Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့

              ****************************************

ဆောင်းပါးကဏ္ဍ

အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့

မြန်မာနိုင်ငံသည် ၁၉၆၂ခုနှစ်မှစတင်၍  နှစ်ပေါင်း ၅၀ နီးပါး အာဏာပိုင်အုပ်ချုပ်ရေးစနစ် (Authoritarian regime)ကို ကျင့်သုံး အကောင်အထည်ဖော်ခဲ့ရာမှ ယနေ့အခါ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ (ဦးသိန်းစိန်အစိုးရ၏ လမ်းစဉ်အရ)စနစ်ကို ပြောင်းလဲကျင့်သုံးရန် အသွင် ကူးပြောင်း၍ နေသည်မှာ တစ်နှစ်ခန့်ပင် ရှိတော့မည်။ ကုန်လွန်ခဲ့သော နှစ်ပေါင်း ၅၀အတွင်း နိုင်ငံရေးအရ ဖြစ်ထွန်းပြောင်းလဲမှုများမှာ အာဏာပိုင် အုပ်ချုပ်ရေးစနစ်ဆီသို့ ဦးတည်စေခဲ့ခြင်းကြောင့် ပြည်သူများကြားတွင် နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် နိုင်ငံရေးယဉ်ကျေးမှုသာ ထွန်းကား ခဲ့သည်။ ယခုအခါတွင်တော့ အာဏာပိုင်စနစ်၏ အရိပ်အယောင်များကင်းပြီးသကာလ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးမှာ အလှုပ်အရမ်း အချိုးအကွေးများသည်နှင့်အညီ နောက်ကြောင်းပြန်လှည့်သွားခြင်းမျိုး မဖြစ်ပေါ်အောင် နိုင်ငံရေးအင်အားစုများအားလုံး ဝိုင်းဝန်း ထိန်းသိမ်းရမည့် အနေအထားဖြစ်သည်။

အာဏာရှင် ခေါင်းဆောင်တိုင်း၏ အခက်အခဲ

အာဏာပိုင်စနစ်၏ နိုင်ငံရေးနှင့် စီးပွားရေးစီမံခန့်ခွဲမှု အမှားများ၏ရလဒ်အဖြစ် ၁၉၈၈ ဒီမိုကရေစီလူထု လှုပ်ရှားမှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံသားလွတ်လပ်ခွင့်ဆိုသည့်အရာကို လမ်းပေါ်ထွက်၍ တောင်းဆိုခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးအကျယ်ဆုံးသော နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းဆိုသည့် လှုပ်ရှားမှုဖြစ်ခဲ့ရာ အာဏာပိုင်အုပ်ချုပ်ရေးကို ဆုံးခန်းတိုင်သည်အထိ ဖြစ်ခဲ့ရသည်။ သို့နှင့် နှစ်ပေါင်း ၂၆ နှစ် နီးပါး အာဏာပိုင်အုပ်ချုပ်ရေးကို ဖြိုလဲပစ်ခဲ့သည့် ဒီမိုကရေစီဘက်တော်သားများအားလုံး၏ အောင်ပွဲဟူ၍ ကြွေးကြော်နိုင်ခဲ့ ပါသည်။ အာဏာရှင်စနစ်၏ သဘောသဘာဝမှာ ယင်းစနစ်ကိုဆန့်ကျင်သည့် နိုင်ငံရေးလွတ်လပ်ခွင့်ကို စွဲစွဲမြဲမြဲတောင်းဆိုသည့် အတိုက်အခံအင်အားစုနှင့် အမြဲလိုလိုပင် ရင်ဆိုင် ကြုံတွေ့နေရမည်သာ ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်ခေါင်းဆောင်များသည် ၎င်း၏ အာဏာကို လှုပ်ရမ်းဆွဲခါနိုင်သည့် နိုင်ငံရေးအင်အားစုကို ၎င်း၏ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့များဖြင့် အစဉ်တစိုက် နေရာအလပ်မရှိ နှိပ်ကွပ်ဖျောက်ဖျက်လေ့ရှိသည်။ သို့သော် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းအားဖြင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွင်း ဖိနိုပ်ရေးတပ်ဖွဲ့များ များပြားစွာရှိလာပြီး ယင်းအတွင်းကုန်ကျစရိတ်လည်း အတော်လေးမြင့်မားနေကြောင်း တွေ့ခဲ့ရ သည်။ ထို့အပြင် အဏာရှင်ခေါင်းဆောင်များ အုပ်ချုပ်သည့်လက်ထက်တွင် အစိုးရ၏ တရားဝင်မှုအပေါ် ပြည်သူများရော၊ နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ ယုံကြည်မှုနည်းပါးကြောင်း တွေ့ရသည်။

နောက်ကြောင်းပြန်လှည့်ခဲ့မှုများ

မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီတက် လာသည့်အခါ ပြည်သူများက ယခင် ပါလီမန်ဒီမိုကရေစီနိုင်ငံရေး၊ စီးပွားရေးအဆင်မပြေနိုင်မှုများကို တစုံတရာ ဖြေရှင်း ပေးနိုင်မည်ဟူသော မျှော်လင့်ချက်မျိုးထားရှိခဲ့သည်သာဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးအာဏာသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ တစ်ခုကိုတစ်ခု အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်း မရှိသည့် ဗဟိုဦးစီးစနစ် ဖြစ်နေ ခြင်းကြောင့် ယခင်ရှိပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအဆင့်မြင့်မားခဲ့မှုများမှ တဖြည်းဖြည်းပျောက်ကွယ်ခဲ့ရသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ရပ်တန့်သွားစေပြီး အာဏာပိုင်စနစ်ဆီသို့ နောက်ကြောင်းပြောင်းလှည့်သွားသည့် သာဓကကို ၁၉၉၀ အလွန် ပြုပြောင်းပြောင်းလဲမှုများကို ကြည့်ခြင်းဖြင့် သိမြင်နိုင်ပါသည်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပြီးတွင် နိုင်ငံရေးနှင့် စီးပွားရေးလွတ်လပ်ခွင့် တစ်နည်း ဖြေလျှော့ပေးမှုများ ဖြည်းဖြည်းမှန်မှန်ရရှိခဲ့သည့်အတွက် နိုင်ငံ၏ လူမှုစီးပွားရေးအခန်းကဏ္ဍမှာ အစစ်အမှန်မဟုတ်သည့် အယောင်ဆောင် ဖွံ့ဖြိုးမှု တစ်ခုကို ရယူနိုင်ခဲ့သည်။ သို့သော် အုပ်ချုပ်ရေး လူတန်းစား၏ နိုင်ငံရေးစိတ်စေတနာ နည်းပါးမှုကြောင့် အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေး အင်အားစုများ အကြား နိုင်ငံရေးသဘောတူအမြင်တစ်ခု မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဗဟိုဦးစီးစနစ် တနည်းအာဏာရှင် အုပ်ချုပ် ရေးစနစ်ဆီသို့ ပြန်လှည့်သွားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် အဖက် ဖက်မှ ဆုတ်ယုတ်ခဲ့သည်။

အစိုးရသစ်၏ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ

အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း အာဏာရှင်ခေါင်းဆောင်များသည် ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွင်း အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေးအင်အားစုကို အစဉ်မပြတ်နှိပ်ကွပ်နေရခြင်းကြောင့် အဖက်ဖက်မှ ယုတ်လျော့မှုများ ပေါ်ပေါက်လာရသည်။ ယခင် မြန်မာနိုင်ငံ၏ အာဏာရှင် ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်မှုး ကြီးသန်းရွှေမှာလည်း ထိုအချက်ကို သိမြင်ခဲ့ဟန်တူပါသည်၊ ထိုကြောင့် နိုင်ငံရေး အတိုက်အခံ အင်အားစုများ၏ အသံကို ကျယ်ကျယ်ပြန့်ပြန့် နားထောင်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်ကို အနည်းငယ်သာပေးသည့်အနေဖြင့် လမ်းညွှန်ဒီမိုကရေစီ (Guided Democracy) စနစ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်တကွ အကောင်အထည်ဖော်ခဲ့ပြီးယင်းမှာ နိုင်ငံရေးဇတ်ခုံ၏ ခန်းဆီး နောက်ကွယ်မှာသာ နေတော့သည်။ သို့နှင့် မြန်မာပြည်သူများမှာ ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပဖြတ်သန်းအပြီး အုပ်ချုပ်ရေးစနစ်သစ်အပေါ် မျှော်လင့်ချက် နည်းပါးစွာထားရှိခဲ့သည်။သို့သော် အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရမှ ထင်မှတ်ထားသည်ထက် ပိုမိုလုပ်ဆောင်ပြနိုင်ခြင်းသည် မြန်မာပြည်သူတို့၏ မျှော်လင့်ချက် အရိပ်အယောင်ကို တဖန်နိုးကြားလာစေခဲ့သည်။ တစ်နှစ်သားပင် မပြည့်သေးသော အစိုးရတစ်ရပ် ဖြစ်နေသည့်တိုင် နိုင်ငံတကာမှ တရားဝင်မှုကို အပြည့်အဝရယူ နိုင်ခဲ့သည်။ အာဏာသိမ်းအစိုးရမဟုတ်ဘဲ ရွေးကောက်ပွဲနှင့် တက်လာသည့် အစိုးရတစ်ရပ် ဖြစ်သည့် အတွက်ကြောင့်လည်း တရားဥပဒေစိုးမိုးမှု (rule of law) ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရတစ်ရပ်ဖြစ်သည်ဟုသုံးသပ်၍ ရနိုင်ပါသည်။ ယခုအချိန်ထိ အုပ်ချုပ်ရေးအာဏာမှ ဥပဒေဘောင်ကိုကျော်၍ လုပ်ဆောင်သည်ဟု တွေ့ရှိရခြင်း မရှိသေးသော်လည်းနောက်ပိုင်း နိုင်ငံ၏ စီးပွားရေးအပြောင်းအလဲများတွင် တရားဥပဒေစိုးမိုးမှုကို ယခုထက်ပိုမို၍ လုပ်ဆောင်သင့်ပါသည်။ ရွေးကောက်ပွဲနှင့် တက်လာသည့် ဦးသိန်းစိန်မှာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့်အညီ ယခင်အာဏာရှင် ခေါင်းဆောင်များလို တရားနည်းလမ်းမကျစွာ (Unlawfully) တက်လာသည့် ခေါင်းဆောင်တစ်ဦးမဟုတ်သည့်အတွက် အတိုက်အခံ နိုင်ငံရေးအင်အားစုများအပေါ် ရန်သူအဖြစ် သဘောထားမှု နည်းပါးသွားပြီဟု ကောက်ချက်ချ၍ ရနိုင်သည်။ သို့သော် နောက်တကြိမ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက်တော့ ပြိုင်ဖက်အဖြစ် သဘောထားနိုင်ပါသည်။ တနည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ပြိုင်လည်းပြိုင် ပေါင်းလည်းပေါင်းရမည့် အခင်းအကျင်းတစ်ခု ဖော်ဆောင်ရန်ပင် ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ တာဝန်ယူရသည့် ဒီမိုကရေစီတာထွက်ခရီးလမ်းမှာ စိန်ခေါ်များဖြင့် ပြည့်နှက်နေသည်ဟူ၍ ဆိုနိုင်ပါသည်။ ပြည်တွင်း နိုင်ငံရေး အင်အားစုများကြား နိုင်ငံရေးသဘောတူအမြင်ရရှိရေး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး တောင်းဆိုချက်များနှင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် မိမိတို့အစိုးရ တရားဝင်မှု ရရှိရေးအစရှိသည်တို့ပင် ဖြစ်သည်။

ဦးသိန်းစိန်အစိုးရ၏ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများကြောင့် ရရှိလာပြီဖြစ်သော နိုင်ငံရေးအင်အားစုများကြား နိုင်ငံရေးသဘောတူ အမြင်မှာ မြန်မာနိုင်ငံရေးသမိုင်းတွင် လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုရှိသည့် အမျိုးသားညီညွတ်မှုအနေအထားသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီမှတ်ပုံတင်ခဲ့ပြီးဖြစ်ရာ နောက်ပိုင်းတွေ့ကြုံဖြတ်သန်းရတော့မည့် နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံတကာမှ တရားဝင်မှု အပြည့်ပေးထားသော နိုင်ငံရေးပါတီတစ်ခု ပင်မရေစီးကြောင်း နိုင်ငံရေးတစ်နည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လာနိုင်မည် ဖြစ်သည်။ ယင်းနှင့် တစ်ဆက်တည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်း လမ်းကြောင်းမှန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဦးသိန်းစိုးအစိုးရမှ စေတနာမှန်မှန်ဖြင့်သာ ရှေ့တိုးဆောင်ရွက်သွားရန်လိုတော့သည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်လျှင် နိုင်ငံတကာမှ ထောက်ပြနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများကိုလည်း ဖြေရှင်းနိုင်ခြင်း ရှိမည်မဟုတ်။ အထက်ပါစိန်ခေါ်မှုများကို ဦးသိန်းစိန်အစိုးရမှ ဖြေရှင်းနိုင်မှသာလျှင် ပြည်သူများ၏ စီးပွားရေး တောင်းဆိုချက်များကို ဦးသိန်းစိန်အစိုးရမှ စနစ်တကျ၊ စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်သည်။ သို့မှသာဒီမိုကရေစီအကူးအပြောင်းတိုင်းတွင် အာဏာပိုင်စနစ်ဆီသို့ နောက်ကြောင်းပြန်လှည့်သွားနိုင်သည့် အလားအလာ နည်းပါး သွားမည် ဖြစ်ပြီး ဒီမိုကရေစီပျိုးပင်သည်လည်း စဉ်ဆက်ပြတ် ရှင်သန်ဖွံ့ဖြိုး ကြီးထွားလာမည် ဖြစ်ပါကြောင်း………..။

*****************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၈.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လိုင်စင်မလိုသည့် လယ်ယာထွက် ပို့ကုန်၊ သွင်းကုန်များ ဆောင်ရွက်မည်
  2. မြန်မာ့ဘဏ်လုပ်ငန်း တိုးတက်ရေး အာဆီယံနှင့် အီးယူ ကူညီမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ နောက်သုံးလအတွင်း မကျင်းပနိုင်ပာု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား
  2. ပြည်ထောင်စုဝန်ကြီးဌာနတစ်ချို့ ပြင်ဆင်ဖွဲ့စည်းမည်
  3. ပြည်သူတို့၏ မကျေနပ်ချက်  လွှတ်တော်ရေးရာကော်မတီများသို့ တိုင်ကြားနိုင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************************************

ပြည်တွင်းသတင်းများ

လိုင်စင်မလိုသည့် လယ်ယာထွက် ပို့ကုန်၊ သွင်းကုန်များ ဆောင်ရွက်မည်

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို လိုင်စင်မလိုဘဲ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေနိုင်စေရန် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် ဖြေလျှော့မှု အများအပြား လုပ်ဆောင်ပေးခဲ့သော်လည်း အခက်အခဲများမှာမူ ရှိနေဆဲဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အခက်အခဲရှိနေဆဲဖြစ်သည့်အတွက် ယခုအခါ နိုင်ငံတော်မှ ထပ်မံဖြေလျော့သည့်အနေဖြင့် ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်ရာတွင် လိုင်စင်မလိုဘဲ ဆောင်ရွက်နိုင်စေရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်၌ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကုန်သွယ်မှုနှင့် ပတ်သက်၍ ဖြေလျော့မှုများ၊ ပို့ကုန် မြှင့်တင်ရေးများ လုပ်ဆောင်ခဲ့သည့်အပြင် ပို့ကုန်၊ သွင်းကုန်လိုင်စင် ပိုမိုမြန်ဆန်စွာဖြင့် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်မှ လယ်ယာထွက်ကုန်စည် အဓိက ငါးမျိုး၊ ရေထွက်၊ သစ်အချောထည်နှင့် CMP ပို့ကုန်ခွန်ကောက်ခံသည့် ကုန်သွယ်ခွန် လုပ်ငန်းများကို ခြောက်လတာ လွတ်လပ်ခွင့်ပေးခဲ့ကြောင်း သိရသည်။ မြန်မာ့လယ်ယာထွက် ဆန်များနှင့် အချို့ပို့ကုန်ပစ္စည်းများကိုလည်း ပစ္စည်းပြရန် မလိုဘဲ လိုင်စင် လုပ်ပေးခဲ့ကြောင်း သိရသည်။

Ref: Flower News

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ဘဏ်လုပ်ငန်း တိုးတက်ရေး အာဆီယံနှင့် အီးယူ ကူညီမည်

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ထားခဲ့သည့် ဥရောပသမဂ္ဂ(အီးယူ) မှ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပထမ ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ဥရောဘဏ်အား အကူအညီတောင်းခံရာတွင် နော်ဝေနိုင်ငံမှ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်၍ အကူအညီပေးခဲ့ကြောင်း မြန်မာနိုငံတော် ဘဏ်များအသင်းတွင် ကျင်းပခဲ့သော အကြိမ်(၂၀)မြောက် ပထမပုဂ္ဂလိကဘဏ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်လက် ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံရှိ ဘဏ်များအား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ခွင့်ပြုခဲ့သော်လည်း နည်းပညာ ကျွမ်းကျင်မှုနှင့် ကျွမ်းကျင်ဝန်ထမ်းရှားပါးခြင်း စသည့် အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထိုသို့ မြန်မာ့ဘဏ်လုပ်ငန်းများတွင် အခက်အခဲရှိနေဆဲဖြစ်သည့်အတွက် အာဆီယံနိုင်ငံများအတွင်း ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် စင်္ကာပူ၊ ထိုင်းကဲ့သို့သော နိုင်ငံများမှ ဘဏ်ကျွမ်းကျင်သည့် ပညာရှင်များ မြန်မာနိုင်ငံရှိ ဘဏ်များသို့ လာရောက် သင်တန်းပို့ချပေးနိုင်စေရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံများ ဖွဲ့စည်းထားသည့် အာဆီယံ ဘဏ်လုပ်ငန်းရှင်များအဖွဲ့အစည်း (Asean Banker Association) တွင် မြန်မာနိုင်ငံ အနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်းမြန်မာနိုင်ငံအား ယခုထက်တိုင် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုမရှိသေးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Ref: မြန်မာပို့စ်

***********************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ နောက်သုံးလအတွင်း မကျင်းပနိုင်ပာု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများကို ယခုလာမည့် သုံးလအတွင်း ကျင်းပနိုင်ဦးမည် မပာုတ်သေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်မည်ဆိုပါက ကြားဖြတ် ရွေးကောက်ပွဲ မပြုလုပ်ခင် သုံးလကြိုတင်၍ ကြေညာရမှာဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာသည့်အချိန်မှ စတင်၍ နောက်လုံးလအတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမှာဖြစ်ကြောင်း၊ လောလောဆယ် အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် လုံးဝကြေညာထားခြင်း မရှိသေးသည့်အတွက် နောက်သုံးလအတွင်း ကျင်းပနိုင်မည်မပာုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်းမှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လက်တလောအချိန်တွင် NLD ပါတီမှ မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် မိမိအနေဖြင့် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာလည်း ပိုမိုပီပြင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယခု ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အင်အားကြီး နိုင်ငံရေး အတိုက်အခံပါတီတစ်ခုဖြစ်သည့် NLD ပါတီမှ ကိုယ်စားလှယ် လောင်းများ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ပြီး NLD ပါတီမှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၎င်း ပါတီအား နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခဲ့သည်။

မကြာသေးမီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လစ်လပ်မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ နိုဝင်ဘာလဆန်းပိုင်းတွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း (၄၈) နေရာရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုဝန်ကြီးဌာနတစ်ချို့ ပြင်ဆင်ဖွဲ့စည်းမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးဌာနတစ်ချို့ ပြင်ဆင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ နိုဘာလ ၂၅ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါသဝဏ်လွှာတွင် ပြည်ထောင်စုဝန်ကြီးဌာနများဖြစ်သည့် အမှတ်(၁)နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့အား ပေါင်စည်းပြီး စက်မှု ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကန့်ကွက်ဆွေးနွေး လိုပါက  ဆွေးနွေးချက်များကို စာဖြင့်ရေးသား လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပေးပို့ကြရန် ဖြစ်ကြောင်း၊ သက်မှတ်ရက်အတွင်း ကန့်ကွက် ဆွေးနွေး ချက်များရှိပါက နောက်တစ်ကြိမ်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြ မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက် အတွင်း ကန့်ကွက်ဆွေးနွေးချက်များ မရှိပါက ဝန်ကြီးဌာနနှစ်ခုကို ပေါင်းစည်း၍ စက်မှုဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်းအား သဘောတူသည် ဟု မှတ်ယူ၍ ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း နာယကက နိုင်ငံတော်သမ္မထံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား လက်ရှိဝန်ကြီးဌာနအပြင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကိုပါ ပူးတွဲ တာဝန်ယူစေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနကို တာဝန်ယူလျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တစ်ခုတည်းကိုသာ ပြင်ဆင်ခန့်အပ် တာဝန် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူတို့၏ မကျေနပ်ချက် လွှတ်တော်ရေးရာကော်မတီများသို့ တိုင်ကြားနိုင်

ပြည်သူတို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်သော မကျေနပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော် ရေးရာ ကော်မတီများသို့ တိုင် ကြားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။

“ ပြည်သူများ၏ မကျေနပ်ချက်များကို တိုင်ကြားလိုလျှင် မိမိဥက္ကဋ္ဌကို တိုက်ရိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ ရေးရာကော်မတီဥက္ကဋ္ဌ (သို့ မဟုတ်) အတွင်းရေးမှူးထံသို့ တိုက်ရိုက် တိုင်ကြားနိုင်တယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ တိုင်ကြားချက်နှင့် ပတ်သက်၍ လွှတ်တော်ရေးရာကော်မတီများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်း အပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံမှ တစ်ဆင့် တိုင်ကြားနိုင်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် ရေးရာကော်မတီများ ဖွဲ့စည်းထားပြီး ရေးရာကော်မတီများတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

YC

**********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့အကျဉ်းသား၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားရှိတယ်ဆိုရင် အများနည်းတူ စဉ်းစားတဲ့ နေရာမှာ အမှန်တကယ်ဆူပူမှု၊ အုံကြွမှုမှာမပါဘဲ နိုင်ငံရေးကြောင့်ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်မယ့်သဘော ရှိပါတယ်”

နိုဝင်ဘာ ၂၅ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၆) တွင်ပါသည့် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို နိုင်ငံတော်က အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်မည်” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------                    

ဝေါလ်စထရိ။  ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အစစ်အမှန်တွေလို့ ခံစားရပါသလား။ ခံစားရတယ်ဆိုရင် ဘယ်ဟာတွေကို အစစ်အမှန်လို့ ခံစားရပြီလဲ၊ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။  ။ အားရစရာတွေကိုပြောရမယ်ဆိုရင်တော့ အခုအစိုးရသစ်တက်ပြီးနောက်ပိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးရတဲ့ ကိစ္စတွေ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးရတဲ့ကိစ္စတွေကို အားရပါတယ်။ အရင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ရတဲ့ အခြေအနေတွေထက် အများကြီးအားရစရာ ကောင်းလာတယ်လို့ ခံစားရပါတယ်။ ပိုပြီး လည်း စစ်မှန်လာတယ်လို့ ခံစားရပါတယ်။ ခုဆိုသတင်းမီဒီယာတွေအနေနဲ့လည်း အရင်ကထက်ပိုပြီး အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပါဝင် ခွင့်ရလာတာ တွေ့ရပါတယ်။ ဒါလည်း အားရစရာကောင်းတဲ့ တစ်ချက်ပါ။ သတင်းလွတ်လပ်ခွင့်လည်း အရင်ကထက်ရလာတာ တွေ့ရပါတယ်။ ယေဘုယျခြုံပြောရရင် လူတွေဟာ နိုင်ငံရေးမှာအရင်ကထက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဝင်လုပ်ကိုင်ရဲလာတာ အားလုံးအမြင်ပါပဲ။ ခုအချိန်ဟာ နိုင်ငံရေး လုပ်ဖို့ဆို လန့်နေရတဲ့ အရင်ကလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။ တော်တော်ပြောင်းလဲလာတာ တွေ့ရပါတယ်။ ဒီအပြောင်းအလဲဟာ အားရစရာ အပြောင်းအလဲ၊ အရေးကြီးတဲ့ အပြောင်းအလဲလို့ ပြောနိုင်ပါတယ်။ ခုလိုလူတွေနိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင်နိုင်ဖို့ဟာ နိုင်ငံ တစ်နိုင်ငံအတွက် တကယ့်ကိုအရေးကြီးပါတယ်။

နိုဝင်ဘာ ၁၈ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၈) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံဟာ အရင်တုန်းကတိုးတက်သင့်သလောက် မတိုးတက်ဘူး။ အဖက်ဖက်မှလည်း Sanction တွေက ရှိသေးတယ်။ အမေရိကန်က ကျွန်တော်တို့နိုင်ငံကို နားလည်သလောက် နားလည်လာပြီ။ ပြီးတော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကလည်း နောက်ကြောင်းပြန်မလှည့်ဘူးလေ။ အမေရိကန်၊ အနောက်နိုင်ငံတွေရဲ့ အရင်းအနှီးတစ်ခုတည်း မဟုတ်ဘူး။ နည်းပညာတွေ၊ ဈေးကွက်တွေ၊ စီမံခန့်ခွဲမှုတွေလည်းပါလာမယ်။ ပညာရပ် တွေပါပြည့်တော့ စီးပွားရေး အလာအလာ ကောင်းလာနိုင်တယ်။ ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာပြည် ကို လာမယ်ဆိုတော့ နိုင်ငံခြားရေးမူဝါဒကြောင့် Sanction လည်း သူ့ဟာသူလျော့ပေါ့သွားနိုင်ပါသည်။ အမေရိကန်- မြန်မာဆက်ဆံရေး ကောင်းမွန် သည်မက အခြားဥရောပနိုင်ငံတွေ၊ ကိုရီးယား၊ တရုတ်နဲ့ အနောက်နိုင်ငံ၊ အာရှနိုင်ငံတွေပါ လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး နိုင်ငံတကာကလည်း မြန်မာကို အကူအညီ ထပ်မံပေးမယ်။

နိုဝင်ဘာ ၁၈ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၈) တွင်ပါသည့် “မြန်မာ- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအပေါ် သူတို့ ဘယ်လို မြင်သလဲ” သတင်းမှ ဒေါက်တာနေဇင်လတ် (နိုင်ငံတော်သမ္မတအကြံပေး) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************** 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs