Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းဝင်ပါမည်ကို ချီးကျူးကြိုဆိုပါသည်

                        ***********************************

ဆောင်းပါးကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းဝင်ပါမည်ကို ချီးကျူးကြိုဆိုပါသည်

ဦးကြည်မြင့်(လသာ)

(ဒီဇင်ဘာ ၉ ထုတ် Myanmar Post Global အမှတ် (၃၈) မှ ထုတ်ယူဖော်ပြသည်။)

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြီး ပြည်သူကိုယ်စားလှယ်အဖြစ် လွှတ်တော်တွင်း ဝင်-မဝင်၊ ဝင်သင့်-မဝင်သင့် ကိစ္စရပ်ကို မီဒီယာများ၊ လွှတ်တော်အမတ်အချင်းချင်းနှင့် ရပ်သူရွာသားအတော်များများကြား ပြောဆိုနေကြသည်။ ကျွန်တော့်ထံလည်း မေးမြန်းဆွေးနွေးကြသည်။ ကျွန်တော်က ဘာမို့တုံးဟုဆိုလျှင် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လသာမြို့နယ်တွင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သလို ၂၀၁၀ နိုဝင်ဘာလ ၇ရက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ လက်ရှိလွှတ်တော်သို့ တက်ရောက်သူဖြစ်ကြောင်း တင်ပြအပ် ပါသည်။

တန်းတူနေထိုင်လုပ်ကိုင်ရမည်

နိုင်ငံရေးသမားတစ်ယောက်၏ အမက်မောဆုံးနေရာ သို့မဟုတ် ဂုဏ်မှာ ပြည်သူ၏ ရွေးကောက်တင်မြှောက်ခြင်း ခံရမှုပင် ဖြစ်ပါမည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည်ဆိုပါလျှင် နိုင်ငံရေးသမားတစ်ယောက်ဖြစ် ခံယူလိုမှုကြောင့်သာ ဖြစ်ပါမည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်အတွင်းဝင်မည့်အရေးအား မသင့်တော်ဟု ထင်မြင်သူ များစွာရှိပါ သည်။ သူမကို ပြည်သူ့ကိုယ်စားလှယ်အဆင့်ထက် မြင့်မားသူအဖြစ်သာ မြင်လိုခြင်း၊ သတ်မှတ်လိုခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအဆင့်ရာထူးများကို သူမအား ကမ်းလှမ်းခဲ့ကြပေမည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအထိပင် ပါဝင်နိုင်သည်။ သို့သော် ယင်းရာထူးများသည် မိမိနိုင်ငံ ပြည်သူအများ၊ တစ်စုလောက်ကို ကိုယ်စားပြုခွင့်ရရှိမှု၊ မိမိနိုင်ငံမဲဆန္ဒနယ်မြေတစ်ခုရှိ နယ်မြေများထောက်ခံရမှုတို့လောက် နိုင်ငံရေးသမားတစ်ယောက် အတွက် အရသာမရှိပါ။ အားရကျေနပ်ခြင်းမရှိနိုင်ပါ။ ထိုရာထူးကို စင်ကာပူနိုင်ငံဝန် ကြီးချုပ်ဟောင်း လီကွမ်ယူက လက်မခံဘဲ ဝါရင့် နိုင်ငံရေးသမားကြီး Elder Stateman အဖြစ်သာ ခံယူနေထိုင်ကြောင်းတွေ့ရပါမည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်တွင်းဝင်ရောက်ရန် ဆုံးဖြတ်ခြင်းသည် သူမအား ယနေ့ လွှတ်တော်တက်ရောက် နေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များမဟုတ်သော အခြား (အမျိုးသမီး) လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူနေထိုင်၊ သွားလာ၊ တက်ရောက်ရမည် ဖြစ်သည်။ သူမကို ထောက်ခံသူများအတွက် ယင်းသည် အခံရခက်စရာ ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် သူမ ကိုယ်တိုင်က နိုင်ငံရေးသမားတစ်ဦးပီပီ အခြားသော ပြည်သူ့ကိုယ်စားလှယ်များနှင့် တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်မည်ဟု ခံယူခြင်းကို ကျွန်တော်တို့အနေဖြင့် ချီးကျူးခြင်းမှတစ်ပါး အခြားပြောစရာမရှိနိုင်ပါ။

P-A ပြဿနာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်ချိန်မှစတင်၍ ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်း အထူးသဖြင့် လွှတ်တော်ကဏ္ဍ၊ ဖြစ်ပေါ် လာမည့် ရွေးကောက်ပွဲ၊ ယင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရရှိမည့် နိုင်ငံရေးသမားအသစ် အဟောင်းများ၊ ယင်းတို့အနက် အနိုင်ရရွေးကောက်ခံရမည့် သူတို့ အတွက် အခန်းကဏ္ဍစသည်များကို ကြိုတင်ဝေဖန်လမ်းပြမည့် ဆောင်းပါးများစွာ ဂျာနယ်များတွင် ဖော်ပြလာခဲ့ကြပါသည်။ ထို့နောက်ပိုင်း ပါတီများ ထောင်ကြသည်။

ကျွန်တော်သိထားမိပြီး ကျွန်တော်ကိုယ်တိုင်ပါဝင်ထူထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) ၂၀၁၀ ရွေးကောက်ပွဲကို ကိုယ်တိုင်မဝင်ဘဲ ရှောင်ခဲ့ကြသည်။ ပါတီခေါင်းဆောင်ရင့်မာကြီး ဖြစ်ပါလျက် ရှုံးမှာကို ကြောက်ပုံရသည်။ ဤအကြောင်းကို “ကိုယ့်ကိုယ်ကိုယ်လည်း မယုံကြည်---- တစ်ဖက်သားလည်း မယုံကြည်” ဟူသည့် ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ထိုစဉ် ကျွန်တော် ရေးခဲ့သည်။ ယခုဒေါ်အောင်ဆန်းစုကြည် သည် ထိုသို့သတ္တိနည်းသူမဟုတ်ပေ။

ပါတီတစ်ခု၏ ခေါင်းဆောင်နှင့် ပြည်သူ့ကိုယ်စားလှယ်တို့ အလွန်ကွာခြားပါသည်။ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အဖြစ်သည် ကိုယ်ပိုင် မဟုတ်ပေ။ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အဖြစ်သည် မိမိကိုယ်ပိုင်ဖြစ်သည်။ ပါတီခေါင်းဆောင်သည် သူ၏ပါတီမှ ပြည်သူကိုယ်စားလှယ်တို့မှ တစ်ဆင့် ပြည်သူ့အကျိုးကိုထမ်းရွက်ခွင့်ရသည်။ အလုပ်အပ်သူနှင့် အလုပ်အပ်နှံခံရသူ ပြဿနာ Principal-agent problem ရှိသည်။ သူတို့ကြား သတင်းခေါက်ချိုးညီ ထပ်တူမှု Symmetric information မရှိတတ်ပေ။

ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံ့အရေး

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွက် ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းလာရောက် တိုက်ဆိုင်စစ်ဆေးသွားကြောင်း၊ မဲပေးနိုင်ကြောင်းသတင်းကို ထိုစဉ်က Myanmar Time ဂျာနယ် အင်္ဂလိပ်ဘာသာထုတ်၌ ဖတ်လိုက်ရသည်။

မဲပေးခွင့်ရှိသူတစ်ယောက်သည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ တစ်ယောက်လည်းဖြစ်သည်။ ဤသို့အားဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ယခင်က အငြင်းပွားဖွယ်ဖြစ်ခဲ့သော နိုင်ငံသား တိုင်းရင်းသား မိဘ နှစ်ပါးမှ မွေးဖွားလာသူ စင်စစ်ဖြစ်ပါလျက် ဝိဝါဒကွဲပြားနေခဲ့သည့် အကြောင်းရင်းတစ်ရပ်ကို အပြီးဖြေရှင်းပြီးလည်းဖြစ်သွားပါသည်။ ဤ အတွက် ကျွန်တော်ဂုဏ်ပြုပါသည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာလွတ် ၄၈ နေရာမှာ အလွန်ကြီးမားသော အခွင့်အရေးဖြစ်သည်။ ပါတီတစ်ခု အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက်ဖြစ်သည်။ နောက်ထပ်ကြားဖြတ်ရွေးကောက်ပွဲများ၌ ဤမျှနေရာလွတ်မပေါ်နိုင်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ အများစုနေရာ အနိုင်ရရန် တစ်ပြေးနေသည်။ ထိုအချိန်တွင် လွှတ်တော်အသီးသီးကို ဦးဆောင်နိုင်ရန် အတွေ့အကြုံနှင့် ပြင်ဆင်မှုပြုရန် ယခုအချိန်မှ စ၍ လိုအပ်နေပြီ။ ဤအချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အား ယခု လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာပြည့်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရ ရှိထားရန် လိုအပ်စေပါမည်။

စကားညီစေ

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပဲ့ထွက်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်တွင်း ရောက်ရှိ နေနှင့်ပြီးသည့် ပါတီတို့မှ ပြည်သူ့ကိုယ်စားလှယ်များ ပြန်လည်ဝင်ရောက်ခြင်းကို လက်ခံကာ လွှတ်တော်အသီးသီးတွင် အင်အားပိုမိုကြီးမားစေရပါမည်။ ဤတွင် အဆိုပါ ပါတီတို့မှ ခေါင်းဆောင်ဆိုသူများ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည်ဆိုပါလျှင် မိမိတို့ ပါတီများကို ချွင်းချက်မရှိဖျက်သိမ်းလျက် NLD သို့ အကြွင်းမဲ့ (without any terms and conditions) ပြန်ဝင်မည် ဟု မီဒီယာမှတစ်ဆင့် ပြည်သူသိကြေညာထားဖူးကြပါသည်။

ယင်းကြေညာမှုကို ယင်းပါတီများ၏ ပါတီခေါင်းဆောင်ဆိုသူအချို့က ပါတီချင်းပေါင်းစပ်မှု Party to Party/ block-by-block အဖြစ် တောင်း ဆိုမည်။ သူတို့အတွက် စီအီးစီနေရာ တောင်းမည်။ တပည့်တပန်းများအတွက် ဗဟိုကော်မတီတောင်းမည်။ ရမှပေါင်းမည်ဟု ဈေးကိုင်သံများ ကြားရမည်။ အချို့က ပါတီချင်းမဟာမိတ်ပဲ လုပ်မည်။ ရွေးကောက်ပွဲတွင် သူတို့နေရာဝင်မရွေးရဟု တောင်းဆိုမည် စသည်ဖြင့် ပုခုံးချင်းယှဉ်သော သဘောများ မီဒီယာများတွင် ဖြေကြားနေသံများကြားရသည်။ ယင်း NLD ပဲ့ထွက်ပါတီခေါင်းဆောင်ဆိုသူတို့ မည်သို့ပင် ဆိုနေကြစေကာမူ မူလကပင် NLD ပြန်လာလျှင် ပါတီဖျက်မည်ဟူသော လူသိရှင်ကြားစကားကြောင့် ပါတီဝင်ခဲ့သော အောက်ခြေနှင့် လွှတ်တော်ကိုယ်စားလှယ်အများစုသည် NLD သို့ ပြန်လည်ဝင်ရောက်ကြမည်သာ ဖြစ်ပါသည်။

ဒီမိုကရေစီ လွှတ်တော်နှင့် ဝေးနေခဲ့သည်မှာ ၁၉၆၂နှစ်ဦးပိုင်းကပင်ဖြစ်သည်။ လူများစုလွှတ်တော်ရောက် ပါတီကြီးတစ်ခုအနေဖြင့် လွှတ်တော် ကို ဌာနဆိုင်ရာတို့နှင့်အတူ ဦးဆောင်လည်ပတ် ထိန်းကျောင်းရတော့မည့် နိုင်ငံရေးသည် မူဝါဒရေးရာဖြစ်သည်။ အုပ်ချုပ်ရေးသည် ဗျူရိုကရေစီကို ကျွမ်းကျင်နိုင်နင်းရသည်။ ၂၀၁၅ နောက်ပိုင်းကျ ရောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ ပုခုံးထမ်းရမည့်တာဝန်အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှုများစွာရရှိရန် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် မလွဲမသွေ ပါဝင်ဆင်နွှဲရမည်ဖြစ်ကြောင်း…..။

***************************************************************************

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၉.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွေ့ဆုံ
  2. မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဂျာမဏီနိုင်ငံပြုလုပ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဥပဒေရေးရာ ကော်မရှင်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖွဲ့စည်းပေး
  2. အိန္ဒိယလွှတ်တော်သို့ ဦးရွှေမန်းဦးဆောင်သည့်အဖွဲ့ သွားရောက်လေ့လာမည်
  1. နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးခြင်းသည် ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ဟုဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*********************************************************************************

ပြည်တွင်းသတင်းများ

စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွေ့ဆုံ

ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် မန္တလေးစွမ်းပာိုတယ်၌ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းနှင့် မုံရွာတို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိ နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို လွှတ်တော်သို့ တင်ပြ၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သည့် ဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

ယခု ဆွေးနွေးပွဲမျိုးကဲ့သို့ လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၌ နှစ်ကြိမ်၊ မကွေးတိုင်းဒေသကြီး၌ တစ်ကြိမ် ကျင်းပ ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များကို လွတ်လပ်စွာတင်ပြဆွေးနွေးခွင့် ပေးထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်စေနိုင်မည့် အမိန့်ကြော်ငြာစာများကို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရသည်။

၎င်း ဆွေးနွေးပွဲများနှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “အခုလို ဆွေးနွေးပွဲမျိုးကို မကြာခဏ လုပ်သင့်ပါတယ်။ ဒါမှလည်း နိုင်ငံတော်နဲ့ ပုဂ္ဂလိကလုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မှာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ စီးပွားရေးကဏ္ဍတွေနဲ့အညီ နည်းဥပဒေတွေ ထုတ်ပြန်နိုင်ဖို့လဲ လိုပါတယ်” ပာု ပြောကြားခဲ့သည်။

                                                                                                                            YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဂျာမဏီနိုင်ငံပြုလုပ်မည်

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ ပြောင်းလဲလာသည့် စီးပွားရေးပြုပြင်ပြောင်းလဲလာမှုများနှင့်အညီ ဂျာမဏီနိုင်ငံကလည်း မြန်မာနိုင်ငံအတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရန် လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျာမဏီနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို စိတ်ဝင်တစား မေးမြန်းခဲ့ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် နိုင်ငံတကာမှ လုပ်ငန်းရှင်အများအပြား လာရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၌ လက်ရှိထုတ်ပြန်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားသင့်ပြီး လုပ်သားများ အနေဖြင့်လည်း ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်နိုင်စေရန် အရည်အချင်း ဖြည့်ထားရန် လိုအပ်ကြောင်း ၎င်း တိုက်တွန်းပြောကြားခဲ့သည်။

ဂျာမဏီနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားရှိခဲ့ပြီး ယခု အစိုးရသစ်လက်ထက်မှ စတင်၍ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်ရန် ပထမဆုံး လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

Refး Bi Weekly Eleven

****************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဥပဒေရေးရာ ကော်မရှင်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖွဲ့စည်းပေး

ပြင်ဆင်ဖြည့်စွက်ဖျက်သိမ်းရမည့် ဥပဒေများကို လွှတ်တော်များတွင်ဆွေးနွေးရာ၌ အထောက်ကူပြုစေရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို နိုဝင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၉ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြားသည်။

“အခုလိုမျိုး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်မဲ့ ကော်မရှင်များများ တိုင်းပြည်မှာ လိုအပ်တယ်။ အဲဒီအတွက်ကြိုဆိုတယ်” ဟု ပါမောက္ခတစ်ဦးက သုံးသပ် ပြောဆိုသည်။

ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉နှင့် ပုဒ်မ ၃၀၊ နည်းဥပဒေ ၈၁၊ ၈၂ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ယင်းကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ဦးရွှေမန်းက ပြောကြားသည်။

“ကျွန်တော်တို့က အတွေ့အကြုံနည်းသေးတော့ အကူညီပေးရင် ယူမယ်။ အကြံဥာဏ်ပေးရင် ယူမယ်။ နိုင်ငံသားတွေ အကျိုးရှိမဲ့ကိစ္စမျိုးတွေ ကိုပေါ့၊ ကျွန်တော်တို့က မတောင်းခံခင်လည်း အကြံအဥာဏ်ပေးပို့လို့ရတယ်” ဟု ဦးရွေမန်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ကော်မရှင်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ကြောင်း သိရပြီး ကော်မရှင် ဥက္ကဋ္ဌတာဝန်ကိုမူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဦးနန္ဒကျော်စွာကို တာဝန်ပေးထားကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ယင်းကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ဆောင် သွားရမည်ဖြစ်သည်။ ကော်မရှင်၏ ရန်ကုန်ရုံးခွဲကို ဗဟန်းမြို့နယ်ရှိ ယုဇနတာဝါ၊ ပထမအထပ်တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။

အဆိုပါကော်မတီကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှစ်ဦးနှင့် အဖွဲ့ဝင် ၁၂ဦးဖြင့် ဖွဲ့စည်းထားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ရှေ့နေများ ပါဝင်ကြောင်း သိရသည်။

အစိုးသစ်ဖွဲ့စည်းပြီးနောက် ကော်မတီပေါင်း ၂၃ခုကို ဖွဲ့စည်းထားပြီးခြစ်ကြောင်း ဦးရွှေမန်းက ပြောကြားသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

အိန္ဒိယလွှတ်တော်သို့ ဦးရွှေမန်းဦးဆောင်သည့်အဖွဲ့ သွားရောက်လေ့လာမည်

အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ချစ်ကြည်ရေးခရီးစဉ်တွင် အိန္ဒိယနိုင်ငံရှိလွှတ်တော်ကိုသာ အဓိကထား လေ့လာသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ယနေ့ နေ့လည်က ယုဇနတာဝါတွင် ပြုလုပ်ခဲ့သည့် ခရီးစဉ်လိုက်ပါမည့်သူများနှင့် ညှိနှိုင်းအစည်းဝေးပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လွှတ်တော်တွေက အမှန်တိုင်းပြောရမယ်ဆိုရင် Capacity အပိုင်းမှာ နည်းနည်းနိမ့်နေသေးတယ်ဆိုတော့ အိန္ဒိယကိုသွားတဲ့ အခါမှာ အိန္ဒိယလွှတ်တော်ကို ဘယ်လိုဖွဲ့စည်းထားသလဲ၊ လွှတ်တော်ရဲ့ Capacity မြှင့်ဖို့ ဘာတွေလုပ်ထားလဲ၊ အဲဒါတွေကို အဓိကထား လေ့လာ သွားမယ်”ဟု ဦးရွှေမန်းက ပြောကြားသည်။

ယင်းခရီးစဉ်တွင် လိုက်ပါမည့်သူများမှာ လွှတ်တော်၌ ဖွဲ့စည်းထားသော ကော်မတီများ၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လိုက်ပါပြီး လေ့လာ ခွင့်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

၎င်းအပြင် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) မှလည်း တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများ ကိုမူ အစိုးရစရိတ်ဖြင့် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းချစ်ကြည်ရေးခရီးစဉ်တွင် အိန္ဒိယ သမ္မတ မစ္စပရာဘာပတေး ၊ ဒုသမ္မတ ဟာမစ်အန်ဆာရီ၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ ညွှန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ မစ္စက် ဆိုနီယာဂန္ဓီ၊အောက်လွှတ်တော်မှ Sushma Swaraj နှင့် အထက်လွှတ်တော်မှ Arun Jaitley စသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်သည် ပါဝါကြီးသုံးနိုင်ငံဖြစ်သော အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းနေထိုင်သွားပြီး ယင်း နိုင်ငံများက ပေးမည့်အကူအညီများကိုလည်း နိုင်ငံ့အကျိုးရှိပါက လက်ခံသွားမည် ဖြစ်ကြောင်း ဦးရွှေမန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဗြိတိန်နိုင်ငံ၊ အိန္ဒိယစသည့်နိုင်ငံမှ ထောက်ပံ့ငွေများ စတင်ရရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံမှလည်း လွှတ်တော်များအတွက် ကွန်ပျူတာများ ထပ်မံလှူဒါန်းပေးနေကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရကလည်း အထူးဖိတ်ကြားထားသည့် ခရီးစဉ်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန် အစဉ်တွန်းအားပေးနေသော အိမ်နီးချင်းနိုင်ငံကောင်း တစ်နိုင်ငံဖြစ်သည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးခြင်းသည် ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ဟုဆို

နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနောက် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန်မှာ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ပေါ်တွင် မူတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

“အခုလို အားလုံးကို မလွှတ်ပေးသေးတာက ပြန်ပေးဆွဲထားတဲ့သဘောပဲ။ ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီးမှ လွှတ်၊မလွှတ် ဆုံးဖြတ်ကြ လိမ့်မယ်လို့ အန်ကယ်ထင်တယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးအင်အားစုတချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်သားများအားလုံး မလွှတ်ပေးသေးခင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အကျဉ်းထောင်ထဲရှိနိုင်ငံရေး အကျဉ်းသားများကို သစ္စာဖောက်သည်ဟု သုံးသပ်ပြောဆိုကြသည်။

အမေရိကန်နိုင်ငံအပြင် ဒီမိုကရေစီနိုင်ငံများမှ လာရောက်ခဲ့သည့် အထူးကိုယ်စားလှယ်များကလည်း နိုင်ငံရေးအကျဉ်သားများကို ဆက်လက် လွှတ်ပေးရေးအား အဓိကထား တိုက်တွန်းပြောဆိုကြကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာ့နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာက တွန်းအားပေးပြောကြားနေသော်လည်း ဘာလီမြို့တွင် ပြုလုပ်သည့် သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများဟု မယူဆကြောင်း ဦးသိန်းစိန်က ပြောဆို လိုက်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတလျှောက်တွင်လည်း အစိုးရသစ်တစ်ရပ်ပြောင်းလဲတိုင်း နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်သားများအားလုံးကို မလွှတ်ပေးသေးသည့်တိုင် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများကိုမှု အကျဉ်ထောင် ပြောင်းလဲ ပေးမှုများ ပြုလုပ်ပေးခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟူသော စကားရပ်နှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်းတွင် အငြင်းပွားမှုများ ရှိနေသော်လည်း ဒီဇင်ဘာလအစောပိုင်းကာလတွင် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းအကြောင်းများကြောင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲပြီးမှသာ နိုင်ငံရေးအကျဉ်းသားမျာကို လွှတ်ပေးမည်ဆိုပါက လာမည့်နှစ် မေလ နောက်ပိုင်းမှသာ လွှတ်မြောက်လာဖွယ်ရှိကြောင်း နိုင်ငံရေးအင်အားစုများက ခန့်မှန်းပြောဆိုကြသည်။

Peace Press

****************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မြန်မာနိုင်ငံ၏ ပြဿနာများကို ခြုံငုံသုံးသပ်ရလျှင် နိုင်ငံ၏ အရင်းအမြစ်များကို ပုဂ္ဂလိက အကျိုးစီးပွားအတွက် အသုံးချနေခြင်း သို့မဟုတ် ကိုယ်ပိုင် ပစ္စည်းများ (private goods) ပြုလုပ်နေခြင်း ပြဿနာဖြစ်သည်။ နိုင်ငံ၏အရင်းအမြစ်များကို အများပြည်သူအတွက် ရေရှည်အကျိုးစီးပွားကို ဆောင်ကြဉ်း ပေးမည့် အများပြည်သူလိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေးလိုပစ္စည်းများ (Public goods) အတွက် အသုံးချနေခြင်းကတော့ အင်မတန် နည်းပါး နေခြင်း ဖြစ်သည်။ အကျိုးဆက်များအနေဖြင့် မညီမျှမှု၊ တရားဥပဒေကို ပြည်သူအများ လေးစားလိုက်နာခြင်း အားနည်းလာမှုနှင့် လူမှုရေး ပြဿနာများ တစ်နေ့တခြား ကြီးထွားလာမှုဖြစ်သည်။

ဒီဇင်ဘာ ၈ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၂) အမှတ် (၇၂) တွင်ပါသည့် ဆောင်းပါးရှင် ခိုင်ဝင်း၏ “အိုဆင် နှင့် ပိုလန် ညီကို မမေ့ကြဖို့” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “ပြည်သူ့လွှတ်တော်ရေးရာကော်မတီက ကြီးမှူးကျင်းပတဲ့ တွေ့ဆုံပွဲမှာ ဆွေးနွေးတင်ပြလာတဲ့အထဲမှာ စည်းလွတ်တာ၊ စကားလွန်တွေရှိခဲ့ရင်လည်း အဲဒါတွေကို ဘယ်ဥပဒေကမှ အရေးယူခြင်းမရှိပါဆိုတာ ဦးစွာပြောလိုပါတယ်။ ကျွန်တော်တို့ ရေးရာကော်မတီဟာ လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်သွားမှာဖြစ်လို့ တကယ်ဖြစ်ပျက်နေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတင်ပြစေလိုပါတယ်။ ကျွန်တော်တို့ကော်မတီအပေါ် ယုံကြည်စိတ်ချစွာနဲ့ စိုးရိမ်မှုမရှိဘဲ တင်ပြဆွေနွေးကြစေလိုပါတယ်”

ဒီဇင်ဘာ ၉ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၄၇) တွင်ပါသည့် “ပြည်သူ့လွှတ်တော် စီးပွားရေးကုန်သွယ်ဖွံ့ဖြိုးမှု ကော်မတီက ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး” သတင်းမှ ကော်မတီအတွင်းရေးမှူး ဦးခင်မောင်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ဟေလာရီကလင်တန်ရဲ့ ခရီးစဉ်က နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဘယ်ဘက်ကို အလေးသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာ နိုင်မယ်လို့ ထင်သလဲ။

ဖြေ။        ။ အဲဒီနှစ်ခုကတော့ ဆက်စပ်နေတယ်။ ပြောင်းလဲမှုတွေအားလုံးက နိုင်ငံရေးပေါ်လစီပေါ်မှာ မူတည်တယ်။ ပြောင်းလဲတယ် ဆိုတဲ့နေရာမှာလည်း အောက်ခြေကလူတွေကို သွားမေးရင်တော့ ဘာမှမပြောင်းလဲသေးတဲ့အတွက် မပြောင်းလဲဘူးလို့ပြောမှာပဲ။ ဒါပေမဲ့ အပေါ်ပိုင်းက တဖြည်းဖြည်း ပြောင်းလဲလာရင် အောက်ကလည်း လိုက်ပြောင်းလာမှာပဲ။ အခုကာလကို ကူးပြောင်းရေးကာလလို့ ပြောနိုင်တယ်။ ၁၉၉၀ လောက်ကနေကြည့်ရင် တောင်အမေရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတယ်။ အဲဒီမှာ နိုင်ငံရေးကနေစပြီး တခြား လုပ်လို့ရတာတွေ ပြောင်းလဲလာတာတွေရှိတယ်။ လုပ်လို့မရဘူးဆိုပြီးတော့ မလုပ်ဘဲနေတဲ့သူတွေ ကျန်ခဲ့တယ်။ အရဲစွန့်ပြီး တက်လာတဲ့သူတွေ ရသွား တယ်။ အကုန်လုံး ဖြည်းဖြည်းချင်းပဲ စကြတာပဲ။ ပြီးပြည့်စုံတဲ့ လူနေမှုဘဝကိုတော့ ဘယ်တော့မှ တစ်ခါတည်းနဲ့မရနိုင်ဘူး။ အဲဒါတွေကို ကြည့်ခြင်း အားဖြင့် ဒီကူးပြောင်းရေးဆိုတဲ့ လမ်းပေါ်မှာရှိနေရင် မရောက်သေးတာတော့၊ မရောက်သေးတာဆိုပေမယ့် တဖြည်းဖြည်းနဲ့တော့ ဒီပြောင်းလဲမှုအဆင့် လမ်းကြောင်းပေါ်မှာ လမ်းကြောင်းလွှဲ မသွားသေးဘူးလို့ ပြောလို့ရတယ်။

ဒီဇင်ဘာ ၈ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၃၈) တွင်ပါသည့် “ဦးရဲမြတ်သူနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

****************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs