Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၂)

  1. မြန်မာနိုင်ငံတွင်း အရေးကြီးသော အပြောင်းအလဲများတွေ့မြင်ရဟု အီးယူပြောကြား
    (EU Business မှ၊ 7 Nov 2011 ရက်စွဲပါ EU sees important changes in Myanmar ကိုဘာသာပြန်ဆိုသည်)
  2. တရုတ်ငါးဖမ်းစက်လှေ ကက်ပတိန်ကို ဂျပန် ဖမ်းဆီးထိန်းသိမ်း
    (BBC သတင်းဌာနမှ၊ 7 Nov 2011 ရက်စွဲပါ Japan detains China boat captain off Goto Islands ကိုဘာသာပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင်း အရေးကြီးသော အပြောင်းအလဲများတွေ့မြင်ရဟု အီးယူပြောကြား

(EU Business မှ၊ 7 Nov 2011 ရက်စွဲပါ EU sees important changes in Myanmar ကိုဘာသာပြန်ဆိုသည်)

စစ်တပ်သြဇာလွှမ်းမိုးမှုအောက်တွင်ရှိသော မြန်မာအစိုးရလက်ထက် ပေါ်ထွန်းလာသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို ဥရောပသမဂ္ဂ (အီးယူ)၏ စီနီယာ သံတမန်ကြီးတစ်ဦးက ချီးမွမ်းပြောဆိုလိုက်သည်။

"မြန်မာနိုင်ငံထဲမှာ အင်မတန်အရေးကြီးတဲ့ ပြောင်းလဲမှုတွေဖြစ်နေပါတယ်။ အဲဒီ ပြောင်းလဲမှုအရှိန်အဟုန်ကို အားပေးအားမြှောက်ပြုနိုင်ဖို့ ကျွန်တော်တို့ အီးယူအနေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်" ဟု ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ David Lipman ကပြောကြားသည်။

မစ္စတာ David Lipman သည် ရန်ကုန်မြို့တွင် အီးယူက ကမကထပြုကျင်းပသည့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသည် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ခန့် ဖမ်းဆီးထိန်းသိမ်းထားမှုအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။ အဆိုပါ အကျဉ်းသားများအနက်မှ ၂၀၀ ကျော်ခန့်ကို မြန်မာအစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် ယခုအခါ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင်ရှိသော်လည်း ယင်းအစိုးရအဖွဲ့တွင် ယခင်ဗိုလ်ချုပ်ကြီးဟောင်း အတော်များများက နေရာယူထားခြင်းဖြစ်သည်။ နိုင်ငံရေးပြောင်းလဲမှုနှင့်ပတ်သက်၍ မြန်မာပြည်တွင်း မျှော်လင့်ချက်များကြီးထွားလာသည့်နည်းတူ အစိုးရကလည်း  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံအင်အားစုများအပေါ် အလျှော့ပေးမှုများပြုလုပ်လျက်ရှိသည်။

အဆိုပါ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာအစိုးရက တိုင်းပြည်၏ ရှုပ်ထွေးနက်နဲလှသော နိုင်ငံခြားငွေကြေးလဲလှယ်မှုစနစ် ပြုပြင်ပြောင်းလဲရာတွင် လိုအပ်သည့် နည်းပညာ အကူအညီများ ရရှိနိုင်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ပညာရှင်အဖွဲ့တစ်ဖွဲ့ကိုလည်း ဖိတ်ကြားခဲ့သည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်သတ်မှတ်မှုကို အောက်တိုဘာလ ၄ ရက်နေ့က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ဥပဒေပြင်ဆင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) အနေဖြင့် အမျိုးသားနိုင်ငံရေး လောကသို့ ပြန်လည်ဝင်ရောက်ရန် လမ်းပွင့်သွားသည်။ NLD သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ခဲ့သည်။

အကြောင်းမှာ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့သော ရွေးကောက်ပွဲဆိုင်ရာဥပဒေက ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသော ပါတီတွင် ပါတီဝင်ဖြစ်ခွင့်ကို ပိတ်ပင်ထားသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ယခု ဥပဒေပြင်ဆင်ရေးဆွဲလိုက်ခြင်းကြောင့် NLD အနေဖြင့် တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် စဉ်းစားလျက်ရှိကြောင်းသိရသည်။

*************************************************************************************

တရုတ်ငါးဖမ်းစက်လှေ ကက်ပတိန်ကို ဂျပန် ဖမ်းဆီးထိန်းသိမ်း

(BBC သတင်းဌာနမှ၊ 7 Nov 2011 ရက်စွဲပါ Japan detains China boat captain off Goto Islands ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော တရုတ်ငါးဖမ်းစက်လှေတစ်စီးမှ ကက်ပတိန်ဖြစ်သူအား ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်ငါးဖမ်းစက်လှေသည် တောင်ပိုင်းဒေသရှိ Goto ကျွန်းစုများရှိရာ ရေပိုင်နက်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ စက်လှေကက်ပတိန်ဖြစ်သူက စစ်ဆေးခံရန် ငြင်းဆန်သောကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့အဆိုအရသိရသည်။ တရုတ်ငါးဖမ်း သင်္ဘောသည် စစ်ဆေးမှုမခံယူဘဲ ထွက်ပြေးတိမ်းရှောင်သွားရာ ကမ်းခြေစောင့်တပ်ဖွဲ့က လေးနာရီ ခွဲကြာမျှ လိုက်လံဖမ်းဆီးခဲ့ရာ နောက်ဆုံးတွင် သင်္ဘောချင်းတိုက်မိပြီး ဖမ်းမိခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ပြောကြားသည်။

ယမန်နှစ်အတွင်းကလည်း အလားတူ တရုတ်ငါးဖမ်းသင်္ဘောတစ်စီး ထွက်ပြေးရာမှ လိုက်လံဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ရာ တရုတ်-ဂျပန်နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာခဲ့ရသည်။ ယခုနောက်ဆုံးပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်မှာ Goto ကျွန်းစုတောင်ဘက် မိုင် ၁၀၀အကွာရှိ ရေပြင်တွင်ဖြစ်သည်။ ယင်းကျွန်းစုများသည် တောင်ပိုင်း ကျူရှူးကျွန်းစုတည်ရှိရာ နာဂါဆာကီပြည်နယ် အနောက်ဘက်ကမ်းခြေဒေသတွင်ရှိသည်။

ဖမ်းဆီးခံရသော သင်္ဘောကက်ပတိန်မှာ Zhang Tianxiong (၄၇ နှစ်) ဖြစ်ပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခြောက်လ ချမှတ်ခံရမည်ဖြစ်သည်။ ဂျပန်ကက်ဘိနက် အတွင်းရေးမှူး Osamu Fujimura က အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများနှင့် ဂယက်ရိုက်ခတ်မှုများ ရှိလာမည် မဟုတ်ကြောင်းပြောဆိုပြီး ယင်းဖြစ်ရပ်သည် ပြည်တွင်းဥပဒေဖြင့် ဖြေရှင်းရမည့် ပုံမှန် အမှုတစ်ခုသာဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံအတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည်။ သို့သော် ဂျပန်အစိုးရ အရာရှိကြီးများက နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ မည်မျှအတိုင်းအတာအထိ ဆိုးရွားသွားနိုင်သည်ဟူသော အချက်ကို ကောင်းစွာ သဘောပေါက်ကြသည်။ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်းကလည်း အလားတူဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ ဘေဂျင်းအစိုးရက ဂျပန်နှင့် ဆက်သွယ်မှုများ ရပ်ဆိုင်းခဲ့ပြီး ဂျပန်ကားထုတ်လုပ်ရေး လုပ်ငန်းအတွက် လွန်စွာအခရာကျသည့် ရှားပါးတွင်းထွက် သတ္တုပစ္စည်းများ တင်ပို့မှုကိုပင် ရပ်ဆိုင်းခဲ့ဟန်ရှိသည်။

ဂျပန်နှင့် တရုတ်နှစ်နိုင်ငံဆက်ဆံရေးမှာ ဘေဂျင်းအစိုးရ၏ သံတမန်ရေးပရိယာယ်များကြောင့် ယမန်နှစ်ကစ၍ အေးခဲသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ဂျပန်ကလည်း တရုတ်ရေတပ်၏ ခြေတံလက်တံဆန့်လာမှုကို မျက်ခြည်မပြတ်စောင့်ကြည့်လျက်ရှိသည်။

ယခုတရုတ်သင်္ဘော ကက်ပတိန် ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ ဘေဂျင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထင်မြင်သုံးသပ်ချက် တစ်စုံတရာပေးခြင်းမရှိသေးပေ။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၁)

  1. နိုင်ငံရေးနယ်ပယ်သို့ ပြန်ဝင်လှုပ်ရှားရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်၏ပါတီ စည်းဝေးဆုံးဖြတ်မည်
    (The Peninsula မှ 8.Nov.2011 ရက်စွဲပါ "Suu Kyi's party mulls rejoining Myanmar's political arena" သတင်းကို ဘာသာပြန်ဆိုသည်။)
  2. မြန်မာနိုင်ငံသည် ဥက္ကဋ္ဌနေရာအတွက် ပိုမိုနီးကပ်လာဟု Marty ပြော
    (9 November 2011 ရက်စွဲပါ Jakata Globe မှ Burma closer to chairing Asean, Marty says ကို ဘာသာပြန်ပါသည်။)
  3. နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအပေါ် စိုးရိမ်ကြောင်း ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ ထုတ်ဖော်ပြောကြား
    (UN News Centre မှ 8 Nov 2011 ရက်စွဲပါ "Myanmar: UN rights expert voices concern over health of political prisoners" သတင်းကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

နိုင်ငံရေးနယ်ပယ်သို့ ပြန်ဝင်လှုပ်ရှားရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်၏ပါတီ စည်းဝေးဆုံးဖြတ်မည်

(The Peninsula မှ 8.Nov.2011 ရက်စွဲပါ "Suu Kyi's party mulls rejoining Myanmar's political arena" သတင်းကို ဘာသာပြန်ဆိုသည်။)

တရားဝင်နိုင်ငံရေးနယ်ပယ်သို့ NLD ပါတီ ပြန်လည်လှုပ်ရှားမှာလားဆိုသည်ကို ဆုံးဖြတ်ရန်အတွက် ရန်ကုန်မြို့တော်တွင် လာမည့်အပတ်၌ အကြီးတန်းပါတီဝင် ၁၀၀ ကျော် စည်းဝေးကြမည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက မနေ့က ပြောကြားသည်။

မနှစ်က ရှားရှားပါးပါး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဖျက်သိမ်းခြင်းခံထားရသော NLD ပါတီသည် အဆိုပါ မမျှတသော ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ပြင်ဆင်ခြင်းအား သမ္မတဦးသိန်းစိန်က ပြီးခဲ့သော အပတ်က အတည်ပြုပေးလိုက်ပြီးနောက် လာမည့်နိုဝင်ဘာ ၁၈ ရက် တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် စဉ်းစားသုံးသပ်ကြတော့မည် ဖြစ်သည်။

ရန်ကုန်မြို့အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ထိပ်ပိုင်းအဆင့်ပါတီဝင်များ အစည်းအဝေး ပြုလုပ်ပြီးနောက် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်သာမြင့် က "နိုင်ငံတဝှမ်းက ဗဟိုကော်မတီဝင် ၁၀၀ ကျော် တက်ကြမှာပါ" ဟု ပြောကြားခဲ့သည်။

"ပါတီမှတ်ပုံတင်ဖို့ကိစ္စအပေါ် သူတို့ရဲ့ သဘောထားကို တောင်းခံမှာပါ။ ပြီးရင်တော့ ဆုံးဖြတ်ချက် ချမှာပါ" ဟု ဦးဟန်သာမြင့် က ဆိုပါသည်။

NLD ပါတီသည် ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့ဖူးသော ရွေးကော်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အာဏာလွဲပြောင်းရယူနိုင်ခြင်း မရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ် မနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင်မူ ပြစ်ဒဏ်ကျနေသူများအား ပါတီမှ ထုတ်ပယ်ရန် အစိုးရက ဥပဒေဖြင့် အဓမ္မဖိအားပေးသောကြောင့် ယင်းရွေးကောက်ပွဲကို ပါတီက ဝင်မပြိုင်ပဲ သပိတ်မှောက်ခဲ့သည်။

ရယ်စရာကောင်းသော ပြောင်ကလိန်ကျမှုဟု အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့သည့်အပြင် ခြိမ်းခြောက်မှု၊ မဲလိမ်မှုများကြောင့် နာမည်ပျက် ခဲ့ရသော မနှစ်က နိုဝင်ဘာရွေးကောက်ပွဲများအပြီး တပတ်ခန့်အကြာတွင်မူ တပ်မတော်အစိုးရက အာရုံပြောင်း၍ သိက္ခာဆည်သည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခဲ့သည်။

ယခုအခါ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းများ ဖွဲ့စည်းထားသော နာမည်ခံ အရပ်ဖက်အစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်လျက်ရှိသည်။ သို့သော်လည်း တပ်မတော် နောက်ခံအားပြု အစိုးရသစ်သည် ပြည်သူလူထု ကန့်ကွက်သော နိုင်ငံမြောက်ဖျား ရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းကာ အားကိုးအားထား မဟာမိတ် တရုတ်နိုင်ငံကို အာခံပြခြင်း၊ဒေါ်အောင်ဆန်းစုကြည် နှင့် မကြုံစဖူး တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပြခြင်း စသော အပြောင်းအလဲသဘောဆောင်သည့် လက္ခဏာများ တသီတတန်း လုပ်ဆောင်ပြသကာ ပြည်တွင်း၊ပြည်ပမှ စောင့်ကြည့်ဝေဖန်သူများကို အံ့အားသင့်စေခဲ့လေသည်။

သမ္မတဦးသိန်းစိန် သောကြာနေ့က လက်မှတ်ထိုးထုတ်ပြန်သော နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွင် ၂၀၀၈ အခြေခံဥပဒေကို ပါတီအားလုံး စောင့်ရှောက်ထိန်းသိမ်းရမည် ဟူသော စကားလုံးအစား လေးစားလိုက်နာရမည်ဟူသော စကားဖြင့် အစားထိုး ထားသည်။

တပ်မတော်အစိုးရ၏ ဝါဒဖြန့်စကားလုံး "ဒီမိုကရေစီ လမ်းညွှန်မြေပုံ" ၏ ကဏ္ဍတစ်ခုဖြစ်သော ၂၀၀၈ အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်မှု တစ်နှစ်ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို တနင်္လာနေ့တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။

ယင်းကဲ့သို့ ပါတီမှတ်ပုံတင် ဥပဒေပြင်ဆင်ရေးကိစ္စသည် ကုလသမဂ္ဂ နှင့် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများ၏ ယခင်အပတ်က သတင်းမွှေး မြန်မာခရီးစဉ်များတွင် ဦးစားပေးကိစ္စတစ်ရပ်ဖြစ်ခဲ့ပြီး ဒီမိုကရေစီ ဥခွံပေါက်စမြန်မာနိုင်ငံ၏ အပျံသင်စ ပြုပြင်ပြောင်းလဲမှုများကို အားတက်မိကြောင်း ၎င်းတို့က ပြောဆိုခဲ့ကြသည်။

*************************************************************************************

မြန်မာနိုင်ငံသည် ဥက္ကဋ္ဌနေရာအတွက် ပိုမိုနီးကပ်လာဟု Marty ပြော

(9 November 2011 ရက်စွဲပါ Jakata Globe မှ Burma closer to chairing Asean, Marty says ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံသည် ၂၀၁၄ခုနှစ်တွင် ဒေသတွင်း အုပ်စု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနိုင်မည်ဟု အာဆီယံအဖွဲ့ကြီးအတွင်း၌ လေးလေးနက်နက် ခံယူထားကြသည်ဟု နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

Marty က သတင်းထောက်များသို့ ပြောကြားရာတွင် ဇူလိုင်လက နောက်ဆုံးကျင်းပပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံဥက္ကဋ္ဌနေရာအတွက် လျှောက်ထားမှုအား အပေါင်းလက္ခဏာဆောင်သော စဉ်းစားမှုများပြုလုပ်သင့်သည်ဟူသော သဘောထား ရှိခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် ယခင်ဗိုလ်ချုပ်များလွှမ်းမိုးသော အမည်ခံ အရပ်သားခေါင်းဆောင်မှုရှိသော်လည်း ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌနေရာကို  ရယူလိုပါသည်။ ထိုနှစ်တွင် လာအိုနိုင်ငံက ရယူရန် အလှည့်ကျနေပါသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ခုနှစ်က အလှည့်ကျခဲ့စဉ်က လက်ခံခဲ့ခြင်းမရှိပေ။

"တကယ်လို့ ကျွန်တော်တို့ကို မြန်မာနိုင်ငံဖက်က ရပ်တည်ပေးခြင်းရှိ၊မရှိ မေးခဲ့ရင် အားနာပါတယ်။ အဖြမပေးနိုင်ပါဘူး" ဟု Marty က ပြောပါသည်။

အာဆီယံခေါင်းဆောင်များသည် နိုဝင်ဘာ ၁၇-၁၉ ဘာလီ အစည်းအဝေးတွင် ဆုံးဖြတ်ရန် စီစဉ်ထားပါသည်။

''ဒါပေမဲ့ ကျွန်တော့်ကို မြန်မာနိုင်ငံအပေါ် မေလတုန်းက ခံစားချက်၊ ဇူလိုင်လတုန်းက ခံစားချက်နဲ့ အခုနိုဝင်ဘာမှာ ခံစားချက်တွေ နှိုင်းယှဉ်ပြပါ ဆိုရင်တော့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ တွေ့ရလို့ပါပဲ '' ဟု ၎င်းကဆိုပါသည်။

အင်ဒိုနီးရှားနိုင်ငံသည်လက်ရှိ အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်ခြင်းကြောင့် Marty သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ဥက္ကဋ္ဌနေရာအတွက် သင့်တော်မှုရှိမရှိ အကဲဖြတ်ရန်သွားရောက်ခဲ့ပါသည်။၎င်းက မြန်မာနိုင်ငံတွင် မကြာသေးမီက လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများကို အားတက်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်ပတ်သက်သော ပြောင်းလဲမှုများနှင့်ပတ်သက်သည့် မျှော်လင့်ချက်များ မကြာသေးမီက တိုးတက်မှုများရှိခဲ့ရာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် ထိတွေ့နိုင်အောင် အစိုးရက ကြိုးပမ်းမှုများရှိခဲ့ပါသည်။

အစိုးရသစ်သည် ဆင်ဆာများကို လျှော့ချပေးခဲ့ပါသည်။ ပိတ်ထားသော ဝက်ဘ်ဆိုက်များ ဖွင့်ပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား အင်တာနက် တပ်ဆင်ခွင့် ပြုခဲ့ပါသည်။ နိုင်ငံခြား အသံလွှင့်ဌာနများအပေါ် တိုက်ခိုက်နေမှုများကိုလည်း ရပ်ဆိုင်းခဲ့ပါသည်။ ၎င်းသည် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ပေးခဲ့ပါသည်။ ဆန္ဒပြခွင့်လည်း ပေးခဲ့ပါသည်။

အံ့အားသင့်ဖွယ် ရုတ်တရက်လုပ်ဆောင်မှုတစ်ခုမှာ စက်တင်ဘာလ (၃၀)ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ အစိုးရသည် တရုတ်တို့ ဆောက်လုပ်နေသော အငြင်းပွားဖွယ် ရေအားလျှပ်စစ်ရေလှောင်တမံအား ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

အာဆီယံအဖွဲ့အတွင်း ပို၍ ဒီမိုကရေစီကျသော တိုင်းပြည်များက မြန်မာနိုင်ငံကြောင့် စိတ်မသက်မသာ ခံစားကြရသော်လည်း ယခုပြုပြင် ပြောင်းလဲမှုသည် အရေးကြီးသော နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲမှုကို အချက်ပြနေပါသည်။

အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံသည် အဖွဲ့ကြီး၏ ကိုယ်စားစကားပြောခွင့် ရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ပါဝင်သော အရှေ့အာရှ ထိပ်သီး အစည်းအဝေးအပါအဝင် အစည်းအဝေးပေါင်း များစွာကို လက်ခံကျင်းပခွင့်ရမည်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး စွပ်စွဲချက်များကြောင့် အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ထားပါသည်။

*************************************************************************************

နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအပေါ်စိုးရိမ်ကြောင်း ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ ထုတ်ဖော် ပြောကြား

(UN News Centre မှ 8 Nov 2011 ရက်စွဲပါ "Myanmar: UN rights expert voices concern over health of political prisoners" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အကျဉ်းထောင်များတွင် အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေနှင့် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်နေသော ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဂမ္ဘီရ ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ် ပူပန်ကြောင်း လွတ်လပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင် ပညာရှင်က ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင် လတ်တလော အစာငတ်ခံ ဆန္ဒပြနေသော "ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ" ၁၅ ဦးမှာ နှိပ်စက်ခြင်း (သို့) ဆိုးဆိုးဝါးဝါး ဆက်ဆံခြင်း ခံနေရပြီး သောက်ရေပင် မရရှိ ဟူသော သတင်းများကို လက်ခံ ရရှိထားသည်ဟု မြန်မာ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ogea Quntana က ပြောကြားခဲ့သည်။ ထို့အပြင် အကျဉ်းသားများထဲမှ ၈ ဦးကို cells ထဲတွင် တိုက်ပိတ် ထားသည်ဟု ကြားသိရကြောင်း Mr. Quintana က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

Mr. Quintana က ဆက်လက်၍ ၂၀၀၈ ခုနှစ်က ယင်း သွားရောက် တွေ့ဆုံခဲ့ဖူးသော ကလေးမြို့ အကျဉ်းထောင်မှ ဦးဂမ္ဘီရ၏ ကျန်းမာရေး အခြေအနေကိုလည်း စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

"ဦးဂမ္ဘီရ ကို ထောင်အပြောင်းအရွေ့ကြားထဲမှာ သတိလစ်သွားအောင် ရိုက်နှက်ပြီး ပစ်ထားတယ်ဆိုတဲ့ သတင်းကို လက်ခံ ရရှိထားပါတယ်။ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်" ဟု ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ဆက်လက် ပြောကြားသည်။

အကျဉ်းသားများကို လူသားအဖြစ် အသိအမှတ်ပြု ဆက်ဆံမှု အခြေခံအဖြစ် အကျဉ်းသားများအား ဆက်ဆံရာတွင် အနည်းဆုံး ထားရှိရမည့် စံညွှန်းမှီ စည်းကမ်းများနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ မည်သူကိုမဆို အားလုံးကို အကာအကွယ် ပေးရမည့် စည်းမျဉ်းများကဲ့သို့သော နိုင်ငံတကာ အညွှန်းများကို ဂရုတစိုက် လိုက်နာရန် မြန်မာ အစိုးရကို Mr. Quintana က ထပ်မံ၍ သတိပေးခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ယင်းတောင်းဆိုထားသော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်ကိစ္စနှင့် ဦးဂမ္ဘီရ အပါအဝင် အကျဉ်းသားများအပေါ် လူမဆန်စွာ နှိပ်စက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကိစ္စတို့ကို ထပ်မံ တောင်းဆို တိုက်တွန်းလိုက်သည်။

အစိုးရက နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို ယခင်လက လွှတ်ပေးခဲ့ခြင်းကို ကုလသမဂ္ဂ ကိုယ်စားလှယ်က ကြိုဆိုခဲ့ပြီး အကျဉ်းသားများ ထပ်မံ လွတ်မြောက်ခြင်းကို စောင့်မျှော်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီး၊ နှိပ်စက်မှု အခြေအနေများကို တိုးတက်မှု ရှိအောင် နိုင်ငံတကာ စံညွှန်းများနှင့်အညီ မြန်မာ အစိုးရ အနေဖြင့် အဆောတလျင် ဆောင်ရွက်သင့်ကြောင့် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံဟာ ဒီလိုအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရုံသာမကပဲ အကျဉ်းထောင်တွင်း ကျယ်ကျယ်ပြန့်ပြန့် ပြုပြင် ပြောင်းလဲမှုတွေကိုပါ ပိုမို စတင် လုပ်ဆောင်ရမှာပါ ဟု Mr. Quintana က ပြောကြားသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs