Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၉.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. အစိမ်းရောင်စီးပွားရေး တိုးတက်မှု နိုင်ငံတကာညီလာခံ မြန်မာနိုင်ငံ၌ ကျင်းပမည်
  2. ကရင်ပြည်နယ်အတွင်းရှိ ဝါးတားဂိတ်များ လျော့သွားအောင် ဆောင်ရွက်မည်
  3. နိုင်ငံတော်ဆောက်လုပ်ရေး ရပ်နားမှုကြောင့် ဘိလပ်မြေ စက်ရုံ ၃ ရုံပိတ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း
  2. ကြားဖြတ်ရွေးကောက်ပွဲတွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ငါးနေရာဝင်ရောက် ယှဉ်ပြိုင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ခေါင်းဆောင်ကိုအားပြုလွန်းခြင်းနှင့် ပန်းတိုင်ပျောက်မှု

*****************************************************************************

ပြည်တွင်းသတင်းများ

အစိမ်းရောင် စီးပွားရေးတိုးတက်မှု နိုင်ငံတကာ ညီလာခံ မြန်မာနိုင်ငံ၌ ကျင်းပမည်

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာ ညီလာခံအား မြန်မာနိုင်ငံရှိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း အစည်းအဝေးဖြစ်မြောက်ရေးကို ပုဂ္ဂလိက စေတနာရှင်များ အစုအဖွဲ့မှ တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက် နေ့တွင် နေပြည်တော်ရှိ မြန်မာအင်တာနေရှင်နယ် ကွန်ဗင်းရှင်းစင်တာနှင့် နိုဝင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိမ်းရောင်စီးပွားရေးတိုးတက်မှု နိုင်ငံတကာညီလာခံသို့ တက်ရောက်ဆွေးနွေးရန် နော်ဝေ၊ အမေရိကန်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့မှ  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ပညာရှင်များကို ဖိတ်ခေါ်ထားပြီး အစည်းအဝေး၌ အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗပိာုပြု ဆွေးနွေးသွားမည်ဖြစ်ပြီး စာတမ်းဖတ်ခြင်း၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ အကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိသည်။

မြန်မာနိုင်ငံ၌ ကျင်းပမည့် အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာညီလာခံတွင်  အဓိက ပြုလုပ်သွားရမည့်အချက်မှာ Sustainable Development ကို ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း Convening Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် နေပြည်တော်၌ ပြုလုပ်မည့် အစည်းအဝေးပွဲတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံတော်အကြီးအကဲများကို တက်ရောက်ရန် ဖိတ်ကြားထားပြီး Green Village အစီအစဉ်များကိုပါ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယခုကျင်းပပြုလုပ်မည့် နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု ပြုပြင်ပြောင်းလဲမှု၊ ရေနှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ လျှော့ချသုံးစွဲရေးကိုပါ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ပြီး အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျော်လွှားရမည့် အခက်အခဲများ၊ အခွင့်အလမ်း များကိုပါ အဖြေရှာသွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                        YC

-----------------------------------------------------------------------------------------------------------------------------------

ကရင်ပြည်နယ်အတွင်းရှိ ဝါးတားဂိတ်များ လျော့သွားအောင် ဆောင်ရွက်မည်

ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများက ကောက်ခံနေသည့် ဝါးတားဂိတ်များ လျော့နည်းသွားစေရန် ကရင်ပြည်နယ် အစိုးရအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောကြားသည်။

ခရီးသွားပြည်သူများ သွားလာရေးတွင် အနှောင့်အယှက်ဖြစ်ပြီး၊မလိုအပ်သည့် ကုန်ကျစားရိတ်များ ထပ်ပိုး ကုန်ကျနေရခြင်းကြောင့် ၀ါးတားဂိတ်များကို ပိတ်ပစ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ကရင်ပြည်နယ်အစိုးရမှ ဝါးတားဂိတ်များအား ပိတ်ပစ်ရန် ဆုံးဖြတ်ခြင်းသည် ကရင်ပြည်နယ်အတွင်းရှိ လမ်းခရီးများအား ဖြတ်သန်းသွားလာ နေသူများအတွက် အဆင်ပြေသော်လည်း ယင်းကိစ္စသည် အချိန်ယူလုပ်ကိုင်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“ဝါးတားဂိတ်တွေက ဒေသခံစစ်ဗျူဟာတွေ၊ နယ်ခြားစောင့်တပ်တွေရဲ့ ရန်ပုံငွေရှာဖို့ တပ်မက ခွင့်ပြုထားတာ ဒါတွေကို ဖျောက်ဖို့ အဆင်မပြေနိုင်ဘူး”ဟု ယင်းကဆက်လက် သုံးသပ်ပြသည်။

ထိုင်းနိုင်ငံမှ ကုန်စည်များ မြန်မာနိုင်ငံအတွင်းသို့ အဓိက ဝင်ရောက်ရာလမ်းကြောင်းဖြစ်သည့် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းကြောင်းတွင် ဝါးတားဂိတ် ၄၀ နီးပါးရှိကြောင်း အောင်မင်္ဂလာကားဝင်းမှ လက်မှတ်အရောင်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

 “ကားတစ်စီးကို တစ်ဂိတ်ငါးရာ ပေးရတယ်၊ဂိတ်လေးဆယ်ဆို နှစ်သောင်း၊ ဒါတောင် မြဝတီက ကုန်စည်ဂိတ်ရယ်၊ တံတားကျိုးဂိတ်ရယ်ဆို ပိုပေးရတယ်။ ဒီလိုတွေပေးနေတော့ ရန်ကုန်က စားသုံးသူတွေ ဈေးပိုတက်တာ ခံရမှာပဲ”ဟု ဆိုသည်။

ဝါးတားဂိတ်များသည် ကုန်စည်ကူးသန်းရာ လမ်းကြောင်းများတွင် အခြေစိုက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုန်စည်များ အဓိက ဝင်ရောက်ရာ လမ်းကြောင်းများတွင် အများဆုံးတည်ရှိသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်ဆောက်လုပ်ရေး ရပ်နားမှုကြောင့် ဘိလပ်မြေ စက်ရုံ ၃ ရုံပိတ်မည်

လက်ရှိအချိန်တွင် နိုင်ငံတော်ပိုင် တည်ဆောက်ရေး လုပ်ငန်းများရပ်နားထားမှုကြောင့် ဘိလပ်မြေများ ဖြန့်ချီရာတွင် ရောင်းအား မရှိတော့သည့် အတွက် ပြည်တွင်းရှိ ဘိလပ်မြေ စက်ရုံ ၃ ရုံ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဘိလပ်မြေ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မကြာသေးမီက နိုင်ငံတော်ဘဏ္ဍာရေး အခက်အခဲများကြောင့် နေပြည်တော်တွင် ဆောက်လုပ်လျက်ရှိသော နိုင်ငံတော်ပိုင် တည်ဆောက်ရေး လုပ်ငန်းများ ရပ်နားထားရခြင်းနှင့် မိုးတွင်းပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားမှုကြောင့် ဘိလပ်မြေဈေးကွက်မှာ အေးစက်သွားပြီး ရောင်းအား မရှိတော့သည့်အတွက် ယခုကဲ့သို့ ဘိလပ်မြေစက်ရုံများကို ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

                ဘိလပ်မြေများကို ရန်ကုန်ဈေးကွက်တွင် အဓိကရောင်းနေရသည့် ဘိလပ်မြေများမှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ် ဘိလပ်မြေဖြစ်ပြီး ပြည်ပ ဘိလပ်မြေများ ပြည်တွင်းသို့ ဝင်ရောက်လာမှုကို ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းသည် ပိတ်သိမ်းရခြင်း၏ အကြောင်းတစ်ချက် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်နှင့် အနီးတစ်ဝိုက်ဒေသများတွင် ရောင်းချလျက်ရှိသည့် ပုဂ္ဂလိကနှင့် အစိုးရပိုင် ဘိလပ်မြေစက်ရုံများမှာ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများကိုသာ အဓိက အားထားနေရပြီး ဈေးကွက်ထိုးဖောက်ရန် ထုတ်လုပ်စရိတ်နှင့် သယ်ယူစရိတ် မြင့်မားနေသည့်အတွက် အခြားဒေသများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံသို့ တရှိန်ထိုးဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စိန်ခေါ်နိုင်ရန်အတွက် မြန်မာ့ ဘိလပ်မြေစက်ရုံများ ပူးပေါင်းထုတ်လုပ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း သိရသည်။

                                                                                                                Ref: Popular News

*****************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း အောက်တိုဘာ ၁၉ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ဥပဒေတွင် ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က) ကို အစားထိုးခြင်း၊ ပုဒ်မ ၈၈ ကို အစားထိုးခြင်းများ ပါဝင်သည်။ ပုဒ်မ ၇၄၊ ပုဒ်မ ခွဲ(က) ကို “ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို မကျေနပ်သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူအဖြစ် ပါဝင်ခဲ့သူသည် သတ်မှတ်ထား သည့် ကာလအတွင်း သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ကော်ရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ ပြင်ဆင်မှု လျှောက်ထားရာတွင် ဥပဒေရေးရာပြဿနာ ပေါ်ပေါက်မှသာ လျှောက်ထားခွင့်ရှိသည်” ဟု အစားထိုးထားသည်။

ပုဒ်မ ၈၈ ကိုလည်း “(က) နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် ဖြစ်စေ၊ သေဒဏ် သို့မဟုတ် တစ်သက်တစ် ကျွန်းဒဏ်ထိုက်သော ပြစ်မှုဖြင့် ဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့်နေ့မှစ၍ နောင်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။ (ခ) အခန်း ၁၃ ပါ ပြစ်မှုတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်းခံရသူသည် ယင်း သို့ကြေညာသည့်နေ့မှစ၍ လက်ရှိ လွှတ်တော်သက်တမ်းနှင့် နောင်လာမည့် လွှတ်တော်သက်တမ်း တစ်ခုအတွက် ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ)မှအပ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ပုဒ်မ ၇၄၊ ပုဒ်မခွဲ(ခ) သို့မဟုတ် ပုဒ်မ ၇၅၊ ပုဒ်မခွဲ (ခ) အရ ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခြင်းခံရသူသည် လည်းကောင်း၊ သတ်မှတ်ထားသည့် အတိုင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူဟု ကြေညာခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်သည် လည်း ကောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင် ဒဏ်ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်သည် လည်းကောင်း ယင်းသို့ ကြေညာသည့်နေ့မှစ၍ လက်ရှိ လွှတ်တော်သက် တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ” ဟု အစားထိုးပြင်ဆင်ခဲ့သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအား ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၃/ ၂၀၁၀ ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲတွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ငါးနေရာဝင်ရောက် ယှဉ်ပြိုင်မည်

ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီမှ မဲဆန္ဒနယ် ငါးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ရွေးကောက်ပွဲတွင် သမ္မတကြီး ယှဉ်ပြိုင်အနိုင်ရခဲ့သည့် နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အပါအဝင် ရန်ကုန်တိုင်းဒေသသကြီးတွင် ၂ နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီမှ အတွင်းရေးမှူး ဒေါ်နန်းဆေးအွာက ပြောကြားသည်။

ယင်းသို့ ယှဉ်ပြိုင်ရန် အတွက် ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ ပါတီနှင့်သော်လည်းကောင်း၊ တိုင်းရင်းသား ညီနောင် ငါးပါတီနှင့်သော်လည်းကောင်း ညှိနှိုင်းပြီးသားဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“သမ္မတကြီး အနိုင်ရတဲ့ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တာလည်း နိုင်ငံရေးစတန့် မဟုတ်ပါဘူး။ အဲဒီနေရာက လစ်လပ်မဲဆန္ဒနယ်ဆိုတာ သေချာလို့ပါ”ဟု ယင်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လစ်လပ်မဲဆန္ဒနယ်များကို ကြေငြာခြင်းမရှိကြောင်း၊ လက်ရှိအနေဖြင့် လေ့လာထားချက်များအရ လစ်လပ် မဲဆန္ဒနယ်ပေါင်း ၄၂ နေရာကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပရန် ကြေညာထားခြင်း မရှိသေးသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ခရိုင်ရွေးကောက်ပွဲကော်မရှင်များကို ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရန် ပြီးခဲ့သည့် စက်တင်ဘာလက အကြောင်းကြားခဲ့သည်။

YC(KS)

*****************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံအနေဖြင့် လမ်းစဉ်ပါတီလက်ထက်နှင့် တပ်မတော် အစိုးရလက်ထက် နှစ်ရပ်ပေါင်း နှစ်ပေါင်း ၅၀ နီးပါးကာလ အတောအတွင်း အတွေးအခေါ် အယူအဆဟောင်းများ အရိုးစွဲ စိမ့်ဝင်ခဲ့မှုများကြောင့် ပြုပြင်ပြောင်းလဲရေးကို မလိုလားသော နောက်ကြောင်းပြန်သွားလိုသူများ ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။

ထိုသို့ ပြုပြင်ပြောင်းလဲရေးကို မလိုလားသော နောက်ကြောင်းပြန်သွားလိုသူများနှင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများကြား အားပြိုင်မှုများ ရှိနေမည်မှာ အသေအချာပင်ဖြစ်သော်လည်း ထိုအားပြိုင်မှုများအား ပြုပြင်ပြောင်းလဲရေးကို လိုလားသူများအနေဖြင့် အရေးကြီးသည်ဟု မှတ်ယူရမည် မှန်သော်လည်း ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စများအဖြစ် ရှုမြင်ရမည် ဖြစ်သည်။

ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသည် အားပြိုင်မှုများနှင့်ပတ်သက်၍ မိမိတို့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ထည့်သွင်း စဉ်းစားကြရမည် ဖြစ်သော်လည်း မိမိတို့၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက်သည်သာ အဓိကကျသည် ဆိုခြင်းပင် ဖြစ်ပါသည်။ များစွာအရေးကြီးသည်မှာ ပြုပြင်ပြောင်းလဲရေးကို လိုသူများအနေဖြင့် နိုင်ငံနှင့်နိုင်ငံသားများ၏ အကျိုးစီးပွားဖွံ့ဖြိုးရေးနှင့် လူမှုဘဝ မြင့်မားရေးတို့အတွက် မှန်ကန်သော အပြောင်းအလဲများကို အလျင်အမြန် ဖော်ဆောင်သွားနိုင်ရန်ပင်ဖြစ်ပါ သည်”

အောက်တိုဘာ ၂၀ ထုတ် ENVOY အတွဲ (၂) အမှတ် (၂၆) တွင်ပါသည့် “ပြုပြင်ပြောင်းလဲလိုသူများနှင့် နောက်ကြောင်းပြန် သွားလိုသူများ ကြား အားပြိုင်မှု” ခေါင်းကြီးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က အမျိုးသားပြန်လည် စည်းလုံးရေးကိစ္စကို နိုင်ငံသားတွေနဲ့လက်တွဲပြီး တည်ဆောက်မယ်လို့ ပြောထားတဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို အကျဉ်းထောင်မှာ ဆက်လက် ချန်ထားစရာ အကြောင်းမရှိပါဘူး။ ဒီအခြေအနေတွေက လွတ်ငြိမ်းချမ်း သာခွင့် အမိန့်တွေ ဆက်လက် ထွက်ပေါ်လာနိုင်ပါတယ်လို့ ထင်ပါတယ်”

အောက်တိုဘာ ၂၀ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၀) တွင်ပါသည့် “လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက် ထွက်ပေါ် လာနိုင်ဟု နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ပြောကြား” သတင်းမှ ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ခုချိန်ထိ ကျွန်တော့်အနေနဲ့ သေချာ စကားမပြောရသေးပါဘူး။ သူကတော့ လူမစုံရင် မကနဲ့ ပြောတယ်လို့ ကြားပါတယ်။ ဒါပေမယ့် ဒီဘက်မှာ ကလည်း အားလုံး စီစဉ်ထားပြီးသားဖြစ်နေပြီ။ ပရိသတ်ကိုလည်း ကြော်ငြာပြီးပြီ။ အခုနောက်ဆုံး ကြားတာကတော့ ကျွန်တော်တို့ကို က,ချင်ရင် က၊ သူကတော့ သိပ်သဘောမကျဘူးလို့ တစ်ဆင့်စကား ကြားပါတယ်။ ဒီလို က,တာဟာ ဆရာသမားကို စော်ကားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆရာက ဥယျာဉ်မှူး ကောင်း ပီသတဲ့ ဆရာသမားကောင်း ဖြစ်ပါတယ်”

အောက်တိုဘာ ၂၀ ထုတ် Venus News အတွဲ (၃) အမှတ် (၁၄) တွင်ပါသည့် “မျှော်စင်ကျွန်းတွင် ပွဲကရန် စီစဉ်ခြင်းသည် ဆရာသမား၏ အလို ဆန္ဒအား ဖီဆန်ခြင်း မဟုတ်ဟု စိန်သီးဆို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်က အပတ်တိုင်းဂျာနယ်တွေဝယ်တယ်။ ထောင်ထဲမှာ ဂျာနယ် ၁၃ စောင်ဖတ်ခွင့်ရတယ်။ ကျွန်တော့် ညီမ ထောင်နီးနားက ‘ဝင်း’စာပေကို ငွေပို့ပေးတယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော်လိုချင်တဲ့ စာအုပ်တွေ မှာတယ်။ နောက် အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကလည်း သူလွတ်ကတည်းက ကျွန်တော့်ဆီ စာအုပ်တွေကို ပါဆယ်နဲ့ ပို့ပေးတယ်။ ထူးဆန်းတာတစ်ခုက ယုံကြည်ချက်ကြောင့် အကျဉ်းသားဆိုသူတွေ တော်တော်များများက စာမဖတ်ဘူးဗျ။ တခြားအမှုနဲ့ ကျတဲ့သူတွေကမှ ဖတ်သေးတယ်။ ကျွန်တော်က ကျွန်တော့်စာကြည့်တိုက်မှာ ယုံကြည်ချက်ကြောင့် ထောင်ကျတဲ့သူတွေကို စာမဖတ်မနေရ လုပ်ထားလိုက်တယ်။ ဖတ်လား မဖတ်လားလည်း ကျွန်တော်က သိပ်စစ်တတ်တာ။ ကျွန်တော်တို့ကို တစ်ပတ်နှစ်ခါ အမဲသားပေးတယ်။ စာမဖတ်ထားရင် မဖတ်တဲ့သူကို အမဲသားဟင်း တစ်တုံးဖြတ်တယ်။ ခု ကျွန်တော်ထွက်လာတော့ စာအုပ်တွေ ဒီအတိုင်းထားခဲ့တယ်။ ခုနောက်ဆုံး ဖတ်ထားတဲ့ ကစ်ဆင်ဂျားရဲ့ On China စာအုပ်လည်း ထားခဲ့တယ်”

အောက်တိုဘာ ၂၀ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၃၁) တွင်ပါသည့် “ထောင်တွင်းစာကြည့်တိုက် တည်ထောင်ခဲ့သော ဇာဂနာ” သတင်းမှ ကောက်နှုတ်ချက်

*****************************************************************************

ဆောင်းပါးကဏ္ဍ

ခေါင်းဆောင်ကိုအားပြုလွန်းခြင်းနှင့် ပန်းတိုင်ပျောက်မှု

ယေဘုယျအားဖြင့် အလုပ်တစ်ခု၊ ရည်မှန်းချက်တစ်ခုကို လူတစ်ဦးတည်းနှင့် လုပ်ရန်မစွမ်းသာသည့် အခါတွင် အဖွဲ့အစည်း အသင်းအပင်းနှင့် လုပ်ရသည်။ ထိုသို့ အဖွဲ့အစည်းနှင့် ရည်မှန်းချက်ဟူ၍ ရှိလာသောအခါ ခေါင်းဆောင်နှင့် နောက်လိုက်ဟူ၍ ရှိလာသည်။ ခေါင်းဆောင်ဆိုသည်မှာ ယေဘုယျအားဖြင့် အသင်းအဖွဲ့တွင် ပါဝင်သူအားလုံးထက် ခေါင်းတစ်လုံးပိုသူဟု သတ်မှတ်နိုင်သည်။ ပန်းတိုင်သို့ ချီတက်ရာ လမ်းတလျှောက်တွင် ပြုဖွယ်ရှိသည့် လုပ်ငန်းစဉ်များ အားလုံးကို ထဲထဲဝင်ဝင်သော်လည်းကောင်း၊ တီးမိခေါက်မိရုံသော်လည်းကောင်း ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်း အသင်းအပင်းနှင့် လုပ်ရသော ကိစ္စတွင် ခေါင်းဆောင်ဆိုသည်မှာ မရှိမဖြစ်လိုအပ်သည်ဟုသာ ဆိုရမည် ဖြစ်သည်။

ထိုကဲ့သို့ ပြုဖွယ်ရှိသည့် ကိစ္စနှင့် ရည်မှန်းချက်တွေရှိလာတိုင်း ခေါင်းဆောင်လိုအပ်သည်မှာမှန်သော်လည်း ခေါင်းဆောင်မရှိလျှင် အဖွဲ့အစည်း အနေဖြင့် မည်ကဲ့သို့ ဆက်လက်ချီတက်မည်နည်းဟူသည့် အစီအစဉ်ကို စဉ်းစားတွေးခေါ်မှုမှာ အလွန်နည်းပါးသည်။ အထူးသဖြင့် ခေါင်းဆောင်ကို အားကိုးလွန်းသော မြန်မာ့လူမှုရေးနယ်ပယ်တွင် မတွေ့ ရတတ်ပါ။ ခေါင်းဆောင်မရှိလျှင် အဖွဲ့အစည်း၏ စုစည်းမှု၊ ဖွဲ့စည်းမှု ပျက်ယွင်းသွားပြီး ပန်းတိုင်ပါ ပျောက်သည့်သဘောကို မြန်မာ့လူမှုရေး နယ်ပယ်တွင် တွေ့ရလေ့ရှိသည်။ ခေါင်းဆောင်ပျောက်လျှင် ရွှေတောင်ကြီးပြိုသည်ဟုပင် အတိဿယဝုတ္တိ မြောက်အောင် တင်စားက ရည်မှန်းချက်ပန်းတိုင်ကို လက်လျော့လိုက်ကြဟန်ရှိသည်။ ထိုသို့ ခေါင်းဆောင်ကို အလွန်အမင်းမှီခိုကြခြင်းကြောင့်၊ ခေါင်းဆောင်ပြောသမျှ မျက်စိမှိတ်ယုံကြသော အဖွဲ့အစည်းတွင် ခေါင်းဆောင်ဖြစ်သူ၏ အခန်းကဏ္ဍမှာ ကြီးထွားလာပြီး တဖြည်းဖြည်းနှင့် ခေါင်းဆောင် ဆိုသူမှာ အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်လာရတော့သည်။ ထိုသို့ဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုတွင် ခေါင်းဆောင်ဆိုလျှင် ဘုရားနီးပါးလောက် ကိုးကွယ်မှု ကြီးလာပြီး မှားသည်မှန်သည် မစဉ်းစားတတ်တော့ဘဲ မူလရည်မှန်းချက် ပန်းတိုင်ပျောက်သွားတတ်သည့် ဖြစ်ရပ်တွေ မကြာခဏ တွေ့နေရခြင်းဖြစ်သည်။

အဖွဲ့အစည်းအသင်းအပင်းတွင် ခေါင်းဆောင်ရှိသကဲ့သို့ နောက်လိုက်လည်းရှိပါသည်။ ခေါင်းဆောင်မရှိလျှင် မဖြစ်သကဲ့သို့ နောက်လိုက် မရှိလျှင်လည်း မဖြစ်နိုင်ပါ။ ခေါင်းဆောင်တွေနဲ့ချည်း စခန်းသွားလို့မရ။ စူပါကြီးတွေ ရှိလာသည်မှာ ပါမွှားလေး တွေရှိ၍သာဟု အနောက်တိုင်းသားတို့က ဆိုကြသည်။ ကိုယ်စီကိုယ်ငှ တာဝန်ယူမှုကို ဦးစားပေးသော အနောက်တိုင်းနယ်ပယ်တွင် ခေါင်းဆောင်ဆိုသူများ အားလုံး၏ဟန်ချက်ကို ထိန်းညှိပေးသူ၊ တနည်းအားဖြင့် အဖွဲ့အစည်းတွင် လိုအပ်သည့် အစိတ်အပိုင်းတစ်ရပ်ဟူ၍သာ ယူဆကြသည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်သူကိုလည်း ဝေဖန်ရဲသည်။ ခေါင်းဆောင် မရှိတော့လျှင်လည်း အစားဝင်နိုင်သူ၊ ပန်းတိုင်ကို ဆက်လက်ချီတက်နိုင်သူတွေ အများကြီး ရှိသည်။ ခေါင်းဆောင်မရှိ၍ ပန်းတိုင်ပျောက်ရ ခြင်းမရှိဘဲ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ကြသည်။ အဓိကမှာ အစိတ်အပိုင်းလေးတစ်ခု ပဲ့ထွက်သွားရုံဖြင့် စက်ရပ်သွားပြီဟု မဆိုနိုင်၊ အစားထိုးရမည်၊ ဆက်လက်မောင်းနှင်ရမည်ဟု နားလည်ထားကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို အိန္ဒိယ ခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူးက မှတ်ချက်ပေးခဲ့သည်မှာ မြန်မာနိုင်ငံတွင် နောက်လိုက်ကောင်းများ အလွန်ပေါပြီး ခေါင်းဆောင်ကောင်း ရှားသည်။ အိန္ဒိယတွင်မူ ခေါင်းဆောင်ကောင်းတွေများပြီး နောက်လိုက်ကောင်း ရှားသည်ဟူ၍ ဖြစ်သည်။ ထိုမှတ်ချက်သည် အလွန် တာသွားသည်။ ပုံမှန်အားဖြင့် မြန်မာတွေမှာ ခေါင်းဆောင်ကောင်းမရှိဟု နှိမ့်ချထားသယောင်ရှိသော်လည်း အမှန်မှာထိုသို့မဟုတ်ပေ။ နောက်လိုက်ကောင်း များစွာ ရှိ၍ ခေါင်းဆောင်တစ်ဦးသာ မှန်မှန်ကန်ကန်ရှိလျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် လူမျိုးအဖြစ် မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် မြန်မာ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုခြင်းသည် သူ့နေရာနှင့်သူ တန်ဖိုးရှိသည်ဟု သွယ်ဝိုက်ချီးကျူးသွားခြင်း ဖြစ်သည်။ အိန္ဒိယတွင် ခေါင်းဆောင် ကောင်းတွေ ထွက်ပေါ်လေ့ရှိသော်လည်း နောက်လိုက်မကောင်း၍ မင်းသားကြီးက ဦးဆောင်ကနေသော်လည်း နောက်က ယိမ်းအဖွဲ့က မပါသဖြင့် အလုပ်မတွင် ဖြစ်ရကြောင်း၊ ခေါင်းဆောင် မည်မျှပင်ကောင်းစေကာမူ နောက်လိုက်မကောင်းပါက ပန်းတိုင်မရောက်နိုင်ကြောင်းကို မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်၍ သူ၏ အိန္ဒိယနိုင်ငံကို မချင့်မရဲ ဝေဖန်သွားခြင်းဖြစ်သည်။  နေရူးကြီးသည် သူ၏ အိန္ဒိယူမျိုးများသာ နောက်လိုက်ကောင်း စိတ်ဓာတ်ရှိသော မြန်မာ လူမျိုးတို့ကဲ့သို့ ဆိုပါက ဟူသော အိပ်မက်ကို မက်၍ မချင့်မရဲ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ခေါင်းဆောင်ကို မှီခိုလွန်းသော သူရဲကောင်းကို အားကိုးလွန်းသော စိတ်ဓာတ်ကြောင့် ပျက်စီးခဲ့ရသည့် သာဓက များစွာကို တွေ့ရသည်။ ယေဘုယျအားဖြင့် မြို့ပြနိုင်ငံတစ်ခု ပျက်စီးလျှင် အုပ်ချုပ်သော ဘုရင်များ၏ ညံ့ဖျင်းမှုကြောင့်ဟု ပုံချရလေ့ရှိသည်။ ဘုရင် တစ်ယောက်တည်း မရှိရုံမျှဖြင့် အခြားနိုင်ငံက လာရောက်ကျူး ကျော် သိမ်းပိုက်သွားနိုင်သည့်ကိစ္စမှာ စိတ်ဓာတ်နှင့်သာ ဆိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ ဘုရင်က စစ်ဗျူဟာ တော်လွန်း၍ အစားထိုးနိုင်မည့်သူ မရှိ၍ဟူသည့်အချက်မှာ စဉ်းစားလက်ခံနိုင်ဖွယ်ရှိသည့် အချက်ဖြစ်သော်လည်း တိုက်ပွဲဝင်နေရ သော စစ်သည်တို့၏စိတ်တွင် ဘုရင်တစ်ပါး တည်းမရှိရုံဖြင့် စစ်မရှုံးနိုင်၊ အားလုံးက ပုံမှန်အတိုင်း ရွပ်ရွပ်ချွံချွံ တိုက်နိုင်လျှင် အောင်ပွဲဆင်နိုင်မည်ဟူသည့် စိတ်မျိုးထားရှိလျှင် အလွယ်တကူ စစ်မရှုံးနိုင်ပါ။ ဘုရင်မရှိတော့၍ စစ်ရှုံးတော့မည်ဟု စိတ်လျော့လိုက်ခြင်းကြောင့် တပ်ပျက်ရသည့် အကြောင်းအရင်းက ပိုမည်ထင်ပါသည်။ ထို့ကြောင့် မြန်မာ့သမိုင်းတလျှောက် တိုက်ခဲ့ကြသော တိုက်ပွဲများတွင် ခေါင်းဆောင်ဆိုသူကို လုပ်ကြံနိုင်ပါက ထိုတိုင်းပြည်ကို အလွယ်တကူ သိမ်းယူနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

အထက်တွင် ဆိုခဲ့သလိုပင် သူရဲကောင်းကို အားကိုးလွန်းသော စိတ်ဓာတ်သည် ကျွန်ုပ်တို့၏ မြန်မာလူမျိုးမှာ စိတ်တွင် သံမှိုစွဲသကဲ့သို့ မြဲနေခဲ့ သည်မှာ ယနေ့တိုင်ဖြစ်သည်။ အလုပ်လုပ်ရန် ခေါင်းဆောင်ကို အရင်ရှာသည်။ မအောင်မြင်လျှင် ခေါင်းဆောင်ညံ့ဖျင်းသည်ဟု အပြစ်ဖို့သည်။ မိမိ ကိုယ်တိုင်က ဘာမှလုပ်ရန် မကြိုးစားတော့ဘဲ နောက်ကလိုက်ရန်သာ ဆုံးဖြတ်သည်။ ထို့ကြောင့်ပင် မြန်မာ့လူမှုရေးနယ်ပယ်၌ ပြောလေ့ရှိသည်မှာ တို့လူများ ဆိုးသလေးလေးဆိုလျှင် ဝေးလေးလေး အော်မည့်သူက အဆင်သင့်ဟူ၍ ဖြစ်သည်။

ယနေ့ခေတ်ကား ခေါင်းဆောင်ဆိုသည်မှာ အဖွဲ့အစည်း၊ ရန်မှန်းချက်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တော့သည်။ ထို့ကြောင့် ခေါင်းဆောင်ကောင်း ဆိုသူတွေ၏ဘေးတွင် စူပါမင်းနီးပါးတော်သော နောက်လိုက်ကောင်းတွေ အမြောက်အများ ရှိသည်။ ဥပမာအားဖြင့် ကြည့်လျှင် အိုဘားမား၏ဘေးတွင် ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရှိသည်။ ဂျိုးဘိုင်ဒင်ကဲ့သို့ ဒုသမ္မတ ရှိသည်။ ခေါင်းဆောင်ကြီးဟုဆိုသူ မော်စီတုန်းတွင်ပင်လျှင် တိန့်ရှောင်ဖိန်နှင့် ချူအင်လိုင်းကဲ့သို့သော နောက်လိုက်ကောင်းများ ရှိခဲ့၍သာ ဘုန်းမီးနေလ တောက်ပခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်လိုက် များသည် ခေါင်းဆောင်မရှိလျှင် မဖြစ်သကဲ့သို့ ခေါင်းဆောင်များသည်လည်း နောက်လိုက်မရှိလျှင် မဖြစ်။ လိုရင်းရည်မှန်းချက်မှာ ပန်းတိုင် ရောက်ရေးသာ ဖြစ်သည်ဟူ၍ တွေးတောထားကြရန် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးစဉ်က ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကဲ့သို့သော ခေါင်းဆောင်နိုင်သူမျိုးရှိ၍ ခံသာခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ခေါင်းဆောင်ကောင်းတွေ ထပ်၍ပေါ်မလာတော့ပေ။ ပေါ်မလာအောင် လုပ်ထား၍လည်း ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်ကို ဖြိုထားလျှင် နောက်လိုက်များ ဖွဲ့စည်းပုံ ပျက်သွားတတ်ကြောင်းကို ကောင်းကောင်း သဘောပေါက်သည့် စစ်အာဏာသိမ်းခေါင်းဆောင်တွေက ထိုအချက်ကို ကောင်းကောင်း အသုံးချသည်။ ဦးနေဝင်း၏ စစ်တပ်တွင် တော်သူ၊ အရည်အချင်းရှိသူကို နေရာမပေး။ ခေါင်းညိတ်မည့်သူတွေသာ ထားသည်။ ဦးသန်းရွှေလည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ အရည်အချင်းရှိသူဟု ယုံကြည်ရသူ ဦးခင်ညွှန့်ကိုပင် အသာအယာ ဖယ်ရှားခဲ့သည်။  ဦးသန်းရွှေက ဦးနေဝင်းထက် ပို၍လည်သည်မှာ ခုံပေါ်က ဆင်းသည့်အချိန်တွင် ခေါင်းဆောင်ဆိုသည့်နေရာကို အပျောက်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတကလဲ ခေါင်းဆောင်မဟုတ်၊ လွှတ်တော်ဥက္ကဋ္ဌများကလည်း ခေါင်းဆောင်မဟုတ်၊ ပါတီ ဥက္ကဋ္ဌကလည်း ခေါင်းဆောင်မဟုတ်၊ ခေါင်းဆောင်တွေမရှိ၍ မူလရည်မှန်းချက်တွေ ပျောက်ကုန်သည်။ စစ်တပ်ကလည်း မည်သူ့ကို အဖေခေါ်ရမည် မသိတော့ပေ။ ဤသည်မှာ ဦးသန်းရွှေ၏ ပါးနပ်မှုပင် ဖြစ်သည်။

စစ်တပ်တွင်သာ ထိုသို့ မဟုတ်၊ အတိုက်အခံဘက်တွင်လည်း ဤနည်းနှင်နှင်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင်း NLD အနေဖြင့် မည်သည့်အောင်မြင်မှုမှ မရရှိခဲ့ဘဲ အလဲလဲအပြိုပြို ဖြစ်ရသည်။ ၁၉၉၀ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစည်းခဲ့သော ပါတီကြီးသည် ကြာသောအခါ နယ်ကနောက်လိုက်နှင့် ခေါင်းဆောင်အကြား တစ်ဦးနှင့်တစ်ဦး မြင်ဖူးဖို့ ဝေးစွ၊ စကားပင်မပြောဖြစ်၊ ညွှန်ကြားချက်လည်း မထုတ်နိုင်၊ ရေဒီယိုနားထောင်၍ ပါတီကို ပုံဖော်ကြည့်နေရသည့်အဆင့် ရောက်သွားသည်။ ထိုသို့ဖြင့် မူလရည်မှန်းချက်တွေ ပျောက်ကာ ပါတီရော ပြည်သူပါ ဘယ်မှမရောက်တော့ပေ။ ယခုဆိုလျှင် NLD မပါဝင်သော ရေစီးကြီးထဲတွင် ကူးခတ်နေရပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသောအခါ NLD ၏ ပြည်သူအပေါ် လွှမ်းမိုးနိုင်မှု အတော်အသင့် တက်လာခဲ့ပါသည်။ သို့ရာတွင် NLD ထက် ဒေါ်အောင်ဆန်းစုကြည်ကသာ ခေါင်းဆောင်ဖြစ်ကြောင်း သိလာရ သောအခါ NLD ၏ အခန်းကဏ္ဍ ဝေဝါးလာသည်။ ဒေါ်အောင်ဆန်းစုကြည်ပြောသမျှ အမှန်ဖြစ်လာသည်။ ထိုကိစ္စသည် ယေဘုယျအားဖြင့် ကောင်းမွန်သော ကိစ္စဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ခေါင်းဆောင် တင်ခြင်းဖြင့် အမှားနည်းနိုင်သည်မှာ ယထာဘူတ ကျပါသည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏ စိတ်ဟုပင်ဆိုရမည်ဖြစ်သည်။ မိမိတို့၏ လိုအင်နှင့် မကိုက်တော့လျှင်  ခေါင်းဆောင်ကိုပါ အပြစ်တင်ကြခြင်းဟူသည့် မကောင်းသည့် အစွဲဖြစ်သည်။ မူလရည်မှန်းချက်က ဒီမိုကရေစီ ပန်းတိုင်၊ ဘယ်လမ်းက သွားသွား ဒီမိုကရေစီရရန်က အဓိကဖြစ်သည်။ ထိုအချက်ကို ခေါင်းဆောင်ကောင်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက်၍ လက်ရှိ အစိုးရနှင့် ညှိနှိုင်းစေကာမူ တော်လှန်ရေးစိတ်ဓာတ်နှင့် အပြစ်တင်ရန် ဝါသနာပါသော နောက်လိုက်အချို့က လက်မခံနိုင်။ ထိုသို့ဖြင့် ဒေါ်စု ဆန့်ကျင်ရေးတွေ ဖြစ်လာကာ မိမိတို့ကိုယ်တိုင်လည်း ဘယ်လမ်းလိုက်ရမည်မသိ၍ ခေါင်းဆောင်ထပ်ရှာရပြန်သည်။ ထိုအခါ အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းဆောင်တင်ကြသည်။ ထောင်ထဲကလူကို ခေါင်းဆောင်ထား၍ ပြင်ပတွင် မအောင်မြင်သော လှုပ်ရှားမှုတွေ ပြုလုပ်ကြသည်။ ပို၍ဆိုးသည်မှာ ထောင်ထဲက ခေါင်းဆောင်ကို အသိအမှတ်ပြု ခြင်းသက်သက်သာ ဖြစ်ပြီး ထိုသူ၏ ညွှန်ကြားချက်ကိုလည်း မမေးမမြန်းဘဲ လုပ်ကြခြင်းသာဖြစ်သည်။ ထိုကဲ့သို့သော စိတ်မသက်မသာဖြစ်မှု မျိုးကို အကျဉ်းထောင်ထဲမှ ကိုမင်းကိုနိုင် ခံစားနေရပါသည်။ အတင်းပင် ခေါင်းဆောင်တင်၍ အပြင်မှာ လုပ်ချင်ရာတွေ လုပ်နေကြပြန်သည်။ ကိုမင်းကိုနိုင် မပါလျှင်ရော ဒီမိုကရေစီ မဖြစ်တော့ဘူးလား၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင် အပြင်မှာရှိနေသည်ပဲ၊ ထို့ပြင် ယခင်က ကျောင်းသားခေါင်းဆောင်ဆိုသူများ ပြန်လည်လွတ်မြောက်လာ သော်လည်း သူတို့၏ အခန်းကဏ္ဍမှာ အပြင်ရောက်သည်နှင့် မှေးမှိန်သွားကြပြန်သည်။

စာရေးသူအနေဖြင့် အားလုံးပါဝင်သော နိုင်ငံရေးကို လက်ခံပါသည်။ အကျဉ်းထောင်အသီးသီးရှိ ခေါင်းဆောင်များ၏ အခန်းကဏ္ဍကိုလည်း လေးစားပါသည်။ သို့ရာတွင် ခေါင်းဆောင်မရှိလျှင် ပန်းတိုင်ကို မည်သို့ ဆက်လက်ချီတက် မည်နည်း ဟူသည့် စိတ်ဓာတ်မျိုးကိုတော့ ထားရှိစေလိုပါသည်။ တစ်ဗိုလ်လဲလျှင် တစ်ဗိုလ်တက်မည်ဟု ဆိုကြသကဲ့သို့ တစ်ဗိုလ်ပြောင်း တိုင်းလည်း ပန်းတိုင်ပြောင်းမသွားစေလိုပါ။ ခေါင်းဆောင်၏ အခန်းကဏ္ဍ၊ မိမိ၏ ရပ်တည်ချက်၊ ရည်မှန်းချက်ပန်းတိုင်တို့ကို ကွဲကွဲပြားပြား နားလည်၍ တစ်စုံ တစ်ဦးအပေါ် မှီခိုလွန်းခြင်းမှ ရှောင်ကြဉ်ကြပြီး ဘုံသဘောတူညီချက်ရှိသော ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းကြရန်သာဖြစ်ပါသည်။

*****************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs