင်တယ်ဟု ယင်းတို့က သုံးသပ်သည်။

              နိုင်ငံကို အနှစ် ၂၀ အုပ်ချုပ်ကာ မတ်လက နေရာဖယ်ပေးလိုက်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လတ်တလော အုတ်အုတ်ကျက်ကျက် အသွင်ပြောင်းလဲမှုများတွင် အတည်မပြုနိုင်သော အကြောင်းရင်းအဖြစ် ပါဝင်နေဆဲ ဖြစ်သည်။ ၂၀၀၇ ခုနှစ်က သံဃာတော်များ၏ ဆန္ဒပြပွဲများကို သွေးမြေကျအောင် နှိမ်နှင်းခဲ့ခြင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်း အပြီး ပြည်ပကယ်ဆယ်ရေး အကူအညီများကို တားမြစ်ခဲ့ခြင်းတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

              လက်ရှိအစိုးရထံ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပြောင်းပေးသည့် အကြောင်းရင်းများကို "အနားယူရန် အဆင့်သင့် ဖြစ်နေခြင်း" ဟူ သော အချက်ထက် ပို၍ ပြည့်စုံအောင် ရှင်းပြနိုင်ခြင်း မရှိကြပါ။ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်မောင်းနှင်နေခြင်းဖြင့် သမ္မတဦးသိန်းစိန် သည် ယခင်တပ်မတော်အစိုးရ၏ ဖိနှိပ်သော မူဝါဒများနှင့် တံခါးပိတ်အယူအဆများက နိုင်ငံကို ပြန်လမ်းမရှိသော လမ်းဆုံးသို့ ပို့လိမ့်မည်ဟု ယုံကြည်ကြ သော ငယ်ရွယ်သူတပ်မတော် မျိုးဆက်သစ်အရာရှိများနှင့် သဘောထားတိုက်ဆိုင်သည့် လက္ခဏာ ရှိနေသည်။

              ယခင်အပတ်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သည့် သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် ဗိုလ်ချုပ်မှူးကြီး၏ လောင်းရိပ်အောက်မှ သမ္မတကြီးလမ်းခွဲထွက်နေသည့် လက္ခဏာဖြစ်သည်ဟု အများစုက သုံးသပ်ကြသည်။

              အိုဘားမားအစိုးရ တာဝန်ရှိသူများသည် ယခုအခါ အပျံသင်စ ပြောင်းလဲမှုများကို အားပေး ထောက်ခံရန်နှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံရေး စနစ် ဖန်တီးခြင်း၊ တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းတို့ အပါအဝင် ပိုမိုလုပ်ဆောင်ပြသဖို့ တိုက်တွန်းအားပေးရန် လိုအပ် သော လုပ်ဆောင်ရန် ကိစ္စများကို ဆွေးနွေး ငြင်းခုန်နေကြပြီ ဖြစ်သည်။

ထိုကိစ္စအတွက် အမေရိကန် နိုင်ငံခြားရေးဌာနသည် လွှတ်တော်နှင့်လည်းကောင်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်များ၊ မြန်မာ အတိုက်အခံအုပ်စုများ အပါ အဝင် အခြား နိုင်ငံများနှင့် နီးနီးကပ်ကပ် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

              "ဒီနေရာမှာ တခြား မိတ်ဆွေ နိုင်ငံတွေအားလုံးထက် ပိုပြီး မြန်မြန်တိုးတက်သွားဖို့ ကျွန်တော်တို့ စိတ်ကူး မထားပါဘူး။ ကျွန်တော်တို့ အားလုံး တဆင့်ပြီး တဆင့်သွားကြဖို့ ရည်ရွယ် ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ဆက်ပြီး စမ်းသပ်ရဦးမှာပါ။ နောက်ပြန်မဆုတ်တော့ပဲ အဆက် မပြတ် ပြုပြင်ပြောင်းလဲနေတယ်လို့ လုံးဝ သေချာပေါက်ပြောဖို့ ဆိုတာဟာ အချက်တစ်ချက်တည်းနဲ့ ပြောလို့မရပါဘူး" ဟု ဒဲရက်မစ်ချယ်က ပြောကြား သည်။

              မြန်မာတို့ ရင်ဆိုင်နေရသော အမေရိကန် Sanctions များကို ၁၉၉၇ တွင် ပထမဆုံး ချမှတ်ခဲ့ပြီး ၂၀၀၈ တွင် ထပ်မံသက်တမ်းတိုးထားသည်။ အမေရိကန် ဘဏ္ဍာရေးဌာနက နာမည်ပျက်စာရင်းဖြင့် ကုန်သွယ်မှု ဟန့်တားထားသော စာရင်းတွင် ထိပ်ပိုင်းတာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ခန့် ပါဝင်သည်။ အဆိုပါ Sanctions များ ရုတ်သိမ်းရန်အတွက် ကွန်ဂရက်တွင် ဥပဒေသစ် ပြဌာန်းရန် လိုအပ်သည်။ မြန်မာနိုင်ငံက သူ့အပေါ် ဝေဖန်သူ များကို နိုင်ငံတွင်း၌ အခြေခံကျကျ ပြုပြင်ပြောင်းလဲနေကြောင်း ယုံကြည်အောင် မစည်းရုံးနိုင်ပါက ထိုကိစ္စ ဖြစ်နိုင်ခြေမရှိပါ။

တစ်ချိန်တည်းတွင် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အကူအညီတားမြစ်မှုများကို ခြွင်းချက်ဖြင့် မကျင့်သုံးဘဲ နေရန်၊ ကမ္ဘာ့ဘဏ်နှင့် IMF ကဲ့သို့ သော နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများအပေါ် မြန်မာနိုင်ငံသို့ အကူအညီပေးမှု တားမြစ်ချက်များ ရုတ်သိမ်းပေးရန် အမေရိကန်အစိုးရက စဉ်းစား သုံးသပ်လျက် ရှိသည်။ IMF နည်းပညာအဖွဲ့သည် ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြည်တွင်းငွေလဲနှုန်းစနစ် ခေတ်မီရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှု တားမြစ်ချက်များ ရုတ်သိမ်းပေးရေးကိစ္စများကို ညှိနှိုင်းတိုင်ပင်ကြမည် ဖြစ်သည်။

တပ်မတော်ပိုင် စက်ရုံများက ဆပ်ပြာခဲနှင့် စက်ဘီးများ ထုတ်လုပ်ပေးနေသော ဆိုဗီယက်ခေတ်ဟောင်းပုံစံ စီးပွားရေးစနစ်ကို ပြောင်းလဲရန် အတွက် အထက်ပါ အကူအညီများ လိုအပ်နေသည်။ မြန်မာနိုင်ငံ၏ ကျင်းပေါက် အပြည့်ဖြင့် လမ်းများပေါ်၌ ခေတ်ဟောင်းကားများ သံစုံမြည်ကာ မောင်းနှင်နေကြပြီး အဆောက်အဦးအချို့မှာလည်း ကိုလိုနီခေတ်က နောက်ဆုံးအကြိမ် ဆေးသုတ်ခဲ့သည့် သဏ္ဍာန်ကို ဖော်ကျူးလျက် ရှိသည်။ သို့နှင့် စစ်မှန် သော ဒီမိုကရေစီရောက်လာပြီဆိုသည်ကို မြန်မာပြည်သူ အများစုက မယုံကြည်နိုင် ရှိနေသေးသည်။

အတိုက်အခံပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းတင်က “အနောက်နိုင်ငံတွေ အားလုံးက အပြောင်းအလဲတချို့ကို ကြား လိုက်ရတာနဲ့ပဲ သိပ်ကို ပျော်ရွှင်နေကြပုံ ရပါတယ်။ သူတို့လွဲနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သတိထား နားထောင်ပြီးတော့ တကယ်လား၊ အဟုတ် လား ဆိုတာကို စောင့်ကြည့်ဖို့ သင့်တာပေါ့” ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း သတိထားရမည်ဟု တစ်လေတည်း ပြောကြားသည်။ မြန်မာတို့၏ အချက်ပြမှုများကို ကြိုဆို ရမည်ဖြစ်သော်လည်း ကိစ္စများစွာ ကျန်ရှိနေသည်ဟု သူမက မှတ်ချက် ပေးသည်။ “တိုင်းရင်းသားတွေအပေါ် ပြုမူဆက်ပုံနဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွှတ်ဖို့ကိစ္စကနေ မြောက်ကိုရီးယားနဲ့ ပတ်သက်မှုအထိ စိုးရိမ်စရာ မေးခွန်းထုတ်စရာကိစ္စရပ်တွေ အများကြီးရှိနေပါတယ်” ဟု သူမက ပြောကြား သည်။

သူမ မှတ်ချက်မပေးမီတစ်ရက်ကပင် မြန်မာနိုင်ငံ၌ အသက် ၂၁ နှစ်အရွယ် သတင်းထောက်တစ်ဦးကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက် သည် ဟု ဝန်ကြီးကလင်တန်က ဆက်လက်ပြောကြားသွားသည်။

**************************************************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs