Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၁)

  1. မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပဋိပက္ခနှင့် လူ့အခွင့်အရေးကိစ္စကို အာဆီယံညီလာခံတွင် ထည့်သွင်းရန် AIPMC တောင်းဆို

(Asian Tribune မှ 13 Nov 2011 ရက်စွဲပါ “ AIPMC calls on Asean to place ethnic conflict and human rights in Myanmar on Asean Agenda” သတင်းကို ဘာသာပြန်ဆိုသည်။

  1. မြန်မာတို့ တကယ်ပြောင်းလဲလာသော်လည်း ယခုထက် ပိုမိုတွေ့မြင်လိုကြောင်း ဟီလာရီ ပြောကြား

(Reuters သတင်းမှ ၁၂ရက် နိုဝင်ဘာ သတင်းပါ “ Clinton see real Myanmar changes , but wants more” သတင်းကို ဘာသာပြန်ဆိုသည်။

  1. တရုတ်ကုမ္ပဏီနှင့် စာချုပ်သစ်ကြောင့် ယခင် တင်းကျပ်လွန်းသော မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ နှစ်ဆ တိုးနိုင်ဖွယ်ရှိ

(thenextweb.com မှ ၁၄ နိုဝင်ဘာ ရက်စွဲပါ “ New deal could double Internet Access in heavily censored Burma” သတင်းကို ဘာသာပြန်ဆိုသည်။

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပဋိပက္ခနှင့် လူ့အခွင့်အရေးကိစ္စကို အာဆီယံညီလာခံတွင် ထည့်သွင်းရန် AIPMC တောင်းဆို

(Asian Tribune မှ 13 Nov 2011 ရက်စွဲပါ “ AIPMC calls on Asean to place ethnic conflict and human rights in Myanmar on Asean Agenda” သတင်းကို ဘာသာပြန်ဆိုသည်)

ယခုသီတင်းပတ် ဘာလီကျွန်းတွင်ပြုလုပ်မည့် ၁၉ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် ဆွေးနွေးမည့် အစီအစဉ်တွင် မြန်မာနိုင်ငံ၏ မပြေလည်သေးသော တိုင်းရင်းသားပြဿနာနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးဆိုင်ရာ ထိထိမိမိမေးခွန်းများ တင်ပြရန် အာဆီယံဦးဆောင်နိုင်ငံများအား တောင်းဆိုရေးအတွက် အာဆီယံလွှတ်တော် အမတ်များနှင့် အာဆီယံလွှတ်တော်များအကြား မြန်မာ့အရေး ဆောင်ရွက်မှု ကော်မတီ (AIPMC)တို့ ဂျကာတာတွင် ရှင်းလင်းပြောကြားကြမည် ဖြစ်သည်။

နိုဝင်ဘာ ၁၄ရက်နေ့ တနင်္လာနေ့ နံနက် ၁၁နာရီတွင် အင်ဒိုနီးရှားလွှတ်တော် အဆောက်အဦးရှိ သတင်းထုတ်ပြန်ရေးခန်းမတွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ AIPMC ဥက္ကဋ္ဌ မစ္စတာဆောင်ဒါရီနှင့်အတူ AIPMC အင်ဒိုနီးရှားအဖွဲ့မှ လွှတ်တော်အမတ် လီလီဝါဟစ်နှင့် အဖွဲ့ဝင် လွှတ်တော်အမတ် မီယန်မိုတိုရို၊ လွှတ်တော်အမတ် ဒါဒိုစ့်ဆိုမာဝမ်တို့ တက်ရောက် ပြောကြားကြမည် ဖြစ်သည်။

AIPMC အနေဖြင့် မြန်မာနိုင်ငံမှ လတ်တလောပြုပြင်ပြောင်းလဲမှုများစွာကို ကြိုဆိုသော်လည်း နိုင်ငံရေးပြောင်းလဲမှုနှင့် လူ့အခွင့်အရေး တိုးတက်မှုအရှိန်အဟုန် သိသိသာသာ နှေးကွေးနေခြင်းကို စိုးရိမ်ပူပန်နေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံ စည်းမျဉ်းစည်းကမ်းများကို အဖွဲ့ဝင်နိုင်ငံများအားလုံးက တာဝန်ယူ အာမခံလုပ်ဆောင်ရေးကိစ္စသည် အာဆီယံအဖွဲ့အတွက် အရေးကြီးသည်ဟု AIPMC က ယုံကြည်သည်။

ထို့ကြောင့် ယခုအပတ် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေး ကာကွယ်ပေးမှု ကိစ္စများကို တင်ပြရန်၊ ပြည်တွင်းစစ် အဆုံးသတ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ပေါ်အောင် ကုလသမဂ္ဂနှင့် အတူတကွဆောင်ရွက်ရန် အာဆီယံ ဦးဆောင်နိုင်ငံကိုယ်စားလှယ်များကို AIPMC က တောင်းဆိုလျက် ရှိသည်။

၂၀၁၄တွင် အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကိုယူရန် မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကြိုးပမ်းလာခြင်းကို ယခုအပတ်ညီလာခံတွင် စဉ်းစား သုံးသပ်ကြမည်ဟု မျှော်လင့်ရသောကြောင့် ယခုကိစ္စ အထူးအရေးအကြီးနေခြင်း ဖြစ်သည်။ ဤကိစ္စသည် မြန်မာနိုင်ငံတွင် သိသာထင်ရှားသော အပြောင်းအလဲနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် တိုက်တွန်းအားပေးရန်အတွက် သော့ချက်အခွင့်အလမ်း ဖြစ်သည်ဟု AIPMC က ယုံကြည်လျက်ရှိသည်။

****************************************

မြန်မာတို့ တကယ်ပြောင်းလဲလာသော်လည်း ယခုထက် ပိုမိုတွေ့မြင်လိုကြောင်း ဟီလာရီ ပြောကြား

(Reuters သတင်းမှ 12 ပါ “ Clinton see real Myanmar changes , but wants more” သတင်းကို ဘာသာပြန်ဆိုသည်)

ယခင်က Burma ဟု လူသိများသော မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံရေးကို “ အပြောင်းအလဲစစ်စစ်” အချို့ ပြုလုပ်နေပုံရသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းနိုင်ငံကို ထောက်ခံအားပေးခြင်းမပြုမှီ ယခုထက် ပိုမိုပြောင်းလဲခြင်းကို မြင်တွေ့လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ လက်တွေ့အမှန်တကယ် ပြုလုပ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်၊ ဒီလိုစောစောစီးစီး ပြုပြင် ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်မတို့ ထောက်ခံအားပေးပါတယ်” ဟု ဟာဝိုင်ရီတွင်ပြုလုပ်သော အာရှပစိတ်ဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (APEC) ဖိုရမ်၏ သတင်းစာရှင်းလင်းပွဲတွင် ဟီလာရီက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ကျယ်ကျယ်ပြန့်ပြန့် ဒိုင်ယာလော့ဆွေးနွေးမှု သတင်းများ အလုပ်သမားဥပဒေနှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုသတင်းများကို ဟီလာရီက အသိအမှတ်ပြု ပြောဆိုလိုက်သည်။

“မြန်မာပြည်သူတွေ သူတို့ရဲ့နိုင်ငံရေးမှာ အပြည့်အဝ ပါဝင်နိုင်တာကို ကျွန်မတို့ မြင်တွေ့ချင်ပါတယ်၊ ဒါပေမယ့် ဒီထက်ပိုပြီး အများကြီး လုပ်ရဦးမယ်ဆိုတာ သိထားပါတယ်” ဟု ဟီလာရီက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် သြစတြေးလျနိုင်ငံများကလည်း “ မြန်မာ့စီးပွားရေးကို ထိခိုက်ပျက်စီးစေပြီး တရုတ်ကို အားထားအောင် တွန်းပို့ခဲ့သော Sanctions များကို ရုပ်သိမ်းခြင်းမပြုမီ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် မဖြစ်မနေလိုအပ်သည်” ဟု ပြောဆိုထားကြ သည်။

၁၉၆၂ အာဏာသိမ်းမှုတွင် အာဏာရရှိလာခဲ့သော တပ်မတော်အစိုးရက ၁၉၈၈ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွင် ထောင်နှင့်ချီသော ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို ခပ်တန်းတန်းသာ ဆက်ဆံခဲ့သည်။ ဝါရှင်တန်နှင့် အနောက်မဟာမိတ်များက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ကြပြီး မြန်မာအစိုးရ ထိပ်တန်း အာဏာပိုင်များအား အနောက်နိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည်။

ကြာသပတေးနေ့က ဟိုနိုလူလူတွင် အဓိကမူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားရာ၌ ဟီလာရီက “ယခင် စစ်ဘက်အုပ်ချုပ်သူများက မတ်လတွင် အရပ်ဘက်အစိုးရထံ အာဏာလွှဲပေးပြီးနောက် ပြုပြင်ပြောင်းလဲမှုအချို့ စတင်ပြုလုပ်လာသော မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ မိတ်ဆွေ ဖြစ်နိုင်သည်” ဟူသော အလားအလာကို ဖော်ထုတ်ပြောဆိုခဲ့သည်။

“ ဒါပေမယ့် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖမ်းထားဦးမှာလား၊ တိုင်းရင်းသား ပြည်နယ်တွေမှာ အေးချမ်းမှုနဲ့ ပြန်လည် သင့်မြတ်မှု ရရှိအောင် ပြုပြင်ပြောင်းလဲမှုတွေကို အဆက်မပြတ် တိုးချဲ့လုပ်ဆောင်မှာလား စတဲ့မေးခွန်းတွေ ကျန်နေပါသေးတယ်” ဟု သူမက ဆက်လက်ပြောဆိုသည်။

“မြန်မာအစိုးရဟာ သူ့နိုင်ငံသားတွေ အားလုံးရဲ့ အကျိုးကျေးဇူးအတွက် စစ်မှန်ပြီး ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲမှုကို ဦးတည် လုပ်ဆောင်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေဖြစ်လာပါလိမ့်မယ်” ဟု ထပ်မံပြောကြားသည်။

ကြာသပတေးနေ့က APEC ဖိုရမ် အဝန်းအဝိုင်း၌ ဟီလာရီနှင့် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ကီဗင်ရုဒ်တို့ ဆွေးနွေးကြသော ကိစ္စရပ် များတွင် မြန်မာနိုင်ငံကိစ္စလည်း ပါဝင်ခဲ့သည်။

“ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ အပြောင်းအလဲအချို့ဟာ စစ်မှန်ပြီး သိသာထင်ရှားတယ်လို့ နှစ်ဦးစလုံးက သုံးသပ်ခဲ့ကြပါတယ်”ဟု အမည် မဖော်လိုသူ နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရေးဌာန၏ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိ မိုက်ကယ်ပေါ့စနာနှင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူးကိုယ်စားလှယ် ဒါရက်မစ်ချယ်တို့သည် မြန်မာနိုင်ငံသို့ ယခင်သီတင်းပတ်အတွင်းက သွားရောက်ခဲ့ကြပြီး အထီးကျန် အပယ်ခံဘဝမှ ရုန်းထွက်ရန် ကြိုးစားလာသော မြန်မာနိုင်ငံကို အမေရိကန်၏ အကူအညီ ပိုမိုပေးအပ်ရန် ကတိပြုခဲ့ကြသည်။

အမေရိကန် တာဝန်ရှိသူများက “ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ခန့်ကို လွှတ်ပေးရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကြိုဆို ကြောင်း” ပြောကြားခဲ့ကြသလို “ နိုင်ငံရေးအကျဥ်းသား အကုန်လုံး လွှတ်ပေးခြင်း၊ နိုင်ငံရေး ပါတီသစ်များ၊ လွတ်လပ်သော အလုပ်သမားသမဂ္ဂများ မှတ်ပုံတင်ခွင့်ပြုခြင်းနှင့် နိုင်ငံတွင်း လွတ်လပ်စွာ စုဝေးခွင့်ပြုခြင်း စသည်ဖြင့် ကတိပြုထားသော အပြောင်းအလဲများကို လက်တွေ့ အကောင်အထည် ဖော်သည်ကို မြင်တွေ့လိုကြောင်း”  ထုတ်ဖော်ပြောဆိုခဲ့သည်။

ပစိတ်ဖိတ်တစ်လွှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ အားသစ်လောင်းရေးကို အဓိကထား ဆွေးနွေးကြမည့် အဖွဲ့ဝင် ၂၁နိုင်ငံ APEC အုပ်စုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပါဝင်ခြင်း မရှိပါ။

သို့သော် လာမည့် နိုဝင်ဘာလ၌ အင်ဒိုနီးရှား ဘာလီကျွန်းတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးညီလာခံတွင်မူ မြန်မာနိုင်ငံပါဝင်လိမ့်မည်ဟု မျှော်လင့်ရသည်။ လာမည့် ဘာလီအစည်းအဝေးတွင် ဟီလာရီနှင့်အတူ သမ္မတ အိုဘားမားလည်း ပါဝင်တက်ရောက်မည်ဖြစ်သည်။

                                        ****************************************           

တရုတ်ကုမ္ပဏီနှင့် စာချုပ်သစ်ကြောင့် ယခင် တင်းကျပ်လွန်းသော မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ နှစ်ဆ တိုးနိုင်ဖွယ်ရှိ

( thenextweb.comမှ ၁၄ နိုဝင်ဘာ ရက်စွဲပါ “ New deal could double Internet Access in heavily censored Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရသည် တရုတ်နိုင်ငံ၏  Begin Xinwei Telecom ကုမ္ပဏီနှင့် စာချုပ်သစ် ချုပ်ဆိုပြီးနောက်တွင် လာမည့်ငါးနှစ်အတွင်း၌ အင်တာနက်သုံးစွဲသူ နှစ်ဆကျော်တိုးနိုင်ရန် စီစဉ်နေပုံရသည်။ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့၌ Broad band တပ်ဆင်ပေးခဲ့သော Begin Xinwei Telecom ကုမ္ပဏီ ဝါယာလက်နည်းပညာ လုပ်ငန်းသည် ယခု သဘောတူညီချက်အသစ်ကြောင့် မြန်မာနိုင်ငံတစ်လွှားမှ ခန့်မှန်းခြေ ဖောက်သည်ဦးရေ လေးသိန်း ခန့်ကို ဝန်ဆောင်မှု တိုးချဲ့ ပေးနိုင်တော့မည်ဟု တရုတ်နိုင်ငံ၏ Peoples’ Daily သတင်းစာက ဆိုသည်။

သဘောတူစာချုပ်၏ ဘဏ္ဍာရေးအချက်အလက်များကို အသေးစိတ်ဖော်ပြခြင်း မရှိသော်လည်း ၂၀၁၁ခုနှစ် မတ်လက မြန်မာအာဏာပိုင်များ ထုတ်ပြန်သည့် ကိန်းဂဏန်းအရ လက်ရှိ အင်တာနက်သုံးစွဲသူ အရေအတွက် သုံးသိန်း ရှစ်သောင်း ရှိသည်ဟု ဆိုထားသဖြင့် အရေအတွက် နှစ်ဆခန့် တိုးလာမည့် အလားအလာရှိနေသည်။ အစိုးရ၏ ကိန်းဂဏန်းကို တိကျသည်ဟု ယူဆပါက လူထုအကြား အင်တာနက်သုံးစွဲမှု ၀.၇ ရာခိုင်နှုန်း မျှသာ ရှိပေမည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းများသုံးစွဲခွင့်ကို ကန့်သတ်ချုပ်ချယ်ထားခဲ့သော တပ်မတော်အစိုးရကို ယခုနှစ် အစောပိုင်းတွင် အရပ်သားအစိုးရက အစားထိုး အာဏာရယူ အုပ်ချုပ်နေခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ အင်တာနက်ကို ကြီးကြီးမားမား ကန့်သတ် ထားဆဲ ဖြစ်သည်။ မြန်မာအစိုးရသစ်အပေါ်တွင် ယခင်တပ်မတော် အစိုးရဟောင်းက သြဇာလွှမ်းမိုးနေသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် အင်တာနက် ကန့်သတ်မှုအချို့ကို ဖြေလျော့ပေးကာ နိုင်ငံခြားဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။ ဤကြေညာချက်သည် နည်းပညာ သစ်ကို ထိတွေ့နိုင်မည့် ပြည်သူများ ပိုမိုတိုးပွားလာအောင် အစိုးရက တံခါးကို ပို၍ ဟပေးသည့် ပြောင်းလဲမှုပင် ဖြစ်သည်။

သို့သော်လည်း နွမ်းပါးသော မြန်မာပြည်သူအများစု အင်တာနက်မသုံးစွဲနိုင်သေးသည့် အကြောင်းအရင်းမှာ အင်တာနက်သုံးစွဲခွင့် ကုန်ကျ စရိတ် ကြီးမြင့်ခြင်းကြောင့်ဖြစ်သည်ဟု မဇ္စျိမ မြန်မာသတင်းဌာနက ရှင်းလင်းပြောကြားခဲ့သည်။

Peoples’ Daily သတင်းစာပါ တရားဝင် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၌ ကြိုးဖုန်းသုံးစွဲသူဦးရေ ၁.၀၉ သန်းကျော်နှင့် မိုဘိုင်းဖုန်းသုံးစွဲသူ ၂.၁ သန်းကျော်သဖြင့် စုစုပေါင်းတယ်လီဖုန်း သုံးစွဲနိုင်သူမှာ နိုင်ငံ့ လူဦးရေ၏ ၅.၄ ရာခိုင်နှုန်းမျှသာ ရှိသည်ဟု ပြသနေသည်။

ဆင်းရဲတွင်းထဲမှ အခြားအာဏာရှင်နိုင်ငံတစ်ခုဖြစ်သည့် မြောက်ကိုရီးယားမှ နည်းပညာဖွံ့ဖြိုးမှု အနေအထားနှင့်  နိုင်ငံကို ဒစ်ဂျစ်တယ် တော်လှန်ရေးနှင့် ဝေးရာသို့ ပို့ထားသည့် မြန်မာအာဏာပိုင်များသည်လည်း နည်းပညာဖွံ့ဖြိုးမှုကို တင်းတင်းကျပ်ကျပ် ဆက်လက်ချုပ်ကိုင် နေသော ကြောင့် အင်တာနက်နှင့် နည်းပညာ ဦးဆောင်ခေတ်ပြောင်း တော်လှန်ရေး ဖြစ်ပေါ်နိုင်မည့် အလားအလာသည် ယခုအချိန်ထိ အလှမ်းဝေးလွန်းနေဆဲ ဖြစ်သည်။

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အရပ်သားတစ်ပိုင်းအစိုးရ၏ တုံ့ပြန်မှုရှိသည့် အပြောင်းအလဲများ

*********************************************************************************

ဆောင်းပါးကဏ္ဍ

အရပ်သားတစ်ပိုင်းအစိုးရ၏ တုံ့ပြန်မှုရှိသည့် အပြောင်းအလဲများ

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကိုတည်ဆောက်ရာ၌ ယင်းနိုင်ငံ၏ နိုင်ငံတကာနှင့် ဆက်ဆံရေးကို ယခင်က ထည့်သွင်းစဉ်းစားခြင်း မပြုသော် ငြားလည်း ယခုအခါ အရေးကြီးသော ကိစ္စရပ်အဖြစ် ထည့်သွင်းစဉ်းစားလာကြသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးသည် အမေရိကန်၊ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်ကဲ့သို့သောအင်အားကြီး နိုင်ငံများနှင့်ထိတွေ့ဆက်ဆံလာရသည်။ ယင်းအင်အားကြီး နိုင်ငံများမှ တရားဝင် ဖွံ့ဖြိုးရေး အကူအညီများ၊ သံတမန်နည်းလမ်းများဖြင့် ဖိအားပေးမှုများသည် ယင်းနှင့် ထိတွေ့ဆက်ဆံရသည့် နိုင်ငံအပေါ် များစွာ သြဇာသက်ရောက်မှု ရှိသည်။ ပြုပြင်ပြောင်းလဲမှုများကို အသွက်မြန်မြန်ပြုလုပ်နေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည်လည်း ယင်းသြဇာသက်ရောက်မှုများကို တွေ့ကြုံလျက်ရှိသည်။

ဤသို့ဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံရာတွင် အဓိကအရေးကြီးသော မြန်မာအစိုးရ၏  နိုင်ငံခြားရေးမူဝါဒကို ဦးစွာဆန်းစစ်ကြည့်ပါမည်။ သမ္မတ ဦးသိန်းစိန်မှ မတ် ၃၀ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့်  မိန့်ခွန်းတွင် မိမိတို့အစိုးရမှ ကျင့်သုံး အကောင်အထည် ဖော်မည့် နိုင်ငံခြားရေးမူဝါဒကို အောက်ပါအတိုင်း ပြောကြားသွားသည်။ “လွတ်လပ်ရေးရရှိချိန်က စတင်ပြီး နိုင်ငံ့တာဝန်ကိုယူခဲ့တဲ့ အစိုးရ အဆက်ဆက်ဟာ နိုင်ငံရေး၊ စီးပွားရေးမူဝါဒများ၊ သဘောတရားရေးရာများမှာသာ ကွဲပြားခြားနားမှု ရှိခဲ့ပေမယ့် နိုင်ငံခြားရေးမူဝါဒမှာတော့ ဘက်မလိုက်တဲ့၊ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခြင်း၊ ငြိမ်းချမ်းစွာအတူနေထိုင်ရေး (၅)ချက်နဲ့အညီ နိုင်ငံတကာဆက်ဆံရေးကို ကျင့်သုံး ခြင်းများမှာ တူညီခဲ့ကြပါတယ်။ မည်သည့်နိုင်ငံကြီးရဲ့သြဇာကိုမှ မနာခံခဲ့တာ၊ နိုင်ငံတကာဆက်ဆံရေးမှာ မည်သည့် အုပ်စုဘက်ကမှ ပါဝင်ခဲ့ခြင်း မရှိခဲ့တာ၊ မည်သည့်နိုင်ငံက နိုင်ငံခြားတပ်ဖွဲ့ကိုမျှ မြန်မာ့မြေပေါ်မှာ အခြေချခွင့်မပြုခဲ့တာ၊ မည်သည့်နိုင်ငံကိုမျှ ရန်စကျူးကျော်ခြင်း၊ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်ခြင်း မရှိခဲ့တာ၊ နိုင်ငံတကာနဲ့ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးကို ထိပါးမှုမပြုခဲ့တာတို့ဟာ အစဉ်အဆက် မြန်မာ့နိုင်ငံခြားရေး မူဝါဒရဲ့ ဂုဏ်ယူစရာအချက်များပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့  အစိုးရအဖွဲ့အနေနဲ့လည်း အဲဒီဂုဏ်ယူဖွယ်ရာ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာများကိုပဲ မယိမ်းမယိုင် ဆက်ခံကျင့်သုံးသွားမှာဖြစ်ပြီး နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြားဒေသတွင်းအဖွဲ့အစည်းများမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ ကမ္ဘာ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ကျေပွန်စွာ ထည်ထည်ဝါ၀ါရပ်တည်သွားမှာဖြစ်ပါတယ်” ဟူ၍ ဖြစ်သည်။

အထက်ပါ သမ္မတကြီးပြောကြားသွားသည့် မိန့်ခွန်းတွင် မိမိတို့အစိုးရ၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်ရေးရပြီး ယခင်အစိုးရများ၏ မူဝါဒ နည်းတူ လွတ်လပ်ပြီးဘက်မလိုက်သည့် ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူ (၅) ချက်ဖြင့် ဆက်ဆံသွားရေးဖြစ်သည်ဟု တရားဝင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို သရုပ်ခွဲစိစစ်လိုလျှင် ပြည်တွင်းရေးရာနှင့် ပတ်သက်သည့် မူဝါဒများကို ဦးစွာဆန်းစစ်ဖို့ လိုပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံလို နှစ်ပေါင်းများစွာ အမျိုးသား စည်းလုံးညီညွတ်မှု မရှိခဲ့သည့်အပြင် ကမ္ဘာပေါ်တွင် အရှည်ကြာ ဆုံးသော ပြည်တွင်းစစ်ကို ဖြတ်သန်းနေသည့် နိုင်ငံတစ်နိုင်ငံအဖို့မှာမူ ပြည်တွင်းရေးရာမူဝါဒများသည် နိုင်ငံခြားရေးမူဝါဒအပေါ် များစွာ ရောင်ပြန် ဟပ်မှုများ ရှိနေသောကြောင့် ဖြစ်သည်။ ထိုအတွက်ကြောင့် ဦးသိန်းစိန်အစိုးရသည် အမေရိကန်နှင့် ဥရောပသမဂ္ဂ ဖိအားပေးတောင်းဆိုနေသည့် လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် လက်တွေ့ကျစွာ တုန့်ပြန်နေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ တစ်စိတ်တစ်ပိုင်းဖြစ်လာနေပြီဖြစ်သည်။ ထိုသို့ တုန့်ပြန်မှုရှိသည့် လုပ်ဆောင်ချက်များကို တွေ့မြင်ရသောအခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ “မြန်မာအစိုးရအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် တစ်ကယ်စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနိုင် မလုပ်ပေးနိုင်ကို စောင့်ကြည့်သွားမှာဖြစ်ပြီး တစ်ကယ် လုပ်ပေးနိုင်တယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲဖို့ အဆင်သင့်ပါပဲ” ဟူသောကောက်ချက်ချမှုမျိုး ထွက်ပေါ်လာရခြင်း ဖစ်သည်။

ယင်းကောက်ချက်ချမှုမှာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို အသိအမှတ် ပြုလိုက်ခြင်းမျိုး ဖြစ်သည်ဟု အပေါ်ယံရှုမြင်လိုက်၍ ရနိုင်သော်လည်း သေသေချာချာဆန်းစစ်ကြည့်ပါက မြန်မာအစိုးရမှာ နိုင်ငံတကာမျက်နှာစာတွင် တရားဝင်မှု ရှိလာပြီဟု သုံးသပ်၍ ရနိုင်ပါသည်။ အမေရိကန် အစိုးရ၏ လက်တွေ့ကျသည့် ထိတွေ့ဆက်ဆံရေးမူဝါဒနှင့် မြန်မာအစိုးရ၏ တုံ့ပြန်မှုရှိသည့် အပြောင်းအလဲများ ကြုံတွေ့သောအခါ အထက်ပါ အမေရိကန်နိုင်ငံခြားဝန်ကြီး၏ ကောက်ချက်ချမှုမျိုးပေါ် ထွက်လာခြင်းပင်ဖြစ်သည်။

အာဆီယံဒေသတွင်း နိုင်ငံများအနက် စုစုပေါင်း ပြည်တွင်းကုန်ထုတ်လုပ်မှု(GDP)အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိနေပြီဖြစ်သည့် မြန်မာနိုင်ငံ အတွက် ယိုယွင်းနေပြီဖြစ်သောနိုင်ငံ၏ စီးပွားရေးကိုစနစ်တကျ ပြန်လည် တည်ဆောက်ယူရမည်ဖြစ်သည်။ ဤသို့ တည်ဆောက်ယူရာတွင် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးအကူညီများ ရရှိမှုသည့် အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ အမေရိကန်မှာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးရေး အကူအညီအများဆုံးပေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်လေရာ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးချောမွေ့ အဆင်ပြေမည်ဆိုပါက (ဟီလာရီကလင်တန်၏ စကားအရ “မိတ်ဖက်” နိုင်ငံဖြစ်မည်ဆိုပါက) မြန်မာနိုင်ငံ၏ နိုင်ငံတည် ဆောက်ရေးသည် ချောမွေ့ဖို့ များသွားမည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင်မူ အရပ်သားတစ်ပိုင်းမြန်မာအစိုးရ၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာမှ တောင်းဆိုနေမှုများကို အပြည့်အဝ လိုက်လျောနိုင်မှု ရှိချင်မှရှိမည်။ သို့သော် အကူးအပြောင်းကာလတွင် နောက်ကြောင်းပြန် မလှည့်နိုင်သည့် မှန်ကန်မှုရှိသည့် လုပ်ရပ်များကိုတော့ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် လုပ်ဆောင်သင့်သည်။ သို့မှသာလက်ရှိ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် တလေးတစား ပေးအပ်လာပြီ ဖြစ်သော တရားဝင်မှုမှာ ပိုမိုခိုင်မာလာနိုင်မည်ဖြစ်ပါကြောင်း……..။

********************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs