Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီကျင့်သုံးမှု ဆန်းစစ်ဖို့ ပေတံတစ်ချောင်း

************************************************************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီကျင့်သုံးမှု ဆန်းစစ်ဖို့ ပေတံတစ်ချောင်း

မောင်ဝံသ

(နိုဝင်ဘာ ၁၀ ထုတ် Popular News အတွဲ (၃) အမှတ် (၄၄) မှ ထုတ်ယူဖော်ပြပါသည်။)

ဒီမိုကရေစီစနစ်မှာ နိုင်ငံတော်အာဏာဆိုတာ တစ်ခုကိုတစ်ခု အပြန်အလှန်ထိန်းကျောင်းမှုရှိသော် တစ်ခုအပေါ် တစ်ခု လွှမ်းမိုးမှု လုံးဝမရှိတဲ့ ဥပဒေပြုမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတဲ့ ဒေါက်တိုင်ကြီး ၃ ခုအပေါ် မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အနီးကပ်စောင့်ကြည့်မှုအောင်မှာ တည်ရှိတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာ အခုအချိန်မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို စိတ်ပါဝင်စားသူတိုင်း သိနေကြပြီးသားဖြစ်တဲ့ အခြေခံ သဘောတရား တစ်ခု ဖြစ်တယ်ဗျ။

ဘယ်လောက်ကျင့်သုံးနေသလဲ

ဒီမိုကရေစီဆိုတာ ပန်းတိုင်ဖြစ်တဲ့တစ်ချိန်တည်းမှာ ကျင့်စဉ်လည်း ဖြစ်တာကြောင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်ခု ခရီးဘယ်လောက် ပေါက်နေသလဲဆိုတဲ့ အချက်ကို အဲဒီနိုင်ငံက နိုင်ငံရေးမှာ ပတ်သက်ဆက်နွှယ်သူတွေ ဒီမိုကရေစီကျင့်စဉ်ကို ဘယ်လောက် ကျင့်သုံးနေသလဲဆိုတဲ့အ ချက်နဲ့ပဲ တိုင်းတာရမှာ ဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် အထက်မှာ ဖော်ပြခဲ့တဲ့ အာဏာမဏ္ဍိုင်ကြီး ၃ ခုဟာ တို့ အမှန်တကယ် တည်ရှိရမယ့် တစ်ခုနဲ့တစ်ခု ‘စစ်ဆေးထိန်းညှိ’ Check and Balance နိုင်တဲ့ အနေအထားမှာ ရှိရဲ့လား။ ဆိုလိုတာက မဏ္ဍိုင်တစ်ခုက တစ်ခုအပေါ် မလျော်သြဇာသုံးပြီး လွှမ်းမိုးနေသလား။ အဲဒီအနေအထားမှာမရှိဘူးဆိုရင် အဲဒါကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေက ဝေဖန် ထောက်ပြကြရဲ့လား ဝေဖန် ထောက်ပြခွင့်ရော ရကြရဲ့လားစတဲ့ အချက်တွေနဲ့ ဒီမိုကရေစီ ခရီး ဘယ်လောက်ပေါက်သလဲဆိုတာကို တိုင်းတာကြရမှာပဲ ဖြစ်တယ်ဗျ။

တရားဥပဒေစိုးမိုးရေး

အထူးသဖြင့်တော့ တရားဥပဒေစိုးမိုးမှုရှိခြင်း၊ မရှိခြင်းဟာ ဒီမိုကရေစီပန်းတိုင်သို့ ဦးတည်လျှောက်လှမ်းနေတယ်ဆိုတာ တကယ်ဟုတ်၊ မဟုတ်၊ ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးနေခြင်း တကယ်ရှိ၊ မရှိကို စစ်ဆေးတိုင်းတာတဲ့ အကောင်းဆုံး မှတ်ကျောက်ဖြစ်တယ်ဗျ။ ရွှေစစ်ရင် မှတ်ကျောက် အတိုက်အခံနိုင်တယ်ဆိုတဲ့ စကားလိုပဲ တရားဥပဒေ စိုးမိုးမှုရှိ၊ မရှိ ဆိုတဲ့မှတ်ကျောက်နဲ့ တိုင်းကြည့်လိုက်ရင် ဒီမိုကရေစီ စစ်၊ မစစ်ဆိုတဲ့ အချက်ဟာ ဘွားဘွားကြီး ပေါ်ထွက်လာမှာပဲ ဖြစ်တယ်ဗျာ။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဆိုတဲ့ စကားက ဒီမိုကရေစီရဲ့ အသည်းနှလုံးဖြစ်တယ်ဗျ။

စွက်ဖက်နှောက်ယှက်မှုကင်းရဲ့လား

ဒီမှာ တရားဥပဒေစိုးမိုးမှု ရှိ၊ မရှိဆိုတာကို ဘယ်လိုတိုင်းတာမလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာတယ်ဗျ။ ဒါကတော့  တရားရုံး ကြားနာ စစ်ဆေးမှု တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား။ တရားသူကြီးတွေဟာ သူတို့ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြရဲ့လား။ တစ်နည်းပြောရရင် တရားရေး မဏ္ဍိုင်ဟာ စတုတ္ထမဏ္ဍိုင်အပါအဝင် အခြားမဏ္ဍိုင်တွေ အထူးသဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဝင်ရောက် စွက်ဖက် နှောင့်ယှက်လွှမ်းမိုးမှု ကင်းလွတ်ရဲ့လား ဆိုတာတွေနဲ့ စစ်ဆေးတိုင်းတာလိုက်ရင် လယ်ပြင်မှာ ဆင်းသွားသလို အဖြေက ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပဲ ဖြစ်တယ်ဗျာ။ ကြုံတုန်းစကာစပ်မိ လို့ မကြာသေးခင် ရက်သတ္တပတ အနည်းငယ် အတွင်း ဖတ်ရှုဖြစ်ခဲ့တဲ့ တရားစီရင်ရေးစနစ်နဲ့ ပတ်သက်တဲ့ နိုင်ငံ တကာသတင်းတချို့အကြောင်း လက်တို့ပြီး ပြောပြချင် တယ်ဗျာ။

ဘရာဇီးက တရားသူကြီး

သတင်းတစ်ခုက ဘရာဇီးက လာတာဖြစ်တယ်ဗျ။ သတင်းမှာ တရားသူကြီးတစ်ဦးက နိုင်ငံမှာ ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာမယ့် ရေကာတာကြီး တည်ဆောက်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ အမိန့်ထုတ် ပြန်လိုက်တယ်လို့ ပါတယ်ဗျ။ အဲဒီစီမံကိန်းဟာ အစိုးရရဲ့ စီမံကိန်း ဖြစ်တာကြောင့် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်နေတဲ့ အဲဒီစီရင်ချက် အတွက် အထက်ရုံးကို အယူခံတင်မယ်လို့ အစိုးရက ပြောပေမယ့် အဲဒီ တရားသူကြီးကို ဖိအားပေးတာမျိုး၊ တရားသူကြီး ဘယ်လိုဆုံးဖြတ်ဆုံးဖြတ်စီမံကိန်းကို ဆက်လုပ်မယ်လို့ ပြောတာမျိုးတွေ မရှိခဲ့ဘူးဗျ။

တရုတ်ပြည်က တရားသူကြီး

နောက်သတင်းတစ်ခုက တရုတ်နိုင်ငံကလာတာဖြစ်တယ်ဗျာ။ နယ်မြို့လေးတစ်မြို့မှာ မြို့ခံတွေက ဓာတုစက်ရုံ တစ်ရုံကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ပေါ်ပေါက်လာနေတယ်ဆိုပြီး အဲဒီစက်ရုံကို ပိတ်ပေးဖို့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။ အဲဒီကိစ္စ တရားရုံးရောက်သွားတဲ့အခါ တရားသူကြီးက အာဏာပိုင်တွေနဲ့ ဆက်နွယ်မှု ရှိနေတဲ့ စက်ရုံပိုင်ရှင်ဘက်မလိုက်ဘဲ ဒေသခံတွေရဲ့ တောင်းဆိုချင်အတိုင်း စက်ရုံပိတ်ဖို့ စီရင်ချက် ချမှတ်ခဲ့တယ်ဗျာ။

သိမ်းပိုက်လယ်တွေ ပြန်ပေးစေ

နောက်သတင်းတစ်ခုက အိန္ဒိယကဗျ။ အူတာပရာဒက်ရှ်ပြည်နယ် အလာဟာဘတ်မြို့ တရားရုံးက လယ်သမားတွေဆီက သိမ်းထားတဲ့ လယ် မြေတွေ ပြန်ပေးဖို့ ပြည်နယ်အစိုးရကို အမိန့်ပေးလိုက်တယ်ဆိုတဲ့ သတင်းဖြစ်တယ်ဗျ။

အဲဒီဖြစ်ရပ် ၃ ခုစလုံးမှာ တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ဆီက ရောက်ရှိကောင်း ရောက်ရှိလာနိုင်တဲ့ ဖိအားကို မမူဘဲ ရဲရဲရင့်ရင့် လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် ဒီဖြစ်ရပ် ၃ခုဟာ ဒီမိုကရေစီ တရားစီရင်ရေးစနစ် သို့မဟုတ် တရားဥပဒေစိုးမိုးမှုရှိခြင်းရဲ့ ကောင်းမွန်တဲ့ ဥပမာတွေ ဖြစ်တယ်ဗျ။

မျက်စိဒေါက်ထောက်ကြည့်နေမှာ

အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လွှတ်တော်က ဥပဒေတွေ တစ်ခုပြီးတစ်ခု အတည်ပြု ထုတ်ပြန်နေတာ တွေ့ရ တယ်ဗျာ။ ကျွန်တော်တို့ စတုတ္ထ မဏ္ဍိုင်သားတွေကတော့ အဲဒီ ဥပဒေတွေဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ ဟုတ်၊ မဟုတ် မျက်စိဒေါက်ထောက် ကြည့်နေ၊ ဆန်းစစ်နေမှာပဲဗျ။ ဥပဒေတွေ သက်ဝင် လှုပ်ရှားလာတာနဲ့အမျှ အဲဒီဥပဒေတွေကို တရားရုံးက ဆုံးဖြတ်စီရင် အကောင်အထည်ဖော် ကြရတော့မှာ ဖြစ်တယ်ဗျ။ အဲဒီ အချိန်မှာ တရားသူကြီးတွေဟာ သူတို့လက်ထဲရောက်လာတဲ့ အမှုကိစ္စတွေကို ဘယ်လောက်လွတ်လွတ်လပ်လပ် အမှီအခို ကင်းကင်း ဆုံးဖြတ်စီရင်နိုင်ကြမလဲဆိုတာကို ပြည်တွင်းကရော ပြည်ပကပါ အထူးအာရုံစိုက် စောင့်ကြည့်နေကြမှာ ဖြစ်ကြောင်းပါဗျာ။

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၉.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. စာပေစိစစ်ရေးမှ နေပြည်တော်တိုင်းမ် အမည်ဖြင့် ဂျာနယ်ထုတ်ဝေမည်
  1. ဘုရားရွှေပျောက်၍ ဆိုင်ခန်းခဈေးတက်ဟုဆို
  2. မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာ စင်္ကာပူ ကူညီမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ခေါင်းဆောင်မလာ၍ ရခိုင် ဆန္ဒပြပွဲပျက်
  2. NLD မှတ်ပုံတင်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူမည်
  3. လွှတ်တော်များဆိုင်ရာ အစည်းအဝေးကျင်းပမှု မှတ်တမ်း ထုတ်ဝေ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

စာပေစိစစ်ရေးမှ နေပြည်တော်တိုင်းမ် အမည်ဖြင့် ဂျာနယ်ထုတ်ဝေမည်

ရန်ကုန်အခြေစိုက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှ နေပြည်တော်တိုင်းမ် အမည်ဖြင့် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ထုတ်ဝေ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဗိုလ်မှူးအဆင့် တာဝန်ရှိသူတစ်ဦးက အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး တာဝန်ခံ အယ်ဒီတာမှစ၍ အခြားအဆင့်များမှာ ပြည်တွင်းမီဒီယာလောကတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။

 “လခကတော့ မများပါဘူး။ အယ်ဒီတာတစ်ဦးဆို တစ်သိန်းလောက်ပေးထားတယ်”ဟု စာပေစိစစ်ရေးမှ အယ်ဒီတာရာထူးဖြင့် အလုပ် လုပ်ကိုင်ရန် ကမ်းလှမ်းခံရသူတစ်ဦးက ပြောကြားသည်။

နေပြည်တော်တိုင်းမ် ဂျာနယ်သည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ထွက်ပေါ်လာသည့် ဂျာနယ်သစ်များတွင် လစာ အနည်းဆုံးပေးသည့် ဂျာနယ်တစ်ခုဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်

 “သူတို့က အခြား ၀န်ကြီးဌာနပိုင် ဂျာနယ်တွေလို ပေါ်လစီတွေ မရေးရပါဘူးဆိုလို့ ကျွန်တော် ပြောင်းဖို့ စဉ်းစားနေတယ်။ ဂျာနယ်က ၂၀ ရက် ကျော်လောက်ထွက်မှာ”ဟု ဆိုသည်။

စာပေစိစစ်ရေးမှ ထုတ်ဝေသည့် ဂျာနယ်ဖြစ်သဖြင့် မည်သို့သော အကြောင်းအရာကို ဦးစားပေးမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တစ်စောင်၏ တာဝန်ခံအယ်ဒီတာတစ်ဦးက သုံးသပ်သည်။ အစိုးရသစ်မှ နိုင်ငံ့တာဝန်ယူပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကမှ ဦးစီးထုတ်ဝေသည့် Express Time ဂျာနယ်၊ ဧရာဝတီ ဂျာနယ်တို့ ထွက်ရှိလာပြီး Myanmar Wall Street ဂျာနယ်မှာမူ ထွက်လာရန် ပြင်ဆင်လျှက်ရှိပြီး ပို့ဆောင်ရေး ၀န်ကြီးဌာနကလည်း Transport ဂျာနယ် အမည်ဖြင့် ဂျာနယ် တစ်စောင် ထုတ်ဝေလျက်ရှိသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဘုရားရွှေပျောက်၍ ဆိုင်ခန်းခဈေးတက်ဟုဆို

ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီတော်တွင် ကပ်လှူထားသော ရွှေပြားများ ပျောက်ဆုံးသွားခြင်းကြောင့် ဆူးလေ စေတီတော်တွင် ဖွင့်လှစ် ထားရှိသည့် ဆိုင်ခန်းခများ ဈေးတက်သွားရကြောင်း ဆူးလေဘုရားဂေါပက အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဆူးလေစေတီတော်တွင် ဘက်စုံမွမ်းမံ ပြင်ဆင်မှုများ လုပ်နေချိန်တွင် မူလီစုပ်ထားသည့် ရွှေစင်ရွှေပြား ၂၂ ကျပ်သား ပျောက်ဆုံးသွားပြီး ယခု အချိန်ထိ ပြန်လည် မရရှိသေးကြောင်း ယင်းသတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။ ဆူးလေစေတီတော် ပတ်လည်ရှိ ဆိုင်ခန်း ၂၅ ခန်းကျော်အား ယခုနှစ်ကုန်မှစကာ မှုလဆိုင်ခန်းဈေးထက် ကျပ် သုံးသောင်း တိုးမြှင့်မည် ဖြစ်ကာ ရရှိသော ငွေကြေးဖြင့် ရွှေစင်ရွှေပြားများ ဝယ်ယူကာ အစားထိုးမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တွက်ကြည့်လိုက်တော့ ကျွန်တော်တို ဆိုင်ခန်းတွေကို တိုးကောက်တဲ့ ပိုက်ဆံက နှစ်နှစ်ဆိုရင်ပဲ ပျောက်သွားတဲ့ ရွှေနေရာကို အစားထိုးလို့ရပြီ။ နောက်နှစ်တွေကျရင်တော့ ရတဲ့ဆိုင်ခန်းခက အမြတ်ပဲ။ ကျွန်တော်တို့က ဒီဆိုင်ခန်းတွေကို ဦးကိုလေး လက်ထက်ကတည်းက တစ်ပေပတ်လည် ဘယ်လောက်ဆိုပြီး ၀ယ်ထားရတဲ့လူတွေ”ဟု ဆူးလေစေတီတော် ဆိုင်ခန်းတွင် ဓာတ်ပုံဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆူးလေစေတီတော် ဂေါပက အဖွဲ့သို့ ရန်ကုန်ခရော်နီကယ်က ဆက်သွယ်မေးမြန်းရာ “ရွှေပျောက်တဲ့ ကိစ္စက CCTV တွေ တပ်ထားရင်းနဲ့ ပျောက်သွားတာပါ။ အခုတော့ အဲဒီရွှေတွေကို လှူတဲ့အလှူရှင်လည်း ရှိပါပြီ”ဟု ပြန်လည် ဖြေကြားသည်။

အဆိုပါ ရွှေပြားများသည် ပြီးခဲ့သည့် ဇန်နဝါရီလက ပျောက်ဆုံးသွားခြင်းဖြစ်ကာ သံသယရှိသူများအား ဂေါပကအဖွဲ့၏ တိုင်တန်းချက်ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းက စစ်ဆေးသော်လည်း တရားခံအား ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိကြောင်း သိရသည်။

“သူတို့ဂေါပက အဖွဲ့ထဲက တစ်ယောက်က ပျောက်သွားတဲ့ ရွှေတွေကို စိုက်ပြီး ပြန်ထည့်ပေးထားတာ၊ ဒီလို မလုပ်ဘူးဆိုရင် သူတို့ဒုက္ခ တွေ့မှာလေ”ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ဆူးလေစေတီတော်အား မြတ်ကြီးအားဒသမအကြိမ်မြောက် ထီးတော်၊ ကိုယ်လုံးတော်နှင့် အရံစေတီတော်များအား ရွှေစင်ရွှေပြား၊ မျက်ပါး ရွှေသင်္ကန်းတော်များ ကပ်လှူခြင်းနှင့် ဘက်စုံမွမ်းမံ ပြန်လည်တည်ဆောက်မှု လုပ်ငန်းများကို ၂ဝ၁ဝခုနှစ်နိုဝင်ဘာ ၁၄ရက် နေ့မှ စတင် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ရက်နေ့တွင်ပြီးဆုံးခဲ့ကာ၊ ကျပ်သိန်းပေါင်း တစ်သောင်း ကုန်ကျခဲ့ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာ စင်္ကာပူ ကူညီမည်

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူအခြေစိုက်ဘဏ်များမှ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာများကို ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအား စင်္ကာပူနိုင်ငံအခြေစိုက် United Overseas Bank (Singapore)UOB ဘဏ်နှင့် Oversea-Chinese Banking Corporation(Singapore)OCBC ဘဏ်တို့မှ ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများဆိုင်ရာ နည်းပညာများကို သင်တန်း ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘဏ်လုပ်ငန်းနည်းပညာများ ကူညီပေးမည့် စင်္ကာအခြေစိုက်ဘဏ်နှစ်ဘဏ်မှ နိုင်ငံတကာ ပညာရှင်များမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ဒုတိယပတ်လောက်တွင် ရောက်ရှိမည်ဖြစ်ပြီး ၎င်း ပညာရှင်များမှ ပို့ချမည့် သင်တန်း၌ နိုင်ငံတကာအသိအမှတ်ပြု ဘဏ်လုပ်ငန်းဆိုင်ရာ လက်မှတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း UOB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် မြန်မာနိုင်ငံသို့ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာများကို ပောာင်ကောင်ဘဏ်များကသာ သင်တန်းပို့ချလေ့ရှိပြီး ယခုအခါ စင်္ကာပူ ဘဏ်များမှပါ သင်တန်းပို့ချပေးတော့မည် ဖြစ်သည့်အတွက် နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင်မှုများတွင် ပိုမိုလျင်မြန်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းသန်းမှ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ ထိုသို့ ပြောကြားထား ခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် မူဝါဒဥပဒေများ မရှိသေးသည့်အတွက် ပြည်တွင်း ပုဂ္ဂလိကဘဏ်များသို့ နိုင်ငံတကာ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားခြင်း မရှိသေးကြောင်း ဘဏ်အကြောင်းနားလည်သူ တစ်ဦးက ပြောကြားခဲ့ သည်။

ယခုကဲ့သို့ နိုင်ငံတကာဘဏ်များမှ ပညာရှင်များမှ မြန်မာနိုင်ငံသို့ လာရောက် နည်းပညာပေးမည် ဆိုသည့်ကိစ္စမှာ အလွန်ကောင်းမွန်ပြီး နောက်ပိုင်း ပြည်တွင်းရှိ ဘဏ်များတွင် နိုင်ငံခြားဘဏ်လုပ်ငန်းများ စတင်လုပ်ဆောင်သည့်အချိန်တွင် ပိုမိုအဆင်ပြေသွားနိုင်မည်ဖြစ်ကြောင်း မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ပုဂ္ဂလိကဘဏ် ၁၉ ခုရှိပြီး ဘဏ်ခွဲပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

                                                                                                                            Ref:ရန်ကုန်တိုင်းမ်

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ခေါင်းဆောင်မလာ၍ ရခိုင် ဆန္ဒပြပွဲပျက်

လန်ဒန်မြို့ အခြေစိုက် ဘီဘီစီအင်္ဂလိပ်ပိုင်းအစီအစဉ်တွင် ရခိုင်လူမျိုးများအား စော်ကားသည့် ပြယုဂ်တစ်ခု ပါဝင်သဖြင့် ရန်ကုန်မြို့၊ ကမ်းနားလမ်းမပေါ်ရှိ British Council အားဆန္ဒပြရန်အတွက် ရခိုင်လူငယ်များ စုစည်းကြရာ ခေါင်းဆောင် မလာ၍ ယင်းဆန္ဒပြပွဲပျက်သွားခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ ၁၂ နာရီကျော်လောက်ကတည်းက စီစဉ်တဲ့သူကို စောင့်နေတယ်။၂ နာရီလောက်အထိ စီစဉ်တဲ့သူ မလာတာနဲ့ ကျွန်တော်တို့ ပြန်သွားလိုက်တယ်”ဟု ယင်းဆန္ဒပြပွဲတွင်ပါဝင်မည့်သူ ဦးခင်မောင်က ပြောကြားသည်။

ရခိုင်လူငယ် ၂၀ဦးကျော်သည် နေ့လယ် ၁၂ နာရီခန့်က စုရုံးခဲ့ပြီး နေ့လယ် ၂ နာရီကျော်တွင် လူစုကွဲသွားခဲ့ကြောင်း ယင်းတို့ကို စောင့်ကြည့်နေသူ သတင်းထောက်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ရခိုင်ပြည်ကို ရိုဟင်ဂျာနာမည်တပ်ထားလို့ ကန့်ကွက်ဖို့ ကြိုးစားတာပါ။ဒါပေမယ့် ဖြစ်မလာတာ ကိုတော့ ၀မ်းနည်းပါတယ်”ဟု ဦးခင်မောင်က ဆိုသည်။

မည်သည့် အကြောင်းကြောင့် ဆန္ဒပြပွဲကို စီစဉ်သူ ရောက်မလာသည်ကို မသိရှိရကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးကို ဆက်သွယ်မေးမြန်းရာ “ဆန္ဒပြမှာကိုလည်း သိပါတယ်။ ဘာအကြောင်းကြောင့် ဆိုတာကိုလည်း သိပါတယ်။ ဆန္ဒပြတဲ့သူတွေ တောင်းဆိုတဲ့ဟာကိုလည်း မှတ်သားပြီး သက်ဆိုင်ရာကို တင်ပြဖို့လည်း ရှိပါတယ်”ဟု နိုဝင်ဘာ ၉ ရက် နေ့လယ် ၁ နာရီက ဆိုသည်။

ယင်းဆန္ဒပြပွဲနှင့်ပက်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှူးသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

“အကြောင်းမကြားလို့ကတော့ တည်ဆဲဥပဒေအရ အရေးယူမှာပါ”ဟု ယင်းရဲအရာရှိက ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

 

NLD မှတ်ပုံတင်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တရားဝင်နိုင်ငံရေးပါတီ အဖြစ်ရပ်တည်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို လာမည့် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲ ဝင် မဝင်၊ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်မတင်ကို လာမည့် ၁၈ ရက်နေ့မှာ ဆုံးဖြတ်ကြမှာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်ခဲ့ပြီး ပါတီဝင်ထု၏ သဘောထားကို သိရှိနိုင်ရန်အတွက် ၁၂၁ ဦးရှိသည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ခေါ်ယူ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

“CC အစည်းအဝေးခေါ်တယ်ဆိုတာ ကောင်းပါတယ်။ ကျွန်တော်တို့ ပါတီဝင်ထုရဲ့ သဘောထားကို တင်ပြလို့ ရတာပေါ့”ဟု ရန်ကုန်တိုင်း ဒေသကြီး စည်းရုံးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

NLD ပါတီအနေဖြင့် မှတ်ပုံတင်ရန် အလေးသာနေသည့် အလားအလာရှိကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

မှတ်ပုံတင်ရန် ဆုံးဖြတ်သော်လည်း NLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကလို အကွဲအပြဲ ဖြစ်မည်မဟုတ်ကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောကြားသည်။

“ဒီမိုကရေစီအရပဲ အားလုံးသဘာတူတာကို ဝိုင်းဝန်းလုပ်ကိုင်ကြမှာပဲ၊ အကွဲအပြဲ ကိစ္စတော့ မဖြစ်နိုင်ပါဘူး”ဟု ယင်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကြိုကာလတွင် NLD အနေဖြင့် မှတ်ပုံတင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ၂၉-၃-၂၀၁၀ တွင် ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးကို ခေါ်ယူခဲ့ပြီး ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်များဆိုင်ရာ အစည်းအဝေးကျင်းပမှု မှတ်တမ်း ထုတ်ဝေ

ပထမအကြိမ် လွှတ်တော်အရပ်ရပ်ဆိုင်ရာ ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆို ပြုချက်၊ မေးမြန်းချက်၊ ပြန်လည် ဖြေကြားချက် စသည့် အစည်းအဝေးကျင်းပမှုမှတ်တမ်း စီဒီချပ်များအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များလေ့လာနိုင်ရန်  ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ လွှတ်တော်မှတ်တမ်း စီဒီချပ်များကို လွှတ်တော်ကိုယ်စားလှယ်များ လေ့လာရန် စီဒီချပ်များကို ဖြန့်ဝေရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတစ်လျှောက် မှတ်တမ်းများနှင့် ပြည်ထောင်စုလွှတ်တော် မှတ်တမ်း စီဒီချပ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှတ်တမ်းနှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှတ်တမ်း စီဒီချပ်များအဖြစ် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို အစည်းအဝေးမှတ်တမ်းတွေကို လေ့လာဖို့အတွက် စီဒီချပ်တွေကူးပေးလိုက်တာ ကောင်းပါတယ်။ လွှတ်တော်အတွင်းမှာ ဘာတွေ ပြောတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ အများပြည်သူတွေလဲ လေ့လာလို့ရတာပေါ့” ပာု နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ လွှတ်တော်အစည်းအဝေး ပြုလုပ်ဆောင်ရွက်မှုများအား လွှတ်တော်ကိုယ်စားလှယ်များ လေ့လာရန် စီဒီချပ်များဖြင့် ဖြန့်ဝေလိုက် သော်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့မှာ ကွန်ပျူတာမရှိသည့်အတွက် လေ့လာရန် အခက်အခဲ ဖြစ်လျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးများကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့ထိတိုင် ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်း ၁၀၆ ခု၊ အဆို ၄၃ အား ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။  

                                                                                                                                        YC

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- သူတို့အခုလို လာလေ့လာတာ မြန်မာနိုင်ငံရဲ့ လက်ရှိပြောင်းလဲမှုတွေကို သံသယရှိလို့ လာကြတာလား။

ဖြေ- သံသယနဲ့ လာပြီး လက်တွေ့လေ့လာတယ်။ နားထောင်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အခု အချိန်မှာ ဘာပဲပြောပြောသမ္မတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို သူတို့ပေးထားတဲ့ ကတိကဝတ်တွေ ရှိတယ်။ ဒီတော့ နိုင်ငံတကာ မိသားစုက မြန်မာနိုင်ငံထဲမှာ ဒါတွေက ဘယ် အခြေအနေ ရောက်နေပြီလဲ၊ ဘယ်လိုအကူအညီမျိုးတွေ လိုလဲ၊ ဘယ်လို အခက်အခဲတွေရှိလဲ၊ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့က လေ့လာတာ၊ မေးမြန်းတာ၊ ဆွေးနွေးတာ ဖြစ်ပါလိမ့် မယ်။ ကျွန်တော်တို့ အနေနဲ့ သမ္မတဦးသိန်းစိန် ရာထူးလက်ခံပြီးတော့ ပထမရက်ပေါင်း ၁၀၀၊ နောင်ရက်ပေါင်း ၂၀၀ အတွင်း အခြေအနေကို ပြန်ကြည့်တဲ့အခါ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေ၊ လုပ်သင့် လုပ်ထိုက်တဲ့ ခြေလှမ်းတွေ သွားနေတယ်လို့ မြင်ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီလိုခြေလှမ်းတွေက အစစ်အမှန် သွားနေတာလား၊ အတုအယောင် သွားနေ တာလားဆိုတာ သံသယ ရှိစရာ  မလိုဘူး။ သူတို့အနေနဲ့ ဒီလမ်းကြောင်း အတိုင်းပဲ သွားနေတယ်။ သွားမယ့် လမ်းကြောင်းကိုလည်း အစိုးရဘက်က ပြောထားပြီးပြီ၊ ပြောင်းတဲ့အတိုင်း လည်း လုပ်ဖို့ စတုတ္ထမဏ္ဍိုင်တွေဘက်ကလည်း တိုက်တွန်းနေရတာပေါ့။

နိုဝင်ဘာ ၁၀ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၈) တွင်ပါသည့် “ဆရာမောင်ဝံသနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုဟာက ထိုင်းနဲ့ ဗီယက်နမ်အခက် မြန်မာအချက်။ ဂျပန်တွေလာချင်အောင်၊ လုပ်ချင်အောင် အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ပုန်းချေဖို့ အတွက် ပြုပြင်ရမယ်။ သူတို့ကို အသိပေးပြီးတော့ ပြုပြင်ရမယ်။ ဘယ်လိုလဲဆိုတော့ အခုဟာက ဒီမိုကရေစီအစိုးရမှတ်လား။ ပွင့်လင်းမြင်သာမှုလဲ ရှိပါတယ်။ မော်နီတာရင်းလဲ လုပ်ပါတယ်။ နောက်ပြီးတော့ လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းတွေကိုပြ။ ဥပမာ- ထိုင်းမှာ ရေမြုပ်သွားတယ်။ ဒီမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရေမမြုပ်တဲ့ နေရာတွေ ရှိပါတယ်ဆိုပြီး ပြနိုင်ရမယ်။ ပြီးတော့တစ်ခါ ရန်ကုန်ဆိပ် ကမ်းကြီးနဲ့ ဘယ်လောက် နီးသလဲဆိုပြီး ပြနိုင်ရမယ်။ ပြီးတော့ လက်တွေ့ဖြစ်နိုင်ခြေကို ဂျပန်ကို ဖိတ်မယ့်သူက အရင်လုပ်ရမယ်။ လုပ်မှ ဂျပန်က ယုံပြီးလာမှာပေါ့။ နောက်ပြီးတော့ တစ်ခါ ဒီကလူက ပရောဂျက် အဆိုတွေကို တင်ရမယ်။ ဂျပန်က ဘာလုပ်ချင်လဲ။ မေးပြီးတာနဲ့ လုပ်ချင်တဲ့ဟာကို လုပ်လို့ကောင်းတဲ့ဟာတွေကို အေ၊ ဘီ၊ စီ ဆိုပြီးပြီ။ အဲဒီလိုမဟုတ်ဘဲနဲ့ ဂျပန်လျှောက်ကြည့်တဲ့ နောက်လိုက်နေရင်တော့ ဂျပန်လဲ အူလည်လည်ဖြစ်ပြီး ပြန်သွားမှာပဲ။ တိတိကျကျလုပ်။ တိတိကျကျပရောဂျက်ဆွဲ။ သူ့ကို အဆို တင်ပြပေါ့။ ဆိုရင် သူလက်ခံပါလိမ့်မယ်”

နိုဝင်ဘာ ၁၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “တစ်ကျော့ပြန်ဂျပန်နှင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု” သတင်း ဆောင်း ပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွှတ်တော်အင်္ဂါရပ်တစ်ခုဖြစ်တဲ့ လွှတ်တော် စာကြည့်တိုက်တစ်ခုတော့ လွှတ်တော်မှာရှိသင့်တယ်။ လွှတ်တော်မှာ စာကြည့်တိုက်ရှိတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေအနေနဲ့ ပြီးခဲ့တဲ့ခေတ်တွေက လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ မှတ်တမ်းတွေ၊ နိုင်ငံတကာရဲ့ အခြေခံဥပဒေတွေ၊ ဥပဒေစကားရပ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ကျွန်တော်တို့ လေ့လာ ချင်တဲ့ဥပဒေတွေ၊ လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေဖတ်ရှုလို့ရတာပေါ့။ အခုတော့ ကျွန်တော်တို့မှာ ရှိတဲ့ စာအုပ်စာတမ်းတွေ၊ နောက်ပထမအကြိမ်ပုံမှန် အစည်းအဝေးတုန်းက ကိုယ်စားလှယ်ပေးတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေပဲ ရှိတယ်။ ဒါကြောင့် လွှတ်တော် စာကြည့်တိုက်ဆိုတာ တကယ်လိုအပ်ပါတယ်”

နိုဝင်ဘာ ၁၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “လွှတ်တော်စာကြည့်တိုက် အမြန်ဆုံးတည်ထောင်ရန် လိုအပ်ဟု နိုင်ငံရေး လေ့လာသူများနှင့် ကိုယ်စားလှယ်များကဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs