Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သမိုင်းခေတ်၊ လူငယ်နှင့် စွန့်ဦးတီတွင် စိတ်ဓာတ်

**************************************************

ဆောင်းပါးကဏ္ဍ

သမိုင်းခေတ်၊ လူငယ်နှင့် စွန့်ဦးတီတွင် စိတ်ဓာတ်

တိုင်းပြည်တစ်ပြည် အနာဂတ်ကိုခန့်မှန်လိုလျှင် ထိုခေတ်ကို တည်ဆောက်ဖြတ်သန်းသွားမည့် လူငယ်အင်အားစု၏ အရည်အချင်းကို လေ့လာ ကြည့်ရမည်ဖြစ်သည်။ သတင်းစာဆရာတစ်ဦးလည်းဖြစ်၊ နာမည်ကျော် စာရေးဆရာတစ်ဦးလည်းဖြစ်သူ သိန်းဖေမြင့်က “လူငယ်ဆိုတာအားနဲ့မာန်နဲ့”  ဟူ၍ ပြောဆိုသွားခဲ့ဖူးသည်။ တကယ်အားမာန်ရှိသည့် လူငယ်သည် “လူဆိုတာခေတ်ရဲ့ သားကောင်” ဟူသောစကားကိုလက်မခံ။ သူရွေးချယ်ရာ လမ်းကြောင်းသည်လည်း မိဘကြောင့်၊ ပတ်ဝန်းကျင်ကြောင့် ရွေးချယ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ သူ၏ ကိုယ်ကိုကိုယ့် ယုံကြည်စိတ်၊ တာဝန် ယူလိုစိတ်ဖြင့် ရွေးချယ်ခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ လူငယ်တို့မှာ ဘဝလမ်းကြောင်း ရွေးချယ်စရာ များများစားစား မရှိသေးပါ။ (သို့သော် ယခင်နှစ်များထက် စာလျှင် ပိုမို၍ရွေးချယ်စရာ ရှိလာသည်) လူငယ်တို့၏ အနာဂတ်ကို တန်ဖိုးဖြတ်သတ်မှတ်ရာ၌ လူငယ်တို့အပေါ် ယခုထိတိုင် လွှမ်းမိုးမှုရှိသည့်အရာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်လျှင်ပင် ဆရာဝန်၊ အင်ဂျင်နီယာ အစရှိသည့် ပညာရပ်များမှာ ဘဝအာမခံချက် သေချာသည် ဟုယူဆ၍သာဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လေ့လာသင်ကြားကြသည်။ အမှတ်မကောင်းသည့် လူငယ်များကတော့ ရိုးရိုးတက္ကသိုလ်တက်ပြီး ဘဝအာမခံချက်ကို လက်တွေ့လုပ်ငန်းခွင်ထဲတွင် ရှာဖွေကြသည်။ တချို့ကလည်း ဝင်ငွေပို၍ ကောင်းသော နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ လူလတ်တန်းစား၊ အထက်လွှာမိသားစုမှ ပေါက်ဖွားလာသည့် လူငယ်များမှာ ပညာဆက်သင် လိုလျှင် နိုင်ငံခြားသို့သွားရောက်၍ ပညာဆည်းပူးကြခြင်းမျိုးလည်း ရှိသည်။ ထိုသို့ယေဘုယျအားဖြင့် ခွဲခြားထားသော မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ လူငယ်တို့၏ ဘဝဖြတ်သန်းပုံ အမျိုးအစားများထဲတွင် ပျောက်ဆုံးနေသည့်အရာမှာကား စွန့်ဦးတီတွင် စိတ်ဓာတ်ဖြစ်သည်။

စွန့်ဦးတီတွင်စိတ်ဓာတ်သည် လူငယ်များတွင်သာ အဓိကအများဆုံးတွေ့နိုင်သော လူ့အဖွဲ့အစည်းအကျိုးပြု အရည်အချင်းတစ်ပါး ဖြစ်သည်။  မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိလူငယ်များတွင် အဘယ်ကြောင့် စွန့်ဦးတီတွင်စိတ်ဓာတ် ဆိတ်သုန်းနေသနည်း။ မြန်မာလူ့အဖွဲ့အစည်း တည်ဆောက်ချက် များအရ ပညာရေးအင်စတီကျူးရှင်များ၏ ဆရာဗဟိုပြု သင်ကြားရေး ယဉ်ကျေးမှုထွန်းကားနေခြင်း၊ လုပ်ငန်းခွင်များတွင် လူတော် ကြောက်ရောဂါ ပျံ့နှံ့နေခြင်းတို့ကြောင့် ဖြစ်တန်ရာ၏ဟု သုံးသပ်၍ ရနိုင်ပါသည်။ သို့သော် ၎င်းလူမှုတည်ဆောက်ချက်များသည် အပြောင်းအလဲများ၏ စိန်ခေါ်မှုကို မတုန့်ပြန်နိုင်သောကြောင့် ရေရှည်တွင် ကမ္ဘာ့အပြောင်းအလဲများနှင့်ရော၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး အပြောင်းအလဲများနှင့်ပါ အံဝင်ခွင်ကြ မဖြစ်နိုင်တော့ပါ။

ဤနေရာတွင် စွန့်ဦးတီတွင်ဟူသော စကားလုံးကို စီးပွားရေးလုပ်ငန်းများ ဦးဆောင်စွန့်စားတွက်ချက်၍ လုပ်ကိုင်သည့် စီးပွားရေးစွန့်ဦးတီတွင် (Business entrepreneurs) များကိုသာဆိုလိုရင်း မဟုတ်ပါ။ စီးပွားရေး နယ်ပယ်သည် လူ့အဖွဲ့အစည်း ကျန်းမာကြံ့ခိုင်ရေးအတွက် အဓိက ထောက်ပံ့ ပေးထားသည့် ထောင့်တိုင်ကြီးသုံးခုအနက်မှ တစ်ခုသာ ဖြစ်သည်။ ကျန်ထောင့်တိုင်ကြီးနှစ်ခုဖြစ်သော နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တို့တွင်လည်း စွန့်ဦးတီတွင် စိတ် ဓာတ်ရှိသည့် လူငယ်များ၏ အခန်းကဏ္ဍမှာ အထူးအရေးပါသည်။

ကမ္ဘာပေါ်တွင် စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးစနစ်မှာစွန့်ဦးတီတွင် စီးပွားရေးစနစ် (entrepreneur capitalism) အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထိုအတွက်ကြောင့် အမေရိကန်ရှိ အင်တာနက် ဒေါ့ကွန်းကုမ္ပဏီများဖြစ်သော apple, facebookတို့၏ ရှယ်ယာတန်ဖိုးမှာ အခြားလုပ်ငန်းစုများနှင့်ယှဉ်လျှင် အမြင့်ဆုံးအနေအထား ရောက်ရှိနေကြောင်း တွေ့ရသည်။ ထိုသို့ စွန့်ဦးတီတွင်စိတ်ဓာတ်ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ လိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးရေး ဘောဂဗေဒ ပညာရှင်များက နိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ရာ၌ စီးပွားရေးပညာရှင် ၁၀ ဦးထက် စွန့်ဦးတီတွင် စီးပွားရေးလုပ်ငန်းရှင် အယောက် ၁၀၀ ပိုမို လိုအပ်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် ယခုအချိန်တွင် နိုင်ငံရေးနှင့် လူမှုရေးကို စွန့်ဦးတီတွင်လုပ်ဆောင်မည့် လူငယ်အင်အားစုကြီးတစ်ခုလည်း လိုအပ်လျက်ရှိသည်။ သို့သော် စွန့်ဦးတီတွင် လုပ်ဆောင်သည်ဆိုရာ၌ တိုက်ပွဲသဏ္ဍန် တည်ဆဲစနစ်ကို ဆန့်ကျင်ခြင်း မျိုးမဟုတ်ဘဲ စနစ်အပြောင်းအလဲကို တီတွင်ဖန်တီးမှုရှိရှိ ဦးဆောင်သွားရန်ဖြစ်သည်။ တနည်းအားဖြင့် ပြောရလျှင် လွတ်လပ်ရေး အပြီး နိုင်ငံရေး စိတ် အခံဖြင့်သာ နိုင်ငံရေးဝင်လုပ်ခဲ့သော ပထမမျိုးဆက်ခေါင်းဆောင်များထက် ပညာအခြေခံဖြင့် နိုင်ငံတည်ဆောက်သည့် ဒုတိယမျိုးဆက်ခေါင်းဆောင်ကို သာ၍ လိုအပ်ပါသည်။ ထိုအတွက်ကြောင့် လူငယ်တို့၏ အရည်အချင်းတည်ဆောက်မှု(Capacity Building) မှာအခြားအရာအားလုံးထက် အရေးတကြီး လုပ်ဆောင်ရမည့်ကိစ္စပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင်မူသမိုင်းခေတ်တစ်ခုကို ဖြတ်သန်းရမည့် လူငယ်များတွင် စွန့်ဦးတီတွင် စိတ်ဓာတ် ဖြစ်ထွန်းရေးမှာ နိုင်ငံ တည်ဆောက်ရေးအတွက် များစွာအရေးပါပါသည်။ ထိုအတွက်ကြောင့် မူဝါဒချမှတ်သူများအနေဖြင့် လူငယ်တို့တွင် ယင်းစိတ်ဓာတ် ထွန်းကားလာအောင် အထောက်အပံ့ဖြစ်စေသည့်  စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဆိုင်သော အဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများကို ဖန်တီးပေးဖို့ လိုပါသည်။

သို့မှသာ ယခုလက်ရှိခေါင်းဆောင်များ အနာဂတ်မြန်မာနိုင်ငံအတွက် စိတ်ချရသော နယ်ပယ်အသီးသီးတွင် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော၊ အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်းများကို မွေးထုတ်ပေးနိုင်သူများအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း………..။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၇.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်တွင်းမီဒီယာများ အဆိုးမြင်ဟု ဇေကမ္ဘာဦးခင်ရွှေ ပုတ်ခတ်
  2. ကြက်သွန်နီ ပြည်ပမှတင်သွင်းမည့် အစီအစဉ် ပခုက္ကူရေဘေးဒဏ်သင့် တောင်သူများ ဒေါသထွက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ
  2. မဲခေါင်ဒေသ စားနပ်ရိက္ခာဖူလုံရေး ဥရောပသမဂ္ဂမှ ထောက်ပံ့ကူညီမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***********************************************************

ပြည်တွင်းသတင်းများ

ပြည်တွင်း မီဒီယာများ အဆိုးမြင်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပုတ်ခတ်

ခေတ်ပျက်သူဌေးဟု ပြည်ပမီဒီယာများ သတ်မှတ်ထားသည့် ဇေကမ္ဘာဦးခင်ရွှေသည် ပြည်တွင်းမီဒီယာများသည် အကောင်းမြင်သဘော မရေးသားသဖြင့် ကြောက်ဖို့ကောင်း စိတ်ပျက်ဖို့ကောင်းကြောင်း နိုဝင်ဘာလ၁၅ရက်နေ့တွင် စွပ်စွဲပြောကြားသည်။

ရန်ကုန်ယုဇနဂါးဒင်း ဟိုတယ်တွင် ပြုလုပ်သည့် ၂၈ ကြိမ်မြောက် မဟာမဲခေါင် ခရီးသွားလုပ်ငန်း အစည်းအဝေးတွင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်ရွှေက အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။

ကိုလိုနီခေတ် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွင် အရေးပါခဲ့သော အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) လွတ်လပ်ရေးဗိသုကာ     ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဝန်ကြီးများရုံးကို ဟိုတယ်အဖြစ် ပြုလုပ်သင့်ကြောင်း ၎င်း၏ပြောဆိုချက်ကို မရေးရန်ပြောကြားခဲ့သော် မီဒီယာများကရေးသားခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးခင်ရွှေက ဒေါသသကြီး ဝေဖန်ပြောကြားခဲ့သည်။

ဦးခင်ရွှေသည် မျိုးဆက်သစ် မီဒိယာသမားများကို လျှော့တွက်နေပုံရပြီး စကားပြောခွက်ကိုင်ကာ တဖက်သတ် ပြောချင်တာ ရှေ့နောက်မကြည့်ပဲ အမျှော်နဲနဲနှင့် ပြောတတ်သူဖြစ်ကြောင်း မည်သည်ဟာသတင်းဖြစ်သည်ကို ယနေ့ခေတ် လူငယ်မီဒီယာသမား ကောင်းကောင်းသိပြီး သူတို့အလုပ် သူတို့ လုပ်ခြင်းသာဖြစ်ကာ Public Relationship ပညာ မကျွမ်းသည့် ဦးခင်ရွှေ၏ အားနည်းချက်သာဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

လူငယ်သတင်းသမားများသည် သတင်းရှိလျှင် ကျေနပ်ကြသူများဖြစ်ပြီး ဦးခင်ရွှေဆက်ဆံနေသည့် လုပ်ငန်းရှင်အကြိုက် လိုက်ရေးသည် အဝါရောင်စာနယ်ဇင်းသမား ဦးမြတ်ခိုင်လိုသာ မှတ်ယူနေပုံရကြောင်း လူငယ်သတင်းသမားများ ကိုယ်စရိတ်နှင့် ကိုယ့်ထမင်းကိုယ်စားပြီး သတင်း လိုက်ကြသည်ကို သိပုံမရကြောင်း သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

 “သူမိုလိုလို့ မရှက်မကြောက် မော်နီတာဂျာနယ်ပါတဲ့ သူ့ကို ဖားရေးထားတဲ့ ဆောင်းပါးကော်ပီကို လူကြားထဲလိုက်ဝေတယ်။ အထူအပါး နားမလည်တာ သေချာတယ် ခေတ်ကိုမျက်ချေပြတ်နေတာအမှန်ပဲ” ဟု အဆိုပါပွဲကို တက်ရောက်ခဲ့သူ လူငယ်သတင်းသမားတစ်ဦးက မှတ်ချက်       ပြုပြောဆိုသည်။

ယခင်က စစ်ဗိုလ်လုပ်ခဲ့သည့် ယူနီဖောင်းချွတ်ဝန်ကြီးများပင် မီဒီယာများကို အားကိုးကြောင်း လွတ်လွတ်လပ်လပ် ရေးလို့ရကြောင်း အထူးသဖြင့် သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဦးဌေးဦး၊ ဦးစိုးသိန်း(စက်မှုဝန်ကြီး)၊ ဦးအောင်မင်း (မီးရထားဝန်ကြီး)၊ ဦးခင်ရီ(လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)၊ ဦးအောင် သိန်းလင်းတို့ပင် ပြည်တွင်းပြည်ပမီဒီယာများနှင့် ဆက်ဆံရေးနွေးထွေးစေရန် လုပ်ဆောင်နေချိန်တွင် ဦးခင်ရွှေ၏ လုပ်ရပ်သည် ဒီမိုကရေစီ် လမ်းကြောင်းကို သွေဖီရာရောက်နေသည်ဟု အမည်မဖော်လိုသူ တပ်မတော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝေဖန်ပြောကြားသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ကြက်သွန်နီ ပြည်ပမှတင်သွင်းမည့် အစီအစဉ် ပခုက္ကူရေဘေးဒဏ်သင့် တောင်သူများ ဒေါသထွက်

မြန်မာနိုင်ငံစာဖိုချောင်သီးနှံအသင်း၏ ကြက်သွန်နီဈေးမတက်စေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံမှ ကြက်သွန်နီများ တင်သွင်း လာခြင်းကို ရေဘေးဒဏ်ခံခဲ့ရပြီး စီပွားပျက်သွားသည့် ကြက်သွန်တောင်သူများ စိတ်ဆိုးဒေါသထွက်နေကြောင်း ပခုက္ကူမှ ကြက်သွန်နီ ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြား သည်။

“ဒါမျိုးမလုပ်ကောင်းဘူး မလုပ်သင့်ဘူး နာမည်ထည့်ရေးချင်လည်းရေးကွာ အစိုးရတော်တော် အသင်းကကဲနေတာ”ဟု ကြက်သွန်နီ ရောင်းဝယ်ရေး အတွေ့အကြုံ နှစ်လေးဆယ်ရှိ အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

စီပွားကူးသန်းဝန်ကြီးအနေဖြင့် ရေကြီးမှုကြောင့် ကြက်သွန်တန်ချိန် လေးထောင်ခန့်သာ ပျက်စီးပြီး ကြက်သွန်တန်ချိန် လေးသောင်းခန့် လက်ကျန်ရှိနေသေးကြောင်း ပျက်စီးဆုံးရှုံးမှုမှာ ၁၀ ရာခိုင်းနှုန်းခန့်သာရှိကြောင်း သတင်းထုတ်ပြန်ထားလျက် ပြည်ပတင်ပို့ခွင့်ဆုံးရှုံးမှာ စိုးရိမ်ပြီး တရုတ် နိုင်ငံမှ ကြက်သွန်နီတစ်ပိသာကျပ် ၅၀၀၊ ၆၀၀တန်ရှိ ကြက်သွန်အိပ် ၅၀၀ တင်သွင်းလာပြီး ကြက်သွန်ဈေးကျအောင် စီမံခြင်းသည် တဖက်စောင်းနင်း ဖြစ်စေကြောင်း ဘုရင့်နောင် အောင်သပြေလမ်းမှ စာဖိုချောင်သီးနှံ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ကြက်သွန်ဈေးကျဆင်းချိန် ထုတ်လုပ်မှုစရိတ်အောက် ရောက်သွားပြီး တောင်သူများ အကြွေးပြန်မဆပ်နိုင်ချိန်က အသင်းအနေဖြင့် မည်သည့် အကူအညီမှ မပေးကြောင်း ကြက်သွန်စိုက်ပျိုးသည်ဆိုသည်မှာ သဲချောင်းပြင်မှာ ငွေခင်းပြီး စိုက်ပျိုးရကြောင်း ကြက်သွန်သည် အညာဒေသ၏ ဘုရားက ပေးသည့် လက်ဆောင်ဖြစ်ပြီး အညာသူ အညာသားများ စီးပွားရေးဘဝသာ ဖြစ်ကြောင်း ကြက်သွန်ဈေး အသင့်အတင့်ကောင်းမှ အညာသူ အညာသာများ အူစိုကြောင်း မကွေးတိုင်း ပေါက် မြို့နယ်မ ကြက်သွန်တောင်သူတစ်ဦးက ဆိုသည်။

“ကြက်သွန်ဆိုတာ ဆန်လိုမျိုးလို မစားရင်မဖြစ်မှ မဟုတ်တာ ကြက်သွန်ဈေးတက်လို့ အိမ်ရှင်မတွေမဝယ်ရင် မရောင်းရတော့ ဈေးပြန်ချ ရောင်းရတာပဲ ကြက်သွန်ဈေးတက်တာ ပြဿနာမှမဟုတ်တာ “ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ပြည်တွင်း ကြက်သွန်နီဈေးတက်ချိန်တွင် တရုတ်မှပန်းသီးအရွယ်အစားရှိပြီး အစို ဓါတ်များသည့် ကြက်သွန်များ တင်သွင်ဘူးကြောင်း အလုံးကြီး မြန်မာကြက်သွန်ကဲသို့ အကြော်မခံသဖြင့် အိမ်ရှင်မများ မကြိုက်ကြောင်း လမ်းမတော်မြို့နယ် ၁၅လမ်းမှ ကုန်စုံပိုင်ရှင် တစ်ဦးက ဆိုသည်။

“တရုတ်ကြက်သွန်က အလုံးကြီးတော့ ဟင်းချက်ဖို့ တစ်လုံးလုံးသုံးဖို့ မရသလို တစ်ခြမ်းတစိတ်လည်း သုံးမရဘူး “ဟု        ၎င်းက ဆိုသည်။

မိဖြူ

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ

မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌတာဝန်ယူရေးကိစ္စရပ်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူပါက အခြားနိုင်ငံများနည်းတူ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အာဆီယံ အဖွဲ့တွင်း၌ တာဝန်ရှိသည့်အဖွဲ့အစည်း တစ်ရပ်အနေဖြင့်ပါ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာအား တာဝန်ယူပါက နိုင်ငံတကာ အသိုင်းအဝိုင်း၌ ဆက်ဆံရေး ကျယ်ပြန့်စွာဖြင့် ရှေ့ကိုဆက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ရေးမှာ ပုံမှန်ဆိုပါက ၂၀၁၆ ခုနှစ်တွင်မှ ရရှိမည်ဖြစ်သော်လည်း လာအိုနိုင်ငံဖြင့် သဘောတူညီချက် ရယူကာ လာအိုနိုင်ငံမှ အလှည့်ကျော်ပေးခဲ့ခြင်းဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအား လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စရပ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမည်ဖြစ်ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်သည် ၎င်းအစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်  အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရေး ဆုံးဖြတ်ချက်ချနိုင်ရန် လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည့် အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ထိပ်တန်း ခေါင်းဆောင်များအပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ အဓိကထား ဆွေးနွေး သွားဖွယ် ရှိသည့်အကြောင်းအရာများမှာ လာမည့် ၂၀၁၄ ခုနှစ်၌ မြန်မာအာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး ကိစ္စများအပြင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တွင်း အငြင်းပွားမှု၊ အာဆီယံဒေသတွင်း နိုင်ငံအချို့တွင် ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                              Ref: မြန်မာတိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

မဲခေါင်ဒေသ စားနပ်ရိက္ခာဖူလုံရေး ဥရောပသမဂ္ဂမှ ထောက်ပံ့ကူညီမည်

မပာာမဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အား စားနပ်ရိက္ခာဖူလုံရေးအတွက် ဥရောပသမဂ္ဂ၏ စားနပ်ရိက္ခာဖူလုံရေး ဦးစားပေးအစီအစဉ်အထောက်အပံ့ဖြင့်ဆောင်ရွက်လျက်ရှိသည့် EC-FAO စားနပ်ရိက္ခာဖူလုံရေးမှ ယူရိုငွေနှစ်သန်း ပရောဂျက်ကို ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

EC-FAO စားနပ်ရိက္ခာဖူလုံရေးမှ ကူညီမည့် ပေရောဂျက် အထောက်အပံ့များမှာ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ သတင်းအချက်အလက်များ အရည်အသွေး ပိုမိုမြင့်မားတိုးတက်ရေး၊ စိစစ်သုံးသပ်မှုများ ပိုမိုပြုလုပ်နိုင်ရေးနှင့် ဆုံး ဖြတ်ချက်များ ချမှတ်ရာတွင် သတင်းအချက်အလက်များ အသုံးပြုမှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ပင် ဖြစ်ကြောင်း သိရသည်။

ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများနှင့် စားနပ်ရိက္ခာချို့တဲ့မှုများမှာ တစ်ခုနှင့် တစ်ခုချိတ်ဆက်နေသည့်အတွက် သဘာဝဘေးအန္တရာယ် ကိုလည်း သတိထားရမည်ဖြစ်ပြီး ယခုစီမံကိန်းမှတစ်ဆင့် ကျန်အဖွဲ့အစည်းများပါ ထပ်မံပါဝင်လာနိုင်ရန် ကဏ္ဍပေါင်းစုံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FAO Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာနိုင်ငံအသီးသီး၌ သဘာဝဘေးအန္တရာယ်ရင်ဆိုင်နေရမှု ပြဿနာများကို ရင်ဆိုင်ခံစား နေရသည့်အတွက် Climate Change များကို ရှေ့တိုး၍ သုတေသနပြုဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ ကြိုတင် ကာကွယ်ရေးများကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ပြည်ပပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် စီမံကိန်းတွင် စားနပ်ရိက္ခာအပေါ် ရာသီဥတု၏ အကျိုးဆက်နှင့် ရာသီဥတုအလိုက်သာမက ကာလရှည် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုနားလည်သိရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် ဆင်ရဲနွမ်းပါးမှုဆိုင်ရာ ဖိုရမ်တွင် အိမ်ထောင်စုများနှင့် လူမှုအသိုက်အဝန်းတို့၏ စားနပ်ရိက္ခာ ချို့တဲ့မှုအခြေအနေကို နားလည်ပိုင်းခြားသုံးသပ်ရေးတွင် ကူညီဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                                                            Ref: မြန်မာတိုင်းမ်

***********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အာဆီယံဥက္ကဋ္ဌ လုပ်ရမယ့် နှစ်က ၂၀၁၄ ဖြစ်တဲ့အတွက်ကြောင့်မို့ ၂၀၁၄မှာ ဥက္ကဋ္ဌလုပ်ရမယ့်လူက ၂၀၁၅ AEC ဖြစ်နိုင်ရေးအတွက်ကို အစအဆုံး တာဝန်ယူပေးရမယ့် တာဝန်ရှိလာတာပေါ့။ အဲဒီလိုရှိလာပြီဆိုရင် အပြုသဘောပြောရရင် တစ်ခုခုကို တာဝန်ရှိလာပြီဆိုရင် တာဝန်ကျေကျေလုပ်ပေးရမယ့် အခြေအနေက တွန်းပို့လိုက်သလို ဖြစ်သွားတာပေါ့။ အဲတော့ ပြင်ပပတ်ဝန်းကျင်နိုင်ငံနဲ့ ပေါင်းစည်းနိုင်ရေးကိစ္စ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်တွေကိုပါ တစ်ပါတည်းလုပ်နိုင်မယ့် အနေအထား အခွင့် အလမ်းတစ်ခု ရလိမ့်မယ်လို့ထင်ပါတယ်။ အဲဒီအတွက် အခွင့်အလမ်းကိုသာ ကျွန်တော်တို့ ပီပီသသလုပ်နိုင်မယ်ဆိုရင် ၂၀၁၄ မှာဥက္ကဋ္ဌ ဖြစ်ရကြိုးနပ် မယ်လို့ ထင်ပါတယ်။ အဓိကတော့ ကျွန်တော်တို့  ဝန်နဲ့လာမယ့်လှိုင်းလုံးနဲ့ ကျွန်တော်တို့လှေနဲ့ တန်ပါ့မလား။ လှိုင်းလုံးကကြီးကြီး လှေကို အရင်ကြီး အောင် လုပ်ထားဖို့လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့လှေပေါ်မှာ ပဲ့ကိုင်တဲ့လူတွေ တော်မယ်ဆိုရင် လှိုင်းကြီးလှေကြီးပေမယ့် အခက်အခဲ မရှိနိုင်ဘူး။ ကျွန်တော် ထပ်တဲလဲပြောနေတာ လူ့စွမ်းအားအရင်းအမြစ်နဲ့ စွမ်းဆောင်ရည်က အရေးကြီးလို့ ပြောချင်ပါတယ်”

နိုဝင်ဘာ ၁၇ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၃၅) တွင်ပါသည့် “မြန်မာအာဆီယံဥက္ကဋ္ဌရာထူးရလျှင် ဘယ်လိုအကျိုးရှိမလဲ” သတင်းမှ ဒေါက်တာဇော်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

                                 -----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီးတွေးတောပုံ တွေးတောနည်းကို သင်ပေးရုံပါ။ ကျန်တာကတော့ သင်တန်းသားတွေရဲ့ အပိုင်းပါပဲ။ အသိတရား ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ပါပဲ။ လူ့အဖွဲ့အစည်းနှစ်ရပ်ဆိုတာ ရှိတယ်။ တစ်ခုက ကြောက်ရွံ့တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကြောက်ရွံ့သော လူ့အဖွဲ့အစည်းမဟုတ်ရင်တောင် ဒီအဖွဲ့အစည်းမျိုး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့က အသိတရားရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ ဦးတည်သွားနေတာပါ”

အောက်တိုဘာ ၁၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၄၄) တွင်ပါသည့် “မန္တလေးကဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်း” သတင်းဆောင်းပါးမှ ရန်ကုန် ဗေဒါရုံးခွဲ၏ ညွှန်ကြားရေးမှူး ကိုမျိုးရန်နောင်သိန်း၏ ပြေကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တိုးတက်ဖို့ဆိုတာဟာ ကျွန်မတို့ဟာ အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့အချိန်မှာ ပြောင်းလဲရမယ်။ ကျွန်မတို့ဟာ ယုံကြည်ချက်ပေါ်မှာအခြေခံပြီးတော့ စွန်းစားသင့်တဲ့အချိန်မှာစွန့်စားရမယ်။ အဲဒီလိုလုပ်မှသာလျှင် ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီလမ်းကြီးက ပွင့်သွားမှာပါ။

ဒီတော့ မပွင့်သေးဘူးလားလို့ တချို့ကပြောမယ်။ ဒီလို ကျွန်မပြောခြင်းအားဖြင့် ဒီမိုကရေစီလမ်းကြီးက မပွင့်သေးဘူး လားလို့ ပြောတာလားဆိုရင် ဒီလမ်းဟာပွင့်ပြီလို့ အားလုံးကနေလက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူးလို့ ကျွန်မပြောပါရစေ။ အဲတော့ ဒီအခြေအနေရောက်ဖို့ဟာ ကျွန်မတို့ အားလုံးဝိုင်းပြီး ကြိုးစားဖို့လိုပါတယ်”

နိုဝင်ဘာ ၁၇ ထုတ် PupularNews  အတွဲ (၃ခအမှတ် (၄၅) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ပြီး တစ်နှစ်ပြည့် မိန့်ခွန်း” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ၂၀၁၀ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၁ခုနှစ် နိုဝင်ဘာလအတွင်းမှာအစိုးရသစ်လည်းပြောင်းလဲသွားပြီ၊ လွှတ်တော်လည်း ခေါ်နေပြီ ဆိုတော့ ဒီကာလ တစ်နှစ်အတွင်း အပြောင်းအလဲအပေါ် ဆရာဘယ်လို မြင်ပါသလဲ။

ဖြေ- အမှန်ကအစိုးရသစ်အနေနဲ့ သက်တမ်းက ခုနှစ်လသားပဲရှိပါသေးတယ်။ အဲဒီကာလအတွင်း နိုင်ငံရေ ကဏ္ဍဘက်မှာ အင်မတန်ထင်ရှားတဲ့ သမိုင်းဝင် အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ နိုင်ငံရေးပါတီတွေနဲ့ ကမ္ဘာကတောင် အံ့သြရတဲ့ အပြောင်းအလဲတွေကို မွေးထုတ်နိုင်ခဲ့တယ်။ တခြားကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေမှာလည်း မူဝါဒ၊ စီမံကိန်းအပြောင်းအလဲတွေ အများကြီးပါပဲ။ ဒါပေမယ့် ရေရှည်ကိစ္စရပ်တွေ ဖြစ်တော့ ချက်ချင်း ရလဒ်တွေကို ထုတ်မပြနိုင်သေးတာပဲရှိတာပါ။

အပြောင်းအလဲရဲ့ သဘာဝကိုသုံးသပ်ရရင် ‘စစ်မှန်တဲ့အပြောင်းအလဲ’ ဖြစ်ပြီး နောက်ကြောင်းပြန်မလှည့်တဲ့ အပြောင်းလည်းဖြစ်တယ်လို့ မြင်တယ်။ အပြောင်းအလဲမှာ  ရှုထောင့်တစ်ခုက ကြည့်ရင် အဆင့် (၃) ဆင့် ရှိတယ်။ ပထမအဆင့်က အချိန်မရွေး နောက်ကြောင်းပြန်လှည့်နိုင်တယ်။ ဥပမာပေးရရင် သမီးရည်းစားအဆင့်ပေါ့။ နောက်တစ်ဆင့်က စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း၊ နောက်ကြောင်းပြန်လှည့်ခွင့် သိပ်နည်းသွားပြီ။ နောက်ဆုံတစ်ဆင့်က လက်ထပ်ထိမ်းမြားခြင်းပဲ။ အခုအဆင့်က အဆင့်(၂) ကို ရောက်လုနီးနေပြီလို့ သုံးသပ်တယ်၊ မကြာခင်ကာလမှာ နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ စေ့စပ်ကြောင်းလမ်းခြင်းအဆင့်ကို ရောက်တော့မယ်လို့ ယူဆတယ်။

အောက်တိုဘာ ၁၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၄၄) တွင်ပါသည့် “နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်နှင့် တွေ့ဆုံခြင်း”မှ ကောက်နှုတ်ချက်

                       ************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs