Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၁၂.၂ဝ၁၁

ဆောင်းပါးကဏ္ဍ

  1. သမိုင်းမှတ်ကျောက်နှင့် ရွေးကောက်ပွဲများ

***********************************

ဆောင်းပါးကဏ္ဍ

သမိုင်းမှတ်ကျောက်နှင့် ရွေးကောက်ပွဲများ

မောင်ဝံသ

(ဒီဇင်ဘာ ၁၅ ထုတ် Venus အတွဲ (၃) အမှတ် (၂၂) မှ ထုတ်ယူဖော်ပြသည်။)

ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာ့ရှေ့ဦး ကာတွန်းဆရာကြီး ရွှေတလေးဦးဘကလေး၏ ပင်တိုင်ကာတွန်းတစ်ခုမှာ- “ကမ္ဘာသူ ဓာတ်မှန်ပြသည် သို့ အမှားကိုအမှန်ကျအောင် ရေးရသည်ပဲ” လို့ စာချိုးလေးပုံသေထည့်တာ တွေ့ရဖူးတယ်။ သမိုင်းအမှား မှတ်တမ်းအမှားတွေကို အမှန်ဖြစ်အောင် သိမှီသူတွေက ပြင်ပေးရမှာ ဖြစ်ပါတယ်။

သမိုင်းဆိုတာလိမ်ရေးလို့မရ

အထူးသဖြင့် သမိုင်းဝင်ဖြစ်ရပ်တွေအကြောင်းရေးကြသားကြပြီဆိုရင် အစွဲအလမ်းတွေ၊ ပယောဂတွေနဲ့ ရေးကြတာများတယ်။ သို့ပေမယ့် သမိုင်းဆိုတာ လိမ်ရေးလို့မရပါဘူး။ ဥပမာ ၁၉၆၀ ပြည့်နှစ်ကကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲ ဆိုပါစို့။ ဦးနုခေါင်းဆောင်တဲ့ သန့်ရှင်းဖဆပလက အပြတ်အသတ်နိုင်သွားလို့ ဦးနုကအကျယ်အကျယ် မပြောတော့ဘဲ သူ့လူတွေကိုလည်းကန့်ကွတ်မှုတွေ မလုပ်နဲ့တော့လို့ တားမြစ်ခဲ့တာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလိုလို ပြောနေကြပေမယ့် တကယ်ကတော့ သမိုင်းတွင်လောက်အောင် ညစ်ပတ်ယုတ်မာတဲ့ ရွေးကောက်ပွဲအဖြစ် လူတွေမမေ့နိုင်ခဲ့ကြပါဘူး။

အဆဲဆုံးအကွဲဆုံး

မြန်မာ့သမိုင်း ဖြစ်ရပ်အမှန် ပြုစုရေးသားရေးအဖွဲ့က ‘မြန်မာ့နိုင်ငံရေး ၁၉၅၈-၆၂’ဒုတွဲစာ ၃၉၄-၄၀၁ မှာ ထိုစဉ်က သတင်းစာတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ သမာဓိသတင်းစာက ရွေးကောက်ပွဲအပြီးနောက်နေ့ ၇ ဖေဖော်ဝါရီ ၁၉၆၀ နေ့ထုတ်မှာ ဘယ်လိုရေးသလဲဆိုတော့ ယနေ့ရွေးကောက်ပွဲသည် စစ်ပြီးခေတ်တွင်

၁။ တစ်ဦးပေါ်တစ်ဦး မဟုတ်တန်းတရား အစွပ်စွဲဆုံး ရွေးကောက်ပွဲ

၂။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအချင်းချင်း အကျိုးယုတ်  အဆဲဆုံးသော ရွေးကောက်ပွဲ

၃။ အဖေနှင့်သား၊ မအေနှင့်သမီးအကွဲကြီးကြသော ရွေးကောက်ပွဲ

၎။ ညောင်မြစ်တူးပုတ်သင်ဥပေါ်သော ရွေးကောက်ပွဲ

၅။ တပည့်က ဆရာကို အံတု၊ ဆရာကတပည့်ကို အောက်ချနင်းသော ရွေးကောက်ပွဲလို့ သုံးသပ်ရေးထားသည်။

တည်မြဲ ဖဆပလ မတရားပြုကျင့်ပုံ

အဲဒီနောက် ရွေးကောက်ပွဲကန့်သတ်မှုတွေအကြောင်း ဆက်လက်ရေးသားတယ်။ တည်မြဲဖဆပလသခင်စံမြင့်နဲ့ ဗိုလ်စိုးလှိုင်တို့ တရားမဲ့ ပြုကျင့်ပါသည် ဆိုပြီး တိုင်ကြးတဲ့အကြောင်းတွေပါတယ်။

သခင်စံမြင့်ဟာ အစိုးရအရာထမ်း-အမှုထမ်းများရဲ့ အကူအညီယူလျက် အစိုးရမော်တော်ဘုတ်ကိုသုံးပြီး သနပ္ပင်မြို့နယ် တည်မြဲ အဖွဲ့ဝင်များနဲ့အတူ မဲဆွယ်ခဲ့တာ၊ ကျုံပါကျေးရွာမှာ အရန်ရဲတွေက တည်မြဲဖဆပလအတွက် မဲဆွယ်ပြီး သန့်ရှင်းခေါင်းဆောင်တွေကို ရိုက်နှက် ခြိမ်းခြောက်တာ၊ သံဒင်းရွာမှာ သန့်ရှင်း ခေါင်းဆောင်တွေကို ရွေးကောက်ပွဲမှာ မဆောင်ရွက်နိုင်အောင် သူကြီးက ဖမ်းထားတာ၊ ရွေးကောက်ပွဲနေ့မှာ ကျေးရွာကာကွယ်ရေးတွေက မဲရုံးနောက်ပိုင်း ဖောက်ပြီး မဲဆန္ဒရှင်တွေကို ခြောက်လှန့်တာ၊ တည်မြဲမဲပုံးထဲ ထည့်ခိုင်းတာ၊ မဲပုံတွေကို သနပ္ပင်ကနေပဲခူးသို့ သယ်ဆောင်ရာမှာ လမ်းခုလတ်မှာ ဗိုလ်စိုးလှိုင်က ကားရပ်ခိုင်းပြီး သနပ္ပင်ကို ပြန်လှည့်ခိုင်းတာ၊ အဲဒီနောက် ကိုယ်စားလှယ်တွေကို မောင်းထုတ်တာစတဲ့ အချက်တွေနဲ့ တိုင်ကြားတဲ့အကြောင်းဖော်ပြထားပါတယ်။

နိုင်သူကသင်ပုန်းချေလို့

အလားတူ မတရားခြိမ်းခြောက်မှုတွေဟာ နယ်တော်တော်များများမှာ ဖြစ်ပေါ်ခဲ့တယ်။ စာရှည်နေမည်စိုး၍ ကောက်နုတ်တင်ပြခြင်း မပြုတော့ပါ။ အပြတ် အသတ်အနိုင်ရသွားတဲ့ ဦးနုကတော့ ၁၉၆၀ ရွေးကောက်ပွဲဟာတရားမျှတမှု အပြည့်အဝရှိပါသည်ဟုယူဆကြောင်းထုတ်ဖော်ပြောကြားတယ်။ (ယင်းစာ -၄၀၂)

ဦးနုကတော့ ခုလောက် အပြတ်အသတ်နိုင်ပြီးမှတော့ သူ့ဘက်က ထိုးစစ်မလုပ်တော့ဘဲ သင်ပုန်းချေရေးလမ်းစဉ်ကို ချမှတ်ခဲ့တယ်။ ရွေးကောက်ပွဲ ကန့်ကွက်မှုတွေကို ပြန်လည်ရုပ်သိမ်းခိုင်းတယ်။ တည်မြဲခေါင်းဆောင် သူ့ညီလေးတွေနဲ့ ပြန်ပေါင်းထုတ်ဖို့ ကြိုးစားတယ်။ သည်တော့လည်း ရန်လိုတဲ့စကားတွေ မပြောတော့ဘူးပေါ့။

အမည်းစွန်းများရှိကြောင်း

၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးစာအုပ် ပြုစုသူပညာရှင်တွေကတော့ ခုလိုသုံးသပ်ပါတယ်။ “၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးသည် ဘက်လိုက်ခြင်း၊ မတရားပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသော အမည်းစွန်းများ ရှိကြောင်း တွေ့နိုင်သည်” (ယင်းစာ - ၄၀၂)

၁၉၆၀ ရွေးကောက်ပွဲကို စံပြရွေးကောက်ပွဲကြီးအဖြစ် တချို့ရေးတတ်ကြတယ်။ ကျွန်တော်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ဘက်က စံပြအဖြစ် မမြင်ပါဘူး။ ၁၉၆၀ ရွေးကောက်ပွဲစံပြဖြစ်ခြင်းကတော့ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခံရ၊ ခြိမ်းခြောက်ခံနေရတဲ့ သန့်ရှင်းဖဆပလက ဦးနုရဲ့ဘက်တော်သား အမတ်လောင်း များကို မဲဆန္ဒရှင်လူထုက ပြတ်ပြတ်သားသား မဲပေးရွေးချယ်ခဲ့ခြင်းနဲ့ ရွေးကောက်ပွဲကျင်းပပေးတဲ့ အိမ်စောင့်အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ရွေးကောက်ပွဲနိုင်တဲ့ ဦးနုလက်သို့ ကတိအတိုင်းအာဏာလွှဲအပ်ခြင်းဆိုတဲ့ အချက်ကြီးတွေပါပဲ။

နှိုင်းယှဉ်သောအားဖြင့် ပြောစတမ်းဆိုရင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွေက ၁၉၆၀ ရွေးကောက်ပွဲနဲ့စာရင် ပို၍ လွတ်လပ်၊ ပို၍တရားမျှတမှုရှိတယ်လို့ ကျွန်တော်ထင်မြင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဟာလည်း သမိုင်းရဲ့ မှတ် ကျောက်မှာ အရှိပကတိ အတိုင်းအတင်ခံရမှာပဲ ဖြစ်ပါတယ်။

***************************************************************************************

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၆.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် နစ်နာသူဒေသခံများ လျော်ကြေးတောင်း
  2. ပို့ကုန်သွင်းကုန် ဆိုင်ရာ ကန့်သတ်မှုများ ထပ်မံဖြေလျော့
  3. မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား “၀”အထူးဒေသ ၂ နှင့်ဆက်လက် ဆွေးနွေးမည်
  1. အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း အထူးပြု အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************

ပြည်တွင်းသတင်းများ

ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် နစ်နာသူဒေသခံများ လျော်ကြေးတောင်း

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည် ဒေသခံများ၏အသက်မွေးမှုနှင့် ဘဝတည်ငြိမ်မှုများ မပျက်စီးစေရန် နစ်နာမှုနှင့်ညီမျှသော လျော်ကြေးကို တာဝန်ရှိသူများက ပေးချေစေလိုကြောင်း နစ်နာသူဒေသခံများ၏ ကိုယ်စားလှယ် ၈ဦးက တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၅ရက်နေ့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ထားဝယ်ဒေသခံ ပြည်သူများ၏ သဘောထားနှင့်ပတ်သက်၍ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ၈ဦးက အထက်ပါအတိုင်းပြောကြားသည်။

“စီမံကိန်းစလုပ်ပြီဆိုကတည်းက မြေတွေသိမ်းထားတာ အခုလည်းဆက်သိမ်းနေတာပဲ။ လျော်ကြေးကတော့ တစ်ပြားမှ မရသေးဘူး။” ဟု ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးသြဘာသက မိန့်ကြားသည်။

ဒေသခံများသည် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နေသော အဆိုပါစီမံကိန်းတွင် အစိုးရ၊ စီမံကိန်း အကောင်ထည်ဖော်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကိုယ်စလှယ်များက ပြောကြားသည်။

ယင်းစီမံကိန်းကြောင့် ယဉ်ကျေးမှုနယ်မြေများကို မထိခိုက်စေလိုသည့်အပြင် ဒေသခံများ၏ အိမ်ခြံမြေလယ်ဥယျာဉ်များ ထိခိုက်မှုရှိမည်ဆိုပါက နစ်နာကြေးကို ကာယကံရှင် ပြည်သူများနှင့် ညိုနှိုင်းကာ တိကျသောငွေပမာဏနှင့် အချိန်ကာလကို သတ်မှတ်ပေးစေလိုကြောင်း တိုက်တွန်း ပြောဆိုခဲ့ကြသည်။

“ပြောင်းရွှေ့ပေးရမဲ့ဒေသခံတွေက ဘယ်သူမှမပြောင်းချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေတဲ့နေရာ ဖြစ်နေတာကိုး” ဟု ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်းစီမံကိန်းကြောင့် အိမ်ခြေ လေးထောင်နီးပါး၊ လူဦးရေအားဖြစ် သုံးသောင်းနှစ်ထောင်ကျော် မိမိနေရပ်မှ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း ထားဝယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ စစ်တမ်းအရသိရသည်။

အဆိုပါစီမံကိန်းကို ၂၀၀၈ခုနှစ်မှစတင်ပြီး တည်ဆောက်ရန်စီစဉ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၆ ဘီလီလျှံ အကုန်ကျခံရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။ ထားဝယ်မြို့နှင့် ဘန်ကောက်မြို့သို့ ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးကိုမှု ၉၀ရာခိုင်နှုန်း ပြီးမြောက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေနံဓါတုအခြေပြုစက်ရုံများပါရှိသော အထူးစီးပွားရေးဇုန်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည့် အရေးကိုစိုးရိမ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောာကြားသည်။

ထိုကဲ့သို့သော ဆိုးကျိုးများကို လက်တွေ့ခံစားရမည့် ဒေသခံများကို အသိပညာပေးလုပ်ဆောင်မှုများ ဝိုင်းဝန်းပြုလုပ်သွားရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယင်း ရေနက်ဆိပ်ကမ်းပြီးဆုံးသွားပါက ကမ္ဘာ့ကုန်သွယ် ကူးသန်းရောင်ဝယ်ရေးနှင့်ပတ်သက်၍ အာရှ၏တံခါးပေါက်ကြီး ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပို့ကုန်သွင်းကုန်ဆိုင်ရာ ကန့်သတ်မှုများ ထပ်မံဖြေလျော့

ပြည်တွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအဆင်ပြေနိုင်စေရန်နိုင်ငံတော်မှ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ငန်းအမျိုးအစား ခွဲခြားထားသည့် ကန့်သတ်မှု များကို ထပ်မံဖြေလျော့ပေးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယခင် ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများသည် နှစ်သက်ရာကုန်ပစ္စည်းအမျိုးအစား ငါးမျိုးကိုသာ တင်သွင်းခွင့်ရရှိခဲ့ရာမှ ယခုအခါ ရောင်းဝယ်ရေး လုပ်ငန်းများတွင်သာမက ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများတွင်ပါ  လုပ်ငန်းရှင်များအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ၎င်းသတင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ နိုင်ငံတော်မှ ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် ဖြေလျော့မှုများ ပြုလုပ်ပေးမှုကို ပြည်တွင်းလုပ်ငန်းရှင်အများစုက ကြိုဆိုခဲ့ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းများတွင် ထပ်မံကျန်ရှိနေသေးသည့် အခက်အခဲအချို့ကိုလည်း ထပ်မံဖြေလျော့မှုများ ပြုလုပ်ပေးရန် မျှော်လင့်ကြောင်း ပြည်တွင်းပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများတွင် အခွန်နှုန်းထားများ လျှော့ချပေးခြင်း၊ ပြည်တွင်းထွက်ကုန်ပစ္စည်းအချို့ကို အခွန်ကင်းလွတ်ခွင့် ပြုပေးခြင်းနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နေသည့် ကန့်သတ်မှုများကို ဖြေလျော့ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့် ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ(AFTA) တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် အခြားနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနိုင်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အများစုက သုံးသပ်ကြသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပမည်

မီဒီယာဆိုင်ရာ ဥပဒေများ ရေးဆွဲအတည်ပြုနိုင်ရေး ရည်ရွယ်၍ ဒီဇင်ဘာလ တတိယပတ်(သို့) နောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် မီဒီယာသမားများမှ တင်သွင်းသည့် မီဒီယာဥပဒေဆိုင်ရာစာတမ်းများ၊ အကြံပြုချက်များကို လွှတ်တော်သို့ တင်သွင်း၍ အဆုံးအဖြတ် ခံယူ သွားမည် ဖြစ်ပြီး မီဒီယာဥပဒေများ အတည်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ထံသို့ လိုအပ်သည့် အကူအညီများပေးနိုင်ရန် တစ်လတစ်ကြိမ် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ကတိပေး ပြောကြားခဲ့သည်။

“နိုင်ငံတော်အစိုးရသစ် လက်ထက်ကစတင်ပြီးတော့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်တွေပိုမိုပေးခဲ့ပါတယ်။ ဒီလို မီဒီယာလွတ်လပ်ခွင့်တွေ ပေးလာ တာနဲ့အတူ မီဒီယာတွေဘက်ကလည်း စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မဖောက်ဖျက်ဖို့ လိုပါတယ်။ ကျွန်တော်ထင်ပါတယ် နောက်ပိုင်းမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝပေးတော့မယ်လို့ ထင်ပါတယ်” ပာု သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်အချို့ဖွင့်ပေးခဲ့သည့်အပြင် ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေ စာအုပ်များကိုလည်း ထုတ်တင်စနစ်ဖြင့် ဖြန့်ဝေရန် ခွင့်ပြုပေးခဲ့ပြီး ယခင်အစိုးရလက်ထက်၌ ပိတ်ပင်ထားခဲ့သည့် အင်တာနက်ဝက်ဆိုဒ် အချို့ကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

YC

***************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား “၀”အထူးဒေသ ၂ နှင့်ဆက်လက် ဆွေးနွေးမည်

နိုင်ငံတော်သမ္မတကြီး၏ ဖိတ်ခေါ်ချက်အရ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုအား ပထမအဆင့် ဆွေးနွေးပြီးခဲ့သည့် “၀”အထူးဒေသ ၂ အဖွဲ့နှင့် ဒုတိယအဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဒီဇင်ဘာနောက်ဆုံးရက်သတ္တပတ်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဆိုသည်။

အဆိုပါဆွေးနွေးမှုတွင် ပြည်ထောင်စု အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများ ပါဝင်မည် ဖြစ်ကြောင်း သိရပြီး “၀”အထူးဒေသ ၂ အဖွဲ့သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက လားရှိုးမြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပထမအဆင့်အား ဆွေးနွေးခဲ့သည်။

“ထာဝရငြိမ်းချမ်းရေးရရှိဖို့ အဆင့်ဆင့်သော လုပ်နည်း၊လုပ်ဟန်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒီခရီးမှာ မီဒီယာအဖွဲ့အစည်း တစ်ချို့ကို ခေါ်သွားဖို့ရှိပါတယ်”ဟု ဦးအောင်သောင်းက ဆိုသည်။

တောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကလိုထူးဘော(DKBA)တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်ပွဲဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာမှ အထင်သေးသည့်ဒဏ်ကို ခံစားနေရကြောင်း  တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။

ပြည်သူများသည် ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်သည်ကို ခံစားလိုကြသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု ပျက်ပြားနေ၍ ငြိမ်းချမ်းရေး အသီးအပွင့်အား မခံစားရကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တူညီသည့်အချက်များကို ပေါင်းစပ်ဆောင်ရွက်ကာ ညှိနှိုင်းဆောင်ရွက်သည်ကို ဦးစားပေး လုပ်ဆောင် နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုသည်။

YC(KS)              

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း အထူးပြု အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများအကြောင်း အထူးပြုဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ အမိန့်ကြော်ငြာစာအမှတ်(၃၄/၂၀၁၁) ရက်စွဲဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မြန်မာ နိုင်ငံ၏ ပထမဦးဆုံး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပြီး အရှေ့အောင်အာရှ(အာဆီယံ)နိုင်ငံများတွင်မူ ပဉ္စမမြောက် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်ရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် ပတ်သက်သော တိုင်ကြားစာများကို လက်ခံနိုင်ရန် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“အခုလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးရပိုင်ခွင့်တွေနဲ့ ပတ်သက်သည့် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ ကောင်းပါတယ်။ အရင်အစိုးရ လက်ထက် ကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံတကာကယူဆသလို လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေပာာ ရှိနေပါတယ်။ ဒီလို လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို ကာကွယ်ပေးနိုင်မယ့် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီဆိုတော့ ဘာပဲဖြစ်ဖြစ်ကြိုဆိုပါတယ်” ပာု မြန်မာ့ နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၎င်း၏ လုပ်ထုံးလုပ်နည်းမူကြမ်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်း မူကြမ်းများကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ref: Bi Weekly Eleven

***************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

စည်းရုံးမှုလုပ်ခွင့် ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ “ဒီထုတ်ပြန်ချက်က နိုင်ငံရေးအရဘက်လိုက်မှုတွေ ရှိတယ်လို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ ဆာဗေးလုပ်တဲ့ဟာက ဘယ်လိုအချက်အလက်တွေနဲ့ လုပ်လဲဆိုတာ ဖော်မပြထားဘူး။ ဒီလိုပြောတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အဂတိလိုက်စားမှု ပြဿနာမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ မြန်မာနိုင်ငံထက်ဆိုးတဲ့ နိုင်ငံတွေလည်း အများကြီးရှိတာပဲ။ ဥပဒေ အိန္ဒိယနိုင်ငံမှာဆိုရင် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အဂတိလိုက်စားမှုတွေရှိပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလောက်မဆိုးဘူး။ အခုလည်းအစိုးရသစ် လက်ထက်မှာ ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ဒီပြဿနာကို ပပျောက်သွားအောင် လုပ်နေပြီ။ လက်ရှိအစိုးရအနေနဲ့က အပြောင်းအလဲတွေ အများကြီးကို အချိန်တိုအတွင်း လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လတ်တလောအနေနဲ့ ဒီအဂတိ လိုက်စားမှုပြဿနာကို ချုပ်ငြိမ်းသွားအောင်တော့ မဖြေရှင်းနိုင်သေးဘူး။ ဒါပေမဲ့ အဂတိလိုက်စားမှုတွေ မဖြစ်အောင် စီးပွားရေးပိုင်းမှာ ပွင့်လင်းမြင်သာအောင် လုပ်ဆောင်နေတဲ့အပြင် တစ်ဖက်ကလည်း အဂတိလိုက်စားမှုတွေကို ဝန်ကြီးဌာနတွေအလိုက် အရေးယူ အပြစ်ပေးမှု တွေ စတင်နေပါပြီ။ ဒါ့အပြင် အဂတိလိုက်စားမှုတွေကို ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်အောင် ရုံးဌာနတွေမှာ တိုင်ကြားစာတွေကိုလက်ခံပြီး ဆောင်ရွက်ပေးနေ တဲ့ အပြင် လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းပြီး ဒီကိစ္စကိုအရေးယူဖြေရှင်းနေပါပြီ”

ဒီဇင်ဘာ ၁၅ ထုတ် Popular News အတွဲ (၃) အမှတ် (၄၉) တွင်ပါသည့် “ကမ္ဘာ့အဂတိလိုက်စားမှုအဆင့် ၃ နေရာ မြန်မာအား သတ်မှတ်ခြင်းသည် နိုင်ငံရေး အရ ဘတ်လိုက်ဆုံးဖြတ်မှုဟု သမ္မတအကြံပေး ဦးကိုကိုလှိုင်ဆို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာဒီလိုဖြစ်ရပ်တွေဟာ ဘယ်လောက်အထိ အထောက်အထားခိုင်မာလဲ၊ ဘယ်လောက်ထိ သေချာတဲ့ဖြစ်ရပ်လဲ ဆိုတာကို ကျွန်တော်တို့ စနစ်တကျ စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေ ဘယ်လိုပဲထွက်ပေါ်နေပါစေ၊ အဲဒီဒေသမှာရှိကြတဲ့ ပြည်သူပြည်သား အားလုံး ငြိမ်းချမ်းရေးကို လိုချင်ကြ တာအမှန်ပဲ ဖြစ်ပါတယ်။ ဘယ်သူကဘယ်လိုခိုင်မာတဲ့ အထောက်အထားတွေပဲ ပြပါစေ၊ ဒါဟာစစ်ကြောင့် ကြုံရတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ မကြုံရလေအောင် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့အားလုံး ကြိုးစားဆောင်ရွက်နေပါတယ်လို့ ဖြေကြားလိုပါတယ်”

ဒီဇင်ဘာ ၁၆ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၄၈) တွင်ပါသည့် “ကချင်ပြည်နယ်တွင်း စစ်ရာဇဝတ်မှုများ ရှိမရှိ စနစ်တကျ စုံစမ်းစစ်ဆေးမည်” သတင်းမှ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး - NLD အနေနဲ့ တပ်မတော်ခေါင်းဆောင်တွေကိုဘယ်လိုစည်းရုံးမှုတွေလုပ်နေလဲ။ ထောက်ခံမှု ဘယ်လောက်ရှိတယ်လို့ ဆန်းစစ်ဖူးလဲရှင့်။

ဖြေ- သဘောထားပြောရရင် မြန်မာနိုင်ငံလက်ရှိအခြေအနေက နေဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခု ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ဖို့ရာမှာ တပ်မတော်က အားကုန်ပါရမယ်။ ပါမှပိုပြီးအောင်မြင်မယ်လို့ ထင်တယ်။ အန်ကယ်တို့ကို ထောက်ခံမှု ဘယ်လောက်ရှိလဲလို့ သိပ်မဆန်းစစ်မိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့တာ ဗိုလ်ချုပ်တွေသုံးလေးယောက် ပါတယ်။ ရန်ကုန်မှာ ဗိုလ်မှူးကြီးတစ်ယောက်-နှစ်ယောက်နဲ့ တွေ့ဖူးတယ်ဆိုတာလောက်ပဲ အန်ကယ်သိတာ။ ဘယ် လောက်အတိုင်းအတာထိရှိနေတယ်ဆိုတာမသိဘူး။ ဒါပေမဲ့ အန်ကယ်တို့ယုံကြည်တယ်၊ တိုင်းပြည် တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်လာမယ့် အင်အားစု တပ်မတော် ဖြစ်မယ်လို့ အန်ကယ်တို့ ယုံကြည်တယ်။

ဒီဇင်ဘာ ၁၆ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၃၉) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် အင်တာဗျူး” ကောက်နှုတ် ချက်

***************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs