Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၃.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပိတ်ပင်ခံထားရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြန်လည်ဖွင့်လှစ်ခွင့်ရ
  2. ကရင်ပြည်နယ်အတွင်း တရားမဝင် နိုင်ငံခြားငွေလဲလှယ်မှု တွင်ကျယ်လျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လာမည့်ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှုရှိပါက အားလုံးအဆင်ပြေသွားနိုင်မည်ဟု မက်ကိန်းမှ ပြောကြား
  2. လွှတ်တော်သို့ တင်ပြပြီးမှသာ မြန်မာနိုင်ငံတွင်းသို့ နျူးကလီးယားစစ်ဆေးရေး IAEA အဖွဲ့ဝင် နိုင်မည်
  3. တိုင်းလိုင်(ရှမ်းနီ)ပါတီသစ်တစ်ခု မှတ်ပုံတင်ခွင့်လျှောက်ထား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပိတ်ပင်ခံထားရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြန်လည်ဖွင့်လှစ်ခွင့်ရ

မြန်မာနိုင်ငံအတွင်း ယခင်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့်အတွက် ပိတ်ပင်ခံထား ရသည့် ခြောက်ထပ်ကြီးဘုရားဝင်းအတွင်းရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းအား ယခု အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ သာသနာ သိပ္ပံဘုန်းကြီးကျောင်းနှင့် သာသနာ့ဂုဏ်ရည် ဘုန်းကြီးကျောင်းတို့ဖြစ်ပြီး ၎င်း ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ပြန်လည်ဖွင့်လှစ်ခွင့် ရရှိသည့်ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာနေသူ တစ်ဦးက “အခု အစိုးရသစ်လက်ထက်မှာ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးတယ် ဆိုတာ အတော်ကောင်းပါတယ်။ သမိုင်းတွင်မယ့် ကိစ္စရပ်တွေပဲလေ။ ဘာပဲပြောပြော နိုင်ငံတော်သမ္မတအနေနဲ့ ဒီလို ပြည်သူနဲ့ ရပာန်းသံဃာတွေအပေါ်မှာ ဖြေလျော့မှုတွေ လုပ်ပေးတယ်ဆိုတာ ကောင်းပါတယ်”ပာု ပြောကြားသည်။

ယခင်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်အဓိကရုဏ်းတွင် ၎င်းဘုန်းကြီးကျောင်း နှစ်ကျောင်းမှ သံဃာတော်များ ပါဝင်ခဲ့သည့်အတွက် သာသနာရေးဝန်ကြီးဌာမှ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ရုံးချုပ်အခမ်းအနားကျင်းပရာတွင် ၎င်း ဘုန်းကြီးကျောင်း နှစ်ကျောင်းကို အသုံးပြုလေ့ ရှိပြီး ယခု ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပြီဖြစ်သည့်အတွက် ဘုန်းကြီးကျောင်းအတွင်းရှိ အမှိုက်များကို NLD လူငယ် ၁၂ ဦးမှ ဦးဆောင်၍ ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကရင်ပြည်နယ်အတွင်း တရားမဝင် နိုင်ငံခြားငွေလဲလှယ်မှု တွင်ကျယ်လျက်ရှိ

               ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း ပုဂ္ဂလိကဘဏ်အချို့ဖွင့်လှစ်ထားသော်လည်း ၎င်းဘဏ်များမှ နိုင်ငံခြားငွေ လဲလှယ်မှုများကို ဝန်ဆောင်မှု မပေးသည့်အတွက် ပြည်ပ တရားမဝင်ငွေနိုင်ငံခြားငွေလဲလှယ်မှု လုပ်ငန်းမှာတွင်ကျယ်လျက်ရှိကြောင်း မြဝတီဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းကြောင့် နိုင်ငံခြားငွေ လဲလှယ်ရာ၌ လိမ်လည်မှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းရှင်အများစုမှာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ယခုအစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်အရ မြဝတီနယ်စပ်အတွင်း ချစ်ကြည်ရေး တံတား ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ၎င်းဒေသအတွင်း ကုန်စည်စီးဆင်းမှုနှင့် နိုင်ငံခြားငွေ သုံးစွဲမှုများမှာ ယခင်ထက် ပိုမိုမြင့်တက်လာခဲ့သော်လည်း နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားများမှာမူ နိမ့်ကျလျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့အတွင်း နိုင်ငံခြားငွေ(ဘတ်)လဲလှယ်မှုများမှာ မြန်မာငွေကျပ်တစ်သိန်းလျှင် ၃ ဒဿမ ၈၇ ပြား၊ ဘတ် ၃,၈၇၀နှင့် ၄ ပြား၊ ဘတ် ၄,၀၀၀ အသီးသီး ပြောင်းလဲရောင်းဝယ် နေကြကြောင်း သိရသည်။

Ref:မြန်မာပို့စ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှုရှိပါက အားလုံးအဆင်ပြေသွားနိုင်မည်ဟု မက်ကိန်းမှ ပြောကြား

ဇန်န၀ါရီလ ၂၂ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်သည့် ဂျွန်မက်ကိန်း၊ ဂျိုလီဘာမင်၊ ရှယ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့သည် ညနေ ၆ နာရီ ကျော်တွင် အမေရိကန်စင်တာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲအပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးများနှင့် Sanction ကိစ္စရပ်များကို တစ်ဦးချင်းစီပြောသွားသည်။

ထို့နောက် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ၎င်းတို့အနေဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသည့်အဖွဲ့များအား လေ့လာခွင့်ပြုရန်နှင့် ထိုသို့ တောင်းဆို တိုက်တွန်းခြင်းမှာ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ရန်နှင့် ယင်းရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှုရှိစေရန်ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင်ပြောသွားကြောင်း သိရသည်။

“၎င်းတို့အနေဖြင့် Sanction ရုပ်သိမ်းခြင်းကိစ္စအား မြန်မြန်ရုတ်သိမ်း၍ရသော်လည်း လာမည့်ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတ၍ မှန်ကန် တယ်ဆိုလျှင်၊  အားလုံးအဆင်ပြေသွားနိုင်မည်”ဟု အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းမှ ပြောကြားသည်။

ထိုနောက် Sanction ရုတ်သိမ်းခြင်းနှင့် ပတ်သက်၍ ယခုလာမည့်ကြားဖြတ်ရွေးကောက်ပွဲ၏ အခြေအနေကို စောင့်ကြည့်မည်ဖြစ်ပြီး ထို Sanction ရုတ်သိမ်းခြင်းသည် သမ္မတအိုဘားမားနှင့် လွှတ်တော်အမတ်များမှ ပူးပေါင်း၍ သေချာသုံးသပ်ခြင်းများအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း ရှင်းပြသည်။

ထို့ပြင် ၎င်းတို့အဖွဲ့သည် ဇန်နဝါရီလ ၂၂ရက်နေ့ တစ်နေ့တည်းတွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ဖြင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စများနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေး အဖွဲ့များအား ခွင့်ပြုရေး ကိစ္စများကို ဆွေးနွေးသွားသည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အကောင်အထည်ဖော်နိုင်ရေးကို အစဉ်အားပေးခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၁ခုနှစ် ဇွန်လတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း စသည့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံသွားသေးသည်ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်သို့ တင်ပြပြီးမှသာ မြန်မာနိုင်ငံတွင်းသို့ နျူးကလီးယားစစ်ဆေးရေး IAEA အဖွဲ့ဝင် နိုင်မည်

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) စုံစမ်းစစ်ဆေးရေးမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ နျူကလီးယားလုပ်ငန်း ဆောင်ရွက်ခြင်း ရှိ၊မရှိ စစ်ဆေးရန် ကိစ္စရပ်မှာ လွှတ်တော်သို့ တင်ပြပြီးမှသာ ၎င်းအဖွဲ့အား ဝင်ခွင့်ပြုရေး၊ မပြုရေး ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်မှ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် နေပြည်တော်၌ ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမအဆင့်အနေဖြင့် IAEA ၏ Additional Protocol အား လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေကြောင်း၊ IAEA အဖွဲ့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုရေးမှာ အစိုးရအနေဖြင့် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့ လွှတ်တော်သို့ တင်ပြပြီး၍ IAEA ၏ Additional Protocol အား လက်မှတ်ရေးထိုးပြီးမှသာလျှင် ရှေ့ဆက်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ၎င်း Protocol အား လက်မှတ် ရေးထိုးသည့် အဆင့်သို့ပင် မရောက်သေးကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် ပူးပေါင်း၍ နျူကလီးယား တည်ဆောက်နေသည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစီမံကိန်းတစ်ခု တည်ဆောက်နိုင်ရန် အခြေအနေမရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ်သည် ဒီမိုကရေစီစနစ်အား ကျင့်သုံး၍ ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည့်အတါက် နောက် ကြောင်းပြန်လှည့်မည် မပာုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း လက်ရှိ အနောက်နိုင်ငံများမှ ပိတ်ဆို့ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူများကို ဖြေလျှော့ပေးရန်နှင့် ရုတ်သိမ်းပေးသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တိုင်းလိုင်(ရှမ်းနီ)ပါတီသစ်တစ်ခု မှတ်ပုံတင်ခွင့်လျှောက်ထား

TNDP အမည်ရှိသော တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများရှိ ရှမ်းနီလူမျိုးများအား ကိုယ်စားပြုသည့်ပါတီအဖြစ် ဇန်နဝါရီလ ၂၁ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ထံသို့ မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ကြောင်း ယင်း ပါတီမှ ဦးစိုင်းဌေးအောင်က ပြောကြားသည်။

“ကျွန်တော်တို့က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးတွေကို ပြန်စုစည်းချင်တာရယ်၊ ပြီးတော့ ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မှတ်ပုံတင်ရတာ ဖြစ်ပါတယ်” ဟု ၎င်းမှပြောကြားသည်။ ထို့ပြင် ၎င်းတို့၏ ရှမ်းနီလူမျိုးများအချို့သည် ရှမ်းပြည်နယ်ရှိ မိုးမိတ်၊ မဘိန်းဘက်များတွင်လည်း ရှိသည်ဟု ဆက်လက်ပြောကြားသည်။

သို့သော် ၎င်းတို့သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် အချိန်နောက်ကျနေပြီဖြစ်သဖြင့် နောက်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်သာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်များကိုလည်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်ရှိသော ရှမ်းနီတိုင်းရင်းသား ကိုယ်စားလှယ် (၁၈)ဦးတို့က ဇန်န၀ါရီ ၁၉ရက်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်တွင် အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်သည်ဟု သိရသည်။

“အမှန်ကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတာက ဇန်န၀ါရီ ၁၆ရက်နေ့ကနေပြီးတော့ ၃၁ရက်အထိ သတ်မှတ်ထားတာကြောင့် မမီတော့ဘူးလေ။ အခုမှ မှတ်ပုံတင်ခွင့် လျှောက်ထားတာ ဆိုတော့ ပါတီဝင် အင်အားရယ်၊ ပါတီအမှတ် တံဆိပ်နဲ့ အလံကိုလည်း မှတ်ပုံတင်ခွင့်ကို လက်ခံပြီဆိုမှပဲ ပြန်ပြီးဆွေးနွေးရမယ်” ဟု ယင်းပါတီတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ စိုင်းဌေးအောင်က ပြောကြားသည်။

ထို့ပြင် ယခုအချိန်တွင် ယင်းTNDP ပါတီအား ဦးဆောင်သူများမှာ ဦးစိုင်းဌေးအောင်၊ စောဝင်းထွန်းနှင့် ဦးအောင်ချင်းတို့သာ ဆောင်ရွက်နေပြီး ယခင် ၂၀၁၀ရွေးကောက်ပွဲတွင်လည်း ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟုလည်း သိရှိရသည်။

ATM

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြေလွတ်မြေရိုင်းတွေကို ကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့ ဦးပိုင်လက်ဦးမှုရအောင် လက်တွေ့မှာ စိုက်ပျိုးမွေးမြူမှု မလုပ်ဘဲနဲ့ ဦးပိုင်အမည်ခံ ပြီးတော့ မြေရှင်ကြီးစနစ် ဖြစ်နေခြင်းစတဲ့ အားနည်းချက်တွေ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့ နယ်တွေမှာဆိုရင်လည်း ပုဂ္ဂလိက တစ်ဦးကို လယ်ဧက ၅၀၊ ၁၀၀ ပိုင်ပြီးတော့မှ ကြိုးပြင်တာ၊ သစ်တောကြိုးဝိုင်းနဲ့ နီးစပ်တဲ့နေရာတွေမှာ လယ်ဦးပိုင်ခံတာပဲ။ ဘာမှလည်း မလုပ်ဘူး။ ဒီစနစ်တွေဟာ ဥပဒေကြမ်း အတည်ပြချက်ရမှ သူဟာအော်တိုမက်တစ် မြေရှင်ဖြစ်ဖို့ ရှိပါတယ်”

ဇန်နဝါရီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၁၇) အမှတ် (၁၇) တွင်ပါသည့် “မြန်မာနိုင်ငံ၌ လယ်သမားများထံမှ ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းပေးသော မြေဧကတိုးလာ လယ်ယောမြေဆုံးရှုံးမှုသည် နိုင်ငံလူဦးရေ၏ ၄၂ ရာခိုင်နှုန်း နေထိုင်ရာ တောင်ပေါ် တိုင်းရင်းသားဒေသများတွင် အဓိက ဖြစ်ပေါ်နေ” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဆန်ရှင်လုပ်တဲ့ ကာယကံရှင် နိုင်ငံတွေနဲ့ အခုထိတွေ့ဆက်ဆံနေပြီပဲ။ အဲဒီတော့ဆန်ရှင်ဖြစ်ရတဲ့ အကြောင်းတရားတွေကို ဖြေရှင်းရင် ဆန်ရှင်က သူဟာသူ ပြေလည်သွားမှာပါ။ တောင်းဆိုနေစရာ မလိုပါဘူး။ အဲတော့ ဆန်ရှင်လုပ်ရတဲ့ အကြောင်းအရင်းတွေကို ကျွန်တော်တို့ပါ ပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ အဲဒါက ဆန်ရှင်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားပါ”

ဇန်နဝါရီ ၂၅ ထုတ် မြန်မာပို့စ် အတွဲ (၄) အမှတ် (၄) တွင်ပါသည့် “အရေးယူပိတ်ဆို့မှု ရုပ်သိမ်းပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံအချို့၏ ဆန်ရှင်ကို ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းဖွယ်ရှိ” သတင်းမှ ၈၈မျိုးဆက်  ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- လက်ရှိနိုင်ငံရေး အခြေနေတွေကို ဘာပြောချင်လဲ။

ဖြေ- အချက်နှစ်ချက်မှာချင်တာရှိပါတယ်။ ၂၁ နှစ်လုံးလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကြိုးပမ်းခဲ့တယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုလည်း ပုံအပ်ခဲ့ပြီးပြီ၊ အဲ့ဒါတွေအားလုံးနဲ့ နိုင်ငံရေးမှာ အရေးကြီးဆုံးက ဝေဖန်ရေးနှင့် မိမိကိုယ်ကို ဝေဖန်ရေး၊ ကျွန်တော်တို့ ၂၁နှစ်လုံးလုံး လုပ်ခဲ့ရတယ်။ ရလဒ် ဘယ်လောက် ထွက်လဲ၊ ရလဒ် ဘာကြောင့်ထွက်လဲ၊ နိုင်ငံရေးဆိုတာ အခြေအနေမှန်ကို နားလည်ဖို့ အရေးကြီးတယ်။ နောက်တစ်ခု ရှေ့ဆက်ပြီး နိုင်ငံရေးလုပ်မယ့် လူတွေဟာ လူထုအတွက် လုပ်ကြပါ။ လူတစ်ဦးအတွက် လုပ်မယ့်အစား လူထုအတွက် လုပ်ခြင်းက ကျွန်တော်တို့တိုင်းပည်အတွက် အကောင်းဆုံးပါ။

ဇန်နဝါရီ ၂၄ ထုတ် The Street View အတွဲ (၁) အမှတ် (၃) တွင်ပါသည့် “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment