Transparency Myanmar

transparency.myanmar@gmail.com

၁၉.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သမ္မတကြီး ဦးသိန်းစိန် ဂန္ဓလရာဇ်ကမ်းမှ ခွာတော်မူခြင်း

*****************************************************************

ဆောင်းပါးကဏ္ဍ

သမ္မတကြီး ဦးသိန်းစိန် ဂန္ဓလရာဇ်ကမ်းမှ ခွာတော်မူခြင်း

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပလျက်ရှိသော အာဆီယံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် အတည်ပြုလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေများမှ ပိုမိုကြိုးစားရတော့မည်ဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က သူ၏ west wings အဖွဲ့သားများကို သြဝါဒပေးလိုက်သည်။

အာဆီယံဥက္ကဋ္ဌ ရာထူးရယူနိုင်ရန် အသည်းအသန်ကြိုးပမ်းနေခြင်းမှာ လက်ရှိအစိုးရသည် ရွေးကောက်တင်မြှောက်ခံ အစိုးရဖြစ်ခြင်းနှင့် အရပ်သားအစိုးရအဖြစ် နိုင်ငံတကာတွင် တရားဝင်ရန် ကြိုးပမ်းခြင်းဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုကြသည်။ ထိုမှတ်ချက်ပြုမှုများသည် ပညာရှင်တို့ သဘောထားဖြစ်၍ မှန်ကန်သော်လည်း အခြားအချက် တစ်ချက်လည်း ရှိနေပြန်သည်။ အလွန်အမင်း အင်အားကြီးထွားလာသည့် တရုတ် နိုင်ငံကို ပါဝါမျှခြေထိန်းရန်အတွက် အာဆီယံအသိုက်အဝန်းကို ဦးဆောင်ရန် ကြိုးပမ်းခြင်းဟု ဆိုနိုင်မည့် အရိပ်အယောင်တွေလည်း တွေ့ရသည်။

ယခင်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအစိုးရအနေဖြင့် အုပ်ချုပ်ခဲ့ရာ ရွေးကောက်တင်မြှောက်ခံအစိုးရ မဟုတ်သဖြင့် နိုင်ငံတကာတွင် မျက်နှာပန်းမလှခဲ့သလို အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း ဝိုင်းကြဉ်ထားသည်ဖြစ်ရာ မြန်မာစစ်အစိုးရအနေဖြင့် ကမ္ဘာ့အလယ်တွင် တရားဝင် နိုင်ရေးအတွက် ကုလသမဂ္ဂတွင် အင်အားကြီးတစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထီးရိပ်ကို ခိုခဲ့ရသည်။ ထီးရိပ်ခိုခအတွက်၊ စစ်အစိုးရကို ကာကွယ်စောင့်ရှောက်ခအတွက် မြန်မာတို့အနေဖြင့်လည်း တရုတ်ပြည်ကို ပြန်လည်ပေးဆပ်လိုက်ရမှုတွေ များစွာရှိခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတတွေ အားလုံးနီးပါးကို တရုတ်ပြည်တစ်ခုတည်းကို မဖြစ်စလောက်ငွေကြေးဖြင့် ရောင်းချပေးရသည်။ တရုတ်နိုင်ငံမှ အမှိုက်နီးပါးဖြစ်သည့် မိုဘိုင်းဖုန်းတွေကို မြန်မာနိုင်ငံအတွင်း ဈေးကွက်ရှာပေးရသည်။ မဟာဗျူဟာအရ အလွန်ပင်စိုးရိမ်ဖွယ်ကောင်းသည့် မြစ်ဆုံစီမံကိန်းကြီးနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို ခွင့်ပြုခဲ့ရသည်။ မြစ်ဆုံစီမံကိန်းသည် ပြည်သူတစ်ရပ်လုံး၏ တက်တက်ကြွကြွ ကာကွယ်မှု၊ မီဒီယာများ၏ မီးမောင်းထိုးမှု၊ ကမ္ဘာ့အသိုင်းအဝိုင်း၏ ဖိအားနှင့် သမ္မတကြီး၏ ရဲဝံ့ပြတ်သားသော ဆုံးဖြတ်ချက်တို့ကြောင့် ရပ်တန့်နိုင်ခဲ့ပြီဖြစ်သော်လည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ယင်းနှင့်တဆက်တည်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းများသည် နိုင်ငံ၏ အချုပ်အခြာအာဏာအထိပင် စိုးရိမ်ဖွယ် ကောင်းနေသေးသည်။ သို့ရာတွင် လက်ရှိအခြေအနေအရ မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံတကာတွင် တရားဝင်ဖြစ်ပြီဟု ဆိုနိုင်စေကာမူ ဖြတ်သန်း စရာတွေ အများကြီးကျန်နေသေးသည်ဖြစ်ရာ ဆွေမျိုးပေါက်ဖော်တို့ အမျက်ဒေါသထွက်မည့်အရေးကို ရှောင်ရှားလိုသောကြောင့် ကျောက်ဖြူရေနက် စီမံကိန်းကို ဆက်လက်ခွင့်ပြုခဲ့သည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် တရုတ်ပြည်ကြီးကို စိန်ခေါ်နိုင်စွမ်းမရှိသေးသည့် အခြေအနေကို သဘောပေါက်၍ တရုတ်ပြည်နှင့် ထိပ်တိုက်မတိုးရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စတွင် နှုတ်ဆိတ်နေခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်သည် စစ်အစိုးရခေါင်းဆောင်များထဲတွင် ဥာဏ်ပညာအကြီးမားဆုံးဖြစ်ပြီး နိုင်ငံတကာရေးရာ အမြင်ရှိသူတစ်ဦးလည်း ဖြစ်ရာ တရုတ်ပြည်၏ မြန်မာနိုင်ငံအပေါ် လိုအပ်သည်ထက် သြဇာလွှမ်းမိုးနေမှုကို လျော့ချရန် လိုနေပြီဖြစ်ကြောင်း ယခင် အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကပင် သုံးသပ်မိဟန်တူပါသည်။ ထို့ကြောင့် သမ္မတအဖြစ်ကျမ်းကျိန်၍ အစိုးရသစ်ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက် မြန်မာ အစိုးရသစ်ကို နိုင်ငံတကာတွင် တရားဝင်ရန် ကြိုးပမ်းမှုကို စတင်တော့သည်။ သဘောမှာ မြန်မာနိုင်ငံအနေဖြင့် ပေါင်းသင်းစရာ တရုတ်တစ်နိုင်ငံတည်း မဟုတ်တော့စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

သမ္မတကြီးသည် အစိုးရသစ်ဖွဲ့ပြီးပြီးချင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဦးသိန်းစိန်သည် သူ့နိုင်ငံကို သြဇာလွှမ်းသော အကိုပေါက်ဖော်ကြီးများကို သွားရောက်ဂါရဝပြုခြင်းဖြစ်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသော်လည်း ထိုခရီးစဉ်တွင် ဦးသိန်းစိန်က တရုတ် ခေါင်းဆောင်တွေကို မိမိသာလျှင် မြန်မာနိုင်ငံ၏ အထွဋ်အထိပ်ဖြစ်ပြီး သွားလေသူ ဗိုလ်ချုပ်မှူးကြီးကို တမ်းတနေခြင်းမပြုရန် အသိပေးလိုခြင်း ဖြစ်ပုံ ရသည်။ မြန်မာနိုင်ငံ၏ ဥသျှောင်သမ္မတဖြစ်ကြောင်းကိုလည်း မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ခြင်းဖြင့် တရုတ်ခေါင်းဆောင်တွေကို သတိပေး လိုက်သည်။ စစ်အစိုးရလက်ထက်က တရုတ်အစောင့်ရှောက်ခံ ကိုးကန့်နှင့် ဝ တိုင်းရင်းသားလက်နက်ကိုင်များကို ထိုးစစ်ဆင်သည့် ကိစ္စနှင့် ပတ်သက်ပြီး တရုတ်ပြည်၏ အမျက်တော်ရှမှုကို ခံခဲ့ရသည်။ ထိုကိစ္စကို စစ်တပ်၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သွားရောက် ဖြေရှင်းခဲ့ရာ တရုတ်ခေါင်းဆောင်တွေက “ မင်းဆရာဘယ်သူလည်း၊ မင်းထက်ကြီးတဲ့သူ လွှတ်လိုက်” ဟု ရင့်သီးစွာပြောခဲ့သဖြင့် ထိုစဉ်က နံပါတ် ၂ ဥသျှောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ရသည်။ ယခု မြစ်ဆုံကိစ္စတွင် တရုတ်နှင့် ပြဿနာအကြီးအကျယ် တက်လိမ့်မည်ဟု ယူဆရသော်လည်း သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကိုယ်တိုင်သွားရောက်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ် ခဲ့ပြီး ၎င်းကမူ တရုတ်၏ မဟာဗျူဟာပြိုင်ဘက် အိန္ဒိယသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ခြင်းဖြင့် တရုတ်အစိုးရကို ကြိုးတစ်ချောင်း တင်းပြလိုက်သည်။ ထိုခရီးစဉ်တွင် အိန္ဒိယနှင့် သဘောတူညီချက် များစွာရရှိခဲ့ပြီး စစ်တွေရေနက်စီမံကိန်းသည် ကျောက်ဖြူရေနက်စီမံကိန်းကို ထောက်ထားနိုင်မည့် မဟာဗျူဟာ ဆိပ်ကမ်းတစ်ခုလည်း ဖြစ်ခဲ့သည်။

သမ္မတကြီးအနေဖြင့် တရုတ်ကို တန်ပြန်ရန်မှာ အာရှအနေအထား တစ်ခုတည်းနှင့်မဟုတ်ဘဲ ကမ္ဘာ့စူပါပါဝါဖြစ်သည့် အမေရိကန် ပြည်ထောင်စု၏ အသိအမှတ်ပြုမှုကိုလိုကြောင်း သဘောပေါက်ပုံရသည်။ ထို့ကြောင့် အမေရိကန်နှင့် ပြေလည်နိုင်မည့် နည်းလမ်းတွေကို ရှာဖွေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အနောက်ကမ္ဘာကို သြဇာရှိသည့် ပုဂ္ဂိုလ်တစ်ဦး အစိုးရအဖွဲ့ထဲရောက်လာပါက ထိုကိစ္စတွေ အဆင်ပြေနိုင်သည့်အတွက် သူမကို လွှတ်တော်ထဲ၊ အစိုးရအဖွဲ့ထဲ ရောက်လာရန် တွေ့ဆုံညှိနှိုင်းခဲ့သည်။ အရေးကြီးက သွေးနီးရာဆိုသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း တိုင်းပြည်အခြေအနေကို ငဲ့ကွက်၍ သမ္မတကြီးဘက်မှ ရပ်တည်ပေးခဲ့သဖြင့် ယခုအခါ အနောက်ကမ္ဘာ အထူးသဖြင့် အမေရိကန်နှင့် ပြေလည်မည့် လမ်းစပေါ်ထွန်း လာခဲ့ပြီဖြစ်သည်။ NLD ပါတီရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ထွက်ပေါ်အပြီး အမေရိကန်သမ္မတ အိုဘားမားက Air Force 1 လေယာဉ်ကြီးပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် ကိစ္စများ ကို ပြောဆိုခဲ့သည်။ မကြာမီပင် သမ္မတအိုဘားမားနှင့် သမ္မတကြီး ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၁၉နေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများ၏ နောက်ကျောဖုံးနှင့် အတွင်းစာမျက်နှာများတွင် ထူးခြားချက်တွေကို မြင်နိုင်သည်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းပြောကြားသည့် သတင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဗီယက်နမ် နိုင်ငံသို့ စစ်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် သွားရောက်သည့် သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြထားသည်။ ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပါတလေကျွန်းများအတွက် တရုတ်နှင့် အကြီးအကျယ် အငြင်းပွားနေရာမှ လွန်ခဲ့သည့်လအတွင်း ဗီယက်နမ်နှင့် အိန္ဒိယ ရေတပ်များ အငြင်းပွားရာ ရေပြင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ဘုံရန်သူချင်းတူလျှင် မိတ်ဆွေဖြစ်သည်ဟူသော သီအိုရီအရ မြန်မာနှင့် ဗီယက်နမ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်တို့အတွက် မျက်ခုံးလှုပ်စရာပင်။ ထိုကျွန်းများအတွက် အငြင်းပွားနေရသော ဖိလစ်ပိုင်နှင့် မလေးရှားတို့ကလည်း အာဆီယံနိုင်ငံများ ပူးပေါင်း၍ တရုတ်ကို ရင်ဆိုင်သွားကြရန် သဘောတူထားကြသည်။

ယခု မြန်မာအာဆီယံ ဥက္ကဋ္ဌလည်းဖြစ်ပြီ၊ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးကောင်းမွန်သည့် လမ်းကြောင်းပေါ်လည်း ရောက်လာပြီ၊ အာဆီယံနိုင်ငံအားလုံးကလည်း မြစ်ဆုံစီမံကိန်းဖြင့် တရုတ်ပြည်ကို တုန်လှုပ်စေခဲ့သော မြန်မာကို ခေါင်းဆောင်တင်လိုက်ကြပြီး အာဆီယံကို ခြိမ်းခြောက်နိုင်သော တရုတ်ပြည်ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကူးစရာကမ်းတွေ၊ ကပ်စရာ ကမ်းတွေ အများကြီးရှိနေပြီဖြစ်ရာ မကြာမီပင် ဂန္ဓလရာဇ်ကမ်းမှ ဝေးနိုင်သမျှဝေးအောင် ဆုတ်ခွာတော့မည်သာ ဖြစ်သည်။

****************************************************************************************************

Attached: yangonchronicle2011 Op-Ed
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၉.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်း
  2. ဘန်ကောက်မြို့သင်ခန်းစာယူကာ ရန်ကုန်မြို့တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ထိန်းသိမ်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အာဆီယံဥက္ကဋ္ဌနေရာ ရရှိသည့်အတွက် မြန်မာ ပိုမိုကြိုးစားရမည်ဟု သမ္မတကြီးပြောကြား
  2. နိုဝင်ဘာ ၁၈ရက်တွင် ပြည်သူ့ဆန္ဒပျက်သုံးကြောင်း ၉၀ ရလဒ်ဆုပ်ကိုင်သူများ သတ်မှတ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************************************

ပြည်တွင်းသတင်းများ

မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်း

မန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံတော် စီးပွားရေးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက် ရှိပြီး ယခုအခါ နိုင်ငံရှိ သယံဇာတများကို အသုံးချနိုင်စေရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း နှင့် အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ပြီး ၎င်းအဖွဲ့သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကော်မတီ၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သင့်လျော်သည့် တာဝန်ရှိပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ် ဗပာိုကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ပြည်တွင်းထုတ် မြဝတီသတင်းစာတွင် ဖော်ပြပါ ရှိသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူ တစ်ဦးက “အခုလို မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲရေးကော်တီ ဖွဲ့စည်းလိုက်တာကောင်းပါတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ သဘာဝ သယံဇာတတွေလည်း မဆုံးရှုံးတော့ဘူးပေါ့။ နိုင်ငံကို စီးပွားရေး အကျိုးပြုမဲ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လည်း အထောက်အကူပြုစေတဲ့အတွက် ဒီလိုအဖွဲ့အစည်းမျိုးရှိဖို့ လိုအပ်ပါတယ်” ပာု ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဘန်ကောက်မြို့သင်ခန်းစာယူကာ ရန်ကုန်မြို့တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ထိန်းသိမ်းမည်

မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်း လွန်ကဲမှုများကြောင့် မြေပြင်နိမ့်ကျမှုများ ဖြစ်ပွားကာ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အတွေ့အကြုံကို သင်ခန်းစာယူကာ ရန်ကုန်မြို့တွင်လည်း မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

 “အဝီစိတွင်းအသစ်တွေ သိပ်ပြီး ဆက်မတူးတော့ပါဘူး။ တွင်းပျက်တာတွေကို ပြင်တာမျိုးလောက်ပဲ ရှိတယ်။ တချို့မြို့နယ်တွေမှာ ရေပိုက်တွေ မရောက်နိုင်တဲ့အတွက် စက်ရေတွင်းတွေတူးပြီး မြေအောက်ရေကို ဖြန့်ဝေပေးရတယ်” ဟု အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း အဝီစိတွင်းများကို တစ်ဦးချင်းသဘောဖြင့် တူးဖော်ခွင့်မရှိဘဲ မြို့၊ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ စာဖြင့် တင်ပြရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေပိုက်လိုင်းများဖြင့် တိုက်ရိုက်ရေမဖြန့်ဝေပေးနိုင်သော မြို့နယ်များနှင့် ရေပိုက်လိုင်းများ၏ အစွန် အဖျားဖြစ်ပြီး ရေအားနည်းသော မြို့နယ်များတွင် ရေအားဖြည့်တင်းရန် မြေအောက်ရေကို အဝီစိတွင်းစနစ်ဖြင့် တူးဖော်၍ ရေပေးဝေလျက်ရှိရာ ရန်ကုန် မြို့တွင် ၁၉၈၈ မတိုင်မီက အဝီစိတွင်းပေါင်း ၅၄ တွင်းသာ ရှိခဲ့ကြောင်း သိရသည်။

ယခုလာမည့် နွေရာသီတွင် အထပ်မြင့်အိမ်ရာများပြားသည့် မြို့တွင်း၆ မြို့နယ်၌ ရေပိုက်လိုင်းအတွင်း ရေရှိနေသော်လည်း မီးမလာခြင်း၊ ဗို့အားမပြည့်ခြင်းတို့ကြောင့် အမြင့်သို့ ရေမော်တာများ မောင်းနှင်ပေးနိုင်ခြင်း မရှိပါက ဌာနက မောင်းတင်ဖြန့်ဝေပေးနိုင်ရန် အမြင့်တင်မီးစက် ၂၈ လုံးနှင့် ရွေ့လျားမီးစက် ၅၁ လုံးစီစဉ်ထားကြောင်း သိရသည်။

Ref: 7 Day News

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အာဆီယံဥက္ကဋ္ဌနေရာ ရရှိသည့်အတွက် မြန်မာ ပိုမိုကြိုးစားရမည်ဟု သမ္မတကြီးပြောကြား

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့် အခွင့်အရေး ကောင်းတစ်ခုဖြစ်သည့်အပြင် တာဝန် ပိုမိုကြီးမားလာပြီး၊ ပိုမိုကြိုးစားရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မှတ်ချက်ပြုပြောကြားကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း နိုဆာဒူဝါတွင် ကျင်းပနေသော အာဆီယံထိပ်သီး အစည်းအဝေးတွင် ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာ နိုင်ငံအား နိုင်ငံခေါင်းဆောင်များက အတည်ပြုလိုက်ပြီဖြစ်ကြောင်း လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင်ပြောကြားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီးသို့ ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အလှည့်ကျခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုများ ကြောင့် အလှည့်ကျော်ခဲ့ရသည်။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ ဖြစ်လာပါက အာဆီယံထိပ်သီး အစည်းအဝေးများ၊ ဒေသတွင်းဆိုင်ရာ ထိပ်သီးအစည်းအဝေးများကိုလည်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည်ဖြစ်သည်။

၂၀၁၄ အာဆီယံဥက္ကဋ္ဌနေရာရရှိခြင်းသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိုမို အရှိန်မြှင့်နိုင်ပြီး၊ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် အတွက် ကိုလည်း အရှိန်မြှင့်နိုင်မည်ဖြကြောင်း လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

Ref: The Voice

-----------------------------------------------------------------------------------------------------------------------------------

နိုဝင်ဘာ ၁၈ရက်တွင် ပြည်သူ့ဆန္ဒပျက်သုံးကြောင်း ၉၀ ရလဒ်ဆုပ်ကိုင်သူများ သတ်မှတ်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သည့်အပြင် ရွေးကောက်ပွဲဝင်သည်ကိုပါ ဆုံးဖြတ်လိုက်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြောင့် နိုဝင်ဘာ ၁၈ရက်သည် ပြည်သူ့ဆန္ဒပျက်သုံးသည့် နေ့ဖြစ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ထားသူများက ပြောကြားသည်။

“ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုလိုက်တဲ့အတွက် ဒီနေ့ကို ပြည်သူ့ဆန္ဒပျက်သုံးတဲ့နေ့လို့ သတ်မှတ်ပါတယ်”ဟု အင်္ဂါဝတ်ပြုဆုတောင်း ပွဲအား ဦးဆောင်သူ ဒေါ်နော်အုန်းလှက ဆိုသည်။

ပြည်သူတစ်ရပ်လုံးက ထောက်ခံထားသည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်အား မျက်ကွယ်ပြုလိုက်ခြင်းသည် ပြည်သူတို့၏ ဆန္ဒကို ပစ်ပယ်ခြင်း ပြုသည့်အတွက် နိုဝင်ဘာ ၁၈ ရက်အား အမှတ်ရစေသောငှာ အသိအမှတ်ပြုပွဲများ နှစ်စဉ် ပြုလုပ်မည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် အန်အယ်ဒီမှ ထုတ်ပယ်ထားသူ ၃၂ ဦးသည် အန်အယ်ဒီပါတီသည် လက်ရှိအချိန်တွင် မှတ်ပုံတင်ခြင်းကို မပြုလုပ်သင့်ကြောင်း သဘောထားတစ်စောင် ထုတ်ပြန်ခဲ့သည်။

“၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ လက်ရှိအချိန်မှာ ကိုက်ညီခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် သမိုင်းတော့ ၀င်ပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိ အချိန်တွင် အန်အယ်ဒီအား မှတ်ပုံတင်ခြင်း မရှိသူများသည် မည်သည့်လမ်းစဉ်ဖြင့် ဆက်လက်လျှောက် လှမ်းမည်ဆိုသည်ကို မေးစရာ ဖြစ်လာကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောကြားသည်။

 “သူတို့ ဆန္ဒပြမယ်ဆိုလဲ တည်ဆဲဥပဒေဘောင်ထဲကနေ ပြစေချင်တယ်”ဟု ယင်းက ဆိုသည်။

YC(KS)

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီကိစ္စကအားလုံးသိနေတာပဲ။ ဗဟိုဘဏ်က သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်ဖြစ်ဖို့ လိုတယ်ဆိုတာ၊ ဒါမှ Financial Policy နဲ့ Monetary Policy က တစ်ခုနဲ့ တစ်ခုထိန်းကျောင်းပြီး Check and Balance ဖြစ်မှာ။ အဲစနစ်က နိုင်ငံခြားမှာ ရှိနေပြီ နောက်ဆိုဒါမျိုးဖြစ်လာမှာပါ။ အစိုးရဘက်ကလည်း ဒါကို စဉ်းစားပေးနေပါပြီ၊ ဗဟိုဘဏ်ကို ပိုပြီးလွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတဲ့ နိုင်ငံတွေကစီးပွားရေးပိုပြီးတိုးတက်မယ်ဆိုတာ နိုင်ငံတကာမှာ လေ့လာရင် တွေ့နေရတာပဲ”

နိုဝင်ဘာ ၁၆ ထုတ် The Myanmar Post အတွဲ (၃) အမှတ် (၄၄) တွင်ပါသည့် “ဗဟိုဘဏ်အား သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်လာပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်” သတင်းမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အငြိမ်းစားဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အသေးစားချေးငွေလုပ်ငန်းဖွံ့ဖြိုးလာမှုနဲ့ ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၇ခုနှစ် လောက်ကတည်းက နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီနဲ့ နိုင်ငံ တကာ NGO တွေကနေလာပြီး လုပ်နေခဲ့တာတွေ ရှိခဲ့တယ်ဆိုတော့ အတွေ့အကြုံ အတော်ရှိ နေပါပြီ။ ဒီအတွေ့အကြုံတွေအရ ကြည့်မယ်ဆိုရင် ဒီလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့ တစ်စုံတစ်ခုသော Policy Framework အောက်မှာလုပ်ရတာမျိုးတွေရှိပါတယ်။ ဒီအခါမှာ ဥပဒေ ကြောင်းလမ်းအနေနဲ့ ညီညွတ်မှုရှိဖို့ လိုအပ်သလို လောလောဆယ်ဦးစားပေး စဉ်းစားရမယ့်အချက်က ဥပဒေပေါ်ပေါက်လာဖို့ ဆိုတဲ့အချက်ပါ။ ဥပဒေအနေနဲ့ ခေတ်နဲ့ အညီပြောင်းလဲနေတဲ့ အသေးစားငွေစုငွေချေးလုပ်ငန်းတွေကို လွှမ်းခြုံပြီးသက်ရောက်နိုင်မယ့် ဥပဒေမျိုးမရှိသေးတဲ့ အတွက် လိုအပ်နေတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ဆီမှာရှိနေတဲ့ Microfinance Institution တွေကဒီဥပဒေ ပေါ်လာတဲ့အခါ ဒီထက်မကအောင်မြင် သွားဖို့ လိုပါတယ်။ ဥပဒေရဲ့ အနှစ်သာရကတော့ အသင်းအဖွဲ့တွေကို ချုပ်ကိုင်ဖို့ မဟုတ်ဘဲ ဒီအသင်းတွေကို ပိုပြီးမှန်မှန်ကန်ကန် လုပ်နိုင်လာအောင် နောက်ကနေ အထောက်အကူပြုစေမယ့် (Conductive legal framework) ဖြစ်မယ်ဆိုရင်ပိုပြီးအောင်မြင်သွားနိုင်ပါတယ်”

နိုဝင်ဘာ ၁၈ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၄၄) တွင်ပါသည့် “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အသေးစား ငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရန် စီစဉ်နေ၊ ယင်းကဏ္ဍတစ်ခုလုံးအား လွှမ်းခြုံပြီး သက်ရောက် နိုင်မယ့်ဥပဒေမျိုး မရှိသေးသည့် အတွက် ဥပဒေတစ်ရပ် အခိုင်အမာရှိလာရန် လိုအပ်နေသေးကြောင်း သုံးသပ်မှုများရှိ” သတင်း ဆောင်းပါးမှ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တစ်နှစ်အတွင်းမှာဆိုရင် လက်ရှိဖွဲ့စည်းပုံအသစ်၊ နိုင်ငံရေး အဆောက်အအုံအသစ်စပြီး အလုပ်လုပ်တယ်။ ပီပီပြင်ပြင်တော့ မဖြစ်သေးဘူး။ ဒါပေမယ့် ပီပီပြင်ပြင်တော့ မဖြစ်သေးဘူး။ ဒါပေမယ့် ပီပီပြင်ပြင်ဖြစ်အောင် လုပ်ဆောင်ချင်တဲ့ သဘောထား၊ အပြောအဆိုမျိုးတွေ တွေ့လာရတယ်။ တခြား အသားကျပြီးသားစနစ်ဆိုရင်တော့ တစ်နှစ်အတွင်း လုပ်ဆောင်ချက်တွေက အားရစရာမရှိဘူးလို့ ဆိုလို့ရပေမယ့် အခုမှမွေးပြီးအခုမှ လွှတ်တော်ဆိုပြီး ပေါ်ပေါက်လာတဲ့ စနစ်ဆိုတော့ စမ်းသပ်ပြီးလုပ်နေတဲ့ သဘောတွေတွေ့ရတယ်။

အရင်ပထမဆုံးခေါ်တဲ့ လွှတ်တော်နဲ့ အခုဒုတိယလွှတ်တော်မှာ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ပုံကိုင်ပုံတွေ သိသိသာသာ ကွဲပြားသွားတယ်လို့ တွေ့ရတယ်။ သို့သော်လည်းလွှတ်တော်ရဲ့ သဘောသဘာဝနဲ့ လွှတ်တော်နဲ့အစိုးရရဲ့ ဆက်ဆံရေး ပီပီပြင်ပြင်မဖြစ်သေးဘူးလို့ သတင်းတွေကို ကြည့်ပြီး ကောက်ချက်ချရမှာပဲ။ ဥပမာအားဖြင့် လွှတ်တော်ကို သတင်းထုတ်ပြန်ရတာ၊ လွှတ်တော်နဲ့ အပြန်အလှန် ဆက်ဆံရတာတွေမှာ အပေးအယူ ဟန်ချက်တွေ လွဲနေသလားပဲ။ ဒါက လည်း အစပိုင်းဆိုတော့ နည်းလည်ပေးလို့ ရပါတယ်။ သာမန်ပြည်သူတွေရဲ့ ဘဝမှာလည်း ဆန္ဒပြတာကို သည်းခံ လာတာ စပြီး တွေ့ရတယ်။ ဘယ်လောက်ထိ သည်းခံနိုင်တာလဲ၊ တုံ့ပြန်မလဲဆိုတာကတော့ ကောက်ချက်ချဖို့ စောပါသေးတယ်”

အောက်တိုဘာ ၁၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၄၄) တွင်ပါသည့် “ရွေးကောက်ပွဲအပြီးတစ်နှစ်အကြာ မြန်မာ့ လက်ရှိ နိုင်ငံရေး” သတင်းအပေါ် ဗဟုဖွံ့ဖြိုးမှုအဖွဲ့ ဦတင်မောင်သန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs