Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၂.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ၂၀၁၂ ဘတ်ဂျက်ကာလမှ စတင်၍ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်
  2. ဆန်ဘုရင် ဒေါက်တာကိုကိုကြီး အရန်ဆန်ဝယ်ယူရေးတွင် နောက်ကောက်ကျ
  3. တရုတ်စားသုံးဆီကြောင့် ပြည်တွင်းဆီဈေး ထိခိုက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. SNLD ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်
  2. ဖဒိုမန်းငြိမ်းမောင်အား လွှတ်ပေးရန် အစိုးရစဉ်းစား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

၂၀၁၂ ဘတ်ဂျက်ကာလမှ စတင်၍ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်

၂၀၁၁ ခုနှစ် ဇူလိုင်လဆန်းပိုင်း၌ နိုင်ငံတော် ဘတ်ဂျက်ငွေအခက်အခဲများကြောင့် ခေတ္တရပ်နားခဲ့ရသည့် နေပြည်တော်ရှိ နိုင်ငံပိုင် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဘတ်ဂျက်သစ် စတင်သည့်ကာလဖြစ်သည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ၌ ဆွေးနွေး၍ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၏ နိုင်ငံတော်ဘတ်ဂျက်သစ်ကို ချထားပေးမည်ဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်လဆန်းပိုင်းတွင် ရပ်ဆိုင်းခဲ့သည့် နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်၌ နိုင်ငံတော်ဘတ်ဂျက်ငွေ အခက်အခဲများကြောင့် နေပြည်တော်ရှိ နိုင်ငံပိုင်တည်ဆောက်ရေး လုပ်ငန်းများကို ရပ်နားထား လိုက်ရသည့်အတွက် နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်သားအများစုမှာ အခက်အခဲ အကြပ်အတည်းပေါင်းများစွာ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး အချို့ ဆောက်လုပ်ရေး လုပ်သားများမှာ ပုဂ္ဂလိပိုင်အလုပ်ရုံများသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်၌ ဆောက်လုပ်လျက်ရှိသည့် အစိုးရပိုင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ခုတင် ၅၀၀ ဆေးရုံ ၄ ရုံ၊ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ နိုင်ငံတော် ဧည့်ဂေပာာ၊ စစ်သမိုင်းပြတိုက်နှင့် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းနှစ်ကွင်းတို့ ဖြစ်ကြောင်း သိရသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

ဆန်ဘုရင် ဒေါက်တာကိုကိုကြီး အရန်ဆန်ဝယ်ယူရေးတွင် နောက်ကောက်ကျ

မြန်မာနိုင်ငံဆန်လောကထိပ်သီး ဒိုင်းမွန်းစတား ဒေါက်တာကိုကိုကြီးသည် ပထမဆုံးဝယ်ယူမည့် အစိုးရ၏ အရန်ဆန်ဝယ်ယူရေးတွင် မြန်မာနိုင်ငံ ဆန်စပါးလုပ်အသင်းကို မယှဉ်နိုင်ဘဲ အလဲထိုးခံလိုက်ရကြောင်း ဘုရင်နောင့် စိန်ပန်းလမ်းမှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးဝယ်ယူမည့် အစိုးရ၏ အရန်ဆန်ဝယ်ယူရေးကို ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းကာ ကုမ္ပဏီတစ်ခုတည်းမှ လက်ဝါးကြီးအုပ် ဝယ်ယူခြင်းမရှိဘဲ တောင်သူများထံမှ တိုက်ရိုက်ဝယ်ရန် မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းဝယ်ယူခဲ့သဖြင့် ဒေါက်တာကိုကိုကြီး အနေဖြင့် ဆန်လောကကို လက်ဝါးကြီးအုပ် ချယ်လှယ်ခွင့်မရတော့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

ဒေါက်တာကိုကိုကြီးအနေဖြင့် သမ္မတထံ အရန်ဆန်ဝယ်ယူခွင့် လုပ်ကိုင်နိင်ရန် ချည်းကပ်ခဲ့သော်လည် ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်းဝန်းကြီး ဦးဝင်းမြင့်ကိုယ်တိုင်က ကန့်ကွက်ခဲ့ကြောင်း သူ့လူကို အခွင့်အရေးပေးသည်ဟု ဆန်လောက၏ အထင်လွဲမှုကို ဦးဝင်းမြင့် ခံယူလိုပုံမရကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသူတစ်ဦး ဆိုသည်။

ဒေါက်တာကိုကိုကြီးသည် ငွေရင်းအင်အားကြီးမားစွာဖြင့် ဆန်လောကကို ထိန်းချုပ်ထားပြီး ပြည်ပပို့ရန် ဆန်ကို ဘုရင့်နောင်ပွဲရုံများမှ တဆင့်ခံ သွင်းခိုင်းရာတွင် ဆန်အရည်အသွေးကို အသားစီးယူကာ ဆန်ပွဲရုံများကို အနိုင်ကျင့်လေ့ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ဘုရင့်နောင်စစ်ကြောရေးရှေ့က ဂိုထောင်တွေမှာ ဆန်ကားတွေ ရီဂျက်ထိပြီး ဆန်ချဖို့အလှည့်ရောက်အောင် တန်းစီစောင့်နေရတယ်“ ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံအကြိမ်ဝယ်ယူမည့် အရန်ဆန် တန်တစ်သိန်းကို ပုဂ္ဂလိက၊ သမ၀ါယမ၊ အစိုးရ ငွေကြေးရင်းနှီးမှု အချိုးညီထည့်ဝင်ပြီး ဦးချစ်ခိုင်ဥက္ကဋ္ဌ၊ CB ဘဏ် ဦးခင်မောင်အေးက ဒုတိယဥက္ကဋ္ဌ၊ ဦးအောင်သန်းဦး အတွင်းရေးမှူး အဖြစ်ပါဝင်သည့် အရန်ဆန်ကြီးကြပ်မှုကော်မတီက စီမံခန့်ခွဲကာ စတင်ဝယ်ယူနေပြီဟု ပြည်တွင်း သတင်းဂျာနယ်များတွင်ဖော်ပြပါရှိသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

တရုတ်စားသုံးဆီကြောင့် ပြည်တွင်းဆီဈေး ထိခိုက်

တရုတ်နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်စားသုံးဆီများမှာ မြန်မာ့ဆီဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် အတွက် မြန်မာနိုင်ငံရှိ စားသုံးဆီဈေးနှုန်းများမှာ အဆမတန်ကျဆင်းပြီး ပြည်တွင်းဆီဈေး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တရုတ်နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် စားသုံးဆီများသည် အေးခဲသည့်ဂုဏ်သတ္တိ မရှိသည့်အတွက် ယခုနှစ် ဆောင်းရာသီအခြေအနေမျိုး၌ တောင်ပေါ်ဒေသများတွင် အများဆုံးရောင်းရသည့် ဈေးကွက်ဝင် စားသုံးဆီ အမျိုးအစားတွင် ပါဝင်လာခဲ့ကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် တရုတ်စားသုံးဆီ တစ်ပိဿာလျှင် ၂၃၂၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၂၄၅၀ ကျပ်နှင့် ပဲဆီတစ်ပိဿာလျှင် ၃၁၀၀ ကျပ်ရှိကြောင်း ပြည်တွင်းဆီဈေးကွက်အတွင်းမှ သိရှိရသည်။

“အဲဒီဆီတွေက တရားမဝင်ဆိုပေမယ့် တရားဝင်ပေးသလို ဝင်နေတယ်။ အဲဒါကြောင့် ဆီထွက်သီးနှံ ဈေးကွက်မှာလည်း ပြည်တွင်းဝယ်လိုအား ကျဆင်းနေတယ်။ လက်ရှိမှာ တရုတ်ဝယ်လက်ဘက်ကိုပဲ ရောင်းနေရတယ်”ပာု မန္တလေးကုန်စည်ဒိုင်မှ ဆီထွက်သီးနှံရောင်းအားအခြေအနေကို ကုန်သည်တစ်ဦးက ပြောဆိုသည်။

Ref:The Voice

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

SNLD ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်

နိုင်ငံရေးလုပ်ငန်းစဉ်များအား တရားဝင်လုပ်ကိုင်နိုင်ရန်အတွက် SNLD ပါတီသည် ပြန်လည်မှတ်ပုံတင်တော့မည်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဇန်န၀ါရီ ၂၀ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောသွားသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်အတူ ဇန်နဝါရီ ၁၃ရက်နေ့တွင် တောင်ငူထောင်မှ လွတ်မြောက်လာသည့် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဇန်န၀ါရီ ၂၀ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံရေးလုပ်ငန်းစဉ်များအား တရားဝင်လုပ်ကိုင် နိုင်ရန်အတွက် SNLD သည် ပြန်လည်မှတ်ပုံတင်ရခြင်း ဖြစ်သည်ဟုဆုံးဖြတ်လိုက်သည်ဟု ပြောသွားခြင်းဖြစ်သည်။

သို့သော် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် မှတ်ပုံတင်သည့်ကိစ္စရပ်အား လာမည့်ကြား ဖြတ်ရွေးကောက်ပွဲစာရင်း ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းမှုများအပြီးကို စောင့်ဆိုင်းပြီးမှသာ ပြုလုပ်မည်ဟုလည်း သိရှိရသည်။

                SNLD ပါတီသည် ယခင်က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ တိုင်းရင်းသားငါးပါတီ မဟာမိတ်အဖွဲ့ UNA တွင် ပါဝင်ခဲ့ပြီး ယခုတွင် ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သော ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီမှ (၁၈)ရက်နေ့တွင် ဦးခွန်ထွန်းဦးနေအိမ်သို့ လာရောက်ကမ်းလှမ်းမှုကိုလည်း ငြင်းဆိုလိုက်သည်ဟု သိရှိရသေးသည်။                "ကျွန်တော်တို့ဟာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် အချိန်မရတော့တာကြောင့် ဝင်မပြိုင်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ SNDP က ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ အဖွဲ့ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ လာရှိုးမဲဆန္ဒနယ်ရဲ့ အမျိုးသား လွှတ်တော်နေရာမှာ ဝင်ပြိုင်ဖို့ ၁၈ ရက် နေ့က အိမ်ကိုလာပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကမ်းလှမ်းချက်ကို ငြင်းဆိုတယ်ဆိုတာ ၂၀ ရက်နေ့ကပဲ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် လက်မှတ်နဲ့ SNDP ကိုပြန်ပြီး ပို့လိုက်ခဲ့ပါတယ်" ဟု SNLD ပါတီမှ ဦးစိုင်းလိတ်က ဆိုသည်။

ထိုဆုံးဖြတ်ချက်များကို ရန်ကုန်မြို့ ကိုးမိုင်လမ်းရှိ ဦးခွန်ထွန်းဦးနေအိမ်တွင် နှစ်ရက်ကြာကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်ဟု ၎င်းမှပြောသွားခဲ့သည်။

SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။ သို့သော် ၎င်းတို့သည် ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ခဲ့ခြင်းမရှိဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဖဒိုမန်းငြိမ်းမောင်အား လွှတ်ပေးရန် အစိုးရစဉ်းစား

လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူခြင်းခံထားရသည့် ဖဒိုမန်းငြိမ်းမောင်ကို ပြန်လည်လွှတ်ပေးရန် စဉ်းစားသွားမည်ဟု ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် အရေးယူအပြစ်ဒဏ် ချမှတ်ခြင်းကို ခံရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်စဉ်းစား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

                KNU တာဝန်ရှိတစ်ဦးက ဖဒိုမန်းငြိမ်းမောင်အပြင် ဖမ်းဆီးထောင်ချထားသော KNU အဖွဲ့ဝင်များကိုလည်း ပြန်လည်လွှတ်ပေးရန် အစိုးရထံ တောင်းဆိုသွားမည်ဟု ပြောကြားသည်။

ယင်းတောင်းဆိုမှုသည် KNU နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

ဖဒိုမန်းငြိမ်းမောင်ကို တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ သာထူးဇော်အမည်ဖြင့် ဝင်ရောက်လာစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်း၏နိုင်ငံကူးလက်မှတ်အား စစ်ဆေးရာတွင် တံဆိပ်အတုများ ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသည့်အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်း ထောင်ဒဏ် တစ်နှစ်ကို မင်္ဂလာဒုံတရားရုံးမှ အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ် တရားရုံးမှ ဖဒိုမန်းငြိမ်းမောင်အားဆက်လက်စစ်ဆေးရာတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ တပ်မပာာ(၆)တွင် လည်းကောင်း၊ KNU အထူးတပ်ရင်း (၁၀၀) ဝမ်မဂိတ်တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် KNU ဗပိာုညီလာခံ ကော်မတီ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်ပာု စစ်ဆေးတွေ့ရှိရသည့်အတွက် တရားရုံးမှ မတရားအသင်း အက်ဥပဒေဖြင့် ဆက်လက်တရားစွဲဆိုရန် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်မှု ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေးအတွက် နိုင်ငံရေးအင်အားစုများက တောင်းဆိုလာသည့်အတွက် အစိုးရကလည်း ပြန်လည်စိစစ်လျက်ရှိသည်။

Peace Press

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ကြိုဆိုပါတယ်။ အမြော်အမြင်ကြီးကြီးနဲ့ နိုင်ငံတော်ကို တစ်လှမ်းချင်းသွားတဲ့ ခရီးဟာသိပ်မနှေးဖို့ လိုသလို သိပ်မမြန်ဖို့လည်း လိုပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ ဖြစ်ထွန်းရပ်တည်ခဲ့တဲ့ ကျွန်တော်တို့ လူမျိုးတွေကို ဒီမိုကရေစီရဲ့ အနှစ်သာရဟာစည်းကမ်းဆိုတာ ညီညွတ်မှုဆိုတာ အပြန်အလှန် လေးစားမှုဆိုတာတွေနဲ့ အသားကျအောင် ကျွန်တော်တို့ လေ့ကျင့်ကြရဦးမယ်။ လွတ်လပ်ရေးရပြီးဆိုပြီး ဆေးရိုး ထွက်လှန်းတဲ့ လူမျိုးတွေ၊ ဒီမိုကရေစီရပြီဆိုပြီး လုပ်ချင်တာထွက်လုပ်မယ်ဆိုတဲ့ လူမျိုးတွေကို ကျွန်တော်တို့ အသိပညာ၊ အတတ်ပညာပေးပြီး နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုးတွေဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ သူတလူ ငါတမင်းလုပ်ချင်တဲ့ စိတ်ဓာတ်တွေရော၊ မင်းသားမလုပ်ရရင် ပတ်မကြီးထိုးခွဲချင်တဲ့ စိတ်ဓာတ်တွေရော၊ အကျင့်ဆိုး အကျင့်ဟောင်းတွေကိုရော ပြင်ကြရဦးမှာမဟုတ်လား။ နိုင်ငံတော်က သဘောထားအမှန်နဲ့ အနာဂတ်ကိုရည်မျှော်တဲ့ အပြောင်းအလဲတွေပေါ်မှာ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်တဲ့ ပါတီတွေဖြစ်ဖို့ အပြောအဆို မူဝါဒကစပြီး အကျင့်စရိုက်အဆုံးကို ပြုပြင်ဆင်ခြင်ရဦးမယ်”

ဇန်နဝါရီ ၂၀ ထုတ် First Weekly အတွဲ (၁) အမှတ် (၁၂) တွင်ပါသည့် “မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းက လွဲလို့ တခြား ရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း မီဒီယာများကို ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ထာဝရငြိမ်းချမ်းရေးဖြစ်ဖို့ဆိုရင် လူတစ်ဦးနဲ့တစ်ဦးကြားမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားမှာပဲဖြစ်ဖြစ် အဖုအထစ်တွေ၊ အကြိတ်အခဲတွေ အားလုံးကို ဖျက်ပြီးတော့ တကယ့်အရိုးခံနဲ့ ချဉ်းကပ်ကြဖို့ လိုတယ်လို့ မြင်တယ်၊ နောက်တစ်ခုက ဖြစ်နေတဲ့ ပြဿနာတွေကို အသေးစိတ် အကြောင်းရင်းတွေ၊ ဘာကြောင့် ပြည်တွင်းစစ် ဖြစ်နေတယ်ဆိုတဲ့ အခြေခံတွေကို ရိုးသားမှု အခြေခံပေါ်မှာမူတည်ပြီးအကြောင်းရင်းတွေ လေ့လာဖို့လိုပါ တယ်”

ဇန်နဝါရီ ၂၀ ထုတ် မော်ဒန်ဂျာနယ် အမှတ် (၂၉၃) တွင်ပါသည့် “ထာဝရငြိမ်းချမ်းရေးဖြစ်အောင် စိတ်ရင်းနဲ့ ကြိုးစားဖို့လို” သတင်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လူတစ်ယောက်တည်းပင် ဖြစ်သော်လည်း စိတ်ဆန္ဒရှိပါက တိုင်းပြည်တစ်ပြည်ကို လှုပ်ရှားအောင် လုပ်ဆောင်နိုင်ပါတယ်။ အခု ရွေးကောက်ပွဲမှာဆိုရင် လစ်လပ်တဲ့နေရာ ၄၈ နေရာရှိပါတယ်။ တချို့ကပြောကြတယ်။ လွှတ်တော်ထဲမှာ ၄၈ နေရာတည်းနဲ့ ဘာလုပ်နိုင်မှာမို့လို့လည်းလို့ မေးတဲ့သူတွေရှိတယ်။ ကျွန်မကတော့ ယုံကြည်ချက်ရှိတယ်။ တကယ်စိတ် ဆန္ဒရှိရင် တိုင်းပြည်တစ်ပြည်ကို လှုပ်ရှားအောင်လုပ်နိုင်တယ်”

ဇန်နဝါရီ ၂၄ ထုတ် News Watch weekly အတွဲ(၇) အမှတ် (၃၀) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရခြင်း အကြောင်းရင်းပြောကြား” သတင်းမှ ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment