Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. မှန်ကန်မှုရှိသည့် အပြောင်းအလဲများ

************************************************************************************

ဆောင်းပါးကဏ္ဍ

မှန်ကန်မှုရှိသည့် အပြောင်းအလဲများ

မြန်မာနိုင်ငံသည် ယခုအခါတွင် ဒီမိုကရေစီစနစ်သစ်ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မြန်မြန်ထက်ထက် လုပ်ဆောင်လျက် ရှိနေကြောင်း တွေ့ရသည်။ နှစ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲမှု မလုပ်ခဲ့သည့်အတွက် နိုင်ငံ၏ ကဏ္ဍနယ်ပယ်စုံတွင် အပြောင်းအလဲများ လိုအပ်နေသည်ဖြစ်ရာ ဘယ်အရာကို အဓိကထား ကိုင်တွယ်ရမည်ကိုတောင် အလေးအနက် သုံးသပ်စဉ်းစားနေရသည့် အနေအထားမျိုးဖြစ်ပါသည်။

ဤနေရာတွင် မေးသင့်မေးထိုက်သည့် မေးခွန်းတစ်ခုမှာကား နိုင်ငံတည်ဆောက်ရေး ပြုပြင်ပြောင်းလဲ မှုများတွင် ဒီမိုကရေစီစနစ်သစ်က မည်မျှအထိ ထောက်ကူသနည်းနှင့် ယင်းစနစ်ကို မည်မျှအထိ အသက်ဝင် အောင် လုပ်ဆောင်သနည်းဟူ၍ ဖြစ်ပါသည်။

ယင်းမေးခွန်းများကို သုံးသပ်ဝေဖန်ခြင်းမပြုမီ ဦးစွာ ဆင်ခြင်သင့်သည်မှာ ပြုပြင်ပြောင်းလဲရေးဟူသော စကားလုံးဖြစ်သည်။ စာရေးသူ လူမှုရေးသိပ္ပံ သင်တန်းတစ်ခု တက်ရောက်စဉ် ဟောင်ကောင်တက္ကသိုလ် လူမှုရေးသိပ္ပံဌာန လက်ထောက်ပါမောက္ခတစ်ဦးက ပြုပြင်ပြောင်းလဲ ရေးဟူသော စကားလုံးကို သတိထားဆင်ခြင်၍ အသုံးပြုရန်လိုအပ်ကြောင်းဆိုလေသည်။ ယင်း၏ အဆိုအရ နိုင်ငံကို ပြုပြင်၍ ပြောင်းလဲရဖို့လိုအပ်ခြင်းမှာ လက်ရှိအုပ်ချုပ်သူများ၏ မူဝါရေးရာများမှားယွင်းနေကြောင်း စွပ်စွဲပြောဆိုနေသကဲ့သို ဖြစ်နေမည်ဟု ဆိုသည်။ ထို့အပြင် ပြုပြင်ပြောင်းလဲလိုသူများကပင် အပြောင်းအလဲကို ဆောင်ရွက်ရာ၌ မှန်ကန်မှုရှိရန် လိုအပ်ကြောင်းနှင့် ယင်းသို့ မှန်ကန်မှုရှိမှသာ ရလဒ်ကောင်းများထွက်ပေါ် လာနိုင်မည်ဟု သုံးသပ်ပြောကြားသည်။ သူ၏ ပြောကြားချက်များကို လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့် မူဝါဒအရွေ့များနှင့် ယှဉ်၍ လေ့လာကြည့်ဖို့ ကောင်းပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲများသည် နောက်ကြောင်းမပြန်နိုင်သော အပြောင်းအလဲများ ဖြစ်သည်ဟု စာရေးသူ ယုံကြည်ပါသည်။ အာဏာပိုင်စနစ်ဖြင့် နှစ်ပေါင်းများစွာ တံခါးပိတ်စနစ်ကျင့်သုံးလာခဲ့ သည့်အတွက် အပိတ်လူ့အဖွဲ့အစည်းဖြစ်နေခဲ့သည်မှာ ကြာမြင့်လေပြီ။ နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် အမတရာဆင်း၏ ပြောဆိုချက်ကို ကိုးကားရလျှင် “ရေအိုင်ထဲက ဖားသူငယ်” လိုဖြစ်နေခဲ့ရသည်။ အာဏာပိုင် စနစ်တို့မည်သည်မှာ လူ့သဘာဝနှင့် သဟဇာတမဖြစ်သည့်အလျှောက် ယင်းစနစ်အား ဆန့်ကျင်တော်လှန်မှု များရှိနေမည်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်ကြည့်လျှင် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးသော မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအား ၁၉၈၈ ဒီမိုကရေစီ ကျောင်းသား လှုပ်ရှားမှုဖြင့် လည်းကောင်း၊ စစ်အာဏာ ရှင်စနစ်အား ၂၀၀၈ ခုနှစ် ရွှေဝါရောင်သဃာံ အရေးအခင်းဖြင့်လည်းကောင်း တော်လှန်ခဲ့ကြသည်။

အာဏာရှင်စနစ်ကို ကျင့်သုံးသော ခေါင်းဆောင်းများနှင့် အစိုးရများသည် ယင်းတို့အား ဆန့်ကျင်သည့် နိုင်ငံရေးအင်အားမပေါ်ပေါက်အောင် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုဆက်ဆံရေးအပါအဝင် ဖိနိုပ်ရေးယန္တရားတို့ကို ထက်ထက် မြက်မြက် ထိန်းချုပ်အသုံးပြုလေ့ရှိပါသည်။ ယင်းတို့အားဆန့်ကျင်သည့် အင်အားစု များသထက် များလာလျှင်သော်လည်းကောင်း၊ ခေါင်းဆောင်ပိုင်းအပြောင်းအလဲကြောင့် အသစ်တက်ရောက်လာသည့် ခေါင်းဆောင်၏ အမြော်အမြင်ကြောင့် သော်လည်းကောင်း နိုင်ငံကို ပြင်ပြကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားရာ မှ ဆက်သွယ်ခွင့်ပေးလိုက်လေသည်။ ဤသည်မှာလည်း အကန့်အသတ်နှင့်ဖြစ်ပါသည်။ ထိုကြောင့် အာဏာပိုင် စနစ်မှ ဒီမိုကရေစီစနစ်အကူးအပြောင်းတွင် ပွင့်လင်မြင်သာမှုနှင့် ထိရောက်မှုရှိမရှိ ဒီဂရီအနည်းအများမှာ ယင်းတို့ရင်ဆိုင်နေရသော ပြည်တွင်းအတိုက်အခံအင်အားစုနှင့် နိုင်ငံတကာဖိအားအပေါ် အဓိကမူတည်၍ နေ သည်။

ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲများကိုကြည့်ပါက တချို့အပြောင်းအလဲများမှာ မှန်ကန်မှုရှိသည့်တိုင် အချို့သော အပြောင်းအလဲများမှာ (အထူးသဖြင့် စီးပွားရေးနှင့်ပတ်သက်၍) အခြေခံ ကျကျ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူများကို လွှတ်ပေးခြင်း၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်ခြင်းတို့မှာ နိုင်ငံ၏ ဒီမိုကရေစီ လက်တွေ့အလုပ်ဖြစ်ရေးအတွက် မှန်ကန်မှုရှိသော ဆုံးဖြတ်ချက်များဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုဖြင့် ကြားဖြတ်ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံတကာတွင် မြန်မာအစိုးရနှင့် လွှတ်တော်၏ တရားဝင်မှုမှာ ပိုမိုလာမည်ဖြစ်သည်။ ထို့အပြင် ၂၀၁၄ တွင် အာဆီယံမှ မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ တာဝန်ပေးအပ်ဖို့ လည်း များသွားမည်ဖြစ်သည်။

သို့သော် စီးပွားရေး မူဝါဒဆိုင်ရာ အပြောင်းအလဲများတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ပွင့်လင်းမြင်သာမှုရှိသော ပုဂ္ဂလိကပိုင်ပြုရေးအစီအစဉ်မှလွဲ၍ ကျန်အပြောင်းအလဲများမှာ ပွင့်လင်း မြင်သာမှုမရှိကြောင်းတွေ့မြင်ရသည်။ အထူးသဖြင့် နိုင်ငံခြားငွေလဲနှုန်း ကိစ္စရပ်မျိုးတွင် အခြေခံကျကျ အပြောင်းအလဲများကိုပင် မလုပ်နိုင်ကြောင်းတွေ့ရသည်။ ဤသို့ဆိုလျှင် ၂၀၁၅ တွင် ကြုံတွေ့လာနိုင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို မည်သို့ ရင်ဆိုမည်နည်း။ ယင်းကို ရင်ဆိုင်နိုင်ဖို့ စီးပွားရေး အပြောင်းအလဲများကို အချိန်ကိုက်လုပ်ဆောင်နိုင်ရမည်ကို မူဝါဒများချမှတ်သူများအနေဖြင့် အလေးထားသုံးသပ်ဆွေးနွေးဖို့ လိုပါသည်။

နောက်ဆုံးအနေဖြင့် နိုင်ငံတည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှုများတွင် ဒီမိုကရေစီစနစ်သစ်က မည်မျှ ထိ ထောက်ကူပေးသနည်းဟူ၍ဖြစ်သည်။ အထူးသဖြင့် လွှတ်တော်များ အသက်ဝင်ရေးကိစ္စ။ လွှတ်တော်၏ လုပ်ဆောင်ချက်များမှာ အကောင်းဆုံးဖြစ်နေမည်ဟူ၍တော့ မျှော်လင့်ထားရ၍ မသင့်ပါ။ သို့သော် လွှတ်တော်အမတ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုအဆင့် လုပ်ပိုင်ခွင့်အာဏနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် လုပ်ပိုင်ခွင့်အာဏာတို့ကို သဘောပေါက်နားလည်သင့်ပါသည်။ ထိုကြောင့် မုဆိုးစိုင်သင် ဆိုသလို လုပ်ရင်းဖြင့်သင်(Learning by Doing) ရမည်သာဖြစ်သည်။ အရေးကြီးသည်မှာ လွှတ်တော်ကြီးအလုပ်လုပ် နေဖို့ပင်ဖြစ်သည်။ လွှတ်တော်ကြီးပုံမှန်အလုပ်လုပ်နေလျှင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အရွှေ့များနှင့် ပတ်သက်သည့် ဝေဖန်ထောက်ပြမှုများကို အစိုးရအဖွဲ့ဝင်များရော၊ ပြည်သူရော ကြားနိုင်မည်ဖြစ်ပါကြောင်း…………..။

 ***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၇.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြန်မာပြည်သူများ ထံသို့ အစုရှယ်ယာ ၃ ဘီလီယံ ရောင်းချမည်
  2. ပြည်တွင်း ကုမ္ပဏီလေးခုနှင့် မလေးရှား ကုမ္ပဏီ စီးပွားရေးပူးပေါင်းမည်
  3. နေရပ်ပြန် အလုပ်သမားများ ဘတ်ငွေ ၂၅၀၀ ပေးနေရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာအများစုရှိရာ နိုင်ငံများနှင့် မြန်မာလုပ်သားအရေးဆွေးနွေးမည်
  2. သမ္မတ ဦးသိန်းစိန်နှင့် ဘန်ကီမွန်းတွေ့ဆုံမည်
  3. ဒဏ်ငွေ တိုးမြှင့်ထားသည့် စည်ပင်ဥပဒေ လွှတ်တော်သို့တင်ပြ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

မြန်မာပြည်သူများ ထံသို့ အစုရှယ်ယာ ၃ ဘီလီယံ ရောင်းချမည်

မြန်မာနိုင်ငံရှိ ပြည်သူများထံသို့ မြန်မာနိုင်ငံသားများဘဏ်မှ အစုရှယ်ယာ ၃ ဘီလီယံအား ယခုနှစ်အတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများဘဏ်၌ အစုရှယ်ယာ ၅ ဘီလီယံရှိသည့်အနက် အစုရှယ်ယာ ၃ ဘီလီယံအား ပြည်သူများထံသို့ ချရောင်းပေးရန် သက်ဆိုင်ရာမှ ခွင့်ပြုချက်တောင်းခံလျက်ရှိပြီး ခွင့်ပြုချက်ရရှိပါက ယခုနှစ်အတွင်းမှာပင် ထုတ်ရောင်းသွားမှာ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်း(သို့) လုပ်ငန်းရှင်တစ်ဦးမှ အစုရှယ်ယာဝယ်ပါက မြန်မာနိုင်ငံသားဘဏ်ရှိ ဒါရိုက်တာများမှ ဆုံးဖြတ်ချက်အတိုင်း ရောင်းပေးသွားမည်ဖြစ်ပြီး လူတစ်ဦးလျှင် အနည်းဆုံးတစ်စု တစ်သိန်းမှ အများဆုံး တစ်စု သိန်းငါးဆယ်ထိ အစုရှယ်ယာ ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများ ဘဏ်သတ်တမ်းတစ်လျောက်တွင်လည်း အမြတ်ငွေ ၂၅ ရာခိုင်နှုန်းကို အစုရှယ်ယာဝယ်ယူထားသည့်သူများထံသို့ ၁၁ ကြိမ်ခွဲဝေပေးခဲ့ပြီး ယခုအခါတွင်လည်း မြတ်သည့်အပေါ်မူတည်၍ တစ်နှစ်လျှင် အစုရှယ်ယာရှင်များအား တစ်နှစ်တစ်ကြိမ် ခွဲဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများဘဏ်မှ အမြတ်ငွေရရှိသည့်အပေါ်မူတည်၍ ၂၀ ရာခိုင်နှုန်းအား အကောက်ခွန်အဖြစ်လည်းကောင်း၊ ၂၅ ရာခိုင်နှုန်းအား ဘဏ်အာမခံငွေအဖြစ် လည်းကောင်းထားရှိမည်ဖြစ်ပြီး ကျန်အမြတ်ငွေများကို အစုရှယ်ယာဝယ်ယူထားသူများထံသို့ ခွဲဝေပေးချေလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများဘဏ်အား ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြင်းခြံနှင့် မူဆယ်တို့တွင် ဘဏ်ခွဲ ၇ ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရသည်။

Ref: Messenger

××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်း ကုမ္ပဏီလေးခုနှင့် မလေးရှား ကုမ္ပဏီ စီးပွားရေးပူးပေါင်းမည်

မြန်မာနိုင်ငံရှိ ပြည်တွင်း ကုမ္ပဏီလေးခုနှင့် မလေးရှားနိုင်ငံမှ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကုမ္ပဏီမှ စီးပွားရေးဆိုင်ရာ ပူးပေါင်း လုပ်ကိုင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းအချို့တွင် ရင်းနှီးမြှုပ်နှံရန် မလေးရှားကုမ္ပဏီများမှ ရင်းနှီးငွေများကို ချေးငွေသဘောမျိုး စိုက်ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်း လုပ်ငန်းများမှ ရရှိသည့် အတိုးငွေများကိုသာ မလေးရှားကုမ္ပဏီများမှ ပြန်လည်ရယူသွားမှာဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီများ စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရန် ချိတ်ဆက်ထားသည့် ကဏ္ဍများမှာ ဆီအုန်းစိုက်ပျိုးရေး၊ ရော်ဘာစိုက်ပျိုးရေးထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံအကြား အခြားကုန်စည်ပူးပေါင်းထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံရှိ ကုမ္ပဏီများနှင့် စီးပွားရေးပူးပေါင်းလုပ်ကိုင်မှုများဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားသော ပြည်တွင်း ကုမ္ပဏီများတွင် ထူးကုမ္ပဏီများအုပ်စုအပြင် အခြားကုမ္ပဏီ သုံးခုလည်း ပါဝင်ကြောင်း သိရသည်။

Y.C

××××××××××××××××××××××××××××××××××××××××××××××

နေရပ်ပြန် အလုပ်သမားများ ဘတ်ငွေ ၂၅၀၀ ပေးနေရ

ထိုင်းနိုင်ငံ ရေကြီးမှုများကြောင့် မိခင်မြန်မာနိုင်ငံသို့ ပြန်လာလိုသော အလုပ်သမားများကို ပွဲစားများက ထိုင်းဘတ်ငွေ ၂၅၀၀ ပေးမှသာ နေရပ်သို့ ပြန်ခွင့်ပေးကြောင်း ထိုင်းနိုင်ငံရောက်အလုပ်သမားတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ထိုင်းဘတ်ငွေ ၂၅၀၀ မပေးနိုင်သည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာမူ နေရပ်သို့ ပြန်ခွင့်မရရှိဘဲ ထိုင်းရေကြီးမှုကို အခွင့်ကောင်းယူ၍ ပွဲစားများမှ မြန်မာအလုပ်သမားများအပေါ်အမြတ်ထုတ်လျက်ရှိကြောင်း သိရသည်။

ထိုင်း ရေကြီးမှုကြောင့် အယုဒ္ဓယခရိုင်၊ ဘန်ကောက်မြို့အနီးရှိ စက်မှုဇုန်လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများမှာ မဲဆောက်မှတစ်ဆင့် မိခင်နိုင်ငံသို့တစ်ဖွဲဖွဲ ပြန်လာလျက်ရှိကြောင်း သိရသည်။

ထိုင်းရေကြီးမှုကို အကြောင်းပြကာ မြန်မာအလုပ်သမားများထံမှ တရားမဝင်ငွေကြေးတောင်းခံနေသည့်သူများ၊ အဖွဲ့အစည်းများကို အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားပါက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် မကြာမသေးမီအချိန်ကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများနှင့် မတရားဖိနှိပ်ခံစားရမှုများကို ကာကွယ်ပေးနိုင်ရန်အတွက် အောက်တိုဘာလတွင် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံသို့ သွားရောက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref:Messenger

××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာအများစုရှိရာ နိုင်ငံများနှင့် မြန်မာလုပ်သားအရေးဆွေးနွေးမည်

မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်းလုပ်သားရေးရာ ကိစ္စများဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများမှ မြန်မာအလုပ်သမားအများစုရှိသည့် နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီအချိန်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာအများစုရှိရာ ထိုင်းနိုင်ငံသို့ သွားရောက်၍ မြန်မာလုပ်သားအရေး ညှိနှိုင်း ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး မြန်မာလုပ်သားအများစုရှိသည့် အခြားနိုင်ငံများနှင့်လည်း ထိုသို့ ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာလုပ်သားအများစုရှိသည့် မလေးရှားနိုင်ငံ၌လည်း မြန်မာလုပ်သားအရေးကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံသို့ တရားဝင်အလုပ်သမားစေလွှတ်နိုင်ရေးအတွက် အစိုးရချင်း ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားအများစုရှိသည့် ကိုရီးယားနိုင်ငံတွင်လည်း အစိုးရချင်း ညှိနှိုင်း၍ အလုပ်ရေးရာကိစ္စများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မြန်မာလုပ်သားတို့၏ တရားဝင် ရပိုင်ခွင့်များ၊ လုပ်ပိုင်ခွင့်များရရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်းဆိုလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သား တစ်သောင်းခန့်အား မလေးရှားအစိုးရမှ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းလုပ်သားများ မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

Ref: Weekly Eleven

 ××××××××××××××××××××××××××××××××××××××××××××××

သမ္မတ ဦးသိန်းစိန်နှင့် ဘန်ကီမွန်းတွေ့ဆုံမည်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် လက်ရှိ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တို့ တွေ့ဆုံနိုင်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီယား ကပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဘာလီကျွန်း၌ ကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး အပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ်ရှိသော်လည်း မည်သည့်အချိန်တွင် လာရောက်မည်ဆိုသည်ကို အတိအကျမသိရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၈ ရက်နေ၌ အလည်အပတ်ရောက်ရှိခဲ့သည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E.Dr.R.M Marty M.Natalegawa ကလည်း “မကြာမီ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ဘာလီညီလာခံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံရန် ရှိ၊ မရှိ ဆိုသည်ကို သေချာမသိပါကြောင်း၊ ဘာလီဧရိယာသည် အထူးနေရာဒေသဖြစ်သည့်အတွက် လူတိုင်းလွတ်လပ်စွာ တွေ့ဆုံခွင့် ရှိပါကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်များမှာ ၂၀၀၈ ခုနှစ် မေလ ၂၂ ရက်နေ့၌ တစ်ကြိမ်၊  ၂၀၀၉ ဇူလိုင်လ ၃ ရက်နေ့၌ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်လာရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့ထိ အာဆီယံနှင့် အခြားဆက်စပ် ထိပ်သီး အစည်းအဝေးများ၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: မြန်မာပို့စ်၊ Flower News၊ True News

××××××××××××××××××××××××××××××××××××××××××××××

ဒဏ်ငွေ တိုးမြှင့်ထားသည့် စည်ပင်ဥပဒေ လွှတ်တော်သို့တင်ပြ

ဒဏ်ကြေးငွေ အဆတစ်ရာ တိုးမြှင့် ပြင်ဆင်ထားသည့် စည်ပင်သာယာဥပဒေကြမ်းအား ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေမှ ဒဏ်ငွေနှုန်းထားများမှာ ယနေ့ခေတ်ကာလနှင့် မဆီလျော်ဘဲ လျော့နည်းနေခြင်းကြောင့် ပြည်သူများက လေးစားလိုက်နာမှုမရှိသည့်အတွက် ဒဏ်ငွေများ တိုးမြှင့်ကောက်ခံရန် ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်မှ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေး ပထမနေ့တွင် အဆိုတင်သွင်းခဲ့သည်။

၎င်း အဆိုအား လွှတ်တော်မှ ဆွေးနွေးရန် သဘောတူညီခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၊ ဥပဒေအမှတ်(၁၁/၉၀) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ကြေညာခဲ့သည်။  

စည်ပင်သာယာရေး ဥပဒေကြမ်း၌ ယခင်အစိုးရလက်ထက်တွင် ကျင့်သုံးခဲ့သည့် အခန်း(၈)ခန်း၊ ပုဒ်မ ၃၃ ခုကို ပြဋ္ဌာန်းထားပြီး ၎င်းဥပဒေများအနက်မှ ပုဒ်မ ၂၈၊ ၂၉၊ ၃၀ နှင့် ၃၁ စသည့် ပုဒ်မ ၄ ခုကို ပြန်လည်ပြင်ဆင်၍ ဒဏ်ကြေးများ တိုးမြှင့်ကာ အစိုးရသစ် လက်ထက်တွင် လွှတ်တော်သို့ တင်ပြ၍ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင် စည်ပင်သာယာဥပဒေကြမ်းတွင် ဒဏ်ကြေးငွေများမှာ နည်းပါးသည့်အတွက် စည်ပင်သာယာဥပဒေကို ဖောက်ဖျက်ကျုးလွန်ခဲ့သည့် အမှုပေါင်း ၁၅၉၄ မှုရှိပြီး ဥပဒေလိုက်နာမှုမရှိသည့်အတွက် ၅၃ ကြိမ်တိုင် တရားစွဲဆိုထားသည့် အမှု ၃၅ မှု၊ ၃၇ ကြိမ်တိုင် တရားစွဲဆိုထားသည့်အမှု ၃၅ မှု၊ ၃၆ ကြိမ်တိုင် တရားစွဲဆိုခံရသည့်အမှု ၂၃၀ မှု၊ ၃၅ ကြိမ်တိုင် တရားစွဲဆိုခံရသည့်အမှု ၂၃၁ မှု၊ ၂၄ ကြိမ်တိုင် တရားစွဲဆိုခံရမှု ၂၂၉ မှုနှင့် စဉ်ဆက်မပြတ် တရားစွဲဆိုခံထားရသော အမှုများလည်းရှိကြောင်း သိရသည်။

Ref:Flower News၊ True News

××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- ပြုလုပ်တော့မယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ်ကို ဘယ်လိုသဘောထားရှိလဲခင်ဗျ။

ဖြေ- ကြားဖြတ်ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ (မှတ်ပုံမတင်ရသေးသော) NLD ပါ လားမပါလားဘဲ စိတ်ဝင်စားတယ်။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ထိုင်ရင် သဘောကျတယ်။ လက်ရှိအဖွဲ့ကို သဘောမကျလို့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ပြင်ပမှာတောင် လူထုအပေါ် သြဇာသက်ရောက် မှုကြီးတယ်။ နိုင်ငံတကာနဲ့ လူထုကြားထဲ ရိုက်ခတ်နိုင်တယ်။ ဒါက ကျွန်တော့်အမြင်ပါ။ NLD မှတ်ပုံတင်မတင် ပြောရင် ၉၀ ရွေးကောက်ပွဲကို ပြောလာနိုင်တယ်။ ဒီတစ်ခါတော့ ပြည်သူတွေအကျိုးရှိစေမယ့် လက်တွေ့ဆန်မှုကို ဖော်ဆောင်လိမ့်မယ်လို့ ယုံကြည်တယ်။ လက်ရှိ အစိုးရက အပြောင်းအလဲလိုချင်တယ်။ ဒေါ်အောင်ဆန်းစု ကြည်ကလဲ ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်နေတယ်။ ဒီဖြစ်စဉ်တွေဟာ လျင်မြန်စွာ တိုးတက်ဖြစ်ပေါ် လာနိုင်တယ်။ ဒါကို ကျွန်တော်စိတ်ဝင်စားတယ်။

နိုဝင်ဘာ ၈ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “ဗေဒါအင်စတီကျု့မှ ဒါရိုက်တာ ဦးမျိုးရန်နောင်သိန်း နှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××

“သမ္မတ ဦးသိန်းစိန်ဆီက ဒီမိုကရေစီ လမ်းဖွင့်တဲ့စကားတွေ ကြားရတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ပြော တာတွေလည်းကြားရ၊ ဖတ်ရတယ်။ အလုပ်နဲ့တော့ ကောင်းကောင်းမတွေ့ရသေးဘူး။ အနာဂတ်အလားအလာ ကတော့ ပြောတဲ့အတိုင်းလုပ်ဖြစ်၊ လုပ်နိုင်လာမယ်ဆိုရင် အကောင်းဘက် ရောက်နိုင်တယ်လို့ မြင်လာတယ်။ ဖြစ်စေချင်တဲ့ဆန္ဒကတော့ အကျဉ်းသားများအားလုံးကို လွှတ်ပေးစေချင်ပါတယ်။ တိုင်းရင်းသးများနဲ့ ညှိနှိုင်း ဆွေးနွေးစေချင်ပါတယ်။ အတိုက်အခံနိုင်ငံရေးအဖွဲ့များ၊ တိုင်းရင်းသားများအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ကြတာ မြင်လိုပါတယ်”

အောက်တိုဘာ ၆ ထုတ် Popular News အတွဲ (၃) အမှတ် (၃၉) တွင်ပါသည့် “ပစ္စက္ခနိုင်ငံရေးအခြေနေနှင့် နာဂတ် အလားအလာ” သတင်းမှ စာရေးဆရာ မောင်မိုးသူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××

“အစိုးရအနေနဲ့ ဒီနှစ်မှာ လယ်တစ်ဧကကို ကျပ်လေးသောင်းနှုန်းနဲ့ ထုတ်ချေးပေးပေမယ့် လယ်သမားတွေအနေ နဲ့ကတော့ အရမ်းမပျော်နိုင်ူး။ ချေးငွေ မရတာထက်စာရင်ရတဲ့အတွက် နည်းနည်းတော့အဆင်ပြေတယ်။ ဒါပေမဲ့ ချေးငွေကြောင့် လယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ စပါးက ဓာတ်မြေသြဇာဖိုးတွေ များတာရယ်၊ လယ်လုပ်သားရှားတဲ့အတွက် ဈေးကြီးပေးရတာတွေကြောင့် သွင်းအားစု စရိတ်တွေမြင့်ပြီး အခက်အခဲနဲ့ ကြုံရတာပေါ့။ ဒီကြားထဲ စပါးဈေး ကျတာတို့၊ ရာသီဥတုဖျက်လို့ ပျက်စီးတာတို့ဆိုရင် ကြိုးစားစိုက်ပျိုးသမျှ အားလုံးဆုံးရှုံးတာပဲ။ ဒီနှစ်မှာဆိုရင် သွင်အားစုစရိတ်တွေက အရမ်းမြင့်လာတဲ့အတွက် လယ်သမားတွေမှာ အစိုးရချေးငွေကို မနည်းဆပ်နိုင်အောင် ကြိုးစားနေတဲ့ အချိန် ရေးကြီးတော့ လယ်တွေပျက်ကုန်လို့ ချေးငွေကို ဘယ်လိုရှာကြံ ဆပ်ရမလဲဆိုတာ စဉ်းစားနေရတယ်”

အောက်တိုဘာ ၆ ထုတ် Popular News အတွဲ (၃) အမှတ် (၃၉) တွင်ပါသည့် “စိုက်စရိတ်ချေး ငွေရသော်လည်း တောင်သူတို့ အခက်တွေ့နေဆဲ” သတင်းမှ မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်မှ တောင်သူ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs