Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးနှင့် စဉ်းစားရမည့် အမျိုးသားရေး တာဝန်

*******************************************************

ဆောင်းပါးကဏ္ဍ

လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးနှင့် စဉ်းစားရမည့် အမျိုးသားရေး တာဝန်

အောင်မောင်း

စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်ကို လူအရရော မူအရပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံသူဖြစ်ပြီး ပုဂ္ဂလသဘောတစ်ခုတည်း ဖြင့်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မြင်တွေ့လိုပါသည်။ သို့ရာတွင် ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပြဌာန်းချက်များအရနှင့် စာရေးသူတို့နိုင်ငံ၏ သမိုင်းကြောင်းများအရ လူထုခေါင်းဆောင်သည် သမ္မတ၊ ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဖြစ်ရန် အခြေအနေမရှိကြောင်း တွေ့ရှိရသဖြင့် ထိုတွေ့ရှိချက်များကို အများပြည်သူအနေဖြင့် စောကြောနိုင်ရန် တင်ပြလိုခြင်းသာဖြစ်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ မူဝါဒစွဲမပါဘဲ ဖြစ်ပေါ်နေသည့် အခြေအနေများပေါ်တွင်သာ စဉ်းစားသုံးသပ်ထားခြင်းဖြစ်ပြီး လူထုခေါင်းဆောင်ကို မလိုလားသည့် စိတ်အခံလုံးဝမရှိပါ ကြောင်း ဦးစွာ နိဒါန်းပျိုးရခြင်းဖြစ်ပါသည်။

NLD ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ပြည်သူလူထုအနေဖြင့် ၎င်းတို့ချစ်ခင်လေးစားသော လူထုခေါင်းဆောင်ကို နိုင်ငံ့ ခေါင်းဆောင်အဖြစ် မြင်တွေ့ရတော့မည်ဟု ဝမ်းသာအားရမျှော်လင့်ခဲ့ကြသည်။ အမှန်တကယ်တွင်လည်း ပြည်သူအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ပေးဆပ်ခဲ့သူ၊ ကမ္ဘာ့အဆင့်မှီ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားသူ၊ နိုင်ငံတကာ အတွေ့အကြုံများစွာ ကြွယ်ဝသူ၊ နိုဗယ်ဆုရှင်လည်းဖြစ်သူ သူမ အနေဖြင့် နိုင်ငံကို အကောင်းဆုံးဦးဆောင်၍ ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့်မည့် ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်လာမည် ဆိုသည်မှာလည်း ငြင်းဆို၍ရသော အချက်မဟုတ်ပေ။ သို့ရာတွင် အထက်ကဆိုခဲ့သလို နိုင်ငံ၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများက လူထုခေါင်းဆောင် အစိုးရ အဖွဲ့ဝင်ဖြစ်ရေးကို ကြီးမားစွာ ဟန့်တားလျက်ရှိနေပါသည်။

ပထမ အချက်ဖြစ်သော သမ္မတနှင့် ဒုတိယသမ္မတနေရာများအတွက် လူထုခေါင်းဆောင် ရယူနိုင်ခြင်းမရှိသည့် အချက်များအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) နှင့် (စ) တို့တွင်  အောက်ပါ အတိုင်းပြဋ္ဌာန်း ထားသည်။

                (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ၊ စစ်ရေး စသည့်အမြင်များရှိရမည်။

              (စ) မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသော်လည်းကောင်း ခံစားရသော အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

အထက်ပါ နှစ်ချက်သည် လူထုခေါင်းဆောင် သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်နိုင်ရေးအတွက် ဟန့်တားနေသည့် အချက်နှစ်ချက် ဖြစ်သည်။ ယေဘုယျအားဖြင့် သမ္မတဖြစ်ရန်အတွက် လွှတ်တော်အမတ်ဖြစ်ရန် မလိုပါ။ မြန်မာနိုင်ငံသည် သမ္မတကို တိုက်ရိုက်ရွေးချယ်သည့် စနစ်မဟုတ်ဘဲ လွှတ်တော်မှ ရွေးချယ်သည့်စနစ်ဖြစ်သောကြောင့်သာ လွှတ်တော်အမတ်များကို သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ)တွင်

 “လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်”

ဟူ၍သာ ဖော်ပြထားရှိသည်ဖြစ်ရာ အကယ်၍ လွှတ်တော်ကိုယ်စား လှယ်များအထဲမှ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် သင့်တော်သည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ပြည်ထောင်စု လွှတ်တော်သည် အရပ်သားထဲမှ သမ္မတအရည်အချင်းနှင့် ပြည့်စုံသူကို ခန့်အပ်ရွေးချယ်ပိုင်ခွင့် ရှိနေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းမပြုလျှင်ပင် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် ကမ်း လှမ်းခံရနိုင်သည့် အခြေအနေရှိပါသည်။ ပြည်ထောင်စုဝန်ကြီးကိုလည်း သမ္မတကသာတိုက်ရိုက်ခန့်အပ်သည်ဖြစ်ရာ အဆိုပါ ရာထူးအတွက်လည်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် မလိုအပ်ချေ။ သို့သော် အဟန့်အတားဖြစ်နေသည်မှာ အထက်တွင်ဖော်ပြခဲ့သော ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ)နှင့်(စ)ဖြစ်သည်။ ပုဒ်မခွဲ (ဃ)တွင် စစ်ရေးအမြင်ရှိရမည်ဟူသည့်အချက်သည် တပ်မတော်တွင် အမှုထမ်းခဲ့သူများကိုသာ သမ္မတအဖြစ်ခန့်အပ်နိုင်လိမ့်မည်ဟု လွဲမှားစွာ ယူဆ နေကြခြင်း ဖြစ်ပါသည်။ သာမန်အရပ်သား ပညာရှင်တစ်ဦးသည် စစ်ရေးစစ်ရာနှင့်ပတ်သတ်သော ကျမ်းတစ်စောင်ပြုစုနိုင်ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိပါကလည်း စစ်ရေးအမြင်ရှိသူဟု သတ်မှတ်နိုင်သည်ဖြစ်ရာ ပုဒ်မ(ဃ)သည် လူထု ခေါင်းဆောင် သမ္မတ၊ ဒုတိယ သမ္မတ ဖြစ်ရန်အတွက် ကြီးမားသော အဟန့်အတား မဟုတ်သေးဟုသာ ဆိုရပေလိမ့်မည်။

အဓိက ဟန့်တားချက်မှာ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)ဖြစ်သည်။ လက်ရှိအခြေအနေတွင် လူထုခေါင်းဆောင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ကွယ်လွန်သွားပြီဖြစ်၍ လင်ခန်းမယားခန်းပြတ်စဲသွားပြီဟု စောဒကတက်နိုင်လျှင်ပင် သူမ၏သားနှစ်ဦးသည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသေးသည်။  ယင်းနိုင်ငံများ၏ နိုင်ငံသားများဖြစ်သလို ယင်းနိုင်ငံသားများ ရသင့်ရထိုက် သော အခွင့်အရေးများကို ခံစားရရှိနေကြ သူများလည်း ဖြစ်ပါသည်။  ထို့ကြောင့် ပုဒ်မခွဲ(စ)လုံးမှာ ကြီးမားသော အဟန့်အတားဟု ဆိုရခြင်း ဖြစ်ပါသည်။ အများစုက လူထုခေါင်းဆောင်အနေဖြင့် နိုင်ငံခြားရေးနှင့် ပတ်သတ်သော တာဝန်တစ်ခုယူသင့်သည်ဟု ယူဆချက်များ အပေါ် တွင်လည်း နိုင်ငံခြားရေးဝန်ကြီးမှာ ပြည်ထောင်စုဝန်ကြီးဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဖြစ်ရန် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က ၁၊၂၊၃၊၄)တို့တွင် ဖော်ပြထားပါသည်။ ယင်းတို့အထဲမှ နံပါတ် ၃တွင် “ ပုဒ်မ ၁၂၁တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ” ဟု ဖော်ပြထား သည်။ ပုဒ်မ ၁၂၁ကို ဆက်လက်လေ့လာလျှင် ပုဒ်မ ၁၂၁ ပုဒ်မခွဲ

(စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့် အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ

(ဆ) နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူ သုံးစွဲသူ သို့မဟုတ် ယင်းအထောက်အပံ့ရယူ သုံးစွဲနိုင်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ

ထို့ကြောင့် ပုဒ်မခွဲ (စ) အရ လူထုခေါင်းဆောင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဆိုရာထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသောအချက်နှင့်ပင် ညိစွန်းနေသေးသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သားနှစ်ဦး သည် တိုင်းတစ်ပါးအစိုးရ၏ နိုင်ငံသားအခွင့်အရေးများကို ခံစားနေရဆဲဖြစ်ပြီး ထိုသို့သော ခံစားခွင့်များကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှဲပြောင်းပေးအပ်ပိုင်ခွင့် ရှိနေသော ကြောင့်ဖြစ်သည်။ ပုဒ်မခွဲ(ဆ) ကို မူ NLD သည် ပြည်ပ အထောက် အပံ့ ရယူသည်၊ မယူသည်ဆိုသည်မှာ စာရေးသူ အနေဖြင့် မသိရှိပါ။ ထို့ကြောင့် (ဆ)ကို ထည့်သွင်းတွက်ချက်ရန် မလိုဟုသာ ယူဆပါသည်။

သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြားတွင် မည်သို့သော သဘောတူညီချက်များ ရှိခဲ့ကြောင်း မသိနိုင်စေကာမူ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဝင်မည့်သတင်းကို သမ္မတကြီးက ကြိုဆိုကြောင်းပြောကြားခဲ့သည်ဖြစ်ရာ  လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် အခက်အခဲ မရှိဟု ယူဆရဖွယ်ရှိပါသည်။ သို့သော် ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးဖြစ်ရန်မှာမူ အထက်ဖော်ပြပါ အချက်များက ညိစွန်းနေပါသေးသည်။

လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော တာဝန်ကြီးများကိုရယူစေလိုသည်မှာ ပြည်သူတို့၏ လိုလားတောင့်တ ချက်ဖြစ်ပါသည်။ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဖွဲ့စည်းပုံပါ အချက်အလက်များကို ပြင်နိုင်ဖွယ်၊ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုနိုင်ဖွယ် ရှိပါသည်။ ဥပမာ ခင်ပွန်း၊ ဇနီးဖြစ်သူသည် နိုင်ငံခြားသားပင် ဖြစ်စေကာမူ ကွယ်လွန်သွားပြီဆိုပါက လင်ခန်းမယားခန်းပြတ်စဲသည်ဟု မှတ်ယူရမည်၊ သားသမီးများသည် တိုင်းတပါး၏ ကျေးဇူးသစ္စာကို စောင့်သိရသော နိုင်ငံခြားသားဖြစ်စေကာမူ ထို သားသမီးကို သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာပြီးလျှင်၊ ထိုသားသမီးမှ ရရှိနေသော အထောက်အပံကိုလည်း မယူတော့လျှင် အဆိုပါကန့်သတ်ချက် ပျက်ပြယ်သည်ဟူသည့် အချက်မျိုး ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေများလည်း ယခင်ကထက် ဖြေလျော့လာပြီဖြစ်သလို လူထုခေါင်းဆောင်၏သားများ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး၏ မြေးများသည် မြန်မာနိုင်ငံသားအဖြစ်ခံယူနိုင်ရန်  လျှောက်ထားနိုင်မည့် အလားအလာလည်း ရှိကောင်းရှိနိုင် ပါသည်။ ဆိုရလျှင် လူထုခေါင်းဆောင် အစိုးရအဖွဲ့အတွင်း ပါဝင်လာနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများညီ ပြင်ဆင်နိုင်ကြပါသည်။

သို့ရာတွင် ထိုသို့ လူထုခေါင်းဆောင်၏ မျက်နှာကိုကြည့်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုက်လျှင် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကို ရွေးချယ်ရာ၌ ပြဿနာများစွာ ရှိလာပါလိမ့်မည်။ အနီးကပ်ဆုံး ဥပမာပေးရလျှင် မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာကြ သော တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် သမ္မတဖြစ်ရန်မှာ ဥပဒေကခွင့်ပြုသော်လည်း လူထု၏ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ် မရှိပါ။ သို့ဖြစ်စေကာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်သည်မှာ မကြာသေးသည့်အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၌ ဆွေမျိုးသားချင်းများလည်း ရှိနေသေးသော မြန်မာပြည်ပေါက် တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် ငွေကြေးအင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ လွှတ်တော်ကို စိုးမိုး၍ တနေ့နေ့ တချိန်ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးကို ရယူသွားလျှင်ဆိုသည့် အခြေအနေကို စဉ်းစားကြရန်လိုပါသည်။ ထိုအချိန်တွင် လူထု ခေါင်းဆောင်လည်း ရှိတော့မည်မဟုတ်သလို ဖွဲ့စည်းပုံကိုလည်း ယခင်ကအတိုင်း ပြန်လည်သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့် အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးဖြစ်ရေးသည်  ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို ကြည့်ရန်လိုပါသည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်သွေးနှောများအတွက် နိုင်ငံ၏အထွဋ်အထိပ်ရာထူးကို ရယူရန် လမ်းပွင့်သွား ပေလိမ့်မည်။

စာရေးသူအနေဖြင့် လူထုခေါင်းဆောင်ကို မထီမဲ့မြင် ပြုလုပ်ခြင်းမဟုတ်သလို ပုဂ္ဂလခံစားချက်အရဆိုလျှင် နိုင်ငံ၏ အထွဋ်အထိပ် ရာထူးအတွက် ထိုက်တန်ကြောင်း ခြွင်းချက်မရှိ လက်ခံပြီးဖြစ်ပါသည်။ သို့သော် လက်တွေ့ကျသည့် ရှုထောင့်များကိုသာ စဉ်းစားကြည့်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံတွင်မှ မဟုတ်ဘဲ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင်လျှင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ၊ တိုင်းတပါး၏ ကျေးဇူးကို ခံစားရယူနိုင်သူများကို နိုင်ငံ့ခေါင်းဆောင် ရာထူးရယူရန် အမျိုးသား ရေးအမြင်ဖြင့် ပိတ်ပင်ထား သည်ကို တွေ့ရပါသည်။

နိဂုံးချုပ်ဆိုချင်သည်မှာ လူထုခေါင်းဆောင်အနေဖြင့် ရာထူးရယူသည်ဖြစ်စေ၊ မရယူသည်ဖြစ်စေ NLD ပါတီ ဆက်လက်ရပ်တည် သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ပြည်သူလူထု၏ ရင်ထဲတွင် အထွဋ်အထိပ်နှင့် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှ လာ၍ ဖျက်မရ အောင် စွဲထင်နေသည်မှာ သေချာပါသည်။ နိုင်ငံအတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်တွေ ရှိရန်မလိုအပ် သလို စာရွက်ပေါ်တွင် ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပါ။ အိန္ဒိယနိုင်ငံမှ ဆိုနီယာဂန္ဒီသည် အီတလီသူစစ်စစ် ဖြစ်စေကာမူ အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ပါသည်။ သို့သော် သူမသည် ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ပါသည်။ သမ္မတသည် သက်တမ်းဆယ်နှစ်သာရှိ ပြီး အမျိုးသားခေါင်းဆောင်ဆိုသည်မှာ လူထုရင်ထဲတွင် ထာဝရရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် အကြောင်းကြောင်းကြောင့် အစိုးရအဖွဲ့ဝင် မဖြစ်ခဲ့လျှင်ပင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ့ရတနာတစ်ပါး ဖြစ်နေမည်မှာလည်း သေချာနေသည်ဖြစ်ရာ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဟန့်တားချက်များနှင့် ယင်းဟန့်တားချက်များကို ပယ်ဖျက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက် များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေးအရ ရွေးချယ်မှုပြုရန်မှာ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။

****************************************************************************************************

 

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၁.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. လုပ်ငန်းရှင်များကို နှစ်ဖက်မျှ စဉ်းစားပြီး လုပ်ကိုင်ရန် ပြည်ထောင်စု ဝန်ကြီး ပန်ကြား
  1. ဘိလပ်မြေစက်ရုံတည်ဆောက်ခွင့်ရ ဒေသများတွင် စက်ရုံသစ် ဖွင့်ခွင့်မပြုတော့
  2. ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. “ခမောက်”သည် NLD နဲ့မသက်ဆိုင်တော့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေငြာ
  1. ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေ (၁၀)ပါတီ လယ်ယာမြေ ဥပဒေနှင့်ပတ်သက်၍ ညှိနှိုင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                *********************************************************

ပြည်တွင်းသတင်းများ

လုပ်ငန်းရှင်များကို နှစ်ဖက်မျှ စဉ်းစားပြီး လုပ်ကိုင်ရန် ပြည်ထောင်စု ဝန်ကြီး ပန်ကြား

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယင်းတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကိစ္စအဝဝကို လုပ်ကိုင်ရာတွင် နှစ်ဖက်မျှစဉ်းစားပြီး လုပ်ကိုင်ပေးပါရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပန်ကြားလိုက်သည်။

ကုန်သည်များအနေဖြင့် အစိုးရအဖွဲ့တွင်းရှိ အခက်အခဲများကို နားလည်ပြီး ပြုပြင်ပြောင်းလဲရေးကို ဦးတည်မပြောစေလိုကြောင်း၊ မြန်မာနိုင်ငံ တွင် တိုးတက်သည့် အပြောင်းအလဲများ လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း ဦးဝင်းမြင့်က ဝန်ခံပြောကြားခဲ့သည်။

ကုန်သည်/စက်မှု အသင်းချုပ်၏ ဥက္ကဋ္ဌအဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်သူ ဦးဝင်းမြင့်သည် ဒီဇင်ဘာ ၁၁ ရက် နေ့က ယင်းအသင်းချုပ်၏ အစည်းအဝေးခန်းမတွင် အသင်းချုပ်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အစိုးရမှ ပြုပြင်ပြောင်း လဲရေးကို ဖော်ဆောင်နေသည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်သည်များဘက်မှလည်း လိုအပ်ချက်များကို ပြန်လည်တင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“လုပ်ငန်းရှင်တွေ၊အသင်းအဖွဲ့တွေကို ဟိုဖက်၊ဒီဘက် နှစ်ဖက်မျှ စဉ်းစားဖို့လိုပါတယ်လို့ ပြောခြင်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့က လုပ်ကိုင် ရတာ တော်တော်ခက်ပါတယ်။ ကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက် ကျွန်တော်တို့ဘက်ကကော၊ ကုန်သည်တွေဘက်ကကော ပေးဆပ်ရမှာတွေ ရှိပါ တယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ကုန်သည်/စက်မှုအသင်းချုပ်၏အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ဖြေလျော့ပေးသည့် ကိစ္စရပ်များကို အခွင့်ကောင်းယူကာ မှိန်းမနေဘဲ၊ ကြိုးစား သင့်ကြောင်း အစိုးရမှ နိုင်ငံ့အပြောင်းအလဲအတွက် ကြိုးစားနေသလို ကုန်သည်များအနေဖြင့်လည်း မိမိတတ်စွမ်းသမျှ ကြိုးစားသင့်ပါကြောင်း ယင်း အသင်းချုပ်၏ တွဲဘက် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအေးလွင်က ဆိုသည်။

“အစိုးရဌာနက ဝန်ထမ်းအချို့ရယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျင့်တွေပြောင်းဖို့ လိုနေပါပြီ”ဟု ဦးအေးလွင်က ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

စီးပွားရေးအသင်းအဖွဲ့များအနေဖြင့် အစိုးရမှ လုပ်ဆောင်ပေးသည့် ကိစ္စရပ်များနှင့် အဆက်မပြတ်စေရန် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနရုံးများနှင့် အဆက်မပြတ်စေလိုကြောင်း ဦးဝင်းမြင့်က တိုက်တွန်းပြောကြားခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဘိလပ်မြေစက်ရုံတည်ဆောက်ခွင့်ရ ဒေသများတွင် စက်ရုံသစ် ဖွင့်ခွင့်မပြုတော့

ဘိလပ်မြေစက်ရုံများ တည်ဆောက်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည့်ဒေသများတွင် ထပ်မံ၍ စက်ရုံသစ်များ ဖွင့်လှစ်လုပ်ကိုင်ရန် ပါမစ်ချထား ပေးတော့မည်မပာုတ်ကြောင်း စက်မှု(၂)ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ပြေချောင်တွင် ငါးရုံ၊ ကျောက်ဆည်တွင် ခြောက်ရုံ  ခွင့်ပြုပါမစ်များ ချပေးထားပြီး ဆောက်လုပ်ခွင့်ရသည့် ဘိလပ်မြေကုမ္ပဏီများမှာ ကုန်ကြမ်းရရှိမှုနှင့် ပြိုင်ဆိုင်ရမှုများအပေါ်မူတည်၍ ဆောက်လုပ်ရန် စဉ်းစားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ထုံးကျောက်တောင်များ ရှိသောနေရာများတွင် ချထားပေးထားခြင်းဖြစ်ပြီး ထိုသို့ချထားပေးရခြင်းမှာ ကုန်ကြမ်းထွက်ရှိမှု ပမာဏပေါ်မူတည်၍ ထုတ်လုပ်မှုတန်ချိန် တွက်ချက်ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ တန် ၃၀၀၀ ကျဘိလပ်မြေစက်ရုံမှာ နိုင်ငံအတွင်း အကြီးဆုံးဖြစ်နေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်း ထိုသို့ နည်းပါးနေသေးသည့်အတွက် တည်ဆောက်ပြီး နိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် စက်ရုံများ၊ တည်ဆောက် ဆဲစက်ရုံများ၊ တည်ဆောက်ခွင့်ရရှိရန် တောင်းခံနေသော စက်ရုံများအနေဖြင့် စက်ရုံကြီးအဖြစ် ပူးပေါင်းတည်ဆောက်ရန် ၎င်းက တိုက်တွန်းပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆောက်လည်ပတ်လျက်ရှိသော ဘိလပ်မြေစက်ရုံ ၁၅ ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တည်ဆောက် ရန်ခွင့်ပြုပြီး ဘိလပ်မြေ စက်ရုံ ၄ ရုံ၊ စိစစ်လျက်ရှိသော စက်ရုံ ၇ ရုံနှင့် အဆိုပြုတင်ပြထားသော စက်ရုံ ၁၃ ရုံရှိကြောင်း သိရသည်။

                                                                                                                  Ref: Popular News

--------------------------------------------------------------------------------------------------------------------------------

ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

အစိုးရသစ်လက်ထက်မှ စတင်၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသော အဆင့်မြင့်ဆရာဝန်ကြီးများအနေဖြင့် အထက်အမိန့်အရ လိုက်ပါဆောင်ရွက်ရသည့် အနေအထားကို ကျော်လွှားရန်နှင့် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က တိုက်တွန်းပြော ကြားခဲ့သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် နဝမြောက်အကြိမ်မြောက် မြန်မာဓာတ်ရောင်ခြည်ပညာရှင်များ ညီလာခံတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အဆင့်မြင့်နိုင်ရန်မှာ အထူးသဖြင့် တာဝန်ကြီးများ များစွာယူထားရသည့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် အထက်ပါအနေအထားကို ကျော်လွှား၍ မိမိတို့၏ ကိုယ်ပိုင်အမြင်၊ အတွေးအခေါ်များနှင့် လုပ်သင့်သည်များကို အထက် အမိန့်ကို စောင့်ဆိုင်းမနေဘဲ စဉ်းစားဆုံးဖြတ်၍ အကြံပြုစေလိုပြီး ထိုအကြံပြုချက်များကို အလေးထားစဉ်းစား၍ ဝန်ကြီးဌာနအနေဖြင့် ကူညီလုပ်ကိုင် ပေးစေလိုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ ပြည်တွင်းဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦးက “ကျွန်တော်တို့ဆီက ဆေးရုံတွေမှာ နည်းပညာပိုင်းအားနည်းမှုတွေ၊ အထက်မိန့်စောင့်ဆိုင်းရမှုတွေကြောင့် မလိုအပ်ဘဲ လူနာတွေအသက်ဆုံးရှုံးခဲ့ရတာ အတော်များပါတယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်ပြီး အကြံပြုရမယ် ဆိုရင်တော့ ဆေးရုံကြီးတွေမှာ ဆေးဝါးပစ္စည်း အပြည့်အစုံထားရှိပြီးတော့ ခေတ်မီနည်းပညာတွေနဲ့ လူနာတွေကို စောင့်ရှောက်သင့်တယ်လို့ ထင်ပါတယ်” ပာု ပြောကြား ခဲ့သည်။

                                                                                                                       YC

******************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

“ခမောက်”သည် NLD နဲ့မသက်ဆိုင်တော့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေငြာ

နှစ်ပေါင်းနှစ်ဆယ်ကျော် ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုလာသည့် “ခမောက်”တံဆိပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း ဒီဇင်ဘာ ၁၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အတိအလင်း ကြေငြာခဲ့သည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အန်အယ်ဒီပါတီမှ ပါတီအမှတ်တံဆိပ်အဖြစ် “ခမောက်” တံဆိပ် ကိုအသုံးပြုခဲ့သော်လည်း ယခုအခါ ယင်းအမှတ်တံဆိပ်နှင့်ထပ်တူညီသည့် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာသောကြောင့် “ခမောက်”တံဆိပ်အား အသုံး မပြုရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

“နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုတော့ တခြားပါတီတွေနဲ့ အလံ၊တံဆိပ် မတူရအောင် ကျွန်တော်တို့ ပြောင်းရတာပါ”ဟုယင်းက ဆက်လက် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီအမှတ်တံဆိပ်အား ယခင်သုံးစွဲနေသည့် အလံကို ပုံစံပြောင်း၍ သုံးစွဲလိုက်ကြောင်း သိရသည်။

ပြောင်းလဲလိုက်သည့် အမှတ်တံဆိပ်မှာ အနီရောက်အောက်ခံတွင် ရွှေရောင်ခွပ်ဒေါင်းနှင့်ကြယ်ဖြူတစ်ပွင့် ပါရှိပြီး ယင်းတို့၏အောက်ခြေတွင် မြန်မာစာဖြင့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဟု ရေးထိုးထားကြောင်း သိရသည်။

“ကော်မရှင်ကို ပါတီအမှတ်တံဆိပ် အဖြစ်တင်ရင်လည်း ဒီတံဆိပ်ကို ပဲတင်မှာပါ။အလံနဲ့ရင်ထိုးကတော့ အရင်အတိုင်းပဲ ပြောင်းလဲဖို့ မရှိပါ ဘူး”ဟု အန်အယ်ဒီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေ (၁၀)ပါတီ လယ်ယာမြေ ဥပဒေနှင့်ပတ်သက်၍ ညှိနှိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လာသည့် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီအပါအဝင် မိတ်ဆွေ(၁၀)ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ စားသောက်ဆိုင်တစ်ခုတွင် လွှတ်တော်တွင်း ဆိုင်းငံ့ထားသည့် လယ်ယာမြေပြုပြင်ရေးဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီနှင့်မိတ်ဆွေ (၁၀)ပါတီ ယခုကဲ့သို့ဆွေးနွေးခြင်းသည် ပါတီအကျိုးစီးပွားထက် နိုင်ငံအကျိုးကို ရှေးရှု၍ ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေ(၁၀)ပါတီ လယ်ယာမြေကိစ္စရပ်ညှိနှိုင်းဆွေးနွေးခြင်း စည်းဝေးပွဲ၌ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေ(၁၀)ပါတီ ညှိနှိုင်း ဆောင်ရွက် ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအပါအဝင် မိတ်ဆွေ(၁၀)ပါတီ၏ ညှိနှိုင်းတင်ပြဆွေးနွေးချက်များကို ပြည်ခိုင်ဖြိုးပါတီတွင်း ခေါင်းဆောင်များ အစည်းအဝေးတွင် တင်ပြနိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ကတိပေးပြောကြားခဲ့ပြီး နိုင်ငံ၏အကျိုးကို ရှေ့ရှု၍ မိတ်ဆွေ(၁၀)ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်ပြင်ပနိုင်ငံရေးတွင် အရေးကြီးသည့် ဥပဒေများကို ပြည်ခိုင်ဖြိုးပါတီနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေး၍ လွှတ်တော်သို့ ပြဋ္ဌာန်း တင်သွင်းနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် မိတ်ဆွေ(၁၀)ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

                                                                                                                            Ref: First Weekly

                            *********************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အရင်က ငြိမ်းချမ်းစွာစုဝေးခွင့်တို့၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်တို့ဆိုတာ မရှိခဲ့ဘူး။ အခုဒီလိုခွင့်အရေးတွေ ရှိလာပြီ။ စည်းကမ်းတကျဖြစ်အောင် ခွင့်တောင်းရတယ်ဆိုတာကလည်း နိုင်ငံတကာထုံးစံအတိုင်း ဒီမိုကရေစီ တိုင်းပြည်တွေမှာ ခွင့်တောင်းရတယ်။ အများအားဖြင့်တော့ ပြည်သူလူထုကို အနှောင့်အယှက်မဖြစ်စေနိုင်ဘူးဆိုရင် ခွင့်ပေးတာများပါတယ်။ ထုတ်ပြန်ထားတဲ့မူအရ ဒီမိုကရေစီ ဆန်ပါတယ်။ လက်တွေ့လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ တကယ်လွတ်လွတ်လပ်လပ် ရှိရဲ့လားပေါ့နော်။ ဘယ်လောက်တင်းကြပ်မလဲ၊ ဘယ်လောက်လိုက်လျောမလဲဆိုတာတော့ စောင့်ကြည့်မှပဲ သိရမှာပေါ့နော်။ ဒီမူမှာက စည်းကမ်းချက် ကန့်သတ်ချက်တွေရှိတယ်။ အကန့်အသတ်တွေနဲ့ လုပ်ရတာကို မကြိုက်တဲ့သူတွေ ကျ တော့လည်း မကျေနပ်ချင်ဘူးပေါ့”

ဒီဇင်ဘာ ၉ ထုတ် မြန်မာ့ပိုစ် ဂလိုဘယ် အမှတ် (၃၈) တွင်ပါသည့် “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေထုတ်ပြန်မှုအပေါ်အမြင်သဘောထားများ” သတင်းမှ ဦးသုဝေ (ဒီမိုကရက်တစ်ပါ တီ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

 “အခုလာရောက်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတဲ့ ဗီယမ်နမ်မှ မဟုတ်ဘူး။ ဘယ်နိုင်ငံမှမဆို ရင်းနှီးမြုပ်နှံမယ်ဆိုရင် ကြိုဆိုပါတယ်။ ကျွန်တော်တို့ဆီမှာ တစ်နိုင်ငံလုံးပေါင်းမှ ဟိုတယ်အလုံးပေါင်း ၆၀၀ကျော် အခန်းပေါင်း နှစ်သောင်းကျော်ပဲရှိတော့ တစ်နှစ်ကို လူဦးရေ ငါးသိန်းပဲလက်ခံနိုင်တယ်။ အဲဒီမှာမှ နိုင်ငံခြားဧည့်သည် တည်းခိုဖို့သင့်တဲ့အခန်းနဲ့ ရိုးရိုးအခန်းခွဲလိုက်ရင် သိပ်မရှိဘူ။ လိုအပ်နေဆဲပါ။ ပြည်တွင်းကပဲလုပ်လုပ်၊ ပြည်ပကပဲလုပ်လုပ်၊ နိုင်ငံသား တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုလာမယ်။ ရေရှည်ရှင်သန်နိုင်ဖို့ကတော့ ဈေးကွက်စီးပွားရေးအရ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ရပါမယ်။ ကျွန်တော်တို့ဘက်ကတော့ အခွင့်အရေးတွေ ရှိပါတယ်။ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တဲ့အတွက် ဈေးကွက်ကို သိပါတယ်။ ဈေးကွက်ချင်း လည်းတူမှာ မဟုတ်ပါဘူး”

ဒီဇင်ဘာ ၁၃ ထုတ် News Watch အတွဲ (၇) အမှတ် (၂၄) တွင်ပါသည့် “ပြည်ပရင်းနှီးမြှုပ်နှံသူများ ရောက်ရှိလာခြင်းကြောင့် ပြည်တွင်း ဟိုတယ်များ စိုးရိမ်ရန် မလိုဟုဆို” သတင်းမှ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ ဦးကျော်ထွန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့က တစ်ဖက်ကလဲ ငြိမ်းချမ်းရေးခေါ်နေတယ်၊ တစ်ဖက်ကလဲ လာတိုက်နေတယ် ဆိုတာတွေက မေးစရာ၊ ပြောစရာတွေ ဖြစ်နေတယ်၊ တစ်ခါတလေ ကိုယ်စားလှယ်တွေအနေနဲ့ ဖြေရခက်နေတာမျိုး၊ တိုက်ပွဲကိုလဲ ကိုယ်တိုင်ရောက်နေတာမဟုတ်တော့လေ၊ အပစ်အခတ်ရပ်တာ ဘာမှဖြစ်မလာဘူးဆိုတာလဲ ရှိသေးတော့ မုန့်လုံးစက္ကူ ကပ်လို ဖြစ်နေရော”

ဒီဇင်ဘာ ၉ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၂၈၇) တွင်ပါသည့် “ကချင်မှာ စစ်ဘေးရှောင်သူ ပိုများလာ” သတင်းမှ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူထံ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*******************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs