Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၀.၁၂.၂၀၁၁

ဘာသာပြန်သတင်းများ(အပိုင်း - ၁)

  1. မီဒီယာများအပေါ် ဆင်ဆာတည်းဖြတ်မှု မြန်မာအစိုးရလျှော့ချ

(VOA News မှ၊ 7 Nov 2011 ရက်စွဲပါ Burma Loosens Grip on MediaCensorship ကိုဘာသာပြန်ဆိုသည်)

  1. စစ်မက်ပဋိပက္ခအတွက် အသင့်ပြင်ထားရန် တရုတ်ရေတပ်ကို ဟူဂျင်တောင်တိုက်တွန်း

(BBC သတင်းဌာနမှ၊ 7 Dec 2011 ရက်စွဲပါ Hu Jintao tells China navy: Prepare for warfare ကို ဘာသာပြန်ဆိုသည်)

  1. မဲခေါင်မြစ်ကြောင်း လုံခြုံရေး ပူးတွဲကင်းလှည့်မှု ယနေ့စတင်

(The Gulf Today မှ 10 December 2011 ရက်စွဲပါ “ Mekong Security Patrols to begin today” ကို ဘာသာပြန်ဆိုသည်)

***************************************

ဘာသာပြန်သတင်းများ

မီဒီယာများအပေါ် ဆင်ဆာတည်းဖြတ်မှု မြန်မာအစိုးရလျှော့ချ

(VOA News မှ၊ 7 Nov 2011 ရက်စွဲပါ Burma Loosens Grip on MediaCensorship ကိုဘာသာပြန်ဆိုသည်)

လွန်လေပြီးသော လများကဆိုလျှင် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြည်တွင်းမီဒီယာများတွင် အကျယ် တဝင့် ထည့်သွင်းဖော်ပြမည့် အရေးကိစ္စမှာ မည်သို့မျှပင်စဉ်းစ၍မရနိုင်သော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် နှစ်ပေါင်းများစွာ တင်းတင်းကြပ်ကြပ် စိစစ်ခဲ့သည့် မြန်မာအစိုးရ၏ ဆင်ဆာဘုတ်အဖွဲ့က ဖြေလျှော့ပေးမှုများ ပြုလုပ်လာသည်ဖြစ်ရာ ဒေါ်အောင်ဆန်း စုကြည်အကြောင်းကို မီဒီယာများ လွတ်လပ်စွာရေးသားဖော်ပြခွင့် ရလာသည်။ မြန်မာဂျာနယ်လစ်များအနေဖြင့် လွတ်လွတ်လပ်လပ် သတင်းရေးသား ခွင့်မရရှိသေးသည့်တိုင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ဆင်ဆာအဖွဲ့က မီဒီယာများအပေါ် ထိန်းချုပ်မှုများကို အတော်အတန်ပင် ဖြေလျှော့ပေး လာသည်။

သို့သော် Eleven Meida မှမြန်မာဂျာနယ်လစ်တစ်ဦးဖြစ်သူ ဝေဖြိုး၏အဆိုအရ ပုံနှိပ်မီဒီယာများအားလုံးကို စိစစ်လျက်ရှိသည့် ဆင်ဆာ ဘုတ်အဖွဲ့သည် တင်းကြပ်မှုများအားလုံးကို လျှော့ချပေးလာပြီဖြစ်ကြောင်း သိရသည်။ "စာကြည့်တိုက်သစ်ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့သတင်းကို ကျွန်တော်တို့အနေနဲ့ လွတ်လပ်စွာရေးသားခွင့်ရတယ်။ တစ်နေ့တည်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တယ်။ ဒါပေမဲ့ အဲဒီသတင်းကိုတော့ ကျွန်တော်တို့ ရေးသားထုတ်ဝေခွင့် မရခဲ့ပါဘူး။ အဲဒီသတင်းနှစ်ပုဒ်စလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပါတယ်။ ဆင်ဆာဘုတ်အဖွဲ့က တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာမျိုး တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အားလုံးကို ဖြေလျှော့ပေးနေတာမျိုးလည်း မဟုတ်ပါဘူး။ သူတို့က သတင်းဖြစ်ရပ်နဲ့ အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ စိစစ်တည်းဖြတ်နေတာပါ" ဟု ဝေဖြိုးက ပြောပြသည်။

ထို့နောက် ဝေဖြိုးက မိမိတို့အနေဖြင့် အစိုးရအာဏာပိုင်များကို ဝေဖန်ရေးသားမှုများ မပြုလုပ်သေးသရွေ့ သတင်းနှင့် သတင်းဆောင်းပါး များကို Facebook စာမျက်နှာပေါ်တင်ခြင်းအားဖြင့် ဆင်ဆာအဖွဲ့၏ ဆင်ဆာတည်းဖြတ်မှုများကို ရှောင်ရှားနိုင်ကြောင်း ဆက်လက်ပြောဆိုသည်။ Eleven Media Group ၏ Facebook စာမျက်နှာသို့ ဝင်ရောက်ဖတ်ရှုသူ စာဖတ်ပရိတ်ဦးရေမှာ ၂၀၀၀၀ ခန့်ရှိသည်။

"အင်မတန်အရေးကြီးတဲ့သတင်းတွေကိုတော့ ဆင်ဆာအဖွဲ့ရဲ့ခွင့်ပြုချက်မယူဘဲ အွန်လိုင်းပေါ်တင်ပါတယ်။ အစိုးရကို တိုက်ခိုက်တဲ့ ရေးသားမှု မျိုးတွေ မပြုလုပ်သေးသရွေ့ ကျွန်တော်တို့အနေနဲ့ Facebook ပေါ်ကို လွတ်လွတ် လပ်လပ်တင်နိုင်ပါတယ်" ဟု ဝေဖြိုးကဆိုသည်။

***************************************************************************************

စစ်မက်ပဋိပက္ခအတွက် အသင့်ပြင်ထားရန် တရုတ်ရေတပ်ကို ဟူဂျင်တောင်တိုက်တွန်း

(BBC သတင်းဌာနမှ၊ 7 Dec 2011 ရက်စွဲပါ Hu Jintao tells China navy: Prepare for warfare ကို ဘာသာပြန်ဆိုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေတပ်အနေဖြင့် ဖွံ့ဖြိုးမှုများရှိအောင် တိုးမြှင့်လုပ်ဆောင်ပြီး စစ်မက်အတွက် အသင့်ပြင်ထားသင့်ကြောင်း သမ္မတ ဟူဂျင်တောင်က တိုက်တွန်းပြောကြားလိုက်သည်။

"ရေတပ်အနေနဲ့ စစ်မက်ပဋိပက္ခအတွက် ပြင်ဆင်ထားသင့်တယ်" ဟု သမ္မတဟူဂျင်တောင်က တပ်ဖွဲ့ဝင်များကို ပြောကြားသည်။ တရုတ် နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်တွင်း ရေပိုင်နက်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အခြားသော နိုင်ငံများနှင့် အငြင်းပွားမှုများဖြစ်ပေါ်နေသည်။ နိုင်ငံရေး တင်းမာမှုများနှင့် ရင်ဆိုင်နေရသော အမေရိကန်ပြည်ထောင်စုသည် အာရှပစိဖိတ်ဒေသတွင်း 'ကန်' တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်မည့် နည်းလမ်းရှာဖွေ လျက်ရှိသည်။

သမ္မတ ဟူဂျင်တောင်၏ ရေတပ်နှင့်ပတ်သက်သော သုံးသပ်ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ သည် မိမိကိုယ်ကိုယ်အကာအကွယ်ပြုရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

"ဒီနေရာကိုလာပြီး ဘယ်နိုင်ငံကမှ ရန်ဖြစ်မှာမဟုတ်ပါဘူး။ တခြားနိုင်ငံတွေရဲ့ ရေတပ်အင်အားတိုးချဲ့မယ့် အခွင့်အရေးအပေါ် အမေရိကန် ပြည်ထောင်စုက မနာလိုဝန်တိုမှုမျိုးဖြစ်နေမှာလည်းမဟုတ်ပါဘူး" ဟု ပင်တဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ၏ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းဌာနကပြောကြားသည်။

အမေရိကန်နှင့် တရုတ်အာရာရှိကြီးများသည် လတ်တလောရက်သတ္တပတ်အတွင်း စစ်ဘက်ရေးရာကိစ္စများအပေါ် ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိသည်။ ထို့သို့သော ဆွေးနွေးမှုမျိုးသည် တစ်နှစ်လျှင်တစ်ရက်သာ ပြုလုပ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား နားလည်မှုလွဲမှားခြင်းမျိုးမရှိစေရန် အဓိကရည်ရွယ်ကာ ပြုလုပ်ခြင်းလည်းဖြစ်သည်။

အချုပ်အခြာအာဏာဆိုင်ရာ အငြင်းအခုံ

တရုတ်နိုင်ငံသည် ယခုအခါ ပထမဆုံး လေယာဉ်တင်သင်္ဘောကို ထုတ်လိုက်ထားနိုင်ပြီဖြစ်ပြီး ရေတပ်ဦးတည်ချက်များကို ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ သို့သော် တပ်မတော်မှာ အဓိကအားဖြင့် ကြည်းတပ်အင်အားကို အခြေခံထားခြင်းဖြစ်ကာ ရေတပ် စွမ်းဆောင်မှုမှာ အမေရိကန်ပြည်ထောင်စုနှင့် နှိုင်းယှဉ်ပါကသေးငယ်နေဆဲပင် ဖြစ်သည်။

တရုတ်သမ္မတ ဟူဂျင်တောင်က စစ်ဘက်အရာရှိကြီးများနှင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် "တရုတ်ရေတပ်အနေဖြင့် အင်အားတောင့်တင်း သောပုံစံဖြင့် ခေတ်မီသောရေတပ်အဖြစ် အသွင်ကူးပြောင်းနိုင်အောင် အရှိန်မြှင့်တင် လုပ်ဆောင်သင့်ကြောင်း၊ အမျိုးသားလုံခြုံရေးကို ကြီးမားသော အခန်းကဏ္ဍမှ အကာကွယ်ပေးရန် အလို့ငှာ စစ်ပွဲအတွက် ပြင်ဆင်ထားသင့်ကြောင်း" တိုက်တွန်းပြောဆိုသည်။

တရားဝင်ဖော်ပြသော်လည်း အခြားသော တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် မီဒီယာများ၌မူ "စစ်မက်တိုက်ပွဲ'နှင့် 'စစ်မက်ရေးရာ တွန်းလှန်မှု'ဟု သုံးနှုန်းဖော်ပြသည်။ လေ့လာသုံးသပ်သူများကမူ ဟူဂျင်တောင်သည် မလိုလားအပ်ဘဲ ဗြောင်ကျကျပြောဆိုခြင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် တောင်တရုတ်ပင်လယ်တွင်းရှိ ပြိုင်ဘက်နိုင်ငံများကို ပစ်မှတ်ထားပြောဆိုဟန်ရှိကြောင်း သုံးသပ်ကြသည်။  ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က တရုတ်နိုင်ငံသည် ဒေသတွင်းရန်ပြုမှုများ ပြုလုပ်လျက်ရှိသည်ဟု စွပ်စွဲပြောဆိုထားကြသည်။

တောင်တရုတ်ပင်လယ်ပြင်သည် ရေနံ၊ သဘာဝဓာတ်ငွေ့များ အမြောက်အမြားရှိသည်ဟု ယူဆရပြီး နိုင်ငံအတော်များများက ယင်း ပင်လယ်ပြင်အတွင်း နယ်နိမိတ်ပိုင်ဆိုင်ရေးအတွက် တောင်းဆိုမှုများပြုလုပ်ထားသည်။

အမေရိကန်သမ္မတ အိုဘားမား'စစ်မက်ပဋိပက္ခ' ဟူသော အသုံးအနှုန်းကို တရုတ်နိုင်ငံပိုင်မီဒီယာတွင်ကလည်း အာရှပစိဖိတ်ဒေသတွင်း တပ်ဖွဲ့များတိုးမြှင့်ချထားမည် ဖြစ်ကြောင်း၊ သြစတြေးလျ မြောက်ပိုင်းဒေသတွင် အမေရိကန်မရိန်းတပ်ဖွဲ့ ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့်  နိုဝင်ဘာလ အတွင်း ကြေညာခဲ့သည်။ လေ့လာသုံးသပ်သူများကမူ အမေရိကန်ပြည်ထောင်စု၏လုပ်ရပ်သည် ဒေသတွင်းသြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံကို တိုက်ရိုက်စိန်ခေါ်ရာရောက်ကြောင်းပြောဆိုသည်။

***************************************************************************************

မဲခေါင်မြစ်ကြောင်း လုံခြုံရေး ပူးတွဲကင်းလှည့်မှု ယနေ့စတင်

( The Gulf Today မှ 10 December 2011 ရက်စွဲပါ “ Mekong Security Patrols to begin today” ဘာသာပြန်ဆိုသည်)

မဲခေါင်မြစ်ကြောင်း လုံခြုံရေးအတွက် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့မှ တပ်ဖွဲ့များနှင့် ပူးတွဲကင်းလှည့်ခြင်းကို စနေနေ့တွင် စတင်တော့မည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ရာ ယင်းအစီအစဉ်သည် ပေကျင်း၏ တောင်ဘက်ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေမည့် တိုးတက်မှုတစ်ခု ဖြစ်လာနိုင်ပါသည်။

ဥပဒေမဲ့ ရွှေတြိဂံဒေသကို ဖြတ်သန်းစီးဆင်းသော မဲခေါင်မြစ်၏ ထိုင်းနိုင်ငံဘက်အပိုင်းတွင် အောက်တိုဘာအစောပိုင်းက ကုန်တင်  သင်္ဘော နှစ်စင်း တိုက်ခိုက်ခံရကာ တရုတ်သင်္ဘောသား ၁၃ဦး အသက်ဆုံးရှုံးခံရခြင်းကို တုန့်ပြန်သည့်အနေဖြင့် ပူးတွဲကင်းလှည့်ခြင်း အစီအစဉ် ပေါ်ထွက် လာခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား ပူးတွဲစစ်ဆင်ရေး စီမံချက်ထဲတွင်ပါဝင်သော ယခုကင်းလှည့်မှုကြောင့် တရုတ်သင်္ဘောများ နပ်စပ်ကိုကျော်လာနိုင်မည့် အလားအလာ ရှိသော်လည်း မြစ်ကြောင်း၏ တောင်ဘက်သို့ မည်မျှဝေးဝေး ထွက်လာမည်ဆိုသည်ကို သဲသဲကွဲကွဲ မသိရသေးပါ။ တရုတ်တို့၏ ဒေသတွင်း စီးပွားရေးထိုးဖောက်မှုနောက်တွင် နိုင်ငံရေးသြဇာ မည်သို့လိုက်ပါလာမည်ဆိုသည်ကို ယခုပူးတွဲကင်းလှည့်မှုက ထင်ဟပ်ပြသနေပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးသော လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ပိုမိုတွေ့ရှိရသည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး မင်ယောင်ဝေက တရုတ်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှတပ်ဖွဲ့များနှင့် ကင်းလှည့် ချိန်တွင် အထူးသတိထားခြင်း လေးစားခြင်းတို့ရှိရမည်ဟု ပြောကြားသည်။ သောကြာနေ့က တရုတ်ကင်းလှည့်တပ်ဖွဲ့ တရားဝင်ဖွဲ့စည်းသည့် အခမ်းအနားတွင် မင်ယောင်ဝေက “၄နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရန် ဥပဒေအာဏာတည်အောင် ပူးတွဲကြိုးစားသွားကြမယ်၊ ပါဝင်ထမ်းဆောင်မယ့် အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ဖလှယ်တဲ့ သံတမန်တွေ ဖြစ်လာရမယ်” ဟု ပြောကြားခဲ့သည်။

တရုတ်ကင်းလှည့်တပ်ဖွဲ့ဝင်များတွင် အရာရှိ ၂၀၀ကျော်နှင့်အတူ တရုတ်ကမ်းခြေနှင့် မြစ်ကြောင်းများတလျှောက်ရှိ နယ်ခြားကင်းလှည့် တပ်ဖွဲ့များမှ ခေါ်ယူထားသော တပ်ဖွဲ့ဝင်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး မဲခေါင်မြစ်ကြောင်း၏ တရုတ်-မြန်မာနယ်စပ် ဂွမ်လီမြစ်ဆိပ် အခြေစိုက် ဝမ်းပြားလူစီးကုန်တင် ရေယာဉ် ၁၁စီးနှင့်အတူ လိုက်ပါကင်းလှည့်ကြမည်ဟု ဆိုသည်။

နိုင်ငံပိုင် CCTV ၏ နေ့လည်ခင်းသတင်းအစီအစဉ်တွင် တရုတ်လုပ် နောက်ဆုံးပေါ် ချေမှုန်းရေးရိုင်ဖယ်များဖြင့် ကင်းလှည့်ရန် သင်္ဘောပေါ်တွင် လေ့ကျင့်နေကြသော တပ်ဖွဲ့ဝင်များကို ပြသသွားခဲ့သည်။ ထိုသို့ပူးတွဲကင်းလှည့်ခြင်းအပြင် မဲခေါင်မြစ်ကြောင်း နိုင်ငံများ၏ လုံခြုံရေးဌာနချုပ်များကို ဂွမ်လီမြို့တွင် ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး မြန်မာနှင့် လာအိုမှ လုံခြုံရေးအဖွဲ့များကို ကူညီလေ့ကျင့်ပေးရန်အတွက် ကျွမ်းကျင်သူများကို စေလွှတ်ပေးရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံက ပြောကြားသည်။

တရုတ်ကုန်ပစ္စည်းများနှင့် လယ်ယာထွက်ကုန်များကို သယ်ယူပို့ဆောင်နေသော သင်္ဘောသားများက လက်နက်ကိုင်ဂိုဏ်းအုပ်စုများ၏ ခြိမ်းခြောက် ငွေတောင်းခံမှုများကို ယခင်ကပင် တိုင်ကြားထားခဲ့သည်။ သို့သော် တရုတ်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုရသည်အထိ ဖြစ်ခဲ့သော အောက်တိုဘာ ၅ ရက် မြစ်ကြောင်းတွင် လူသတ်မှုများမတိုင်မှီအထိ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု နည်းပါးခဲ့သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီရေးထက် ဦးစားပေးရမည့် တရားဥပဒေစိုးမိုးရေး

*******************************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီရေးထက် ဦးစားပေးရမည့် တရားဥပဒေစိုးမိုးရေး

နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ ဖြစ်ခြင်း၊မဖြစ်ခြင်းသည် အဆိုပါနိုင်ငံနှင့် ယင်း၏ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အချိုးမကျပေ။ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီက ဒီမိုကရေစီဆိုသည်မှာ အကောင်းဆုံးဟု မဆိုသာသော်လည်း လက်ရှိတွင် ယင်းထက်ပို၍ အလုပ် ဖြစ်သည့် စနစ်မရှိသေး၍သာ ဒီမိုကရေစီဆိုသည်ကို ပြောဆိုနေကြရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

ဒီမိုကရေစီ၏ အနှစ်သာရမှာ လူသား၏ မွေးရာပါအခွင့်အရေးကို ထိခိုက်ခြင်းမရှိစေရန် အများ၏ဆန္ဒနှင့်အညီ ဆုံးဖြတ်ရခြင်းဖြစ်သည်။ အင်အားကြီးသူက ငယ်သူကို အနိုင်ကျင့်မှုမပြုစေရန်၊ နေထိုင်ရာ လူ့အဖွဲ့အစည်းတွင် တန်းတူညီမျှ အခွင့်အရေးညီမျှစေရန် အားလုံး၏ သဘောတူ ညီချက်များအရ လူထုက ရွေးကောက်တင်မြှောက်သည့်နည်းလမ်းဖြင့် အာဏာကို အပြန်အလှန်ထိန်းကျောင်းသည်။ သို့ရာတွင် ဒီမိုကရေစီကိုယ်တိုင်က အငြင်းပွားဖွယ်ရာတွေရှိခဲ့သည်။ အများဆန္ဒဖြင့်ဆုံးဖြတ်ပြီး အများညီ၍ ဤကိုကျွဲဖတ်၍ရလျှင် အမှားတစ်ခုကို အများသဘောဖြင့် အမှန်ဟုဆုံးဖြတ်ပါက ထိုဒီမိုကရေစီမှာ မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။ ဥပမာဆိုရလျှင် ဆိုခရေးတီးမှာ သူ၏အယူအဆကြောင့် ကျောင်းတော်မှ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က ဂရိပြည်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ သို့ရာတွင် နှစ်မဲတစ်မဲ ဒီမိုကရေစီ ၅၁/၄၉ ဒီမိုကရေစီပုံစံမျိုးဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ရာရှိလျှင် ၅၁ယောက်က ကျန်၄၉ယောက်ကို အနိုင်ကျင့်ခွင့်ရနေသည့် ပုံစံမျိုးဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနောက်တွင် နီယိုလစ်ဘရယ် လစ်ဇင်၊ ပို့စ်နီယိုလစ်ဘရယ်လစ်ဇင်စသည်ဖြင့် တစ်ဦးချင်း တစ်ယောက်ချင်းအထိ အကာအကွယ်ပေးနိုင်သည့် အိုင်ဒီယိုလိုဂျီတွေ ဆင့်ပွားပေါ်ထွက် လာခဲ့သည်။

လက်ရှိ ကမ္ဘာ့ရေးရာများကို ကြည့်လျှင် အချို့သော အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီနိုင်ငံတွေထက် စီးပွားရေးအရ၊ လူနေမှုအဆင့် အတန်းအရ သာလွန်နေသည်ကို တွေ့ရသည်။ အထင်ရှားဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်သည်။ စင်္ကာပူတွင် ရွေးကောက်ပွဲရှိသော်လည်း အာဏာရှင်စနစ်သာ ဖြစ်သည်။ သို့ရာတွင် ထိုနိုင်ငံသည် လူနေမှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုအရ ထိပ်တန်းနိုင်ငံများတွင် ပါဝင်နေသည်။ တစ်ဖက်တွင် အိန္ဒိယမှာ ဒိတ်ဒိတ်ကြဲ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံကြီးဖြစ်သော်လည်း အိမ်နီးချင်း အာဏာရှင်တရုတ်ပြည်နှင့်ယှဉ်လျှင်မှု တစ်နိုင်ငံလုံး အတိုင်းအတာ၌ ယှဉ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

မက္ကဆီကို၊ လက်တင်အမေရိကနှင့် အာဖရိက နိုင်ငံအချို့ကိုကြည့်လျှင်လည်း ဒီမိုကရေစီနိုင်ငံတွေဖြစ်သည့်တိုင် ပြည်သူတွေမှာ ကျီးလန့် စာစား နေကြရသည်။ လမ်းပေါ်မှာ လူသတ်ပွဲတွေ အချိန်မရွေးဖြစ်နိုင်သည်။ နိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းတွေကို ခရိုနီတွေ၊ မာဖီးယားတွေက ချုပ်ကိုင်ထားသည်။ တစ်ဖက်က ကျူးဘားနိုင်ငံကိုကြည့်လျှင်မူ ကျူးဘား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အမေရိကန်ထက် သာလွန်ကောင်းမွန် နေပြန်သည်။ ဟိမဝန္တာတောင်တန်းပေါ်က ဘူတန်နိုင်ငံလေးသည် လူဦးရေ ခုနှစ်သိန်းခွဲသာရှိပြီး ဘုရင်ဖြစ်သူမှာ အနောက်နိုင်ငံ ပညာတတ်ဖြစ်၍ ပါလီမန်ဖွဲ့ခွင့်၊ အစိုးရဖွဲ့ခွင့်တွေ ပေးခဲ့သည်။ သို့ရာတွင် လူဦးရေနည်းပါးသော နိုင်ငံလေးဖြစ်သဖြင့် ဒီမိုကရေစီအရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ ထက် ပြည်သူတွေ ပျော်ရွှင်စိတ်ချမ်းသာစွာ နေထိုင်ရှင်သန်ရေးဟူသည့် မူဝါဒတွေကသာ အလုပ်ဖြစ်နေသည်။

အထက်ပါအချက်တွေကြောင့် ဒီမိုကရေစီဖြစ်ခြင်း မဖြစ်ချင်းမှာ နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် တိုက်ရိုက်အချိုးမကျဟု ဆိုရခြင်းဖြစ်သည်။ သို့ရာတွင် အတော်အသင့်ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုသည် အကောင်းဆုံးဆိုသော သက်ဦးဆံပိုင် ဘုရင်စနစ် ထက် ပိုမိုကောင်းသည်ဟု အင်္ဂလိပ် နိုင်ငံရေးဒဿန ပညာရှင်တစ်ဦးက ဆိုခဲ့ဖူးသည်ဖြစ်ရာ ရွေးကောက်တင်မြှောက်သည့် နည်းလမ်းဖြင့် တင်မြှောက် သည့်အစိုးရစနစ်ကပို၍ ကောင်းမွန်ပါသည်။ ယနေ့ခေတ်ကဲ့သို့ အပြောင်းအလဲမြန်လှသောခေတ်ကြီးတွင် ဗဟိုဦးစီးစနစ်ထက် အလျင်အမြန် ပြောင်းလွယ်ပြင်လွယ်သော လစ်ဘရယ်စနစ်က ပို၍အလုပ်ဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် လစ်ဘရယ်ဒီမိုကရေစီမှာ ရှေ့တန်းရောက်လာရခြင်း ဖြစ်တော့သည်။

အထက်တွင် ဖော်ပြခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်စေ၊ အာဏာရှင် နိုင်ငံဖြစ်စေ နိုင်ငံတို့၏ နောက်ဆုံးရည်မှန်းချက်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက် ချမ်းသာကြွယ်ဝရေးပင်ဖြစ်သည်။ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ထိုသို့ အထွေထွေ ဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်သူများအနေဖြင့် လွတ်လပ်စွာ ရှာဖွေစားသောက်နိုင်ခွင့်၊ အေးချမ်းစွာနေထိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည် တို့ကသာ အရေးကြီးကြောင်း တွေ့ရမည်ဖြစ်ပြီး ဤအချက်များကို အဓိက ဆောင်ကြဉ်းပေးနိုင်သည်မှာ တရားဥပဒေစိုးမိုးရေးပင် ဖြစ်တော့သည်။ လူ၏ သဘောအရ အတ္တ၏သားကောင်ဖြစ်ရာ အမေရိကန်လို ဒိတ်ဒိတ်ကြဲ ဒီမိုကရေစီနိုင်ငံကြီးမှာပင် ဥပဒေကို လက်တစ်လုံးခြား ကျော်လွန်၍ လုပ်ဆောင် နေခြင်းမျိုးလည်းရှိပါသည်။ သို့ရာတွင် ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို လက်ခံနိုင်လောက် သည့် အတိုင်းအတာအထိ အကာအကွယ်ပေးနိုင်သော တရားဥပဒေ စိုးမိုးရေးရှိသည်ကို လက်တွေ့ကျကျ ရှုမြင်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် စနစ်အမှားတစ်ခုကြောင့် ခိုင်မာသော အင်စတီကျူးရှင်းများ မရှိသလို ဗျူရိုကရေစီယန္တရား မှာလည်း ဖရိုဖရဲဖြစ်နေခဲ့သည်မှာ ယနေ့အထိ ပြင်၍မရသေးသော ကိစ္စဖြစ်သည်။ အလွန်အမင်း ဆင်းရဲမွဲတေမှုဆိုသည်မှာ မနက်စာစားပြီး ညစာ  အတွက် စိုးရိမ်ပူပန်နေရမှု၊ မနက်ဖနအတွက် စိုးရိမ်ပူပန်နေရမှုကဲ့သို့ ဆင်းရဲခြင်းမျိုးသာမကဘဲ သမာအာဇီဝကိုပင် ကျီးလန့်စားစား ရှာဖွေစားသောက် နေရမှု၊ အရာရာကို စိုးရိမ်ကြောက်ရွံ့နေကြရသော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုမျိုးတွေပါ ပါဝင်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။ တစ်ဆက်တည်းမှာပင် NLD ရွေးကောက်ပွဲဝင်ရခြင်းမှာ ဒီမိုကရေစီတည်ဆောက်ရန် တရားဥပဒေစိုးမိုးရေးက အရေးကြီးသောကြောင့် ဖြစ်ကြောင်း NLD အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အဓိကထားကြောင်းလည်း ပြောဆိုခဲ့သည်။ လူထုခေါင်းဆောင် ပြောဆိုခဲ့သလိုပင် ယခင် အစိုးရ အနေဖြင့် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ခဲ့ရာတွင် အစိုးရလုံခြုံရေးကိုသာ ဦးစားပေးခဲ့သဖြင့် ပြည်သူတို့၏ လုံခြုံမှု အားနည်းနေခဲ့သောကြောင့် တရားဥပဒေ စိုးမိုးရေး ယနေ့တိုင် မဖြစ်နိုင်သေး ဘဲရှိနေသည်။

သမ္မတကြီးနှင့် လူထုခေါင်းဆောင်တို့က ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရ၊ တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း ပြောဆို နေချိန်တွင်ပင် အောက်ခြေအဆင့်၌ မတရားမှုတွေ ကြုံတွေ့နေရသေးသည်။ အထူးသဖြင့် အစိုးရလက်ဝေခံ ခရိုနီတွေက ဖွဲ့စည်းပုံက ခွင့်မပြုသော လယ်ယာမြေသိမ်းသည့် ကိစ္စများတွင် တရားဥပဒေ စိုးမိုးရေးသာမက ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပါ ချိုးဖောက် ခြင်း ဖြစ်သည်။ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူးတွေက လူထုကို နှိပ်စက်နေတာတွေ ရှိနေသေးသလို တရားရေးဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုတွေကြောင့် ပြည်သူတွေ ဒုက္ခ ရောက်နေတာ မနည်းမနောဖြစ်သည်။

သို့ရာတွင် တရားဥပဒေ စိုးမိုးရေးမှာ ပွင့်လင်းလာသော ယနေ့ကာလတွင် အတိုင်းအတာတစ်ခုအထိ ထင်သာမြင်သာရှိ လာသည့်တိုင် အလွန်အမင်းအားနည်းနေပါသေးသည်။ တရားဥပဒေ ချိုးဖောက်ခံရသော ကိစ္စရပ်များတွင် အထက်ထိရောက်အောင် တိုင်ကြားခြင်းမပြုနိုင်လျှင် အောက်ခြေအဆင့်မှာပင် ပျောက်သွားရသည့်ဖြစ်ရပ်တွေ ဒုနှင့်ဒေးရှိနေပြန်သည်။ ထိုကဲ့သို့သော ကိစ္စများသည် ယနေမြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့်ကာလတွင် ပပျောက်သင့်ပြီဖြစ်သည်။

ယခုလို ဒီမိုကရေစီ  စတင်တည်ဆောက်ဆဲ ကာလတွင် တရားဥပဒေစိုးမိုးရေးကို မလုပ်ဆောင်နိုင်ခဲ့ပါက မက္ကဆီကိုနှင့် ဖိလစ်ပိုင်နိုင်ငံတွေလို ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်မသွားနိုင်ဟု မည်သူ ပြောနိုင်ပါမည်နည်း။

****************************************************************************************************

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs