Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၅.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေးခြင်းကို အီးယူ ကြိုဆို
    ( New Europe မှ 14 Oct 2011 ရက်စွဲပါ “ EU welcomes release of political prisoners in Myanmar” သတင်းကို ဘာသာပြန်သည်)
  2. နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု အနည်း၊ အများအပေါ်မူတည်ကာ မြန်မာ့အရေးကို အီးယူအကဲဖြတ်မည်
    (12 Oct 2011 ရက်စွဲပါ၊ Bangkok Post မှ "EU to judge Myanmar releases based on number freed" ကိုဘာသာပြန်ဆိုသည်)
  3. မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ သွားရောက်မည်ဟု ကျိုဒို သတင်းကဆို
    (14 Oct 2011 ရက်စွဲပါ The Stars မှ Reuters ၏ Myanmar foreign minister to visit Japan-Kyodo ကို ဘာသာပြန်သည်)
  4. ပြုပြင်ပြောင်းလဲမှုများ မရေရာသေးသော်လည်း မြန်မာကို ပိုက်ဆံချေးရန် နယူးဒေလီ ကမ်းလှမ်း
    (The Peninsula မှ 15 Oct 2011 ရက်စွဲပါ "Delhi offers loan to Myanmar amid tentative reforms" သတင်းကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေးခြင်းကို အီးယူ ကြိုဆို

( New Europe မှ 14 Oct 2011 ရက်စွဲပါ “ EU welcomes release of political prisoners in Myanmar” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေးနေခြင်းကို ဥရောပသမ ဂ္ဂ EU ကိုယ်စားလှယ်များက ကြိုဆိုခဲ့သော်လည်း အမျိုးသား ပြန်လည်သင့်မြတ်မှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု သေချာခိုင်မာစေရေးအတွက် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ EU ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး Catherine Ashton က နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးလိုက်သော မြန်မာသမ္မတကြီး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုဂုဏ်ပြု ပြောကြားခြင်း ဖြစ်သည်။

ယခု ဆောင်ရွက်ချက်သည် “ ဥပဒေနှင့်အညီ အုပ်ချုပ်ရေးနှင့် အခြေခံအခွင့်အရေးများ စောင့်ရှောက်ရေးကို လေးစားမည်” ဟု သမ္မတကြီးက ပေးထားသော ကတိကို အစိုးရသစ်က တလေးတစား တာဝန်ယူလုပ်ဆောင်သည့် လက္ခဏာ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် အစိုးရပေးထားသော ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ ပိုမို ယုံကြည်လက်ခံစရာ ဖြစ်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု Ashton က ချီးကျူးပြောဆို လိုက်သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး( အကုန်လုံး ) ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အီးယူ၏ဦးစားပေး ကိစ္စ ဖြစ်နေဆဲဖြစ်ကြောင်း သူမက ထုတ်ဖော်ပြောဆိုသည်။

ဥရောပပါလီမန် ဥက္ကဋ္ဌ Jerzy Buzek ကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးသင့်သည်ဟု ပြောကြားလိုက်သည်။ တစ်ချိန်ထဲမှာ မြန်မာအကျဉ်းထောင်တွေထဲကို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က အတားအဆီးမရှိ ဝင်ရောက် ကြည့်ရှုခွင့် ရသင့်ပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

*************************************************************************************

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု အနည်း၊ အများအပေါ်မူတည်ကာ မြန်မာ့အရေးကို အီးယူအကဲဖြတ်မည်

(12 Oct 2011 ရက်စွဲပါ၊ Bangkok Post မှ "EU to judge Myanmar releases based on number freed" ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်မှုကို ဥရောပသမဂ္ဂ(အီးယူ)က ကြိုဆိုလိုက်သော်လည်း နောက်ဆုံးတွင် နိုင်ငံရေးအကျဉ်းသား မည်ရွှေ့မည်မျှ လွှတ်ပေးသည်ဟူသော အချက်အပေါ်အခြေခံကာ အကဲဖြတ်သွားရလိမ့်မည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။

မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထင်ရှားကျော်ကြားသော အတိုက်အခံများ အပါအဝင် အနည်းဆုံးနိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်အားလွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ရာစုနှစ် ထက်ဝက်ကျော်ကြာမျှ တင်းကြပ်သော အာဏာရှင်အုပ်ချုပ်ရေးစနစ် လက်အောက်သို့ ရောက်ရှိခဲ့ပြီးနောက် ယခုစစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမှုများရှိအောင် စတင်လုပ်ဆောင်လျက်ရှိသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်က ကျန်းမာရေးအခြေအနေနှင့် ပြုမူနေထိုင်မှုအပေါ်မူတည်ပြီး အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ထုတ်ဖော်ကြေညာပြီး နောက်တစ်နေ့တွင် အကျဉ်းသားများ လွတ်မြောက်လာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် စောင့်ကြည့်လေ့လာသူများ၏ ခန့်မှန်းချက်များအရ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ထက်မနည်း ကျန်ရှိနေသေးကြောင်း သိရသည်။

"လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို ကျွန်မတို့ စစ်ဆေးကြည့် နေပါတယ်" ဟု အီးယူ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ Catherine Ashton ကပြောကြားသည်။

လမ်းကြောင်းမှန်ကန်တဲ့ နောက်ထပ်အလားတူအဆင့်တစ်ခုရှိဦးမယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့အဆင့်တွေကို ကျွန်မတို့က အကဲဖြတ် သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

နိုင်ငံရေးနှင့်ဆက်စပ်ပြီး ထိန်းသိမ်းခံထားရသော အကျဉ်းသားများအားလုံးကိုလွှတ်ပေးရန် အီးယူအဖွဲ့က မြန်မာ အစိုးရကို တောင်းဆို ထားကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ကြည့်ကာ အီးယူက အကဲဖြတ်မှုများ လုပ်သွားမည်ဖြစ်ပြီး အီးယူ၏ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးသည်လည်း ယင်းအချက်အပေါ်တွင်သာ မူတည်မည် ဖြစ်ကြောင်း မစ္စ Catherine Ashton ကဆိုသည်။

အကျဉ်းသားကိစ္စအပေါ် အီးယူက အကဲဖြတ်ရာ၌ အသက်အရွယ်ကြီးရင့်မှု၊ နာမကျန်းဖြစ်မှု သို့မဟုတ် အချိန်ကာလ ကြာမြင့်စွာ ထိန်းသိမ်းခံထားရမှု စသည်ကဲ့သို့ သောအချက်အလက်များကို အသေးစိတ် လေ့လာသွားမည် ဖြစ်သည်။ အီးယူက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားမှု ၁၀၀ ခန့်ရှိသည့်အနက် အများစုမှာ ကျွန်းသစ်၊ သတ္တုတူးဖော်မှု၊ အဖိုးတန်ကျောက်မျက်ရတနာရောင်းဝယ်မှု အစရှိသည့် အခန်းကဏ္ဍများတွင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်မှု အခန်းကဏ္ဍတွင် ပြင်သစ်နိုင်ငံမှ Total SA ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ များပြားသည်။

အီးယူအဖွဲ့မှ အရာရှိတစ်ဦးကမူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများဖယ်ရှားမည့် အရေးတကြီး အစီအစဉ်များ မတွေ့ရှိရသေးကြောင်း ပြောကြားသည်။ အီးယူသည် ပြီးခဲ့သည့် ဧပြီလအတွင်းမြန်မာနိုင်ငံအပေါ် ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် အစိုးရအရာရှိကြီး ၂၄ဦး၏ ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်း အစရှိသည်တို့ကို ဖယ်ရှားပေးလိုက်သည်။

မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်လာအောင် အားပေးအားမြှောက်ပြုသည့် သဘောဖြင့် ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကမူ မြန်မာနိုင်ငံမှ အလားအလာကောင်းသော ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အချက်ပြမှုများကြောင့် အားတက်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။ သို့သော် အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သည့် တုံ့ပြန်မှုများ ပြုလုပ်မည်ဟူသည်ကို ကြေညာရန် အချိန် စောလွန်းသေးကြောင်း ၎င်းကဆိုသည်။

*************************************************************************************

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ သွားရောက်မည်ဟု ကျိုဒို သတင်းကဆို

(14 Oct 2011 ရက်စွဲပါ The Stars မှ Reuters ၏ Myanmar foreign minister to visit Japan-Kyodo ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် လာမည့်အပတ်တွင် ဂျပန်သို့ လာရောက်လည်ပတ်မည်ဖြစ်ရာ ကမ္ဘာပေါ်တွင် အထီးကျန်ဆုံး နိုင်ငံများအနက် အပါအဝင်ဖြစ်သော မြန်မာနိုင်ငံသည် ယခုအပတ် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ လွှတ်ပြီးနောက် ထပ်မံ၍ လမ်းဖွင့်လာမှုများအတွက် လက္ခဏာပင် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာ ၂၀ရက်မှ ၂၂ရက်အထိ လာရောက်မည် ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက သောကြာနေ့က ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Koichiro Gemba ကို ကိုးကားဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် Gemba က အကျဉ်းသားများ လွှတ်ပေးမှုအား အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းအဖြစ် ကြိုဆိုခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေး ကာလတွင် ဂျပန်က ကူညီရန် အဆိုပြုခဲ့သည်။

"မြန်မာ အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုမိုအားကောင်းစွာ ဆက်လက် တွေ့ဆုံ စကားပြောရေးကို မျှော်လင့်ပါတယ်။ ထို့အတူပဲ နောက်ထပ် ဒီမိုကရေစီ လုပ်ငန်းစဉ်များအတွက် ကြိုးပမ်းမှုများ အားကောင်းရန်နဲ့ အမျိုးသား ပြန်လည်စည်းလုံးရေး လုပ်ငန်းစဉ်များ အားကောင်းလာစေဖို့ မျှော်လင့်ပါတယ်" ဟု ယင်းက ပြောသည်။

စစ်တပ်ထံမှ မတ်လက အာဏာလွှဲယူထားသော အငြိမ်းစားဗိုလ်ချုပ်ကြီး ဖြစ်သော အရပ်သားသမ္မတသည် လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကြောင့် ချိနဲ့ခဲ့သော စီးပွားရေး ပြန်လည် ကောင်းမွန်စေရန် ရည်ရွယ်၍ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည်။

မြန်မာနိုင်ငံတွင် မီဒီယာ ထိန်းချုပ်မှုများ ဖြေလျော့ပေးခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုတွေ့ဆုံ ဆွေးနွေးမှုများ နောက်တွင် ဗုဒ္ဓဟူးနေ့က နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခဲ့သည်။

ဂျပန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ရပ်ဆိုင်းခဲ့ပြီး၊ လူသားချင်း စာနာသည့် အကူအညီများသာ ပေးခဲ့သည်။ ဂျပန်သည် ဇွန်လက ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခဲ့ပါက ရှေ့ဆက် နောက်ထပ် ပေးအပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရှားပါး မြေတွင်းထွက်သတ္တုများ (rare earths) များ အပါအဝင် သဘာဝ သယံဇာတများကို စိတ်ဝင်စားပြီး၊ မြန်မာနိုင်ငံ၏ ချို့တဲ့သော အခြေခံအဆောက်အဦ တည်ဆောက်ရေးတွင် ပါဝင်လိုကြောင်း အစိုးရ သတင်းကို ကိုးကား၍ ကျိုဒိုက ဆိုသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပေးသော အကြီးဆုံး အဖွဲ့ဖြစ်သည့် Keidanren သည် အဖွဲ့ဝင် ၂၀ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ကို စက်တင်ဘာလက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ရာ ၈ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် မစ်ရှင် အဖွဲ့အား ပြန်လည် စေလွှတ်ခြင်း ဖြစ်သည်။

*************************************************************************************

ပြုပြင်ပြောင်းလဲမှုများ မရေရာသေးသော်လည်း မြန်မာကို ပိုက်ဆံချေးရန် နယူးဒေလီ ကမ်းလှမ်း

(The Peninsula မှ 15 Oct 2011 ရက်စွဲပါ "Delhi offers loan to Myanmar amid tentative reforms" သတင်းကို ဘာသာ ပြန်ဆိုသည်)

ရာစုနှစ်ထက်ဝက်မျှ စစ်ဖက်က ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း စမ်းတဝါးဝါး တံခါးဖွင့်နေသည့် အိမ်တွင်းပုန်း အိမ်နီးခြင်း မြန်မာနိုင်ငံမှ ဒီမိုကရေစီ ရှေ့ရှု ဆောင်ရွက်ချက်များကို အိန္ဒိယနိုင်ငံက ကြိုဆိုဂုဏ်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦပိုင်း တိုးတက်ရေးအတွက် ဒေါ်လာ သန်း ၅၀၀ ချေးရန် မနေ့က ကတိပေး လိုက်သည်။

မြန်မာနိုင်ငံက ယင်း၏ အိမ်တွင်းပုန်းခေါင်းမြီးခြုံပုဝါကို ခွာချပစ်ရန် စီစဉ် ဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ အိန္ဒိယနိုင်ငံထံမှ ပိုက်ဆံနှင့် နွေးနွေးထွေးထွေး စကားလုံးများ အံထွက်လာခြင်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ယခု သီတင်းပတ် အတွင်း လွတ်ပေးလိုက်ခြင်းသည် သနားစရာပြည်သူ သန်း ၅၀ အပေါ် တင်းတင်းကြပ်ကြပ် အုပ်ချုပ်လျက် ရှိသော အရှေ့တောင်အာရှ နိုင်ငံတွင် နောက်ဆုံး ထွက်ပေါ်လာသော ပြုပြင် ပြောင်းလဲမှု လက္ခဏာတစ်ခု ဖြစ်သည်။

နိုင်ငံတကာတွင် BURMA ဟု လူသိများသော ယခင် ဗြိတိသျှကိုလိုနီဟောင်း မြန်မာနိုင်ငံတွင် မတူးဖော်ရသေးသော သဘာဝ ဓာတ်ငွေ့သိုက်ကြီးများနှင့် အသွားအလာ ထူထပ်သော ဘင်္ဂလား ပင်လယ်အော် ရေလမ်းကြောင်းများ ရှိနေ သောကြောင့် စွမ်းအင် ဆာလောင်နေသော အင်အားကြီး အိမ်နီးခြင်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အတွက် မဟာဗျူဟာ မြောက် အရေးပါသည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန် သည် ဘာသာရေး အချက်အချာ ဗုဒ္ဓဂါယာတွင် ၂ ရက်ကြာ ဘုရားဖူးခြင်း အပါအဝင် ၄ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နယူးဒေလီတွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယနိုင်ငံတွင် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေထိုင်သူများ ၁၀၀၀၀၀ ခန့် နေထိုင်လျက်ရှိရာ ယင်းတို့ အနက်မှ အချို့က သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း "ပြုပြင် ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်  တောင်းဆိုခဲ့ကြသည်။

မနှစ်က နိုဝင်ဘာလတွင် အကျယ်ချုပ်မှ လွတ်မြောက်လာသော မြန်မာဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးက "စစ်မှန်သော နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးမှုကို စတင်ပါ” ဟု ရေးထားသော နဖူးစည်း စာတမ်းကို ကိုင်ဆောင်ထားသည်။ “ကျွန်တော်တို့ အားလုံး အခုဒီမှာ ရောက်လာတာဟာ ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံ အားပေးဖို့နဲ့ ဒီမိုကရေစီ တောင်းဆိုဖို့ပါ" ဟု အသက် ၁၆ နှစ်အရွယ် ဆန္ဒပြ လူငယ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အနှစ် ၅၀ အတွင်း ပထမဆုံး အရပ်ဖက် သမ္မတသည် အကျဉ်းသား အတော်များများကို လွှတ်ပေး ခဲ့ပြီးနောက် နာရီပိုင်းမျှ အကြာတွင် "ဗုဒ္ဓမြတ်စွာ ဘုရားရှင် သဗ္ဗေညုတ ဥာဏ်အလင်း ပွင့်တော်မူသောနေရာ၌ ဘုရားဖူး ရန်အတွက်" အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

“ ဒီမိုကရေစီအစိုးရ ဖြစ်လာအောင် ရှေ့ရှု ကြိုးပမ်းနေသော မြန်မာသမ္မတကြီးကို အိန္ဒိယဝန်ကြီးချုပ်က ချီးကျူးဂုဏ်ပြုခဲ့ပြီး ယခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆက်လက်ခိုင်မာ အားကောင်းစေရန်အတွက် လိုအပ်သော အကူအညီအားလုံး ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်” ဟု ခေါင်းဆောင်နှစ်ဦးက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သော ဧပြီလက ဖျက်သိမ်းသွားသော ယခင်အာဏာရှင် တပ်မတော် အစိုးရနှင့် ဆက်ဆံပူးပေါင်းရပ်တည်ခဲ့ခြင်းကြောင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများက အချိန်အတော်ကြာအောင် အပြစ်တင် ဝေဖန်ခဲ့ကြဘူးသည်။ ယခုအခါ နယူးဒေလီသည် ၎င်း၏ “လက်တွေ့ဆက်ဆံဖေးမခြင်း” မူဝါဒ မှန်ကန်ကြောင်း သက်သေဖြစ်သည့် ပြုပြင်ပြောင်းလဲမှု လက္ခဏာများကို တွေ့မြင် ခံစားနေရလေပြီ။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျနိုင်ငံတို့ကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးပါးကို အကုန်လုံး လွှတ်ပေးခြင်း မရှိပါက ၎င်းတို့ ချမှတ်ထားသော sanctions များကို လျှော့ပေးမည့် လက္ခဏာ မရှိပါ။ သို့သော်လည်း အခြားအာရှနိုင်ငံများကမူ ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော မြန်မာနိုင်ငံမှ သယံဇာတရင်းမြစ် များကို ထုတ်ယူခွင့်ရရန် အလွန်ပင် စိတ်ဝင်စားလျက် ရှိကြသည်။

Sanctions ပိတ်ဆို့မှုဒဏ် ခံနေရသော မြန်မာတပ်မတော်အစိုးရကို တရုတ်နိုင်ငံက စစ်ဖက်အကူအညီပေး၍ ပိုက်ဆံချေးကာ နေရာဝင်ယူလိုက်ခြင်းကြောင့် ရေနံနှင့် ဓါတ်ငွေ့ ရပိုင်ခွင့် ဆုံးရှုံးတော့မည်ကို စိုးရိမ်လာသော နယူး ဒေလီအစိုးရက ၁၉၉၀ ခုနှစ်များ အစောပိုင်း လူ့အခွင့်အရေးကိစ္စ စိုးရိမ်ပူပန်မှုများကို ဘေးသို့ ဖယ်ပစ်ခဲ့သည်။

မြန်မာလယ်ယာထွက်ကုန်အများစုကို ဝယ်ယူနေသော အိန္ဒိယနိုင်ငံက ၎င်း၏ အိမ်နီးခြင်း မြန်မာနိုင်ငံအား အသုံးမချရသေးသော မြေများတွင် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်စေရန် လိုလားလျက်ရှိသည်။

*************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၅.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတိုင်မီ စတော့အိတ်ချိန်းများ ထူထောင်မည်
  2. အမည်ခံကော်မတီများဖြင့် နိုင်ငံ၏ ရည်မှန်းချက်များ မအောင်မြင်နိုင်ဟု ဦးစိုးသိန်းပြော

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဆွေးနွေးမှုများပြုလုပ်ပြီးမှ သတင်းထုတ်ပြန်မည်ဟု ဗိုလ်ချုပ်ဆေးထင်ဆို
  2. အဖမ်းဆီးခံရသည့် NLD ပါတီဝင်များ၏ ဆယ်ချိုးတစ်ချိုးသာ ပြန်လွတ်လာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတိုင်မီ စတော့အိတ်ချိန်းများ ထူထောင်မည်

အောက်တိုဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ထိုင်းနိုင်ငံ Stock Exchange အဖွဲ့နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ပြုလုပ်သည့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးညှိနှိုင်းပွဲတွင် နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မတိုင်မီ စတော့အိတ်ချိန်းများ ထူထောင်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် Stock Exchange များကို ၂၀၁၅ ခုနှစ် မတိုင်မီ ထူထောင်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ Stock Exchange အဖွဲ့နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ပြုလုပ်သော ဆွေးနွေးညှိနှိုင်းပွဲသည် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောကြားသွားသည်။

ဆွေးနွေးညှိနှိုင်းပွဲတွင် ထိုင်းနိုင်ငံ Stock Exchange ဥက္ကဋ္ဌ Mr. Chanitr Charnchainarong က Experience on Capital Market Development ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။ မြန်မာနိုင်ငံဘက်မှလည်း ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်က Development of Capital Market in Myanmar အကြောင်းကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်နိုင်ရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအချို့ကိုလည်း လုပ်ဆောင်လျက်ရှိနေကြောင်း၊ ငွေလဲလှယ်မှု၊ ဘဏ်လုပ်ငန်း၊ စတော့ရှယ်ယာ ဈေးကွက်ဆိုင်ရာ မူဝါဒများ၊ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အချို့တို့ကိုလည်း အစိုးရက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်ဟု  စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားခဲ့သည်။

အာဆီယံ စီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်ပြီးပါက ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံအချင်းချင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်များ  ပြုရတော့မည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အမည်ခံကော်မတီများဖြင့် နိုင်ငံ၏ ရည်မှန်းချက်များ မအောင်မြင်နိုင်ဟု ဦးစိုးသိန်းပြော

နေပြည်တော်၌ အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေး၌ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ အမှတ်(၁)နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "အမည်ခံကော်မတီများဖြင့်နိုင်ငံ၏ ရည်မှန်းချက်များ မတိုးတက် မအောင်မြင်နိုင်" ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးက ယခုအခါ ဒေသတွင်းစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ကြရမည့်အချိန်သို့ ရောက်ရှိနေကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် အစိုးရဌာနများမှ ဖွဲ့စည်းထားသော ကော်မတီများနှင့် ဆပ်ကော်မတီများသည် နိုင်ငံ၏ စီးပွားရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ကြရာတွင် အမည်ခံကော်မတီများ၊ ဆပ်ကော်မတီများသက်သက် မဖြစ်စေရန်အရေးကြီးကြောင်း ပြောကြား သွားခဲ့သည်။

ထို့ပြင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ ကော်ပိုရေးရှင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

လက်ရှိ မြန်မာအစိုးရသစ်နှင့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ယခုကဲ့သို့ အစိုးရဝန်ကြီးတစ်ဦးမှ ပြောကြားချက်သည် ကိုယ့်အဖွဲ့အစည်းကိုယ် ပွင့်လင်းစွာဝေဖန်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အင်အားစု အသီး သီးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောကြားခြင်းမှာ ပါဝင်ပတ်သက်သူအသီးသီး၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားရာ ရောက်သဖြင့် ဒီမိုကရက်တစ် အလေ့အထများကို ကျင့်သုံးခြင်းပင် ဖြစ်ကြောင်း သုံးသပ်ပြောကြား ခဲ့သည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဆွေးနွေးမှုများပြုလုပ်ပြီးမှ သတင်းထုတ်ပြန်မည်ဟု ဗိုလ်ချုပ်ဆေးထင်ဆို

အောက်တိုဘာ ၁၂ရက်တွင် စစ်တွေထောင်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ဆေးထင်သည် ယင်း၏အဖွဲ့နှင့် တိုင်ပင်ပြီးမှသာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများအပေါ် ကြေငြာချက်တစ်စောင် ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်း၏ တပည့်တစ်ဦးက ပြောကြားသည်။

 “မီဒီယာတွေ သူ့ကို ဆက်သွယ်ဖို့ ကြိုးစားနေတာ သူသိတယ်။ ဒါပေမယ့် သူ့အဖွဲ့နဲ့ ဆုံးဖြတ်ပြီးမှ ကြေငြာချက် ထုတ်ပြန်ဖို့ ရှိပါတယ်”ဟု ယင်းက ဆိုသည်။

စစ်အစိုးရလက်ထက်က နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသည့် ဗိုလ်ချုပ်ဆေထင်သည် မည်သည့်ကိစ္စရပ်များကို အလေးပေး ဆောင်ရွက် သွားမည်ကို မိမိအနေဖြင့် မသိရှိပါကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ဗိုလ်ချုပ်ဆေးထင်သည် ရန်ကုန်သို့ ရောက်ရှိလာပြီး ကျန်းမာရေးစစ်ဆေးမှုများကို ခံယူပြီးနောက် အောက်တိုဘာ ၁၄ ရက်တွင် Asia Wings လေကြောင်းလိုင်းဖြင့် လားရှိုးမြို့သို့ ပြန်သွားခဲ့ကြောင်း လားရှိုးမြို့မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင်တစ်ဦးက အတည်ပြု ပြောကြားသည်။

 “ဗိုလ်ချုပ်ကို ဆရာဝန်က ရန်ကုန်မှာနေပြီး ဆေးကုခိုင်းတာ မနေဘဲ ချက်ချင်းပြန်သွားတာ”ဟု ယင်း၏တပည့်က ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

ဗိုလ်ချုပ်ဆေးထင်သည် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုဖြင့် အဖမ်းဆီးခံရကာ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရမှ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီး ခန္တီးထောင်၊ အိုးဘိုထောင်နှင့် စစ်တွေထောင်များတွင် အကျဉ်းချခံခဲ့ရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

အဖမ်းဆီးခံရသည့် NLD ပါတီဝင်များ၏ ဆယ်ချိုးတစ်ချိုးသာ ပြန်လွတ်လာ

စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးအကျဉ်းချခံရသည့် NLD ပါတီဝင်များ၏ ဆယ်ချိုးတစ်ချိုးသာ ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ရာတွင် ပြန်လွတ်လာကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်၏ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် NLD ပါတီဝင်များထဲမှ ၃၂ ဦးသာ လွတ်မြောက်လာကြောင်း NLD လူမှုအထောက်အကူပြုအဖွဲ့မှ အတည်ပြုပြောကြားသည်။

“ထောင်ထဲမှာ ကျန်ခဲ့တာ သုံးရာကျော်ပါ။ ကျွန်တော်တို့က တော်တော်များများ လွတ်လာမယ်လို့ မျှော်မှန်းထားတာ”ဟု ယင်းက ဆက်လက် ပြောကြားသည်။

NLD ပါတီအနေဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ၊ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ပြုလုပ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်ယောက်ကို လမ်းစရိတ် တစ်သောင်း ထောက်ပံ့တဲ့အပြင် သူတို့အတွက် အခြားအခက်အခဲတွေ ရှိရင်လည်း ပါတီအနေနဲ့ တတ်နိုင်သလောက် ကူညီတာတွေ လုပ်ဆောင်ပေးပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ NLD ပါတီအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုသလို ဆက်လည်းလုပ်ဆောင်ဖို့ အားပေးပါတယ်။တစ်နိုင်ငံလုံး လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့လည်း လိုအပ်နေပါတယ်”ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၁၈ဦးသာ လွတ်မြောက်လာသည့်အတွက် ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် နိုင်ငံတကာမှ တောင်းဆိုချက်များ ထုတ်ပြန်ထားသည်။

YC(KS)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး-အခုလိုလွတ်လာပြီးတဲ့နောက်ဘာတွေဆက်လုပ်ဖို့စဉ်းစားထားတာရှိလဲ။

ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

အောက်တိုဘာ ၁၂ Eleven Media Group web page တွင်ပါသည့် “မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ (ခေါ်) ကိုဇာဂနာနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အချို့သော တိုင်စာများသည် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေမှုများကို တခြားနည်းလမ်းအကြောင်းပြတိုင်ကြားနေကြသဖြင့် ယင်းတိုင်ကြားချက်များ  အပေါ်တွင် စစ်ဆေးကြည့်ပါက မဟုတ်မမှန်ကြောင်းတွေ့နေရသဖြင့် ထိုကိစ္စအတွက် အလုပ်ပိုတစ်ခု လုပ်နေရသကဲ့သို့ ရှုမြင်ပြီး အချိန်ဖြုန်းတီးရာ ရောက်နေရကြောင်း၊ သို့သော် တိုင်စာပို့သူမှ အချက်အလက် ပြည့်စုံပါက ကွင်းဆင်းစစ်ဆေးအရေးယူရမည့် တာဝန်ကို မဖြစ်မနေ လုပ်ဆောင် ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၃ ထုတ် Popular News အတွဲ (၃) အမှတ် (၄၀) တွင်ပါသည့် “မှန်ကန်မှုမရှိသော တိုင်စာများကြောင့် စစ်ဆေးသူနှင့် တိုင်ခံရသူများ အလုပ်ပို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ တကယ်တမ်းအိမ်နီးချင်နိုင်ငံတွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံတကာမှာပဲ ကြည့်ကြည့်ပေါ့လေ။ စာမူတွေကို ကြိုတင်စိစစ်တယ်ဆိုတဲ့ စာပေ စိစစ်ရေး ဌာနမျိုးဆိုတာတော့ ကျွန်တော်တို့ အခုခေတ်မှာမရှိတော့ပါဘူး။ ဒီတော့ ကျွန်တော်အမြင်နဲ့ပြောရမယ်၊ ကျွန်တော် ကိုယ်ပိုင်အယူအဆနဲ့ ပြောရမယ်ဆိုရင်တော့ ကြိုတင်ပြီး စာမူတွေကို စိစစ်ခြင်း လုပ်ငန်းဆိုတာ အခု ကျွန်တော်တို့ တကယ်သွားနေတဲ့ ခေတ်မှာတော့ ဘယ်လိုမှကို သဟဇာတ မဖြစ်ဘူး။ ဒါကြောင့်မို့ စာပေစိစစ်ရေးအနေနဲ့တော့ တိုင်းပြည်ထဲမှာ ထုတ်မယ့်စာပေတွေကိုကြိုတင် စိစစ်တဲ့ဟာမျိုးကတော့ ရှေ့လျှောက် ကျွန်တော်တို့ သွားမယ့်စနစ်မှာ မလိုအပ်တော့ဘူးလို့ ယုံကြည်ပါတယ် ခင်ဗျာ”

အောက်တိုဘာ ၁၃ ထုတ် Popular News အတွဲ (၃) အမှတ် (၄၀) တွင်ပါသည့် “စာမူကြိုတင်စိစစ်ခြင်းလုပ်ငန်းသည် ယခု လျှောက်နေသည့် လမ်းနှင့် သဟဇာတ မဖြစ်တော့ဟု ဦးတင့်ဆွေဆို” သတင်းမှ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ အမြင်မတူတာတွေကို လက်ခံစဉ်းစားပေးမယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ရဲ့ Generation Wave အဖွဲ့အနေနဲ့ နိုင်ငံ့အရေး၊ လူငယ်အရေးတွေကို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

အောက်တိုဘာ ၁၃ ထုတ် Popular News အတွဲ (၃) အမှတ် (၄၀) တွင်ပါသည့် “Generation Wave မျိုးဆက်သစ် လူငယ်များ လေးနှစ် မြောက် မွေးနေ့ကျင်းပ” သတင်းမှ ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက်

ယခုနှစ်တွင်ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် မင်္ဂလာသတင်းတစ်ခု ထပ်တိုးခဲ့သည်။ ယုံကြည်ချက် ကြောင့် မြန်မာပြည် အရပ်ရပ်ရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများထဲမှ အချို့သောပုဂ္ဂိုလ်များ လွတ်မြောက်လာ၍ ဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် နိုင်ငံရေးသမားများကို လေးစားသည်။ သူတို့၏ အတွေးအခေါ်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့သည် အတ္တကိုယ်ကျိုး လုံးဝမပါရှိဘဲ နိုင်ငံတော်ဆိုသည့် ပုံရိပ် တစ်ခုကို မိမိ၏ အတွေးအခေါ်ဖြင့် ပုံဖော်ရန် ကြိုးပမ်းချင်သူများဖြစ်ကြ သည်။ ထို့ကြောင့် ကျွန်တော့်အနေဖြင့် ရိုးသားသော နိုင်ငံရေးသမားဆိုလျှင် နူနူဝဲဝဲလေးစားပြီးဖြစ်သည်။ ယုတ်စွအဆုံး  အခွင့်ထူးမခံဘဲ သေသည်အထိ ဆင်းဆင်းရဲရဲဖြင့် ကွန်မြူနစ်ဝါဒကို ဖက်တွယ် သွားသော ကွန်မြူနစ်ကြီးများကိုပင် လေးစားသမှု ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် လူသည် လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်  တွေးတောပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အထက်တွင် ကျွန်တော်ပြောခဲ့သလို နိုင်ငံရေးအကျဉ်းသားအားလုံးကို ကျွန်တော်လေးစားပါသည်။      လွတ်မြောက်လာသည့်အတွက်လည်း အလွန်ပင် ဝမ်းသာပါသည်။ ကျန်ရှိနေသေးသူများကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်ပါသည်။

လူဆိုသည်မှာ လွတ်လပ်စွာ ယုံကြည်တွေးတောပိုင်ခွင့်ရှိသော်လည်း မိမိ၏ ယုံကြည်မှု၊ မိမိ၏ အတွေးအခေါ်နှင့် လုပ်ရပ်များသည် လူ့ အသိုင်းအဝိုင်းကို မထိခိုက်ရန်လိုပါသည်။ အိုစမာဘင်လာဒင်၊ ဆိုမာလီယာမှ ဘာသာရေး စစ်သွေးကြွများ၊ တာလီဘန်များ သူတို့သည် သူတို့၏ ဘာသာရေး ယုံကြည်ချက်အရ မှန်နေသော်လည်း လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်သည်။ မော်စီတုန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကြီးကရော မှန်ကန်သည့်လုပ်ရပ်လား၊ ခမာနီခေါင်းဆောင် ပိုပေါ့၏ သက္ကရာဇ်ဖြိုခြင်းသည် မှန်ကန်သည့်လုပ်ရပ်လား၊ သေချာသည်ကတော့ ထိုသူတို့၏   အတွေးအခေါ်ကြောင့် သက်ဆိုင်ရာ လူ့ပတ်ဝန်းကျင် ပျက်စီးသွားခဲ့ဖူးသည်။ နိုင်ငံရေးသမားဆိုတာ ဘာလဲ၊ နိုင်ငံ့အရေးအတွက် မိမိဘဝကို နှစ်မြုပ်ထားသူ၊ နိုင်ငံကို တိုးတက်ကောင်းစားစေလိုသော ဆန္ဒရှိသူဖြစ်သည်။ ထိုသို့ တိုးတက်ကောင်းစားစေလိုသူက ပြည်သူတွေကို ထိခိုက်လာမည့် အလုပ်မျိုးကို လုပ်မှာလားဟု လည်း တွေးမိသည်။

နိုင်ငံရေး အပြောင်းအလဲတွင် လူထုတော်လှန်ရေးကြီးများ အမှန်တကယ်လိုအပ်ပါသည်။ ပြင်သစ်တော်လှန်ရေးမှ အစပြုသော လူထုတိုက်ပွဲ ပုံစံဖြင့် ကမ္ဘာကျော်အောင်ပွဲကြီးများကို ရရှိခဲ့ဖူးပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ၁၃၀၀ပြည့်အရေးတော်ပုံ၊ ၁၉၈၈ အရေးတော်ပုံကဲ့သို့ ကမ္ဘာကျော် လူထုတိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ဖူးသည်။ ကြားထဲတွင် အားကောင်းသော လူထုတော်လှန်ရေးကြီးများလည်း ပေါ်ထွက်ခဲ့သေးသည်။ အောင်မြင် သည်လည်း ရှိသည်။ ကျရှုံးသည် လည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ လူထုတော်လှန်ရေးဆိုသည်မှာ နိုင်ငံရေးတွင် ထည့်သွင်းတွက်ချက် ရသည့် factor တစ်ခု၊ function တစ်ခုဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးဆိုသည်မှာ လူထုလှုပ်ရှားမှု တစ်ခုတည်းဖြင့် ပြီးပြည့်စုံသည်ဟု မယူဆနိုင်ပါ။ ယခုနောက်ပိုင်းတွင် ပါဝါဂိမ်းဟု ခေါ်ရမည့် ဦးနှောက်စစ်ပွဲများက အသာရလာခဲ့ပါသည်။ ဦးနှောက်စစ်ပွဲများသည် လမ်းပေါ်ထွက် လက်ရုံးရည်တိုက်ပွဲများထက် အောင်မြင်မှု ရရန် ခက်ခဲသော်လည်း အောင်မြင်ခဲ့ပါက ရေရှည်တည် တံ့သည့်ခိုင်မာမှုကို ရရှိစေသည်ကို နယ်လ်ဆင်မင်ဒဲလား၏ တောင်အာဖရိကနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံတို့က သက်သေပြခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် သံလက်သီးပိုင်ရှင်ဟု နာမည်ကြီးခဲ့သော ချီလီဗိုလ်ချုပ်ကြီး ပီနိုချေးကို နောက်ဆုံးတွင် ဦးနှောက်ပါဝါစစ်ပွဲများက အနိုင်ရ  သွားသည်ကိုလည်း တွေ့ရသည်။ အီဂျစ်၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံတို့တွင် လူထု အုံကြွမှုဖြင့် အစိုးရများကို ပြုတ်ကျစေခဲ့သည် မှန်သော်လည်း နောက်ကွယ်တွင် မငြိမ်းချမ်းသေးသော ဖြစ်ရပ်များက ဆီးကြိုနေသည်။ နောက်ထပ်လူထု လှုပ်ရှားမှုတွေ ထပ်မံဖြစ်နိုင်ချေ အများကြီး ရှိနေသည်။ နိုင်ငံ၏ လားရာကိုလည်း မခန့်မှန်းနိုင်သေး။ ပန်းတိုင်လည်း မရှိသေးပေ။ ထို့ကြောင့် လူထုတော်လှန်ရေးတိုက်ပွဲများနှင့် လက်ရုံးရည် တိုက်ပွဲများသည် ခေတ်သစ်နိုင်ငံရေးတွင် အသုံးမဝင်တော့ဟု ဆိုရတော့မည်ဖြစ်သည်။

ယခု ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသားများ၊ တစ်နည်းအားဖြင့် နိုင်ငံ့အကျိုးအတွက် မိမိတို့၏ဘဝများကို ငရဲခန်းများတွင် နှစ်မြုပ်ထားခဲ့ကြသော ပုဂ္ဂိုလ်များကို မေတ္တာရပ်ခံလိုသည်မှာ ဦးနှောက်ပါဝါဂိမ်းများအတွင်း ဝင်ရောက်ကစားပေးကြရန် ဖြစ်ပါသည်။ လူထုတိုက်ပွဲများသည် ပြည်သူကို သွေးလန့်စေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကောင်းကွက်တစ်ကွက်ကြောင့် ဆိုးကွက်တစ်ရာကို မေ့နိုင်သော လူမျိုးသည် ယနေ့ လွှတ်တော် နိုင်ငံရေးကို အတိုင်းအတာတစ်ခုထိ ယုံကြည်နေကြပြီဖြစ်သလို လက်ရှိအခြေအနေမှ နောက်ပြန်သွားမည့် နိုင်ငံရေး သံသရာထဲသို့ ပြန်မသွားချင်ကြတော့ပါ။ ဒီမိုကရေစီ၏ အပေါ်ယံအရည်ကြည်ကို မြည်းစမ်းခွင့်ရနေကြပြီ ဖြစ်သည့်အတွက် အောက်လွှာရှိ အနှစ်များကိုသာ မြင်လိုပါတော့သည်။ ထို့ကြောင့် နိုင်ငံရေးအစဉ်အလာ ရှိသူများအနေဖြင့် ယနေ့ပြည်သူ၏ သဘောထားနှင့် စိတ်နေစိတ်ထားများကို လေ့လာကြရန် တိုက်တွန်းရခြင်း ဖြစ်ပါသည်။ လူထုအတွက် စေတနာလွန်ကဲ၍ ရဲရဲတောက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းသည် လူထုအတွက်လည်း အကျိုးမရှိသလို သတ္တိရှိသော ခေါင်းဆောင်များ ဆုံးရှုံးရခြင်းသာ အဖတ်တင်ပါလိမ့်မည်။ ယခုပင်လျှင် လူထုကိုခေါင်းဆောင်မှုပေးနိုင်သော ပုဂ္ဂိုလ်များ အကျဉ်းထောင်ထဲတွင် ရှိနေသည့် ကာလတလျှောက်လုံး နိုင်ငံရေးဖြစ်ထွန်းမှု လျော့နေခဲ့ရသည်။ ၁၉၉၅ခုနှစ်က အမျိုးသားညီလာခံ အောင်မြင်၍ ရွေးကောက်ပွဲဖြစ်ပေါ်ခဲ့လျှင် ယနေ့အချိန်သည် အင်ဒိုနီးရှား၏ ဒီမိုကရေစီထက် မနိမ့်သော အခြေအနေတစ်ရပ်ကို ခံစားနေရမည်ဟု ယုံကြည်မိပါသည်။

သို့ရာတွင် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားတချို့၏ ထောင်မှလွတ်လွတ်ခြင်း စကားများသည် ပြည်သူအတွက် စိုးရိမ်စရာ ဖြစ်သကဲ့သို့ လက်ရှိ အစိုးရကိုလည်း အကျပ်တွေ့နိုင်သည့် စကားလုံးများဖြစ်နေသည့်အတွက် ရင်လေးမိပါသည်။ အစိုးရကို အပြောင်းအလဲ မရှိ၊ ဒီမိုကရေစီအစိုးရ မဟုတ်၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေးဟူသော ရဲရဲတောက်စကားများကို ပြန်လည်မြင်တွေ့လာရ၍ ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များ အကျဉ်းကျ ခံနေရစဉ်အတွင်း မြန်မာနိုင်ငံသည် လုံးဝလုံးလုံးလျားလျား ဒီမိုကရေစီနိုင်ငံ ဖြစ်သွားခဲ့ခြင်းမဟုတ်ပါ။ ဒီမိုကရေစီကိုသွားရန် ပြင်ဆင်နေဆဲ အခြေအနေ တွင်သာ ရှိပါသေးသည်။ ထို့ကြောင့် လက်ရှိအခြေအနေသည် ဒီမိုကရေစီအစိုးရ မဟုတ်သေး၊ သို့သော် ဒီမို ကရေစီခြေလှမ်းကို  အစိုးရရော ပြည်သူပါ လှမ်းနေရချိန်ဖြစ်ကြောင်းကို သတိချပ်စေလိုသည်။ နှုန်းစံပြု ဒီမိုကရေစီရနေပြီဟု မမြင်စေလိုပါ။ ထိုကဲ့သို့ နှုန်းစံမျိုးရမှ အစိုးရကို အသိအမှတ်ပြုနိုင်မည် ဆိုပါက ယခုကဲ့သို့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရှေးရှု၍ အကျဉ်းသားများလွှတ်ပေးခဲ့ခြင်းကိစ္စသည် သဲထဲရေသွန် ဖြစ်ပါလိမ့်မည်။

အစိုးရအနေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းကာစဖြစ်၍ နှုန်းစံပြုပေတံဖြင့် မတိုင်းတာနိုင်သေးပါ။ တစ်ဖက်တွင်လည်း  ယင်းစံနှုန်းများကို ဖြည့်တင်းနေပါသည်။ အနှေးနှင့် အမြန်သာရှိပါသည်။ နိုင်ငံရေး အကျဉ်းသားများ လက်မခံနိုင်သော လွှတ်တော်နှင့် အသိအမှတ်မပြုသော သမ္မတတို့ကပင် လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဆောင်ရွက်ခဲ့သည်ကို ထောက်ထားစေလိုပါသည်။ ယခုကဲ့သို့ လွှတ်ပေးခြင်းခံရသူများသည် နိုင်ငံရေး အကျဉ်းသား များထဲတွင် သဘောထား ပျော့ပျောင်းပြီး ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိသူများဟု လက်ရှိအစိုးရက ယုံကြည်ထားသူ များဖြစ်ပါသည်။ အယူအဆ ပြင်းထန် သည့် ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်ကဲ့သို့ ပုဂ္ဂိုလ်များ မပါဝင်လာခဲ့ပါ။ ယခု သဘောထားပျော့ပျောင်းသူဟု ယူဆရ သူ များပင် ထောင်မှလွတ်လွတ်ခြင်း အစိုးရကို အနှုတ်သဘောရှုမြင်နေပါက သဘောထားတင်းမာသည့်၊ ခေါင်းမာသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် ပို၍ပင် အလှမ်းဝေးသွားစေမည် ဖြစ်ပြီး အခန့်မသင့်လျှင် သဘောထား ပျော့ပျောင်းသူများပင် နောက်ကြောင်းပြန် သွားနိုင်စရာ ရှိနေပါသည်။

လူထုအနေဖြင့် မျက်စေ့ဒေါက်ထောက်ကြည့်ခံနေရသည့် မလုံခြုံသည့်ဘဝ၊ ထမင်းတစ်လုတ်အတွက် သက်ဆိုင်ရာကို မျက်နှာလုပ် နေရသည့် ကိစ္စ၊ အတွေးများဖြင့် စိုးကြောက်နေရသည့် ဘဝများကို ခါးသီးနေပြီဖြစ်ပါသည်။ ပိုမို၍ ကောင်းမွန်သော အနာဂတ်တစ်ခုကို သွားချင်နေကြပြီလည်း ဖြစ်ပါသည်။ ခွင့်လွှတ်တတ်သော၊ သီးခံတတ်သော လူမျိုးသည် ပြီးခဲ့တာတွေကို သင်ပုန်းချေ၍ လက်ရှိကောင်းမွန်နေသော အနေအထားလေးကို တိုးတက်စေလိုလျက် ရှိပါသည်။ ထိုကဲ့သို့ တိုးတက်မှုမျိုးကို ပေးထားချက်ဖြစ်သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့်   လွှတ်တော် နိုင်ငံရေးလမ်းကြောင်းမှ ရှာဖွေခြင်းသည်သာ လက်ရှိအချိန်တွင် ဆိုးကျိုးအနည်းဆုံး လမ်းကြောင်းဖြစ်၍ နေပါသည်။ နိုင်ငံရေးအကျဉ်းသားများသည် လက်ရှိလွှတ်တော်နိုင်ငံရေးတွင် ဘေးရောက်သွားပြီဟု မဆိုသာပါ။ ယင်းတို့၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို ပြည်သူတို့၏ ရင်ထဲတွင် အမှတ်တရ ရှိနေဆဲပင် ဖြစ်ပါသည်။ သူတို့သည် ခေါင်းဆောင်များပင် ဖြစ်နေပါသည်။ ထို့ကြောင့် ပြည်သူလဲ ထိခိုက်မှုမရှိ၊ ဆိုးကျိုးလည်း နည်းသော လွှတ်တော် နိုင်ငံရေးမှတဆင့် လူထုကို ခေါင်းဆောင်မှုပြန်လည်ပေး၍ မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီပန်းတိုင်သို့ ဦးဆောင်ချီတက်မည်ဆိုပါက သားရွှေအိုးထမ်းသည့် ကိစ္စပင်ဖြစ်ပါလိမ့်မည်ဟု အကြံပြုလိုရင်းသာဖြစ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs