Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၁၂.၂၀၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ပြုပြင်ပြောင်းလဲမှုများနောက် မြန်မာ ဒုက္ခသည်များ အိမ်ပြန်ရန် မျှော်လင့်

(VOA News မှ 14 Dec 2011 ရက်စွဲပါ “Burmese Refugees Hopeful After Reforms” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယငွေဖောင်းပွမှုနှုန်း ကျသော်လည်း ၉% အထက်တွင်ရှိနေဆဲ

(14 Dec 2011 ရက်စွဲပါ BBC News မှ India’s inflation rate falls but remains above 9% ကို ဘာသာပြန်ဆိုသည်)

*******************************************************************************************

ပြုပြင်ပြောင်းလဲမှုများနောက် မြန်မာ ဒုက္ခသည်များ အိမ်ပြန်ရန် မျှော်လင့်

(VOA News မှ 14 Dec 2011 ရက်စွဲပါ “Burmese Refugees Hopeful After Reforms” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

               မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများက ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော စစ်ပြေးဒုက္ခသည် ၁၂၀၀၀၀ ကျော်တို့အကြား မျှော်လင့်ချက်အသစ်များ ဖြစ်ပေါ်လာစေသည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ကူညီရေးအုပ်စုများက ပြောကြားလိုက်သည်။

               သို့သော် ဒုက္ခသည်အများစု အိမ်အပြန်ခက်ခဲအောင် ပြုလုပ်မည့်ပြဿနာများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးသည်ဟု ကယ်ဆယ်ရေး အုပ်စုများက သတိပေးပြောကြားသည်။ အချို့မှာ ဒုက္ခသည်စခန်းတွင် နှစ်ပေါင်း ၂၀ ခန့်အထိ နေထိုင်လာကြသူများဖြစ်ပြီး အချို့မှာ မြန်မာတပ်နှင့် တိုင်းရင်းသားတပ်များ အကြားမှ ပြင်းထန်သော ပဋိပက္ခနှင့် ဆင်းရဲငတ်မွတ်မှုများကြောင့် စွန့်ခွာထွက်ပြေးလာကြသော လူသစ်များဖြစ်ကြသည်။

               သို့သော်လည်း သမ္မတဦးသိန်းစိန်လက်ထက် လတ်တလောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု ကြီးထွားလာခြင်းတို့က ဒုက္ခသည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။

               “ကျွန်တော့်မှာ မျှော်လင့်ချက်ဆိုတာမရှိခဲ့တာ ကြာပါပြီ” ဟု ပြောကြားသော မဲဆောက်မှ ကရင်ဒုက္ခသည်ကော်မတီဥက္ကဋ္ဌ ရောဘတ်ထွေးက “ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် အပြုသဘောရှုမြင်မှုများ သိသိသာသာများပြားလာခဲ့သည်” ဟု ဆက်လက်ပြောဆိုသည်။

               “ဒါပေမယ့် လက်ရှိအခြေအနေကို ကျွန်တော်ကြည့်နေတုန်းပါ။ ဟီလာရီကလင်တန်တောင်မှ မြန်မာနိုင်ငံကို သွားခဲ့တယ်ဆိုရင် ကျွန်တော်တို့လည်း သွားရမှာပေါ့။ ဒုက္ခသည် အရပ်သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အမြင်ကတော့ အစိုးရက ပြန်လည်ပြုပြင်လို့ အမှန်တကယ် ပြောင်းလဲသွားပြီဆိုရင် လူတိုင်းကဇာတိမြေကို ပြန်ချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။” ဟု ယင်းကပြောကြားသည်။

               ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၇ ခုတွင် အရေအတွက် ကြီးမားသော ဒုက္ခသည် အသိုင်းအဝိုင်းကို လက်ခံစောင့်ရှောက်ထားသည်။ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် နယ်စပ်ဒေသများတွင် အလုပ်လုပ်ကြသလို ဘန်ကောက်ကဲ့သို့ မြို့ကြီးများ၏ ဆင်ခြေဖုံးအနီးတဝိုက် စက်ရုံများတွင်လည်း သွားရောက် လုပ်ကိုင်ကြသည်။

               မြန်မာနိုင်ငံတွင်း လက်ရှိတိုးတက်ဖြစ်ပေါ်မှုများနှင့် အိမ်ပြန်နိုင်မည့်အလားအလာတို့ကြောင့် ဒုက္ခသည် အသိုင်းအဝိုင်းတွင် စိတ်လှုပ်ရှားနေကြသည် ဟု ပြောကြားသူမှာ မဲဆောက်မြို့မှမယ်တော်ဆေးခန်း ဦးဆောင်သူ စင်သီယာမောင်ဖြစ်သည်။

               “အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စတာတွေကို ခံစားခဲ့ကြရတဲ့ ဒေသခံအသိုင်းအဝိုင်းတွေ (သို့) မြန်မာပြည်သူတွေဟာ အခုတော့ တကယ်ကိုစိတ်လှုပ်ရှားနေကြပါတယ်။ လူတိုင်းက သူတို့ရဲ့အိမ်ကို ဘေးကင်းရန်ကင်း ပြန်ချင်ကြတယ်။ လုံလုံခြုံခြုံ၊ သိက္ခာရှိရှိပေါ့ရှင်” ဟု သူမက ဆိုသည်။

               သို့သော်လည်း ဒုက္ခသည် ကူညီမှုအဖွဲ့တစ်ခု ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ကုန်သည်ကြီးများအသင်း၏ မကြာသေးမီက အစီရင်ခံစာတွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများမှာ တိုက်ပွဲများ ကြာမြင့်စွာဖြစ်ပွားခဲ့မှုကြောင့် ယိုယွင်းနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

               ဝါရှင်တန်အခြေစိုက် Refugees International မှ Lynn Yoshikawa က အဆိုပါစစ်ပွဲ၏ဆိုးမွေများကို စိုးရိမ်ပူပန်လျက်ရှိသည်။ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်မည့်ကိစ္စမှာ ဆွေးနွေးမှုမှာ အပြုသဘောဆောင်လာသော်လည်း ဘေးကင်းရန်ကင်းရှင်းစွာ ပြန်နိုင်မည့်အချိန်ကို သေချာမပြောနိုင်သေးပါ ဟု သူမက ဆိုသည်။

               “ဒီကိစ္စကို စတင်ဆွေးနွေးနိုင်ပြီဆိုတော့ သိပ်ကိုကောင်းတာပေါ့။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံထဲက ဒုက္ခသည်တွေ မြန်မာပြည်အရှေ့ပိုင်းကို ပြန်နိုင်ဖို့အလားအလာကတော့ အလှမ်းဝေးနေတုန်းပါပဲ။ နိုင်ငံရေးအခြေအနေကို အသာထားပြီး အဲဒီကမြေမြှုပ်မိုင်းတွေရဲ့ အတိုင်းအတာကို ပြောမယ် ဆိုရင် မယုံနိုင်စရာပါပဲ။ ဒီမိုင်းတွေ ဘယ်နေရာတွေမှာ မြှုပ်ထားတယ်ဆိုတာကို ဘယ်သူမှ တကယ်မသိနိုင်ပါဘူး” ဟု သူမကပြောကြားသည်။

               Yoshikawa က ဆက်လက်၍ “ရန်ကုန်မှ အရပ်ဖက်အသိုင်းအဝိုင်း၏ အကောင်းမြင်လာမှုနှင့် ထိုင်းနိုင်ငံနယ်စပ်မှ ခက်ခဲကြမ်းတမ်းသော လက်တွေ့အမှန်တရားတို့အကြားတွင် ကြီးကြီးမားမား အချိန်အဆက် ကွာဟနေဆဲဖြစ်သည်” ဟု သုံးသပ်ပြောဆိုခဲ့သည်။

************************************************************************************************

အိန္ဒိယငွေဖောင်းပွမှုနှုန်း ကျသော်လည်း ၉% အထက်တွင်ရှိနေဆဲ

(14 Dec 2011 ရက်စွဲပါ BBC News မှ India’s inflation rate falls but remains above 9% ကိုဘာသာပြန်သည်)

အိန္ဒိယ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ နိုဝင်ဘာလတွင် ကျဆင်းခဲ့သည်။ သို့သော် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးသော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်သည်။

လက်ကားရောင်းချမှု ဈေးနှုန်းညွှန်းကိန်းများအရ အောက်တိုဘာလတွင် ၉.၇% တက်ခဲ့ပြီး နိုဝင်ဘာလတွင် ၉.၁% ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ဈေးနှုန်းတက်ရခြင်း အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ရူပီးငွေဈေးကျခြင်းကြောင့် သွင်းကုန်များဈေးကြီးလာမှု ဖြစ်သည်။ ရူပီး၏ ဒေါ်လာငွေနှင့် လဲလှယ်မှုနှုန်းမှာ ဗုဒ္ဓပာူးနေ့က စံချိန်တင်ကျဆင်းခဲ့ရာ ဇူလိုင်လမှစ၍ ၁.၈%ကျော် ကျဆင်းခဲ့သည်။

လောင်စာဆီဈေးနှုန်းမြင့်တက်မှုမှာ ယခင်လက ၁၄.၈% ရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၁၅.၅% ရှိခဲ့သည်။ ထုတ်လုပ်မှုစရိတ် ဖောင်းပွမှုမှာလည်း ၇.၆%မှ ၁.၇ နိုဝင်ဘာလတွင် တက်ခဲ့ရာ အလုပ်သမားလစာများ တက်လာခြင်းနှင့် ကုန်ကြမ်းစရိတ် ပိုမိုခြင်းကြောင့်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို လက်ကားဈေးနှုန်းညွှန်းကိန်းဖြင့် တိုင်းတာရာတွင် လွန်ခဲ့သော ၂၂ လအတွင်း လ(၂၀) ခန့်မှာ ၉% အထက်တွင် ရှိသည်။

အာရှ၏ တတိယအကြီးဆုံးစီးပွားရေးဖြစ်သော အိန္ဒိယနိုင်ငံသည် စီးပွားရေးအားနည်းမှုရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုကိုလည်း တိုက်ဖျက်လျက် ရှိသည်။ စက်မှုထုတ်လုပ်မှုသည် အောက်တိုဘာလတွင် လွန်ခဲ့သည့် တစ်နှစ်ကထက် ၅.၁% ကျုံ့ဝင်သွားခဲ့သည်။ နှစ်နှစ်အတွင်း ပထမအကြိမ် ကျဆင်းခြင်း ဖြစ်သည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ကပြောကြားရာတွင် မူဝါဒချမှတ်သူများအနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းမည့်အစား စီးပွားရေးတိုးတက်မှု ခိုင်မာအောင်လုပ်ဆောင်ရမည်ပာု ဆိုသည်။

“ငွေကြေးဖောင်းပွမှုနှုန်းက အဆက်မပြတ်မြင့်နေတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အဓိကစိတ်ပူရတဲ့ မူဝါဒတစ်ခု ဖြစ်ခဲ့ပေမယ့်၊ အခုတော့ စပြီးသက်သာနေပါပြီ” ပာု ၎င်းကပြောသည်။

အိန္ဒိယဗပိာုဘဏ်က ၂၀၁၀ မတ်လက စ၍ ဈေးနှုန်းများတက်မှုကို ထိန်းနိုင်ရန် အတိုးနှုန်းများကို (၁၃)ကြိမ် မြှင့်တင်ခဲ့သည်။ သို့သော် တိုးတက်မှုနှုန်း အားနည်းနေခြင်းကြောင့် ငှားရမ်းမှုစရိတ်များမတိုးရန် အကြံပြုခဲ့သည်။

***********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၁၂.၂ဝ၁၁

ဆောင်းပါးကဏ္ဍ

  1. အသွင်းကူးပြောင်းရေးအချိုးအကွေ့

***************************************************************************************

ဆောင်းပါးကဏ္ဍ

အသွင်းကူးပြောင်းရေးအချိုးအကွေ့

အာဏာပိုင်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ အသွင်းကူးပြောင်းလျက်ရှိသော မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းရေးဖြစ်စဉ် အချိုးအကွေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းသည်နှင့်အမျှ ကြိုတင်ခန့်မှန်းခြင်းငှာစွမ်းနိုင်သည့် နောက်ကြောင်းပြန်မလှည့်နိုင်သော အပြောင်းအလဲ များကို မြင်တွေ့နေရပြီဖြစ်သည်။ ယခင် အာဏာပိုင် အုပ်ချုပ်ရေးစနစ်တွင် ဖြစ်တန်ရာသော နိုင်ငံရေးနှင့် စီးပွားရေးအလားအလာများကို ကြိုတင် ခန့်မှန်း၍ မရနိုင်ပါ။ ယခုအခါတွင်တော့ စည်းမျဉ်း စည်းကမ်းဘောင်သွင်းထားသည့် ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် (Institution alized democratic regime) ကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကျင်းပ၍ ကျင့်သုံးအကောင်အထည် ဖော်နေပြီဖြစ်သည်။ သို့သော် လွှတ်တော်တွင်းသို့ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ဝင်ရောက်သွားကြသော်လည်း ယင်းတို့မှာ အနည်းစုသာလျှင်ဖြစ်ပါသည်။ လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီမှာ ကြံ့ခိုင်ရေးပါတီ ဖြစ်သည့်အတွက် (one-party dominated system) ဖြစ်သည် ဟူ၍ပင် ဆို၍ရနိုင်ပါသည်။ ထိုအတွက်ကြောင့် ယခုလက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်မှာ လွတ်လပ်သော ဒီမိုကရေစီစနစ် (Liberal democracy) စနစ်မဟုတ်ဘဲ အကန့်အသတ်များရှိနေသော ဒီမိုကရေစီစနစ် (restricted democracy) ပင် ဖြစ်သည်။ ယခင် စစ်တပ်အစိုးရမှ အုပ်ချုပ်ရေးလူတန်းစားမှ လူ ပုဂ္ဂိုလ်များမှာ ယခု ကြံ့ခိုင်ရေးပါတီဝင်များ ဖြစ်နေခြင်းနှင့် အစိုးရသစ်၏ အဆင့်မြင့်ဆုံး အုပ်ချုပ်ရေးရာထူးများကို ပြန်လည်ရယူထားခြင်းကို ကြည့်ခြင်းအားဖြင့် မူပြောင်းသော်လည်း လူပြောင်းလဲခြင်းမရှိသည့် အခင်းအကျင်းမျိုး ပင်ဖြစ်သည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဖွင့် ကျားကွက်ကို ဖွင့်လိုက်သည့် ကစားသမားမှာယခင် အာဏာပိုင်စနစ်၏ အုပ်ချုပ်ရေးလူတန်းစား ဖြစ်နေသည့်အတွက် အကူးအပြောင်းပုံသဏ္ဍန်မှာအောက်မှ အထက်သို့ တွန်းတိုက်ပြောင်းလဲသည့် လမ်းကြောင်းထက် (bottom-up method) ထက် အထက်မှ အောက်သို့ အစီအစဉ်ချပြောင်းလဲသည့် လမ်းကြောင်း (Top-down method) ဖြစ်နေသည်။

အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာအသွင်ကူးပြောင်းနိုင်ခဲ့သည့် နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်များကို လေ့လာကြည့်ပါကအမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း၊ အတိုက်အခံ နိုင်ငံရေးအင်အားစုများကို ပင်မရေစီကြောင်း နိုင်ငံရေးတွင် ပါဝင်နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားခွင့်စသည့် နိုင်ငံသားလွတ်လပ်ခွင့်များကို တစ်ဆင့်ခြင်း ဖြေလျော့ပေးနိုင်ခြင်း အစရှိ သည်တို့ကို အချိန်ကိုက် အံဝင်ခွင်ကျဖြစ်အောင် ပေးအပ်သွားနိုင်ကြောင်းတွေ့ရသည်။ထိုအတွက်ကြောင့် လူမှုရေးတင်းမာမှုများ အစွန်း ရောက်အောင် ဖြစ် ပွားမသွားစေဘဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခဲ့သည်။

တောင်ကိုရီးယား၊ ချီလီ၊ မက္ကဆီကို၊ တိုင်ဝမ်အစရှိသည့် နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်များကို ကြည့်လျှင် တစ်ပါတီကြီးစိုးသည့် ဒီမိုကရေစီစနစ် (မက္ကဆီကိုနှင့် တိုင်ဝမ်)၊ တပ်မတော်အစိုးရ အုပ်ချုပ်သည့် အာဏာပိုင်စနစ်ဖြင့် နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီးမှ လွတ်လပ်သော ဒီမိုကရေစီစနစ်ဆီသို့ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့သည်။ တနည်း ဆိုရလျှင် ယင်းနိုင်ငံများကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်မှာ အာဏာပိုင်စနစ်ဟု ဆို၍ရနိုင်သော်လည်း အာဏာခွဲဝေမှုနှင့် စီးပွားရေးရပိုင်ခွင့်များကို အုပ်ချုပ်သူ လူတန်းစားကသာ လက်ဝါးကြီးအုပ် ခြယ်လှယ်ထားနိုင်ခြင်း မရှိဘဲ နိုင်ငံရေး၊ စီးပွားရေးပိုမိုလွတ်လပ်သည့် အခြေအနေသို့ အသွင်ကူးပြောင်းမှုများ ဖြည်းဖြည်း မှန်မှန်လုပ်ဆောင်လာနိုင်သည့် စည်းမျဉ်းစည်းကမ်း ဘောင်သွင်းထားသော အာဏာပိုင်အုပ်ချုပ်ရေးစနစ် (Institutionalized authoritarian regime) ဖြစ်နေ ကြောင်း တွေ့ရသည်။ တနည်း ဆိုရလျှင်မူအာဏာပိုင် အုပ်ချုပ်ရေးစနစ်၏ အကျိုးကျေးဇူး(authoritarian advantage)ရှုထောင့်မှနေ၍ နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံရေးစိတ်စေတနာ (Political will) ဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အချိုးအကွေ့များစွာဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေးစနစ်ကို အာဏာပိုင်အုပ်ချုပ်ရေးစနစ်ဟု မည်သို့မျှခေါ်ဆို၍ မရနိုင်တော့သော်လည်း လွတ်တော်တွင် တစ်ပါတီ တည်းသာ ကြီးစိုးနေခြင်းနှင့် အုပ်ချုပ်ရေးတွင် ယခင်အာဏာပိုင်စနစ်မှ လူပုဂ္ဂိုလ်များ ပါဝင်နေခြင်းကို ကြည့်ခြင်းအားဖြင့် လွတ်လပ်မှုမရှိသည့် ဒီမိုကရေစီစနစ် (illiberal democracy)ဟုတော့ သတ်မှတ်၍ ရနိုင်ပါသည်။ သို့သော် ယနေ့ နိုင်ငံရေးအခင်းအကျင်းများကို ကြည့်လျှင် ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်စွာ နိုင်ငံရေးလွတ်လပ်ခွင့်များ၊ နိုင်ငံသားအခွင့်အရေးများကို ပိုမိုပေးအပ်လာသည်ကို တွေ့မြင်ရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးခြင်း၊ မီဒီယာ လွတ်လပ် ခွင့်များ တစ်ဆင့်ခြင်းဖြေလျှော့ပေးခြင်း၊ ဆန္ဒထုတ်ဖော်ခွင့်များ ရှိလာခြင်း၊ သမဂ္ဂများဖွဲ့စည်းခွင့် ရှိလာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်များချုပ်ဆိုလာနိုင်ခြင်းနှင့် အဓိက နိုင်ငံရေးအတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် နိုင်ငံရေး သဘောတူညီချက်များ ရရှိအောင် ညှိနှိုင်းလာနိုင်ခြင်းအစရှိသည်တို့ကို တစ်နှစ်သားပင် မပြည့်သေးသော ဦးသိန်းစိန်အစိုးရမှ အကောင်အထည်ဖော်နိုင်ခဲ့သည်။ သို့နှင့် မေးစရာ ရှိလာသည်မှာ ယင်းသို့သော နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများကို အပြောင်းအလဲတိုင်းတွင် ရှိစမြဲဖြစ်သော သဘောထားတင်းမာသူများက ယခုအပြောင်း အလဲကို လိုလိုလားလား ရှိခဲ့၍လောဟူ၍ပင် ဖြစ်သည်။ အမှန်စင်စစ် အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ ဖြစ်သွားသည့်အတွက် အာဏာနေရာချ သတ်မှတ်မှုများ (Power allocation) လည်း ဖြစ်ပေါ်လာသည် ဖြစ်ရာယခင် တစ်စုတစ်စည်းတည်းဖြစ်နေသည့် အာဏာဗဟိုမှာ အသစ်ဖြစ်ထွန်းလာသည့် အုပ်ချုပ်မှုစနစ်အတွင်း အဖက်ဖက်သို့ ပျံ့နှံ့သွားခဲ့သည်။ ထို့အပြင် ယခုဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများမှာ အပြောင်းအလဲကိုလိုလားသူများ (reformists) လည်းဖြစ်၊ လက်ရှိစနစ်၏ လုပ်ထုံးလုပ်နည်းများကို နားလည်သူများလည်းဖြစ်သော နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကဲ့သို့သော ပုဂ္ဂိုလ်များက ပဲ့ကိုင်ဆောင်ရွက်သွားခဲ့ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် အပြောင်းအလဲများကို ခုခံမြဲဖြစ်သော အုပ်ချုပ်မှုစနစ်သစ်အတွင်း ပျံ့နှံ့ သွားခဲ့သည့် သဘောထား တင်းမာသော အင်အားစုများ၏ ကွန်ယက်ယန္တရား (Network mechanism)ကြီး ပြန်လည်တည်ဆောက်၍ မရနိုင်သေးသည့် အခြေအနေမျိုးတွင် သဘောထား ပျော့ပြောင်းသူများက လက်ဦးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ထိုအပြောင်းအလဲများ၏ ဂယက်ကြောင့် အဓိကအတိုက်အခံပါတီကြီးတစ်ခုအား လွှတ်တော်အတွင်းဝင်နိုင်သည့် လမ်းကြောင်းများ ပွင့်လင်းသွားပြီ ဖြစ်သည်။ ထို့အပြင် ဖြစ်တန်ရာသော နိုင်ငံရေးအာဏာ နေရာခွဲတမ်းချရေးနှင့် စီးပွားရေး အရင်းအမြစ်များရပိုင်ခွင့်များ (rent) ကိုခန့်မှန်၍ ရနိုင်ပြီဖြစ်သည်။ အသွင်ကူးပြောင်းမှုတိုင်းတွင် အမြဲတမ်းနိုင်သူနှင့် အမြဲတမ်းရှုံးနိမ့်သူ (Permanent winner or loser) ဟူ၍ မရှိနိုင်ပါ။ အင်အားစုများကြား ပြိုင်ဆိုင်ရာ မဟာ ဗျူဟာမြောက် အချိုးအကွေ့များကို စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နိုင်သောအင်အားစုမှာ ပိုရမည်သာ ဖြစ်သည်။ ယခုအပြောင်းအလဲ များသည် နိုင်ငံ၏ တရားဝင်မှုကို တိုးမြင့်လာစေသည့်အတွက် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများ ဖြစ်သည်ဟု ဆို၍ရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပေးအပ်ထားသော နိုင်ငံ၏တရားဝင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ယခုအပြောင်းအလဲကို နောက်ကြောင်းပြန်မလှည်သည့် အပြောင်းအလဲ (undo change)  ဖြစ် အောင် နိုင်ငံခေါင်းဆောင်များအား အထူးကြိုးစားရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးမှာ အခြား နိုင်ငံများလို နိုင်ငံရေးနှင့် စီးပွားရေးနှစ်ခုကိုသာ ပြောင်းလဲရခြင်းမျိုး မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် နိုင်ငံရေးနှင့် စီပွားရေးတွင်သာမက တိုင်းရင်းသားများနှင့် သင့်မြတ်ရေးကိုသာ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရသည့် အတွက် ပိုမိုခက်ခဲသလိုပိုမိုအမျှော်အမြင်လည်းရှိရမည်ဖြစ်ပါကြောင်း…။

***************************************************************************************

 

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

 ၁၅.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ရွှေညဝါဆရာတော်ဆို
  1. ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ တိကျစွာဖော်ပြရန်ခက်ဟုဆို
  2. ကားအချိန်မှတ်သမားများ၏ နှုတ်ထွက်စကားကြောင့် ယာဉ်တိုက်မှုများဖြစ်ပွား

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လွှတ်တော်ကိုယ်စားလှယ်တချို့ အန်အယ်ဒီနှင့် ပူးပေါင်းမည်
  2. မြိုတိုင်းရင်းသားပါတီတည်ထောင်ရန် လျှောက်ထား
  3. ကြားဖြတ်ရွေးကောက်ပွဲ၌ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ဝင်ရောက်မည်မပာုတ်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************************************************

ပြည်တွင်းသတင်းများ

ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ရွှေညဝါဆရာတော်ဆို

ကျောင်းတိုက်မှဖယ်ရှားပြီး လူဝတ်လဲခိုင်းသည့် ကိစ္စရပ်အား ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဆန္ဒရှိကြောင်း ရွှေညဝါဆရာတော်မှ ဒီဇင်ဘာ ၁၅ရက်နေ့တွင် မိန့်ကြားသည်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ အတွင်းရေးမှုး လက်မှတ်ရေးထိုးထုတ်ပြန်သည့် အမိန့်စာနှင့် ပတ်သက်၍ မိန့်ကြားခြင်းဖြစ်ကာ ယင်း ဖြစ်ရပ်အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်မှ ဖြေရှင်းရန် စီစဉ်နေကြောင်း သိရသည်။

“ဘုန်းဘုန်းက အကုန်လုံးစွန့်လွှတ်ပြီး လာအဖမ်းခံရင် လိုက်သွားဖို့ စဉ်းစားထားပေမယ့် ဒါယိကာတွေ ဒါယိကာမတွေက ဒီလိုလုပ်ဖို့ ခွင့်မပြုဘူး”ဟု ရွှေညဝါဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွှေညဝါဆရာတော်ကြီးအား မတရားအမိန့်ထုတ်ပြန်သည့် သတင်းကြောင့် ရောက်ရှိလာသည့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် တပည့် ဒါယိကာ၊ ဒါယိကာမများကို လူစုခွဲပြီး ပြန်ကြပါရန် ယင်းဆရာတော်က မိန့်ကြားကြောင်း သိရသည်။

“လူစုလူဝေးရှိရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမှာကို အနှောင့်အယှက် ဖြစ်မှာစိုးရိမ်လို့ ဆရာတော်ကြီးက ဒီလိုမိန့်ကြားတာပါ” ဟု ၈၈မျိုးဆက်ကျောင်းသား ကိုကိုကြီး(စမ်းချောင်း)က ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ငြိမ်းချမ်းစွာဖြေရှင်းရန်ကို တွန်းအားပေးမည် ဖြစ်ကြောင်း အန်အယ်ဒီပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဆိုသည်။

ရွှေညဝါဆရာတော် ဦးပညာသီဟသည် မန္တလေးတိုင်းဒေသကြီး၊ အန်အယ်ဒီတွင် ငြိမ်းချမ်းရေးတရားဟောပြောမှုနှင့် ပတ်သက်၍ ရွှေညဝါဆရာတော် အား ၄၇ ပါးစုံညီ သံဃာ့နာယကအဖွဲ့  အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာအဖွဲ့အစည်း၏ ဆိုဆုံးမမှုကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ယင်းကျောင်းတိုက်ဝင်းအတွင်းတွင် မည်သည့်သင်တန်းမှ ဖွင့်လှစ် ခြင်းမပြုရန် နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့မှ ဒီဇင်ဘာ ၁၂ရက်နေ့ စွဲဖြင့် ညွှန်ကြားထားသည်။

“ကျွန်တော်တို့ ကျောင်းမှာ ဖွင့်ထားတဲ့ သင်တန်းတွေ တစ်ခုမှတော့ မပိတ်ပါဘူး”ဟု ရွှေညဝါဆရာတော်၏ ဒါယိကာရင်းတစ်ဦးက ပြောကြားသည်။

YC(KS)

------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ တိကျစွာဖော်ပြရန်ခက်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် လူဦးရေစစ်တမ်းကောက်ယူရာတွင် တိကျစွာဖော်ပြ၍မရဘဲ ခက်ခဲလျက်ရှိကြောင်း UNFCCI ၌ ပြုလုပ်ခဲ့သည့် "မြို့ပြဖွံ့ဖြိုးလာမှု၊ စိန်ခေါ်မှုနှင့် ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အလားအလာ" ပောာပြောပွဲ၌ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ ခက်ခဲနေသည့်အတွက် သက်ဆိုင်ရာမှ သန်းခေါင်စာရင်းပြန်လည်ကောက်ယူရန် အစီအစဉ်များရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်မြို့နေ လူဦးရေစစ်တမ်းနှုန်းထားများ ရေးသားဖော်ပြရာတွင် ကွဲလွဲမှုအနည်းငယ်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက် ရှိသည့် လူဦးရေမှာ ခန့်မှန်းခြေ ခုနှစ်သန်းခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရွှေ့ပြောင်းမှုတွေ များလာလို့ လူဦးရေစစ်တမ်းကောက်ယူမှုတွေမှာ ခက်ခဲနေတာပါ။ တစ်ချို့က နယ်ကနေ ရန်ကုန်ကို ရွှေ့ပြောင်းလူတွေကို အကုန်လုံးကိုထည့်တယ်။ တစ်ချို့ကြတော့ မထည့်ဘူး။ ဒီလိုကွဲလွဲမှုတွေဖြစ်နေတာပါ” ပာု စစ်တမ်းကောက်ယူရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၅၂၊ ၁၉၆၃၊ ၁၉၇၃၊ ၁၉၈၃ ခုနှစ်များတင် သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး ၁၉၈၃ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူဦးရေစစ်တမ်း ကောက်ယူခြင်းများ မရှိတော့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ လူဦးရေစစ်တမ်းများကောက်ယူနိုင်ရန်မှာ လက်ရှိအချိန်တွင် ခက်ခဲနေဆဲပဲဖြစ်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

Ref:Messenger

-----------------------------------------------------------------------------------------------------------------------

ကားအချိန်မှတ်သမားများ၏ နှုတ်ထွက်စကားကြောင့် ယာဉ်တိုက်မှုများဖြစ်ပွား

ရန်ကုန်မြို့တွင်းနေ့စဉ် ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များ မှတ်တိုင်၌ ဘတ်စ်ကားများ စုပုံနေခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ပြိုင်မောင်းခြင်းနှင့် ယာဉ်တိုက်မှုများ ဖြစ်ပွားနေရခြင်းမှာ ကားအချိန်မှတ်သမားများ၏ နှုတ်ထွက် စကားများကြောင့်ဖြစ်ကြောင်း နေ့စဉ်ရန်ကုန်မြို့တွင်း ခရီးသွားလာနေသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ခရီးသည်တင်ကားအချိန်မှတ်သမားများမှာ ယာဉ်လိုင်းတစ်လိုင်းမှ သုံးလိုင်းအထိ ကိုင်တွယ်အချိန်မှတ်ကြပြီး ထိုသို့ အချိန်မှတ်ခြင်းအားဖြင့် ခရီးသည်တင်ယာဉ်တစ်စီးလျှင် ကျပ် ၂၀၀ ရရှိကြောင်း သိရသည်။

မှတ်တိုင်များသို့ ယာဉ်တစ်စီးဝင်လာလျှင် အချိန်မှတ်သမားများမှ အချိန်မှတ်ယူ၍ နောက်ဝင်လာသည့် ခရီးသည်တင်ယာဉ်အား ပထမယာဉ် မှတ်တိုင်မှ ထွက်ခွာသွားသည့်အချိန်ကို ပြောပြပေးခြင်းအားဖြင့် ခရီးသည်တင်ယာဉ်များမှ အချိန်ကာလအပိုင်းအခြားကိုကြည့်၍ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ လူစောင့်တင်ခြင်း၊ ကားပြိုင်မောင်းခြင်းများကြောင့် နေ့စဉ်ယာဉ်တိုက်မှုများမှာ တိုးပွားလာလျက်ရှိကြောင်း သိရသည်။

“ရန်ကုန်မြို့တွင်း တစ်နေရာကို သွားမယ့်ယာဉ်တစ်စီး မှတ်တိုင်ကိုဝင်လာရင် အချိန်မှတ်သမားတွေက ရှေ့ယာဉ် ၃ မိနစ်လို့ အော်လိုက်ရင် အဲ့ဒီကားက မှတ်တိုင်ကမခွာတော့ဘဲ အကြာကြီးရပ်ပြီး လူတင်တော့ မှတ်တိုင်မှာ ဘတ်စ်ကား တွေ ၅ စီး၊ ၆ စီးလောက်ထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ကုန်တယ်။ ရှေ့ယာဉ်က မှတ်တိုင်ကခွာတာ တစ်မိနစ်လောက်ပဲဆိုရင် ပြိုင်မောင်းဖို့အတွက် အမြန်လိုက်ကြတော့တာပဲ” ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသွားလာနေသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ခရီးသည်တင်ယာဉ်များ မှတ်တိုင်များတွင် လူစောင့်တင်ခြင်း၊ ပြိုင်ဆိုင်မောင်းခြင်းများကြောင့် နေ့စဉ် ခရီးသွားလာနေကြသည့် ပြည်သူများမှာ စိတ်အနှောင့်အယှက်ဖြစ်ပေါ်နေရကြောင်း သိရသည်။

                                                                            Ref: Transport

******************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လွှတ်တော်ကိုယ်စားလှယ်တချို့ အန်အယ်ဒီနှင့် ပူးပေါင်းမည်

၂၀၁၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့သည် ယင်းတို့၏ မိခင်ပါတီများမှ နှုတ်ထွက်ကာ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ပူးပေါင်းရန် စီစဉ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးသည် မိခင်ပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နှုတ်ထွက်ကာ အန်အယ်ဒီပါတီသို့ ပါတီဝင်အဖြစ် လျှောက်ထားရန်ရှိကြောင်း ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရန် ပါတီ၏ အကြီးတန်းခေါင်းဆောင်များဖြစ်သော ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင် ဆွေတို့အား အကျေအလည်ဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ဆက်လက်ပြောကြားသည်။

“ကျွန်တော် ဒီလိုလုပ်တာဟာ အန်ဒီအက်ဖ်နဲ့အန်အယ်ဒီ နှစ်ပါတီ ပေါင်းစည်းရေးကို အထူးရည်ရွယ်ပါတယ်”ဟု ယင်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီသစ်ပါတီ၏ တည်ထောင်သူတစ်ဦးဖြစ်သည့် လသာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်သည်လည်း မိခင်ပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ရွေးကောက်ပွဲကာလက ပြည်သူကိုပေးသည့် ကတိအား ထိန်းသိမ်းသည့်အနေဖြင့် အန်အယ်ဒီပါတီသို့ ပြန်လည်ဝင်ရောက်ခြင်းဖြစ်ပြီး အန်အယ်ဒီနှင့် လွှတ်တော်တွင်း နိုင်ငံရေးကို ပူးပေါင်းဆောင်ရွက်ရန် စိတ်ဆန္ဒအပြည့်ရှိကြောင်း ဦးကြည်မြင့်က ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

“ကျွန်တော် အန်အယ်ဒီကို ပြန်ဝင်ခြင်းက ရွေးကောက်ပွဲကတိကို ထိန်းသိမ်းတဲ့ အနေနဲ့ပြန်ဝင်တာပါ”ဟု ဦးကြည်မြင့်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီးမှသာလျှင် ပါတီဝင်လျှောက်ထားခြင်းကို စည်းကမ်းနဲ့အညီ လက်ခံမည် ဖြစ်ကာ ပါတီဝင်လျှောက်သူတိုင်းကို ပါတီဝင်အဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မြိုတိုင်းရင်းသားပါတီတည်ထောင်ရန် လျှောက်ထား

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိုတိုင်းရင်းသားပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

၎င်းလျှောက်ထားချက်နှင့် ပတ်သက်၍ ပါတီတည်ထောင်လိုသူများသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်မှုရှိမရှိ စိစစ်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာဝန်ကြီးဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် ကိစ္စရပ်များအား ဥပဒေ၊ နည်းဥပဒေနှင့် ညီညွှတ်မှု ရှိ၊မရှိ စိစစ်လျက်ရှိပြီး နည်းဥပဒေ၊ ဥပဒေနှင့် ညီညွှတ်သည့် နိုင်ငံရေးပါတီများအား ပါတီတည်ထောင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ဥပဒေ၊ နည်းဥပဒေနှင့် ညီညွှတ်ကြောင်း တွေ့ရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ၌ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ဝင်ရောက်မည်မပာုတ်

လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်မပာုတ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာ လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် နိုဝင်ဘာလ ၁၈ ရက်နေ့၌ ဗပာိုအလုပ်အမှုဆောင် အစည်းအဝေး ခေါ်ယူ၍ ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရန် ဆုံးဖြတ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အထွေထွေ သပာဇာတဖြစ်ရေး အတွက် အများဆန္ဒအရ ရွေးချယ်ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်ကို နားလည်သော်လည်း မိမိတို့အဖွဲ့အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည် မပာုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ ကြေညာချက်၌ ဖော်ပြထားသည်။

၎င်း ဖော်ပြချက်များတွင် ၈၈ မျိုးဆက်ကျောင်းသားမနေဖြင့် မပာုတ်ဘဲ တစ်ဦးတစ်ယောက်တည်းအနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းကိုမူ မည်သို့မှ ပြောကြားရန် မရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသဖြင့် ၈၈ မျိုးဆက်ကျောင်းသားများထဲမှ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အတူတူ ရွေးကောက်ပွဲဝင်မည့်သူများ အဆင်ပြေသွားနိုင်သည်ပာု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည်မှာ ၈၈ မျိုးဆက် ကျောင်းသားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်နှင့် အခြားခေါင်းဆောင်များ မလွတ်မြောက်သေးသည့်အတွက်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: 7Day News

*****************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

‘အိပ်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနဲ့ အိပ်နိုင်တယ်၊ နိုးတဲ့အခါမှာလည်း ဒီအတိုင်းပဲဖြစ်ရမယ်၊ နိုးလာပြီ၊ နိုးနိုးချင်းချင်း ဒီနေ့တော့ ဘာဖြစ်ဦးမှာလဲ၊ ဘယ်သူက ဘာလုပ်ဦးမှာလဲ၊ ဘယ်သူက အနိုင်ကျင့်ဦးမှာလဲ၊ ဒီနေ့ဝမ်းစာကိုဘယ်လိုရှာဦးမှာလဲ၊ ဒီလို ပူပင်သောကတွေ ဘာမှမရှိဘဲနဲ့ နိုးရခြင်းဟာ ဒါ ငြိမ်းချမ်းရေးရဲ့ အရသာပဲ။ နိုးတဲ့အခါမှာလည်း ချမ်းသာရတယ်။ ဒီတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ်ဆိုတာ ဒါပါပဲ။ ကျွန်မတို့ရဲ့ ပြည်သူပြည်သား အားလုံး အထူးသဖြင့် အခုချိန်မှာဆိုလို့ရှိရင် စစ်မက်တွေကြောင့် စစ်နဲ့ဆိုင်တဲ့ကိစ္စတွေ၊ အပစ်အခတ်တွေကြောင့်မို့လို့ ရန်ပွားမှုတွေကြောင့်မို့လို့ အေးအေး ချမ်းချမ်း မရေတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေကို အထူး ကျွန်မစဉ်းစားမိပါတယ်’

ဒီဇင်ဘာ ၁၅ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၃) တွင်ပါသည့် “ကျွန်မတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင် လုပ်နိုင်ဖို့ အခွင့်အရေးရနေပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော ကြား”သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“ကျွန်တော်သိသလောက်က အလုပ်သမားဥပဒေက အသက်ဝင်ဖို့ သမ္မတကြီးရဲ့ အမိန့်မထွက်သေးဘူး။ ဒီ ဥပဒေက အတည်ဖြစ်တယ်။ အသက်မဝင်သေးဘူး။ သမ္မတက လက်မှတ်ထိုးပြီး ထုတ်ပြန်ပြီးပြီ၊ ဒါပေမဲ့ အသက်ဝင်မယ့်ရက်ကို သီးခြားထုတ်ပြန်မယ်လို့ ပါတယ်။ ဥပဒေတစ်ခုက အသက်ဝင်မှ အသင်းအဖွဲ့ကို ဖွဲ့လို့ ရမှာလေ။ မကြာခင်တော့ ဖြစ်လာမယ်လို့ ထင်ပါတယ်”

ဒီဇင်ဘာ ၁၅ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၃) တွင်ပါသည့် “အလုပ်သမား အဖွဲ့အစည်း ဥပဒေပြဋ္ဌာန်းသော်လည်း အလုပ်သမားအဖွဲ့ အစည်းများ ဖွဲ့စည်းခွင့်မရသေး” သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“လိုအပ်နေတဲ့ ဥပဒေတွေထဲမှာ ရေးဆွဲနေဆဲ ဥပဒေလည်းပါတယ်။ လက်ရှိမှာရော လာမယ့် AFTA တွေ ဝင်လာရင် ပိုပြီးလိုအပ်လာမယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမှု ဝင်လာတိုင်း ကောင်းတာချည်းမဟုတ်ဘူး၊ နောက်တစ်ခုက လက်ရှိကျင့်သုံးနေတဲ့ ကုန်သွယ်ရေးကဏ္ဍဆိုင်ရာ ဥပဒေထဲက သွင်းကုန်ထုတ်ကုန် ယာယီ ကြီးကြပ်ရေးအက်ဥပဒေ (၁၉၄၇)မှာ ယာယီဆိုတာကြီးကို ပြင်ဆင်သင့်ပါပြီ”

ဒီဇင်ဘာ ၁၅ ထုတ် Popular News အတွဲ (၃) အမှတ် (၄၉) တွင်ပါသည့် “နိုင်ငံတော်သစ်အတွက် စီးပွားရေးဥ ပေဒသစ် (၁၃)ချက် လိုအပ်နေဟုဆို” သတင်းမှ ဦးသန်းမောင် (စစ်တွေ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs