Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဗိုလ်ချုပ်ကြီးနေဝင်းမသေသေး ၊ သို့သော်

                        *************************************

ဆောင်းပါးကဏ္ဍ

ဗိုလ်ချုပ်ကြီးနေဝင်းမသေသေး၊ သို့သော်

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စိတ်ကြိုက်ပုံဖော်ခွင့်ရရှိခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သက်တမ်း ကာလ အရှည်ကြာဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ မကြာသေးမီကမှ အာဏာစွန့်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်လျှင် ၂၃ နှစ်တာမျှသာ အာဏာစိုးမိုး နိုင်ခဲ့ခြင်းဖြစ်ရာ မသေခင်အထိ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးခြယ်လှယ်သွားခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ အနှစ်လေးဆယ်ကျော် အာဏာပိုင်စိုးမှုကို လိုက်မှီခြင်းမရှိသည်ကို တွေ့ရသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်ထွက်ဖြစ်ရာ ဆရာက ဆရာ တပည့်က တပည့် ဟူ၍သာ ဆိုရပေလိမ့်မည်။

၁၉၈၈ အာဏာသိမ်း စစ်အစိုးရ၏ ခေါင်းဆောင်တော်တော်များများသည် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်ရာ ၎င်းတို့၏ နေထိုင်ပြုမူပုံနှင့် အမူအကျင့်တို့သည် ဆရာဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်း၏ နည်းဗျူဟာ များပင်ဖြစ်သည်။ နေအိမ်အကျယ်ချုပ် ဖြင့် အကျဉ်းကျခံ နေရသူ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ ထင်ရှားသည့်ဥပမာပင် ဖြစ်သည်။ သူ၏ကျင့်သုံးပုံများသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ နည်းဗျူဟာများနှင့် ထပ်တူနီးပါးမျှ တူညီလှသည်။ ထို့ပြင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေအစိုးရ တလျှောက်လုံး ကျင့်သုံးခဲ့သည့် ပေါ်လစီများဖြစ်သည့် ဝါဒဖြန့်ချီခြင်း၊ သပ်လျှိုခြင်းများသည် ဗိုလ်ချုပ် ကြီးနေဝင်း၏ ဗျူဟာများပင် ဖြစ်ပါသည်။

“ဦးနေဝင်းက ဂျပန်ကို စစ်သင်တန်းသွားတက်တော့ နောက်ဆုံးအသုတ်မှရောက်တယ်၊ သူက ဝါဒဖြန့်ချီနည်းနဲ့ ထောက်လှမ်းရေးနည်း သင်ခန်းစာကနေ တက်ရတော့ သူက အဲ့ဒါတွေပဲကျွမ်းတယ်” ဟု နိုင်ငံရေးလောကမှ အနားယူသွားသည့် ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် သူ့လက်ထက်တွင် နိုင်ငံရေးအကျပ်အတည်းပေါ်တိုင်း အစိုးရအပြောင်းအလဲ ပုံစံမျိုး လုပ်လေ့ရှိသည်။ ဗိုလ်ချုပ် ကြီးနေဝင်းမှ သမ္မတကြီးနေဝင်းဖြစ်လိုက်၊ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ဖြစ်လိုက်နှင့် သမ္မတနေရာ အပြောင်းအလဲများကိုလည်း ပြုလုပ်၍ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းလေ့ရှိသည့် ပုံစံအတိုင်းပင် ယနေ့မြန်မာ စစ်ခေါင်းဆောင်များ ယူနီဖောင်းချွတ်၍ ဗိုလ်ချုပ်ဘဝမှ “ ဦး” ဘဝသို့ ပြောင်းလဲခဲ့ ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာကို ထိပ်ဆုံးမှကိုင်ထားသော်လည်း သူ့အတွက် ခေါင်းခံပေးမည့် ဝန်ကြီးချုပ်နေရာတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို ရှေ့ထွက်မင်းသားများအဖြစ် အသုံးတော်ခံစေခဲ့သည့် ဗျူဟာမှာလည်း ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့ကို ဦးနေဝင်းက သမ္မတများအဖြစ် ရုပ်ပြတင်ခဲ့ပုံနှင့် တစ်ထပ်တည်း ဖြစ် သည်။ ၁၉၈၈ အရေးအခင်းအပြီး ဗိုလ်ချုပ်ကြီး စောမောင် အာဏာသိမ်းပြီးချိန်က ပြောကြားခဲ့သည့် စကားတစ်ခွန်းမှာ နောက်ကွယ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အရှိန်အဝါ ကျန်ရှိနေသေးပုံကို သိသာသည်။

“ဦးနေဝင်းအနေနဲ့ နိုင်ငံရေးမှာ မပတ်သက်တော့ပါဘူး၊ ကျွန်တော် သူ့ဆီသွားတယ်ဆိုတာက သူက ကျွန်တော့်ကို ငယ်ငယ်လေးတည်းက သွန်သင်ဆုံးမခဲ့တဲ့ အဖေလိုလည်း ဟုတ်၊ အကိုလိုလည်း ဟုတ်တဲ့အတွက်ပါ” ဟု ဗိုလ်ချုပ်ကြီးစောမောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရယူပြီး နှစ်ပေါင်းအတော်ကြာအောင်ပင် နောက်ကွယ်၌ ဗိုလ်ချုပ်ကြီးနေဝင်း ရှိနေခဲ့သေးသည်ဟု မြန်မာ့ နိုင်ငံရေး လေ့လာသူတို့ က ဆိုသည်။ နောက်ဆုံးတွင် ၎င်း၏မြေးများ၏ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုအပြီးတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အဆုံးသတ်ပေးလိုက်ပြီး ထိုအချိန်မှစ၍  ၎င်းမှာ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ များမကြာမီပင် ဗိုလ်ချုပ်ကြီးနေဝင်း ကွယ်လွန်ခဲ့သည်။ သို့ရာတွင် ဆိုခဲ့ပါအတိုင်း မြန်မာအစိုးရမှာ သူ၏ နည်းဗျူဟာများကိုသာ ဆက်လက်ကိုင်စွဲခဲ့ သည်။

ဗိုလ်ချုပ်ကြီးနေဝင်း အသုဘသည် လိုက်ပါပို့ဆောင်သူ လူလေးငါးဦးဖြင့် ဖြစ်သလိုကျင်းပခဲ့ရပြီး အာဏာရှင်ဟောင်းတစ်ယောက်၏ နေဝင်ချိန်မှာ သံဝေဂယူဖွယ်ကောင်းသည်ဟု ပြောဆိုနေကြသော်လည်း ၎င်း၏ နိုင်ငံရေးဗျူဟာများ ကျင့်သုံးပုံသည် ယနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအာဏာပိုင်များအကြားတွင် ဆက်လက်သုံးစွဲနေကြရသေးကြောင်းကို သတိမူကြည့်ပါက မြင်နိုင်ပါသည်။ သို့ရာတွင် ယနေ့ မြန်မာအာဏာပိုင်များမှာ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဗျူဟာများကို ပုံတူကူးချခြင်းထက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အစပ်အဟပ်တည့်အောင် မွမ်းမံပြင်ဆင် ကျင့်သုံး ကြခြင်းဖြစ်သည်။

ယနေ့ မြန်မာခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ အစိုးရ အပြောင်းအလဲ ပြုလုပ်သည့် ပုံစံကို အနည်းငယ် ဒီဇိုင်းပြုပြင်ထားခြင်းဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က ခေါင်းဆောင် အမျိုးမျိုးပြောင်းသော်လည်း အတိုက်အခံမရှိ၍ အစိုးရ၏ အားနည်း ချက်များကို ထောက်ပြမည့်သူမရှိ ဖြစ်ခဲ့ရသည်။ ထိုအချက်ကို စဉ်းစားမိသော မြန်မာခေါင်းဆောင်များက အာဏာကို ဆက်လက်ကိုင်စွဲထားရင်း အစိုးရ၏ လုပ်ဆောင်ချက် အမှားများကို ထောက်ပြဝေဖန်နိုင်မည့် အတိုက်အခံမျိုးကို နေရာပေးရန်အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် အုပ်ချုပ်ရေး အာဏာတွင် ပါဝင်နိုင်မည် မဟုတ် သေးဘဲ အစိုးရဟောင်းကသာ အာဏာကို ဆက်လက်ကိုင်စွဲထားမည်ဖြစ်သည်။ သို့ရာတွင် ဒီမိုကရက်ပါတီများအနေဖြင့် အစိုးရ၏ အမှားများကို ထောက်ပြဝေဖန်ခွင့်နှင့် ပြည်သူလူထု၏ အခက်အခဲများကို နိုင်ငံ့ခေါင်းဆောင်ထိပ်ပိုင်းထိ သိရှိအောင် တရားဝင်တင်ပြခွင့် ရလာမည်ဖြစ်သည်။ တနည်း အားဖြင့် လိုအပ်သည့် ဥပဒေပြုရေး တို့တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က ဗဟိုဦးစီးစနစ်ကြောင့် အထက်အောက် ဆက်ဆံရေးတွင် အခက်အခဲများ ဖြစ်ခဲ့ရသည်။ တိုင်းပြည်ကြီး ပျက်စီးနေသည်ကို မိမိလုံးဝမသိရှိခဲ့ပါဟု ဗိုလ်ချုပ်ကြီးနေဝင်းပြောဆိုခဲ့သော စကားသည် ၎င်းကို ဝိုင်းဝန်း လိမ်ညာခဲ့ကြသော အစိုးရတာဝန်ရှိသူများကြောင့် ထိုစကားမှန်ကန်သည်ဟု ယူဆနိုင်သည်။ ယနေ့ မြန်မာခေါင်းဆောင်များက ထိုအချက်ကို သဘောပေါက်၍ ဗဟိုဦးစီးစနစ်မှ ဖြေလျော့ကာ အစိုးရကို တည့်မတ်ပေးနိုင်မည့် အတိုက်အခံကို လွှတ်တော်ထဲ ခေါ်သွင်းလာခြင်းဖြစ်သည်။

ထိုရွေးကောက်ပွဲ ထမြောက်အောင်မြင်ရန်အတွက် စစ်ခေါင်းဆောင်များသည် စနစ်တကျဗျူဟာချ၍ ကျင့်သုံးခဲ့ကြသည်ဟု ဆိုသည်။ ဦးအောင်သောင်းသည် NLD အဟောင်းများကို လည်းကောင်း၊ ဦးဌေးဦးသည် ၈၈ကျောင်းသားအုပ်စုများကို လည်းကောင်း အမျိုးသားညီလာခံ တက်ရောက်လာရန် ငွေကုန်ကြေးကျခံ၍ စည်းရုံးခဲ့သည်ဟုဆိုသည်။ NLD အဟောင်းများကို စည်းရုံး၍ အဆင်မပြေသောအခါ NDF ပေါ်ထွက်လာရန် စစ်ခေါင်းဆောင်များကိုယ်တိုင် ကြိုးပမ်းခဲ့ကြ သည်ဟုလည်း ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခင် စစ်ခေါင်းဆောင်များအနေဖြင့် အုပ်ချုပ်ရေးအာဏာကို ဆက်လက်ကိုင်စွဲ နိုင်ခဲ့သည်။ ယခု အစိုးရသစ် လက်ထက်တွင်လည်း အချို့သော နည်းဗျူဟာများသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ စိတ်ကူးအိုင်ဒီယာတွေသာ ဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ ဆင်းရဲမွဲတေမှု လျော့ချရေး၊ သမဝါယမ စနစ်ထူထောင်ရေးများသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဗျူဟာများပင်ဖြစ်ပြီး ခေတ်နှင့် လျော်ညီအောင် ပြုပြင်ထားခြင်းသာဖြစ်သည်။

ထိုသို့ဆိုလျှင် မြန်မာ့နိုင်ငံရေးသည် ဗိုလ်ချုပ်ကြီးနေဝင်း တစ္ဆေ၏ ခြောက်လှန့်မှုမှ ရုန်းထွက်နိုင်တော့မည် မဟုတ်ဟု ထင်မြင်ယူဆ စရာရှိပါ သည်။ သို့ရာတွင် ယနေ့ဂလိုဘယ်လိုက်ဇေးရှင်း၏ မောင်းနှင်မှုကြောင့် မကြာမီပင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်လာဖွယ်ရှိပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်ကျ မျိုးဆက်သစ် ယနေ့ဗိုလ်ချုပ်တစ်ဖြစ်လဲ ခေါင်းဆောင်များဖြစ်သည် ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ မျိုးဆက်သာ ကျန်ပါတော့ သည်။ စစ်တပ်သည် နိုင်ငံရေးမှ ဆုတ်ခွာ သွားပြီဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင် ဖြစ်မည့်သူသည် ပါတီထဲမှလာဖို့သာ များပါသည်။ ယနေ့ ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ငံတဝှမ်းနှင့် လွှတ်တော်တို့၌ အင်အားကြီးမား နေသော်လည်း ပါတီ တည်ဆောက်ရေးတွင် ညံ့ဖျင်းလှသောကြောင့် အာဏာကို လက်ဆင့်ကမ်းပေးနိုင်ဖွယ်ရာ မရှိတော့ပါ။ ထိုပါတီထဲမှာပင်လျှင် စစ်သားမဟုတ်သော ပညာတတ်တွေ ပေါများ လာ၍ ပါတီတွင်း အကွဲအပြဲများ ရှိလာနိုင်ပြီး အာဏာလက်ဆင့်ကမ်းရေးမှာ လွယ်ကူတော့မည်မဟုတ်ပေ။ ဆိုရလျှင် ယခုအစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်နေကြသော သမ္မတနှင့် ဝန်ကြီးများ မရှိတော့လျှင် အနာဂတ် မြန်မာ့ခေါင်းဆောင်သည် ပြည်သူလူထုက စိတ်ကြိုက် ရွေးချယ် တင်မြှောက်မည့် အရပ်သားထဲမှ လာနိုင်စရာရှိပါသည်။ ထိုခေါင်းဆောင်သည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ခဲ့လျှင်ပင် စိုးရိမ်ဖွယ်ရာမရှိပါ။ ထိုခေါင်းဆောင် သည် ယနေ့ခေတ်တွင် ကြီးပြင်းခဲ့ရမည်ဖြစ်၍ ဗိုလ်ချုပ်ကြီးနေဝင်း၏ ပညာရပ်များနှင့် အလှမ်းဝေးပြီး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပိုမိုနီးစပ်ပါလိမ့်မည်။ သို့ဖြစ်ရာ လက်ရှိအချိန်ထိ ဗိုလ်ချုပ်ကြီးနေဝင်း တစ္ဆေ၏အရိပ်မှာ မြန်မာ့နိုင်ငံရေးတွင် ရှိနေသေးသော်လည်း မကြာမီ ကွယ်ပျောက်သွားဖွယ် ရှိသည့် အတွက် ဗိုလ်ချုပ်ကြီးနေဝင်းမသေသေး သို့သော် မြန်မာ့နိုင်ငံရေး အနာဂတ်ကောင်းမည်ဟု ဆိုရလိမ့်မည်ဖြစ်သည်။

                            ********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၆.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လယ်မြေမရှိဘဲ ကျေးရွာအုပ်ရေးမှူး စိုက်ဘဏ်ချေးငွေ လိမ်ထုတ်
  2. သီလဝါအထူးစီးပွားရေးဇုန်အတွက် စီမံကိန်းတည်ဆောက်၍ ရေပေးဝေမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မန္တလေးသံဃာ့ဆန္ဒပြမှု ရန်ကုန်သို့ ဂယက်ရိုက်
  2. လူမှုစီးပွား တိုးတက်ရေးအတွက် ဌာနများစုပေါင်း၍ သမ္မတထံစာတမ်းတင်မည်
  3. ရပ်ကွက်ရုံးအသုံးစရိတ် ပြည်သူများပေးနေရဆဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************

ပြည်တွင်းသတင်းများ

လယ်မြေမရှိဘဲ ကျေးရွာအုပ်ရေးမှူး စိုက်ဘဏ်ချေးငွေ လိမ်ထုတ်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ငှက်ကြီးဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် လယ်ပိုင်မရှိဘဲ မြေစာရင်း လိမ်တင်ကာ မြန်မာ့ လယ်ယာစိုက်ပျိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ကိုယ်ကျိုးအတွက် လိမ်လည်ထုတ်ယူခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။

လယ်သမား ၃၆ဦး အမည်စာရင်းနှင့် လယ်ဧက စုစုပေါင်း ၃၃၅ ဧကအတွက် ကျပ်ငွေ သိန်း ၆၅ သိန်းကျော် မြေစာရင်း၊ ဘဏ်ဝန်ထမ်း တစ်ချို့နှင့် ပူးပေါင်း ငွေလိမ်ထုတ်ယူခဲ့ကြောင်း ဒေသခံများအဆိုအရ သိရှိရသည်။

ယင်း ကျေးရွာအုပ်ချုပ်ရေးမှူး မလျှော်ကန်သော အပြုအမူကို သမ္မတနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြထားကြောင်း ထပ်ဆင့်သိ ရသည်။

ဖခင်တစ်ဦးတည်း နာမည်လေးလုံးနှင့် လူတစ်ဦး အမည်နှစ်ပိုင်း ခွဲထုတ်ယူခဲ့ကြောင်း (ဥပမာ အဖ ဦးတင်လှိုင်၏ သား ဦးကြင်မြင့်ဦးကို ဦးကြင်မြင့်အနေဖြင့် တစ်ကြိမ်၊ ဦးမြင့်ဦးအနေဖြင့် တစ်ကြိမ် နှစ်ကြိမ်ခွဲထုတ်ကြာင်း )  တောင်သူတစ်ဦးက ဆိုသည်။

ယခုနှစ်တွင် အစိုးရမှ လယ်များရေမြုပ်ကုန်သဖြင့် စိုက်ပျိုးစရိတ်ကို တစ်ဧက ကျပ်နှစ်သောင်းမှ လေးသောင်းအထိ တိုးမြှင့်ထုတ်ပေးသော် လည်း အောက်ခြေ အကောင်အတည်ဖော်ရသူ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အကျင့်ပျက် ၀န်ထမ်းများ ကိုယ်ကျိုးရှာခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

သီလဝါအထူးစီးပွားရေးဇုန်အတွက် စီမံကိန်းတည်ဆောက်၍ ရေပေးဝေမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သီလဝါ အထူးစီးပွားရေးဇုန်အတွက် စစ်ပင်တောင်စီမံကိန်း တည်ဆောက်၍ ရေဂါလန် ၄၅ သန်းကို ပေးဝေ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၌ လုပ်ကိုင်လျက်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရေပေးဝေနိုင်ရေးစီမံကိန်းကို ဒဂုံ မြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်တောင်ကျေးရွာအနီး အမှတ်(၇) လမ်းနှင့် ငမိုးရိပ်ချောင်းဆုံရာနေရာ ငမိုးရိပ်ရေထိန်းတံခါး အထက်ဖက်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်မည့် စစ်ပင်တောင် စီမံကိန်း ပြီးစီးသွားပါက သီလဝါ အထူးစီးပွားရေးဇုန်သာမက သာကေတ၊ ဒေါပုံနှင့် ဒဂုံမြို့သစ် မြို့နယ်များကိုပါ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူများအတွက် သန့်ရှင်းကြည်လင်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် သောက်သုံးရေ ရရှိရေးအတွက် ငမိုးရိပ်ချောင်း ရေချိုပိုင်းမှ ရေကို အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရေပေးဝေနိုင်ရေးစီမံကိန်းအတွက် အင်ဂျင်နီယာများမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။

ထို့ပြင် မြန်မာ-ကိုရီးယားပူးပေါင်း၍ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဒေါ်လာ ငါးဘီလီယံကျော် ရင်းနှီးမြှုပ်နှံ၍ Myanko မြို့တော်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်စေရန် သီလဝါ အထူးစီးပွားရေးစီမံကိန်းဇုန်၌ စက်မှုဇုန်များ၊ ပိာုတယ်များ၊ ကွန်ဗင်းရှင်း စင်တာများ တည်ဆောက်၍ နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                      Ref:ပြည်မြန်မာ

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မန္တလေးသံဃာ့ဆန္ဒပြမှု ရန်ကုန်သို့ ဂယက်ရိုက်

မန္တလေးမြို့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် သံဃာများ ဆန္ဒပြနေမှုသည် ရန်ကုန်မြို့သို့ ကူးစက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သံဃာများက နိုဝင်ဘာလ ၁၆ရက်နေ့ နေ့လည် ၁နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားတွင် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်လာရေးအတွက် ဆုတောင်းပွဲပြုလုပ်မည်ဟု သတင်းကြောင့် လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း ဘုရားဖူးများက ပြောကြားသည်။

နိုဝင်ဘာ ၁၅ရက်နေ့ ညနေ ၄နာရီကလည်း လှည်းတန်းတွင် သံဃာများဆန္ဒပြမည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“ဥူးဇင်းတို့ စုစည်းနေပါတယ် အခြေအနေကိုကြည့်ပြီး ရန်ကုန်မှာ လှုပ်ရှားသွားမယ်။” ဟု ရန်ကင်းမြို့နယ်ရှိ မိုးကောင်းတွင် သီတင်းသုံး နေထိုင်သည့် သံဃာတစ်ပါးက မိန့်ကြားသည်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှိ မဟာဗုဒ္ဓ၀င် ဗိမာန်တော်ကြီးတွင် သံဃာတော် (၅) ပါးက နိုဝင်ဘာလ ၁၅ရက်နေ့ မနက်ပိုင်းမှ စ၍ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ဆန္ဒဖော်ထုတ် ဟောပြောခဲ့ကြောင်း သိရသည်။

ဗိမာန်တော်ကြီး အရှေ့ဖက်ခြမ်းတွင် “မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ၊ လွတ်လပ်မှုကိုပေးပါ။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ပြည်တွင်းစစ် ချက်ချင်းရပ်” စသည့် စာသားများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည့် ပိတ်သားပိုစတာများချိတ်ဆွဲပြီး နိုဝင်ဘာ ၁၅ရက် နေ့ မနက် (၅) နာရီကျော်ခန့်က စတင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ လွတ်လပ်စွာ ဟောပြောခွင့်ရရေး စသည့်အချက်သုံးချက်ပါ စာရွက်ကို နိုင်ငံ့ တာဝန်ရှိသူ အဆင့်ဆင့်ထံ တင်ပြရန်အတွက် သံဃာ့နာယက ဆရာတော်ကြီးများမှတဆင့် လက်မှတ်ထိုးပေးအပ်ခဲ့ကြောင်း လက်မှတ်ရေးထိုး ခဲ့သည့် သံဃာတော်တစ်ပါးက ပြောကြားသည်။

ဆန္ဒပြ သံဃာများသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်တွင် နိုဝင်ဘာ ၁၆ရက်နေ့ နေ့လည် ၁ နာရီမှ ၂ နာရီအထိ ဟောပြောခွင့်ရရှိပြီး လူစုခွဲခဲ့ကြရကြောင်း သိရသည်။

ယင်းဟောပြောပွဲသို့ လာရောက်ခဲ့သည့် သံဃာတော်များနှင့် ပြည်သူများကို နေ့လည်နှစ်နာရီမှစ၍ လူစုခွဲခဲ့ရာ ညနေ ၄နာရီတွင် အားလုံး လူစုခွဲထားပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ သံဃာတော်များ ဆန္ဒပြခြင်းသည် ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနောက်ပိုင်းနှင့် အစိုးရသစ်လက်ထက်တွင် ပထမဆုံး အကြိမ် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော်သာ ပါဝင်မှုကို သံဃာတော်များက ထောက်ပြဝေဖန်ပြီး တိုင်းပြည်တွင်း အမှန်တကယ်ပြောင်းလဲမှုကို လိုလားပါက နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရမည်ဟု သံဃာတော်များက မိန့်ကြား ခဲ့သည်။

ယခု ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်နေသည့် သံဃာ ၅ပါးထဲတွင် အရှင်သောပါကသည် ဂျာမနီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ရထားပြီး မကြာသေးမီ ကာလက ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် သံဃာတစ်ပါးဖြစ်ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

လူမှုစီးပွား တိုးတက်ရေးအတွက် ဌာနများစုပေါင်း၍ သမ္မတထံစာတမ်းတင်မည်

ရန်ကုန်မြို့၌ လာမည့် ၂၀၄၀ ကာလအထိတိုင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရန် အချက် အလက်များ စုဆောင်း၍ ဌာနဆိုင်ရာ ၂၉ ခုမှ စာတမ်းများ ရေးဆွဲကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နောက်လာမည့် အနှစ်သုံးဆယ်တွင် လူဦးရေအချိုးအစား၊ စီးပွားရေး၊ လူမှုရေး၊ သယ်ယူပို့ဆောင်ရေး စသည့် ကိစ္စရပ်များ၌ ဖွံ့ဖြိုးတိုးတက်နိုင်ရန်နှင့် အခြေအနေများကိုတွက်ချက်၍ ဖြစ်ပေါ်လာမည့် အခြေအနေများအလိုက် အကောင်အထည်ဖော် စီမံဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ စာတမ်းပြုစုရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် လက်ရှိနေထိုင်လျက်ရှိသည့် လူဦးရေသည် ပျှမ်းမျှ ခြောက်သန်းခန့်ရှိပြီး နောင်လာမည့် အနှစ်လေးဆယ်တွက် လူဦးရေ ဆယ်သန်းခန့် ဖြစ်လာနိုင်သည့်အတွက် တိုးပွားလာမည့် လူဦးရေများအတွက် စားဝတ်နေရေးပြေလည်နိုင်မည့် အစီအစဉ်များကို အဓိကထား ရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေ များပြားလာသည်နှင့်အမျှ စက်မှုဇုန်များ၊ စိုက်ပျိုးဇုန်များအပြင် ယဉ်ကျေးမှုနယ်မြေများနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေနိုင်မည့် တည်ဆောက်မှုများကို နိုင်ငံတော်မှ လုပ်ဆောင်ရန် ဌာနဆိုင်ရာများမှ ယခုကဲ့သို့ စာတမ်းပြုစု၍ အကြံပြုရေးဆွဲသွားမည် ဖြစ်သည့်အတွက် ကောင်းမွန် ကြောင်း နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                    Ref: Poplar News

-----------------------------------------------------------------------------------------------------------------------------------

ရပ်ကွက်ရုံးအသုံးစရိတ် ပြည်သူများပေးနေရဆဲ

အစိုးရသစ်လက်ထက် ရပ်ကွက်အချို့တွင် ပြည်သူများမှ ထောက်ခံစာ၊ ဧည့်စာရင်း၊ ယာယီသန်းခေါင်စာရင်းများ ပြုလုပ်ရာတွင် စာရွက် စာတမ်းကြေးနှင့် ရုံးအသုံးစရိတ်များကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးနေရဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ပြည်သူများထံမှ ရပ်ကွက်ရုံးများအနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခွင့်မရှိပာု ဆိုထားသော်လည်း ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ယနေ့ထက်တိုင် စာရွက်စာတမ်းကြေးပာုဆိုကာ ပြည်သူများထံမှ ငွေကြေးကောက်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွင်း အပြောင်းအလဲ စတင်ဖြစ်ပေါ်သည့်အတွက် အောက်ခြေဌာနတိုင်းတွင် လုပ်ငန်းလိုအပ်ချက်များ ရှိနိုင်ကြောင်း နိုင်ငံရေးနယ်ပယ်တစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ယခင်အစိုးရပောာင်း လက်ထက်ကတည်းကပင် ပြည်သူများမှ ဧည့်စာရင်းတိုင်ကြားခြင်း၊ ရပ်ကွက်ထောက်ခံစာ ပြုလုပ်ခြင်းကိစ္စရပ်များတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အပိုကြေးပေးဆောင်၍ လုပ်ဆောင်ခဲ့ရသော်လည်း ယခုအစိုးရသစ် လက်ထက်ထိတိုင် ၎င်းအကျင့်များမှာ ပျောက်ကွယ်သွားခြင်း မရှိသေးကြောင်း ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်တွေကို နိုင်ငံတော်ကမပြုပြင်နိုင်ဘူးဆိုရင် နိုင်ငံတော်အဆင့်ဆောင်ရွက်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့်ကိစ္စရပ်များလုပ်ဆောင်ရာတွင် ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း အငြိမ်း စားဝန်ထမ်းပောာင်းတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဌာနဆိုင်ရာအချို့တွင်လည်း အစိုးရသစ်လက်ထက်ထိတိုင် ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများမှာ ရှိနေကြဆဲပင် ဖြစ်ကြောင်း သိရသည်။

                                                                                                                                        YC

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဟိုတုန်းကဆိုရင် ငွေကိုအပ်သလောက် လက်ခံခွင့်မရှိဘူး။ ကန့်သတ်ချက်ရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဗဟိုဘဏ်က ဖြေလျော့ပေးမှုတွေ လုပ်လာတယ်။ ဒါမှလည်းဘဏ်လုပ်ငန်းငွေ တိုးတက်လာမှာပါ။ စက်တင်ဘာလ၊ သြဂုတ်လလောက်က စပြီးတော့ ပြောင်းလဲပေးဖို့ ပြောလာတာ။ အောက်တိုဘာလ ၁ ရက်နေ့ မှာ တကယ်လုပ်နိုင်ခဲ့တယ်။ အပ်ငွေများများ လက်ခံနိုင်တော့ ချေးငွေလည်းများများချေးနိုင်တယ်။ နောက်ထပ်လည်း ဘဏ်နဲ့ပတ်သက်ရင် reform တွေ များများလုပ်နိုင်ဖို့လိုပါတယ်”

နိုဝင်ဘာ ၁၆ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၇) တွင်ပါသည့် “ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များ ဘဏ်အပ်ငွေအား အကန့် အသတ်မထားဘဲ လက်ခံနိုင်ပြီ” သတင်းမှ ယူနိုင်တက်အမရာဘဏ်မှ အထွေထွေမန်နေဂျာ ဦးစံသိန်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အဓိက ဆောင်ရွက်ရမည့် အချက်အလက်များ၊ သမ္မတကြီးအား အကြံပြုပြောကြားခဲ့သည့် အချက်များ၊ ထောက်ပြဝေဖန် ဆွေးနွေးလိုသည့် အခြားအချက်အလက်များကိုလည်း ပြောပြစေလို ပါတယ်။

ဖြေ- နိုင်ငံတစ်ခု ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအခြေအနေတွေ မတူနိုင်ပါဘူး။ မြန်မာနိုင်ငံလို ကွဲပြားခြားနားမှု တစုံတရာရှိတဲ့ နိုင်ငံအနေနဲ့တော့  “Development through   peace and stability” က သွားရမှာဖြစ်တယ်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးက တဆင့် ဖွံ့ဖြိုးတိုးတက်မှုလို့ ပြောရမှာပေါ့။ နိုင်ငံရေးက အားလုံးထဲမှာ အဓိကအကျဆုံးပဲ။ အခု နိုင်ငံရေးတိုးတက်မှု ဖြစ်စဉ်က မှန်းတာထက်ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်နေပြီ။ ဒုတိယ တိုင်းရင်းသားကိစ္စ။ ဒါလည်းအတော်အတန် တိုးတက်မှုရနေပြီ။ တတိယ ဗျူရိုကရေစီယန္တရား။ အဲဒါကတော့ Mindset Changing Process ဖြစ်တာမို့ အချိန်ပေးရလိမ့်မယ်။ နောက်ဆုံးနည်းစဉ်ကတော့ Fire and Hire စနစ်ပဲ။ တစ်ပြိုင်နက် တည်းမှာပဲ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍမှာ လက်တွေ့ကျပြီး ဈေးကွက်စီးပွားရေး လက္ခဏာနဲ့ ညီညွတ်တဲ့ မူဝါဒတွေ  လိုလာပြီ။ တစ်ပြိုင်နက်တည်းမှာပဲ လူ့အရင်းအမြစ် ကောင်းတွေကို မွေးထုတ်ဖို့လည်း လုပ်ရလိမ့်မယ်၊ သမ္မတ ကြီးကို အကြံပြုခဲ့တာတွေကတော့ အလုပ်သဘောဖြစ်လို့ ပြောလို့ရမှာမဟုတ်ဘူး။ ကျွန်တော့် ဇနီးသည်တောင် မသိစေတဲ့ သဘောရှိပါတယ်။ ယေဘုယျသဘောကတော့ ဖြစ်ပျက်နေတဲ့ ပြည်တွင်း၊ ပြည်ပအခြေအနေနဲ့ ဖွံ့ဖြိုးရေးကိုရှေးရှုတဲ့ အကြံ မျိုးပေးတယ်လို့ပဲ ပြောလို့ရပါလိမ့်မယ်။ ကျွန်တော် အစိုးရိမ်ဆုံးက ဗျူရိုကရေစီ ယန္တရားကိုဘယ်လောက် အချိန်ပေးပြီး ပြုပြင်ယူမလဲဆိုတာပဲ။

နိုဝင်ဘာ ၁၇ ထုတ် Venus News အတွဲ (၃) အမှတ် (၁၈) တွင်ပါသည့် “နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်နှင့် တွေ့ဆုံ ခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “ဒီကနေ့ အင်တာနက်ခေတ်မှာ နိုင်ငံတကာရေးရာများကို လေ့လာမှတ်သားလိုတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းက ဗိုလ်ချုပ်တို့ခေတ်ကနဲ့ ဘာမျှ မဆိုင်လောက်အောင် တိုးတက်များပြားနေပြီဗျာ။ အထူးသဖြင့် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူငယ်တွေအတွက် အဲဒီလို အခွင့်အလမ်းတွေ အဆုံးမရှိ ပွင့်နေတယ်ဗျာ။ ဂျပန်ခေတ်တုန်းက ဂျပန်တွေ ပိတ်ဆို့ထားသမျှ ခံခဲ့ရတဲ့ခေတ်မျိုး မဟုတ်တော့ပါဘူး။ ဒီတော့ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ မလွဲမသွေ ဖြစ်လာကြမှာဖြစ်တဲ့ မျိုးချစ်ပြည်ချစ်လူငယ်တွေ ‘အကြားအမြင် ဗဟုသုတများပြားခြင်းသည် မင်္ဂလာမည်၏’ ဆိုတဲ့ စကားကိုမပြတ် နှလုံးသွင်းရင်း နိုင်ငံတကာရေးရာများ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ အကြောင်းနဲ့ သူတို့ရဲ့အပြုအမူများ အကြောင်းကို အခုကတည်းက စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း ဖတ်ရှုနားထောင် လေ့လာ မှတ်သားကြဖို့ တိုက်တွန်းလိုက်ရကြောင်းပါဗျ။

နိုဝင်ဘာ ၁၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၉) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “အိမ်နီးချင်း နိုင်ငံများ အကြောင်း လူငယ်များလေ့လာကြပါ” ဆောင်းပါးမှ ကောက်နှုတ်ချက်

****************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs