Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၈.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရဲများကာကွယ်ထားသည့် နှစ်လုံးထီလောင်းကစား ပဲခူးမြို့နယ်အတွင်းခေတ်စား
  2. မျိုးစေ့များလိမ်ရောင်းချမှု တွေ့ရှိက အရေးယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အိန္ဒိယနိုင်ငံ ချီးကျူး
  2. ဒေါ်အောင်ဆန်းစုကြည်နှင့် လူရွှင်တော်ဇာဂနာတွေ့ဆုံ
  3. နိုင်ငံရေးအကျဉ်းသား ၈၀၀ကျော်လွှတ်ပေးရန် ကျန်ရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. တရားဝင်မှု

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ရဲများကာကွယ်ထားသည့် နှစ်လုံးထီလောင်းကစား ပဲခူးမြို့နယ်အတွင်းခေတ်စား

ပဲခူးတိုင်းအတွင်းရှိ လက်ပံတန်းမြို့နယ်၊ သာရဝေါကျေးရွာအတွင်း ရဲများအကာအကွယ်ပြုပေးထားသည့် နှစ်လုံး ချဲ၊ ထီ လောင်းကစား မှုများ ခေတ်စားလျက်ရှိကြောင်း သိရသည်။

သာရဝေါကျေးရွာသည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်အတွက် ၎င်း ကိစ္စရပ်များအပေါ် သာရဝေါအပိုင် ရဲစခန်းမှ အခွင့်အရေးရယူကာ အခကြေးငွေ ရယူ၍ လောင်းကစားပြုလုပ်မှုများကို လွတ်လပ်စွာ ခွင့်ပြုလုပ်ကိုင်စေ လျက် ရှိကြောင်း သိရသည်။

ထို့ပြင် အချို့လောင်းကစားဝိုင်းများတွင် အခကြေးငွေ ရယူထားသည့် ရဲများကိုယ်တိုင် အစောင့်အကြပ် ပြုလုပ်ပေးခြင်း၊ ချဲထီများကို လွတ်လပ်စွာ ရောင်းချစေခြင်းစသည့် ကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပဲခူးတိုင်းအတွင်း တရားမဝင် လောင်းကစားမှုများကို ကျေးရွာနေပြည်သူများက အထက်သို့ တိုင်ကြားခဲ့သည့်အတွက် တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း သာရဝေါရဲစခန်းမှ အာဏာပိုင်များက ဒိုင်ချုပ်များအား ခေတ္တရှောင်ခိုင်းခြင်း၊ အိမ်စောင့်တစ်ဦးသာထားရှိ၍ ဘုရားဖူးသွားသည်ပာု ပြောခိုင်းခြင်း၊ နည်းမျိုးစုံဖြင့် ဒိုင်ချုပ်များလွတ်မြောက်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်း သာရဝေါကျေးရွာနေ တာဝန်သိ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်မှလည်း မကြာသေးမီအချိန်ကာလများအတွင်းက ချဲ၊ ထီလောင်းကစားမှုများ ပပျောက်စေရေး စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ပဲခူးတိုင်းအတွင်းတွင် လောင်းကစားမှုများပပျောက်သွားနိုင်ခြင်းမရှိသေးဘဲ လွတ်လပ်စွာ လုပ်ကိုင်လျက်ပင်ရှိနေသေးကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မျိုးစေ့များလိမ်ရောင်းချမှု တွေ့ရှိက အရေးယူမည်

တောင်သူများအား မျိုးစေ့များ၊ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို လိမ်လည်ရောင်းချနေမှုများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချသည့် ဆိုင်များအနေဖြင့် တောင်သူလယ်သမားများပေါ်တွင် လိမ်လည်လှည့်ဖြားခြင်း၊ ခေါင်းပုံဖြတ်သည့် အလုပ်မျိုး လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ၎င်းလုပ်ကိုင်ဆောင်ရွက်မှုများကို လုပ်ဆောင်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တောင်သူများအနေဖြင့်လည်း မျိုးစေ့လိမ်ရောင်းခံရပါက သက်ဆိုင်ရာသို့ ချက်ချက်တိုင်ကြားရန် လိုအပ်ပြီး သက်ဆိုင်ရာမှ တာဝန်ရှိသူများက အစုအဖွဲ့ခွဲ၍ ကွင်းဆင်းစစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အရေးယူဆောင်ရွက်ရခြင်းမှာ အကြွေးနွံများကြားတွင် မျောပါလျက်ရှိနေကြသည့် တောင်သူများအပေါ် အခွင့်အရေးယူ၍ စိုက်ပျိုးရေး အရောင်းဆိုင်ဝန်ထမ်းအချို့သည် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့များကို ခေါင်းပုံဖြတ် လိမ်လည်ရောင်းချမှုများကို တွေ့ရှိရသည့်အတွက် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက ဆန်ထွက်ရှိရာဒေသများတွင် ဇူလိုင်လလယ်မှ စတင်၍ စံချိန်တင်ရွာသွန်းခဲ့သည့် မိုးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ စိုက်ပျိုးတောင်သူများ အခက်အခဲအကြပ်အတည်းနှင့် တွေ့ကြုံခံစားရလျက်ရှိကြောင်း သိရသည်။

ရာသီဖျက်မိုးကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုများရှိသည့်အတွက် ပြည်တွင်းစားသုံးမှုဖူလုံမှသာ နိုင်ငံခြားပို့ကုန်အတွက် စဉ်းစားသွားမည်ဖြစ်ပြီး အခက်အခဲအကြပ်အတည်းကြားမှ တောင်သူများအား လိမ်လည်လှည့်ဖျား ခြင်းမျိုးတွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အိန္ဒိယနိုင်ငံ ချီးကျူး

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဒီမိုကရေစီအစိုးရအဖြစ်သို့ အောင်မြင်စွာ ကူးပြောင်းခဲ့ခြင်းကို ချီးကျူးခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်၏ အိန္ဒိယ နိုင်ငံချစ်ကြည် ရေးခရီးစဉ်အတွင်း မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်၌ ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် ကျယ်ပြန့်စွာ ပူးပေါင်းပါဝင်မှုအဖြစ် ပိုမိုခိုင်မာသည့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် လိုအပ်သည့် အကူအညီများပေးသွားရန် ကမ်းလှမ်းခဲ့သည်။

နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးအရှိန်အဟုန် တိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၂ ခုနှစ် အစောပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသွားရန်လည်း နှစ်ဖက်သဘောတူခဲ့ကြသည်။

နှစ်နိုင်ငံအကြား သိပ္ပံနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန်လည်း သဘောတူခဲ့ကြသည်။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၀ ခုနှစ်တွင် အသစ်ပြန်လည် ချုပ်ဆိုပြီးနောက် ၂၀၁၂- ၂၀၁၅ ခုနှစ် ကာလအတွက် နည်းပညာအကူအညီများ မြန်မာနိုင်ငံသို့ ပေးအပ်ရန်နှင့် မြန်မာသုတေသီများအား အိန္ဒိယနိုင်ငံ၌ ပညာသင် စေလွှတ်ရန်၊ အိန္ဒိယ- မြန်မာ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အောက်မှ နှစ်နိုင်ငံတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရာ၌ အိန္ဒိယနိုင်ငံမှ အကူအညီများပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီးနှင့်  စစ်တွေ အထွေထွေရောဂါကုဆေးရုံများ အဆင့်တိုးမြှင့်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးမှုများတွင် အကြမ်းဖက်မှုလုပ်ရပ်အားဆန့်ကျင်ရေး၊ နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့များအကြား သတင်းအချက်အလက် ဖလှယ်ရေး၊ လက်နက်မှောင်ခိုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးတိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆည်မြောင်းဖောက်လုပ်ရေး စီမံကိန်းများနှင့် အခြားစီမံကိန်းများအတွက် အိန္ဒိယနိုင်ငံမှ သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို မြန်မာနိုင်ငံသို့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။  ထို့အပြင် ချင်းတွင်းမြစ်ဝှမ်း ဒေသရှိ ထမံသီနှင့် ရွှေစာရေး စီမံကိန်းများကို အကောင်အထည် ဖော်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ထမံသီစီမံကိန်း၊ ရွှေစာ ရေးစီမံကိန်းများနှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာများကို ၂၀၁၂ မတ်လတွင် အပြီးသတ်ပြုစုရန်၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအား ၆ လအတွင်း အပြီးသတ်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းလုပ်ဆောင် မှုများ တိုးမြှင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ်ကုန်သွယ်လမ်းများ ဖောက်လုပ်ရေး၊ အိန္ဒိယအရှေ့မြောက် ခွဲထွက်ရေးသူပုန် များကို ပူးပေါင်းနှိမ်နှင်းရေး၊ နယ်စပ်ကုန်သွယ်ရာ ဒေသများတွင် အကောက်ခွန်ဂိတ်များနှင့် စနစ်တကျ လုပ်ဆောင်ရေး၊ ကုလားတန် ဘက်စုံစီမံကိန်း အရှိန်မြှင့်လုပ်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အစိုးရအဖွဲ့သစ် တက်လာပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ချစ်ကြည်ရေးသွားရောက်ခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် သမ္မတကြီးသည် အိန္ဒိယသမ္မတနိုင်ငံသမ္မတ မစ္စစ် ပရာတီဘာဒေဗီဆင်းပတေးလ်၊ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စတာ အက်စ်အမ်ခရစ်ရှနာတို့နှင့်လည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် လူရွှင်တော်ဇာဂနာတွေ့ဆုံ

နှစ်ကာလကြာရှည်စွာ တွေ့ဆုံခဲ့ရခြင်းမရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူရွှင်တော်ဇာဂနာတို့သည် အောက်တိုဘာလ ၂၇ရက်နေ့ နေ့လည် ၁၁ နာရီမှ ၁နာရီ ထိ နှစ်နာရီကြာ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုမှာ မတွေ့ရသည်မှာ ကြာမြင့်သည့် မိတ်ဆွေနှစ်ယောက် ပြန်လည်တွေ့ဆုံခြင်းထက် မပိုကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ဆိုသည်။

 “အကိုကလည်း ထောင်ထဲဝင်လိုက်၊ ထွက်လိုက် အန်တီစုကလည်း အကျယ်ချုပ်နဲ့ နေရတာဆိုတော့ သူတို့ နှစ်ဦးသား တွေ့ဆုံခြင်းဟာ မတွေ့ရသူနှစ်ယောက် ပြန်လည်တွေ့ဆုံတဲ့အဆင့်ထက် မပိုပါဘူး”ဟု ယင်းက ဆက်လက်ပြောကြားသည်။

လူရွှင်တော်ဇာဂနာအား အောက်တိုဘာ ၁၂ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် မည်သည့် အကြောင်းအရာများ ပြောဆိုမည်ကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင်လည်း “လူတစ်ယောက်နဲ့ တွေ့ဆုံမှုကို ဘာကြောင့်တွေ့တယ်ဆိုတာ ပြောဖို့လိုသေးလား”ဟု ပြန်မေးခွန်းထုတ် ခဲ့သည်။

နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ မြစ်ကြီးနားထောင်မှ လွတ်လာသည့် လူရွှင်တော်ဇာဂနာသည် အောက်တိုဘာ ၁၈ ရက်တွင် ကျရောက်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၉ )နှစ်မြောက် အခမ်းအနား ကျင်းပရာ မရမ်းကုန်းမြို့နယ်ရှိ ပရိယတ္တိ စာသင်တိုက်ကို တက်ရောက်ခဲ့ပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုမင်းကိုနိုင် ပြန်လည်လွတ်မြောက်ရန် ဆုတောင်းခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအကျဉ်းသား ၈၀၀ကျော်လွှတ်ပေးရန် ကျန်ရှိ

ယခုအကြိမ်လွတ်ပေးသော လွတ်ငြိပ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် လွတ်မြောက်လာခဲ့ပြီး ၈၀၀ ကျော်ခန့် လွှတ်ပေးရန် ကျန်ရှိနေသေးကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယခုလွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများထဲတွင် NLD အဖွဲ့ဝင် အယောက် ၄၀ခန့် လွတ်မြောက် လာခဲ့ကြောင်း NLD မှ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောကြားသည်။

“တကယ်ဆိုရင် နိုင်ငံရေးကျဉ်းသားတွေအားလုံးကို တပြိုင်တည်းလွှတ်ပေးရမှာ။ အခုတော့ ဘာတွေလုပ်နေမှန်းလည်း မသိဘူး။ ကျွန်တော်ကတော့ ဒီအစိုးရအပေါ်မှာ ယုံကြည်မှုလျော့သွားပြီဗျ။” ဟု ပြည်တွင်းဂျာနယ် တစ်စောင် ထုတ်ဝေနေသူက ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ပြောကြားချက်ကို ၎င်းနှင့် သွားရောက်တွေ့ဆုံခဲ့သူတစ်ဦး၏ ပြန်လည်ပြောကြားချက်အရ နိုင်ငံရေး အကျဉ်းသား အားလုံးကို နိုင်ငံတော်၏လုံခြုံရေးအရ စိတ်ချရမည့်အချိန်တွင် တစ်သုတ်ပြီးတစ်သုတ် ပြန်လည်လွှတ်ပေးသွားရန် အစီစဉ်ရှိကြောင်း ပြောကြားသည်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများလည်း ယခုလမကုန်ခင်အချိန်တွင် ဒုတိယအသုတ် ပြန်လည်လွှတ်ပေးမည်ဟု ကောလဟာလများ ထွက်ပေါ်လျက်ရှိသည်။

“နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွတ်လာလိမ့်မယ်လို့ယုံကြည်တယ်” ဟု လူမှုရေးလုပ်ငန်းများဖြစ် နာမည် ကြီးနေသူတစ်ဦးကပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်သာလွှတ်ပေးခဲ့သော်လည်း သမ္မတ သိန်းစိန်ကို နိုင်ငံတကာခေါင်းဆောင်များ၊ ပညာရှင်များက ဝမ်းမြောက် ကြိုဆိုကြသော်လည်း မြန်မာ့နိုင်ငံရေးအင်အားစုတစ်ချို့နှင့် ပြည်သူလူထုတစ်ချို့က သမ္မတ ဦးသိန်းစိန် အပေါ်ယုံကြည်မှု လျော့နည်းသွားကြောင်း ပြောဆိုသည်။

နိုင်ငံရေးအမှုဖြစ် အသက်တစ်ကျွန်းထောင်ကျသူကို ပြန်လည်လွှတ်ပေးလိုက်သည့်အတွက် နှစ် ၆၀၊ နှစ် ၇၀ ထောင်ဒဏ်အကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးသင့်ကြောင်း အမတ်လောင်း အဟောင်းတစ်ဦးက ပြောကြားသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၈၀၀ကျော်လွှတ်ပေးရန် ကျန်ရှိဆိုသည့် စာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်း အရဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို NLD မှပြုစုထားသောစာရင်းအရ ၁၀၀၀ကျော်ရှိပြီး မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေး(AAPP-B)မှ ပြုစုထားသောစရင်းမှာ ၂၀၀၀ကျော် ရှိသော်လည်း အစိုးရက ၆၀၀ ကျော်သာ ရှိကြောင်း ဦးကိုကိုလှိုင်၏ ပြောဆိုချက်အရ သိရသည်။

 

Peace Press

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပန်းဆိုးတန်းနားမှာရှိတဲ့ ဝန်ကြီးများရုံးကို ငှားမယ်။ ငှားတဲ့အခါမှာ ဝန်ကြီးများရုံးမှာရှိတဲ့ ရှေးဟောင်းတွေကို လုံးဝပြုပြင်လို့ ထိလို့ မရဘူး။ အထဲမှာတော့ ပြင်ဆင်လုပ်ကိုင်နိုင်တယ်။ ငှားပြီးလုပ်မယ့်သူတွေ MTB ကို ဆက်သွယ်လို့ရတယ်။ MTB နဲ့ အသေးစိတ်အချက်တွေလာဆွေးနွေးနိုင်ပါတယ်။ အဖွဲ့က တစ်ဆင့်တင်ပြပေးမယ်။ အာဆီယံ-ဂျပန် ဆွေးနွေးပွဲမှာလည်း ဂျပန်လုပ်ငန်းရှင်တွေကို ရင်းနှီးမြုပ်နှံမှုအတွက် ဖိတ်ခေါ်မယ်၊ အဲဒီအခါမှာ စက်မှုလုပ်ငန်း ကဏ္ဍတင်မကပဲ  ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက်ပါ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်သွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား ခရီးသွား တွေ အခုထက်ပိုဝင်လာမယ့် အနေအထားရှိသလို ဝင်လာရင်လည်း ဟိုတယ်၊ ရုံးခန်းတွေအများကြီးလိုမှာဖြစ်တဲ့အတွက် ဖိတ်ခေါ်သွားမှာပါ။ ရန်ကုန်က စစ်ရုံး ချုပ်ကိုလည်း ကျယ်ဝန်းတဲ့အတွက် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ဖို့ စီစဉ်ထားတယ်”

အောက်တိုဘာ ၁၉ ထုတ် WeeklyELEVEN အတွဲ (၇) အမှတ် (၃) တွင်ပါသည့် “သမိုင်းအစဉ်အလာကြီးမားပြီး သက်တမ်း နှစ်ပေါင်း ၁၂၁ နှစ် ရှိပြီဖြစ်သော ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အား စီးပွားရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ ငှားရမ်း လုပ် ကိုင်ခွင့်ပြုမည်ဟုသိရ” သတင်းမှ အာဆီယံ-ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ဥက္ကဋ္ဌနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ခင်ရွှေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းက ဘယ်လောက်အတိုင်းအတာအထိ အရေးပါတယ် လို့ ထင်မြင်မိပါသလဲ။

ဦးအောင်သူငြိမ်း- သိပ်အရေးပါပါတယ်။ ကျွန်တော်တို့မှာ တစ်လျှောက်လုံးဖြတ်သန်းလာရတာက နိုင်ငံတော်ရဲ့ ဦးဆောင်မှုဆိုပြီး လာခဲ့ရပါတယ်။ ပြည်သူလူထုတွေက အရေးမပါသလို ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဆုံးဖြတ် ချက်တွေချမှတ်ရာမှာ ပြည်သူလူထုရဲ့ အခန်းကဏ္ဍပါ။ ကျွန်တော်တို့မှာ အခုတိုင် မူဝါဒစဉ်းစားမှုတွေက Supply Side လို့ခေါ်တဲ့ လုပ်ပေးသူဘက်က စဉ်းစားတာသာများနေပါသေးတယ်။ Demand Side လို့ခေါ်တဲ့ ဝန်ဆောင်မှု ရမယ့်သူတွေ၊ ခံစားရမယ့်သူတွေ ဘက်က စဉ်းစားတဲ့အလေ့အထ နည်းနေပါသေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း နိုင်ငံတကာ အင်န်ဂျီအို၊ ဒေသခံအင်န်ဂျီအို၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေ ပူးပေါင်းလုပ်ဆောင်တဲ့ အလေ့အထ နည်းနေပါသေးတယ်။ တချိန်ချိန်မှာတော့ အာဏာပိုင်တွေလည်း အစိုးရ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ချိန်ညှိလုပ်ကိုင်တတ်တဲ့ အလေ့အထမျိုး ထွန်းကားလာမယ် ယူဆပါတယ်။

အောက်တိုဘာ ၂၀ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၀) တွင်ပါသည့် “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက် လျက်ရှိသော ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့၊ အဖွဲ့ဝင်နှင့် ၈၈မျိုးဆက်ကျောင်းသားဟောင်း ဦးအောင်သူငြိမ်းနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အထက်ပါ ထောင်ချောက်ကြီး လေးခုမှာ (၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မမီခြင်း၊ (၂) အရင်းအမြစ်များအား လွဲမှားစွာ စီမံခန့်ခွဲနေခြင်း၊ (၃) အုပ်ချုပ်ရေး ဝါဒ အားနည်းခြင်းနှင့် (၄) စီးပွားရေးအရ အထီးကျန် ဖြစ်နေခြင်းတို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာပေါ်မှာ လူသန်းပေါင်းခြောက်ထောင်ရှိတယ်။ ဆင်းရဲတဲ့ အောက်ခြေလူတန်းစားက သန်းတစ်ထောင် ရှိတယ်။ အဲဒီ သန်းတစ်ထောင်ထဲမှာ ကျွန်တော်တို့ နိုင်ငံပါတယ်။ ဒီထောက်ချောက်တွေထဲက မထွက်နိုင်တဲ့ နိုင်ငံတိုင်း ဆင်းရဲတွင်းထဲက ရုန်းနိုင်ဦးမှာ မဟုတ်ဘူး”

အောက်တိုဘာ ၂၀ ထုတ် Venus News အတွဲ (၃) အမှတ် (၁၄) တွင်ပါသည့် “ထောင်ချောက်ကြီး လေးခုမှ ရုန်းထွက်ရမည်ဟု စီးပွားရေး ပညာရှင် ဒေါက်တာ တင်မောင်သန်းပြော” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဝန်ဆောင်မှုကုမ္ပဏီတွေ အပြိုင်ဆိုင်ပေါ်လာကြတယ်။ ပြီးတော့ ကားသစ်ဝယ်မယ့်သူတွေကို အင်တာနက်ပေကနေ ကားတွေကိုပြပြီး စိတ်ကြိုက် ကားရွေးခိုင်းတယ်။ ကိုယ်က မြင်ပဲမြင်ရတာလေ၊ ကိုင်တိုင်စမ်းသပ်ခွင့်မရ ဘူး၊။ လိုချင်တဲ့ပုံစံ တကယ်ရမရတော့ မသိဘူး။ ဝန်ဆောင်ခတွေက Earning Transfer တောင်းလာတာအပြင် ကားသယ်ယူပို့ဆောင်တဲ့ ဝန်ဆောင်ခတွေပါ ပေးရတာဆိုတော့ ကားဝယ်သူတွေဆီကနေ ငွေအမြတ်ထုတ်နေတဲ့ သဘောမျိုး သက်ရောက် လာနေ ပြီဗျ”

အောက်တိုဘာ ၂၀ ထုတ် ပြည်မြန်မာ အမှတ် (၇၉၀) တွင်ပါသည့် “ဘဏ်အကောင့်ပြငွေအတွက် ကားဝန်ဆောင်မှု ကုမ္ပဏီအချို့က စီးပွားရေးဆန်ဆန် လုပ်စားမှုများ ရှိနေပြီ” သတင်းမှ ကားဟောင်များကို ပယ်ဖျက်ရမည့် ကားဟောင်းပိုင်ရှင် ကိုမောင်မောင်အေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

တရားဝင်မှု

ယခုအချိန်ကာလ၌ ရွေးကောက်ပွဲပြုလုပ်၍ တက်လာသော အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရသည် အစိုးရ တရပ်၏ တရားဝင်မှု (Legitimacy) ကို ပြည်တွင်း၌ရော၊ နိုင်ငံတကာ၌ပါ ပြုပြင်ပြောင်းလဲ မှုလုပ်ရပ်များဖြင့် သက်သေပြလျက် ရှိပါသည်။ နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တရင်းတနှီးလက်ဆွဲနှုတ်ဆက်ကြသည်ကို နိုင်ငံပိုင် မီဒီယာများ၊  ပုဂ္ဂလိက မီဒီယာများက သတင်းဓာတ်ပုံများဖြင့် တင်ပြခဲ့သည့်အတွက် ပြည်သူအများမှာ နှစ်ထောင်းအားရရှိခဲ့ပါသည်။  အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေသော အသိပညာရှင်၊ အတတ်ပညာရှင်များကို ပြည်ဝင်ခွင့်ပေးလိုက်ခြင်းဖြင့် ဒေါက်တာဇော်ဦး၊ ဒေါက်တာတင်မောင်သန်း အစရှိသော ထိပ်တန်းအဆင့်ရှိ စီးပွားရေး ပညာရှင်များ နိုင်ငံတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်မှာ မြန်မာနိုင်ငံကဲ့သို့ ပညာရှင် ရှားပါးသော နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များပင် ဖြစ်လေသည်။

သို့သော် ယခင် တပ်မတော်အစိုးရမှ ကျင်းပပြုလုပ်သည့် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက သံသယရှုမြင်ခဲ့ကြလေသည်။ ဤသည်မှာလည်း ယခင်အစိုးရ၏ တရားဝင်မှု မရှိသည့် အနေအထားကြောင့် ဖြစ်လေသည်။ ယခင်အစိုးရမှာ ယင်း တရားမဝင် အကျပ်အတည်းကို ကုစားဖြေရှင်းသည့်အနေဖြင့် ရွေးကောက်ပွဲကို မဟာဗျူဟာမြောက် ထွက်ပေါက်အဖြစ် လှလှပပ အသုံးချသွားခဲ့လေသည်။ ယင်းရွေးကောက်ပွဲမှ အသစ် ဖြစ်ထွန်းလာသော ဦးသိန်းစိန်အစိုးရမှာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ထားရှိနေသော သံသယကို ချေဖျက်ရန် စိန်ခေါ်များဖြင့် ကြုံတွေ့နေရလေသည်။ တရားမဝင်မှုကို တရားဝင်အောင် ကြိုးပမ်းဆောင်ရွက်ရသည်မှာ လွယ်ကူ သည့် ကိစ္စရပ်တော့မဟုတ်ပါ။

အမှန်စင်စစ် နိုင်ငံတစ်နိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်လိုက်မည်ဆိုကတည်းက တရားဥပဒေစိုးမိုးမှုကို တရားဝင် ကျင့်သုံး အကောင်အထည် ဖော်မည်ဟု ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် ယင်းမှာ အပေါ်ယံသွင်ပြင်လည်း ဖြစ်သွားနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော်လည်း တရားဥပဒေ စိုးမိုးမှုနည်းသော၊ ဒီမိုကရေစီ အနှစ်သာရကို ကျင့်သုံး အကောင်အထည်ဖော်မှု မပီပြင်သော နိုင်ငံများလည်း ရှိပါသည်။ အစိုးရရော၊ လွှတ်တော်ရော ဒီမိုကရေစီကို လက်တွေ့အလုပ်ဖြစ်အောင် ဆောင်ရွက်မှသာလျှင် တရားဝင်မှု အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်သော တိမ်းညွန့်မှုများကို ကြိုကြိုတင်တင် သတိရှိစွာ ရှောင်ရှားဖို့ လိုပါသည်။ ဤသို့ သတိရှိစွာ ရှောင်ရှားနိုင်ဖို့မှာ အစိုးရတရပ်၏ နိုင်ငံရေး စိတ်စေတနာ ထက်သန်မှု (Political Will) အဘယ်မျှ မြင့်မားစွာရှိသနည်းဟူသော အချက်အပေါ် အဓိကမူတည်၍ နေပေသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ဒီမိုကရက်တစ် အလေ့အကျင့်များ ဖွံ့ဖြိုး ရေးနှင့် ပတ်သက်၍ မတ် ၃၁ နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအား သမ္မတ အိမ်တော်တွင် မြွတ်ကြားသော မိန့်ခွန်း၌ “ အစိုးရအဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ်ကတော့ ဒီမိုကရေစီကျင့်စဉ် (Democratic Practices) များ ထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရှိနေပြီဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေါ်ထွက်လာတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်များဟာလည်း သက်ဝင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ၎င်းတို့ရဲ့ဆန္ဒအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်နိုင်ခွင့်နဲ့ မိမိကိုယ်တိုင်ရွေး ချယ်ခံပိုင်ခွင့်များကို ရရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်နိုင် ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းများပဲ ဖြစ်ပါတယ်။ ကျင့်သုံးနိုင်ဖို့ဆိုရင် အစိုးရအဖွဲ့အတွင်းမှာရော၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များမှာရော၊ ပြည်သူ လူထုအတွင်းမှာပါ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားဖို့လိုပါတယ်”ဟု ဆိုခဲ့လေသည်။ ယခု ပြည်သူများ၏ ဆန္ဒနှင့်အညီ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း အစရှိသည့် သမ္မတအမိန့်ဖြင့် ဆောင်ရွက်ချက် များကို ကြည့်ခြင်းအားဖြင့် ၎င်းပြောခဲ့သော ဒီမိုကရက်တစ် အလေ့အကျင့်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်နေပြီဖြစ်လေသည်။ သမ္မတကြီး၏ ယင်းဆောင်ရွက်ချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းသာမက၊ ပြည်သူများကပါ ဝမ်းမြောက်ပီတိ ဖြစ်ကြသလို အစိုးရတရပ်၏ တရားဝင်မှုကိုလည်း စနစ်တကျတည်ဆောက်လာသည့် လက္ခဏာများလည်း ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးသည်မှ စ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်မှာ စီးပွားရေး စီမံခန့်ခွဲမှု အမှားများ(Economic mismanagement) သာ လုပ်ဆောင်ခဲ့ကြပါသည်။ ယခု ၂၀၁၀ အပြောင်းအလဲတွင်တော့ နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်ခဲ့သော မြန်မာနိုင်ငံအဖို့ ယခင်ကဲ့သို့ လုပ်ဆောင်၍ မသင့်တော့ပါ။ နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ နိုင်ငံ၏ စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးလာအောင် တည်ဆောက်ခြင်းပင် ဖြစ်လေသည်။ နိုင်ငံတနိုင်ငံ အောင်မြင်မှု၊ ကြီးပွားမှုကို စီးပွားရေးအောင်မြင်မှုနှင့်သာ အဓိက တိုင်းတာမှုများ ပြုလုပ်လာသည့်အတွက် ယခင်လို စီးပွားရေး စီမံခန့်ခွဲမှု အမှားများ မဖြစ်အောင်တော့ ဂရုတစိုက်လုပ်ဆောင်ရတော့မည်။ သမ္မတကြီးမှလည်း သြဂုတ် ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် “လူ့အဖွဲ့အစည်းအား အုပ်ချုပ်မှု (Societal Governance)ဟု ဆိုရာမှာ မိမိကိုယ်မိမိ အုပ်ချုပ်စီမံခန့်ခွဲမှု (Self Governance) ဟာ အလွန်အရေးပါပါတယ်။ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီက လွတ်လပ်မှု၊ တာဝန်သိမှုနဲ့ စည်းကမ်းရှိမှုတွေကို ဟန်ချက်ညီညီနဲ့ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်မှသာ ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်စေဖို့ အထောက်အပံ့ပြု ပါဝင် ဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်း ဧကန်မုချဖြစ်လာမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် “Good Governance” ရှိမှသာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် “Good Society” ဖြစ်လာနိုင်သလို အပြန်အလှန်အားဖြင့် “Good Society” ရှိမှသာလျှင် “Good Governance” ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ အခုပထမဆုံးငါးနှစ်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီငါးနှစ်မှာ ကျွန်တော်တို့အနေနဲ့ ခိုင်မာမှန်ကန်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်မှသာ အနာဂတ်နိုင်ငံတော်ရဲ့ ရှေ့ခရီးဟာ ဖြောင့်ဖြူးမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ အားနည်းချက်(Government Failure) မဖြစ်ရလေအောင် မက်ခရိုစီးပွားရေးလုပ် ဆောက်ချက်များ အကောင်အထည် ဖော်ရာမှာ၊ သယံဇာတများ ခွဲဝေရာမှာ၊ စီမံခန့်ခွဲမှုအရည်အသွေး(Quality of Management) မြင့်မားစေရန်၊ ဌာနများရဲ့ ချိတ်ဆက်မှု အားနည်းခြင်း(Coordination Failure)၊ အထက်မှ အောက်သို့သာ အမိန့်ပေးခြင်း (Top Down)နဲ့ လာဘ်ပေး လာဘ်ယူ (Corruption) ကိစ္စရပ်များကို ရှောင်ရှားကြရမှာဖြစ်ပါတယ်” မြွတ်ကြား သွားလေသည်။

သမ္မတကြီး၏ အထက်ပါပြောကြားသွားချက်တွင် အစိုးရရဲ့အားနည်းချက် (Government Failure) ဆိုသည့် စကားလုံးမှာ အတော်တာသွားသည့် စကားဖြစ်ပါသည်။ အားနည်းချက်ရှိနေသော အစိုးရတွင် မည်သည့်အရာကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်မည် မဟုတ်။ အထူးသဖြင့် မက်ခရိုစီးပွားရေး လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရာတွင် အားနည်းချက်များရှိနေပါက စီးပွားရေးစီမံခန့်ခွဲမှု မတတ် သော အစိုးရတရပ်အဖြစ် ပြည်သူများက ရှုမြင်ကာ ပြည်သူ၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပါ။ ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ စတင်နေပြီဟူသော ပြည်သူများ၏ ထင်မြင်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ သုံးသပ်မှုများကို ရေရှည်တည်တံ့အောင်နှင့် ရှေ့ဆက် ဖွံ့ဖြိုးသွားအောင် လုပ်ဆောင်နိုင်ပါက တရားဝင်မှု ရှိသော အစိုးရတရပ်အဖြစ် ခိုင်ခိုင်မာမာ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း………….။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs