Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အိုင်ဒီယော်လော်ဂျီ မရှိဘူး ရှိတယ် (မောင်ဝံသ)

*************************************************************

ဆောင်းပါးကဏ္ဍ

  1. အိုင်ဒီယော်လော်ဂျီ မရှိဘူး ရှိတယ် (မောင်ဝံသ)

မြန်မာပြည်က နိုင်ငံရေးပါတီတွေ တစ်ခုနဲ့တစ်ခု အိုင်ဒီယော်လော်ဂျီ ဘယ်လို ကွဲပြားသလဲ၊ ဘယ်အိုင်ဒီယော်လော်ဂျီကို လက်ခံတာ များသလဲ စတဲ့ မေးခွန်းတွေကို နိုင်ငံခြားသားမိတ်ဆွေတချို့က မေးလာတဲ့အခါ ကျွန်တော် အတော်ဖြေရကျပ်တယ်ဗျ။

ဘာကြောင့်ဆိုတော့ လက်ရှိမြန်မာနိုင်ငံရေး ပါတီတွေထဲမှာ ဘယ်သဘောတရားကို ခံယူကျင့်သုံးပါတယ်လို့ ဂဃနဏ ကြေညာတဲ့ ပါတီ အတော်နည်းပါတယ်။ ဟိုးအရင်ကတော့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဆိုရှယ်ဒီမိုကရက်၊ ဖေဘီယန်၊ လစ်ဘရယ်၊ လစ်ဘရယ်ဒီမိုကရက်၊ ဖက်ဆစ်နဲ့ အမျိုးသားရေးဝါဒ စသဖြင့် အယူဝါဒ သဘောတရားတွေကို သန်ရာသန်ရာ လက်ခံခဲ့ကြတယ်။

၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတည်ထောင်တဲ့အခါ အခြားဆိုရှယ်လစ်များနဲ့ တစ်မူကွဲပြားစေဖို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လို့ ကြေညာတယ်။ သဘောတရားခံယူချက်အဖြစ် လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား ဆိုတာကို စီမံ ဖော်စပ်ပြီး ပါတီရဲ့ လမ်းညွှန်သဘောတရား အဖြစ် ထုတ်ပြန် ကြေညာတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအာဏာရ နိုင်ငံရေးအဖွဲ့အစည်းကြီး ဖြစ်တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအယူဝါဒဟာ ဆိုရှယ်လစ်ဝါဒ ဖြစ်ပါတယ်။ ဆိုရှယ်လစ် ၀ါဒဂိုဏ်းဂဏများစွာအနက်  ဒီမိုကရက်တစ် ဆိုရှယ်လစ် (၀ါ) ဆိုရှယ် ဒီမိုကရက်ဝါဒကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က နှစ်သက် လက်ခံတယ်။  ကမ္ဘာမှာ ဘယ်သူတွေနဲ့ နီးစပ်သလဲဆိုရင် ဂျာမနီက ၀ီလီဘရန့်တို့နဲ့ နီးစပ်တယ်။ သဘောကတော့ ကုန်ထုတ်လုပ်ငန်းတွေကို နိုင်ငံပိုင်မသိမ်းဘဲ ပုဂ္ဂလိကများကို အစိုးရ ထိန်းချုပ်မှုနဲ့ လုပ်ကိုင်ခွင့်ပေးတာ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကတော့ မာ့ခ်စ် လီနင်ဝါဒကိုပဲ လက်ခံတယ်။ ယခင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံများ၊ ကျူးဘား၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားတို့လို ဗဟိုချုပ်ကိုင်မှုနဲ့ ဦးဆောင်သွားရတဲ့ စနစ်ပါ။

ကွန်မြူနစ်ပါတီကို ဖဆပလက ထုတ်ပယ်လိုက်ပြီးနောက် ဖဆပလရဲ့ အဓိက ကြိုးကိုင်ပါတီဟာ ဆိုရှယ်လစ်ပါတီ ဖြစ်သွားတယ်။ သူတို့ကို လက်ယာဆိုရှယ်လစ်တွေလို့ ခေါ်ပါတယ်။ ဆိုရှယ်လစ်ပါတီမှာ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့လို လက်ယာဆိုရှယ်လစ်တွေက ကြီးစိုးနေချိန်မှာ ဒုတိယတန်း ခေါင်းဆောင်စုထဲက လက်ဝဲဆိုရှယ်လစ်တွေဖြစ်တဲ့ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့က ခွဲထွက်ပြီး အလုပ်သမား လယ်သမားပါတီ တည်ထောင်တယ်။ နောင်အခါ သူတို့ကို ဆိုရှယ်နီတွေလို့ ခေါ်ပါတယ်။ ဆိုရှယ်လစ် အနီတွေဆိုတဲ့အဓိပ္ပာယ်ကို ပေါ်အောင် သတင်းစာတွေက ပေးခဲ့တဲ့ နာမည်ပါ။

ဖဆပလထဲမှာ ကျန်ခဲ့တဲ့ အင်အားစုတွေအနက် လက်ယာဆိုရှယ်လစ်တွေနဲ့ ဦးနုခေါင်းဆောင်တဲ့ အပျော့စား ဆိုရှယ်လစ်တွေနဲ့ ကွဲကြပြန်တယ်။ (ဦးနုဟာ စစ်ကြိုခေတ်က ဖေဘီယန်ဆိုရှယ်လစ် ဖြစ်ခဲ့ဖူးတယ်။ ထိုစဉ်က နု-တင်အဖြစ် ဦးနုနဲ့တစ်တွဲတည်း ရှိခဲ့တဲ့ သခင်တင်က ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်း ထားတဲ့ခေတ်မှာ တိုးတက်သော ဆိုရှယ်လစ်ဝါဒ ဆိုတဲ့ သူ့ကိုယ်ပိုင် ဆိုရှယ်လစ် သဘောတရား အဖွင့်ကျမ်းတစ်စောင် ရေးခဲ့သေးတယ်။)

ဖဆပလ အဖွဲ့တွင်းအကွဲကို ပါလီမန်မှာ မဲခွဲပြီး အဆုံးအဖြတ်ပေး ခဲ့ပါတယ်။ ဆွေငြိမ်းက နုတင်ကို အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲတဲ့အခါ ပမညတခေါ် ဆိုရှယ်နီတွေက အပျော့စားဆိုရှယ်လစ်၊ ဦးနုကို ထောက်ခံမဲပေးခဲ့ကြတယ်။ သူတို့ဟာ သဘောတရားရေးခံယူချက်နဲ့ ဦးနုကို ထောက်ခံမဲ ပေးတာထက် သူတို့အပေါ် ဗိုလ်ကျခဲ့တဲ့ ဆွေငြိမ်းကို လက်စားချေချင်တာနဲ့ ဦးနုဘက်က ရပ်ခဲ့ကြတာလို့ ရှုမြင်သူတွေရှိပါတယ်။

အဲဒီဖြစ်ရပ်မှာ ဦးနုဟာ ကွန်မြူနစ်တွေရဲ့ ထောက်ခံမဲနဲ့ အနိုင်ယူသွားတယ်ဆိုပြီး ဆွေငြိမ်းက စွပ်စွဲတယ်။ (သူတို့က ဆိုရှယ်နီတွေကို ကွန်မြူနစ် တွေလို့ စွပ်စွဲတတ်တယ်။) အဲဒီနောက် ဆွေငြိမ်းတွေရှုံးနိမ့်တာကို မခံမရပ်နိုင်ဖြစ်တဲ့ စစ်တပ်က ၀င်လာတော့တယ်။ ဦးနုကို အကျပ်ကိုင်ပြီး အာဏာလွှဲခိုင်းတယ်။ သည်လိုနဲ့ အိမ်စောင့်အစိုးရအသွင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်များက တိုင်းပြည်ကို အုပ်ချုပ်ခဲ့တော့တာပါပဲ။ သူတို့မှာ အဲဒီတုန်းက သဘောတရား မရှိဘူး။ ငါးပွက်ရာ ငါးစာချပြီး ပြုပြင်ရေးတွေချည်း လုပ်ခဲ့ကြပါတယ်။ ၁၉၆၂ ဒုတိယအကြိမ် အာဏာယူတော့မှ အညမညသဘောတရားနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာ သဘောတရားဆိုတာ အရေးမပါတော့တာတော့ အမှန်ပါ။ ဖရန့်စစ်ဖူကူးယာမတို့လို ပုဂ္ဂိုလ်တွေကတောင် အိုင်ဒီယော် လော်ဂျီခေတ် ကုန်ပြီလို့ ပြောခဲ့တယ်မဟုတ်လား။ ဒီနေ့ခေတ်ကြီးမှာ အိုင်ဒီယော်လော်ဂျီတွေနဲ့ အလုပ်လုပ်လို့ မရတော့ဘူး။ အသစ်အသစ် ဖြစ်ပေါ်တိုးတက်မှုတွေကို မျက်ခြည်မပြတ် လေ့လာ အမီလိုက်ပြီး နေသွားကြရမတဲ့။ ဟိုကွေ့ရောက်ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော်ဆိုတဲ့ လက်တွေ့အကျိုးမျှော် ၀ါဒ (pragmatism) ကို အားပေးလာကြတယ်။ လက်တွေ့နိုင်ငံရေး (real politics) သဘောတရားကို သဘောတရားမှန်း မသိ နားမလည် လက်မခံဘဲ ရှုပ်ထွေးနေသူတွေလဲ ရှိပါတယ်။

အိုစမာဘင်လာဒင်ရဲ့ နောက်လိုက် တပည့်တွေဟာ အဲသလိုပဲ သူတို့ကို သဘောတရားတွေ သွတ်သွင်းပေးနေမှန်းမသိဘဲ လက်ခံခဲ့ကြရ တာ ဖြစ်တယ်။ အဲသလို လူတွေဟာ အကြမ်းဖက် မျိုးဆက်သစ်တွေအဖြစ် ရှင်သန်နေကြတာပဲ။                

အကြမ်းဖက်မှုတွေကို တားဆီးဖို့ အမေရိကန် အပါအ၀င် အင်အားကြီး နိုင်ငံတွေက လုံခြုံရေးအစီအစဉ်တွေ တင်းကျပ်သထက် တင်းကျပ်ပြီး ကာကွယ်နေ ကြတယ်။ ဒါပေမယ့် အိုစမာဘင်လာဒင် ကိုတောင် ၁၀နှစ်ကြာမှ အသေမိခဲ့တယ်။ အမေရိကန်တွေက အကြမ်းဖက်သမားတွေကို ချေမှုန်း ပစ်ရမယ်လို့သာ ပြောနေတာ၊ တကယ်တမ်းကျတော့ မချေမှုန်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်သမားတွေက သဘောတရား တပ်ဆင်ထားတာ ဖြစ်တယ်။ သဘောတရားကို သဘောတရားနဲ့ပဲ ချေဖျက်ရမှာ။ တစ်ပွဲထိုး ချေမှုန်းရေးလုပ်ရုံနဲ့ အမြစ်မဖြတ်နိုင်ပါဘူး။

ကမ္ဘာကျော်ပညာရှင်တွေက အိုင်ဒီယော်လော်ဂျီခေတ် ကုန်ပြီလို့ ပြောတယ်ဆိုတိုင်း ကျွန်တော်တို့ ခေါင်းညိတ်ရမှာလား။ ကျွန်တော်ကတော့ နေရာတကာမှာ အိုင်ဒီယော်လော်ဂျီမပါဘဲ လုပ်လို့မရဘူးလို့ ယုံကြည်တယ်။ အခုပဲ ကြည့်ပါ။ အိုစမာဘင်လာဒင်စတင်လှုပ်ရှားစဉ်က  သူတို့နောက်လိုက် တွေကို တာလီဘန်တွေ လက်ထက် အာဖဂန်နစ္စတန်မှာ သင်တန်းတွေ ပေးခဲ့တယ်။ ဘဘောတရားလက်နက် တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ ဘာ သဘောတရားလဲဆိုတော့ မြင့်မြတ်သောသေခြင်းဖြင့် အသက်စွန့်ဝံ့တယ်ဆိုတဲ့ ခံယူချက်ကို ရင်ထဲ အသည်းထဲက ယုံကြည်လာအောင် သွတ်သွင်းပေးတာ ဖြစ်ပါတယ်။ သူတို့ သွတ်သွင်းထားတဲ့ ယုံကြည်ချက် အတွက် အသေခံ လှုပ်ရှားခိုင်းတာပါ။ တယူသန်ဘာသာရေး မှိုင်းတိုက်တာဟာ သဘောတရား တပ်ဆင်ပေးတာပဲဗျ။

အဲဒီတော့ ဒီသဘောတရားကို ဘယ် သဘောတရားမျိုးနဲ့ ချေဖျက်မလဲဆိုတာကို မကြိုးစားခင် သူတို့သွတ်သွင်းခံရတဲ့ သဘောတရားဟာ မှားယွင်းနေတယ်ဆိုတာကို အသေခံဖို့ အသင့်ဖြစ်နေတဲ့ စစ်သွေးကြွလေးတွေ အမြင်မှန်ရအောင် လုပ်ပေးရပါတယ်။

ဗုံးခွဲပြီး လူတွေသေအောင်လုပ်တာဟာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာကို သူတို့ ကိုးကွယ်တဲ့ အယူဝါဒဆိုင်ရာ ခေါင်းဆောင်တွေ ကိုယ်တိုင်က ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပြောပြကြတယ်။ အပြစ်မဲ့တဲ့လူတွေကို သတ်ရုံနဲ့လည်း သူတို့မုန်းတီးတဲ့ နယ်ချဲ့နိုင်ငံကြီးတွေ ဘာမှလှုပ်လာမှာမဟုတ်ဘူး ဆိုတာ အသိတရား ၀င်လာအောင် လုပ်ရပါတယ်။

အဲဒီနောက် အရေးကြီးတဲ့ အချက်ကတော့  မှိုင်းတိုက်ခံထားရတဲ့ အယူဝါဒမှားကြောင်း ပြောတာကတော့ ဟုတ်ပါပြီ။ မှန်တဲ့ အိုင်ဒီယော်လော်ဂျီ ဘာလဲဆိုတာကို ပြဖို့လည်း လိုဦးမယ်။

မှန်တဲ့ အိုင်ဒီယော်လော်ဂျီကတော့ သူတို့ကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ နိုင်ငံဖွဲ့စည်းမှုစနစ်တွေ၊ အုပ်ချုပ်ရေးစနစ်တွေ ရှိနေတဲ့ အကြောင်း၊ အရည်အချင်းပြည့်ဝတဲ့ လူဖြစ်လာရင် အရည်အချင်း အလျောက် တိုးတက်နိုင်တဲ့ လူမှုရေးစနစ်တွေ ရှိတဲ့အကြောင်း သူတို့သိအောင် လုပ်ပေးရမယ်။ ဗဟုဝါဒဟာ အကြမ်းဖက်ဝါဒအပါအ၀င် လူ့အဖွဲ့အစည်းကို နှိပ်ကွပ်ဖို့ ကြံရွယ်နေတဲ့ အခြားဝါဒတွေကို သဘောတရားအရ ကောင်းကောင်းချေချွတ်နိုင်ပါလိမ့်မယ်။

၇၊၊ ၁၂၊ ၂၀၁၁

maungwuntha@gmail.com

***************************************************************************************

 

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

facebook
17 people like this

Check out Yangon Chronicle


Hi,

Yangon Chronicle is inviting you to join Facebook.

Once you join, you'll be able to connect with the Yangon Chronicle Page, along with people you care about and other things that interest you.

Thanks,
Yangon Chronicle

To sign up for Facebook, follow the link below:

yangonchronicle2011
yangonchronicle2011

၁၈.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. အရန်ဆန်ဝယ်ရေး အစီအစဉ် မသေချာဟုဆို
  2. စာနယ်ဇင်းများအတွက် Press Council ထားရှိရန် ပြည်ထောင်စုဝန်ကြီးဆို
  3. ပြည်သူများ အကြံပြုတိုင်ကြားနိုင်ရေး စာတိုက်ပုံးများ ထားရှိမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်
  1. ကြံ့ခိုင်ရေးအမတ်တချို့ ပါတီပြောင်းရန်စီစဉ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                ***********************************************

ပြည်တွင်းသတင်းများ

အရန်ဆန်ဝယ်ရေး အစီအစဉ် မသေချာဟုဆို

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အရန်ဆန် တန်ငါးသိန်း ၀ယ်ယူရန် သမ္မတမှ ခွင့်ပြုပေးခဲ့သည်ဟု လုပ်ငန်းရှင်များကို ပြောကြားခဲ့သော်လည်း လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်မှ ဘတ်ဂျက်မရှိ ဟုဆိုကာ အကြောင်းပြပြီး အရန်ဆန်ဝယ်ယူရေးစီမံချက်အား နောက်ဆုတ်ခိုင်းနေကြောင်း နေပြည်တော်နှင့် သတင်းရပ်ကွက်မှ သိရသည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းသို့ အတည်ပြုမေးမြန်းရာ ပုဂ္ဂလိကတစ်ဝက် အစိုးရတစ်ဝက် ဝယ်ယူမည့် အရန်ဆန် တန်ငါးသိန်းအတွက် ပုဂ္ဂလိဘဏ်များမှ ငွေချေးဝယ်ယူရန်ပြင်ဆင်နေပြီး ပုဂ္ဂိကအနေဖြင့် သေချာသလောက်ရှိနေကြောင်း အစိုးဌာနဆိုင်ရာဖက်က အဆင်သင့် ဖြစ်မဖြစ် အတည်မပြုပေးနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

တောင်သူများ မိုးစပါးစိုက်ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန်သဖြင့် မိုးစပါးအတွက်နည်းခဲ့ကြောင်း ယခုအချိန်သည့် ယမန်နှစ် စပါးဟောင်းများ ကျန်ရှိနေသေးသဖြင့် စပါးအထွက်ဆုတ်သော်လည်း စပါးဈေးကောင်းမရဖြစ်နေကြောင်း မိုးစပါးမရသဖြင့် နွေစပါးစိုက်ရန် ကြိုးစားနေရကြောင်း စပါးဈေး ဆက်လက် ကျဆင်းနေပါက နွေစပါးကို စွန်စားစိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း ထန်းတပင်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောကြားသည်။

"မိုးစပါး တံစဉ်လွတ်ထားလို့ အစိုးရက စပါးဈေးကောင်း ပေးဝယ်မယ့်သတင်းကို နားစွင့်နေတာ။ ဈေးကောင်းရမှပဲ နွေစပါးစိုက်ရဲမှာ”ဟု ၎င်းက ဆိုသည်။

ဦးမြင့်လှိုင်သည် ကိုယ်တိုင်လယ်ထဲဆင်းပြီး တဧက တင်း၂၀၀ ထွက်ရေးကိုသာ ဇောက်ချလုပ်နေသည့်အတွက် တောင်သူများ စပါးဈေး တွက်ခြေကိုက်ရေး ကိစ္စကိုမူ စိတ်ဝင်စားပုံမရကြောင်း၊ ဈေးကွက်ဈေးစီးပွားရေးစနစ်ကို သဘောမပေါက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း စိုက်ပျိုးရေး သုတေသီ တစ်ဦးက ဝေဖန်ပြောကြားသည်။

                MP

-----------------------------------------------------------------------------------------------------------------------------------

စာနယ်ဇင်းများအတွက် Press Council ထားရှိရန် ပြည်ထောင်စုဝန်ကြီးဆို

စာနယ်ဇင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတကာနည်းတူ Press Council အဖွဲ့အစည်းမျိုး ထားရှိသင့်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဗပိာု ပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်အချို့နှင့် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးမှ ၎င်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် အဖွဲ့ဝင်သစ်များဖြင့် လုပ်ငန်းဖော်ဆောင်နိုင်မှုများ၊ အမျိုးသားအကျိုးစီးပွားအတွက် အကောင် အထည် ဖော်နိုင်မှုများမှာ ယခင်ကထက် ပိုမိုကျယ်ပြန့်များပြားလာခဲ့သည့်အပြင် အဖွဲ့ဝင်သစ်များ များပြားလာသကဲ့သို့ အရည်အချင်းပိုင်း ဆိုင်ရာများတွင်လည်း မြင့်မားလာသည်ကို တွေ့ရှိရကြောင်း ဦးကျော်ဆန်းက ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားနေပြီဖြစ်သည့်အတွက် နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်း မဏ္ဍိုင်ကလည်း စောင့်ကြည့်တည့်မတ်ရန်လိုကြောင်း၊ ဒီမိုကရေစီအောင်မြင်ရေးမှာ ပြည်သူများသာ အဓိကဖြစ်သည့်အတွက် ပြည်သူများကို ပဉ္စမမဏ္ဍိုင်ပာု မိမိတင်စားကြောင်း၊ Globalization ခေတ်တွင် သတင်းအချက်အလက် ဖြစ်စဉ်ဖြစ်ရပ်များ ပိုမိုကျယ်ပြန့်လာပြီဖြစ်ရာ အကြောင်းရပ် တစ်ခုနှင့် စပ်လျဉ်း၍ သတင်းရေးသားသည့် သတင်းသမားများအနေဖြင့် ရှုထောင့်ပေါင်းစုံမှ မှန်ကန်စွာရေးသားရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက အကြံပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် Journalist များ ပူးပေါင်းပါဝင်လာနိုင်စေရန် ၂၀၀၆ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာသည့် အစိုးရသစ်လက်ထက်တွင် စာနယ်ဇင်းဆိုင်ရာ ဖြေလျော့မှုများ၊ ပြည်တွင်းထုတ် မဂ္ဂဇင်း၊ ဂျာနယ်နှင့် အထွေထွေ စာအုပ်အချို့ကို ထုတ်တင်စနစ်ဖြင့် ထုတ်ဝေရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူများ အကြံပြုတိုင်ကြားနိုင်ရေး စာတိုက်ပုံးများ ထားရှိမည်

မြန်မာနိုင်ငံရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ အခြားစီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများ စီးပွားရေးဆိုင်ရာ အခက်အခဲများကို အကြံပြု တိုင်ကြား နိုင်ရေးအတွက် ရန်ကုန်နှင့် နယ်စပ်ဒေသများရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ကြီးဌာနများတွင် စာတိုက်ပုံးများ ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ UMFCCI ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ကုန်သည်ကြီးများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးတစ်ဦးမှ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်များအတွက် အခွန်အခများ လျှော့ချနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည့်အပြင် ပြည်တွင်းသို့ ယာဉ်တင်သွင်းရေး အတွက်လည်း သက်ဆိုင်ရာ ဌာများနှင့် ညှိနှိုင်းဆောင်ရွက်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကပင် ပြည်သူများသည် အပြောင်းအလဲကိုလိုလားကြောင်း၊ မိမိတို့အား ပြည်သူများက ရွေးချယ် တင်မြှောက်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူများကို စိတ်ချမ်းသာစေချင်ကြောင်း၊ အပေါ်ပိုင်းတွင် အပြောင်းအလဲ အမှန်တကယ် လုပ်ဆောင် နေသော်လည်း အောက်ခြေပိုင်းတွင် အပြောင်းအလဲပြုလုပ်ရန် အခက်အခဲများ ရှိသေးကြောင်း၊ ထိုသို့ ကိစ္စရပ်များတွင် အခက်အခဲများ ရှိနေသေးသည့် အတွက် စာတိုက်ပုံးများ ထားရှိပေးခြင်း ဖြစ် ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

၎င်း စာတိုက်ပုံးများတွင် ဌာနဆိုင်ရာအခက်အခဲများကို Register ပြုလုပ်၍ မှတ်ပုံတင်နံပါတ်နှင့်အတူ လက်မှတ်ထိုးတိုင်ကြားနိုင်ပြီး တိုင်ကြားသူအား မသိစေဘဲ အခက်အခဲများကို အလေးအနက်ထား၍ ဖြေရှင်းဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Ref:Favorite News

******************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်

မြန်မာနိုင်ငံတွင် အမြန်လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရဘက်မှ သမိုင်းကြောင်း ကောင်းသူများကို ဦးဆောင်စေသင့်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် နားလည်မှုအရင်းခံကာ ဆွေးနွေးရသည့်အတွက် သမိုင်းကြောင်းကောင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ နာမည်ပျက် မရှိသူများကို ဦးစားပေးရွေးချယ်သင့်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

“ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေဟာ ရိုးသားမှု မရှိဘူးဆိုရင် ရလဒ်ကောင်းတွေ မပေါ်လာနိုင်ဘူး”ဟု ယင်းက ဆက်လက် ပြာကြားသည်။

လက်ရှိအချိန်တွင် အစိုးရသစ်အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့အား တာဝန်ပေးထားသည်။

ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့သည် တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်မှုနှင့် အကျင့်ပျက် လာဘ်စားမှုတို့တွင် အကြီးအကျယ်ပါဝင် ပတ်သက်နေသူများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်နေသူ တစ်ဦးက ဆိုသည်။

“အရင်အစိုးရအဖွဲ့ဝင်တွေထဲမှာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးတဲ့သူတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတော့ အစိုးရဖက်ကကို တစ်ဖက်နိမ့်နေပြီ။ ဆက်ပြောရရင် ဒီလိုလူတွေက နိုင်ငံအဆင့်ကိစ္စရပ်တွေ ကိုင်တွယ်နေတာက သမ္မတကြီးပြောပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ ဆိုတာကို ပြည်သူတွေ တစ်မျိုးထင်စရာ ဖြစ်နေတယ်” ဟု ယင်း၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်အဖြစ်တာဝန်ယူခဲ့သူ ရဟန်းလူထွက် ဦးအံ့မောင်နှင့် မဟနဆရာတော်တစ်ချို့ ပူးပေါင်းဆောင်ရွက်သည့် ယင်းကိစ္စရပ်တွင် ဦးအောင်သောင်းမှ လိုအပ်သည်များကို ပံ့ပိုးကူညီကြောင်း ယင်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ထုတ်ဖော် ပြောကြားသည်။

“ဆရာတော်ကို NLD မှာ တရားဟောလို့ဆိုပြီး ကျောင်းတိုက်ကနှင်ထုတ်တာဟာ ဦးအောင်သောင်းရဲ့ မရိုးသားမှုနဲ့ နိုင်ငံရေး အကောက်ကြံမှုကို ဖော်ပြ နေတာပါ။ ဒီကိစ္စရပ်ကို ဦးဇင်းတို့တတွေ ပြေလည်စွာဖြေရှင်းဖို့ ကြိုးစားရမှာပါ။ သူဆင်တဲ့ အကွက်ထဲကိုတော့ အရောက်မခံပါဘူး”ဟု ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်အတွင်းမှ သံဃာတစ်ပါးက မိန့်တော်မူသည်။

အစိုးရအဖွဲ့အတွင်း သမ္မတကြီး၊ စက်မှုဝန်ကြီးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးတို့ ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမားများ နေရာရနေသော်လည်း ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ကဲ့သို့ ခေတ်နောက်ပြန်ဆွဲလိုသူများ၏ အန္တာရာယ်ကိုလည်း သတိပြုမိရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

“သူ ဒီအကွက်ကိုဆင်တာက ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ NLD ကို အကျပ်ရိုက်စေနိုင်တယ်။ ဘုန်းကြီးကို ကျောင်းတိုက်က ဖယ်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘုန်းကြီးတပည့်တွေ၊ နိုင်ငံရေးသမားတွေ ဆူဆူပူပူလုပ်ရင် ဖမ်းမယ်။ သူတို့တွေ အဖမ်းခံရရင် NLD ရဲ့ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်လည်း ပြောင်းသွားမယ်။ ဒီအထိ ရည်ရွယ်ပြီး လုပ်တာ”ဟု ယင်း နိုင်ငံရေးလေ့လာသူက သုံးသပ်ပြသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို အမြဲဂရုပြုတတ်သူ ရွှေညဝါဆရာတော်က ကျောင်းတိုက်မှ နှင်ထုတ်ခံရသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မီဒီယာများအား သတင်းထုတ်ပြန်ပြီး၊ နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့သို့လည်း ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် လျှောက်ထားလွှာတစ်စောင် ပေးပို့လိုက်သည်။

ရွှေညဝါဆရာတော်နှင့်ပက်သက်သည့် ဦးအောင်သောင်း၏ လုပ်ဆောင်ချက်သည် သမ္မတကြီး ဖော်ဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို ကြီးစွာအနှောင့် အယှက်ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီတစ်ခု၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဆက်လက် ပြောကြားသည်။

“NLD ဝင်လာရင် သူနေရာပျောက်တော့မယ်လေ။ဒါကြောင့် သူကလွှတ်တော်ထဲကို NLD မဝင်လာရအောင်ရယ်၊ သူ့ကိုယ်ကျိုးစီးပွား တိုးတက်အောင် ရယ်ကို လုပ်တာ၊ ဒီလို မရိုးသားမှုတွေလုပ်လေ၊ သူလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ပျက်ပြားလေပဲ”ဟု ယင်းက ဆိုသည်။၏

ဦးအောင်သောင်းသည် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း သိသာသည့် အကျိုးရလဒ်များ ရရှိခဲ့သည်ကို မတွေ့ရသည့်အတွက် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးသင့်ကြောင်း ပြည်သူအများစုက ဆိုသည်။

“သူတို့လည်းဗျာ ဆယ်သက်စားမကုန်အောင် ချမ်းသာနေတာ၊ ဘာကြောင့် အေးအေးဆေးဆေးမနေဘဲ ပြည်သူတွေကို ဒုက္ခဆက်ပေးနေတာလဲ မသိဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ကြံ့ခိုင်ရေးအမတ်တချို့ ပါတီပြောင်းရန်စီစဉ်

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲသို့ ရောက်ရှိလာသည့် တိုင်းရင်းသားလူမျိုးဖြစ်သည့် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီဖြစ်ကြောင်း NLD သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည့် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ပါတီပြောင်းကြမဲ့ကိစ္စကို ကျွန်တော်တို့အချင်းချင်း တိုးတိုးတိတ်တိတ် စီစဉ်နေကြတယ်။” ဟု အထက်ပါ ကိုယ်စားလှယ်က ပြောကြားသည်။

ပါတီပြောင်းချင်ကြသည့် ကိုယ်စားလှယ်အများစုသည် လူငယ်များဖြစ်ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီအင်အားစုများကို တစုတစည်း တည်း ဖြစ်စေလိုသူများဖြစ်ကြောင်း သိရသည်။

လူငယ်များမှာ ပါတီစွဲကင်းရှင်းကြပြီး ပါတီကူးပြောင်းရန် အခက်ခဲမရှိသော်လည်း နိုင်ငံရေးသမားဝါရင့်ကြီးများမှာမူ ကူးပြောင်းရာတွင် လူမှုရေးပြဿနာ၊ ရာထူးပြဿနာ စသည့်ပြသနာများကြောင့် ပါတီတစ်ခုမှတစ်ခုသို့ ကူးပြောင်းရန် အခက်အခဲများ ရှိနေကြမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဘယ်ပါတီဝင်ဘဲ ဖြစ်နေဖြစ်နေ နှုတ်ထွက်ပြီးသွားရင်တော့ အန်ကယ်တို့ပါတီက လက်ခံဖို့အဆင်သင့်ပါပဲ” ဟု NLD မှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။

ယင်းကဲ့သို့ NLD ပါတီ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကို အလွန်ပင်ဝမ်းမြောက်မိပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ နှုတ်ထွက်ပြီး NLD ပါတီသို့ ကူးပြောင်းတော့မည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားသည်။

မိခင်ပါတီ NLD မှခွဲထွက်လာသော NDF ပါတီသည် ပါတီတစ်ခုလုံး ပြောင်းလဲကူးပြောင်းသွားအောင် မစွမ်းဆောင်နိုင်သည့်အတွက် တစ်ဦး တစ်ယောက်ချင်းအနေဖြစ်သာ ကူးပြောင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

NDF ပါတီမှ ပါတီဝင်များသည် အစုလိုက်အပြုံလိုက် နှုတ်ထွက်နေကြသည်ဟူသော သတင်းနှင့်ပတ်သက်၍ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက “နှုတ်ထွက်စာ လာတင်ထားတာကတော့ အခုအချိန်ထိ နှစ်ယောက်ပဲရှိသေးတယ်။ ပါတီဝင်အသစ်တွေတောင် အခုတလော တော်တော်များလာသေးတယ်” ဟု ဆိုသည်။

NDF ပါတီမှ ခွဲထွက်သွားသော အမျိုးသားဒီမိုကရေစီပါတီသစ် NNDP သည် မိခင်ပါတီဖြစ်သော NLD ပါတီနှင့် ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်ရန် ကြိုးစားသွားမည်ဟု NNDP ဥက္ကဋ္ဌ ဦးသိန်းညွှန့်၏ ပြောကြားချက်ကို ယင်းပါတီမှ အမတ်များနှင့် ပါတီဝင်များက စောင့်ကြည့်လျက်ရှိပြီး အခြေအနေပေါ် မူတည်ကာ မိခင်ပါတီသို့ ကူးပြောင်းမည်ဟု NNDP ပါတီဝင်အမတ်တစ်ဦးက ပြောကြားသည်။

NNDP ပါတီသည် မိခင်ပါတီ NLD ပြန်လည်မှတ်ပုံတင်ပါက NNDP ကိုဖျက်သိမ်းပြီး ပြန်လည်ပူးပြောင်း လုပ်ဆောင်သွားမည်ဟု NLD ပါတီ တရားမဝင် ရပ်တည်နေသည့် အချိန်ကအတည်အလင်း ကြေငြာထားသည့် ပါတီဖြစ်သည်။

Peace Press

 *******************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြဿနာက အဟန့်အတား ဖြစ်နေပါတယ်။ ခရီးသည်တွေ မြန်မာနိုင်ငံကိုလာရင် ဒီကိစ္စကို နားမလည်နိုင်အောင် ဖြစ်ကြတယ်။ ဘဏ်တွေ၊ လေယာဉ်လက်မှတ် အရောင်းဌာနတွေ၊ ခရီးလှည့်လည်ပို့ဆောင်ရေးတွေကအစ ဒေါ်လာအဟောင်းဆိုရင် မယူကြဘူး။ ဒါကြောင့် ခရီးသည်မှာအခက်အခဲ ဖြစ်ပေါ်နေတယ်ဆိုတာ ပြောပြီးသားပါ။ ဒီကိစ္စကို လွှတ်တော်မှာ တင်ပြသင့်နေပါပြီ။ နောက်ပြီးခရီးသွားလာရေးနဲ့ဆိုင်တဲ့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန၊ MTB စတာတွေကလည်း ဖြေရှင်း ပေးဖို့လိုအပ်လာပြီ။ ငွေစက္ကူဆိုတာက လည်ပတ်သုံးစွဲတဲ့ သဘောဆိုတော့ ဟောင်းနွမ်းမှုရှိတာပေါ့။ နိုင်ငံတကာမှာလည်း လက်ခံသုံးစွဲနေကြတယ်။ ကျွန်တော်တို့ တစ်နိုင်ငံပဲ ဒီပြဿနာရပ် ဖြစ်နေတာပါ။ ခရီးသည် အလုံးအရင်း ဝင်လာရင် ဒီအခက်အခဲကိုရှင်းပြဖို့ ခက်နေပါတယ်”

ဒီဇင်ဘာ ၂၀ ထုတ် NewsWatch Weekly အတွဲ (၇) အမှတ် (၂၅) တွင်ပါသည့် “စီးပွားရေးတွင် အဟန့်အတား ဖြစ်နေသော ဒေါ်လာအဟောင်းအသစ် ပြဿနာ” သတင်းမှ ဦးအေးကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြုပြင်ပြောင်းလဲနေတဲ့ နိုင်ငံတစ်ခုမှာ GNP, GDP တက်လာဖို့ဆိုရင် အဲယားကွန်းခန်းထဲမှာထိုင်ပြီး တွက်နေလို့ မရဘူး၊ အပြင်ထွက်ပြီး ပြည်သူ့အသံ များများ နားထောင်လိုက်တာနဲ့ GNP, GDP တက်လာသလားဆိုတာတွက်လို့ရတယ်၊ အဆင်မပြေရင် အဆင်ပြေတဲ့နေရာပေါ်မှာ ထိထိရောက်ရောက် ပေါ်လစီချမှတ်ပြီး အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကောင်းသော အစိုးရရဲ့ပေါ်လစီလို့ ခေါ်နိုင်တယ်”

ဒီဇင်ဘာ ၁၆ ထုတ် မော်ဒန်ဂျာနယ် အမှတ် (၂၈၈) တွင်ပါသည့် “စီးပွားရေးအခက်အခဲအကြံပေးတင်ပြနိုင်” သတင်းမှ စီးပွားရေးပညာရှင် တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မော်ဒန်။  ။ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ပွင့်လာရင် တရုတ်အပေါ် ဆက်မှီခိုနေဖို့လိုသလား။

ဖြေ။  ။ တကယ်တမ်းက မမှီခိုဘဲမရဘူး။ အပြန်အလှန် သွားနေဖို့ လိုအပ်တယ်။ စီးပွားရေးပိတ်ဆို့မှုရှိတာကြောင့် အဓိက ကုန်တွေကစင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့ကဝင်တယ်။ တကယ်လို့ စီးပွားရေးပြန်ပွင့်လာရင် မြန်မာနိုင်ငံအတွက် ရွေးချယ်စရာတွေ ပိုများလာမယ်။ ရွေးချယ်စရာ အခွင့်အလမ်း ပိုများလာရင် အရည်အသွေးတွေ ပိုကောင်းလာမယ်။ စားသုံးသူတွေအတွက် တန်ရာတန်ကြေးပိုရလာမယ်။ အခုဆို စားသုံးသူ အခွင့်အရေးကို ကောင်းကောင်း နားမလည်ကြ သေးဘူး။ တရုတ်မိတ်မို့ ဈေးပေါတယ်။ ပစ္စည်းမကောင်းဘူးဆိုရင် လွှင့်ပစ်တယ်။ အဲသည် ခံစားချက်တွေ အများကြီးကျန်နေသေးတယ်။ အကြောင်းက ရောင်းသူ မများသေးတော့ ရွေးချယ်စရာ မရှိလို့ပါ။ နိုင်ငံအခင်းအကျင်းကြောင့် စီးပွားရေးပိတ်ဆို့ခံရချိန်မှာ ဈေးကွက်မရတဲ့အတွက် တခြားနိုင်ငံတွေက ပိုအားကြီး လာစေ တယ်။

ဒီဇင်ဘာ ၁၆ ထုတ် မော်ဒန်ဂျာနယ် အမှတ် (၂၈၈) တွင်ပါသည့် “စီးပွားရးပညာရှင် ဦးမျိုးမင်းနှင့် အင်တာဗျူး”မှ ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs