Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. တရုတ်နှင့် တင်းမာနေစဉ် မြန်မာနှင့် အိန္ဒိယ ပိုမိုဆက်ဆံရန် ပြင်ဆင်
    (i News One မှ 12Oct 2011 ရက်စွဲပါ “ Amid China kension,India, Myanmar to expand ties” သတင်းကို ဘာသာပြန်သည်)
  2. အမေရိကန်ထိပ်တန်း ဆီနိတ်တာများက မြန်မာနိုင်ငံ၏ အကျဉ်းသား လွှတ်ပေးမှုအား ကြိုဆို
    (12 October 2011 ရက်စွဲပါ APF ၏ Top US senators welcome Myanmar prisoner release ကို ဘာသာပြန်သည်)
  3. အမေရိကန်က မြန်မာနိုင်ငံ နှင့် ပတ်သက်၍ အောင်မြင်မှုရရန် မျှော်လင့်
    ( 12 October 2011 ရက်စွဲပါ AFP ၏ Shaun Tandon ရေးသားသော US hopes for breakthrough on Myanmar ကို ဘာသာပြန်သည်။)
  4. မြန်မာလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အနောက် Sanctions များရုတ်သိမ်းပေးမှု ဖြစ်ပေါ်လာနိုင်
    (Asahi Shimbun မှ 13 Oct 2011 ရက်စွဲပါ “Amnesty in Myanmar may led to lifting of Western Sanctions” သတင်းကို ဘာသာပြန်ဆိုသည်။)
  5. မြန်မာနိုင်ငံမှ မျှော်လင့်ချက် (သို့) မြန်မာတို့၏ နွေဦးရောင်နီ
    (The Economist မှ 8th October, 2011 ရက်စွဲပါ "Hope in Myanmar-A Burmese Spring" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

******************************************************************************

ဘာသာပြန်သတင်းများ

တရုတ်နှင့် တင်းမာနေစဉ် မြန်မာနှင့် အိန္ဒိယ ပိုမိုဆက်ဆံရန် ပြင်ဆင်

( i News One မှ 12Oct 2011 ရက်စွဲပါ “ Amid China kension,India, Myanmar to expand ties” သတင်းကို ဘာသာပြန်သည်)

မြန်မာသမ္မတဦးသိန်းစိန်သည် သူ၏ ပထမဆုံး အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ပြီဖြစ်ရာ ဘီဂျင်းနှင့် နေပြည်တော်အကြား မြောက်ပိုင်းမြစ်ဆုံတမံကိစ္စကြောင့် တင်းမာနေသဖြင့် အိန္ဒိယ- မြန်မာ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပို၍ အရှိန်မြှင့်လိမ့်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သောမတ်လက အာဏာရလာခဲ့သည့် သမ္မတဦးသိန်းစိန်သည် လတ်တလော အိန္ဒိယခရီးစဉ်ကို ဗုဒ္ဓဂါယာမှ စတင်လျက်ရှိပြီး ကြာသပတေးနေ့ ညနေ နယူးဒေလီမြေကို မနင်းမှီ ကုသိနာရုံ အပါအဝင် အနီးအနား ဘုရာဖူးနေရာများကို လှည့်လည်ဦးမည်ဖြစ်သည်။

သောကြာနေ့တွင် မြန်မာသမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့အကြား ကျင်းပမည့် ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ စွမ်းအင်နှင့် မဟာဗျူဟာမြောက် သဘောတူညီမှုများ ပိုမိုခိုင်မာရေးကိစ္စကို ဦးစားပေး အဓိကထားကြမည်ဟု ဆိုသည်။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စများကိုလည်း ဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

မြန်မာသမ္မတ၏ အိန္ဒိယခရီးစဉ်တွင် သဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုးကြမည်ဟု မျှော်လင့်ရသည်။

ထို့အပြင် အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံအကြား ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်မည့် အဓိက သယ်ယူပို့ဆောင်ရေး စီမံကိန်းများ ကိုလည်း ဆွေးနွေးကြဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အလွန်ကျယ်ပြန့်သော စိုက်ပျိုးမြေများကို ပိုင်ဆိုင်ထားသည့် အားလျော်စွာ နှစ်နိုင်ငံဆွေးနွေးကြရာတွင် ရေနံနှင့် ဓါတ်ငွေ့ကဏ္ဍ သာမကဘဲ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကြီးကြီးမားမား ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုပါ လေ့လာကြလိမ့်မည်။ မြန်မာသမ္မတသည် ရန်ကုန်သို့ မပြန်မီ စနေနေ့ နံနက်တွင် အိန္ဒိယလယ်ယာစိုက်ပျိုးရေး သုတေသနဌာနသို့လည်း သွားရောက်လေ့လာမည်ဟု သိရှိရသည်။

မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေး လက္ခဏာများကို ထင်ရှားစေသော လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်အရ နိုင်ငံရေးအကျဉ်းသား အတော်များများကို ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးခဲ့ပြီးနောက် အိန္ဒိယသို့ ခြေချခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ဦးသိန်းစိန်သည် မတ်လက အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်တွင်းကပါ လိုလားမှုနှင့် တစ်ထပ်ထဲကျသည့်ကိစ္စအဖြစ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း အပါအဝင် အရေးပါသော ဆောင်ရွက်မှု အတော်များများကို ပြုလုပ်ခဲ့သူဖြစ်သည်။

ယခင်က တပ်မတော်အစိုးရဟောင်းနှင့် စစ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခြင်းသည် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းလုပ်ကိုင်မှု တိုးတက်ရန် ကြိုးစားခဲ့မှုနှင့် ပတ်သက်၍ အစောပိုင်းက ပြစ်တင်ခံခဲ့ရသော အိန္ဒိယနိုင်ငံအနေဖြင့် ယခုအခါ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် အစီအစဉ်များ ပိုမိုလွယ်ကူ ချောမွေ့လာစေသည်။

အထူးအရေးကြီးသည့် အချက်မှာ မြန်မာသမ္မတသည် သူ့ရှေ့မှ အရင် လည်ပတ်ခဲ့သည့် ဗီယက်နမ်ခေါင်းဆောင်ကဲ့သို့ပင် အိန္ဒိယသို့ ရောက်ရှိချိန်တွင် ၎င်းတို့နှစ်နိုင်ငံစလုံး၌ ဘီဂျင်း၏ ဗိုလ်ကျစိုးမိုးမှု အန္တရာယ်ကို ရင်ဆိုင်နေကြရခြင်းပင်ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံမြောက်ဖျား၌ တရုတ်တို့ ဝင်ရောက်တည်ဆောက်နေသော အငြင်းပွားဖွယ် မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို အများ အံ့အားသင့်လောက်အောင် ယခင်လက ရုတ်တရက် အငိုက်ဖမ်း ရပ်ဆိုင်းပစ်လိုက်ခြင်းကြောင့် ဘီဂျင်းနှင့် နေပြည်တော်အကြား ( နိုင်ငံခြား သတင်းဌာန အများစုက နေပြည်တော်အစိုးရကို ရန်ကုန်အစိုးရဟုသာ သုံးနှုန်းကြသည်) သဘောကွဲလွဲမှု ကြီးထွားလျက်ရှိသည်ဟု မှန်းဆမှုများ ဖြစ်ပေါ်နေသည်။

******************************************************************************

အမေရိကန်ထိပ်တန်း ဆီနိတ်တာများက မြန်မာနိုင်ငံ၏ အကျဉ်းသား လွှတ်ပေးမှုအား ကြိုဆို

(12 October 2011 ရက်စွဲပါ APF ၏ Top US senators welcome Myanmar prisoner release ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ဒါဇင်ပေါင်းများစွာအား လွှတ်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းမှာ အာဏာရှင်နိုင်ငံတွင် အသစ်ဖွင့်လှစ်မှုအတွက် အားတက် သဖွယ် ရောင်ခြည်တန်းသဖွယ်ဖြစ်ကြောင်း အမေရိကန်ထိပ်တန်း ဆီနိတ်တာက သတိထား၍        ကြိုဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ စပြီးလွှတ်ပေးတာကို ကြိုဆိုရမှာပါ။ ဒါပေမယ့် မေးရမယ့်မေးခွန်းကတော့ သူတို့ တစ်ယောက်ချင်း လွတ်လွတ်လပ်လပ်ရှိမရှိနဲ့ ကျန်တဲ့ နိုင်ငံ အနှံ့ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်မြောက်မှု ရှိမရှိဆိုတာပါပဲ ”  ဟု ရီပတ်ဗလစ်ကင်ဆီးနိတ် လူနည်းစုခေါင်းဆောင် Mitch Mclonnell က ပြောကြားခဲ့ပါသည်။

ဒီမိုကရက်တစ်ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဌ John Carry က ပြောကြားရာတွင်         “မြန်မာနိုင်ငံမှာ သတိထားပြီး မျှော်လင့်လို့ရမယ့် လမ်းပွင့်သွားမှုတွေအတွက် အဖြစ်အပျက် တော်တော်များများ ရှိနေပါတယ်။ အသွင်ကူးပြောင်းရေး ဖြစ်နေပြီလို့ ပြောလို့ရပါတယ် ” ဟု ဆိုခဲ့သည်။

အငြင်းပွားဖွယ်ရေလှောင်တမံကြီး ဆောက်လုပ်မှုရပ်ဆိုင်းရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်၊ ရှေးယခင်ကတည်းက မဟာမိတ်တရုတ်၏ စိတ်ဆိုးမှုကို မမှုပဲ အန္တရာယ်ကြီးစွာ စွန့်စားမှု၊ ဒီမိုကရေစီ အုပ်စုများနှင့် တွေ့ဆုံစကားပြောမှု အချို့ရှိခြင်း နှင့် နိုင်ငံရေး အရပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရန် လက္ခဏာအချို့ ထွက်ပေါ်လာခြင်းများကို တွေ့မြင်ရကြောင်း Kerry  က ပြောသည်။

“အတွေးသစ် ၊ စဉ်းစားမှု အသစ်တွေ အတွက် တကယ်ပဲလမ်းဖွင့်ပေးတာ မဟုတ်သေးဘူးလို့ အော်တဲ့ အသံတချို့ကြားနေရပါသေးတယ်။ ဒါကတော့ တဖြည်းဖြည်း သေသေချာချာ စမ်းသပ်ရမယ့် ကိစ္စတွေဖြစ်ပါတယ် ” ဟု Kerry က AFP သို့ ပြောသည်။

လူ့အခွင့်အရေး အုပ်စုများကမူ ကြီးကြီးမားမား မျှော်လင့်ထားသော လွတ်ငြိမ်းချမ်းသာခွင့်တွင် အစိုးရဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့် ရှိ၍ မလုံလောက်သေးကြောင်း ဝေဖန်ကြသည်။

******************************************************************************

အမေရိကန်က မြန်မာနိုင်ငံ နှင့် ပတ်သက်၍ အောင်မြင်မှုရရန် မျှော်လင့်

( 12 October 2011 ရက်စွဲပါ AFP ၏ Shaun Tandon ရေးသားသော US hopes for breakthrough on Myanmar ကို ဘာသာပြန်သည်။)

အိုဘားမားအစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြုလုပ်၍ နှစ်နှစ်အကြာတွင် အောင်မြင်မှု ရလုရခင် အခြေအနေတွင် ရောက်ရှိနေပြီဟု မျှော်လင့်လျက်ရှိပြီး ၎င်းအနေဖြင့် အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် စဉ်းစားနေသည်။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန် ပြောကြားခဲ့ခြင်း၊ ဆင်ဆာများ ဖယ်ရှားရန်ပြောကြားခဲ့ခြင်း၊ အများသဘောမတူသည့် ရေကာတာဆောက်ခြင်းကို ရပ်နားခဲ့ပြီး မဟာမိတ်တရုတ် အပေါ် ဆန့်ကျင်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ရာ လွန်ခဲ့သောတစ်နှစ်က စိတ်ကူးထဲတွင်ပင် မထည့်နိုင်သော လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ Bereck Obama သည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒအရ ရန်လိုသော မြန်မာအစိုးရ နှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အီရန် နှင့် ဆီးရီးယားတွင် ၎င်းတို့၏ ပြည်သူများအား သွေးထွက်သံယိုနှိပ်ကွပ်အပြီးတွင် ရီပတ်ဗလစ်ကင် ပြိုင်ဘက်များထံမှ Obama အပေါ် ပြင်းထန်သော ဝေဖန်မှုများ ရှိခဲ့သည်။

သို့သော် Obama အစိုးအနေဖြင့် မြန်မာနိုင်ငံတွင် မတ်လက စစ်အစိုးရ မှ အမည်ခံ အရပ်သားအစိုးရ သို့ အာဏာလွှဲပေး အပြီးတွင် လမ်းပွင့်လာမှုများ ရှိလာသည်ဟု ခံစားသိရှိလာသည်။ အမေရိကန်၏ အကြီးတန်းတာဝန်ရှိသူများသည် စက်တင်ဘာလတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တစ်ဦးထဲဖြင့် သုံးကြိမ် တွေ့ဆုံခဲ့သည်။

တာဝန်ရှိသူများက အမေရိကန်ဘက်မှ လက္ခဏာ တစ်ခုခုပြသရန် အချိန်စောသေးကြောင်း ပြောခဲ့သော်လည်း အစိုးရကမူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့ ခြေလှမ်းများအတွက် ဆုလာဒ်ပေးသော အနေဖြင့် မဲအများစုဖြင့် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အချို့ကို ဖြေလျော့ပေးရန် လိုလားလျက်ရှိကြောင်း  အကြိမ်ကြိမ် ပြောခဲ့သည်။

အမေရိကန်၏ ဆက်ဆံရေးမူဝါဒ ကို ရှေ့ဆုံးမှ စတင်လုပ်ဆောင်ခဲ့သူ အရှေ့အာရှဆိုင်ရာ ထိပ်တန်း အမေရိကန် သံတမန် Kurt Campbell က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများမှာ ရုတ်တရက် မြန်ဆန်ပြီး အသိအမှတ်ပြုဖွယ် ဖြစ်ကြောင်း နှင့် အမေရိကန် အနေဖြင့် အဆက်မပြတ် တိုးတက်မှုကို အလိုရှိကြောင်း ပြောကြားခဲ့သည်။

“ သူတို့ရဲ့ ခြေလှမ်းတွေကို နှိုင်းယှဉ်လို့ရတဲ့ ခြေလှမ်းတွေ နဲ့ ယှဉ်ကြည့်ပါမယ် ” ဟု Campbell က ဘန်ကောက်တွင် ပြောကြားခဲ့သည်။

Obama သည် လာမည့်လ ဘာလီတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသို့ သွားရောက်မည် ဖြစ်ပါသည်။ စီးပွားရေးအရ အင်အားကြီးလာသော အရှေ့တောင်အာရှ နှင့် ဆက်ဆံရေး အားကောင်းစေရန် ကတိအတိုင်း သွားရောက်ခြင်း ဖြစ်သည်။

မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး ဗဟိုဌာန၏ အရှေ့တောင် အာရှ အစီအစဉ် ဒါရိုက်တာ Ernie Bower က ပြောကြားရာတွင် မြန်မာနှင့် ပတ်သတ်သော ဆုံးဖြတ်ချက်သည် အာဆီယံအဖွဲ့ကြီး အား ရှေ့မဆက်နိုင်အောင် တုတ်နှောင်ထားသော သံကြိုး နှင့် ဘောလုံး ကို ဖယ်ရှားလိုက်သကဲ့သို့ ရှိမည်ဖြစ်သည်ဟု ဆိုခဲ့သည်။

ပိုမိုအားကောင်းသော အာဆီယံသည် စုစည်းသော အသင်းကြီးအဖြစ် အမေရိကန်၏ မဟာဗျူဟာ အမြင်တွင် သက်ရောက်မှုများစွာ ရှိမည်ဖြစ်ပြီး အင်အားကြီးလာသော တရုတ်နှင့် စကားပြောရာတွင် တစ်သံတည်းထွက်မည် ဖြစ်ကြောင်း Bower က ပြောကြားခဲ့ပါသည်။ အရှေ့တောင် အာရှ နိုင်ငံ အချို့သည် တရုတ်နှင့် အမြင်မတူမှုများ ရှိနေသည်။

“ အမေရိကန်နိုင်ငံရေး အဝန်းအဝိုင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး အမှတ်ယူဖို့ အဆင်သင့်ဖြစ်တဲ့လူ ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် မဟာဗျူဟာ အဆင့်မှာ ဒါဟာ ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။ လမ်းဖွင့်ပေးတာနဲ့ ပြောင်းလဲမှု ကို အားပေးတဲ့ အနေနဲ့ ဆုလာဒ် ပြန်ပေးတဲ့ အဘောပေါ့ ” ဟု Bower က ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် US Campaign for Burma မှ အောင်ဒင် ကလည်း မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှု အပိုင်းတွင် ပြောင်းလဲမှု လက္ခဏာများ တွေ့ရသည်ဟု ဆိုသည်။

“ စစ်ဗိုလ်ချုပ်တွေဟာ အမေရိကန်ပြည်ထောင်စု နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လိုလားတယ် ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါပေမယ့် သူတို့ အရင်က ညှိနှိုင်းဖို့ မလုပ်ချင်ခဲ့ကြဘူး” ဟု ၎င်းက ပြောသည်။

“ အခုတော့ သူတို့ အမြင်တွေ ပြောင်းသွားပါပြီ။ သူတို့ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေး ပြုလုပ်လိုတာကြောင့် ညှိနှိုင်းမှု လုပ်ရမယ်ဆိုတာ နားလည်လာကြပါတယ် ” ဟု ၎င်းကပင် ဆိုသည်။

အောင်ဒင် နှင့် အခြား လှုပ်ရှားသူများသည် မြန်မာနိုင်ငံ၏ လူသားချင်း မစာနာသော ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အမေရိကန်ပြည်ထောင်စုအား ဖိအားပေးရန် တိုက်တွန်း ခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဌာန၏ နောက်ဆုံး လူအခွင့်အရေး အစီရင်ခံစာတွင် တိုင်းရင်းသားများ နှင့် တိုက်ပွဲ ဖြစ်နေသော ဒေသများတွင် မြန်မာစစ်တပ်သည် ရွာသားများအား အဓမ္မလုပ်အားပေးစေခြင်း ၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြုခြင်းများ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အစိုးရသည် ထိုကိစ္စ စုံစမ်းစစ်ဆေးရေး ကို လူသိရှင်ကြား ထောက်ခံခဲ့သော်လည်း အကောင်အထည် ပေါ်လာရန် အနည်းငယ်သာ လုပ်ဆောင်ခဲ့ပါသည်။ အချို့ပညာရှင်များ နှင့် International Crisis Group တို့ကမူ ယခုလို အချိန်မျိုးတွင် ကုလသမဂ္ဂကောင်မရှင်သည် အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများ ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဝါဒီများ အခက်အခဲ ပြသာနာများ ကြုံတွေ့ရနိုင်ကြောင်း ငြင်းချက်ထုတ်ကြသည်။

ရှေးရိုးဆန်သော Heritage Foundation မှ အာရှလေ့လာမှု ဒါရိုက်တာ Walter Lohman ကမူ မြန်မာတွင် ယခုထိ ပြောင်းလဲမှုများသည် အပေါ်ယံသာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကသာ အမေရိကန်၏ လူ့အခွင့်အရေး ဆိုင်ရာ ကတိကဝတ်များကို အကောင်အထည် ဖော်ပေးမည် ဟု ဆိုသည်။

Lohman က မြန်မာအစိုးရ၏ ဒေါ်အောင်ဆန်းစုကြည် နှင့် စတင် စကားပြောခြင်းမှာ အစိုးရ အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲ မတရားမှု နှင့် ပတ်သတ်၍ ခံစားမှု လျော့စေရန်သာ ဖြစ်ကြောင်း ပြောသည်။

အကယ်၍ မြန်မာနိုင်ငံက အကျဉ်းသားများ လွှတ်ခဲ့လျှင်လည်း ရာဇဝတ်သားများ လွှတ်ခြင်းလော။ ၂၀၀၇ ခုနှစ်က ဘုန်းတော်ကြီး ဆန္ဒပြမှုတွင် ဖမ်းထားသော ပြည်သူများပါ မပါ သေချာစွာ သုံးသပ်ရမည် ဟု Lohman က ဆိုခဲ့သည်။

“ မြန်မာနိုင်ငံ မှာ ဒါပဲလုပ်နေတာ၊ တဝဲလည်လည်နဲ့ နှစ်နှစ်ဆယ် ရှိပါပြီ။ ဒီတော့ အရေးယူမှုတွေ ရုတ်သိမ်းဖို့ စပြောဖို့ စောပါသေးတယ်။ အရုဏ်ဦး ရောက်နေပြီ လို့ ပြောဖို့ စောပါသေးတယ် ” ဟု ၎င်းက ပြောသည်။

******************************************************************************

မြန်မာလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အနောက် Sanctions များရုတ်သိမ်းပေးမှု ဖြစ်ပေါ်လာနိုင်

(Asahi Shimbun မှ 13 Oct 2011 ရက်စွဲပါ “Amnesty in Myanmar may led to lifting of Western Sanctions” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရသစ်က လူ့အခွင့်အရေးကာကွယ်မှုကို အလေးထားနေပြီဟု အနောက်နိုင်ငံများက သတ်မှတ်ယုံကြည်လာစေရန် ရည်ရွယ်ထားသော အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၂ရက်မှ စ၍ သတ်မှတ်အကျဉ်းသားများကိုစတင်လွှတ်ပေးလျှက်ရှိသည်။

ယခင်တစ်ရက်ကကြေငြာခဲ့သောလွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကြောင့် ယခင်အာဏာရှင်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကို ကန့်ကွက်သည့် အနေဖြင့် ချမှတ်ထားခဲ့သောစီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပေးသည်အထိ ဖြစ်နိုင်သည်ဟုမျှော်လင့်ရပါသည်။

မြန်မာနိုင်ငံ၏ ခန့်မှန်းချေ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်အနက် အများစုလွတ်မြောက်လာတော့မည်ဟူသော မျှော်လင့်ချက်များ မကြာသေးမီ သီတင်းပတ်များအတွင်း ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

ယခင်ရက်က အစိုးရကြေညာလိုက်သော လွတ်ငြိမ်းချမ်းသာခွင့်တွင် နာမည်များဖော်ပြခြင်းမရှိသလို မည်သို့သောအကျဉ်းသားအမျိုးအစားများကို လွှတ်ပေးမည် ဆိုသည်ကိုသဲကွဲစွာမသိရသေးပါ။

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဂျပန်၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများတို့က အစဉ်တစိုက် ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ကြသည်။

ယခင်အစိုးရလက်ထက် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများထဲတွင် ၁၉၈၈ နှင့် ၂၀၀၇ အကြား စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများနှင့် ဒီမိုကရေစီလှုပ်ရှားမှု၏ သော့ချက် ပုဂ္ဂိုလ်များပါဝင်လျှက်ရှိသည်။

လတ်တလော နိုင်ငံရေးအကျဉ်းသား ၇၀ ခန့် ပါဝင်လွတ်မြောက်လာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်သည် အစိုးရကဒီမိုကရေစီ မြှင့်တင်ရေးကို အလေးထားသည့် လက္ခဏာအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး “အနောက်နိုင်ငံများ၏ Sanctions ရုတ်သိမ်းပေးမှု” ကို ဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၁၁ရက်တွင် ကြေညာရာ၌ အသက်ကြီး၍ မကျန်းမာသောအကျဉ်းသားများ၊ ပြစ်ဒဏ်ကျ ကာလအတွင်း ကောင်းမွန်စွာနေသော အကျဉ်းသားများအနေဖြင့် သမ္မတကြီးပေးသော လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကြုံးဝင်ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

အသစ်စက်စက် မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှု မရှိသောအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုသည့် ပေးစာကိုသမ္မတကြီးထံ တင်ပြခဲ့သည်ဟုအစိုးရအာဘော် သတင်းစာများက သတင်းဖော်ပြခဲ့ကြသည်။

ထို့အပြင် ၂၀၁၄ တွင် အာဆီယံဥက္ကဌအလှည့်ကျ တာဝန်ယူချင်သော မြန်မာနိုင်ငံကို ထောက်ခံပေးကြမည့် အိမ်နီးခြင်းအာဆီယံအဖွဲ့၏ နိုင်ငံများကိုလည်းဘဝင်ကျ ကျေနပ်ကြစေရန် ယခုလွတ်ငြိမ်းချမ်းသာခွင့်က ရည်ရွယ်ထားခြင်းဖြစ်သည်။

အကယ်၍ ယခုလွှတ်ပေးသောအစီအစဉ်တွင် ယခင်တပ်မတော်အစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေသည့် တိုင်းရင်းသားအုပ်စုများမှ ခေါင်ဆောင်များ ပါဝင်မည်ဆိုပါကအစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားပေးမြှင့်တင်ရန် ကြိုးပမ်းနေသည်ဟုယူဆရပါလိမ့်မည်။

မတ်လက သမ္မတဖြစ်လာခဲ့သောဦးသိန်းစိန်သည် ယခင်အစိုးရတွင် နံပတ်၎ အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သည့်တိုင်အောင် ယခင်အာဏာရှင် အစိုးရဟောင်းနှင့် နှောင်ကြိုးတွယ်မိနေမှုကို ဖြတ်တောက်ရန် ကြိုးစားလျှက်ရှိသည်။

မနှစ်က နောက်ဆုံးကျင်းပထားသော နိုဝင်ဘာလက ရွေးကောက်ပွဲများတွင် အမတ်နေရာလေးပုံတစ်ပုံကို တပ်မတော်ကိုယ်စားလှယ်များအတွက် သီးသန့် ဖယ်ထားခဲ့ပြီး ကျန်နေရာများ၏ ၈၀ရာခိုင်နှုန်းကိုမူ တပ်မတော်ကအလုံးစုံစိုက်ထုတ် ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကရယူခဲ့သည်။

သို့သော်လည်း ဦးသိန်းစိန်သည် သမ္မတဖြစ်လာပြီးနောက်ပိုင်း အတိုက်အခံခေါင်းဆောင် (လူထုခေါင်းဆောင်) ဒေါ်အောင်ဆန်းစုကြည်နှင့် သမိုင်းဝင်တွေ့ဆုံမှု ပြုလုပ်ကာ “ပွင့်လင်းစွာဆက်ဆံရေး” တံခါးသစ်ကိုဖွင့်လှစ်လိုက်သည့် အပြင် သတင်းဖော်ပြမှုဆိုင်ရာတားမြစ်ချက်များကိုလည်း ဖြေလျှော့ပေးခဲ့လေသည်။

ထို့အပြင် ဒေသခံ ပြည်သူများနှင့် နိုင်ငံသဘာဝဂေဟစနစ်တို့ကို ပျက်သုန်းသွားစေမည့် အငြင်းပွားဖွယ် မြစ်ဆုံရေလှောင်တမံစီမံကိန်းကို ရုတ်တရက် ရင်ဆိုင်လိုက်ခြင်းဖြင့် မြန်မာအစိုးရက ပြည်တွင်းပြည်ပအသိုင်းအဝိုင်းများကို အံ့အားသင့်စေခဲ့ပေသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံတွင် လတ်တလောပြောင်းလဲနေမှုများကို အမေရိကန်ပြည်ထောင်စုကလည်း ဝမ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ပြုလျှက်ရှိသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က “ထင်ရှားသောအပြောင်းအလဲလက္ခဏာများကို မြန်မာအစိုးရက ပြသခဲ့သည်။” ဟုပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းမပြုရန် တားမြစ်ထားသော Sanctions များရုတ်သိမ်းရေးသည် အမေရိကန်လွှတ်တော်တွင် ပြင်းထန်သောဆန့်ကျင်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည့်တိုင်အောင် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးတက်လာအောင် ဝါရှင်တန်က ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

******************************************************************************

မြန်မာနိုင်ငံမှ မျှော်လင့်ချက် (သို့) မြန်မာတို့၏ နွေဦးရောင်နီ

(The Economist မှ 8th October, 2011 ရက်စွဲပါ "Hope in Myanmar-A Burmese Spring" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ရှုခင်းများလှပသော်လည်း ပျက်စီးယိုယွင်းလျှက်ရှိသော မြန်မာနိုင်ငံမှ လတ်တလော ထွက်ပေါ်လာသည့် သတင်းများက အပြုသဘော အကောင်း မြင်ကြရန်အတွက် ရှားရှားပါးပါးအကြောင်းအချက်များကို ထုတ်ပေးလိုက်ပြီဖြစ်သည်။ ပြီးခဲ့သော သီတင်းပတ်တွင် သမ္မတ ဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း) က နိုင်ငံ၏ သွေးကြောဧရာဝတီမြစ်ပေါ်တွင် ကန့်လန့်ပိတ် တည်ဆောက်နေသည့် မြစ်ဆုံတမံကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤဖြစ်ရပ်သည် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းသည့်ကိစ္စဟု ဆိုနိုင်သလို ထင်ရှားသော အပြောင်းအလဲကိုလည်း ထင်ဟပ်ပြသနေသည်။ တမံအတွက် ငွေအရင်းအနှီးထုတ်ပေးသော တရုတ်နိုင်ငံကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် စိတ်အနှောင့်အယှက်ပေးရန် မြန်မာအစိုးရက ပြင်ဆင်ဆောင်ရွက်ထားခြင်းကိုလည်း ပြသခဲ့သည်။

တရုတ်တို့ မခံချိမခံသာဖြစ်အောင် လုပ်ခြင်းသည် အရာခပ်သိမ်းကောင်းသည့် ကိစ္စမဟုတ်ပါ။ သို့သော် ယခုကိစ္စမှာ ကြီးမားသော မဟာဗျူဟာ၏ အကွက်တစ်ခုဖြစ်ပုံရပါသည်။ ပြည်တွင်းမှာ ရေပန်းစားနေသော သဘောထားနှင့် အနောက်နိုင်ငံများထံမှ ဖိအား နှစ်မျိုးစလုံးအပေါ် ပိုမိုဂရုတစိုက်တုံ့ပြန်မှုကို ပြသရန် မြန်မာခေါင်းဆောင်များက ပြင်ဆင်ထားကြသည့် လက္ခဏာရှိပါသည်။ သြဂုတ်လအတွင်းတွင် မြန်မာအတိုက်အခံအင်အားစုများ၏ ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က ကိုယ်တိုင်ဖိတ်ကြားကာ ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ တချိန်က နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ပိတ်လှောင်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်ထိအကြီးမားဆုံး လွတ်လပ်စွာ လှုပ်ရှားခွင့်ကို လတ်တလောရရှိနေသော နိုင်ငံခြားဧည့်သည်တော်များနှင့်ပင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်။ ထို့နောက် စက်တင်ဘာတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုရန် ဥပဒေကို အစိုးရက ထုတ်ပြန်ခဲ့သည်။ ယခုပြောင်းလဲမှုသည် လက်ရှိ အရပ်သားအမည်ခံအစိုးရ၏ တင်းကြပ်သော မူဝါဒများ ကြီးမားစွာ ပြောင်းလဲမှု စတင်ခြင်းကို ပြသနေသည်ဟု ဆိုနိုင်သည်။

မြန်မာခေါင်းဆောင်များ၏ ဖြေလျှော့မှု (သို့)ပျော့ပြောင်းမှုသည် ယခု ပထမဆုံး အကြိမ် မဟုတ်ပါ။ ယခင်အကြိမ်များက ပြသခဲ့သော မျှော်လင့်ချက် ရောင်နီများသည် ဟန်ဆောင်လှည့်ဖျားမှုအဖြစ် ပြောင်းလဲသွားခဲ့ကြဖူးသည်။ ၁၉၉၀ခုနှစ်များအတွင်းက တစ်ကြိမ်၊ ၂၀၀၂-၂၀၀၃ တွင် တစ်ကြိမ် ဗိုလ်ချုပ်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံအုပ်စုများအကြား ပြန်လည်သင့်မြတ်မှု စတင်တော့မည့် လက္ခဏာများ ရှိလာခဲ့ဖူးသည်။ ထိုနှစ်ကြိမ်စလုံးတွင် အပြောင်းအလဲများ ဘယ်ဆီရောက်သွားမှန်း မသိရဘဲ စစ်အစိုးရအတွင်းမှ ခေါင်းမာသူများ၏ အစွန်းရောက် ရန်လိုမှုများသာ ထွက်ပေါ်လာခဲ့သည်။

သို့သော် ယခုအကြိမ်တွင်မူ ပိုမိုလိုက်လျော ဖြေလျှော့ပေးလာကြောင်း အစိုးရအတိုက်အခံများကပင် ဝန်ခံကြရသည်။ အနောက်နိုင်ငံများ၏ နှစ်ပေါင်းများစွာ အရေးယူပိတ်ဆို့မှုများသည် မြန်မာ့နိုင်ငံရေး သိသာစွာ ပြောင်းလဲရေး လမ်းကြောင်းတွင် အနည်းငယ်မျှသာ သက်ရောက်မှုရှိကာ ပန်းတိုင်မရောက်သည့်အပြင် အာဏာရှင် အစိုးရများကို ပိုမိုခွင့်လွှတ်ပေါင်းသင်းဆက်ဆံ ညာစားမည့် တရုတ်နိုင်ငံဆီသို့ မြန်မာခေါင်းဆောင်များကို တွန်းပို့ခဲ့ပေသည်။ သို့သော် တရုတ်နှင့် ကြီးကြီးမားမား နီးကပ်သွားခြင်းကို မြန်မာတို့က လုံးလုံးလျားလျား လိုလားကြိုဆိုခဲ့ကြပုံမရပါ။ မြန်မာပြည်သူများအပြင် မြန်မာအစိုးရကပါ တရုတ်၏ ချည်နှောင်မှုမခံဘဲ လွတ်လပ်စွာ ရပ်တည်လိုစိတ်နှင့် တရုတ်စီးပွားရေးသြဇာကြီးမားစွာ လွှမ်းမိုးလာခြင်းအပေါ် စိတ်အနှောင့်အယှက်ဖြစ်မှုတို့ ကြီးထွားလာခြင်းကို မြင်တွေ့လာရသည်။ သာမန်မြန်မာပြည်သူအများစု ဆင်းရဲတွင်း နက်နေကြဆဲဖြစ်၍ အနောက်နိုင်ငံအရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးအောင် ကြိုးစားသည့် အနေဖြင့် မြန်မာခေါင်းဆောင်များက လိုက်လျောဖြေလျော့ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်နိုင်ပါသည်။

ဖိအားကိုလျှော့ပါ၊ဖြည်းဖြည်းလေးပေါ့

အနောက်နိုင်ငံများအနေဖြင့် မည်သို့တုံ့ပြန်သင့်ပါသလဲ၊ မြန်မာခေါင်းဆောင်များကမူ sanction များ အမြန်ရုပ်သိမ်းခြင်းကို မြင်ချင်ကြမည်မှာ သံသယရှိစရာမလိုပါ။ ထိုသို့ဖြစ်ဖို့ သူတို့ပို၍ လှုပ်ပြဖို့ လိုပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အလားအလာရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ ထိုသို့လွှတ်ပေးခဲ့ပါက မြန်မာခေါင်းဆောင်များ အမှတ်တော်တော်များများ ရသွားပါလိမ့်မည်။ သို့သော်လည်း တပ်မတော်ကသာ အရာရာကို အထက်စီးရခွင့်ပေးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီက အသိအမှတ်မပြုပဲ ကန့်ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေဟူသော အကြီးဆုံးကိစ္စကြီး ကျန်နေပါသည်။ ဤအခြေခံဥပဒေရှိနေသ၍ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် စစ်မှန်သော နိုင်ငံရေးသင့်မြတ်မှုရရှိဖို့ ခက်ခဲပါလိမ့်မည်။ ထိုကဲ့သို့ ဆိုးရွားသော အခြေခံဥပဒေကို အမြန်ဆုံး ပြန်လည်ရေးဆွဲသင့်သည်။

အထက်ပါ သတိထားစရာများ ရှိနေသော်လည်း အနောက်နိုင်ငံများက ဦးသိန်းစိန်၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုကာ ပြုပြင်ပြောင်းလဲမှုများကိုလည်း လက်ခုပ်တီးကြိုဆိုခဲ့ကြသည်။ ယခုတလော လိုက်လျောပြောင်းလဲလာမှုများကို ကောင်းစွာကြိုဆိုတုံ့ပြန်ရန် ပျက်ကွက်မည်ဆိုပါက မြန်မာအစိုးရအတွင်းမှ သဘောထား တင်းမာသူများ၏ သံသယများကို ခိုင်မာသွားစေပါလိမ့်မည်။ ယခုအကြိမ်အပြောင်းအလဲသည် အကန့်အသတ်ရှိနေသော်လည်း လုံးဝမရှိခြင်းထက်စာလျှင် အများကြီးပို၍ ကောင်းပါမည်။

နှစ်ပေါင်းများစွာ မျှော်လင့်ချက်မဲ့ခဲ့ရပြီးနောက်တွင် ရုတ်တရက်ပေါ်ထွက်လာသော အပြောင်းအလဲများသည် အမှောင်ထဲမှ မြန်မာပြည်သူများအတွက် မျှော်လင့်စရာ အလင်းရောင်ပျပျ အဖြစ် ကိုယ်စားပြုလျှက်ရှိသည်။

**********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs