Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၉.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. တရုတ်- မြန်မာနယ်စပ်တွင် ပြင်းအား ၅. ၁ ငလျင်လှုပ်

(Bangkok Post မှ 28 Nov 2011 ရက်စွဲပါ “ 5.1 quake at China- Burma border” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မဲခေါင်မြစ်လုံခြုံရေး ပူပန်နေရချိန်တွင် တရုတ်ဒုတိယသမ္မတ မြန်မာစစ်ဦးစီးချုပ်နှင့် တွေ့ဆုံ

(28 Nov 2011 ရက်စွဲပါ The Washington Post မှ AP ၏ Chinese VP meets with Myanmar armed forces chief amid concerns over Mekong River security ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ် အိုဘားမားနှင့် ကလင်တန်တို့ လောင်းကြေးထပ်

(Associated Press မှ 28 Nov 2011 ရက်စွဲပါ “Obama, Clinton gamble on Myanmar” သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. လေးနက်သော ချစ်ကြည်ရင်းနှီးမှုထူထောင်မည်ဟု မြန်မာနှင့် တရုတ် အဓိဋ္ဌာန်ပြု

(Channel News Asia မှ 28 Nov 2011 ရက်စွဲပါ China, Myanmar vow deeper ties ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

တရုတ်- မြန်မာနယ်စပ်တွင် ပြင်းအား ၅. ၁ ငလျင်လှုပ်

(Bangkok Post မှ 28 Nov 2011 ရက်စွဲပါ “ 5.1 quake at China- Burma border” သတင်းကို ဘာသာ ပြန်ဆိုသည်)

              မြန်မာနှင့် တရုတ်အကြား နယ်စပ်ဒေသတွင် အင်အား ၅.၁ မဂ္ဂနီကျူ ပြင်းအားရှိသော မြေငလျင်တစ်ခု လှုပ်သွား ခဲ့ကြောင်း ဘူမိဗေဒပညာရှင်များ က တနင်္လာနေ့ညပိုင်းတွင် ပြောကြားခဲ့သော်လည်း ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှု သတင်းများ လောလောဆယ် မရရှိသေးဟု သိရသည်။

                အလယ်အလတ်ပြင်းအားရှိ ငလျင်သည် မြစ်ကြီးနားမြို့ အရှေ့တောင်ဖက် ၃၁ ကီလိုမီတာအကွာ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့နှင့် ၂၃၀ ကီလိုမီတာအကွာနေရာကို ဗဟိုပြုကာ မြေအောက်အနက် ၂၈ ကီလိုမီတာခန့်တွင် ဒေသ စံတော်ချိန် ၂၁- ၃၆ နာရီခန့်က လှုပ်သွားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒတိုင်းထွာရေးဌာနက ပြောကြားသည်။

                ထိခိုက်မှု၊ သေဆုံးမှုသတင်းများကိုမူ လောလောဆယ် မရရှိသေးပါ။ ယခု ငလျင်လှုပ်သောနေရာသည် မြန်မာ တိုင်းရင်သား လူမျိုးစုတစ်ခု၏ ဇာတိ ဒေသဖြစ်သည်ဟု သိရှိရသည်။

**************************************************************************************

မဲခေါင်မြစ် လုံခြုံရေး ပူပန်နေရချိန်တွင် တရုတ်ဒုတိယသမ္မတ မြန်မာစစ်ဦးစီးချုပ်နှင့် တွေ့ဆုံ

(28 Nov 2011 ရက်စွဲပါ The Washington Post မှ AP ၏ Chinese VP meets with Myanmar armed forces chief amid concerns over Mekong River security ကို ဘာသာပြန်ဆိုသည်)

                တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတသည် တနင်္လာနေ့က မြန်မာစစ်တပ် အကြီးအကဲအား တွေ့ဆုံခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ တွေ့ဆုံ ချိန်သည် မဲခေါင်မြစ်အတွင်း သင်္ဘောသွားလာရေးအတွက် လုံခြုံရေး စိုးရိမ်နေရချိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ အထီးကျန် ပြုထားသော မြန်မာနိုင်ငံသို့ မသွားရောက်မီ ရက်ပိုင်း အလိုတွင် ဖြစ်သည်။

                Xi Jinping သည် မြန်မာနိုင်ငံနှင့် အားကောင်းသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ကတိပြုခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ဆက်ဆံရေးတွင် မဖော်ပြနိုင်သော စိန်ခေါ်မှုများအတွက် အဖြေရှာရေးကို တွန်းအားပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။

                “နှစ်နိုင်ငံဆက်ဆံရေးကြီးတစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သော တရုတ်- မြန်မာစစ်တပ်အချင်း ဆက်ဆံရေးသည် လွန်ခဲ့သောနှစ်များအတွင်း ကောင်း စွာ တိုးတက်ခဲ့ပါသည်” ဟု Xi က ပြောကြားခဲ့ခြင်းကို ကိုးကား၍ ကြေညာချက်တွင် ဖော်ပြထားသည်။

                ဝန်ကြီးဌာန၏ ကြေညာချက်တွင် အောက်တိုဘာလအစောပိုင်းက တရုတ်ကုန်တင်သင်္ဘောနှစ်စင်း မဲခေါင်မြစ် အတွင်း တိုက်ခိုက်ခံရပြီး သင်္ဘော သား (၁၃)ဦး သေဆုံးရခြင်းကို တိုက်ရိုက်ဖော်ပြခြင်းမရှိပေ။ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ရှေ့လာမည့် လမှစ၍ မဲခေါင်မြစ်အတွင်း ပူးတွဲလုံခြုံရေးကင်းလှည့်မှု စတင်မည်ဖြစ်သည်။

                သို့သော် ဝန်ကြီးဌာနက ပြောကြားရာတွင် မြန်မာဗိုလ်ချုပ်ကြီးသည် စစ်တပ်ခြင်းဖလှယ်မှု အားကောင်းရေးနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကတိပြုခဲ့သည်ပာု ဆိုသည်။

                ပူးတွဲလုံခြုံရေးအစီအစဉ်၏ ဌာနချုပ်ကို တရုတ်တွင်ထားရှိမည်ဖြစ်သည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ ပိုင်ဆိုင်သော မဲခေါင်မြစ် အစိတ်အပိုင်း အထိ တရုတ်သင်္ဘောများ ကင်းလှည့်မည်ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရပေ။ တရုတ်သည် လာအိုနှင့် မြန်မာနိုင်ငံမှရဲများကို လေ့ကျင့်ပေးခြင်းနှင့် လက်နက် တပ်ဆင်ပေးခြင်းကို ကူညီမည် ဖြစ်သည်။

                အစပိုင်းက အဆိုပါသင်္ဘောများတိုက်ခိုက်ခံရမှုအပေါ် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သံသယရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုင်း စစ်သား ကိုးဦးက ထိုအမှုအတွက် လက်နက်ချခဲ့သည်ဟု ဆိုသည်။

                Beijing သည် ကာလရှည်ကြာကပင် မြန်မာနိုင်ငံအပေါ် အဓိက သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ သို့သော် မြန်မာစစ်တပ်နှင့် သူပုန်အုပ်စုများ တိုက်ခိုက်ခြင်းကြောင့် ဒုက္ခသည်များ တရုတ်နိုင်ငံ အနောက်တောင်ဖက်သို့ ထွက်ပြေးဝင်ရောက်သွားခြင်း ကြောင့် ဆက်ဆံရေးအနည်းငယ် အဆင်မပြေ ဖြစ်ခဲ့ရသည်။

                မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီက ဆောက်လုပ်နေသော အဓိက ရေလှောင်တမံစီမံကိန်းကို ရပ်တန့်ခဲ့သောအခါ တရုတ်အဖို့ ရုတ်တရက် အငိုက်မိ သွားခဲ့ပြီး အဆိုပါကိစ္စမှာ မြန်မာ့ပြည်တွင်းနိုင်ငံရေး၏ အရေးကြီးသော ပြောင်းလဲသွားမှု ၏ လက္ခဏာပင်ဖြစ်သည်။

                မတ်လကုန် အစိုးရသစ် စတင်တာဝန်ယူပြီးကတည်းက မြန်မာနိုင်ငံတွင် အချို့နိုင်ငံရေးအရ ကန့်သတ်ချက်များ ကို လျှော့ပေးခဲ့ပြီး၊ အတိုက်အခံ ခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများကြောင့် ဗုဒ္ဓပာူးနေ့နှောင်းပိုင်း ကလင်တန်၏ ခရီးစဉ် ကဲ့သို့သော သံတမန်ရေးရာ အကျိုးအမြတ်များ ရရှိခဲ့သည်။

***************************************************************************************

မြန်မာနိုင်ငံအပေါ် အိုဘားမားနှင့် ကလင်တန်တို့ လောင်းကြေးထပ်

(Associated Press မှ 28 Nov 2011 ရက်စွဲပါ “Obama, Clinton gamble on Myanmar” သတင်း ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

              သမ္မတ အိုဘားမား အစိုးရသည် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ ယခု သီတင်းပတ်တွင် စေလွှတ်ခြင်းဖြင့် နိုင်ငံခြားရေး မူဝါဒ လောင်းကြေးထပ်မှုတစ်ခု ပြုလုပ်နေပြီဖြစ်သည်။

                နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ပထမဆုံး သွားရောက်မည့်ခရီးစဉ်သည် အမေရိကန်နှင့် မပာာမိတ်များက တရုတ်နိုင်ငံကြီးထွားမှုကို စိုးရိမ်နေသော ဒေသတွင် တရုတ်သြဇာ လျော့သွားခြင်း အပါအဝင် ရလာဒ်ကောင်းများ ထွက်ပေါ်လာမည်ပာု ဝါရှင်တန်က တွက်ချက်မျှော်လင့်လျက်ရှိသည်။ ထိုမျှသာမကပဲ ဒီမိုကရေစီလိုလားလှုပ်ရှားသူများကို ရက်စက်စွာနှိမ်နင်း၍ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့သော စစ်အုပ်ချုပ်ရေးကာလအလွန် မြန်မာအစိုးရသစ်၏ လမ်းလျှောက်သင်စ ဒီမိုကရေစီခြေလှမ်းငယ်များ ကိုလည်း အကဲခတ်ဦးမည်ဖြစ်သည်။

                တနလာင်္နေ့တွင် ဝါရှင်တန်မှ ထွက်ခွာသွားသည့် ကလင်တန်သည် ကိုရီးယားတွင် တစ်ထောက်နားပြီးနောက် မြန်မာနိုင်ငံ၌ ၂ ရက်တာ လည်ပတ် မည်ဖြစ်သည်။ ကြာသပတေးနေ့တွင် နေပြည်တော်၌ မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးလျှင် ယခုခရီးစဉ်၏ ဦးစားပေးကိစ္စ ဖြစ်လာမည့် သောကြာ နေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

                လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသော ဒေါ်အောင်ဆန်းစုကြည်က ယခုလ အစောပိုင်းတွင် သမ္မတအိုဘားမား နှင့် တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် ဝါရှင်တန်က နေပြည်တော်ကို ထိတွေ့ဆက်ဆံခြင်း သည် အပြုသဘောဆောင်သော ဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားကာ ကလင်တန်၏ ခရီးစဉ်ကို ကြိုဆိုခဲ့သည်။ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရလေးစားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

                ၂၀၀၉ ခုနှစ်တွင် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် မုန်လာဥတစ်လှည့်၊ တုတ်တစ်လှည့် ဆုပေးဒဏ် ပေးနည်းလမ်း ကျင့်သုံးရန် မူဝါဒ ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံးပေါ်ထွက်လာသော ကလင်တန်၏ ခရီးစဉ်သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး အမေရိကန်- မြန်မာ ဆက်ဆံရေးအဓိက တိုးတက်ဖြစ်ပေါ်မှု တစ်ခုဖြစ်ပေ သည်။ မနှစ်က ရွေးကောက်ပွဲများအပြီး အစိုးရသစ်အာဏာရလာကာ ကြီးကြီးမားမား တံခါးဖွင့်လာ ချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်ရလာခဲ့သည်။ ပြီးခဲ့သော ၃ လခန့်အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရ၏ အထူးသံတမန်က ၃ ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အစိုးရထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်က ၁ ကြိမ်လာရောက်ခဲ့သည်။

                နောက်ပြန်လျှောနိုင်သည့်အန္တရာယ် ရှိနေသော်လည်း လတ်တလော ကြိုဆိုထိုက်သည့် ပြုပြင်ပြောင်းလဲမှုများကို အကဲခတ်သုံးသပ်မည့် ခရီးစဉ်ကို စီစဉ် ပြုလုပ်ရန် ပီာလာရီကလင်တန်ကို အထက်ပါ အမေရိကန်တာဝန်ရှိသူများက တွန်းအားပေးခဲ့ကြခြင်းဖြစ်သည်။

                မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည့် တပ်မတော်အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ခံခဲ့ရပြီးနောက် လက်ရှိအာဏာရ (ဗိုလ်ချုပ်ကြီးပောာင်း) သမ္မတဦးသိန်းစိန် လက်ထက်တွင် ပြုပြင် ပြောင်းလဲမှုများကို တွန်းအားပေးလာခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က လွှတ်တော်တွင် ယခင်ကမရှိခဲ့ဘူးသော ဆန္ဒပြထုတ်ဖော်ခြင်းကို ခွင့်ပြုမည့် ဥပဒေ ကြမ်းကို အတည်ပြုခဲ့ သည်။ ထို့အပြင် သတင်းမီဒီယာ၊ အင်တာနက်သုံးစွဲခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့် စသော ကဏ္ဍများတွင်လည်း ချုပ်ချယ်မှုအချို့ ရုတ်သိမ်း ပေးခြင်းကြောင့် တိုးတက်မှုများ ရှိလာခဲ့သည်။ ပြီးခဲ့သော ရွေးကောက်ပွဲအတုများကို သပိတ်မှောက်ခဲ့သည့် NLD ပါတီသည်ပင် နောင်ကာလ ရွေးကောက်ပွဲ ဝင်ရန် ပါတီကို မှတ်ပုံတင်နေပြီဖြစ်သည်။

                သို့သော်လည်း မတ်လက အာဏာရလာသော အစိုးရကို တပ်မတော်ကိုယ်စားပြုနေသူများက လွှမ်းမိုးထားကြဆဲ ဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းရေး အာမခံမှု၊ တရုတ်နှင့် အပူးလွန်ခြင်းကို လျှော့ချလိုမှုတို့မှာ သေချာရေရာခြင်း မရှိသေးပေ။

                ထို့အပြင် အဂတိလိုက်စားမှုများ ထိန်းမနိုင်သိမ်းမရ ပြန့်ပွားနေခြင်း၊ နိုင်ငံရေးအကျဉ်းသားများစွာကို ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုင်းရင်းသားအုပ်စုများနှင့် တိုက်ပွဲများဖြစ်နေခြင်း စသော ပြဿနာများလည်း ကျန်ရှိနေသည်။ မကြာသေးမီလပိုင်း အတွင်း က ပြည်သူတို့ကန့်ကွက်သော “တရုတ်အမြတ်ထွက် ရေလှောင်တမံစီမံကိန်း” ကို မြန်မာအစိုးရက ရပ်ဆိုင်းပစ်ခဲ့သောကြောင့် တင်းမာမှုအချို့ရှိခဲ့သော်လည်း အလွန်လက်မြန်၍ ခြေသွက်သော ဘေဂျင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၏ ခရီးစဉ်မတိုင်မီ ၎င်း၏ ဒုတိယသမ္မတကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစေကာ လက်ဦးမှုရယူရန် ကြိုးစားလျက်ရှိသည်။

                တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် “ဒုတိယသမ္မတ ဇီဂျင်ပင်းက မြန်မာနှင့် ခိုင်မာနေ သော ဆက်ဆံရေးကို ထိန်းသိမ်း ရန် ကတိပေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စများမှ မည်သည့်စိန်ခေါ်မှုများကိုမဆို ပြေလည်အောင် အဖြေရှာရေး တွန်းအားပေးရန် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တိုက်တွန်းအားပေးခဲ့သည်” ပာု ဖော်ပြ ထား သည်။

                အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးမလုပ်ရန် တားမြစ်ထားသော တင်းကြပ်သည့် အရေးယူ ဒဏ်ခတ် မှု Sanctions များမှာ ဆက်လက်ချမှတ်ထားဆဲဖြစ်ပြီး ယင်း Sanctions များ ရုတ်သိမ်း ပေးရန် မြန်မာအစိုးရက တောင်းဆိုလျက်ရှိသည်။

                ယခု ကလင်တန်၏ ခရီးစဉ်သည် Sanctions များရုတ်သိမ်းပေးရန် မပာုတ်ဘဲ အချက်အလက်ရှာဖွေလေ့လာမည့် ခရီးစဉ်သာ ဖြစ်ကြောင်း သို့သော်လည်း မြန်မာအစိုးရက ပြုပြင်ပြောင်းလဲခြင်းကို စိတ်ပါလက်ပါ ထိထိရောက်ရောက် ဆောင်ရွက်နေကြောင်း ပြသနိုင်ပါက Sanctions များ ရုတ်သိမ်း မည့်ကိစ္စ ဖြစ်လာနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူ များက ထုတ်ဖော်ပြောဆိုထားသည်။

*************************************************************************

လေးနက်သော ချစ်ကြည်ရင်းနှီးမှုထူထောင်မည်ဟု မြန်မာနှင့် တရုတ် အဓိဋ္ဌာန်ပြု

(Channel News Asia မှ 28 Nov 2011 ရက်စွဲပါ China, Myanmar vow deeper ties ကို ဘာသာ ပြန်ဆိုသည်)

အနာဂတ်တရုတ်ခေါင်းဆောင်ဖြစ်လာမည်ဟု သတ်မှတ်ပြောဆိုခံထားရသော ထိပ်တန်းအရာရှိကြီး Xi Jinping သည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံခိုင်မာသော ချစ်ကြည်ရေး ပေါ်ထွန်းလာရေးအတွက် ကတိကဝတ်များပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနရေးသားချက်အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်ခရီးစဉ် မသွားရောက်မီ ရက်ပိုင်းအလိုတွင် ယင်းသို့ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ကြောင့် ဟီလာရီကလင်တန်သည် ရာစုနှစ်ဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သည့် ပထမဆုံးအမေရိကန် ထိပ်တန်း အရာရှိတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ဆယ်စုနှစ် ၂ ခုတာကာလမျှ တရုတ်နိုင်ငံအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ များစွာမှီခိုခဲ့ရပြီး လွန်စွာရင်းနှီးသော ချစ်ကြည်ရေးထူထောင်ထားခဲ့သော မြန်မာနိုင်ငံသို့သွားရောက်မည့်ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားအတွက် အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းမည့် ခရီးစဉ်အဖြစ် လေ့လာ စောင့်ကြည့်သူများက ရှုမြင်ကြသည်။

မစ္စတာ Xi Jinping က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။

"ယခင်မျိုးဆက်ဟောင်း နှစ်နိုင်ငံခေါင်းဆောင်ကြီးများ ထူထောင်ခဲ့သော ချစ်ကြည်ရင်းနှီးမှုသည် စိန်ခေါ်တိုက်ခိုက်မှုများ များပြားလှသည့် နိုင်ငံ တကာ ကွင်းပြင်မှ အပြောင်းအလဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့သည်" ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ Xi Jinping ၏ပြောကြားချက် ကို ဆင်ဟွာသတင်းဌာနက ကိုးကား ရေးသားသည်။

"တရုတ်နိုင်ငံအနေဖြင့် ပြည်စုံကျယ်ပြန့်သော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ မိတ်ဖွဲ့မှုတစ်ရပ် ပိုမိုဖြစ်ထွန်းလာစေနိုင်ဖို့ မြန်မာ နိုင်ငံနဲ့ လက်တွဲလုပ်ကိုင်သွားမှာပါ" ဟု Xi Jinping ကပြောကြားသည်။ ၎င်းသည် လာမည့် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတ ရာထူးရယူလိမ့်မည်ဟု လေ့လာ စောင့်ကြည့်သူ အများစုက မျှော်လင့်ထားကြသည်။

မြန်မာနှင့် တရုတ်နှစ်နိုင်ငံသည် ကာလကြာရှည်စွာ ရင်းနှီးချစ်ကြည်သော မဟာမိတ်နိုင်ငံများဖြစ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင်း တရုတ်ပြည်က စီးပွားရေးအရလွှမ်းမိုးမှုများ၊ သမိုင်းဝင်သည့် နယ်စပ်ပဋိပက္ခများအပေါ် မကျေမချမ်း ဖြစ်သူ အချို့နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးမှာ ရှုပ်ထွေးနက်နဲလှသည်။  ၂၀၁၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးခြင်း၊ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း အစရှိသည်တို့ လုပ်ဆောင်လာသော မြန်မာအစိုးရက မကြာသေးခင် ကာလအတွင်း တရုတ် ကျောထောက်နောက်ခံ ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုကို ရပ်ဆိုင်းပစ်လိုက်သည်။

ယင်းစီမံကိန်းကို တရုတ်နိုင်ငံက ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံအကုန်အကျခံကာ တည်ဆောက်နေခြင်း ဖြစ်ပြီး စီမံကိန်းပြီးဆုံးပါက နယ်စပ်ဒေသမှ ဖြတ်ကျော်ကာ တရုတ်နိုင်ငံတွင်းသို့ လျှပ်စစ်ဓာတ်အားသွယ်တန်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

လေ့လာအကဲခတ်သူများက ဟီလာရီကလင်တန်၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင်း ထင်ရှားထူးခြားသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေး အခြေအနေကို စမ်းသပ် စစ်ဆေးရန် ရည်ရွယ်ထားရုံသာမက တရုတ်ပြည်၏ အိမ်နီးချင်းတံခါးဝသို့ တက်ရောက်ကာ ကမ္ဘာလုံးဆိုင်ရာ သြဇာ လွှမ်းမိုးရေး တိုက်ပွဲကို လှုပ်ခါပစ်ရန်အထိ ရည်မှန်းထားခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသည်။

အမေရိကန်သမ္မတ အိုဘားမားကလည်း သြစတြေးလျနိုင်ငံသို့သွားရောက်လည်ပတ်စဉ် အမေရိကန်တပ်ဖွဲ့များ သြစတြေးလျ၌ အခြေချထားမည့် အစီအစဉ်ကို ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်ကို ဘေဂျင်းအစိုးရက 'လုံးလုံးလျားလျား လျော်ကန်သင့်မြတ်မှုမရှိ' ဟု ထုတ်ဖော်ပြောဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင်း အမေရိကန်သြဇာ လွှမ်းမိုးမှုမှာ အကန့်အသတ်နှင့် ရှိနေဖွယ်ဖြစ်သည်။ အကြောင်းမှာ ဝါရှင်တန်အစိုးရက မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ အားလုံးကို ပိတ်ပင်ကန့်သတ်ထားပြီး အဆိုပါ ပိတ်ဆို့မှုများအားလုံး အဆုံးသတ်ရေးမှာ ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် မဖြစ်မနေ ရယူရန် လိုအပ်မည်ဖြစ်သည်။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. နောက်ထပ် အပြောင်းအလဲတစ်ခု

******************************************

ဆောင်းပါးကဏ္ဍ

နောက်ထပ် အပြောင်းအလဲတစ်ခု

ယခုကာလသည် အစိုးရသစ်၏ အားထုတ်ကြိုးပမ်းဖော်ဆောင်မှုဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံရေးအင်အားစုများကြား နိုင်ငံရေး သဘောတူ အမြင်တစ်ခု တည်ဆောက်နိုင်သည့်အချိန်ကာလဖြစ်သည်။ အမှန်စင်စစ် ယင်း နိုင်ငံရေးအင်အားစုများအားလုံးသည် နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လိုစိတ် ပြင်းထန်သည့် အမျိုးသားရေး အင်အားစုများပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အမျိုးသားရေးအင်အားစုများကြား ညီညွတ်မှုမရရှိသည့်ကာလမှာ ကြာခဲ့လေပြီ ဖြစ်သည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်တစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ယခုအချိန် အခါသည် အဆိုပါ သမိုင်းဆိုးမွေ နိဂုံးပိုင်းသို့ ရောက်ရှိနေပြီဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။ ထိုအတွက်ကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုကို တစ်ဖန်ပြန်လည်ရရှိပြီးဖြစ်သည့် အမျိုးသားအင်အားစုကြီးမှာ ပြည်သူအများ မျှော်လင့်နေသော နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုကို စတင်လုပ်ဆောင် ရတော့မည်အချိန် ဖြစ်ပါသည်။

သံယံဇာတပေါကြွယ်ဝမှု၏ ရလဒ်

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် များစွာ အထောက်အကူ ရနိုင်သော်လည်း ထိုကဲ့သို့ ပေါကြွယ်ဝမှုကိုပင် ယခင် တပ်မတော်အစိုးရမှ စီးပွားရေးစီမံခန့်ခွဲမှု အမှားများဖြင့် တလွဲအသုံးချခဲ့သောကြောင့် သယံဇာတကျိန်စာ(Natural resource curse) သင့်ခဲ့ရသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ရသည်။ ယခုအခါတွင်တော့ စီးပွားရေးမပြိုလဲရေးအတွက် သယံဇာတအရင်းအမြစ်များကို အလွန်  အကျူး အသုံးပြုနေခြင်းမှာ မှန်ကန်မှုရှိသည့် စီးပွားရေးစီမံခန့်ခွဲမှုများ မဟုတ်ကြောင်း မူဝါဒချမှတ်သူများ နားလည်သဘောပေါက်လာသည့် အချိန် အခါလည်းဖြစ်ပါသည်။ သဘာဝသယံဇာတကိုအသုံးချ၍ စီးပွားရေးအင်ဂျင်ကို မြှင့်တင်သည့်နည်းလမ်းမှာလည်း ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက် စီးပွားရေး ပုံသဏ္ဍန်တစ်ရပ်ကို ဖန်တီးနိုင်မည်မဟုတ်ပါ။ သယံဇာတဆိုသည်မှာ တစ်ချိန်ချိန်တွင် ကုန်ဆုံးသွားမည့်အရာဖြစ်သည်ကို ရေနံအလွန်ပေါကြွယ်ဝသည့် ဘာရိန်း၊ ဒူဘိုင်းနိုင်ငံများ၏ ခေါင်းဆောင်များသည်ပင်လျှင် သဘောပေါက်နားလည်လာသည့်အတွက် ယခင်ကဲ့သို့ ရေနံအလွန်အကျွံ ထုတ်ရောင်း ခြင်းကို ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်လာပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားသည့် ဝန်ဆောင်မှုလုပ်ငန်းများ ထိထိ ရောက်ရောက် လုပ်ကိုင်လာကြရာ ယခုအခါတွင် အရှေ့အလယ်ပိုင်းဒေသ၏ စီးပွားရေးအတိုးတက်ဆုံး နိုင်ငံများအဖြစ်သို့ ရောက်ရှိသွားသည့် ဥပမာကို မြန်မာနိုင်ငံ၏ မူဝါဒချမှတ်သူများအတုယူသင့်ပါသည်။

နိုင်ငံရေးဘောဂဗေဒအဟောင်း

မြန်မာနိုင်ငံ၏ ယခင်ကုန်ထုတ်လုပ်မှုစနစ်မှာ ဈေးကွက်စီးပွားရေးဟုဆိုသော်လည်း ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသာ များပြားကြောင်းတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုမှာလည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် ယဉ်ကျေးမှုမျိုးသာဖြစ်ခဲ့သည်။ နိုင်ငံရေးစနစ်မှာ ဗဟိုဦးစီးစနစ်ဖြစ်ခဲ့ခြင်းကြောင့် စီးပွားရေးမူဝါဒ ချမှတ်သည့်အပိုင်းတွင် ထောက်ပြဝေဖန်မှုများ ကင်းမဲ့ခဲ့သည်။ အာဏာပိုင်စနစ် ဖြစ်သည်နှင့်အညီ တပ်ခေါင်းဆောင်များ သည် ၎င်းတို့အား အတိုက်အခံပြုလုပ်မည့် နိုင်ငံရေးအင်အားစုများအား ထောက်ပံ့သည့် စီးပွားရေးလုပ်ငန်းများ မပေါ်ပေါက်ရန်နှင့် ၎င်းတို့၏  နိုင်ငံရေး၊ စီးပွားရေးပြဿနာ အရပ်ရပ်ကို ငွေကြေးစိုက်ထုတ်ဖြေရှင်းပေးနိုင်ရန်အတွက်  စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မွေးထုတ်ခဲ့သည်။ သို့နှင့် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် နိုင်ငံ၏ စီးပွားရေးပိရစ်မစ်တွင် အပြိုင်အဆိုင်နည်းစွာဖြင့် ထိပ်ဆုံးကို ရောက်လာ သည့် အမျိုးသားချန်ပီယံများ ဖြစ်ခဲ့သည်။

လမ်းခွဲလိုက်ပြီ၊ သို့သော် စိန်ခေါ်မှုများ ပိုမည်

ယခုအခါတွင်တော့ နိုင်ငံတော်၏ ယခင်ကုန်ထုတ်လုပ်မှုပုံစံနှင့် ပြတ်ပြတ်သားသား လမ်းခွဲလိုက်ပြီဖြစ်သည်။ သို့သော် မည်သို့သော ကုန်ထုတ် လုပ်မှုပုံစံသစ် ထွက်ပေါ်လာမည်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသေးပေ။ ဒီမိုကရေစီစနစ်၏ အားသာချက်များဖြစ်သည့် အချုပ်အခြာအာဏာ သုံးရပ်ကို ပိုင်းခြားကျင့်သုံး အကောင်အထည်ဖော်နိုင်ခြင်းကြောင့် ယခင်ကုန်ထုတ်လုပ်မှုပုံစံထက် သာလွန်ကောင်းမွန်သွားမည် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ စီးပွားရေးဘဝ တစ်ဆင့်ခြင်းတိုးတက်လာမှုအပေါ်တွင် အခြေခံပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ် ထွန်းလာတော့မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် မြန်မာနိုင်ငံအဖို့ ယှဉ်ပြိုင်နိုင်လျှင် ယှဉ်ပြိုင်၊ မယှဉ်နိုင်လျှင် ရှုံးမည်သာ ဖြစ်သည်။ တစ်နည်း ပြောရလျှင် အာဆီယံဈေးကွက်အတွင်း မိမိနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်း ထိုးဖောက်နိုင်လျှင် အခြားနိုင်ငံမှ ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ မြန်မာနိုင်ငံသို့ လှိုင်လှိုင်ကြီး ထိုးဖောက်လိမ့်ဝင်နေမည်သာ ဖြစ်သည်။ ထိုအတွက်ကြောင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှု အသာစီးရရှိအောင် ဆောင်ရွက်နိုင်မှုမှာ မူဝါဒချသူများရော၊ နိုင်ငံရေးအင်အားစုများရော၊ ပြည်သူ ပြည်သူများပါ အမျိုးသားရေး ရည်မှန်းချက် အသွင်ဖြင့် လှုပ်ရှားဆောင်ရွက်ရမည့် စိန်ခေါ်မှုကြီးတစ်ရပ်ပင် ဖြစ်သည်။

နောက်ထပ် လာဦးမည့် လှိုင်း

ထို့ကြောင့် နိုင်ငံရေးအင်အားစုများကြား နိုင်ငံရေးသဘောတူအမြင်တစ်ရပ်ကို ညှိနှိုင်းရယူနိုင်ခဲ့သည့် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများအပြီး နောက်ထပ် အရေးတကြီး လုပ်ဆောင်သင့်သည့်အရာမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပင် ဖြစ်သည်။ အထက်ပါ ဆိုခဲ့သလို အာဆီယံ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးစွမ်းဆောင်ရည်ကို ယှဉ် ပြိုင်နိုင်ဖို့ဆိုလျှင် မိမိတို့နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ၊ မူပိုင်ခွင့်ဥပဒေများ၊ ငွေကြေးနှင့်ဘဏ္ဍာရေးဥပဒေများ၊ ကုန်သွယ်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ပြဋ္ဌာန်းပေးပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ ကောင်း သည့်ပတ်ဝန်းကျင်မျိုးအဖြစ် ဖန်တီးပေးဖို့ အထူးလိုအပ်ပါသည်။ အရင်းအနှီးအားကောင်းသည့် အမျိုးသားချန်ပီယံများအနေဖြင့်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ထက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ပြီး ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ပိုမိုအလေးထားရမည်ဟူ၍ သိလာသည့် တစ်နေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဖြစ်စဉ်မှာ ပိုမြိုင် ပိုသွက်လာမည်မှာ သေချာပါသည်။

**************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs