Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၄.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. အပုတ်နံ့ထွက် စားအုန်းဆီများ ဈေးကွက်တွင်တွေ့ရှိ
  2. ရွှေဘို နာရေးကူညီမှုအသင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြန်လည်လွှဲအပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း သုံးနိုင်ငံလေ့လာရေး ခရီးထွက်မည်
  2. လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပြန်ဦးမည်
  3. မိုင်းထောင်ဖောက်ခွဲမှုကြောင့် ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း၏ တာဝါတိုင်တစ်တိုင် ချို့ယွင်းပျက်စီး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အတိုက်အခံဆိုတာ ထွေးပိုက်အားပေးရမယ့်အရာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

အပုတ်နံ့ထွက် စားအုန်းဆီများ ဈေးကွက်တွင်တွေ့ရှိ

အခြခံလူတန်းစားများ အများဆုံးစားသုံးသည့် စားအုန်းဆီဈေးကွက်သို့ အပုတ်နံ့ထွက်နေသော ဆီများ ၀င်ရောက်လာနေသည်ကို တွေ့ရှိရကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆီကုန်သည်တစ်ဦးက ပြောကြားသည်။

အဆိုပါဆီများကို အဆိုတော် ကန့်ကော်တောမျိုးအောင် ပိုင်ဆိုင်သည်ဆိုသော စိန်နဂါး (Diamond Dragon) ဆီ လှောင်ကန်က ဖြန့်ဖြူးသော ဆီပေပါများတွင် တွေ့ရှိရခြင်းဖြစ်ပြီး မလေးရှားနိုင်ငံမှတင်သွင်းသော ဆီတင်သင်္ဘောများမှ ပါလာခြင်း မဖြစ်နိင်ကြောင်း ဆီလှောင်ကန်၏ ချို့ယွင်းချက်သာ ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ထူးဆီလှောင်ကန်နှင့် ဦးပိုင်ဆီလှောင်ကန်မှ ထုတ်သောဆီများသည် အပုတ်နံ့မရဘဲ ပုံမှန်အနံ့သာရှိပြီး DDကန်မှ ထုတ်သော ဆီများတွင်သာ အပုတ်နံ့ ရခြင်းဖြစ်ကြောင်း လသာမြို့နယ်မှ ဆီကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်ဆီရောင်းဝယ်ရေးဈေးကွက်တွင် အပုတ်နံ့ ပါဆီတစ်ပိသာ ၁၆၅၅ ကျပ် ဆီအကောင်းမှာ ၁၆၆၅ ဖြင့် အရောင်းအ၀ယ်ဖြစ်နေပြီး ဆီကောင်းနှင့် ဆီပုတ်ရောနှောရောင်းချမည့်သူများ ရှိနိင်ကြောင်း မြေပဲဆုံဆီသီးသန့်ရောင်း ၀ယ်သူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့်လကလည်း မီးအပူပေးသော်လည်း နွှေးဆဲမှာပင် ချက်ချင်းပြန်ခဲသည့် ဆပ်ပြာချက်သော ကုန်ကြမ်း စားအုန်းဆီဟု ယူဆရသည့် အရည်အသွေးနိမ့် စားအုန်းဆီများ ဈေးကွက်တွင် တွေ့ရှိရသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ရွှေဘို နာရေးကူညီမှုအသင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြန်လည်လွှဲအပ်

ပြီးခဲ့သည့် စက်တင်ဘာလက ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး အဓမ္မသိမ်ပိုက်ခဲ့သော နာရေးကူညီမှုအသင်းကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ သတိပေးမှုကြောင့် နာရေးကားအချို့နှင့် ပစ္စည်းအချို့ ပြန်လည်လွှဲပြောင်းပေးကြောင်း ရွှေဘိုဒေသခံများက ပြောကြားသည်။

ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှုး ဦးလှဦးသည် ရွှေဘိုမြို့ရှိ နာရေးကူညီမှုအသင်းဟု လူသိများသော ရွှေဘို လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းစုကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့က  အဓမ္မသိမ်းပိုက်ခဲ့ရာမှ အောက်တိုဘာလ ပထမပတ်တွင် ပြန်လည်လွှဲအပ်ခဲ့ကြောင်း ဒေသခံများက ပြောကြား သည်။

ခရိုင်ဥက္ကဋ္ဌ နာရေးကူညီမှုအသင်းကို သိမ်းလိုက်သည့်ကိစ္စက  အွန်လိုင်းပေါ်တက်သွားပြီးနောက် တိုင်းဒေသကြီး ၀န်ကြီးထံ ရောက်သွား သဖြင့် ပြန်လွှဲပေးခြင်းဖြစ်ကြောင်း အသက်၂၅နှစ်အရွယ် ဒေသခံတစ်ဦးက ပြောကြားသည်။

“အွန်လိုင်းမှာ ပါလာတော့ ဦးလှဦး မျက်လုံးပြူးသွားတယ် သူကသဘောကောင်းတယ် သူအနားကလူတွေက မြှောက်ပေးနေတာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နာရေးကူညီမှုအဖွဲ့တွင် မညီညွတ်မှုများ ရှိနေသဖြင့် ခရိုင်ဥက္ကဋ္ဌက ၀င်ရောက်ထိန်းသိမ်းရခြင်းသာဖြစ်ကြောင်း နာယက ဆရာတော်ကြီးများ ဦးဆောင် ထိန်းသိမ်းပေးရန်အတွက် ပြန်လွှဲပေးလိုကြောင်း နာရေးအဖွဲ့ဆရာတော်ကြီး သုံးပါးကို လျှောက်ထားပြီး ပြန်လွှဲပေးခြင်းဖြစ်ကြောင်း နာရေးကူညီမှု အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

“အသင်းက မှတ်ပုံတင်မကျသေးတာ မကြာခင် မှတ်ပုံတင်ကျမယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည် စက်တင်ဘာ (၄)ရက်နေ့က ရွှေဘိုအဝေးပြေးယာဉ်ရပ်နားစခန်းတွင်  ရန်အောင်မန်းကားဂိတ်မှ နာရေးကူညီမှုအသင်းသို့ Super Custom ကားတစ်စီးလှူဒါန်းပွဲတွင် ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦးသည် မပြောမဆိုနှင့် မိုက်ကရိုဖုန်းကိုကိုင်ကာ ရွှေဘို လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းစုကို ၎င်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ လုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု ကြောငြာခဲ့ကြောင်း အဝေးပြေးခရီးသည်ဂိတ် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရွှေဘို လမ်းလေးခွအနီးရှိ အသင်းရုံးမှ ကားများကိုသာမက စာရွက်စာတမ်း ရုံးလုပ်ငန်းသုံး စားပွဲ၊ ကုလားထိုင်များကို စည်ပင်ရုံးသို့ အတင်းအဓမ္မ ရွေ့ပြောင်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့မှတ်ပုံတင်ထားဆဲဖြစ်ပြီး လိုင်စင်မကျသေးသဖြင့် လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းစု အမည်ဖြင့် ၈လအတွင်း နာရေးကူညီမှု အယောက် ၅၀၀ ခန့် ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ယင်းအဖွဲ့ကို ရွှေဘိုမြို့ရှိ လူအများ လေးစား ကြည်ညိုသည့် ဆရာတော်ကြီးသုံးပါးက နာယက ဆရာတော်များအဖြစ် ပါဝင်ဖွဲ့စည်းထားကာ ဒေသခံအလှူရှင် ၃၉ ဦး၏ မတည်လှူဒါန်းငွေ ၉၁သိန်းဖြင့် ဖွဲ့စည်း ထားကြောင်း အလှူရှင်များက သံဃာတော်များကိုသာ လှူဒါန်းထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မိဖြူ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း သုံးနိုင်ငံလေ့လာရေး ခရီးထွက်မည်

သက်ဆိုင်ရာနိုင်ငံများ၏ အောက်လွှတ်တော်ဥက္ကဋ္ဌများ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံများသို့ လာမည့်နှစ်လအတွင်း ဆက်တိုက်သွားရောက်မည် ဖြစ်ကြောင်း နေပြည်တော် လွှတ်တော်သတင်းရပ်ကွက်မှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အောက်လွှတ်တော်ဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အိန္ဒိယနိုင်ငံ အောက်လွှတ်တော်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဦးစွာ သွားရောက်မည်ဖြစ်ပြီး နောက်နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ အောက်လွှတ်တော်နှင့် တောင်ကိုရီးယားနိုင်ငံ အောက် လွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်ရေးရာ လုပ်ငန်းများနှင့် ပတ်သက်၍ လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုသည် မိမိဒေသအတွက် လိုအပ်ချက်ဖြစ်သည့် ကျောင်းဆောက်၊ တံတားဆောက်၊ လမ်းဖောက် ကိစ္စများသာကို အလေးအထားဆွေးနွေးနေကြပြီး အစုံလုံးသဘောပါမည့် ဥပဒေသစ်များ ပြင်ဆင်ရေးဆွဲရန် အဆို တင်သွင်းနိုင်ခြင်း အားနည်းနေကြောင်း လွတ်တော်ဥက္ကဋ္ဌ လေ့လာရေးခရီးသွားပြီး ပြန်လာလျှင် လွှတ်တော်သည် ယခုထက် ပိုမိုအသက်ဝင်လာနိုင်စရာ ရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယခင်တပ်မတော်အစိုးရလက်ထက်တွင် နံပါတ် ၃ ခေါင်းဆောင်ဟု အများကသတ်မှတ်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် သမ္မတဖြစ်မည်ဟု ထင်ကြေးပေးခံရသူ သူရဦးရွှေမန်းကို သမ္မတဦးသိန်းစိန်ကဲ့သို့ပင် ပြုပြင်ပြောင်းလဲရေး လိုလားသူတစ်ဦးအဖြစ် အသိအမှတ်ပြု လက်ခံထားကြပြီး လွှတ်တော် လုပ်ပိုင်ခွင့်ဘောင်ထဲမှတဆင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်သွား မည့်သူတစ်ဦးဖြစ်ကြောင်း မြန်မာ့အရေး ပိုင်းခြားစိတ်ဖြာသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပြန်ဦးမည်

လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက်ထုတ်ပြန်ပေးဦးမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ဦးရေ ၆၃၅၉ ဦး လွတ်မြောက်လာပြီး ယင်းထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကနေသူ ၃၀၀ နီးပါး ပါဝင်ခြင်းသည် အမျိုးသား ပြန်လည်စည်းလုံးရေးအတွက် လှေကားထစ်တစ်ခုကို တက်လှမ်းလိုက်ခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ခြေလှမ်းတစ်လှမ်းလာပြီးရင် နောက်ခြေလှမ်းတွေ ထပ်လာဖို့ ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဒီခြေလှမ်းတွေ နောက်မဆုတ်သွားအောက် ဝိုင်းဝန်း ထောက်ခံဖို့ လိုပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံပေးမှုကြောင့် ရရှိလာသည့် အကျိုးရလဒ်သည် လတ်တလောလိုအပ်နေသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထောက်ပံ့ပေးနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူ ဦးခင်မောင်ဆွေက ပြောကြားသည်။

“လိုအပ်နေတဲ့ကိစ္စတွေကို မြန်မြန်လုပ်ဖို့ လိုပါတယ်”ဟု ယင်းက ဆိုသည်။

အကျဉ်းထောင်များတွင် ကျန်ရှိသည့်နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် ဆက်တိုက်လွတ်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက် အကျဉ်းသားများ လွတ်လာချိန်တွင် ဖွင့်ဟပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စသည် အခြားသောကိစ္စရပ်များနှင့် ဆက်နွယ်နေသော ကိစ္စရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းဂျာနယ်တစ်ခု၏ တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာ တခြားနိုင်ငံရေးကိစ္စတွေနဲ့ ခွဲခြားမြင်လို့မရဘူး။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း ဆိုတာ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုသလို ပူးပေါင်းဆောင်ရွက်မှုကလည်း  နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အထာက်အကူ ဖြစ်မယ်လို့ အန်တီမြင်တယ်။ ဒါတွေကခွဲခြားမြင်လို့မရဘူး။ အားလုံးဆက်နွယ်နေတယ်”ဟု ယင်းကနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အခြားသောနိုင်ငံရေး ကိစ္စရပ်များသည် ဆက်စပ်နေကြောင်း ဆိုသည်။

သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးတိုးတက်မှုများသည် နှစ်ဦးသား သဘောတူညီချက်ကို အကောင်အထည်ဖော်နေသည်ကို မြင်တွေ့နေရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေထဲမှာမှ ကိုမင်းကိုနိုင်အိမ်ကို သွားလည်တာ၊ ပြီးတော့လွတ်တဲ့အထဲ ကိုမင်းကိုနိုင် မပါလာတာတွေဟာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သဘောတူညီချက်တွေ ရထားတယ်။ ဒီသဘောတူညီချက်တွေက တဖြည်းဖြည်းအကောင်အထည် ဖော်လာမှာကို မြင်နေရ ပါတယ်”ဟု ယင်းကပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မိုင်းထောင်ဖောက်ခွဲမှုကြောင့် ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း၏ တာဝါတိုင်တစ်တိုင် ချို့ယွင်းပျက်စီး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မန်တုံမြို့နယ် လွယ်တန်းကျေးရွာအနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း၏ တာဝါတိုင် တစ်တိုင်အား သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသဖြင့် ချို့ယွင်းပျက် စီးသွားခဲ့ကြောင်း၊ တာဝါတိုင်အား ပြန်လည်ပြုပြင်လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် မဟာဓါတ်အားလိုင်းမှူး (မန်စံ) နှင့်အဖွဲ့သည် ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း၏ တာဝါတိုင်အမှတ် (SM-129) (Suspension Tower) အား သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲသွားကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ တာဝါတိုင်၏ အောက်ခြေ ခြေထောက်လေးချောင်းအနက် သုံးချောင်းပြတ်၍ တစ်ချောင်းကွေးညွတ်ပြီး တာဝါတိုင် ပြိုလဲကာ ဓါတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။

ယင်းတာဝါတိုင် ပြိုလဲခြင်းကြောင့် ရွှေလီဓါတ်အားပေးစက်ရုံမှ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်းသို့ ဓါတ်အားထုတ်လုပ် ပို့လွှတ်နိုင်ခြင်း မရှိသဖြင့် ဓါတ်အားစနစ်အတွင်း (၁၂၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိကြောင်း၊ ထို့အတွက် ပေါင်းလောင်း ဓါတ်အားပေးစက်ရုံမှ ဓါတ်အားပေးစက် နှစ်လုံး၊ ဘီလူးချောင်း(၂) ဓါတ်အားပေးစက်ရုံမှ ဓါတ်အား ပေးစက် တစ်လုံးတို့ဖြင့် လျှပ်စစ်ဓါတ်အား ပိုမိုတိုးမြှင့် ထုတ်လုပ်၍ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ တာဝါတိုင်အား မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစီး၍ ဝန်ထမ်း (၄၅) ဦးတို့က ပြန်လည် ပြုပြင်လျက် ရှိကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

 YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လွှတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီလမ်းကြောင်းပေါ်သွားရင် မီဒီယာကဏ္ဍက အရေးကြီးလှတယ်လို့ဆိုတယ်။ ဒါက ပေါ်လစီ သဘောပြောတာပေါ့။ လက်တွေ့မှာ ညွှန်ကြားချက်ရှိဖို့လိုတယ်။ အနည်းဆုံးတော့ သက်ဆိုင်ရာဌာန အကြီးအကဲတွေက သူ့လက်အောက်က အရာထမ်းတွေကို သတင်း သမားတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မေးရင်ဖြေပါလို့ဆိုထားရမယ်။ ဒါကို မီးစိမ်းပြတယ်လို့ခေါ်တယ်။ အဲဒီလို မီးစိမ်း ပြတယ်လို့ခေါ်တယ်။ အဲဒီလို မီးစိမ်းပြတာ မရှိမချင်းကတော့ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့မူနဲ့ ကြောက်ရွံ့ နေကြမှာပဲ။ အဲဒီတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့က သတင်းထောက်က ကြိုးစားနေရုံနဲ့မရဘူး။ အားလုံးပါဝင်ဖော် ဆောင်မှဖြစ်မယ်”

အောက်တိုဘာ ၁၀ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၁) တွင်ပါသည့် “ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာတွင် ဌာနဆိုင်ရာ များအနေဖြင့် မီဒီယာနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်သင့်” သတင်းမှ သတင်းစာဆရာ မောင်ဝံသ၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လုပ်ချင်တဲ့ ပုံစံကို ဒီနေ့အပ် မနက်ဖြန်ရပါတယ်။ ကျွန်တော်တို့ကို ကြီးကြပ်တဲ့ အဖွဲ့ကတော့ မရှိပါဘူး။ အခုနောက်ပိုင်း တံဆိပ်တုံးအတုပြုလုပ်ပြီး ဝန်ထမ်းကတ်အတု လုပ်လာကြတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ ဌာနဆိုင်ရာနဲ့ အစိုးရတံဆိပ်တုံး လုပ်မယ်ဆိုရင် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါမှ လုပ်ပေးပေမယ့် လုပ်သက်နုတဲ့သူတွေကြတော့ နားမလည်လို့ရော၊ နားလည်မှုနဲ့ရော လုပ်ကြတာမျိုးတွေရှိနေတယ်”

အောက်တိုဘာ ၁၀ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၁) တွင်ပါသည့် “ဝန်ထမ်းကတ်ပြုလုပ်ရာတွင် ဌာနဆိုင်ရာ တံဆိပ်တုံးများ အတုပြုလုပ်၍ အလွဲသုံးစားပြုလုပ်လာ” သတင်းမှ ဆူးလေဘုရားအနီး No.1 တံဆိပ်တုံး ပြုလုပ်သောဆိုင်မှ ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ပထမအချက်အနေနှင့် အိုဘားမားအစိုးရသည် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးကို ပြတ်ပြတ်သားသား ထောက်ခံရမည်။ တစ်ချိန်တည်းမှာပင် အလျင်စလို များများစားစား တောင်းဆိုမှုမပြုဘဲ စိတ်ရှည်ရှည်နှင့် စောင့်ကြည့်ရမည်။ ယခုလက်ရှိ ဖြစ်ပေါ်နေသော အပြောင်းအလဲမှ တစ်ပါး အခြားရွေးစရာလမ်းမှာ ပြီးပြည့်စုံသော တော်လှန်ရေးကားမဟုတ်။ လမ်းဟောင်းကြီးသို့ ဒုံရင်း ပြန်လှည့်သွားခြင်းသာဖြစ်လိမ့်မည်။

ဒုတိယအချက်မှာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရေးအတွက် အလွန်အမင်းလိုအပ်နေသော နည်းပညာနှင့် ပညာရပ်ပိုင်းဆိုင်ရာ အကြံဉာဏ်နှင့် အကူအညီကို မြန်မာနိုင်ငံရရှိရေးအတွက် အိုဘားမားအစိုးရက အကူအညီပေးဖို့ လိုအပ်ပါသည်။ နှစ်ပေါင်း ၅၀ ကျော် အထီးကျန်နေခဲသော့ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းမှအစ ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးများအဆုံး ကဏ္ဍတိုင်းတွင် ကျွမ်းကျင် ပညာရှင်များ ချို့တဲ့၍ နေပါသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာဘဏ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများအား မြန်မာနိုင်ငံသို့ ကျွမ်းကျင်မှု အကူအညီများ ပေးနိုင်အောင် အမေရိကန်က ကန့်သတ်ထမ်းချုပ်မှုများကို ရုပ်သိမ်းပေးဖို့ လိုပါလိမ့်မည်။ ငွေပေးရမည်ဟု မဆိုလိုပါ။ ပြုပြင်ပြောင်းလဲရေးများကို အကောင်းဆုံး လုပ် ဆောင်နိုင်ရေး အတွက် မြန်မာနိုင်ငံ လိုအပ်သော အသိပညာနှင့် အကြံဉာဏ်များ ပေးရန်ပင်ဖြစ်ပါသည်။

အောက်တိုဘာ ၁၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၃၉) တွင်ပါသည့် ဦးသန့်မြင့်ဦး ရေးသည့် “အခွင့် ကောင်းကို လက်မလွတ်ပါစေနဲ့” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာပြည်ထဲမှာ ရှိနှင့်ပြီးသား နိုင်ငံခြားကုမ္ပဏီလုပ်ငန်းတွေလုပ်ငန်းချဲ့ဖို့ ပြင်ဆင်နေကြတယ်။ အသစ်ဝင် ရောက်လာမယ့် လုပ်ငန်းတွေ၊ အမှတ် တံဆိပ်တွေလည်း ရှိတယ်။ ကိုယ်စားလှယ်ရုံးတွေကိုလည်း တိုးချဲ့ဖွင့်လှစ်ဖို့ လုပ်နေကြပါတယ်။ ကုမ္ပဏီရုံးချုပ်တွေကလည်း ဒီမှာလုပ်ငန်းတိုးချဲ့ရင် လိုအပ်မယ့် စီမံခန့်ခွဲမှုဝန်ထမ်းနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို စေလွှတ် ပေးတာမျိုးတွေ ရှိနေပါပြီ။ ဒီကအခြေအနေကိုကြည့်ပြီး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လည်ပတ်သွားဖို့ ပြင်ဆင် နေတာပါ”

အောက်တိုဘာ ၁၄ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၈) တွင်ပါသည့် “ဘဏ်လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီအချို့ ရင်းနှီးမြုပ်နှံမှု တိုးချဲ့ရန် ပြင်ဆင်နေပြီး ပင်မကုမ္ပဏီရုံးချုပ်များထံမှ နိုင်ငံခြားသား ကျွမ်းကျင်ဝန်ထမ်းများစေလွှတ်လျက်ရှိ” သတင်းမှ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အတိုက်အခံဆိုတာ ထွေးပိုက်အားပေးရမယ့်အရာ

မောင်ဝံသ

(အောက်တိုဘာ ၁၃ ထုတ် Popular News အတွဲ (၃) အမှတ် (၄၀) မှ ထုတ်ယူဖော်ပြသည်။)

ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်ဗျာ၊ ပြည်သူလူထုဆိုတာ အားလုံးသိကြတဲ့အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက်ခံယူချက်ပေါင်းစုံ၊ နောက်ခံကား ပေါင်းစုံရှိကြတဲ့လူတွေ ပါဝင်တယ်ဗျ။ အဲဒီလိုလူပေါင်းစုံကို ကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိကထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာစကားချင်း၊ ယုံကြည်မှုချင်းမတူတဲ့အခြားသူတွေအပေါ် စိတ်ရှည်သည်းခံမှုမရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါ တယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် အော် ဟစ်နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့်ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။

တစ်ရောင်တည်းခြယ်မဟုတ်

သမိုင်းအဆက်ဆက် ပန်းချီဆရာကျော်ကြီးတွေရဲ့ သမိုင်းတင်လောက်တဲ့ ဘယ်ပန်ချီးကားမှ ဆေးရောင်တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်တွင်းပေါင်းစပ်ဖွဲ့စည်း ရေးဆွဲထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီဆိုတာလည်း “မတူကွဲပြားခြားနားမှု” (Unity of Diversities) ဖြစ်တယ်ဗျ။ “ငါနဲ့မတူ ငါ့ရန်သူ” အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြိုလှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ “ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ” ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။

လေထဲဆောက်တဲ့အိမ်တွေ ပြိုကုန်ပြီ

ပန်းပေါင်းတစ်ရာပွင့်စရာမလိုဘူး။ တစ်ပွင့်တည်းပွင့်ရင် လုံလောက်တယ်။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ရှိစရာမလိုဘူး။ တစ်ဂိုဏ်းထဲရှိရင် လုံလောက်တယ်ဆိုတဲ့ အတွေးအခေါ်ပိုင်ရှင်တွေ တည်ဆောက်ခဲ့တဲ့ ကမ္ဘာလောကတွေ သာ ဖြစ်သွားခဲ့ကြသလဲ။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ နဲ့ ၁၉၈၈ အကြားတည်ရှိခဲ့တဲ့ အရှေ့ဥရောပနဲ့ ဗဟိုအာရှဒေသမှာ ၁၉၁၇နဲ့ ၁၉၉၁ အကြားတည်ရှိခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် ကမ္ဘာလောကတွေ ဘယ်လို ဖြစ်သွားခဲ့ကြသလဲ။ ထာဝရ မပျက်စီးနိုင်တော့ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခြင်းခံခဲ့ကြရတဲ့ အဲဒီ ကမ္ဘာလောကကြီးတွေ “တိမ်တစ်ခဲနက် ရှုရင်းပျက်” ဆိုသလို တစ်မုဟုတ်ချင်း ပြိုကျပျက်စီးသွားခဲ့ကြတယ် မဟုတ်လား။ အခုဆိုရင် အာရပ်ကမ္ဘာမှာလည်း အဲဒီလေထဲ ဆောက်ထားတဲ့ တိုက်အိမ်ကြီးတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေကြပြီမဟုတ်လား။

အဲဒီဖြစ်ရပ်တွေ အားလုံးက ကျွန်တော်တို့လူသားတွေကို အယူအဆမတူတွေအကြား တစ်ဦးအပေါ်တစ်ဦးသည် သည်းခံစိတ်ရှည်တဲ့ အလေ့အထ ပြန့်ပွားထွန်းကားလာအောင် ဆုံးမသွန်သင်နေတယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။

လက်သီးက သေနက်ထက် တော်သေးတယ်

အယူအဆ မတူသူတွေအကြား ငြင်းကြခုန်ကြ၊ အော်ကြဟစ်ကြတာတွေ ရှိကြမှာ သဘာဝပဲဗျ။ အဲဒီလို ဖြစ်တာတွေကို “အကွဲအပြဲ ဇာတ်လမ်းတွေ” လို့ အမည်တပ်ချင်တပ်နိုင်ပေမယ့် အကွဲအပြဲဇတ်လမ်းတိုင်းဟာ လူ့အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာ ဆောင်တာတော့ မဟုတ်ဘူးဗျာ။ ဒီမိုကရေစီရဲ့ သဘာဝကိုက မတူကွဲပြားခြားနားတာ ဖြစ်တယ်မဟုတ်လားဗျ။ ဂျပန်နိုင်ငံရဲ့လွှတ်တော်မှာ အမတ်တွေအချင်းချင်း မကြာခဏ ထိုးကြကြိတ်ကြတဲ့ သတင်းတွေ ကျွန်တော်တို့ အရင်က မကြာမကြာကြားခဲ့ရတယ်ဗျာ။ တစ်လောတုန်းကပဲ အင်ဒိုလွှတ်တော်မှာလည်း အမတ်တွေ ထိုးကြကြိတ်ကြတဲ့သတင်း ဖတ်လိုက်ရသေးတယ်ဗျ။ ဒီလိုဖြစ်တာတွေဟာ မသင့်တော်ဘူးဆိုပေမယ့် လက်သီးချင်း ထိုးတာဟာ သေနတ်ချင်း ပစ်တာထက်တော့ တော်ပါသေးတယ်လို့ နိုင်ငံခေါင်းဆောင်တွေက သဘောထားနိုင်ဖို့ လိုတယ်ဗျ။ လွှတ်တော်အမတ်တွေ လက်သီးချင်း ထိုးရကောင်းမလား ဆိုပြီး အာဏာပိုင်တွေက အမတ်တွေကို ဖမ်း၊ လွှတ်တော်ကို ဖျက်သိမ်း၊ ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်လိုက်မယ်ဆိုရင် ရန်ပွဲတွေက ချုပ်ငြိမ်းသွားမှာတော့မဟုတ်ဘူး။ စစ်မြေပြင်ဆီ ရွှေ့သွားကြမှာပဲ ဖြစ်တယ်။ လက်သီးတွေအစား ကျည်ဆန်တွေ အသုံးပြုလာကြမှာပဲ ဖြစ်တယ်ဗျာ။ ဒါမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေဟာလည်း ဗဟုသုတ ရှိထားပြီးဖြစ်ကြတယ်ဗျ။

အပြစ်အနာအဆာကို မြင်ဝံ့ ပြင်ဝံ့ရမယ်

အဲဒီတော့ ဒီမိုကရေစီစနစ်မှာ အယူအဆမတူကွဲပြားခြားနားမှုတွေဟာ ဖိနှိပ် နှိပ်ကွပ်ပစ်ရမယ့်တွေ မဟုတ်ဘူး။ ဟန့်တားပိတ်ဆို့ရမယ့် အရာတွေ မဟုတ်ဘူး။ တိုက်တွန်း၊ အားပေးရမယ့် အရာအရာတွေ ဖြစ်တယ်ဗျ။ မိမိပါတီအကျိုး ထက်တိုင်းပြည်အကျိုးကို တကယ်ပဲဦးစားပေးတဲ့ ပါတီတစ်ခုအတွက် အားကောင်းတဲ့အ တိုက်အခံဆိုတာ ဆန့်ကျင်တွန်းဖယ်ရမယ့် အရာမဟုတ်ဘူး။ ကြိုဆိုထွေးပိုက်ရမယ့်အရာ ဖြစ်တယ်ဗျ။ မိမိခန္ဓာကိုယ်ပေါ်က အပြစ် အနာအဆာတွေကို မြင်ဝံ့ပြင်ဝံ့သူ တစ်ယောက်ဟာပို၍ ပို၍ကြည်လင်တဲ့ ကြေးမုံတစ်ချပ်ကို လိုလားတောင့်တသလိုပဲပေါ့ဗျာ။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs