Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ၂၀၁၀ ပွိုင့်အလွန် ဒီမိုကရေစီတိုက်ဇေးရှင်း

*****************************************************************************

ဆောင်းပါးကဏ္ဍ

၂၀၁၀ ပွိုင့်အလွန် ဒီမိုကရေစီတိုက်ဇေးရှင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအရပ်သားတစ်ပိုင်းအစိုးရသည် ယနေ့အချိန်၌ နိုင်ငံတကာမျက်နှာစာတွင် ရင်ဆိုင်ကြုံတွေ့ စိန်ခေါ်နေသည့် အရာမှာ တရားဝင်မှု အကျဉ်းအကျပ်(Legitimacy Dilemma) ဖြစ်သည်။ ယင်းသို့ အတွေ့အကြုံမျိုးကို အာဏာရှင်စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံတိုင်းတွင်တွေ့ကြုံနေရမြဲဖြစ်ပါသည်။ အာဏာရှင်စနစ်ကျင့်သုံးနေသော နိုင်ငံတစ်ခုသည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးသည်ဆိုကတည်းကိုက နိုင်ငံရေးအရ တစ်စုံတစ်ရာဖြေလျှော့မှုပြုလိုက်သည့် သဘောပင်ဖြစ်သည်။

နိုင်ငံတကာတွင် တရားမဝင်ခဲ့

နှစ်ပေါင်း ၂၀ ကျော် အတိုက်အခံလုပ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းများကို မူအရ သဘောမတူ၍ တစ်နည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မထင်၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မပြုခဲ့ပေ။ အရည်အတွက် နည်းပါးသော ဒီမိုကရေစီမိတ်ဖက်ပါတီများသာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် အင်အား အကြီးမားဆုံးနှင့် ယခင် အာဏာရှင်စနစ်မှ မွေးထုတ်ပုံသွင်းလိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အင်အားအကြီးမားဆုံးဖြစ်သည်။

ယင်းနှင့် အင်အားခြင်းယှဉ်ပြိုင်နိုင်သည့် ပါတီဟူ၍ ယခင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသာရှိပါသည်။ သို့တိုင်အောင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ ပြည်သူများအား ပါတီ၏ ရပ်တည်ချက်ကို ပြည့်ပြည့်ဝဝထုတ်ဖော်မဲဆွယ် စည်းရုံးနိုင်ခဲ့ခြင်းမရှိပါ။ ဤသို့သောအရပ်ရပ် အခြေအနေအောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်သာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင်ရော၊ ပြည်ထောင်စုလွှတ်တော်တွင်ပါ အမတ်နေရာအများစု ရရှိခဲ့သည့် ရလဒ်မျိုး ပေါ်ထွက်လာရလေသည်။ ရွေးကောက်ပွဲသည်လည်း တရားမျှတမှုမရှိဟု နိုင်ငံတကာမျက်နှာစာတွင် ဝေဖန်ခံခဲ့ရပါသည်။ သို့နှင့် စနစ်တစ်ခုသို့ အသွင်အပြင်အရပြောင်းလဲသွားပြီး ယင်းစနစ်မှ ပေါ်ထွန်းလာသည့် အရပ်သားတစ်ပိုင်း အစိုးရမှာလည်း ယခင်အစိုးရ၏ အာဏာရှင်ဆန်မှုကြောင့် ဖြစ်ပေါ်ရသောတရားမဝင်မှုနှင့် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်ရသောတရားမဝင် နှစ်မျိုးစလုံးကိုထမ်းရွက်ခဲ့ရသည်။

အပြောင်းအလဲများသွက်လက်

လွန်ခဲ့သောတစ်နှစ်ခန့်က ပြည်သူများမှာ ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့လိုက်ရသဖြင့် ဒီမိုကရေစီနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုသော မျှော်လင့်ချက်မှာကုန်ဆုံးသွားသလိုပင်ဖြစ်ခဲ့ရသည်။ သို့သော် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များမှာ ထင်မှတ်ထားသည်ထက် ပိုမြန်ပိုသွက်သလိုရှိခဲ့လေရာ ပြည်သူများမှာ အပြောင်းအလဲများအပေါ် အိမ်မက်သဖွယ်လိုဖြစ်နေရသည်။ အမှန်စင်စစ် ဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံတွင် မကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်အတွက် ခေါင်းဆောင်ပိုင်းတွင်ရော၊ ပြည်သူများတွင်ရော ဒီမိုကရေစီ အတွေ့အကြုံ (Democracy memory) မရှိခဲ့ပါ။ ထို့ကြောင့် လွှတ်တော်အတွင်းအဆိုနှင့် အမေးလွဲချော်၍ မေးခြင်းမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ပေးအပ်ထားသည့်အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် မေးရမည့်မေးခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် မေးမြန်းခြင်းမျိုး၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို အရပ်ရပ်သော ဒေသန္တရအစိုးရများ သဘောပေါက်နားလည်မှု မရှိုခြင်းမျိုး (ဥပမာတိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအခွန်ကိစ္စ) ကြုံတွေ့နေရသည်။  သို့သော် မည်သို့ပင် အမှားများ၊ အလွဲများနှင့် ကြုံတွေ့ နေရသည်ဖြစ်စေ လုပ်ရင်းနှင့်သင်မည်ဆိုသော (Learning by doing) စိတ်အခံများဖြင့် လွှတ်တော် ကို အသက်ဝင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်သာ ဖြစ်ပေသည်။လွှတ်တော်သို့ လာရောက်လေ့လာကြသော နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များသည်လည်း မြန်မာနိုင်ငံ၏ လွှတ်တော်မှာ တကယ်အလုပ်လုပ်နေပြီဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရိပ်အယောင်များ သန်းလျက်ရှိနေပြီဟူသော ကောက်ချက်ချမှုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အလားအလာကောင်းများ ရှိနေပြီဟုသုံးသပ်၍ ရနိုင်သည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှလည်း အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် စီးပွားရေး ဖိုရမ်သို့ တက်ရောက်ပါရန် တလေးတစား ဖိတ်ကြားခဲ့သည့်အပြင် ယင်းမှာသမ္မတအိမ် တော်၌ တွေ့ဆုံစကားပြောစေခြင်းဖြင့် ပြည်သူများ၏ ဦးသိန်းစိန်အစိုးရအပေါ် ယုံကြည်မှုမှာလည်းပို၍ တိုးလာစေခဲ့ ပါသည်။ ထို့အပြင် နိုင်ငံတကာမှ စဉ်ဆက်မပြတ် တောင်းဆိုနေသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိုလည်း ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတကာမှ သံသယကင်းစ ပြုလာပြီဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင်မူ လက်ရှိအစိုးရမှာအထက်တွင် ဆိုခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားမဝင်မှုကို တရားဝင်မှုရှိလာအောင် မှန်ကန်မှုရှိသည့် အပြောင်းအလဲများ မြန်မြန်ထက်ထက် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။

လက်တွေ့ကျသည့် အမျိုးသားခေါင်းဆောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် အထွေထွေအတွင်းရေးမှူ ဒေါ်အောင်ဆန်းစုကြည်သည် လည်း သူမလွတ်မြောက်ခါစက မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်ကို မသိသေးသည့်အားလျှော်စွာ မည်သည်မှ ရေရေရာရာ ဆုံးဖြတ်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့ပါ။ သို့သော် လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်နှင့်အညီ သူမ၏ ဖခင်အတိုင်းလက်တွေ့ကျသည့် လုပ်ဆောင်ချက်မျိုးကို စနစ်တကျ လုပ်ဆောင်လာနိုင်ကြောင်း တွေ့ရသည့်အခါ မြန်မာနိုင်ငံရေးအလားအလာကောင်းများ ကြုံတွေ့နေတော့မည်ဟု သုံးသပ်မိပါသည်။ အထူးသဖြင့် လက်ရှိအစိုးရမှ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိသောလေးစားမှုမှာ သူမအဖို့ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်ပေးရန် အခွင့်အရေးကောင်း ဖြစ်သည်ဟု သဘောထားမျိုးရှိနေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံတကာမှ လေးစားယုံကြည်သော ပုဂ္ဂိုလ်မျိုးကို လက်ရှိအစိုးရမှ နိုင်ငံဖွံ့ဖြိုးဖို့ရန် ပူးပေါင်းလုပ်ဆောင်ရမည့် ခေါင်းဆောင်အဖြစ် သဘောထားရှိခြင်းမှာလည်း အစိုးရတစ်ရပ်၏ တရားဝင်မှုကို မြင့်မားလာစေပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲမဝင်ခဲ့သည့်အတွက် ဒီမိုကရေစီစနစ်သစ်၏ ပင်မရေစီးကြောင်း နိုင်ငံရေးတွင် ပါဝင်ခဲ့နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ပြည်သူများ၏ မျှော်လင့်ချက်မကုန်သေးသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် လွှတ်တော်ပြည်ပနိုင်ငံရေးတွင် သြဇာရှိနေဦးမည်သာဖြစ်သည်။ အမှန်စင်စစ် ပင်မရေစီးကြောင်းနိုင်ငံရေးဖြစ်သော လွှတ်တော်နိုင်ငံရေးတွင်ဖြစ်စေ၊ လွှတ်တော်ပြင်ပနိုင်ငံရေးတွင်ဖြစ်စေ အဓိက အရေးကြီးသည်မှာကား တည်ဆဲဥပဒေဘောင်အတွင်းရှိနေဖို့ပင်ဖြစ်သည်။ အစိုးရနှင့် တပ်မှလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် တရားဝင် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာစေချင်သောကြောင့် ယခင် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေများကို ပြန်လည်ပြင်ဆင်ပေးခဲ့ပါသည်။ လက်တွေ့ကျစွာပင် ဒေါ်အောင်ဆန်းစုကြည်မှလည်း တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခွဲများ၏ သဘောဆန္ဒကို ရယူပြီးယင်းတို့၏ သဘောတူညီမှုများဖြင့်  ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ယုံကြည်စပြုလာကြပြီ

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများအပေါ် ယုံကြည်မှုရှိစပြုလာပြီဖြစ်သော အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများမှလည်း သံသမန်နည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲမှုများအပေါ် အပြည့်အဝမဟုတ်စေကာမူ အထိုက်အသင့် အားရကျေနပ်မှုရှိကြောင်း ပြသလာခဲ့သည်။ ထိုအတွက်ကြောင့် ၂၀၁၄ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံအား ဒေသတွင်း နိုင်ငံများက လိုလိုလားလားပေးအပ်ခဲ့လေသည်။

မြန်မာနိုင်ငံမှာ ၂၀၀၆ခုနှစ် ကတည်းက အာဆီယံဥက္ကဋ္ဌဖြစ်လာရန် ရှိသော်လည်းအနောက်နိုင်ငံများမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဟန့်တားကန့်ကွတ်ခြင်းများ ရှိခဲ့ခြင်းကြောင့် ဖြစ်မလာခဲ့ပေ။ ယခုအခါတွင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမည်ဖြင့် ရွေးကောက်ပွဲလည်းဝင် အာဆီယံဥက္ကဋ္ဌလည်း ဖြစ်ဆိုခြင်းကြောင့် သားရွှေအိုးထမ်းလာသည့် ကိစ္စရပ်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌ ဖြစ်ပြီး နာရီပိုင်းအတွင်း၌ပင် အမေရိကန်သမ္မတအိုဘားမားမှ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံစေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အာဆီယံဥက္ကဋ္ဌတာဝန်မှာ ကြီးလေးသည်နှင့်အညီ စိန်ခေါ်မှုများလည်းရှိခြင်းကြောင့် နိုင်ငံအတွင်း နိုင်ငံရေးအရညီညွတ်မှုရှိရန် အထူးလိုအပ်လျက်ရှိပါသည်။ ယခု ဖြစ်ထွန်းတိုးတက်လာသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ဘုံတူညီချက်ရှိသော (Common ground) နိုင်ငံရေးသဘောတူအမြင် ရှိလာနိုင်သည့်လမ်းကြောင်းမျိုး လမ်းဖြစ်ခြင်းကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရှိလာနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေသည် သူနိုင် ကိုယ်နိုင်အခြအနေမျိုး(Win-Win Situation) တွင်ရှိနေပြီဖြစ်သည်။ တစ်နည်းပြောရလျှင် နိုင်ငံရေးသဘောတူညီမှုများ၏ ရလဒ်ပင်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အမျိုးသားအကျိုးစီးပွားအတွက် ရေရှည် လုပ်ဆောင်သင့်သည့် အရာများကိုအစိုးရတွင်ရော၊ အာဏရပါတီကြီးတွင်ရော၊ ဒီမိုကရေစီမဟာမိတ်ပါတီများနှင့် ပေါ်ထွန်းလာတော့မည်ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွင်ရော၊ အရပ်ဖက် ပညာရှင်အဖွဲ့အစည်းများတွင်ရော နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပုံဖော်မည့် အဂ္ဂမဟာဗျူဟာ (Grand strategy) ရေးဆွဲထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း………….။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၁.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ထိုင်းရေကြီးမှုကြောင့် မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုလာနိုင်
  2. မြန်မာ- လာအို ချစ်ကြည်ရေးတံတား ကန်ဒေါ်လာ ၂၆ သန်းကုန်ကျမည်
  3. မလေးရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ မြန်မာသို့ လာရောက်ဆွေးနွေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဘန်ကီမွန်းတို့ တွေ့ဆုံ
  2. နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာသတင်းမီဒီယာသမားများနှင့် တွေ့ဆုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************************************************

ပြည်တွင်းသတင်းများ

ထိုင်းရေကြီးမှုကြောင့် မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုလာနိုင်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်း ရေလွှမ်းမိုးများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာနိုင်ငံအတွင်းသို့သာ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ပြည်တွင်းရှိ စီးပွားရေးပညာရှင်အချို့က သုံးသပ်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှ စတင်၍ ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာခဲ့သည့်အပြင် (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ဆုံးဖြတ်ခဲ့သည့် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ ပိုမို ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံရေလွှမ်းမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် လုပ်ငန်းရှင်များမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားသည့်အတွက် ၎င်း ရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်ကိုင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာတော့မည်ဆိုသည့် သတင်းများကြောင့် ရန်ကုန်မြို့တွင်း၌ အိမ်ခြံမြေ ဈေးနှုန်းများမှာလည်း အဆမတန် တက်ရိပ်ပြသွားခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ နည်းပညာများနှင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာနိုင်မည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC

*****************************************************************************

မြန်မာ- လာအို ချစ်ကြည်ရေးတံတား ကန်ဒေါ်လာ ၂၆ သန်းကုန်ကျမည်

မြန်မာ- လာအို ချစ်ကြည်ရေးတံတား တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၆ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးတံတားသည် ရှမ်းပြည်နယ် ကျိုင်းလတ်ဒေသနှင့် လာအိုနိုင်ငံ လွိုင်နမ့်သာပြည်နယ်သို့ ဖြတ်ကျော်တည်ဆောက်မည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်းအတွက် နှစ်နိုင်ငံတာဝန်ရှိသူများသည် နိုဝင်ဘာလ ၁ ရက်နေ့က ဆွေးနွေးပြီး အစည်းအဝေး မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် လောလောဆယ်တွင် နားလည်မှုစာချွန်လွှာအဆင့်သို့ မရောက်သေးဘဲ အစည်းအဝေး မှတ်တမ်းတင်သည့် အဆင့်သို့သာ ရောက်ရှိသေးကြောင်း သိရသည်။

“အခုကတော့ MoU အဆင့်မရောက်သေးပါဘူး၊ နှစ်နိုင်ငံတာဝန်ရှိသူတွေ စည်းဝေးပြီး ဆုံးဖြတ် မှတ်တမ်းတင်ထားတဲ့ အဆင့်ပေါ့။ MoM အဆင့်ပဲ ရှိသေးတယ်။ လျာထားတာကတော့ တံတားက စုစုပေါင်းအရှည်မီတာ ၆၀၀ ကျော်မယ်။ ကျိုင်းလတ်ကနေ လာအိုနိုင်ငံ လွိုင်နမ့်သာပြည်နယ်ကို ဆက်သွယ်နိုင်ဖို့နဲ့ အမေရိကန်ဒေါ်လာ ၂၆ သန်းကုန်ကျမယ်ဆိုတာပါ။ မြန်မာဖက်က ၁၃ သန်း၊ လာအိုဖက်က ၁၃ သန်းလို့ ကနဦး သတ်မှတ်ထားပေမယ့် နောက်ပိုင်း အသေးစိတ်ဆွေးနွေးရမယ့် အပိုင်းတွေ အများကြီးကျန်သေးလို့ စောစောကတံတားအရှည်နဲ့ ကုန်ကျငွေကို နှစ်နိုင်ငံ စိုက်ထည့်မှု အပိုင်းတွေကတော့ ပြောင်းချင်ပြောင်းနိုင်သေးတယ်။ လောလောဆယ်လျာထားချက်အနေနဲ့ ပြောပြတာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ- လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားစီမံကိန်းအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

Ref: Weekly Eleven

*****************************************************************************

မလေးရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ မြန်မာသို့ လာရောက်ဆွေးနွေးမည်

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မလေးရှားနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီ ၁၉ ခုကျော်တို့သည် မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ သိရှိရသည်။

“ မလေးရှားကုမ္ပဏီတွေ လာပြီး Oil and Gas ကဏ္ဍတွေမှာ မြှုပ်နှံဖို့အတွက် ဆွေးနွေးမှာ၊ ဒီကဏ္ဍနဲ့ ပတ်သက်တဲ့ လုပ်ငန်းအခွင့်အလမ်းတွေအကြောင်းကို မြန်မာဘက်ကရှင်းပြပြီး သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ သေချာပြီဆိုရင် သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ လုပ်ငန်းကို အကောင်အထည်ဖော်နိုင်ဖို့ ဦးစားပေး ဆွေးနွေးသွားမှာပါ” ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်းသိရသည်။

မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ အမေရိကန်ဒေါ်လာ ၉၇၅ သန်းကျော်ရှိကြောင်း သိရသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် မြန်မာနှင့် မလေးရှားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၉ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ref: Weekly Eleven

*****************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဘန်ကီမွန်းတို့တွေ့ဆုံ

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့သည် နိုဝင်ဘာ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Nikko Hotel တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံမှုတွင် မြန်မာနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် နေ့ရက်တွင် မြန်မာနိုင်ငံသို့ ကုလအတွင်းရေးမှူးချုပ် သွားရောက်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။

“မြန်မာနှင့် ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံမှုသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ကြီးများအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဗီယာလည်း တက်ရောက်ကြောင်း သိရသည်။

Ref: Weekly Eleven

*****************************************************************************

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာသတင်းမီဒီယာသမားများနှင့် တွေ့ဆုံ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပနေသော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာသတင်း မီဒီယာသမားများနှင့် နိုဝင်ဘာလ ၁၉ ရက်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံရာတွင် မြန်မာသတင်းသမားများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပြီး ၎င်း ဖြေကြားချက်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ အစိုးရအဖွဲ့အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေရာ၊ ဥရောပသမဂ္ဂအဖွဲ့( အီးယူ )၏ ရုံးအား မြန်မာနိုင်ငံ၌ လာရောက် ဖွင့်လှစ်ခြင်း၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံအပေါ်သဘောထားနှင့် NLD ပါတီ မှတ်ပုံတင်မည့် သတင်းများမှာ သတင်းကောင်းများ ဖြစ်ခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တိုင်းပြည်နှင့် လူမျိုးအခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင် လုပ်ဆောင်ရမည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်၍ မေးမြန်းချက်အား နိုင်ငံတော် သမ္မတကြီးက “ တိုင်းပြည်ရဲ့ အခြေအနေအချိန်အခါပေါ်မှာ ကြည့်ပြီးတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း လုပ်ပိုင်ခွင့်ကို သမ္မတကို အပ်နှင်းထားတာ။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အခြေအနေ အချိန်အခါ ပေါ်မှာကြည့်ပြီးတော့ လုပ်သွားရမှာပါ။ ဘာကြောင့်လဲဆိုရင် ကိုယ့်နိုင်ငံသားတွေ ဖြစ်လို့ပါ” ဟု ဖြေကြားခဲ့ကြောင်းသိရသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့်ပတ်သက်၍ “ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ဆိုရင် နှစ်ပိုင်းပေါ့။ ပြည်တွင်းသဘာထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း ကျွန်တော်တို့တူညီအောင် ညှိကြပြုကြတဲ့အပိုင်းပေါ့။ အဲဒီတော့ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့နဲ့ သဘောထားအမြင်ခြင်း တူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျော့နည်းလာမယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

*****************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီးပောာတာပါ။ NLD တစ်ခုတည်းအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံး အတွက်၊ ပြည်ထောင်စုတစ်ခုလုံးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ရမယ်။ ဥပဒေစိုးမိုးဖို့ဆိုရင် နိုင်ငံကိုအကျိုးမပြုတဲ့ဥပဒေတွေကို ပြင်ဆင်ဖို့က နိုင်ငံသားတွေရဲ့ တာဝန်တစ်ခုအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဆောင်ရွက်သွားမယ်လို့ ကျွန်မပြောချင်ပါတယ်”

နိုဝင်ဘာ ၂၃ ထုတ် The Myanmar Post အတွဲ (၃) အမှတ် (၄၅) တွင်ပါသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ NLD အတွက် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးအတွက် ပြင်ဆင်သင့်ဟုဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

*****************************************************************************

“၂၀၁၀ ရွေးကောက်ပွဲပြီးတော့၊ အစိုးရသစ်ရဲ့ ခြေလှမ်းတွေဟာ၊ ကျွန်တော်တို့ မျှော်လင့်ထားတာထက်တောင် မြန်ဆန် သွက်လက်လာတယ်။ သမ္မတသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တယ်။ မြစ်ဆုံကိစ္စမှာ မြန်မြန်ဆန်ဆန် လိုက်လျောလိုက်တယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေပြင်ပေးတယ်။ (တခြားအရွေ့တွေလည်းအများကြီးပါ) ဒီလိုပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ် မှန်မှန်ကန်ကန် အကဲဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ထင်ပါတယ်။ အကျိုးဆက်က ၁၉၄၀ ပြည့်လွန် နှစ်များအတွင်း၊ ဖက်ဆစ်တော်လှန်ရေးနောက်ပိုင်း တစ်ခါမှ မပါခဲ့ဖူးသေးတဲ့ “အမျိုးသားသွေးစည်းညီညွတ်ရေး” အခင်းအကျင်းသစ်တစ်ခု ပထမဆုံးအကြိမ် လမ်းပွင့်လာပြီလို့ မျှော်လင့်မိတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အသားမကျတဲ့ “ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း (Flexibility) ကိုအသိအမှတ်ပြု ရပါလိမ့်မယ်။ သမ္မတကြီးရဲ့ သဘောထားကြီးမှုနဲ့ အမျှော်အမြင်ကိုလည်းကျေးဇူးတင်ပါတယ်”

နိုဝင်ဘာ ၂၃ ထုတ် The Express Times အတွဲ (၁) အမှတ် (၇) တွင်ပါသည့် “မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများအပေါ်” စာရေးဆရာ၊ အယ်ဒီတာကျော်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************************************************

မေး- အခုဟီလာရီကလင်တန်လာမယ့်ကိစ္စကိုဆရာဘယ်လိုမြင်လဲ။

ဖြေ- အင်မတန် ကြိုဆိုထိုက်ပါတယ်။ ဒါလည်း အကွက်တစ်ကွက်လို့ ကျွန်တော်မြင်ပါတယ်။ အကွက်က သုံးလေးကွက်လောက် ခွထားတာ။ မြန်မာကို အာဆီယံအသိုက်အဝန်းမှာ တွန်းတင်ပေးတာအပြင် ပထဝီနိုင်ငံရေး အနေအထားကိုပါ မြှင့်ပေးတာ။ တရုတ်ရဲ့ လောင်းရိပ်အောက်က ဆွဲထုတ်ပေးတာ။ သွေးရိုးသားရိုးအတိုင်း ဖြစ်ပေါ်တိုးတက်လာပြီး လမ်းကြောင်းကလည်း လမ်းမှန်ကမ်းမှန်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အချိုးအကွေ့ကြီးတစ်ခု မြင်ရဖို့ နီးလာပြီလို့ ထင်တယ်။ မီးငြိမ်းတောင်ပဲ ထပေါက်မလား။ ရတနာမိုးပဲ ရွှာမလားဆိုတာ ကျွန်တော် မပြောနိုင်ဘူး။ နိုင်ငံရေးမှာဘာကိုမှ မယုံနဲ့။ ဘာကိုမှ လျှော့မတွက်နဲ့။ အဖက်ဖက်ကနေ အပြန်ပြန်အလှန်လှန်စဉ်းစား။ လုပ်စရာရှိတာကိုသတိကြီးကြီးထားပြီးလုပ်။ စပါးခင်းကြီးမှည့်ဝင်းနေတာကိုချည်း တွက်ရေး စက်သူဌေးလုပ်မနေဖို့လိုတယ်။ လယ်ကြွက်တွေဖျက်ရင် အခါမဲ့မိုးရွာရင် စပါးပျက် တတ်တယ်။

နိုဝင်ဘာ ၂၃ ထုတ် The Express Times အတွဲ (၁) အမှတ် (၇) တွင်ပါသည့် “ပြည်သူ့ခေတ်ဂျာယ် ပင်တိုင်ဆောင်းပါးရှင် ဆရာကျော်စောမင်း”၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs