Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သဘောထားကြီးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး

************************************************************************************

ဆောင်းပါးကဏ္ဍ

သဘောထားကြီးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး

“ဘာပဲပြောပြော သူပုန်က သူပုန်ပဲလေဆရာ၊ သူတို့သာ လူမျိုးစုတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဆိုရင် ဘာလို့ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နှိပ်စက်နေတာလဲ၊ တော်လှန်ရေးသမားမဟုတ်ဘူး သူပုန်ပဲ”

အထက်ပါအတိုင်း ဆိုလာသူက ရှမ်းတိုင်းရင်းသား လူငယ်လေးတစ်ဦးဖြစ်ပါသည်။ တိုင်းရင်းသားလူငယ်တစ်ဦးက ထိုသို့ဆိုလာသဖြင့် ကျွန်တော် များစွာ အံ့သြရသည်။  ကျွန်တော်ကြုံဖူးသော တိုင်းရင်းသားများ အထူးသဖြင့် ရှမ်းတိုင်းရင်းသားများသည် “ ငါတို့ ရှမ်းစစ်တပ် ၊ သူတို့ ဗမာစစ်သား” ဟု ပြောဆိုသုံးနှုန်းကြသည်က များသည်။

အဘယ့်ကြောင့် ထိုသို့မိမိလူမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို သူပုန်ဟု ထင်မြင်ရသနည်းဟု ကျွန်တော်ကပြန်မေးရာ သူက အောက်ပါ အတိုင်း ဖြေကြားပါသည်။

“ဆရာစဉ်းစားကြည့်ပါ၊ သူတို့က တိုင်းရင်းသားတွေအတွက် ဗမာအစိုးရကို တိုက်နေရတယ်၊ ပြောရရင် ရှမ်းလူမျိုး အတွက် အလုပ်လုပ်နေရလို့ သူတို့ကို ရန်ပုံငွေပေးရမယ်လို့ ပြောတယ်၊ အဲ့ဒါနဲ့ ကိုယ့်ရှမ်းအချင်းချင်း  ပြန်ပေးဆွဲတယ် သိန်းတစ်ရာပေးမှ ပြန်လွှတ်မယ်လို့ ပြောလို့ သိန်းတစ်ရာ ပေးခဲ့ရတယ်၊ ဒါက တစ်ခုပဲရှိသေးတယ်၊ ဒါမျိုးတွေ ခဏခဏ ဖြစ်တယ်”

“ကိုယ့်လူမျိုးစုအတွက် ကိုယ့်ပြည်နယ်အတွက် လုပ်တယ်ဆိုရင်လဲ သူတို့လုပ်ပေးတာ တစ်ခုမှ မရှိသေးဘူး၊ ရှမ်းပြည်လဲ ပြန်မရသေးဘူး၊ ပြည်ထောင်စုထဲမှာလည်း ကောင်းကောင်းမနေရဘူး၊ သူတို့ကရော ဘာလုပ်နေလို့လဲ၊ ဗမာစစ်တပ်ကို တိုက်နေတာမှ မဟုတ်တာ၊ ဗမာစစ်တပ်က သူတို့ကို မတိုက်ရင် ပြန်မတိုက်ဘူး၊ ခေါင်းဆောင်တွေဆိုတာကလည်း ဇိမ်နဲ့နှပ်နေတာများတယ်၊ တကယ်ကို ရှမ်းပြည်လွတ်လပ် ရေးရချင်ရင် ရှမ်းပြည်ထဲက မြို့ကြီးတွေ ရအောင်သိမ်းလေ၊ လူထုထောက်ခံမှုတွေ ရအောင်ယူလေ၊ သတ္တိရှိရင် လွတ်လပ်ရေး ကြေညာပစ်လိုက်စမ်းပါ၊ တီမောတို့၊ တောင်ပိုင်း ဆူဒန်တို့ ဒီလိုလုပ်ခဲ့တာပဲ၊ သူတို့မှာ အဲ့လိုအတွေးအခေါ်မျိုး ရှိဖူးလို့လား”

တိုင်းရင်းသားလူငယ်သည် စကားကို အားမာန်အပြည့်နှင့်ပြောဆိုနေပါသည်။ ခံပြင်းသံဖြင့် မေးကြောကြီးများ ထောင်နေအောင် ပြောနေသည်။ သူ၏ စကားထဲက တီမော၊ တောင်ပိုင်းဆူဒန်စသည့် နိုင်ငံများအကြောင်းကို သတိထား မိသဖြင့် ကျွန်တော်ပို၍ အံ့သြရသည်။ ရှမ်းပြည်အရှေ့ပိုင်းက ကြေးရတတ်မိသားစုတွေက ပေါက်ဖွားသည့် လူငယ်တွေက ရန်ကုန်၊မန္တလေးမြို့ကြီးတွေမှာ ပညာသင်ရင်း အောင်မြင်ပေါက်မြောက်သွားကြသည်။  ဝေးလံခေါင်းပါးသော ဒေသဖြစ်သော်လည်း တစ်ဖက်နိုင်ငံနှင့်နီးသဖြင့် ပညာဆက်လက်မသင်ကြားလိုသော လူငယ်တွေမှာ စီးပွားရေးထဲ ရောက်သွားကြ သည်က များသည်။ သမာအာဇီဝရော၊ မသမာ အာဇီဝရော အမျိုးမျိုးဖြစ်သည်။ ငွေရှာရလွယ်သလို ငွေဖြုန်းရတာလဲ လွယ်သဖြင့် လမ်းမှား ရောက်သွား သည့် လူငယ်တွေကလည်း မနည်းပေ။ သို့သော် ထိုလူငယ်လေးက ပြောသော တီမောတို့၊ တောင်ပိုင်းဆူဒန်တို့ဆိုသည့် စကားတွေက သူ့အရပ်နှင့်စာလျှင် အနည်းငယ် မြင့်လွန်းနေသည်ဟု ဆိုနိုင်သည်။ သူတို့ဒေသတွင် ကမ္ဘာကြီး၏ အဖြစ်အပျက်တွေနှင့် ပတ်သက်ပြီး သိသူ၊ လေ့လာလိုက်စားသူ နည်းလွန်းလှသည်။ ထပ်ပြီးမြင်ရသည်မှာ လွတ်လပ်ရေးအတွက် သေနတ်နှင့်တိုက်ယူရသည်ဆိုသည်ထက် တဆင့်တက်၍ တွေးခေါ်နိုင်သော သူ၏အမြင် ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များ၏ တော်လှန်ရေးလမ်းစဉ်မှာ အလုပ်မဖြစ်ဆိုသည့်ကိစ္စကို ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ခြင်းဖြစ်သည်။

                ကျွန်တော်က ရှမ်းပြည်ကို လွတ်လပ်သော ရှမ်းနိုင်ငံအဖြစ် ထူထောင်ရန်(သို့) ပြည်ထောင်စုထဲတွင်သာ ဆက်လက်နေထိုင်ရန် မည်သည့် အမြင်ကို ပို၍ သဘောကျသနည်းဟု သူ၏ အမြင်ကို မေးကြည့်သည်။

“ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဆိုတာကတော့ အကောင်းဆုံးပေါ့ဆရာရယ်၊ ဒါပေမယ့် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဆိုတာကလည်း ရှိသေးတယ်၊ ကျွန်တော်ကတော့ စော်ဘွားစနစ်ကြီး ပျက်သွားအောင်လုပ်ပေးတဲ့ မြန်မာအစိုးရကိုပဲ ကျေးဇူးတင်မိတယ်၊ ရှမ်းပြည်က နိုင်ငံတစ်ခုအဖြစ် ရှိနေတော့ရော တစ်ကနေ ပြန်စရမှာပဲ၊ ကျွန်တော်တို့လူမျိုးထဲမှာ ပြည်နယ်နဲ့ ယှဉ်လိုက်ရင် ပညာတတ်ဦးရေက နည်းပါတယ်။ အဲ့ဒီပညာတတ်တွေ ကိုမေးကြည့်ရင် ပြည်ထောင်စုထဲမှာ နေရတာ ပိုကောင်းတယ်လို့ ဖြေမယ့်သူများမယ်ထင်တယ် ဆရာ၊ ကျွန်တော့်အမြင်ပြောရရင် ရှမ်းပြည်ကသီးခြားနိုင်ငံသာဆို တရုတ်က များများ၊ ယိုးဒယားက နဲနဲစီ ဖဲ့ယူသွားလိမ့်မယ်၊ အခုရှမ်းပြည်မြောက်ပိုင်းဆိုရင် တရုတ်ပြည်နီးပါး ဖြစ်သွားပြီလေ ကျွန်တော်ကတော့ ပြည်ထောင်စုစနစ်ပဲ ကြိုက်တယ်”

ထိုသို့ဆိုလျှင် ၎င်းအနေဖြင့် မြန်မာအစိုးရလိုလားသူလားဟု ကျွန်တော်က သွေးတိုးစမ်းမေးလိုက်ရာ သူက အောက်ပါအတိုင်း ပြန်ဖြေသည်။

“ကျွန်တော်က မြန်မာဆိုတဲ့ ပြည်ထောင်စုနိုင်ငံကို လိုချင်မှတော့ မြန်မာအစိုးရဆိုတာကိုပဲ လိုလားတာပေါ့ဗျာ၊ ပြည်ထောင်စုမြန်မာ နိုင်ငံပါဆိုမှ ဘယ်က အင်္ဂလိပ်အစိုးရ၊ အမေရိကန်အစိုးရ၊ တရုတ်အစိုးရကို သွားပြီးလိုလားလို့ ဖြစ်ပါ့မလဲ၊ ဒါပေမယ့် ကျွန်တော် ဒီလိုထင်နေလို့ လက်ရှိ မြန်မာအစိုးရနဲ့ အရင်က စစ်အစိုးရကိုထောက်ခံနေတယ်လို့ ထင်ရင်တော့မှားလိမ့်မယ်၊ သူတို့မှာလည်း မှားယွင်းတာတွေ၊ စေတနာမကောင်းခဲ့တာတွေ အများကြီး ရှိတယ်ဗျ။ ပြောရရင် မြန်မာအစိုးရလဲ ကောင်းတယ်လို့ မပြောချင်ဘူး”

ကျွန်တော်နည်းနည်း စိတ်ပါလာသည်။ သူဆိုလိုချင်သည်ကိုလည်း သဘောပေါက်သလိုလို ရှိလာသည်။ မြန်မာအစိုးရအပေါ် သူ၏ အမြင်ကို မေးကြည့်မိသည်။

ထိုလူငယ်က “အခုန တိုင်းရင်းသား လက်နက်ကိုင်တွေက ရှမ်းလူမျိုးတစ်ယောက်ကို  သိန်းတစ်ရာနဲ့ ပြန်ပေးဆွဲ သွားတဲ့ကိစ္စဗျာ၊ အဲ့ဒါ ကျွန်တော်တို့က နယ်မြေခံရဲစခန်းကို သွားတိုင်ပါတယ်၊ စစ်ကြောင်းကိုလည်း သွားအကြောင်းကြားတယ်၊ ရဲကလည်း လိုက်မဖမ်းရဲဘူး၊ စစ်ကြောင်း ကလည်း တောနင်းရှာမပေးဘူး၊ အဲ့ဒါနဲ့ပဲ သိန်းတစ်ရာ ပေးလိုက်ရတယ် ဆိုပါတော့၊ အဲ့လို ကိုယ့်ဟာကိုယ်ရွေးယူပြီး ပြန်လဲလွတ်လာရော အိမ်တောင် ပြန်မရောက်သေးဘူး စစ်ကြောင်းကလာပြီး သူပုန်ကို သိန်းတစ်ရာ ထောက်ပံ့တဲ့အမှုနဲ့ဆိုပြီး ပြန်ဖမ်းသွားတာ နောက်ထပ် သိန်းတစ်ရာ ကုန်သွားတာပဲ အဖတ်တင်တယ်၊ အမှန်တော့ သူပုန်ရော စစ်တပ်ရော လုပ်စားနေတာ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေက ကြားထဲက မြေဇာပင် ဖြစ် နေတာ” ဟု ပြန်ပြောပါသည်။

မြန်မာစစ်တပ်တွေက တိုင်းရင်းသားကျေးရွာတွေကို မီးရှို့ခြင်း၊ တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ခြင်း၊ ရွာသူရွာသားတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းဆိုသည့် ကိစ္စတွေ ရှိနေသည်ဟူသည့် သတင်းများနှင့် ပတ်သက်၍ မေးကြည့်ရာ အောက်ပါအတိုင်း ပြန်ဖြေသည်။

“ဒါကတော့ မြန်မာအစိုးရကို သိက္ခာချချင်တယ်ဆိုတော့ မြန်မာစစ်တပ်တွေရဲ့ မကောင်းကြောင်းကို လူသိအောင် လုပ်ရတာပေါ့၊ ဒါအမှန်ပါပဲ မြန်မာစစ်တပ်တွေက အဲ့ဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်၊ ကျွန်တော်တို့လဲ အမြင်ပဲ၊ ဒါပေမယ့် ကျန်သေးတယ်၊ တိုင်းရင်းသား လက်နက်ကိုင် တွေလဲ အဲ့ဒီကိစ္စတွေ ကျူးလွန်နေတာပဲလေ၊ ဗမာပဲနေနေ ရှမ်းပဲနေနေ စစ်သားက စစ်သားပဲ၊ အသက်ကို ဖက်ရွက်လောက် သဘောထားရတာ ရှိတယ်၊ ဒီတော့ မသေခင် ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့အတွေးရှိတယ်၊ အရက်နဲ့ မိန်းမကိစ္စကတော့ စစ်သားမှန် သမျှ ကြိုက်တဲ့ကိစ္စပဲဗျာ။ ဒါက တစ်ချက်”

“စစ်တိုက်တယ်ဆိုလို့ ရုပ်ရှင်တွေထဲကလို ယူနီဖောင်းနဲ့ တိုက်တယ်များ ဆရာထင်နေလား၊ အစိုးရ စစ်တပ်ကို ချုံခိုတိုက်ချင်ရင် ရွာသားယောင် ဆောင်ပြီး ရွာထဲမှာပုန်းပြီး တိုက်ရတယ်၊ ရွာထဲမှာလည်း အရပ်ဝတ်နဲ့ ထောက်လှမ်းရေး သတင်းပေးချထားရတယ်၊ ဒီတော့ မြန်မာစစ်တပ်က သူတို့ ချုံခိုတိုက်ခံရပြီဆိုရင် ရွာလူထုကို ရမ်းတော့ပဲ၊ မြန်မာစစ်တပ်ကို ကြောက်ပြီး သူပုန်ကို သတင်းမပေးမိလို့ သူပုန်တွေ အထိနာရင် ရွာလူထုကို မဲတော့တာပဲ၊ ဒါကတစ်ချက် နှစ်ချက်ပေါ့ဗျာ၊ ကျွန်တော်ပြောသလိုပဲ ဗမာပဲနေနေ ရှမ်းပဲနေနေ လက်ထဲမှာ သေနတ်လေးလဲရှိ၊ ဒေါသလေးလဲ ထွက်တတ်ရင် အားလုံးက ကြမ်းတမ်းကုန်တာပါပဲ”

အစွဲကင်းကင်းဖြင့် သူသုံးသပ်ပြပုံကို ကျွန်တော်လေးစားမိပါသည်။ သူဆိုလိုချင်သည်မှာ စစ်ပွဲတွေဖြစ်နေသမျှ လက်နက်ကိုင်တွေ၏ ဒေါသကြောင့် ကြားထဲက ပြည်သူလူထုသာ အထိနာနေရသည်ဟူ၍ ဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေကြသည့်အပေါ် မည်သို့မြင်ပါသလဲဟု မေးကြည့်ရာ အောက်ပါအတိုင်းဖြေပါသည်။

“ငြိမ်းချမ်းရေးဆိုတာ လူတိုင်းလိုချင်တာပါ။ ဒါပေမယ့် အစိုးရပြောတဲ့ ငြိမ်းချမ်းရေးမဟုတ်သလို သူပုန်တွေပြောတဲ့ ငြိမ်းချမ်းရေးလဲ မဟုတ်ဘူး၊ လူတွေလိုချင်တာက အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်လို့ရမယ့်၊ ပညာသင်ကြားလို့ရမယ့် အပြီးသတ်ငြိမ်းချမ်းရေးကို လိုချင်တာ၊ သေနတ်သံ၊ ဗုံးသံတွေဆိုတာ ဂီတသံမှ မဟုတ်တာဗျာ၊ ဒါတွေ မလိုချင်ဘူး၊ အေးချမ်းတဲ့ဘဝပဲလိုချင်တာ၊ မြန်မာအစိုးရကိုလည်း စေတနာမှန်ပါ၊ သူပုန်တွေလဲ ကိုယ့်အခြေအနေကိုယ်နားလည်ပါလို့ တောင်းပန်ချင်တယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုကို လိုလားတယ်ဆိုတဲ့ သူပုန်တွေ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်အောင် ရွေးကောက်ပွဲဝင်ကြပါလား၊ ဘယ်ဝင်မလဲ သေနတ်မရှိရင် အာဏာမရှိဘူးလို့ ထင်နေတာကိုး၊ ပြည်ခိုင်ဖြိုးထဲဝင်ရလို့လဲ ဘာမှ မဖြစ်ဘူး၊ လောလောဆယ် ပြည်ခိုင်ဖြိုးက ရှမ်းတိုင်းရင်းသားပဲ ဒုသမ္မတ ဖြစ်သွားပြီ၊ အဓိက ဗမာပါတီ တိုင်းရင်းသားပါတီထက် ကိုယ့်တိုင်းရင်းသား အရေးကိုလုပ်ခွင့်ရဖို့ အဓိကပဲ၊ မြန်မာအစိုးရကိုလဲ သဘောထားကြီးစေချင်တယ်၊ တိုင်းရင်းသား ပြည်နယ်ထဲမှာ ဗမာပါတီလာထောင်တာ ပြဿနာမဟုတ်ဘူး၊ ဗမာအမတ်တွေ ရှိနေတာလည်း ပြဿနာမဟုတ်ဘူး၊ အဓိက တိုင်းရင်းသားပြည်နယ်တွေကို စေတနာထားဖို့ပဲ၊ ၂၀၀၈ဖွဲ့စည်းပုံထဲက အခွင့်အရေးတွေကိုပဲ အရင်ပေး နိုင်အောင် ကြိုးစားဖို့ ပြောချင်တယ်၊ တရုတ်စာသင်ရင် မဖမ်းဘူး၊ ရှမ်းစာသင်ရင်ဖမ်းမယ် ဆိုတာမျိုးတွေက မကောင်းဘူး၊ အဓိက ရှမ်းပြည် တိုးတက် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးမယ်ဆိုရင် ဗမာအစိုးရကို တိုင်းရင်းသားတွေ အားကိုးလာမှာပဲ၊ သူပုန်ဆိုတာ အလိုလိုဘေးရောက်သွားလိမ့်မယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးကိုသာ အဓိက လုပ်ပေးစေချင်တယ်၊ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ သူပုန်ချိုးဖောက်တာက ဥပဒေနားမလည်လို့ စစ်သားတွေရဲတွေ ချိုးဖောက်တာက ဥပဒေနားလည်ရဲ့သားနဲ့ ချိုးဖောက်တာဆိုတော့ ပိုပြီးအပြစ်ကြီးတဲ့အတွက် ဒီကိစ္စတွေမှာ အစိုးရဘက်က လေးစားလိုက်နာဖို့  ဒါတွေက အစိုးရ သဘောထားကြီးရမယ့်ကိစ္စပါ”

လူငယ်လေးသည် ရှည်လျားစွာ ပြောလိုက်ရ၍ မောသွားသည်။ ထိုင်ရာမှ ထ၍ ရေတစ်ခွက်ထသောက်သည်။ ကျွန်တော်အားနာသဖြင့် ဆက် မမေးမိတော့ပါ။ ရေသောက်ပြီးပြန်လာသောအခါ သူက စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်နေသည်။ ကျွန်တော်က သူ့ကို ကြည့်ရင်း အတွေးပွား မိသည်။

ဤကဲ့သို့ အတွေးအခေါ်ရှိသော လူငယ်တွေသာ များများရှိလာလျှင် ဟူ၍သာဖြစ်သည်။ ထိုသို့သော အတွေးအခေါ်ရှိသည့် လူငယ်တွေ များများ ထွက်လာရန်မှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ပြည်နယ်တွေ ဖွံ့ဖြိုးမှု နှေးကွေးနေရခြင်းမှာ အကြောင်းတရားတွေ များစွာရှိပြီး အစိုးရလည်း တတ်နိုင်သမျှ လုပ်ပေးနေပါသည်။ ဘဏ္ဍာရေး အခြေအနေအရ ပြည်မမှာပင် မဖွံ့ဖြိုးသေးသည့် တိုင်းဒေသကြီးတွေရှိသည်။ ထို့ကြောင့် အစိုးရကချည်း တာဝန်ရှိသည်ဟူ၍ မဆိုသာပါ။  တိုင်းရင်းသားပြည်နယ်တွေကလည်း ကိုယ့်အားကိုယ်ကိုးကြရမည်ဖြစ်သည်။ ထိုသို့ ကိုယ့်အားကိုယ် ကိုးနိုင်အောင်လည်း အခွင့်အရေးတွေရှိရမည် ဖြစ်သည်။ ယခုအထိ တိုင်းဒေသကြီးအစိုးရတွေ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေထဲက အခွင့်အရေးအတိုင်း မလုပ်ကိုင်နိုင်ကြသေးပါ။ ထိုအခွင့်အရေးရှိလာလျှင် ပြည်နယ်ဖွံ့ဖြိုးရေး ဆိုသည်မှာ အတိုင်းအတာတစ်ရပ်အထိ ဖြစ်လာပါလိမ့်မည်။ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးနိုင်မည့်အရာမှာ လူသားတွေ၏ အတွေးအခေါ်မြင့်မားလာဖို့နှင့် တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ရှာဖွေ စားသောက်နိုင်ခွင့် ရှိရေးတို့ဖြစ်ပြီး ထိုအရာတွေကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကသာ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ရာ ငြိမ်းချမ်းရေး အတွက် ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား၍ လုပ်ဆောင်ခြင်းကသာ အဖြေမှန်ဖြစ်ပါလိမ့်မည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၅.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံ ကူညီမည်
  2. IMF ပဋိညာဉ်အပိုဒ်(၈) လိုက်နာရန် မြန်မာလက်မှတ်ရေးထိုး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
  2. တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျက်ပြယ်
  3. နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံ ကူညီမည်

မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နည်းပညာနှင့် ရန်ပုံငွေများကို နော်ဝေနိုင်ငံအစိုးရမှ ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဝန်ကြီး H.E Mr. Erik Solheim နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကူညီပံ့ပိုးပေးမည့် အစီအစဉ်များအတွက် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း တစ်နေ့တစ်ခြား ပျက်စီးလာလျက်ရှိသည့် သစ်တော်ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျှော့ကျခြင်းမှ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်း (REDD Plus) လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ  ၂၇ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာ့သစ်တောသတင်းပတ် အခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့် စက်ရုံသုံးစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု အစရှိသော သဘာဝ ပတ်ဝန်းကျင် ရေးရာများကို ပျက်စီးစေရန် ပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ ယခင် သစ်တောဝန်ကြီးဌာနအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအဖြစ်  ပြောင်းလဲခဲ့ပြီး ဥပဒေမူကြမ်းကို အောက်တိုဘာလ ၆ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ သဘောတူညီခဲ့ကြောင်း သိရသည်။

                                                                                                                            Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

IMF ပဋိညာဉ်ပါ အပိုဒ်(၈)အား လိုက်နာရန် မြန်မာလက်မှတ်ရေးထိုး

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ ထုတ်ပြန်ခဲ့သည့် IMF ပဋိညာဉ် အပိုဒ်(၈)အား လိုက်နာရန် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး ခဲ့ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

၎င်း သတင်းထုတ်ပြန်ကြေညာချက်၌ IMF ၏ ပဋိညာဉ်စာချုပ်အပိုဒ်(၈)ပါ ပြဋ္ဌာန်းချက်များမှ ဝတ္တရားများကို လက်ခံဆောင်ရွက်သော အဖွဲ့ဝင် နိုင်ငံများသည် (IMF) ၏ သဘောတူခွင့်ပြုချက်မရဘဲ နိုင်ငံတကာ ငွေပေး၊ ငွေယူ ကိစ္စရပ်များအတွက် သာမန်ငွေပေးချေမှုများနှင့် ငွေလွှဲပေးပို့မှုတို့အပေါ် နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်တားမြစ်ချက်များ သတ်မှတ်ပြဋ္ဌာန်းခြင်းမှ ရှောင်ကြဉ်ရန် (သို့မပာုတ်) တစ်ပြေးပြီမပာုတ်သော ငွေကြေးဖလှယ်မှု အစီအစဉ် များကို ကျင့်သုံးဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရန်(သို့မပာုတ်) နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးအသုံးပြုနေသော ငွေကြေးဖလှယ်မှု အစီအစဉ်များကို ကျင့်သုံးဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရန် တာဝန်ယူဆောင်ရွက်ကြရပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား စီမံဆောင်ရွက်လျက်ရှိသော ဥပဒေမူဘောင်နှင့် ဈေးကွက်၌ အမှန်တကယ် ကျင့်သုံး ဆောင်ရွက်မှုများ၊ အထူးသဖြင့် တည်ဆဲ နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်တားမြစ်မှုများနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးအသုံးပြုနေသော ငွေကြေး ဖလှယ်မှုများနှင့် ပတ်သက်သည့် ဇစ်မြစ်ကို လေ့လာသုံးသပ်နိုင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် IMF ကိုယ်စားလှယ်အဖွဲ့မှ မြန်မာအစိုးရ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာအာဏာပိုင်များမှ (IMF) ၏ ပဋိညာဉ်စာချုပ် အပိုဒ်(၈)ပါ ဝတ္တရားများကို လိုက်နာရန် လက်ခံပြီး ဖြစ်သည့် အတွက် မြန်မာနိုင်ငံရောက် IMF ကိုယ်စားလှယ်အဖွဲ့မှ မူဝါဒများချမှတ်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဌာနချုပ်သို့ အစီရင်ခံပြီး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရန် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။                

                                                                                                    Ref: Favourite News

 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အော်ဂဲနစ် နည်းပညာများကို တောင်သူကြီးများကိုသာ ပေးသည့်အပြင် မူလတန်း ကျောင်းသူကျောင်းသားတွေအထိ အသိပညာ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ဆွေးနွေး ကြသည့် Green Economy and Green Growth အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲသို့ အောက်တိုဘာ ၄ရက်နေ့တွင် Myanmar Banks Association ၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူများ ဆွေးနွေးခဲ့ကြသည်။

သဘာဝပတ်န်းကျင်ကို မပျက်ဆီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးအတွက် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲရမည့် မူဝါဒများ၊ အထောက်အပံ့များနှင့် နိုင်ငံတကာက အကူအညီများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် ဆွေးနွေးသည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် နိုင်ငံတကာ အထောက်အပံ့များ ရရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံနှင့် နော်ဝေနိုင်ငံ အပြင် အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာ ပူ၊ မလေးရှားနိုင်ငံ စုစုပေါင်း  နိုင်ငံပေါင်း ၉ နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များက စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာ ၂ရက်နေ့တွင် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာ၌  တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျက်ပြယ်

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) အတွက် ရွေးကောက် တင်မြှောက်ခံထားရသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နွဲ့အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နွဲ့အား ၎င်းမြို့နယ်မှ ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်မှ ရွေးကောက်ပွဲ မသမာမှု အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းခဲ့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နွဲ့အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း ကြေညာချက်အမှတ်(၅၉/၂၀၁၁)ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်သွားသော ဒေါ်ခင်နွဲ့၏ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးမျိုးမြင့်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်(သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၅(က) အရ ဆုံးဖြတ်ကြေညာခဲ့သည်။

ထိုသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပျက်ပြယ်ကြောင်း ကြေညာလိုက်သည့် နေ့မှ စတင်၍ ဒေါ်ခင်နွဲ့သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှာ ဦးမျိုးမြင့်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ပါရှိသည်။ ဒေါ်ခင်နွဲ့သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဖြစ်သည်။

                                                                                                                              YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစား လိုက်နာရေး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ၁၀၊ ပုဒ်မခွဲ(င) ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ (စ)ကို ပုဒ်မခွဲ(င)အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ(ဆ)ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ(စ) အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ(ဇ) ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ(ဆ)အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ(ဈ) ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ(ဇ)အဖြစ် လည်းကောင်း အစားထိုး ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂(က)(၁) တွင်လည်း “လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် ယင်းလွှတ်တော်သက်တမ်းအတွင်း ကျင်းပပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ၊ မဲဆန္ဒနယ် သုံးနယ်ထက်မနည်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများ၌ အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ ယင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုခြင်းသည် ဤပြဋ္ဌာန်းချက်နှင့် အကျုံးဝင်စေရမည်” ရှင်းလင်း ချက်အား ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခဲ့ကြောင်း မှတ်တမ်းများအရ သိရ သည်။

                                                                                                                                          YC

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- အခုလိုအပြောင်းအလဲကာလမှာ မြန်မာလူ့အဖွဲ့အစည်းတစ်ခုလုံးကိုဆရာ့အနေနဲ့ ဘယ်လို အကြံပြုချင်ပါသလဲ။

ဖြေ- အပြောင်းအလဲကိုတော့ ကြိုဆိုရမယ်။ ကိုယ်တိုင်လည်း Change management ကို ရေးနေသူဖြစ်သလို ပြောနေသူ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲက နိုင်ငံရေး အခွင့်အရေးတစ်ရပ် ရနိုင်တယ်။ ဒါကို Positive အနေနဲ့ မြင်ဖို့လိုတယ်။ ဆရာ့အနေနဲ့ ပြောရရင် လူတစ်ယောက်ချင်းရဲ့ အတွေးအခေါ်ကိုလည်း စပြောင်းစေချင်တယ်။ အရင်လုပ်နေသလို အခုလည်း ဆက်လုပ်မယ်ဆဲ့ အတွေးအခေါ်ကိုလည်း ပြောင်းလဲသင့်တယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ တည်ဆောက်ဖို့လည်း လိုတယ်။ ယှဉ်ပြိုင်လာရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်း ပြောင်းလို့မရဘူး။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အားလုံး ဟန်ချက်ညီညီ ပြောင်းနိုင်ဖို့ လိုတယ်။ တိုးတက်အောင် လုပ်မယ်ဆိုရင် အရည်အချင်းမရှိသူလူ ၁၀၀၀ မလိုဘူး။ အရည်အချင်းရှိသူ တစ်ယောက်ကတော့ အရမ်းကိုအရေးကြီးတယ်။

နိုဝင်ဘာ ၃ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၃၃) တွင်ပါသည့် “ဒေါက်တာအောင်ထွန်းသက်နှင့် အင်တာဗျူး” မှ ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွှတ်တော်၏ အကျိုးသက်ရောက်မှုကတော့ ဘာမှမရှိသေးဘူးထင်တယ်။ လွှတ်တော်က ဥပဒေပြုတဲ့ အစိတ်အပိုင်းပဲ ရှိတယ်။ ဥပဒေပြုနေတုန်းဆိုတော့ ဒီဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကအောက်ခြေကိုမရောက်ပေမဲ့ လူထုတွေရဲ့ စိတ်ဓာတ်ကတော့ အရင်ထက်စာရင် ပိုပြီးတက်တက်ကြွကြွ ရှိလာတာပေါ့။ မတရားတဲ့ ကိစ္စတွေဆိုတာ ဘာလဲနားလည်လာတယ်။ ကော်မတီတွေကို တိုင်ကြားဖို့ နားလည်လာတယ်။ ကော်မတီတွေကို တိုင်ကြားဖို့ နားလည် လာတယ်။ မဟုတ်မခံဆိုတဲ့ စိတ်ဓာတ်တွေ မြင့်လာတယ်။ သူတို့မှာ မျှော်လင့်ချက်တွေ ရှိလာတယ်။ အဲဒီအတွက် စိတ်အားထက်သန်တာတွေ တွေ့ရတယ်။ လွှတ်တော်ထဲက ဥပဒေတွေ အောက်ခြေမှာ အကျိုးသက်ရောက်မှု မရှိသေးပေမယ့် အဲဒီဥပဒေတွေ အတည်ပြုလိုက်ရင်တော့ အောက်ခြေက ပြည်သူတွေဆီမှာ အနည်းနဲ့အများတော့ ပြောင်းလဲလာမှာပေါ့။ လူတွေက နည်းနည်း စိတ်ဓာတ်ရဲရဲဝံ့ဝံ့ ဖြစ်လာတယ်။ နိုင်ငံရေးကိုကြောက်စရာလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ပိုင်းပြောင်းလဲလာမှုပဲ တွေ့ရသေးတယ်။ တခြားပြောင်းလဲမှုတွေ မတွေ့ရသေးဘူး။ ဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူထုတွေမှာ စီးပွားရေးအရ တိုးတက်လာတာတွေ မတွေ့ရသေးဘူး။ အဲဒီလိုဖြစ်ဖို့ လူထုမှာသတ္တိတွေ ခွန်အား တွေ ဖြစ်လာတာတော့တွေ့ရတယ်”

နိုဝင်ဘာ ၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၇) တွင်ပါသည့် “အပြောင်းအလဲကို အောက်ခြေ သာမန်ပြည်သူတွေ ဘယ်လောက် ခံစားရပြီလဲ” သတင်းမှ ဦးဖေသန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီမိုကရေစီစနစ်က အမိန့်ပေးတဲ့စနစ် မဟုတ်ပါဘူး။ ဆွေးနွေးတိုင်ပင်ပြီး အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တဲ့ စနစ်ဖြစ်ပါတယ်။ ဆောင်ရွက်ချက်များ မူဝါဒဖြစ်လာပါတယ်။ မူဝါဒတွေကို တိတိကျကျဆောင်ရွက်နိုင်ဖို့ ဥပဒေတွေကို ပြဋ္ဌာန်းရပါတယ။ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီရဲ့  မီဒီယာပိုင်းနဲ့ ပတ်သက်တဲ့ သဘောထားက အများကြီးမလွတ်လပ်တာတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။ အရင်တုန်းက တစ်မျိုးပေါ့။ အခု ဒီမိုကရေစီ အစိုးရ ဖြစ်လာပြီး နောက်ပိုင်းမှာ ဒီမိုကရေစီကျင့်စဉ်နဲ့ လျောညီတဲ့ မီဒီယာဥပဒေ ပြဋ္ဌာန်းဖို့လိုမှာ ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ပဲ ထိန်းကျောင်းရမှာပါ။ လူရဲ့ သဘောထားနဲ့ အခုပြင်လိုက်၊ အခု ဖျက်လိုက်ဆိုတာမျိုးက ဒီမိုကရေစီရဲ့ မူဝါဒတွေ မဟုတ်ပါဘူး။ မူအတိုင်း သွားရမှာပါ။ မူတွေကဥပဒေကလာတာပါ။  ဥပဒေရေးဆွဲရင် ရေပက်မဝင်တဲ့ ဥပဒေမျိုး မဖြစ်ဖို့လိုပါတယ်”

နိုဝင်ဘာ ၄ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၃၁) တွင်ပါသည့် “သတင်းမီဒီယာများကို ကာကွယ်ပေးမည့် ဥပဒေ၊ စီရင်ထုံးများ အပြင် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်နှင့် သတင်းစာထုတ်ဝေခွင့် များပါဝင်လာဖွယ်ရှိသည့် မီဒီယာ ဥပဒေကြမ်းသစ်ကို လာမည့် တတိယ အကြိမ်လွှတ်တော်တွင် တင်သွင်းမည် ဟုသိရ” သတင်းမှ ပြည်သူ့လွှတ်တော်၏ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs