Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၈.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. DVပေါက်နေသည်ဟု လိမ်လည်သူများကို အမေရိကန်အစိုးရက စိစစ်အရေးယူ
  2. ရပ်ဆိုင်းထားသည့် အိန္ဒိယ-မြန်မာ ရေကြောင်းခရီးစဉ်ပြေးဆွဲရေး သုံးသပ်မည်
  3. သီးနှံအပေါင်ထား ချေးငွေစနစ် ပုဂ္ဂလိဘဏ်အချို့စတင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒီမိုကရက်တစ် နိုင်ငံရေးပါတီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် ကူညီမည်ဟု ဟန်ညောင်ဝေ ကတိပေး
  2. လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်မားရေး  ဆွေးနွေးပွဲများကျင်းပ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ

************************************************************************************

ပြည်တွင်းသတင်းများ

DVပေါက်နေသည်ဟု လိမ်လည်သူများကို အမေရိကန်အစိုးရက စိစစ်အရေးယူ

အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာကံစမ်းမဲ အစီစဉ်တစ်ခုဖြစ်သည့် The Diversity Visa (DV) ကိုကံစမ်းမဲ ပေါက်သည်ဟုဆိုကာ ငွေတောင်းစာ အီးမေးလ်များ ပို့ပြီး လိမ်လည်မှုများ ရှိနေကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဒုတိယကောင်စစ်ဝန်က ပြောကြားသည်။

ယင်းကဲ့သို့ လိမ်လည်နေသူများကို အမေရိကန်အစိုးရအနေဖြစ် စိစစ်အရေးယူမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“DVလျှောက်ထားတဲ့သူ တစ်ယောက်အနေနဲ့ အခုလိုမျိုး လိမ်လည်စာတွေ ရောက်လာရင် သံရုံးကို ဖုန်းဆက် အကြောင်းကြားပေးပါ”ဟု ၎င်းက ဆိုသည်။

DV လျှောက်ရန်နှင့် ပေါက်မပေါက်သိရန်အတွက် ဝက်ဆိုက်လိပ်စာ တစ်ခုတည်းသာ ထားရှိထားပြီး ယင်းဝက်ဆိုက်ကသာ အစအဆုံး လုပ်ဆောင်ပေးကြောင်း၊ ယင်းဝက်ဆိုက်မှာ www.dvlottery.state.gov တစ်ခုတည်းသာ ထားရှိထားကြောင်း သိရသည်။

ယင်းကဲ့သို့ လိမ်လည်ခံခဲ့ရသူများကို ဖော်ပြမပေးခဲ့သော်လည်း လိမ်လည်ခံလိုက်ရသူများ အမှန်တကယ်ရှိကြောင်း ၎င်းကပြောသည်။ DV လျှောက်ခြင်း၊ ပေါက်မပေါက်သိခြင်းတို့ကို အထက်ပါဝက်ဆိုက်၌သာ လုပ်ဆောင်ရသည်ဖြစ်သည့်အတွက် အခကြေးငွေ လုံးဝမယူထားကြောင်း ၎င်းက ပြောကြားသည်။

DV မဲပေါက်ပြီး အမေရိကန်သံရုံးမှ အင်တာဗျူး ခေါ်ယူပြီးမှသာလျှင် ဗီဇာကြေးအမေရိကန်ဒေါ်လာ ၇၄၅ ဒေါ်လာ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ဗီဇာကြေး တစ်ခုတည်းကိုသာ အမေရိကန်မှကောက်ခံကြောင်း ၎င်းကပြောကြားသည်။

DV သည်အမေရိကန်နိုင်ငံ၌ နေထိုင်ခွင့်ပြုသည်မှအပ အမေရိကန်အစိုးရက မည်သည့်ထောက်ပံ့မှုကိုမျှ ပေးမည်မဟုတ်ကြောင်း၊ လိမ်လည်သူ များကမူ ကျန်သည့်အကူညီများလည်း ပေးသည်ဟု ရေးသားလေ့ရှိကြောင်း ၎င်းက ပြောကြားသည်။

DVကံစမ်းမဲကို တစ်နှစ်လျှင် လူဦးရေ ၅သောင်းကို အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်ပြုရာ နှစ်စဉ်မြန်မာနိုင်ငံမှ ၂၂၀ ခန့် မဲပေါက်လေ့ရှိကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ရပ်ဆိုင်းထားသည့် အိန္ဒိယ-မြန်မာ ရေကြောင်းခရီးစဉ်ပြေးဆွဲရေး သုံးသပ်မည်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား နှစ်ခြောက်ဆယ်ကျော်ကြာ ရပ်ဆိုင်းထားခဲ့သည့် ပင်လယ်ရေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ပြန်လည် လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားဖြစ်သည့် ကိုးလ်ကတ္တား- ရန်ကုန်နှင့် ချင်းနိုင်း-ရန်ကုန်တို့အကြား ခရီးသည်တင်ရေယာဉ် ပြန်လည်ပြေးဆွဲရေး အတွက် သုံးသပ်နိုင်ရန် သဘောတူညီချက်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အိန္ဒိယ သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း ရေကြောင်းခရီးသည် ပို့ဆောင်ရေးခရီးစဉ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးပြီးနောက်ပိုင်းချိန်မှ စတင်၍ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ- မြန်မာ ပင်လယ်ကူးသင်္ဘောများ၊ ကမ်းရိုးတန်းသွားသင်္ဘောများနှင့် လုပ်ငန်းဆောင်ရွက်မည့် အဖွဲ့အစည်းမျိုး ပို့ဆောင်ရေးကဏ္ဍတွင် ပေါ်ပေါက် လာနိုင်ရန် လေ့လာ သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အိန္ဒိယ-မြန်မာ ပင်လယ်ရေကြောင်းခရီးစဉ်များ ပိတ်ထားသော်လည်း အိန္ဒိယနိုင်ငံမှ စက်တပ်သင်္ဘောများဖြင့် မြန်မာနိုင်ငံဘက်သို့ အခြေခံ စားသောက်ကုန်များ လာရောက်ဝယ်ယူလေ့ရှိကြောင်း ရေကြောင်း ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

၎င်း အိန္ဒိယ-မြန်မာ ရေကြောင်းခရီးစဉ် ပြန်လည်ပွင့်သွားပါက မြန်မာနိုင်ငံရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမှ ဒေသခံများ၊ အိန္ဒိယရှိ ကိုးလ် ကတ္တားမှ ဒေသခံများ၊ ကမ်းရိုးတန်းဒေသမှ ဒေသခံများအနေဖြင့် ကုန်သွယ်မှု အခွင့်အလမ်းမှာ ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုများလည်း ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ၎င်းလမ်းကြောင်း ပွင့်သွားပါက အားနည်းချက်အနေဖြင့် နှစ်နိုင်ငံအတွင်း လူဝင်မှုဆိုင်ရာ ပြဿနာများနှင့် အယူဝါဒ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်လာရနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကဏ္ဍတွင် ၅ နှစ်တာကာလအတွင်း သန်း ၅၀၀၀ ခန့်အရှုံးပေါ်နေသည့်အတွက် ၆ လအတွင်း ဝင်ငွေနှင့် အသုံးစရိတ် မျှတမှုရှိနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Refး  Popular News

-----------------------------------------------------------------------------------------------------------------------------------

သီးနှံအပေါင်ထား ချေးငွေစနစ် ပုဂ္ဂလိဘဏ်အချို့စတင်မည်

မြန်မာနိုင်ငံရှိ တောင်သူများ အဆင်ပြေနိုင်စေရန် သီးနှံအပေါင်ထား၍ ချေးငွေထုတ်ပေးမည့်စနစ်ကို ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့မှ စတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

၎င်း စနစ်စတင်ပါက တောင်သူများ အပေါင်ထားမည့် သီးနှံကို ခန့်မှန်းတွက်ချက်၍ ငွေထုတ်ချေးပေးမည်ဖြစ်ပြီး အပေါင်ထားသီးနှံကို ချိတ်ပိတ် ထိန်းသိမ်းမှုမပြုဘဲ လွတ်လပ်စွာရောင်းဝယ်ခွင့် ပြုထားမည့် စနစ်ဖြစ်ကြောင်း သိရသည်။

အတိုးနှုန်းအနေဖြင့် ၁၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ချေးငွေသတ်တမ်းမှာ ခြောက်လမှ တစ်နှစ်ဖြစ်ကြောင်း သိရသည်။

                ပုဂ္ဂလိကဘဏ်များမှ သီးနှံအပေါင်ထားချေးငွေစနစ်ပာု ဆိုသော်လည်း သီးနှံများကိုသာမက အဝတ်အထည်၊ စက်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများကိုပါ အပေါင်ထား၍ ချေးငွေရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုစနစ်သည် တောင်သူများအတွက် အလွန်ကောင်းမွန်သည့် စနစ်တစ်ခုဖြစ်ပြီး တောင်ယာလုပ်ကိုင်ရန် ငွေအလုံအလောက်မရှိသူများအတွက် အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း ပြည်ပပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ၎င်း စနစ်ကိုအခြေခံ၍ လွဲမှားစွာအသုံးချမှုများ၊ တောင်သူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ်တွင် ချေးငွေပြဿနာ အရှုပ်၊ အရှင်းများကြောင့် ပဲလောကထိခိုက်မှုများ ရှိခဲ့ဘူးကြောင်း သိရသည်။

                                                                                                  Ref: 7Day News

************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒီမိုကရက်တစ် နိုင်ငံရေးပါတီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် ကူညီမည်ဟု ဟန်ညောင်ဝေ ကတိပေး

ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်နိုင်ငံရေးပါတီများ၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ကြောင်း Euro-Burma Office ၏အမှုဆောင် ဒါရိုက်တာ နှင့်DVB ၏ ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်က ဒီမိုမိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးမှုကို ဦးစားပေးဆောင်ရွက်ပေးမည်ဟု ဂတိပေးခဲ့ကြောင်း ယင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဦးဟန်ညောင်ဝေသည် မြန်မာပြည်မှ မပြန်ခင် တစ်ရက်အလိုတွင် ဒီမိုမိတ်ဆွေပါတီ ၁၀ပါတီနှင့် တွေ့ဆုံရာတွင် ဗမာငါးပါတီဟူ၍ လည်းကောင်း၊ တိုင်းရင်းသားပါတီ ငါးပါတီဟူ၍လည်းကောင်း နှစ်ကြိမ်ခွဲ၍ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများနှင့် လတ်တလော လိုအပ်နေသည့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဦးတည်ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေးသည် အလွန်အရေးကြီးကြောင်း နှစ်ဖက်သဘောတူခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်နေရီဗဆွေက ပြောကြားသည်။

“နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေး လုပ်ရမယ်ဆိုတာကို သူရော၊ကျွန်မတို့ နိုင်ငံရေးပါတီတွေကော ထပ်တူထပ်မျှ သဘောတူခဲ့ကြပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

ဦးဟန်ညောင်ဝေသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နီးစပ်သူဖြစ်သည့်အတွက် မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းသည်  ပြည်တွင်းစစ် ရပ်စဲရေးနှင့် အသွင်ကူးပြောင်းမှုအတွက် တွန်းအားတစ်ရပ် ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။

ဦးဟန်ယောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားအငယ်ဆုံးဖြစ်ကာ ၁၉၆၃ ခုနှစ်မှစ၍ မြန်မာပြည်မှ ထွက်ကာ ယခုအချိန်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆယ်တွင် အခြေချနေထိုင်နေသူ ဖြစ်သည်။ Euro-Burma Office ၏ ညွှန်ကြားရေးမှူးအဖြစ်သာမက၊ တိုင်းရင်းသားလူမျိုးစုများကောင်စီ ENC ၏ အကြံပေး၊ ထို့အပြင် ဒီမိုကရက်တစ် မြန်မာ့အသံ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ယူထားသူ ဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

  လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်မားရေး  ဆွေးနွေးပွဲများကျင်းပ

လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေး မြှင့်မားရေးအတွက် ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ အောက်တိုဘာလ ၂၅ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ရုပ်သိမ်းရန်နှင့် အသစ်ပြဋ္ဌာန်းရန် လိုအပ်သော ဥပဒေများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာတင်မေထွန်းက လွတ်လပ်ရေးမရမီက ပြဋ္ဌာန်းခဲ့သော တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ရုပ်သိမ်းရန်နှင့် အသစ်ပြဋ္ဌာန်းရန် လိုအပ်မည့် ဥပဒေများနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များကို ရှင်းလင်းခဲ့ပြီး၊ ပါမောက္ခ ဒေါက်တာ ဒေါ်မမလေးကလည်း လွတ်လပ်ရေးရပြီးနောက် တော်လှန်ရေးကောင်စီ လက်ထက်မတိုင်မီ ပြဋ္ဌာန်းခဲ့သော ပြင်ဆင်ရန်၊ ရုပ်သိမ်းရန်နှင့် အသစ် ပြဋ္ဌာန်းရန် လိုအပ်မည့် ဥပေဒများနှင့်စပ်လျဉ်း၍ တင်ပြခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်ကလည်း ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်) ရေးဆွဲခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကိုလည်း ကျင်းပ ပေးခဲ့ကြောင်း သိရသည်။

ယခုလို လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်မားရေးအတွက် ရှင်းလင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝသော၊ ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ထွန်းလာ မည်ဖြစ်သည်ဟု လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များလည်း တက်ရောက်ကြောင်း သိရှိရသည်။

YC

************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြန်ကြားရေးဝန်ကြီးဌာနမှာ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရေးဆွဲနေတယ်လေ၊ အဲဒါနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေ ဂျာနယ်လစ်တွေနဲ့ မူကြမ်း ရေးဆွဲနေစဉ်မှာ တွေ့ဆုံပြီး အကြံဉာဏ်တွေ ယူသင့်တယ်ဆိုတဲ့အပေါ်မှာ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ရမှာလေ၊ သူတို့ မလုပ်ခဲ့သော် ဦးတို့အနေနဲ့ကျတော့ ပြည်သူလူထုရဲ့ အခက်အခဲနဲ့ ခံစားချက်တွေကို ကြိုသိနိုင်အောင် ဦးတို့ကလည်း နားထောင်ထားတဲ့ သဘောပဲ၊ လုပ်ဖို့ မလုပ်ဖို့ကတော့ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာရဲ့ တာဝန်ပေါ့၊ ကိုယ့်ကော်မတီအနေနဲ့ကတော့ ကြိုသိနေနိုင်အောင်ပေါ့၊ သူတို့ မလုပ်ခဲ့ဘူးဆိုရင်တောင် ဒါကြီးကို အဲဒီမူကြမ်း လွှတ်တော်ထဲ ရောက်လာရင် ကျွန်တော်တို့တွေ ဝေဖန်နိုင်အောင်လေ၊ ပြင်သင့်တာ ပြင်နိုင်အောင် ရည်ရွယ်ချက်နဲ့ တွေ့ဖို့ စီစဉ် ဖြစ်တာပါ”

အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) တွင်ပါသည့် “ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှု ကော်မတီက မီဒီယာလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်” သတင်းမှ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးရဲထွန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်ဟာ “အမျိုးသားရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရေး” အလွန်ခက်ခဲ ကြီးလေးတဲ့ တာဝန်ကြီးကို နည်းမျိုးစုံ ရှာကြံ ထမ်းဆောင် နေတာကို နားလည် အသိအမှတ်ပြုဖို့လိုပါတယ်။

“ဒီစေ့စပ် ဆွေးနွေးပွဲဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်ရပုံကို လေ့လာရမိတာက ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရာက လွတ်လာတဲ့နေ့မှာ ထောင်ပေါင်းများစွာသော လူထုကြီး လမ်းပေါ်ထွက် ကြိုဆိုကြတယ်။ “နောင် လူထုကြီး လမ်းပေါ်ထွက်စရာမလိုတော့ပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကြီးကို ပထမဆုံး နှုတ်ဆက်စကား ဆိုပါတယ်။ ပါတီတွင်းမှာ ဆက်တိုက် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို (Reform) မလုပ်ဘူး။ ပြန်လည်ပြင်ဆင် မဖွဲ့စည်းဘူး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အာဏာယူမယ့် အဖွဲ့အစည်း မဟုတ်ဘူးလို့ ပါတီရဲ့လမ်းစဉ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်းနဲ့ ပါတီအင်အားကြီးဖို့ မလိုဘူး။ ပါတီဟာ အရေးမကြီးဘူး။ ဒီမိုကရေစီရဖို့ အရေးကြီးတယ်” လို့ ပါတီတည်ထောင်ရေး ပါတီစည်းရုံးရေး ပြောင်းလဲမှု သဘောထားကို ထုတ်ဖော်ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) တွင်ပါသည့် ဆောင်းပါးရှင် ရဲဘော်မျိုးထွဋ် (ကိုးကိုးကျွန်းပြန်) ၏ “ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဓာတ်မြေသြဇာတွေမှာ ပါတဲ့ အမိုးနီးယာကို ငါးက အကြောက်ဆုံးပဲ။ တစ်ဖက်ကမ်းပြိုရင် တစ်ဖက်သောင်ထွန်း တယ်ဆိုတဲ့ စကားလိုပေါ့။ လယ်သမားက သူ့လယ်ကောင်းအောင် ဓာတ်မြေသြဇာပတ်တာ၊ ပိုးသတ်ဆေးဖျန်းတာကို ဆိုပေမယ့် အဲဒီ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေက ရေထဲရောက်ပြီး ငါးတွေကို ထိခိုက်စေတာပါ။ အခုနောက်ပိုင်း ဒီရေတောတွေ တအားပျက်စီနေပြီး လယ်သမားကလည်း လယ်အထွက်နှုန်းတိုးဖို့ ဓာတ်မြေသြ ဇာတွေကို အလွန်အကျွံသုံးစွဲလာတာကြောင့် ငါးမျိုးသုန်းမှုကို ပိုပြီး ဖြစ်ပေါ်စေတော့တာပဲ”

အောက်တိုဘာ ၂၇ ထုတ် Popular News အတွဲ (၃) အမှတ် (၂၇) တွင်ပါသည့် “ဧရာဝတီတိုင်းဒေသကြီး၌ ဒီရေတောနှင့် လယ်ယာမြေ ပျက်စီးမှုကြောင့် ရေသယံဇာတ ရှားပါးမှုနှင့် ရင်ဆိုင်နေရ” သတင်းမှ အောက်မြန်မာပြည် ငါးလုပ်ငန်းသင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သမ္မတကြီးကိုယ်တိုင်က Request လုပ်ခဲ့တာပါ။ အိန္ဒိယဆန်စပါးဗဟိုဌာနကို သွားပြီးတော့လေ့လာတယ်။ သူတိုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ ဒီမှာ လာပြီး Research Institute ထူထောင်ဖို့ကိစ္စတွေ၊ ဟိုက ပညာရှင်တွေ ဒီမှာလာပြီးတော့ သင်ကြားပေးဖို့ကိစ္စတွေကို သမ္မတကြီးက တောင်းဆိုခဲ့တာပါ” ဟု ယင်းက ခရီးစဉ်အ တွေ့အကြုံကိုရှင်းပြသည်။

“ကိုက်က ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေတဲ့ကာလမျိုးမှာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံထက် ဒီမိုကရေစီနိုင်ငံရဲ့ အကူအညီဟာ ပိုမိုပြီး စနစ်ကျမယ်။ အနှောင်အဖွဲ့နည်းမယ်လို့ ယူဆလို့ ရပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာကို အကူအညီပေးတာဟာ အစိုးရချင်းရဲ့ အကူအညီအပြင် ပြည်သူတွေပါ လိုလားတဲ့ ပြည်သူချင်း အကူအညီလို့လဲ ဆိုနိုင်ပါတယ်” ဟု ဝါရင့်နိုင်ငံရေးသမား ဦးရန်ကျော်က သုံးသပ် ပြောကြားသည်။

အောက်တိုဘာ ၂၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၁) တွင်ပါသည့် “မြန်မာနိုင်ငံသမ္မတ၏ တောင်းဆိုမှုဖြင့် စပါး သုတေသန အင်စတီကျူ တည်ထောင်ရေး အိန္ဒိယကူညီမည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၏ အကူအညီ ဆက်တိုက်ပေးလာခြင်းကို နိုင်ငံရေး၊ စီးပွားရေး အသိုင်းအဝိုင်းကကြိုဆို” သတင်းမှ ကောက်နှုတ်ချက်

************************************************************************************

ဆောင်းပါးကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ

ရဲဘော်မျိုးထွဋ်(ကိုးကိုးကျွန်ပြန်)

(အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) မှ ထုတ်ယူဖော်ပြသည်)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေး စေ့စပ်ရေးပွဲဟာ ခရီးအတော်ပေါက်နေပါပြီဆိုတာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြားမှုများနဲ့ နောက်ဆုံးအကြိမ်အစိုးရသစ် ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက်၊ ပူးတွဲသတင်းစာရှင်းပွဲ၊ သတင်းမီဒီယာတွေ အမေးပြန်လည်ဖြေကြားချက်များအရ သိရှိနားလည်နိုင်ပါတယ်။

ဆန္ဒစောလို့မဖြစ်

နိုင်ငံတော်သမ္မတကြီးရဲ့ ဧရာဝတီမြစ်ဆုံ ဆည်တည်ဆောက်မှု ပြည်သူ့အလိုဆန္ဒနဲ့အညီ ရပ်တန့်ပေးလိုက်တဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည် ပြသမှုကလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အလားအလာဟာ အားရဖွယ်အချက် ဖြစ်ပါတယ်။ ဘယ်အရာတွေ မရသေးဘူး၊ ဘယ်အချက်တွေ မဖြစ်သေးဘူးဆိုတာတွေဟာ မှန်ပါတယ်။ ဒါပေမဲ့ မတူကွဲပြားခြားနားနေတဲ့ အမြင်နှစ်ရပ် အချိန်ကြာမြင့်စွာ တင်းတင်းမာမာ တည်ရှိနေတဲ့ အင်အားနှစ်ရပ် စေ့စပ်ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်တယ်ဆိုတာ မေ့ထားလို့တော့မဖြစ်ပါဘူး။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ ချက်ချင်း ဖြစ်မလာသေးတာကို ဆန္ဒစောလို့ မဖြစ်ပါဘူး။ ဆွေးနွေးဘက် နှစ်ဖက်အတွက် အခက်အခဲတွေ ရှိနိုင်တာကို ထည့်တွက်ကြရပါလိမ့်မယ်။

ထိန်းသိမ်းကြပါ

ဘယ်လိုပဲဖြစ်စေ ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေ နောက်ကြောင်း မပြန်ရေးနဲ့၊ ပန်းတိုင်အရောက် ခရီး ဆက်ရေးအတွက် ထောက်ခံ အားပေး ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စိတ်ချရပါလိမ့်မယ်။ လွတ်လွတ်ကျွတ်ကျွတ် လုပ်ကိုင်နိုင်ခွင့် အချိန်ပေးဖို့ လိုပါလိမ့်မယ်။ အခြေအနေဟာ သိမ်မွေ့တယ်။ အကင်းဆတ်တယ်ဆိုတာ နားလည်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုများကို ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ အပြုအမူ အပြောအဆို မေးမြန်းမှု၊ သတင်းနှိုက်ထုတ်မှုတွေကအစ အဘက်ဘက်က ဆင်ခြေစောင့်ထိန်းဖို့လိုပါတယ်။ အဲဒါကို သတိထားကြဖို့ နှိုးဆော် လိုက်ရပါတယ်။

ရပ်တည်မှု မပျက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်အပြောင်းအလဲ လုံးဝမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များကို ဘီဘီစီ ဒေါ်တင်ထားဆွေ ဘာသာပြန်ထုတ်လွှင့်တဲ့ အခန်း ၆ ခန်းမှာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ဘာမှ စိုးရိမ်ဖွယ်ရာ သံသယပွားဖွယ်ရာ မလိုဘူးလို့ ထင်ပါတယ်။

နည်းလမ်းရှာ ကြိုးပမ်း

ဒေါ်အောင်ဆန်းစုကြည်ဟာ ‘အမျိုးသားရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရေး’ အလွန်ခက်ခဲကြီးလေးတဲ့ တာဝန်ကြီးကို နည်းမျိုးစုံ ရှာကြံ ထမ်းဆောင်နေတာကို နားလည် အသိအမှတ်ပြုဖို့လိုပါတယ်။

‘ဒီစေ့စပ်ဆွေးနွေးပွဲ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်ရပုံကို လေ့လာရမိတာက ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရာက လွတ်လာတဲ့နေ့မှာ ထောင်ပေါင်းများစွာသော လူထုကြီး လမ်းပေါ်ထွက် ကြိုဆိုကြတယ်။ ‘နောင်လူထုကြီး လမ်းပေါ်ထွက်စရာ မလိုတော့ပါဘူး’လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကြီးကို ပထမဆုံး နှုတ်ဆက်စကား ဆိုပါတယ်။ ပါတီတွင်းမှာ ဆက်တိုက် ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို (Reform) မလုပ်ဘူး၊ ပြန်လည်ပြင်ဆင် မဖွဲ့စည်းဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာယူမယ့် အဖွဲ့အစည်း မဟုတ်ဘူးလို့ ပါတီရဲ့လမ်းစဉ်ကို ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်းနဲ့ ပါတီအင်အားကြီးဖို့ မလိုဘူး၊ ပါတီဟာ အရေးမကြီဘူး၊ ဒီမိုကရေစီရဖို့ အရေးကြီးတယ်” လို့ ပါတီတည်ဆောက်ရေး ပါတီစည်းရုံးရေး ပြောင်းလဲမှု သဘောထားကို ထုတ်ဖော်ပြေလိုက်ပါတယ်။

ယုံကြည်မှုရအောင်

ဒီပြောကြားချက်ကို လေ့လာရရှိတာက စိမ်းစိမ်းကားကား တင်မာနေတဲ့ အစိုးရသစ်နဲ့ တပ်မတော်ကို “အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာလုပ်မယ့်အဖွဲ့ မဟုတ်ပါဘူး” ပါတီကို အင်အားကြီးအောင် ထူထောင်ပြီး လူထုကြီးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြ၊ အစိုးရသစ်ကို အကျပ်ကိုင်မယ့် ပါတီလည်း မဟုတ်ပါဘူး။

တိုင်းပြည်မှာ အချင်းချင်း စိတ်ဝမ်းကွဲနေတာကို အမျိုးသား ညီညွတ်ရေးအတွက် ရိုးရိုးသားသား စကားပြောချင်တာပါလို့ အလုပ်နဲ့ပြပြီး အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရအောင်လို့ ကမ်းလှမ်းလိုက်တာကို လေ့လာတွေ့ရှိရပါတယ်။

လက်စားချေရေး

ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီသဘောထားမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ ပြန်လည် ဖြေရှင်း တာလည်း ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် တွေဟာ အနစ်နာခံရတယ်လို့ သဘောမထားရဘူး။ ကျွန်မလည်း သဘောမထားဘူး။ အနစ်စနာခံရတယ်လို့ ခံယူခြင်းဟာ လက်စားချေးရေးစိတ် ဖြစ်ပေါ်လာနိုင်တယ်။ မှတ်ပုံမတင်ထားသော NLD ပါတီမှာ ဆက်တာဝန်ယူ ကြမယ်ဆိုရင် အနစ်နာ ခံရတယ်ဆိုတဲ့ ခံယူချက်မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာ ဆွေးနွေးဖက် အစိုးရသစ်နဲ့ တပ်မတော်ကို မှတ်ပုံမတင်ထားသော NLD ပါတီဟာ လက်စားချေဖို့ မဆိုထားနဲ့ လက်စားချေလိုတဲ့ စိတ်ဓာတ်မပေါ်အောင် ပါတီဝင်တွေကို ထိန်းသိမ်းထားတာ ဖော်ပြလိုက်တာဖြစ်ပါတယ်။

ပါတီရေး ထိပ်မတင်

လက်တွေ့မှာလည်း သူမကိုယ်တိုင် ဦးစီးထူထောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း နေ့စဉ်လုပ်ငန်းများနဲ့ ပါတီစည်းရုံးရေး တိုးချဲ့မှု လုပ်ငန်းများကို ရှေ့တန်းတင် လုပ်ဆောင်ခြင်း မရှိတော့ဘဲ တည်ရှိနေတဲ့အတိုင်း ပိုနေမြဲ၊ ကျားနေမြဲ ထားလိုက်တာကို တွေ့ရပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး အကျဉ်း သားများလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူအကျိုး ကူညီစောင့်ရှောက်ရေး အစရှိတဲ့ ဘုံအကျိုးစီးပွား၊ ဘုံလုပ်ငန်းများကိုပဲ အဓိက ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါတွေဟာ ပါတီအရေး ထိပ် တင်မထားကြောင်း အလုပ်နဲ့ ပြလိုက်တာဖြစ်ပါတယ်။

အလုပ်နဲ့ ဖော်ပြ

ဒီလက်တွေ့ အလုပ်နဲ့ပြချက်က မှတ်ပုံမတင်ထားသော NLD ဟာ အာဏာလုမယ့်ပါတီ မဟုတ်ဘူး။ ပါတီ အင်အားကြီးအောင် ထူထောင်ပြီး လူထုကြီးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြ အစိုးရသစ်နဲ့ တပ်မတော်ကို အကျပ်ကိုင်မယ့် ပါတီ မဟုတ်ဘူးဆိုတာကို အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှုအတွက် ပါတီကို မူလရှေ့ဆောင် ပါတီနေရာက တစ်ဆင့်လျှော့ချ အလုပ်နဲ့ ပြလိုက်တာဖြစ်တယ်။ ဆွေးနွေးဖက် အစိုးရသစ်နဲ့ တပ်မတော်ရဲ့ ယုံကြည်မှု ညီညွတ်မှုကို ရယူလိုက်တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

အလုပ်လုပ်ကြပါ

တခြားတစ်ဖက်ကလည်း ပါတီတွင်းမှာ အာဏာလိုချင်လို့ ပါတီထဲ ဝင်လာသူကိုများ အာဏာလိုချင်ရင် မှတ်ပုံမတင်ထားသော NLD ပါတီဝင် မလုပ်နဲ့၊ ဒီမိုကရေစီလိုချင်ရင် ပါတီထဲ ဝင်ကြပါ။ မှတ်ပုံမတင်ထားသော NLD ပါတီထဲမှာ လည်း ငါက ဘယ်လောက် အနစ်နာခံသူဖြစ်တယ်၊ ငါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးဖြစ်တယ်၊ ဥက္ကဋ္ဌရယ်၊ ဗဟိုရယ်၊ တိုင်းဒေသကြီးရယ်၊ မြို့နယ်ရယ်၊ ဘာရယ်ဆိုတဲ့ ရာထူးကြီးတွေနဲ့ ဟန်ရေးပြနေလို့ မဖြစ်ဘူး။ လက်စားချေရေး စိတ်ဓာတ်ဝင်နေလို့ မဖြစ်ဘူး။ ဒီမိုကရေစီရေးအတွက် ပြည်သူ့အကျိုးပြု အလုပ်တွေကို လက်တွေ့ လုပ်ပြကြလို့ ဆော်သြ နေတာ နားလည်ရပါတယ်။

ရှေ့သို့ချီရေး

အမျိုးသားရင်ကြားစေ့ရေး ရောင်ခြည်သမ်းနေပါပြီ။ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အချိန်က ဆုံးဖြတ်ပါ လိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါလို့ ပန်ကြားလိုက်ရခြင်း ဖြစ်ပါတယ်။

*************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs