Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၄.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. တပ်မတော်စစ်ကြောင်းတစ်ခု၏ အရပ်သားသတ်ဖြတ်မှုကိစ္စ လွှတ်တော်စုံစမ်း
  2. ဆော်ဒီသံရုံးရှေ့တွင် ဘာသာရေးအတွက် မူဆလင်များ ဆန္ဒထုတ်ဖော်
  3. မိုးစပါးအထွက်နှုန်း လျော့နည်းသော်လည်း ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့မှု  မထိခိုက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အရပ်သားအစိုးရလက်ထက် ပထမဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်
  2. ယုံကြည်ချက်အကျဉ်းသားများအရေး မိတ်ဆွေပါတီများက အနောက်နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ ပေးပို့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ရှေးသရောအခါ ကြပ်ပြေးနေပြည်တော်ဝယ်     အပိုင်း(၃)

****************************************************************************

ပြည်တွင်းသတင်းများ

တပ်မတော်စစ်ကြောင်းတစ်ခု၏ အရပ်သား သတ်ဖြတ်မှုကိစ္စ လွှတ်တော်စုံစမ်း

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်စစ်ကြောင်းတစ်ခုက ကျောက်မဲမြို့နယ်အနီးရှိ ရွာသားနှစ်ဦးအား သတ်ဖြတ်မှုကိစ္စရပ်အား လွှတ်တော်မှ တစ်ဆင့် စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့နယ်အနီးရှိ ချန်ကျန်ကျေးရွာနေ ဦးအောင်ကြာနီနှင့် နားဖိန်ကျေးရွာနေ အိုက်နွန် တို့အား တပ်မတော် စစ်ကြောင်းတစ်ခုမှ နေအိမ်မှ ခေါ်ဆောင်သွားခြင်းသာ ရှိပြီး ၎င်းတို့နှစ်ဦး နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိသည့်အတွက် ပုံပိုးကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်က လိုက်လံစုံစမ်းပေးခဲ့ကြောင်း သိရသည်။

နောက်ပိုင်းကြားသိရသည်မှာ ခေါ်ဆောင်သွားခံရသည့် ၎င်းတို့နှစ်ဦး လမ်းတွင် ထွက်ပြေးခဲ့သည့်အတွက် တပ်မတော်စစ်မပာာဗျူဟာမှူးမှ ပစ်ခတ်ခဲ့ကြောင်း ကြားသိရသည်ပာု ကျောက်မဲမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်စီက စက်တင်ဘာလ ၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားခဲ့သည့်အတွက် လွှတ်တော်မှတစ်ဆင့် စုံစမ်းစစ်ဆေးပေးရန် ကာကွယ်ရေးဦးစီးချုပ်ထံသို့ အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အရပ်သားနှစ်ဦး ပစ်သတ်ခံရသည့် ကိစ္စရပ်များကို လွှတ်တော်မှ လက်လွတ်စပယ် ပစ်ပယ်ထားခြင်းမရှိဘဲ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည့်အတွက် အမှုမှန်မှာ မကြာမီအချိန်တွင် ပေါ်ပေါက်လာနိုင်ကြောင်း ၎င်းဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့်လည်း မိမိတို့ဒေသများတွင် ဖြစ်ပွားလျက်ရှိသည့် အခက်အခဲများကို ဥပဒေနှင့်အညီ တင်ပြရဲသည့် စိတ်ရှိရမည်ဖြစ်ပြီး ပြဿနာထွက်ပေါ်လာမှသာ အဖြေမှန် ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

Ref: Messenger

****************************************************************************

ဆော်ဒီသံရုံးရှေ့တွင် ဘာသာရေးအတွက် မူဆလင်များ ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံရှိမူဆလင်ဘာသာဝင်များသည် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင်နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် ဘာသာရေးပွဲတော်ကို သွားရောက်ချင် သော်လည်း ဗီဇာကန့်သတ်မှုများ ရှိလာသည့်အတွက် ဆော်ဒီသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဘာသာရေးပွဲသွားဖို့အတွက် တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ သမ္မတကြီးကို အကူညီတောင်းခံတာပါ” ဟု မူဆလင်တစ်ဦးဖြစ်သူ ဦးဘချိုကပြောသည်။

ယနေ့ နေ့လည် ၁၂နာရီခန့်တွင် မြန်မာနိုင်ငံရှိ ဆော်ဒီအာရေးဗီးယားသံရုံးရှေ့တွင် မှုဆလင်ဘာသာဝင် များ သည် ဗီဇာရရှိရေးနှင့်ပတ်သက်၍ လာရောက်စုဝေးကြကြောင်းသိရသည်။

ဘာသာရေးပွဲတော်သွားရောက်ခွင့် ဗီဇာကို မြန်မာနိုင်ငံအတွက် အယောက် ငါးထောင်ကိုသာခွင့်ပြုပေးသည့် အတွက် ယင်းကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

“အခုတော့ဘယ်ဌာန ဘယ်ရုံးကိုမှ အကူအညီတောင်းလို့မရဘူး။ အခုကျွန်တော်တို့ဆန္ဒပြတာမဟုတ်ပါဘူး သမ္မတကြီးသိအောင်လုပ်တာပါ။” ဟု ဦးဘချိုကဆိုသည်။

သံရုံးရှေ့တွင်လူစုလူဝေးမပြုလုပ်ကြရန်လုံခြုံရေးများက လာရောက်တောင်းပန်သဖြင့် ညနေ ၃နာရီတွင် မီဒီယာနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဘာသာရေးပွဲတော်သို့ ပို့ပေးမည့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများဝေစုမတည့်သည့်အပြင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး စီပွားရေး လက်ဝါးကြီးအုပ်မှုတွေကြောင့် ယင်းခဲ့သို မကြေနပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သူ ဦးစနေထွန်းကပြောသည်။

အဆိုပါဘာသာရေးပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ်သာပြုလုပ်ပြီး နိုဝင်ဘာလ ၈ရက်မှ ၁၅ရက်နေ့အထိပြုလုပ် မည်ဖြစ်ကြောင်း၊ ယင်းပွဲတော်သို့ နိုင်ငံအနှံ့မှ မှုဆလင်ဘာသာဝင်များက တစ်သက်တွင်တစ်ခေါက်အနည်းဆုံး သွားရောက်ရမည်ဟုခံယူထားကြကြောင်းသိရသည်။

ယင်းပွဲတော်သို့ နိုင်ငံတော်မှ သွားရောက်ခွင့်မပြုသော်လည်း မှောင်ခိုလမ်းကြောင်းဖြင့် သွားရောက်ကြကြောင်း၊ တစ်ကြိမ်သွားရောက်ပြီးပါက တစ်သက် မဆင်းရဲတော့ဟု မှုဆလင်ဘာသာဝင်များက ခံယူထားကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မူဆလင်ဘာသာဝင်ပေါင်း ၈သန်းခန့် ရှိသည်။

Peace Press

****************************************************************************

မိုးစပါးအထွက်နှုန်း လျော့နည်းသော်လည်း ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့မှု  မထိခိုက်

မြန်မာနိုင်ငံတွင် ရာသီဥတု ဆိုးရွားမှု အခြေအနေကြောင့် ဒေသအချို့တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စပါးစိုက်ခင်းများ ရေလွှမ်းမိုး၍ ပျက်စီးဆုံးရှုံးခဲ့ပြီး မိုးစပါးအထွက်နှုန်းများ ကျဆင်းခဲ့သော်လည်း ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုများ ထိခိုက်နိုင်ခြင်းမရှိကြောင်း ဆန်စပါး သုတေသီ တစ်ဦးမှ သုံးသပ်ပြောကြားသည်။

နိုင်ငံအနှံ့အပြား စံချိန်တင် မိုးရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများ ရေလွှမ်းမိုး ပျက်စီးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုးစပါးအထွက်နှုန်းမှာ ယခင်နှစ်ကထက် ၁. ၇ သန်းလျော့နည်းမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံပိုင် သတင်းစာကဖော်ပြထားသည်။

“ရေလွှတ်တဲ့နေရာတွေ၊ မိုးစပါး နောက်ကျခဲ့တဲ့ စပါးတွေမှာ အရည်အသွေးကောင်းပြီး အထွက်နှုန်း ကောင်းနိုင်တာကို တွေ့ရတယ်။ မနှစ်က အပျက်အစီး များခဲ့တဲ့အတွက် ဒီနှစ်မှာ လယ်သမားတွေရော၊ ကုမ္ပဏီကြီးတွေပါ ပြင်ဆင်ထားကြတယ်။ စတိုတွေ၊ ဂိုဒေါင်တွေ၊ ရိတ်သိမ်းခြွေလှေ့စက်တွေ၊ အခြောက်ခံစက်၊ သီးနှံလေလုံအိတ်တွေကို မနှစ်ကထက် ကြိုတင်ပြင်ဆင်မှု အားကောင်းတဲ့အတွက် ထင်သလောက်တော့ ထိခိုက်မှု မရှိနိုင်ဘူး။ အထူးပြု ကုမ္ပဏီတွေကလည်း စပါးအခံဈေး သုံးသိန်းခွဲနဲ့ ခံဝယ်ပေးမယ် ဆိုတဲ့အတွက်ကြောင့် စပါးဈေးကလည်း ကောင်းနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က နိုင်ငံတွေမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်နေလို့ ပြည်ပဆန်ပေါက်ဈေးကလည်း ကောင်းနိုင်ပါတယ်။ ပြည်ပဆန်ပို့တာကို အခွန်လျှော့တာ၊ ပြည်ပပို့ကုန်ရငွေ ပေါက်ဈေးကလည်း တစ်ဒေါ်လာ ၈၂၀ ဝန်းကျင်လောက်နဲ့ တင်းခံထားတဲ့အတွက် မနှစ်ကထက် ပိုပြီး ပို့နိုင်မယ်လို့ ယူဆရပါတယ်။ ပြည်တွင်းစားသုံးမှုအတွက် မထိခိုက်နိုင်သလို၊ ပြည်ပပို့တာလည်း မထိခိုက်နိုင်ဘူးလို့ မျှော်မှန်းထားပါတယ်။ ဖြေလျှော့မှုတွေနဲ့ အခွင့်အရေးယူနိုင်ဖို့ အရေးကြီးပါတယ်” ဟု ဆန်စပါးသုတေသီတစ်ဦးမှ သုံးသပ်ပြောကြားသွားကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ၂၀. ၄၃ သန်းရှိပြီး မိုးစပါးစိုက်ဧက ၁၇. ၂၇ သန်း၊ နွေစပါးစိုက်ဧက ၃. ၆ သန်း ရှိသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြည်ပ ဆန်တင်ပို့မှု ဆန်တန်ချိန် ၈ သိန်းခန့်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ဧပြီလမှ စ၍ စက်တင်ဘာလအထိ ဆန်တန်ချိန် သုံးသိန်းခွဲခန့် ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။  

*************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အရပ်သားအစိုးရလက်ထက် ပထမဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

အရပ်ဖက်အစိုးရ တက်လာပြီးနောက် ပထမဆုံးဖွင့်လှစ်သည့်  ရွှေကျင်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို အောက်တိုဘာလ ၂၂ ရက် က ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၏ အရှေ့မြောက်ဘက် ကျောက်နဂါးကျေးရွာအနီးတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှ ဖော်ပြချက်အရ သိရှိရသည်။

ရွှေကျင်ရေအားလျှပ်စစ် ဓာတ်အားပေးစီမံကိန်းကို ၂၀၀၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ယခုဖွင့်လှစ်လိုက်သည့် စက်ရုံသည် မြန်မာနိုင်ငံ မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်သော ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများအနက် ၁၇ ခုမြောက်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၌ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၇ ရုံ၊ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံ စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၃၃ ရုံ မှ လျှပ်စစ်စက် တပ်ဆင်အား ၃၃၆၀ မဂ္ဂါဝပ် ရရှိကြောင်း သိရှိရသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို စီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စီမံကိန်း ၁၃ ခု၊ တိုင်းရင်းသား လုပ်ငန်းရှင်များမှ လုပ်ကိုင်ဆောင်ရွက်နေသည့် စီမံကိန်း ၈ ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း ၄၄ ခု စုစုပေါင်း လျှပ်စစ်စီမံကိန်း ၆၅ ခု ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ရွှေကျင်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် လျှပ်စစ်စက်တပ်ဆင်အား ၇၅ မဂ္ဂါဝပ် တပ်ဆင်ထားပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၂၆၂ သန်း ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ကွန်းချောင်း၊ ဖြူးချောင်းနှင့် သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ကွန်းချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် မကြာမီကာလတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေကျင်ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသည် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း တည်ဆောက် ဖွင့်လှစ်ပြီးခဲ့သည့် ရေအားလျှပ်စစ် စီမံကိန်းများအနက် စက်တပ်ဆင်အားအကြီးဆုံး ဖြစ်ကြောင်း သိရှိရသည်။

****************************************************************************

ယုံကြည်ချက် အကျဉ်းသားများအရေး မိတ်ဆွေပါတီများက အနောက်နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ ပေးပို့

မြန်မာနိုင်ငံရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ လွတ်မြောက်လာခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲဝင် မိတ်ဆွေပါတီများမှ အမေရိကန်နှင့် ဥရောပသမဂ္ဂသို့ အိတ်ဖွင့်ပေးစာ တစ်စောင်အား ပေးပို့ခဲ့ကြောင်း သိရသည်။

၎င်း ပေးပို့လိုက်သည့် အိတ်ဖွင့်ပေးစာ၌ မြန်မာနိုင်ငံရှိ အစိုးရအနေဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးများကို အမှန်တကယ်လုပ်ဆောင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ချစ်ကြည်လေးနက်သည့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ထို့ပြင် ၎င်းပေးပို့ချက်တွင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးများကို ယခုထက်ပိုမို၍ အရှိန်အပာုန်မပြတ် လုပ်ဆောင်နိုင်ရန် ကူညီပါရန်နှင့် နိုင်ငံခြား နည်းပညာအကူအညီများ၊ စီးပွားရေးပိတ်ဆို့အရေးယူများကို အမြန်ဆုံးလျှော့ချပေးရန်နှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်ပေးရန် တိုက်တွန်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များကို အမှန်တကယ် လုပ်ဆောင်နေပြီဖြစ်သည့်အတွက် မကြာမီ အချိန်တွင်လည်း ထောင်တွင်းရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ ထပ်မံလွတ်မြောက်နိုင်လိမ့်မည်ပာု မျှော်လင့်မိကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရေစီ မိတ်ဆွေပါတီ(၁၀)ပါတီမှာ ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ကြောင်း သိရသည်။

Ref: Envoy 

*****************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လို အခြေအနေရှိတယ် ဆိုတာတွေကို သေချာချပြတယ်။ ပြီးတော့ ဒီလိုစီးပွားရေးပိတ်ဆို့ ထားတာဟာ ပြည်သူတွေကိုပဲ အဓိက ထိခိုက်နေတယ်။ ဒါကြောင့် အခုလို ပိတ်ဆို့တာတွေ မလုပ်သင့်တော့ဘူး လို့ တိုက်တွန်းခဲ့တာတွေရှိပါတယ်။ ဒီလိုမျိုး တရားဝင်စာပို့ပြီး ဖိအားပေးတာတွေလဲရှိတာပေါ့”

အောက်တိုဘာ ၂၅ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၁) တွင်ပါသည့် “စီးပွားရေးပိတ်ဆို့မှုကို အမြန်ဆုံး လျှော့ပေါ့ ပယ်ဖျက်ပေးရန် မြန်မာနိုင်ငံရှိ ဒီမိုကရေစီမိတ်ဆွေများပါတီက အမေရိကန်အစိုးရထံ အိတ်ဖွင့်စာတစ်စောင်ပေးပို့” သတင်းမှ ဒီမိုကရေစီမိတ်ဆွေများပါတီဝင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************************************************

“ဒီစမ်းသပ် ဖွင့်လှစ်ခွင့်ပြုထားတဲ့ ကျောင်းတွေကိုလဲ တကယ်ဥပဒေထွက်လာတဲ့အခါကြရင် ဒီဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ ဆိုတာ ပြန်စစ်ဆေးရမှာပါ။ စစ်ဆေးလို့ ညီညွတ်မှု မရှိတာတွေ့ရရင် လိုအပ်ချက်ကို ပြန်လည်ပြင်ဆင်ပြီးမှ တရားဝင် ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အသစ်ဖွင့်ချင်တဲ့သူတွေကတော့ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်နိုင်ခွင့်ရှိဖို့အတွက် လိုအပ်တာတွေကို လျှောက်လွှာမှာ ဖြည့်ပြီး လျှောက်ထားကြရ မှာပါ။ တကယ်ဖွင့်ခွင့်ပေးမယ်ဆိုရင်လဲ ဒီကိုယ်ပိုင်ကျောင်းဥပဒေ ထွက်လာပြီးမှ သာ ဖွင့်ခွင့်ပေးမှာပါ”ဟု အဆိုပါတာဝန်ရှိသူက ထပ်မံပြောသည်။

အောက်တိုဘာ ၂၅ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၁) တွင်ပါသည့် “ပုဂ္ဂလိကိုယ်ပိုင်ကျောင်း ဖွင့် လိုသူများ စတင်လျှောက်ထားနိုင်ပြီ” သတင်းမှ ကောက်နှုတ်ချက်

*****************************************************************************

“ဝန်ကြီးများနေရာကို သမိုင်းဝင်အဆောက်အအုံအနေနဲ့ ဆက်ရှိသင့်တယ်။ ဟိုတယ်လိုမျိုး မလုပ်သင့်ပါဘူး။ လွတ်လပ်ရေးအတွက် ဗိုလ်အောင်ကျော် တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းဝင်နေရာ၊ ဗိုလ်ချုပ်တို့လို လွတ်လပ်ရေးအရ ယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့နေရာ၊ မြန်မာပြည်ရဲ့ တိုင်းပြည်ပြု လွှတ်တော် ဗိုလ်ချုပ် အောင်ဆန်းတို့ ကိုယ်တိုင် ၁၉၄၆ ခုနှစ်မှာ လွှတ်တော်ခေါ်ယူခဲ့တဲ့နေရာဖြစ်တယ်။ ဒီလို သမိုင်းဝင် ထိန်းသိမ်းရ မယ့် နေရာကို ဟိုတယ် လုပ်မယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်”

အောက်တိုဘာ ၂၅ ထုတ် True News အတွဲ (၄) အမှတ် (၅) တွင်ပါသည့် “ဝန်ကြီးများရုံး အဆောက်အဦးကို ဟိုတယ်ပြုလုပ်ရန် လေလံပေးမည်ဆိုသော သတင်းအပေါ် သူတို့၏ သဘောထားများ” သတင်းမှ မောင်ဝံသ (စာရေးဆရာ၊ သတင်းစာဆရာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

****************************************************************************

ပထမဦးဆုံး မဖြစ်မနေလုပ်ဆောက်ရမည့်အချက်မှာ အကျဉ်းထောင် အသီးသီးအတွင်းရှိနေကြသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက် လာရေးဖြစ်ပါသည်။ ထိုအခါ ဒီမိုကရေစီစနစ်ပြည့်ဝအောင် ကျင့်သုံးရန်နှင့် အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်း အောင်မြင်စေရေးအတွက် အစိုးရ၊ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများကြား နား လည်မှုလွှဲမှားစေမည့် အရာများကို မဆောင်ရွက်ဘဲ တည်ငြိမ်ရင့်ကျက်သော ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အဖြေဖြစ်လာရမည်။ ပေါ်ထွန်းနေသော ဒိုင်ယာလော့ခ်ဖြစ်စဉ်ကို လမ်းကြောင်းလွဲစေမည့် ပြုမှုဆောင် ရွက်ချက်များ မပေါ်ပေါက်အောင် ဘက်အသီးသီးမှ တာဝန်ခံမှု ရှိရမည်ဖြစ်သည်။ နိုင်ငံရေးတွင် အဖြူအမည်း သိသိသာသာ မခွဲခြားနိုင်သော ဂရေးကာလ (မီးခိုးရောင်) များရှိနေချိန်တွင် အားလုံးသတိရှိကြရန်သာ အရေး ကြီးပါသည်။

အောက်တိုဘာ ၂၄ ထုတ် The Voice weekly အတွဲ (၇) အမှတ် (၄၅) တွင်ပါသည့် ဆောင်းပါးရှင် နေသန်မောင်ရေးသည့် “ဧရာဝတီမှာ ပြန်လည် ဆုံဆည်းကြမည်” ဆောင်းပါးမှ ကောက်နှုတ်ချက်

*****************************************************************************

ဆောင်းပါးကဏ္ဍ

ရှေးသရောအခါ ကြပ်ပြေးနေပြည်တော်ဝယ်     အပိုင်း(၃)

“ဆရာကြီးအနေနဲ့ ခုလိုပိပိရိရိ လုပ်သည့်တိုင်အောင် တစ်ခါတစ်ရံ ကမ္ဘာ့ပုလိပ်ကြီးအဖွဲ့က စုံစမ်းမေးမြန်းတာတွေ ခံရပါတယ်၊ ဒါပေမယ့် ဆရာကြီးအနေနဲ့ ခပ်တင်းတင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ အဲ့ဒီ အခါမှာလည်း ဆရာကြီးကို ကာကွယ်ပေးမယ့်  ပေါက်ဖော်ပြည်ကို ဘယ်လို အသုံးချသလဲ ဆိုတာလေးကို ရှင်းပြပေးစေလိုပါတယ်” ဟု ယီမင် သမ္မတ ဆာလေးက သူသိချင်သည်ကိုမေးမြန်းလေသည်။

“ကောင်းပြီမောင်ရင် ဒါကတော့ ပါဝါကို ကစားတာပေါ့၊ သေချာနားထောင် မောင်ရင်၊ လူဆိုတာ ဘက်တစ်ဘက်မှာပဲနေရတယ်၊ ဟိုယောင်ယောင် ဒီယောင်ယောင် သွားလုပ်ရင် နီးတဲ့ဘက်က မောင့်ကိုဆွဲစားလိုက်မှာ၊ ဒီတော့ ကျုပ်ကရှင်းတယ်၊ အနောက်ကကောင်တွေနဲ့ လုံးဝ မပတ်သက်ဘူး၊ ပေါက်ဖော်ကြီးကို အပိုင်ကျွေးပေါင်းထားတယ်၊ ဆိုလိုတာက မောင်ရယ်၊ ကျုပ်ပြည်မှာသာ အနောက်ကကောင်တွေရော၊ ပေါက်ဖော်တွေရော နှစ်ခုရောထားရင် ဒင်းတို့က လောဘတက်လာပြီး စားခွက်လုရင်းနဲ့ ကျုပ်နိုင်ငံကို ဦးအောင် သိမ်းကြမှာပေါ့၊ ကဒါဖီဖြစ် သွားတာ အဲ့ဒါပဲမောင်၊ သူက အနောက်မှာ ပိုက်ဆံတွေအပ်၊ ပေါက်ဖော်တွေကိုလဲ လုပ်ပိုင်ခွင့်ပေးတယ်၊ ဒီတော့ အနောက်က ကောင်တွေက ပေါက်ဖော်တွေ အကုန်မရခင် လက်ဦးမှုယူလိုက်တာလေ၊ ဒီတော့ မောင်ရင်မှတ်ရမှာက ဟိုလိုလို ဒီလိုလို မလုပ်နဲ့ ကိုယ့်ရန်သူ ရဲ့ ရန်သူက ကိုယ့်ရဲ့မိတ်ဆွေပဲ၊ သူနဲ့သာပိုင်အောင်ပေါင်းဟုတ်ပလား”  ဟု ဆရာကြီးက ရှင်းပြလေသည်။

 ဆရာကြီး၏ အဖြေအဆုံးဝယ် ဆာလေးက မရှင်းသေးဟန်ဖြင့်

“ ဒီလို တစ်ဖက်တည်းရပ်လိုက်တော့ ကိုယ်က ကိုယ်ရပ်တဲ့သူရဲ့ လက်အောက်ခံဖြစ်မသွားဘူးလား၊ ဆိုလိုတာက ဆရာကြီးရယ် တစ်ဖက်တည်းကို အကုန်ရောက်သွားတော့ အဲ့ဒီသူကို ကိုယ့်မှာရှိတာ အကုန်ပေးလိုက်ရရော၊ ဒီတော့ ဘာထူးသေးလဲ၊ အနောက်ကိုလိုနီ မဖြစ်ချင်ကာမှ ပေါက်ဖော်ကိုလိုနီဖြစ်မသွားဘူးလား၊ နောက်ပြီး သူလိုချင်တာရသွားရင် အသုံးမလိုတော့တဲ့နေ့ ကိုယ့်ကိုဘေးကန်ထုတ်လိုက် မှာ မကြောက်ရဘူးလား”

“ဟားဟား၊ မောင်ရင်က အတော်ဝေးတာပဲ၊ တစ်ဖက်တည်းရပ်ပြီး သစ္စာခံရမယ်လို့ ကျုပ်မပြောပါဘူး၊ တစ်ဖက်တည်းမှာ ရပ်နေပြီး ကိုယ်ရပ်နေရတဲ့ သူကိုလည်း မယုံနဲ့၊ အခု ကျုပ်က ပေါက်ဖော်တွေကို အကုန်မပေးဘူးလေ၊ ဒီတော့ သူက လိုချင်တာမရမချင်း ကျုပ်ကို ကာကွယ် ပေးနေရမယ်၊ သူလိုချင်တာရပြီးရင် ကျုပ်ကို လျှော်လိုက်မယ်ဆိုတာ ကျုပ်သိတယ်လေ။ မောင်ရင်လို လူပိန်းနားလည်အောင် ပြောရရင် အနောက်က လူမိုက်က အမျိုးသမီးလေးကို မုဒိန်းကျင့်ချင်နေတယ်၊ ပေါက်ဖော်လူမိုက်ကလည်း ငမ်းငမ်းတက်ကြိုက်နေတယ်၊ ဒီတော့ အနောက်ကလူမိုက် မုဒိမ်းမကျင့်ခင် ပေါက်ဖော်လူမိုက်ကို ကလူ၏ မြူ၏သို့ လုပ်ထားရတယ်၊ ရည်းစားတော်ထားရတယ်၊ ဒါပေမယ့် အပျိုရည်တော့ အပျက်မခံဘူးပေါ့၊ ဒီတော့ ပေါက်ဖော်ခမျာ လိုချင်တာလဲမရသေးတော့ အနောက်ကလူမိုက်ရန်ကိုပဲ ကာကွယ်နေရတာပဲ၊ ကိုင်းရှင်းပလား ဒီထက်ရှင်းတဲ့ ဥပမာမရှိတော့ဘူး” ဟု  ဆရာကြီးက တစ်တစ်ခွခွ ဥပမာပေးလိုက်ရာ ဆာလေးမှာ ၎င်း၏ အသိဥာဏ်နုံနဲ့မှုကို ခွင့်လွှတ်ရန် ဆရာကြီးအား အနူးအညွတ် တောင်းပန်လိုက်လေသည်။

 ဤတွင် ကျောင်းသား အာဆတ်က ထပ်၍ မေးလိုက်သည်။

“ဆရာကြီးခင်ဗျား၊ ဆရာကြီးအနေနဲ့ ဒီအနောက်အုပ်စုကို ဆန့်ကျင်ရာမှာ ခပ်တင်းတင်းပဲ ဆက်ဆံခဲ့တာကို တွေ့ရပါတယ်၊ ဆက်ဒမ်ဟူစိန်တို့ ကဒါဖီတို့ ကျတော့ သွားတင်းတာ စုတ်ပြတ်သွားပါရော၊ အဲ့ဒီအချက်ကို ရှင်းပြပေးပါခင်ဗျား”

“အင်း တစ်အနေအထားက ခုန ပြောသလိုပဲ ဒီနှစ်ကောင်ဆီမှာ နောက်ခံဘက်ကရောင်းမရှိဘူး၊ ပေါက်ဖော်တို့ ရုရှတို့ဆီက လက်နက်ပဲ ဝယ်လို့ရခဲ့တယ်၊ ဗီတိုဆိုတာ မရခဲ့ဘူး၊ ကျုပ်က ဗီတိုကို ရအောင်လုပ်ထားတယ်၊ အင်း နောက်တစ်ချက် သပ်သျှိုသွေးခွဲသီအိုရီ နဲ့ ပြောင်းပြန်ဖြစ်တဲ့ အရေးကြီးက သွေးနီးရာ သီအိုရီကို ပြည်သူထဲမှာချသုံးတယ်၊ ဘုံရန်သူပေါ်လာတော့ ကျုပ်တို့ပြည်သူတွေက ကျုပ်တို့ကို မုန်းတာ ခဏထားပြီး အနောက်ကကောင်တွေကို မုန်းသွားကြတယ်၊ မောင်တို့ ပြည်သူတွေကတော့ အနောက်ကကောင်တွေကို လာပါ၊ ကယ်ပါ ဖိတ်ခေါ်တယ်။ မောင်ကျောင်းသား ဆာလေးမှားတာက ဆော်ဒီတပ်တွေကို ဖိတ်ခေါ်လိုက်တာပဲ၊ ဒါဟာ ပြည်သူထဲမှာ တပ်မတော်က နိုင်ငံကြီးကို ကာကွယ်နေတယ်ဆိုတဲ့ မက်ဆေ့ကို ပျက်သွားအောင်လုပ်တာ၊ သိပ်မှားတယ်၊ ကျုပ်ရဲ့ ကြပ်ပြေးသားတွေကိုကြည့် ဘယ်ကြပ်ပြေးသားမှ အနောက်ကို အဖေမခေါ်ဘူး၊ ဒါကတစ်ချက်၊  ယိုးဒယားနဲ့လည်း ဒီတိုင်းသုံးခဲ့တာပဲ၊ နောက်ထပ်က ဟန်ကိုယ့်ဖို့ ဆိုတဲ့ သီအိုရီ”

“ဟန်ကိုယ့်ဖို့ သီအိုရီမှာဆိုရင် ဆက်ဒမ်နဲ့ ကျုပ်တို့ ကိုကြည့်၊ ဆက်ဒမ်ကို ဖျက်အားပြင်းလက်နက်တွေ ရှိတယ်လို့ စွပ်စွဲတော့ ဆက်ဒမ်က အတင်းခံငြင်းတယ်၊ မရှိပါဘူးဆိုတာပေါ့၊ အင်းကျုပ်တို့ကိုလဲ မြောက်ကိုရီးယားနဲ့ပေါင်းပြီး အနုမြူတွေထုတ်ပါတယ်လို့ စွပ်စွဲတာပဲ ကျုပ်တို့လဲ ငြင်းတယ်၊ ဒါပေမယ့် ဟန်ကိုယ့်ဖို့ပေါ့ ရှိသလို၊ မရှိသလို လုပ်ထားပြန်တယ်။ နေပြည်တော်က မြေအောက်ရထားလမ်းကို မြေအောက်အနုမြူစခန်းလို ထင်အောင် သတင်းလွှင့်ထားတယ်၊ တိုင်းရင်းသားတွေနဲ့ တိုက်တဲ့တိုက်ပွဲမှာ တကယ်က သူတို့သောက်တဲ့ ချောင်းထဲမှာ ပေါက်ဖော်ပြည်ကလာတဲ့ အပေါစား ကြွက်သတ်ဆေးတွေခတ်ထားတာ၊ ဒါပေမယ့် သူတို့က ကျုပ်တို့ကြပ်ပြေးမှာ ဓာတု၊ဇီဝလက်နက်တွေ ရှိနေတယ်လို့ထင်ကုန်တယ်။ ဒါဟန်ကိုယ့်ဖို့ပဲ၊ တကယ်မရှိဘူးဆိုတာ သိသွားရင် ဒုက္ခရောက်မယ်လေ။ ဆက်ဒမ်ကို တိုက်တယ်ဆိုတာ တကယ်မရှိလို့တိုက်တာ၊ ဒီနေရာမှာ ကျုပ်ရဲ့ကျောင်းသားဟောင်း အာမက်ဒီနီဂျက်တော်တယ်ပြောရမယ်၊ ရုရှကြီးကို အိတ်ထဲထည့်တယ်၊ အနုမြူဗုံးပိုင်သယောင်ယောင်လုပ်ထားတယ် ၊ အနောက်ကကောင်တွေ ကြိမ်းသာကြိမ်းနေတာ ဘယ်မှာလာ တိုက်ရဲလို့တုန်း၊ ဒီကောင်လေးတော်တာ၊ ကျုပ်ရဲ့ သင်ခန်းစာကို ကောင်းကောင်း အသုံးချထားနိုင်တယ်၊ ဒီသီအိုရီက ဟန်ကိုယ့်ဖို့ သီအိုရီ လို့ မှတ်ထား” ဟု ရှင်းလင်းပေးလိုက်ရာ အာဆတ်မှာ ပုတ်သင်ညိုဖြစ်သွားရလေသည်။

“ကိုင်း မောင်ကျောင်းသားတို့ ဒါဟာ အာဏာကို ဘယ်လိုချုပ်ကိုင်တယ်ဆိုတဲ့အပိုင်း ပြီးသွားပြီ ထိန်းချုပ်ရာကနေ၊ ထိန်းကျောင်းတဲ့ အဆင့်ကို ဘယ်လိုသွားမလဲ၊ အာဏာခုံကနေ ဘယ်လိုဆုတ်ခွာမယ်ဆိုတဲ့အပိုင်းကိုသွားကြရမယ်။ မရှင်းတာရှိရင်မေးလို့ရတယ်မောင်တို့” ဟု ဆရာကြီးက အမိန့်ရှိလေသည်။

 ဤတွင် အတန်ငယ် သွက်လက်ဟန်ရှိသော ကျောင်းသားအာဆတ်က လက်အုပ်ချီ၍ မေးမြန်းလိုက်လေသည်။

“ဆရာကြီးခင်ဗျား၊ အခု ဆရာကြီးရှင်းလင်းသွားတဲ့ အာဏာထိန်းချုပ်ခြင်းဆိုတာ ဒီနေ့ခေတ်မှာ အသုံးဝင်သေးလားသိပါရစေ၊ အကျွန့်အမြင်ကို ပြောရရင် ဒီနေ့ခေတ်မှာ အစိုးရတွေဟာ အပြောင်းအလဲတွေပြုလုပ်နေရတယ်မဟုတ်ပါလားခင်ဗျာ။ ဒါကြောင့်မို့ ဒီတစ်ပိုင်းက Concept တစ်ခုရဲ့ အစပိုင်းပဲ ဖြစ်မယ်ထင်ပါတယ်၊ တကယ်တော့ဆရာကြီးပေးချင်တဲ့ အစိုးရတွေ အပြောင်းအလဲလုပ်ခြင်း တနည်းအားဖြင့် အာဏာကို ထိန်းချုပ်တဲ့ အဆင့်ကနေ ထိန်းကျောင်းခြင်းအဆင့်ကို သွားမယ် ပြီးမှ အာဏာခုံကနေ စနစ်တကျဆုတ်ခွာမယ် ဆိုတဲ့ဟာကမှ တကယ့် အသုံးချ ဘာသာရပ် ဖြစ်လာမှာ မဟုတ်လားခင်ဗျာ”

“မှန်ပေတယ်၊ မောင်ရင်၊ ဒီတစ်ခေါက်တော့ အမောင့်ဥာဏ်ကို ကျုပ်ချီးကျူးလိုပါတယ်၊ အခုနပေးတဲ့ လက်ချာမှာလို အာဏာကို ထိန်းချုပ်ထားတာ အလုပ်မဖြစ်တော့ဘူး၊ ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တယ်၊ ဒါဟာလည်း ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကြီးကြောင့် နိုင်ငံတွေဟာ ဒီမိုကရေစီနည်းကျ ပွင့်လင်းမြင်သာမှုကို သွားနေရလို့ပဲ၊ ဒါပေမယ့် ဒီမိုကရေစီဆိုတိုင်း အာဏာဆုံးရှုံးသွားတာတော့မဟုတ်ဘူး မောင်ရင်တို့ ကျုပ်ပြောချင်တာကို အမောင်ရိပ်မိတယ်ဆို ဆက်ရှင်းလို့လွယ်သွားပြီ၊ ကိုင်းကောင်းပြီဆက်ကြဦးစို့ ၊ မဆက်ခင် မောင်ရင်တို့ကို ကျုပ်တစ်ခု မေးမယ်၊ မောင်ရင်တို့ အာဏာကို လက်ဝယ်ရှိလိုခြင်းက ဘာကြောင့်ရှိလိုရတာလဲ” ဟု ဆရာကြီးက အာဆတ်ကိုချီးကျူးရင်း ပြန်၍ မေးခွန်းထုတ်လိုက်သည်။

“အဓိကတော့ အကန့်အသတ်မရှိ ချမ်းသာချင်တာရယ်၊ ငွေကြေးရယ်၊ သြဇာရယ်၊ အာဏာရယ် တွဲနေမှရမယ်လို့ ခံယူထားတာ ကြောင့်ပါ” ဟု ကျောင်းသားနှစ်ယောက်လုံးက ပြိုင်တူပြန်ဖြေလိုက်ကြသည်။

“ဟုတ်ပြီ၊ ဒါဆိုမောင်တို့ဆိုသလိုပေါ့ မောင်တို့ အကန့်အသတ်မရှိချမ်းသာမယ်၊ ဘယ်သူကမှလဲ လာပြီးမစစ်ဆေးတော့ဘူး၊ ပြဿနာ မရှာဘူးဆိုရင် မောင်ရင်တို့အာဏာက ဆင်းပေးမလား”  (ဆက်ရန်) 

 ****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs