Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

အာဆီယံကို မြန်မာတို့ ပဲ့ကိုင်သောအခါ

***************************************

ဆောင်းပါးကဏ္ဍ

အာဆီယံကို မြန်မာတို့ ပဲ့ကိုင်သောအခါ

တင်အောင်ကျော်

 (နိုဝင်ဘာ ၂၆ ထုတ် The Voice Weekly News အတွဲ (၇) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်။)

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက် ပြည်ပရောက် မြန်မာအတိုက်အခံများက တပ်မတော်အခန်းကဏ္ဍ ထည့်သွင်းရေးဆွဲထားသော မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်မှုမပြုလုပ်လျှင် အာဆီယံအဖွဲ့ကြီးမှ ထုတ်ပယ်ရန် အာဆီယံ ပါလီမန်အမတ်များအဖွဲ့သို့ တိုက်တွန်းခဲ့ကြသည်။ ထိုဖြစ်ရပ်တို့ ဖြစ်ပွားပြီး ၁၆ လအကြာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်မူ မြန်မာနိုင်ငံသည် ထုတ်ပယ်ခံရခြင်းမရှိဘဲ အာဆီယံ ၁၀ နိုင်ငံကို ပဲ့ကိုင်ခွင့်ရရှိမည့် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို အဓိကဆန့်ကျင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပင်လျှင် ယခုအခါ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။ အကယ်၍သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရုံသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လစ်လပ်မဲဆန္ဒနယ်တစ်နေရာ ၀င်ရောက် အရွေးခံခဲ့လျှင် မြန်မာ့နိုင်ငံရေးသည် အာဆီယံ ၁၀ နိုင်ငံ အပါအ၀င် နိုင်ငံတကာက လိုလားသည့် နောက်ကြောင်းပြန် မလှည့်သည့် စစ်မှန်သောပြောင်းလဲမှုဆိုသည်ကို ပိုမိုခိုင်မာစေသည့် ညွှန်းကိန်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံကို ၂၀၁၄ခုနှစ်တွင် ပဲ့ကိုင်ထိန်းကျောင်းရမည့်သူ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို နေရာပေးအပ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က The Voice သတင်းထောက်က ပေးပို့သည်။ ထိုသတင်းသည် လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကို ကိုးကား၍ ဖော်ပြထားခြင်းဖြစ်ပြီး ၁၀နိုင်ငံခေါင်းဆောင်များ၏  အစည်းအဝေးပြီး နာရီပိုင်း အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမှန်စင်စစ်ထိုအကြောင်းအရာသည် မြန်မာနိုင်ငံသားအများစု ကြိုတင်တွက်ဆသိရှိပြီးသော သတင်းကို တရားဝင် အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုနိုင်သော်လည်း မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံက ပထမဆုံး အဖြစ် အသိအမှတ်ပြုကြောင်း လက်တွေ့ကျကျ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ယခုအခါ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်သည် ပြောင်းလဲနေပြီဖြစ်ကြောင်း အမေရိကန်အစိုးရ ကိုယ်စားလှယ်များ၊ အီးယူသံတမန်များက ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း လက်တွေ့တွင် စစ်မှန်သောပြောင်းလဲမှု၊ တိုင်းရင်းသား ပဋိပက္ခအရေးနှင့် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူများကို လွှတ်ပေးရေး သိသာထင်ရှားသော တိုးတက်မှုများ ဆက်လက်လုပ်ကိုင်ရန် စသည်တို့ကို ခရီးစဉ်များအပြီး တိုက်  တွန်း၍ မှတ်ချက်ပေး ပြောဆိုနေကြပြီး လက်တွေ့တွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကိုအာဆီယံကဲ့သို့ တုံ့ပြန်အသိအမှတ်ပြု၍ နီးကပ်စွာ ရှေ့တိုး လာရန်ကိုမူ မ၀ံ့မရဲနှင့်သာ လုပ်ကိုင်လျက်ရှိကြသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ရာနှုန်းပြည့်ပြီးပြည့်စုံပါတယ်။ သူတို့ဆက်လုပ်နေကြပါတယ်” ဟု  လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်  တာဝန်ယူထားသူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာ တာလီဂါဝါက ဘာလီ၌ ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အစဉ်အလာအားဖြင့် မြန်မာ့နိုင်ငံရေးအပေါ် အမြဲ အပြု သဘောဆောင် ချဉ်းကပ်မှုတို့ဖြင့် အာဆီယံသည် ဆွေးနွေးဖက်အမေရိက၊ အီးယူစသည်တို့၏ ဖိအားပေးမှုများ ရှိခဲ့သည့်တိုင် ၎င်းင်း၏ယုံကြည်မှုကို ပြသ၍ အာဆီယံ ၁၀ နိုင်ငံကို အလှည့်ကျပဲ့ကိုင်ခွင့်ကိုပေး၍ မြန်မာအစိုးရသစ်၏ ပြုပြင် ပြောင်းလဲ မှုများကို ပထမဆုံးအကြိမ် အကဲဖြတ်၍ အမှတ်ပေးလိုက်ခြင်းဖြစ်သည်။ “အာဆီယံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး အမြဲတမ်း အခက်ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့သက်သာရာရသွားတဲ့ သဘောပါပဲ” ဟု စင်ကာပူနိုင်ငံမှ အရှေ့တောင်အာရှရေးရာလေ့လာသူ ဒေါက်တာတင်မောင်မောင်သန်းက Bloomberg သို့ ပြောကြားသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပါက မြန်မာနိုင်ငံ၏မြို့တော်သစ် နေပြည်တော်တွင် ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ်နှင့် ကမ္ဘာ့ဆူပါ ပါဝါများ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ အီးယူရုရှား၊ အိန္ဒိယ အပါအ၀င် ဂျပန်၊ကိုရီးယား စသည့် ဆွေးနွေးဖက် ၂၇နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ကြမည့် ဒေသတွင်းတွေ့ဆုံဆွေးနွေးမှု ဖိုရမ်တို့ကို ကျင်း ပရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝစွမ်းအင် အရင်းအမြစ်အများဆုံးတည်ရှိသော၊ ကမ္ဘာ့ ကုန်သွယ်မှုတွင် အရေးပါ ဆုံးရေလမ်းကြောင်း ဖြတ်သန်းတည်ရှိသော၊ ဒေသတွင်းနေထိုင်သူ လူဦးရေ ၅၉၁ သန်းကျော်ရှိပြီး လာမည့် ၂၀၁၅ တွင် ဥရောပသမဂ္ဂကဲ့သို့ ဘုံငွေကြေး သုံးစွဲရန်ပြင်နေပြီး ထူးခြားသော ၀ိသေသများစုဆုံနေသည့် အာဆီယံအဖွဲ့ကြီးကို အဖွဲ့ဝင်သက်တမ်း ၁၄ နှစ်ကျော် အကြာတွင် ပဲ့ကိုင်ရမည်လည်းဖြစ်သည်။

အာဆီယံစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များအရ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ သည် ပျမ်းမျှတစ်ရက် ၀င်ငွေ ၁ ဒသမ ၁၅ ဒေါ်လာ ခန့်ရှိပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လျက်ရှိသည်။ နှစ်များမကြာခင်အတွင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည်မြန်မာနိုင်ငံ၌ ရေနက်ဆိပ်ကမ်း၊ မီးရထားလမ်း၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ရယူနေသည်။ IMF ၏ အကူ အညီဖြင့် မြန်မာနိုင်ငံတွင် အမျိုးမျိုးဖြစ်နေသော ဒေါ်လာငွေတန်ဖိုးကို အဆုံးသတ်ရန် ကြိုးစားနေသည့် ဘဏ်စနစ်ကို ခေတ်နှင့်အညီ ပြုပြင်ရန်လည်း ဆောင်ရွက်နေကြောင်း ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးလှထွန်းက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး ပြည်တွင်း စည်းလုံးညီညွတ် ရေးကို ထူထောင်လျက်ရှိသည်။ BBC ၊ VOA သတင်းဌာန ကဲ့သို့သော နိုင်ငံခြားသတင်းဌာနများ ပြည်တွင်း၌ သတင်းယူခွင့်ပြုခဲ့သည်။ ယင်းတို့သည် ၁၉၆၂ ခုနှစ်တွင် စတင်ခဲ့သော အစိုးရအုပ်ချုပ်ရေးပုံစံကို အစိုးရသစ်က ကိုးလအတွင်း အဆုံးသတ်နိုင်ခဲ့သည်ဟု Bloomberg က ရေးသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး (မာတီနာတာလီဂါဝါ) က မြန်မာ အစိုးရသည် ယခင် ကထက် ပိုမိုအပြုသဘော ဆောင်လာသည်ဟု ခံစားမိကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာအစိုးရအား နှစ်စဉ်ငွေကြေးနှင့် စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသည့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ အရာရှိများသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သောလများအတွင်းက အလည်အပတ် လာရောက်ခဲ့ကြသည့် အမေရိကန် ပြည် ထောင်စု၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်သည် သုံးလအတွင်း မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်တိုင် လာရောက်ခဲ့သည်။ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များမဖြစ်ရန် တားမြစ် ခြင်း၊ မြန်မာနိုင်ငံမှ သွင်းကုန်များကိုတားမြစ်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများကို တားဆီးခြင်းတို့ဖြစ်သည်။ ဥရောပနိုင်ငံများ၏ တားမြစ်မှုများ အမေရိက ကဲ့သို့ မပြင်းထန်သော်လည်း လက်နက်ရောင်းဝယ်မှုပိတ်ပင်ခြင်း၊ သတ္တုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ခြင်းတို့ ဖြင့် ပိတ်ပင်ကြသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင်သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် ဥပဒေကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ အခြေခံ ဥပဒေအပေါ် ထားရှိသည့် သဘောထား လွှတ်တော်အတွင်း ၀င်ရောက်နေရာယူခြင်းနှင့် ထောင်ကျအကျဉ်းသားများကို ပါတီများတွင် လက်ခံခွင့် သဘောထား စသည့်အပြောင်းအလဲများဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို ယခင်အစိုးရ၏ အသိအမှတ်ပြုခြင်းမခံရသော ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊ မ၀င် ဆုံးဖြတ်ပေးတော့မည်ဖြစ်သည်။ NLD  သည် ဒီဇင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်မည်ဟု ဗဟိုကော်မတီဝင် ၁၀၆ ဦး ထောက်ခံမဲဖြင့်  နိုဝင် ဘာလ ၁၈ရက် နေ့တွင် ဆုံးဖြတ်ပြီးဖြစ်သည်။  သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား ယမန်နှစ်က လွှတ်ပေးခဲ့ပြီး ယခုနှစ်အတွင်း လက်ခံတွေ့ဆုံ ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန် ပါတီက ရွေးကောက်ပွဲ၌ ရာခိုင်နှုန်း ၈၀ ခန့် အနိုင်ရရှိခဲ့သည့်အပြင် လွှတ်တော်နှစ်ရပ်တွင် တပ်မတော်သား ကိုယ်စားလှယ် လေးပုံတစ်ပုံဦးရေကို ရယူထားသည်။ လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ၁၅ နှစ်မျှ အကျယ်ချုပ် ချထားခံရသော ဒေါ်အောင်ဆန်းစုကြည် သည် အထိန်းသိမ်းခံ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အကျဉ်းသား ၅၀၀ကျော် လွတ်မြောက်ရေးကို  တောင်းဆိုလျက်ရှိသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းဌာနများသို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားရာတွင် “သမ္မတကြီးဟာ ဒီမိုကရေစီအပြောင်းအလဲကို တကယ်တမ်း လုပ် ဆောင်ဖို့ ဆန္ဒရှိသူဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပါက မြန်မာနိုင်ငံသည် ဒေသတွင်း ၁၀နိုင်ငံ အရေးကိစ္စများကိုပါ ကိုင်တွယ်ရမည်။ အာဆီယံ၏ ရည်မှန်း ချက်များကို အကောင်အထည်ဖော်ရမည့် တာဝန်ယူရမည်ဖြစ်သည်။ ဒေသတွင်း ဆင်းရဲချမ်းသာ ကွာခြားချက်များ၊ အင်အားကောင်းသော ဗုဒ္ဓဘာသာ  နိုင်ငံများ၊ သန်း၃၀၀ ကျော်ခန့်ရှိသော မွတ်ဆလင် နိုင်ငံများနှင့် အရှေ့တောင်အာရှ၏ လူဦးရေအများဆုံး ခရစ်ယာန်နိုင်ငံတို့ ပါဝင်သည်။ ယဉ်ကျေးမှု မျိုးစုံသော ဒေသ၏ ၁၀ နိုင်ငံ အ၀န်း အ၀ိုင်း တစ်ခု ဦးတည်ချက်များကို ပုံဖော်ရန်အတွက် ပဲ့ကိုင်ရမည်လည်း ဖြစ်သည်။

တရုတ်နှင့် ဖြစ်ပွားနေသော အာဆီယံနိုင်ငံများ၏ တောင်တရုတ်ပင်လယ် ရေပိုင်နက်ပြဿနာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား ဖြစ်ပွား လေ့ရှိသည့် ရှေးဟောင်းဘုရားကျောင်း အငြင်းပွားမှု၊ဒေသတွင်း ၁၀ နိုင်ငံ ဗီဇာတစ်ခုတည်း သွားလာရေး၊ ဒေသတွင်း ငွေကြေးတစ်မျိုးတည်း သုံးစွဲရေး ၁၀ နိုင်ငံအ၀န်းအ၀ိုင်းတစ်ခုအဖြစ် ရည်မှန်းနေသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့်တို့သည် မြန်မာအနေဖြင့် ကြိုတင်ထည့်သွင်း စဉ်းစားထား ရမည့် အရေးများလည်း ဖြစ်သည်။ ယခု အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့သူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် ယခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အာဆီယံဒေသတွင်း အရှိန်မြင့်လာသည့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုပြဿနာ၊ မြန်မာကို ၂၀၁၄ အလှည့်ကျခန့်အပ်ရေး၊ ဒေသတွင်း နျူးကလီးယားမပြန့်ပွားရေးတို့ကို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူထားစဉ်ကာလအတွင်း  မြန်မာနိုင်ငံ၏ဂုဏ်သရေအတွက် စွမ်းဆောင်မှုတို့ကိုပြသရပါလိမ့်မည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာအ ကူအညီများကဲ့သို့ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးဟု ပြောရမည့်အရာများသည် ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ် ပဲ့ကိုင်သောအခါ တစ်မုဟုတ်ချင်း  ရောက်ရှိလာမည်  မဟုတ်ပါ။ သို့ရာတွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာခြင်းကြောင့် နိုင်ငံတကာ အပါအ၀င် မြန်မာပြည်သူများ စိုးရိမ်နေကြသည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးများသည် နောက်ကြောင်း ပြန်မလှည့်ရေးကို အဓိကတွန်းအားပေး လာမည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ကြောင့် မြန်မာပြည်သူအများစု လိုချင်တောင့်တကြသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဂုဏ်သိက္ခာရှိရှိ ဆက်လက် လုပ်ကိုင်မည်ကို အစိုးရက ထပ်မံကတိက၀တ်ပြုလိုက်ခြင်းဟု ဆိုရမည်ဖြစ်ပါသည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၆.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်မည်
  2. မြန်မာ- ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီနှင့် မြို့နယ်အဆင့် နယ်ခြားကော်မတီ ပြင်ဆင်ဖွဲ့စည်း
  3. ပြည်တွင်းရှိ ဘဏ် ၁၁ ခု LC လုပ်ကိုင်ခွင့်ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီး
  2. ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သော ဥပဒေနှင့် ဥပဒေကြမ်းများ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************************************************************************************

ပြည်တွင်းသတင်းများ

သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်မည်

နိုင်ငံကူးလက်မှတ်များ လာရောက်လျှောက်ထားပြီးသော်လည်း သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်း မရှိသည့် နိုင်ငံကူး လက်မှတ်များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လျှောက်ထားပြီးသော်လည်း လာရောက်ထုတ်ယူခြင်းမရှိသည့် လက်ကျန်သက်တမ်း တစ်နှစ်ကျာ် ခန့်သာ ကျန်ရှိသည့် လက်ရေးစာမူစာအုပ်များအား ဆက်လက်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။ ၎င်းပြင် စက်ဖြင့် ဖတ်ရှုစစ်ဆေးသည့် အမ်အာပီစနစ်တွင် ထုတ်ယူရန်ကျန်ရှိသော စာအုပ်များအနက် ၂၀၁၀ ပြည့်နှစ်အတွင်းက လျှောက်ထားသူများကို ၂၀၁၁ နှစ်ကုန်တွင် ဆက်လက် ထုတ်ပေးခြင်းမပြုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ်အတွင်းက လျှောက်ထားပြီး လာရောက်ထုတ်ယူခြင်းမပြုသည့် စာအုပ်များကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်စာအုပ်များ လျှောက်ထားပြီး လာရောက်ထုတ်ယူခြင်း မရှိသည်မှာ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း လက်ရေးနှင့် ရေးသား ထားသည့် နိုင်ငံကူးလက်မှတ်အဟောင်း စာအုပ် ၆၀၇၉၄ အုပ်နှင့် အမ်အာပီ(ကွန်ပျူတာ)စနစ်ဖြင့် ထုတ်ပေးသည့်စာအုပ် ၄၂၆၆၃ အုပ်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ- ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီနှင့် မြို့နယ်အဆင့် နယ်ခြားကော်မတီ ပြင်ဆင်ဖွဲ့စည်း

မြန်မာ- ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီနှင့် မြန်မာ-ထိုင်း မြို့နယ်အဆင့် ဒေသဆိုင်ရာနယ်ခြားကော်မတီကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လ ၁၇ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအဖွဲ့က ချမှတ်ပေးသော မူဝါဒဘောင်အတွင်းမှ မြန်မာ- ထိုင်းနယ်စပ်ဒေသတွင် အရေးတကြီး ဆောင်ရွက်ရန် ပြဿနာများ ပေါ်ပေါက်လာပါက တစ်ဖက်ဒေသဆိုင်ရာ နယ်ခြားကော်မတီနှင့် အပြန်အလှန်ဆက်သွယ်၍ ပူးပေါင်းညှိနှိုင်း ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးကိစ္စရပ်များမှအပ နယ်ခြားဒေသတွင် ပေါ်ပေါက်လာသည့် စီးပွားရေး၊ လူမှုရေး၊ လူဝင်မှု၊ အကောက်ခွန်၊ မှုခင်းနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ပြဿနာများပေါ်ပေါက်မှု မရှိစေရန် လိုအပ်သော ကြိုတင်စီမံမှုများ၊ နည်းလမ်းများ၊ လိုက်နာရမည့် လုပ်ထုံးလုပ် နည်းမူများ ချမှတ်ထားရှိရမည် ဖြစ်ကြောင်းသိရသည်။ ဒေသဆိုင်ရာနယ်ခြားကော်မတီသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတစ်ဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ တာဝန်ခံရ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ- ထိုင်းမြိုနယ်အဆင့် နယ်ခြားကော်မတီအဖွဲ့ဝင် မြို့နယ်များမှာ တာချီလိတ်၊ ဖားဆောင်း၊ဘော်လခဲ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့သောင်းမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။ မြို့နယ်ဆိုင်ရာ နယ်ခြားကော်မတီများသည် ဒေသဆိုင်ရာနယ်ခြားကော်မတီသို့ တာဝန်ခံရမည်ဟု နိုဝင်ဘာလ ၄ ရက်နေ့ထုတ် ပြည်ထောင်စုသမ္မတ နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားကြောင်း သိရသည်။

ယခုလို နယ်ခြားကော်မတီများကို စနစ်တကျပြင်ဆင်ဖွဲစည်း ဆောင်ရွက်မှုကြောင့် နယ်ခြားဒေသတွင် ဖြစ်ပေါ်နေသော ပြဿနာများကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်နိုင်မည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများသည်လည်း အချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref : နေပြည်တော်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းရှိ ဘဏ် ၁၁ ခု LC လုပ်ကိုင်ခွင့်ရ

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်နှင့် ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းများအတွက် LC (Letter of Credit) ဖွင့်နိုင်မည့် နိုင်ငံခြားဘဏ်လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် ၁၁ ခုအား ခွင့်ပြုပေးခဲ့ကြောင်း သမဝါယမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ မြန်မာနိုင်ငံတော် စီးပွားရေး ဦးပိုင်လီမီတက်ပိုင် မြဝတီ ဘဏ်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ကုမ္ပဏီလီမီတက်ပိုင် အင်းဝဘဏ်၊ မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်(MOB)၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ယူနိုင်တက် အမရာဘဏ်နှင့် ထွန်း ဖောင်ဒေးရှင်း ဘဏ် တို့ဖြစ်သည်။

ဗပိာုဘဏ်မှ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် ၁၁ ခုအား နိုင်ငံခြားဘဏ်လုပ်ငန်း(Foreign Exchange Division) လုပ်ကိုင်ခွင့်ပေးလိုက် သော်လည်း ၎င်းဘဏ်များအနေဖြင့် လိုအပ်သည့် နည်းပညာ၊ စက်ပစ္စည်းနှင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိစေရေးအတွက် လေ့ကျင့်သင်ကြားရမည် ဖြစ်သည့်အပြင် ၎င်းလုပ်ငန်းများ စတင်လုပ်ကိုင်မည်ဆိုပါက နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ရန် လိုအပ်သည့်အတွက် အိမ်နီးချင်းနိုင်ငံရှိ ဘဏ်များ၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများသော နိုင်ငံရှိ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အတွက် နောင်ခြောက်လခန့်အကြာမှသာ ၎င်း လုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို အစိုးရပိုင်ဘဏ်များဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)နှင့် မြန်မာ့ စီးပွားရေးဘဏ် (MEB) တို့မှ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ယခင်က နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ရှစ်ခုနှင့် နိုင်ငံခြားဘဏ် ရှစ်ခုတို့မှ MoU ထိုးကာ ချိတ်ဆက် လုပ်ဆောင်ခဲ့ဘူးကြောင်း သိရသည်။

Ref: The Voice

 **************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီး

နေပြည်တော်တွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်မှ စတင်ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးသည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ် လ  ၂၂ ရက်မှ စတင် ကျင်းပပြုလုပ်ခဲ့ရာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို နိုဝင် ဘာ လ ၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း (၅) ခုကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့ကြောင်းသိရသည်။ ၎င်း ဥပဒေများမှာ အမြတ်ခွန်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေ၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှတင်သွင်းသော ဥပဒေကြမ်း(၁၈)ခုအနက် ဥပဒေကြမ်း(၁၂) ခုကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဥပဒေကြမ်း(၄) ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်၍ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကြမ်းတို့ကို နောက် တစ်ကြိမ် ကျင်းပပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သဖြင့် နိုင်ငံတော်သမ္မတက  လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာ ကျန်ရှိတော့ကြောင်း၊ လွှတ်တော နှစ်ရပ် သဘောကွဲလွဲခဲ့သည့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင် ရာ ဥပဒေကြမ်းတို့ကို ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် စိစစ်ဆဲဖြစ်ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်၌ ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၂ ခုရှိပြီး ၎င်း ဥပဒေကြမ်းများမှာ လယ်ယာမြေဥပဒေကြမ်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်းတို့ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သော ဥပဒေနှင့် ဥပဒေကြမ်းများ

နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ဥပဒေများ

(၁) အမြတ်ခွန်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေ၊

(၂) မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊

(၃) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊

(၄)ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊

(၅) ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ဥပဒေကြမ်းများ

(၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

(၂) အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်း၊

(၃) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊

(၄) အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊

(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊

(၆) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊

(၇) ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း

(၈) အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေကြမ်း(နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထား)

နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ရန် ကျန်ရှိသော ဥပဒေကြမ်းများ

(၁) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေကြမ်း၊

(၂) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းနှင့်

(၃) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်း

ဥပဒေကြမ်းပူးပေါင်းကော်မတီက စိစစ်ဆဲဥပဒေကြမ်းများ

(၁) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း

(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း

ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ

(၁) လယ်ယာမြေဥပဒေကြမ်း

(၂) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကြမ်း

ပြည်သူ့လွှတ်တော်တွင် ဆိုင်းငံ့ထားသည့် ဥပဒေကြမ်း

(၁) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

(၂) လွှတ်တ်ာရုံး ဥပဒေကြမ်း

အမျိုးသားလွှတ်တော်မှ ဆောင်ရွက်ဆဲ ဥပဒေကြမ်း

(၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကြမ်း

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အသေးစားငွေကြေးဥပဒေတစ်ရပ် ပေါ်ထွန်းလာဖို့ ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးပြီဆိုရင် အခုလပ်နေတဲ့ ငွေစုငွေချေးလုပ်ငန်းတွေ ပိုပြီး စနစ်ကျလာ နိုင်မယ်၊ ခိုင်မာလာနိုင်မယ်၊ လုပ်နည်းလုပ်ဟန်ပိုင်း လျင်မြန်လွယ်ကူလာနိုင်မယ်လို့ မျှော်မှန်ထားပါတယ်။ အခုအချိန်မှာ ပြည်တွင်း ပြည်ပ အန်ဂျီအို အဖွဲ့အစည်းတွေ၊ သမဝါယမအဖွဲ့ အစည်းတွေက အဓိကဆောင် ရွက်နေတယ်။ ဆန်နဲ့ပဲ အထူးပြုကုမ္ပဏီတချို့လည်း ဝင်လုပ်နေပေမယ့် လုပ်ငန်းတွင်ကျယ်မှုပိုင်း အားနည်းနေတာ တွေ့ရတယ်။ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးရင်တော့ ပုဂ္ဂလိကပိုင်းကပါ ဒီအသေးစား ငွေစုငွေချေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ ဝင်ရောက်လုပ်ကိုင် လာနိုင်တယ်။ ဒီလိုလုပ်နိုင်ဖို့ပြဋ္ဌာန်းမယ့် အသေးစားငွေကြေးဥပဒေနဲ့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ပေါ်မှာမူတည်နေပါတယ်”

နိုဝင်ဘာ ၂၅ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၃၄) တွင်ပါသည့် “အသေးစားချေးငွေပြဋ္ဌာန်းချက်များနှင့် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများအပေါ် မူတည်၍ ပုဂ္ဂလိကဘဏ်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ အသေးစားငွေချေး လုပ်ငန်းများကို ပါဝင် လုပ်ကိုင်မည်ဟုသိရ” သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- NLD ပါတီမှတ်ပုံတင်ရင် ပြန်လည်ပူးပေါင်းမယ်လို့ အန်ကယ်တို့နဲ့ အတူတူ NLD က ထွက်လာတဲ့သူတွေ ပြေနေတာ ကြားရပါတယ်။ အခု NLD မှတ်ပုံတင်ပြီဆိုတော့ အန်ကယ်တို့အနေနဲ့ အန်ကယ်ရော၊ အန်ကယ် ဦးခင်မောင်ဆွေရော၊ NDF ခေါင်းဆောင်းပိုင်းတစ်ချို့ကပါ တရားဝင်ရပ်တည်ချင်လို့ NLD ကခွဲထွက် လာတာဆိုတော့ ပြန်လည်ပူးပေါင်းဖို့ အစီအစဉ် ရှိပါသလား။

ဖြေ- ဒါကတော့ အန်ကယ်တို့ကဒီလမ်းကြောင်းပဲ ဆက်ပြီးသွားဖို့ရှိတယ်။ ဥပဒေထဲကလမ်းပေါ့။ မလုပ်လို့တော့ မဖြစ်ဘူးဆိုပြီးတော့ အန်ကယ်တို့ လုပ်ကြတာပဲ။ အခုလောက်ထိတောင် NDF ဆိုပြီး ပါတီကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။ NLD အနေနဲ့ ဖြစ်ဖြစ်၊ တခြားပါတီအမည်နဲ့ ဖြစ်ဖြစ်ဥပဒေအတွင်း လမ်းကြောင်းထဲကို ရောက်လာတယ်ဆိုတာ အန်ကယ်တို့ ကြိုဆိုရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒါမှသာလျှင်  ဒီမိုကရေစီ အင်အားစုတွေက စုစည်းမိမယ်။ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အများကြီး အထောက်အကူပြုမယ်ဆိုတော့ အများကြီးဝမ်းသာ ပါတယ်။ ဒီအတိုင်း ဆုံးဖြတ်မယ်ဆိုရင် အန်ကယ်တို့ကြိုဆိုပါတယ်။ သို့သော်လည်းပဲ NLDပါတီနဲ့ ပြန်ပေါင်းဖို့၊ မပေါင်းဖို့ဆိုတာက တော်တော်လေး အခြေအနေတွေက ကျော်လာပြီလေ။ဒီတော့ အန်ကယ်တို့မှာလည်း ပါတီကြီးတစ်ခုအနေနဲ့ ဖြစ်နေပြီ။ ဒီမှာလည်း NLD ကထွက်လာတဲ့သူတွေချည်းပဲ လည်း မဟုတ်ဘူး။ ဒီမိုကရေစီအတွက် အန်ကယ်တို့နဲ့ လာပူးပေါင်းတဲ့ အပြင်ကလူတွေလညှ်း ရှိနေတယ်။ ဒီတော့အောက်ခြေရဲ့ သဘောဆန္ဒကို အန်ကယ်တို့ အလေးအနက်ထားရမယ်လေ။ ထိုနည်းတူစွာ NLD အနေနဲ့လည်း အန်ကယ့်တို့အပေါ်မှာ ဘယ်လိုဆက်ပြီး သဘောထားမလဲ။ ဘယ်လိုရပ်တည်မလဲ ဆိုတာကိုလည်း အန်ကယ်တို့ကသိဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမတိုင်ခင် အခြေအနေမျိုးက အန်ကယ်တို့ အတွက် သိပ်ပြီးမကောင်းတဲ့ အခြေအနေလေ။ အားလုံးက နားလည်မှုကို တည်ဆေက်ကြမယ်ဆိုရင်တော့ ရှေ့ဆက်လက်တွဲသွားဖို့ အန်ကယ်တို့ ဝန်မလေးပါဘူး။

နိုဝင်ဘာ ၂၅ ထုတ် The Hot News အတွဲ (၂) အမှတ် (၆၇) တွင်ပါသည့် “NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသိန်းငြိမ်းနှင့် အင်တာဗျူး” ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် မျှော်လင့်မှုနှင့် အားတက်မှုများအတွက် ရင်းမြစ်ဖြစ်ပါ ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက်လွှတ်ပေးမှုများ အပါအဝင် တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ကို မျှော်လင့်စောင့်စားနေပါကြောင်း”

နိုဝင်ဘာ ၂၅ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၃၄) တွင်ပါသည့် “မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည် သုံးသပ်နေ” သတင်းမှ နိုင်ငံခြားရေးမူဝါဒကြီးအကဲ ကက်သရင်းအက်ရှ်တန်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs