Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. မမေ့လျော့သင့်တဲ့ မျိုးဆက်သစ်ခေါင်းဆောင် မွေးထုတ်ရေး

              ******************************************

ဆောင်းပါးကဏ္ဍ

မမေ့လျော့သင့်တဲ့ မျိုးဆက်သစ်ခေါင်းဆောင် မွေးထုတ်ရေး

လူငယ်တွေသည် တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်လောင်းလျာများဟု လက်ရှိခေါင်းဆောင်တွေ အစဉ်အမြဲ မိန့်ခွန်းခြွေလေ့ရှိကြသည်။ သို့ရာတွင် အမှန်တကယ်ရော လူငယ်မျိုးဆက်တွေအပေါ် စေတနာထားရဲ့လားဆိုသည်မှာ သံသယ ဖြစ်စရာပင်။

အဝေးကို ကြည့်ရန်မလို။ ဦးနေဝင်း အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာ့ပညာရေးမှာ ဦးစိုက်ဆင်းသွားခဲ့သည်။ တပ်မတော်အစိုးရ နောက်ပိုင်းတွင် ပို၍ ဆိုးဝါးသွားပြီး နာလံမထူနိုင်အောင် ဖြစ်ရသည်။ လူငယ်တွေမှာ သမိုင်းမသင်ခဲ့ရ။ သမိုင်းမသင်၍ အကုန်ကြသည်။ နိုင်ငံရေးနှင့် ပတ်သက်တာ မသင်ရ။ ထို့ကြောင့် နိုင်ငံရေးကို နားမလည်။ နိုင်ငံရေးကလွဲလျှင် လုပ်ချင်ရာလုပ်၍ရသော ကျောင်းသားဘဝကို ဖန်တီးပေးထားသဖြင့် လမ်းလွဲရောက်ကုန်ကြသည်။ ထိုသို့သော စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားသည့် လူငယ်တွေမှာ မည်သို့မျှ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်စရာမရှိ။ ဖြစ်လာလျှင်လည်း ဖွတ်မိကျောင်းဖြစ်၊ မြစ်မချမ်းသာ ဟူ၍သာ ဆိုရပေတော့မည်။

ပညာရေးက ချို့ယွင်းသော်လည်း မွေးရာပါ သန္ဓေကြောင့် နိုင်ငံနှင့် လူမျိုးအကျိုးကို ဆောင်ရွက်လိုသည့် လူငယ် သူရဲကောင်းလေးတွေလည်း ပေါ်ခဲ့ဖူး ပါ၏။ အချို့မှာ ရယ်ဒီကယ်လမ်းစဉ်ကိုလိုက်ပြီး ထောင်အသီးသီးမှာ စံမြန်းရ၏။ ကိုယ်ကျင့်တရားနှင့် အနစ်နာခံမှုမှာ ပြောစရာမရှိ၍ ပြည်သူတွေ၏ ချစ်ခင်မှုကို ရကာ အနာဂတ်၏ ခေါင်းဆောင်ဟု သတ်မှတ်ခံရသည်။ ဟာဒယနှင့်တွေ့လျှင် ခေါင်းဆောင်တင်တတ်သော မြန်မာ့ဓလေ့က ယနေ့အထိ အရိုးစွဲနေသည်။ ထောင်ထဲမှာ အချိန်ကုန်နေရသော လူငယ်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတွေကို မသိဘဲနှင့် မည်ကဲ့သို့ တိုင်းပြည်ကို ခေါင်းဆောင်မှုပေးမည်နည်း။

နိုင်ငံနှင့် ပြည်သူအတွက်လည်း ပေးဆပ်ချင်စိတ်ရှိသည်။ အစိုးရ၏ ပညာရေးကိုလည်း အားမကိုး။ မိမိကိုယ်ကို ပြင်ပဗဟုသုတ ရနိုင်သမျှ ရှာဖွေ ဖြည့်တင်းပြီး နိုင်ငံတကာမှာ ပညာသင်ခွင့်ရရန် ကြိုးပမ်းနေသည့် လူငယ်တွေလည်းရှိပါသည်။ ထိုလူငယ်တွေသည် တနေ့နေ့တချိန်ချိန်တွင် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်ကြီးတွေ ဖြစ်လာကြပေမည်။ သို့ရာတွင် တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာမလားဆိုသည်မှာ သံသယဖြစ်ဖွယ်ပင်။ ထို သို့သော လူငယ်တွေကို နိုင်ငံရေးတွင် အမှန်တကယ် နေရာပေးသည်ကို လောက်လောက်လားလား မတွေ့ရသေး။ နေရာပေး ပြုစုပျိုး ထောင်ဖို့ထက် လက်ရှိလူကြီးတွေက သြဇာပေးဖို့သာ ကြိုးစားနေကြသည်။ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော ပညာတတ်လူငယ်တွေ တပုံတပင် ရှိနေပါသည်။ ပွင့်လန်းလာသော ခေတ်အခါအရ ပညာသင်ဆုတွေရရှိပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ရပညာတတ်တွေလည်း ရှိပါသည်။ နိုင်ငံရေးကို စိတ်ဝင် စားသော်လည်း ဘုန်းကြီးတစ္ဆေ တွေလို ပြောရဆိုရခက်သော ခေါင်းဆောင်တွေကြောင့် ထိုသို့သော လူငယ်တွေ နိုင်ငံရေးထဲ၊ အုပ်ချုပ်ရေးထဲ ရောက်မလာဘဲ လက်ညှိုးထောင် ခေါင်းညိတ်လူငယ်တွေသာ ရောက်လာကြသည်။ ထိုသို့ဖြင့် ဗျူရိုကရေစီ ယန္တရားတစ်ခုလုံးလည်း  ပျက်စီးသွားရတော့သည်။

၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခြေအနေမှာ သိသိသာသာ ထူးခြားပြောင်းလဲသွားခဲ့သည်။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ပွဲများ ရှိလာပြီး ပါတီတွေလည်း ပေါ်လာပြီဖြစ်သည်။ လူငယ်နိုင်ငံရေးသမားတွေလည်း ပေါ်ထွက်လာခဲ့သည့်တိုင် လွှတ်တော်ထဲ ရောက်သည့် လူငယ်နိုင်ငံရေးသမားကတော့ ရှားပါးခဲ့သည်။ ယခင်က လွှတ်တော်ထဲရောက်ဖို့ တန်းစီစောင့်ဆိုင်းနေကြသည့် စီနီယာနိုင်ငံရေးသမားကြီးတွေကို အလှည့်ပေး နေ၍လားမသိ။ ပါတီတွေမှာလည်း နှစ်ပေါင်းနှစ်ဆယ်အတွင်း ရွေးကောက်ပွဲ ဝင်ကြရသည်ဖြစ်၍ ပါတီတည်ဆောက်ရေးကို အချိန်မပေးနိုင်၍ ရှိသည့် လူနှင့် ဝင်ပြိုင်ရတာလည်း ပါပေလိမ့်မည်။ သို့ရာတွင် ရွေးကောက်ပွဲပြီးသည့်တိုင် ပြည်ခိုင်ဖြိုးရော ဒီမိုကရက်ပါတီတွေပါ မျိုးဆက်သစ် ခေါင်းဆောင် မွေးမြူတာမျိုး မတွေ့ရသေးပေ။ ပါတီတွေအားလုံးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကာလက လူငယ်ဗော်လံတီယာတွေ အများအပြား ရရှိခဲ့ကြသည်။ တက်ကြွသည့်လူငယ်တွေကို အနာဂတ်၏ ခေါင်းဆောင်တွေဟု သြဘာပေးခဲ့သည့်တိုင် ရွေးကောက်ပွဲပြီးတည်းက လူကြီးတွေလည်း အလုပ်များနေသဖြင့် လူငယ်တွေကို မေ့လျော့သွားကြဟန် တူပါသည်။ ထူးခြားချက်မှာ လူငယ်တွေအများအပြားရှိသော NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အများတကာထက် သတ္တိကောင်းသော သူရဲကောင်းလေးများဖြစ်၍ အနာဂတ် ခေါင်းဆောင်လောင်းမှာ NLD က ထွက်ပေါ် လာမလားဟု တွေးနိုင်စရာရှိသည်။

သို့သော် ပါတီတွေအနေဖြင့် လူငယ်မျိုးဆက်သစ် စီမံကိန်းကို စိတ်ဝင်စားမည်ဟု ယူဆနိုင်စရာ အချက်တစ်ချက်တော့ တွေ့ရသည်။ ပြည်ခိုင်ဖြိုး ပါတီနှင့် လွှတ်တော်တွင်းက ဒီမိုကရက်ပါတီတွေက လူငယ်တွေကို ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစေလွှတ်ခဲ့သလို NLD ကလည်း အားကျမခံ ၎င်းတို့၏ လူငယ်တွေကို ပိုလန်နိုင်ငံသို့ စေလွှတ်ပြန်သည်။ ဤသည်မှာ လူငယ်ခေါင်းဆောင် မွေးထုတ်ရေး၏ အစဦးဆုံးခြေလှမ်းများ ဖြစ်သင့်ပါသည်။ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စရပ်များလည်းဖြစ်ပါသည်။ သို့ရာတွင် ပါတီတွေ မမေ့မလျော့ရှိစေချင်သည်မှာ အထက်ကဆိုခဲ့သော ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်သည့် လူငယ်လေးများကို မရှာဖွေနိုင်သေးခြင်းဖြစ်သည်။ ရှိပြီးလူငယ်တွေကိုသာ အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းနေသည့် သဘောဖြစ်သည်။ တစ်ဖက်တွင်လည်း အရည်အချင်းရှိသော လူငယ်များကို ပါတီတွင်းသို့ ရောက်ရှိလာအောင် စည်းရုံးသိမ်းသွင်းနိုင်ရန် လိုအပ်ပါသည်။

နိုင်ငံတကာမှာ ကြည့်လျှင်လည်း လူငယ်နိုင်ငံရေးသမားတွေ၏ အခန်းကဏ္ဍကို အလေးပေးလာသည်ကို တွေ့နေရသည်။ အိုဘားမား၊ ဒေးဗစ် ကင်မရွန်းတို့သည် သက်ဆိုင်ရာ ပါတီကြီးများ၏ မျိုးဆက်သစ်ခေါင်းဆောင်မွေးထုတ်မှုများမှ လာခဲ့သလို တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်သည်လည်း အမြော်အမြင်ကြီးမားစွာဖြင့် သမ္မတငါးဆက်စာကို စနစ်တကျပျိုးထောင်သွားခဲ့သည်ကို တွေ့ရသည်။ အိန္ဒိယတွင်လည်း ဆိုနီယာဂန္ဒီသည် အသက် သုံးဆယ်ကျော် အရွယ်သာရှိသေးသည့် သားဖြစ်သူ ရာဟူးဂန္ဒီကို စနစ်တကျ ပြုစုပျိုးထောင်ထားပြီး တစ်ချိန်ချိန်တွင် အိန္ဒိယ၏ခေါင်းဆောင်အဖြစ်သာမက ကွန်ဂရက် ပါတီ၏ ဥသျှောင်ဖြစ်ရန်ပါ ရည်မှန်းထားသည်ကို တွေ့ရသည်။ ယုတ်စွအဆုံး ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအီလ်သည်ပင်လျှင် အသက် ၂၇နှစ် အရွယ်သာရှိသေးပြီး ငယ်ရွယ်ထက်မြက်သော သားဖြစ်သူ ကင်ဂျုံအန် ကို အာဏာလွှဲပြောင်းပေးခဲ့သည်ကို တွေ့ရသည်ဖြစ်ရာ လူငယ် မျိုးဆက်သစ်ခေါင်းဆောင် မွေးထုတ်ရန် မည်မျှ အရေးကြီး သည်ကို လက်တွေ့မြင်ရမည်ဖြစ်သည်။

ထို့ကြောင့် ပါတီတွေအနေဖြင့် လူငယ်မျိုးဆက်သစ် ခေါင်းဆောင်မွေးထုတ်ရေးမှာ ပါတီအတွက်သာမက နိုင်ငံအတွက်ပါ အမျိုးသားရေး အမြင်ဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ပါကြောင်း………….။

*************************************************************************************

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၈.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရေသုံးစွဲခ မီတာစနစ်ဖြင့်သာ အခွန်ကောက်ခံတော့မည်
  2. နယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှု ခွင့်ပြု
  3. ရွှေတိဂုံရှိ လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အကျဉ်းထောင်များသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည်
  2. ILO အကူအညီဖြင့် အလုပ်သမားဥပဒေရေးဆွဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

              ******************************************

ပြည်တွင်းသတင်းများ

ရေသုံးစွဲခ မီတာစနစ်ဖြင့်သာ အခွန်ကောက်ခံတော့မည်

စည်ပင်ဌာနမှ ပြည်သူများသုံးစွဲနိုင်စေရန် ဆောင်ရွက်ပေးထားသည့် ရေသုံးစွဲခများကို အခွန်စနစ်ဖြင့်သာ ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ပြည်သူများ၏ ရေသုံးစွဲခများကို မီတာစနစ်နှင့် ပုတ်ပြတ်စနစ်ပာူ၍ နှစ်မျိုးကောက်ခံခဲ့သော်လည်း ပြည်သူများ ရေပိုမိုသုံးစွဲမှုရှိသည့်အပြင် အခွန်ကောက်ခံရာတွင်လည်း ရေဖိုးအပြည့်အဝမရရှိသည့်အတွက် ယခုကဲ့သို့ ရေသုံးစွဲမှုအားလုံးကို မီတာစနစ်ဖြင့်သာသုံးစွဲရန် ပြောင်းလဲသတ်မှတ် လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ စည်ပင်သာယာဌာနမှ ပြည်သူများသုံးစွဲနိုင်စေရန် သွယ်တန်းထားသည့် ရေဆက်သွယ်မှုပေါင်း နှစ်သိန်းသုံးသောင်းကျော်ရှိပြီး အကြမ်းဖျင်း စာရင်းကောက်ယူမှုများအရ တစ်သိန်းငါးသောင်းမှာ မီတာစနစ်ဖြင့် အခွန်ကောက်ယူ၍ ကျန်ခုနှစ်သောင်းကျော်မှာ ပုတ်ပြတ်စနစ်ဖြင့် အခွန်ကောက်ယူ၍ သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း ရေမီတာခွန်များကို မှန်မှန်ကန်ကန်ဖြင့် ပေးဆောင်ရန်လိုအပ်ပြီး ရေမီတာအခွန် လွတ်ကင်းစေရန် ရေမီတာအရှေ့မှ ပိုက် သွယ်တန်း၍ ရေသွယ်တန်းအသုံးပြုနေသူများကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်အတွင်း စည်ပင်သာယာမှ ရေများကို အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် အိမ်သုံးများအဖြစ် ပေးဝေလျက်ရှိပြီး ရေမီတာ စည်းကြပ်ကောက်ခံမှုများကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိ စည်ပင်မှ ရေမီတာ အခွန်ကောက်ခံမှုနှုန်းထားများမှာ အစိုးရဌာနနှင့် အိမ်သုံးများအတွက် ရေတစ်ဂါလန်လျှင် ၂၅ ပြား၊ စီးပွားရေးသုံးများ အတွက် ရေတစ်ဂါလန်လျှင် ၃၅ ပြားနှုန်းဖြင့် ကောက်ခံလျက်ရှိပြီး လစဉ် ရန်ကုန်မြို့နေ လူထုအတွက် ရေပေးဝေရေးဌာနမှ ရေဂါလန် သန်း ၁၆၀ ပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှု ၄၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------နယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှု ခွင့်ပြု

နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ပြည်တွင်းပိုလျှံဆန်များကို တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ နယ်စပ်ကုန်သွယ်မှုမှတဆင့် ဆန်တင်ပို့ခွင့်ပြုကို နိုဝင်ဘာလမှ စတင်၍ ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်တွင် ဆန်တန်ချိန် ၅၀၀၀ ခန့်ကို တင်ပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်သို့ဆန်တင်ပို့ခြင်းသည် ပုံမှန်ကုန်သွယ်ရေးဖြင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းထက် ဈေးပိုရနေ သော်လည်း ရန်ကုန်မှဆန်များကို တင်ပို့ခြင်းထက် စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်များကို တင်ပို့ရောင်းချခြင်းသည် ပို၍တွက်ခြေကိုက်ကြောင်း ဆန်စပါး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဈေးကွက်အရန်ဆန် ထားရှိနိုင်ရေးအတွက် ဆန်တန်ချိန် ၁၀၀၀ ကို ဝယ်ယူရန် တင်ဒါ စတင်ခေါ်ယူနေပြီဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်မှ အရန်ဆန်ထားရှိရေးအတွက် ဝယ်ယူမည့် အရန်ဆန်အမျိုးအစားများမှာ ဧည့်မထ ၂၅ မတ် အရည်အသွေးမှီ ဆန်ဖြစ်ရမည်ဖြစ်ပြီး အရည် အသွေးကို နိုင်ငံတာအသိအမှတ်ပြု ဆန်စစ်ဆေးရေး အဖွဲ့အစည်းတစ်ခုခုဖြင့် စစ်ဆေးလက်ခံယူမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ အရန်ဆန် တန်ချိန်တစ်သိန်း ဝယ်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလဆန်းပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် စပါးပေါ်ချိန်၌ ပြည်ပလက်ဝယ်မရှိသည့်အတွက် စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ်သုံးသိန်းဝန်းကျင်သာ ရှိပြီး ဝယ်မည့်သူမရှိဖြစ်နေကြောင်း တောင်သူများက ဆိုသည်။

YC

--------------------------------------------------------------------------------------------------------------------------------ရွှေတိဂုံရှိ လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်း

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရှိ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လာမည့် ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လာမည့် ၂၀၁၂ ခုနှစ်တွင် ရွှေတိဂုံစေတီတော် လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်၊ ဓာတ်ပုံ၊ ကားကွင်း၊ ရွှေဆိုင်း၊ အုန်းငှက်ပျော၊ ထီ၊ ခိုစာ၊ လိပ်စာ ပါဝင်သည့် လုပ်ငန်း ၁၄ မျိုးကို လာမည့် ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်စာ ဈေးပြိုင်စနစ်ဖြင့်ခေါ်ယူ၍ ကျပ်သိန်းပေါင်း ၁၁၀၀၀ ဖြင့် လုပ်ငန်းရှင်များ လုပ်ငန်း လုပ်ကိုင် နိုင်ရန် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွှေတိဂုံစေတီတော်ကြီးရှိ လုပ်ငန်းများလုပ်ကိုင်ရန် လုပ်ငန်းရှင်များအား ကန်ထရိုက်ချထားပေးခြင်းမှ ရရှိလာမည့် ရွှေတိဂုံ စေတီတော်ကြီး၏ စီမံခန့်ခွဲမှု ဝင်ငွေများကိုလည်း ရွှေတိဂုံစေတီတော်ရှိ ဝန်ထမ်းများအား လစာပေးခြင်း၊ လုပ်သက်ဆုကြေးပေးခြင်းနှင့် အိုနာစာရန်ပုံငွေ စုထားပေးခြင်းတို့တွင် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရွှေတိဂုံစေတော်ကြီးရှိ ရွှေဆိုင်းလုပ်ငန်းမှာ သိန်း ၃၃၀၀ ကျော်ရရှိသည့် ဝင်ငွေအများဆုံး လုပ်ငန်းဖြစ်ကာ ကျန်လုပ်ငန်းများမှာ သိန်း ၁၀၀၀ နီးပါးခန့် ရရှိပြီး  ၂၀၁၁ ခုနှစ်တွင် ၎င်းလုပ်ငန်းများမှ ကျပ်သိန်း ၇၀၀၀ ကျော်ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရွှေတိဂုံစေတီတော်ကြီးရှိ လုပ်ငန်း ၁၄ မျိုးအား ပုဂ္ဂလိကအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိမည့် လုပ်ငန်းရှင်နှင့် နှစ်ချုပ် စာချုပ်ချုပ်ဆို သွားမည် ဖြစ်ကြောင်း သိရသည်။

Ref:ရန်ကုန်တိုင်းမ်

************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အကျဉ်းထောင်များသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည်

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှစတင်၍ ဖွဲ့စည်းခဲ့သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် နိုင်ငံ အတွင်းရှိ အကျဉ်းထောင်များသို့ ပထမဆုံးအကြိမ် သွားရောက်လေ့လာမည်ဖြစ်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည့် အကျဉ်းထောင်များမှာ ရန်ကုန်မြို့အနီးတစ်ဝိုက်၌ တည်ရှိသော အကျဉ်းထောင်များ၊ ရဲဘက်စခန်းများကို သွားရောက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းသားများ၏ အခြေအနေကို ခြုံငုံလေ့လာ၍ တွေ့ရှိချက်များကို သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားစာ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အကျဉ်းထောင်များသို့ သွားရောက်လေ့လာမည့် ရက်အတိအကျကို တရားဝင်ထုတ်ဖော် ပြောကြား သွားခြင်း မရှိသေးသော်လည်း ဒီဇင်ဘာလနှောင်းပိုင်းတွင် ကော်မရှင်အနေဖြင့် သွားရောက်လေ့လာရန် လျာထားကြောင်း သိရသည်။

ထို့ပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကချင်ပြည်နယ် Conflict area များသို့ ဒီဇင်ဘာလအတွင်း သွားရောက်လေ့လာခဲ့ပြီး ၎င်းဧရိယာ အတွင်းရှိ ဒုက္ခသည်များအတွက် Refugee Camp များမှာထားပြီး လက်ရှိအချိန်တွင် UNHCR ကတ်များ ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များသို့လည်း သွားရောက် လေ့လာခဲ့ပြီး ကျေနပ်အားရမှုများ ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစိုးရသစ်လက်ထက်တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပိုင်နိုင်မှုရှိသည့် အငြိမ်းစား ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ပြစ်ဒဏ်ကျခံခြင်းမှ ပြန်လည် လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံသို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားချက်သည် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အထင်ရှားဆုံး စွမ်းဆောင်မှုပင် ဖြစ်သည်။

YC

--------------------------------------------------------------------------------------------------------------------------------

ILO အကူအညီဖြင့် အလုပ်သမားဥပဒေရေးဆ

နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့၌ ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည့် အလုပ်သမား အဖွဲ့အစည်းဥပဒေကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်(ILO) အကူအညီဖြင့် နိုင်ငံတကာ စံနှုန်းအမီ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတမှ ပြဋ္ဌာန်းလိုက်သည့် အလုပ်သမားအဖွဲ့အစည်းဥပဒေတွင် ILO ၏ စည်းမျဉ်း ၈၁ ခုနှင့် ကိုက်ညီစေရန် ရေးဆွဲထားပြီး ၎င်း ဥပဒေ ရေးဆွဲနိုင်ရန် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်မှ ပညာရှင်များ၏ အကူအညီကိုရယူ၍ ယခုနှစ် ဇွန်လမှစတင်၍ ဥပဒေမူကြမ်းရေးဆွဲခဲ့ခြင်းဖြစ်ကာ ပြည်တွင်းရှိ ဥပဒေရေးရာကျွမ်းကျင်သူများနှင့် နိုင်ငံတော်အစိုးရအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ဥပဒေပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခု ဥပဒေသည် လုပ်ငန်းခွင်နှင့် နိုင်ငံတော် တိုးတက်တည်ငြိမ်စေရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာစေနိုင်မည်ဖြစ်ကာ အဓိကအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်ဖြစ်ပြီး နောင်နှစ်မှစတင်၍ အလုပ်သမားအဖွဲ့အစည်းများကို တရားဝင် ဖွဲ့ခွင့်ရရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုရေးဆွဲပြဋ္ဌာန်းကြေညာလိုက်သည့် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ယခုထက်ပို၍ ကောင်းမွန်ခိုင်ခံ့နိုင်စေရန် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေကိုလည်း ဆက်လက်ရေးဆွဲလျက်ရှိပြီး  မကြာခင်အချိန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး ၎င်း ဥပဒေ၌ အခန်း ၁၄ ခန်းနှင့် ပုဒ်မ ၅၈ ခု ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

              Ref:Popular News

**********************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဝန်ကြီး ဦးအောင်ကြည်က အိုင်တီလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်ဆန်တွင်ကျယ်ဖို့ လိုအပ်တဲ့အကြောင်း ပြောတယ်။ အဓိကကတော့ လူ့စွမ်းအား အရင်းအမြစ် တည်ဆောက်ရေးဆွေးနွေးပွဲပါ။ လူမှုဖူလုံရေး ဥပဒေကြမ်းစာအုပ်လေးလည်း ထွက်နေပြီ။ အဓိကပွိုင့်ကတော့ ဝန်ထမ်းတွေ၊ အလုပ်သမား တွေအတွက် လူမှုဖူလုံ ရေးဆုငွေ၊ အသက်ကြီးလို့ ပင်စင်စားတဲ့အခါမှာ ခံစားခွင့်တွေရှိပါတယ်။ ဝန်ထမ်းတွေအတွက် အင်မတန်ကောင်းတဲ့အချက်တွေပါ တယ်”

ဒီဇင်ဘာ ၂၉ ထုတ် 7Days News အတွဲ (၁၀)၊ အမှတ် (၄၁) တွင်ပါသည့် ‘နိုင်ငံတကာစံနှင့်အညီ ရေးဆွဲနေသော လူမှုဖူလုံရေး ဥပဒေကြမ်း လာမည့် လွှတ်တော်တွင် တင်သွင်းမည်’ သတင်းမှ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အမှုဆောင် ဦးအောင်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------“ဦးအောင်မင်းနဲ့ တစ်ခါထက်တစ်ခါ ပိုပြီး ရင်းနှီးမှုရလာတယ်။ သူကပွင့်လင်းတယ်။ ပြောသင့်ပြောထိုက်တာတွေ ပြောပါတယ်။ အလုပ်သဘောတွေ့တဲ့ အချိမှာ ဘားအံမှာ ထပ်တွေ့ဖို့သဘောတူညီချက်ရခဲ့တယ်။ သွားရေး၊လာရေးမှာ လုံခြုံရေးရဖို့ ဝန်ကြီးဘက်က သဘောတူညီမှုရခဲ့တယ်။ သွားရေး၊ လာရေးဆိုတာက မြဝတီကနေ ဘားအံကို သွားမယ့်အပိုင်းကိုပြောတာ”

ဒီဇင်ဘာ ၂၉ ထုတ် 7Days News အတွဲ (၁၀)၊ အမှတ် (၄၁) တွင်ပါသည့် “အစိုးရနှင့် ကေအင်ယူ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးရန် နီးကပ်လာ” သတင်းမှ ဖရိုစောဒေးဗစ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက ILO ရဲ့ စည်းမျဉ်း ၈၁ ခုနဲ့ ကိုက်ညီတဲ့အပြင် လုပ်ငန်းခွင်နဲ့ နိုင်ငံတော် တိုးတက်တည်ငြိမ်စေရေးအတွက် အများကြီး အထောက် အပံ့ ဖြစ်တယ်။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ဒီဥပဒေက အကာအကွယ် ပေးထားတယ်။ အခုရေးဆွဲနေတဲ့ နည်းဥပဒေ ထုတ်ပြန်ပြီးရင်တော့ နောင်နှစ်ကစပြီး အလုပ်သမားအဖွဲ့အစည်းတွေ တရားဝင်ဖွဲ့လို့ရပြီ”

ဒီဇင်ဘာ ၂၉ ထုတ် Popular News အတွဲ (၃) အမှတ် (၅၁)တွင်ပါသည့် “လက်ရှိပြဋ္ဌာန်းလိုက်သည့် အလုပ်သမားဥပဒေ ILO အကူအညီဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်” သတင်းမှ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

*************************************************************************************

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs