Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စိတ်အခံများ ပြောင်းဖို့လိုပြီ

************************************

ဆောင်းပါးကဏ္ဍ

စိတ်အခံများ ပြောင်းဖို့လိုပြီ

မိုးမြင့်ငြိမ်း

စာရေးသူ၏ တိုက်ခန်းအောက်ထပ်တွင် အဖွားအိုတစ်ဦးမှာ နေ့စဉ် သတ္တဝါအပေါင်းတို့ကို မေတ္တာပို့သ ဆုတောင်းသည့် အသံကို နံနက်တိုင်း စာရေးသူကြားရမိပါသည်။ စားရေးသူနှင့် လှေကားအတက်အဆင်းတိုင်း ထိုအဖွားအိုမှ နှုတ်ဆက်ပြုံးပြသည့်အတွက် သဘောထားပြည့်ဝသည်ဟု စိတ်ထဲတွင် မှတ်ယူခဲ့မိပါသည်။ သို့သော် ထိုအဖွားအိုနှင့် သူ၏အိမ်နီးချင်းဘေးခန်းမှာ ဆက်ဆံရေးမပြေလည်၍ မခေါ်မပြောကြသည့်အဖြစ် ဆိုက်ရောက် နေခြင်းကို စာရေးသူ အံ့သြမိပါသည်။ နေ့စဉ် သတ္တဝါအပေါင်း ကျန်းမာ၊ချမ်းသာစေရန် မေတ္တာပို့သနေသည့်သူမှာ မိမိ၏ အိမ်နီးနားချင်းကိုရော မေတ္တာမထားနိုင်ဘူးလားဟု စားရေသူ အကြိမ်ကြိမ်အခါခါ ဆင်ခြင်မိပါသည်။

မြန်မာလူ့အဖွဲ့အစည်းတွင် အပြန့်ကျယ်စွာ ကူးစက်ဖြစ်ပေါ်နေသည့် စိတ်သဘောထားတစ်ရပ် ရှိပါသည်။ “က္ကဿာ မစ္ဆရိယ”ဟူသော မနာလိုခြင်း၊ ဝန်တိုခြင်း စိတ်အခံပင်ဖြစ်ပါသည်။ က္ကသာမှာ “ကိုယ့်ထက်သာ မနာလို၊ အကြံတူရန်သူ၊ အလုပ်တူငြူစူ” ဟု ဆိုရိုးရှိသည့်အတိုင်း ဤက္ကဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာဖြစ်တတ်သည်။ မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘော တည်းဟု အရှင်ဇနကာဘိဝံသ၏ ကိုယ့်ကျင့်အဘိဓမ္မာတွင် အကျယ်တဝံ့ဖော်ပြထားသည်။ လူ့အဖွဲ့အစည်းအတွင်း ထိုစိတ်အခံ (mind-set)ကို အားဖြည့် ပေးလိုက်သည့် စနစ်ဆိုးတစ်ခုလည်း ရှိသေး၏။ ဆိုရှယ်လစ်စနစ်ကို အကောင်အထည် ဖော်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လုပ်ထုံးလုပ်နည်းများ ကြောင့်လည်း ဖြစ်သည်။ မဆလစိတ်မှာ မိမိနှင့်အာဏာရှိသူ ခင်မင်ရင်းနှီးလျှင် အခြားသူများကို မသိစေရန် ဝှက်ထားတတ်သည့် စိတ်အခံဖြစ်သည်။ အကြောင်းရင်းမှာ အာဏာရှိသူနှင့် သိကျွမ်းသည့်အတွက် မိမိမှာ အခွင့်အရေးများရနေခြင်းကို မိမိအပေါင်းအသင်းများနှင့် ထိုအာဏာရှိသူကို ခင်မင်ခွင့် ပေးလိုက်ခြင်းအားဖြင့် မိမိ၏အခွင့်အလမ်းများ ဆုံးရှုံးသွားမည့်အဖြစ်ကို မလိုလားခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အဖွဲ့အစည်းများတွင်လည်း တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှုနှင့် အဖွဲ့နှင့် လုပ်တတ်သည့် (team work)ကို အလေးမထားဘဲ ဝိုင်းလုပ်ဝိုင်းစားသဘောဖြင့် “မင်းလည်း စွမ်းသလောက်မရ၊ ငါလည်း စွမ်းသလောက်မရ၊ အလုပ်ဖြစ်ဖို့ထက် အဖြစ်လုပ်သည့် စိတ်ဓာတ်များ” လွှမ်းမိုးသွားခဲ့သည်။

ယင်း မဆလစိတ်ဓာတ်မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကို နိမ့်ပါးလာစေပြီး “မလုပ်၊ မရှုပ်၊ မပြုတ်”ဟူသော အယူအဆ အခံစိတ်ဓာတ်၏ မျိုးစေ့ ဖြစ်ခဲ့သည်။ ထိုကြောင့် စွမ်းဆောင်ရည်နိမ့်ပါသည့် အစိုးရယန္တရားကြီးဖြစ်လာ၍ စီးပွားရေးဖွံ့ဖြိုးမှု တုန့်ဆိုင်းကာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ဝင်ခဲ့သည်။ သို့သော် မဆလအစိုးရ အကောင်အထည်ဖော်ခဲ့သည်မှာ ဆိုရှယ်လစ်စနစ်သာ ဖြစ်သောကြောင့် ယင်းစနစ်ကို အထောက်အကူပြုမည့် အုပ်ချုပ်ရေးယန္တရားကို မွေးထုတ်ခဲ့သည်ဟု ယူဆ၍ ရနိုင်ပါသည်။ တစ်ခုဆိုးသည်မှာ ယင်း မဆလစိတ်ဓာတ်သည့် ဈေးကွက်စီးပွားရေး အလှည့်အပြောင်း တွင်လည်း ဆက်လက်လိုက်ပါဖြစ်ပေါ်ခဲ့သည်မှာ ယခုထိတိုင်ဖြစ်သည်။ ယင်း မဆလစိတ်ဓာတ်မှာ ဒီမိုကရေစီ အနှစ်သာရဖြစ်သော တစ်ဦးချင်း လွတ်လပ်ခွင့်(individual freedom)နှင့် အရင်းရှင်စနစ်၏ အဓိက တွန်းအားဖြစ်သော မက်လုံး(incentive) ကို အခြေမှ လှိုက်စားသလို ဖြစ်နေရာ စနစ်သစ်ကို အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံအဖို့ အတော်လေး အသိရှိရှိ၊ သတိရှိရှိ ကုစားရဦးမည် မနုဿမျိုးဗီဇ တစ်မျိုးပင် ဖြစ်သည်။

ဦးသိန်းစိန်အစိုးရမှ အားလုံးပါဝင်နိုင် (all inclusive) သည့် နိုင်ငံရေးဖြစ်အောင် ကြိုးစားနေသော်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှု စိတ်အခံနှင့်တော့ နိုင်ငံရေးအင်စတီကျူးရှင်းများကို အကောင်အထည်ဖော်ဖို့ အချိန်ယူကြိုးစားရ ဦးပါမည်။ မြန်မာနိုင်ငံရေးယဉ်ကျေးမှုမှာ အဖြူ၊ အမဲ နိုင်ငံရေးသာ နိုင်ငံရေးစိတ်ဓာတ် အပြည့်ရှိသည်ဟု ခံယူထားသည့်အတွက်ကြောင့် အစွန်းနှစ်ဖက်နိုင်ငံရေး(Polarized politic) မှာ နိုင်ငံရေး အင်အားစုများကြားတွင် မြုပ်ဝင်နေသည့် စိတ်အခံလိုဖြစ်ခဲ့သည်။ ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ကူးပြောင်းနေသည့် လက္ခဏာအချို့ကို တွေ့မြင်နေ ရသော်ငြားလည်း ရဲရဲတောက် တော်လှန်ရေးစိတ်ဓာတ်ဟူသော စိတ်အခံဖြင့် ဆောင်ရွက်နေသည့် လေကြီးမိုးကြီးနိုင်ငံရေး (Rhetoric Politic) ကို တွေ့မြင်နေရပါသေး သည်။ နိုင်ငံရေးရင့်ကျင့်မှုရှိပြီး ဒီမိုကရေစီခိုင်မာအားကောင်းသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို ကြည့်ပါ။ နိုင်ငံရေး အင်စတီကျူးရှင်းများ၊ စီးပွားရေး အင်စတီကျူးရှင်များ ခိုင်မာအားကောင်းအောင် တည်ဆောက်ထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အစွန်းနှစ်ဖက် နိုင်ငံရေးနှင့် လေကြီးမိုးကြီး နိုင်ငံရေးသည်သာ နိုင်ငံရေးဟုယူဆထားလျှင်တော့ မြန်မာနိုင်ငံ၏ အနာဂတ်အတွက်တော့ ရင်လေးစရာတွေ ဖြစ်တော့မည်။

မြန်မာ့လူ့အဖွဲ့အစည်းတွင် လူကြီးသူမများက ယင်းတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံအရ လူငယ်များအား နိုင်ငံရေးမှာ မစားကောင်းသည့် အသီးလို သွင်သင်ဆုံးမခဲ့ကြပါသည်။ “အရပ်ထဲတွင် နိုင်ငံရေးအကြောင်းကို မပြောကြနဲ့၊ ဆိုက်ကားသမားကလည်း ထောက်လှမ်းရေးဖြစ်နိုင်တယ်” ဟူသော အကြောက်တရားများကို ဆိုဆုံးမခဲ့ကြသည်။ ဤသည်မှာလည်း နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် (Apolitical trend) ကြောင့်ဖြစ်ပါသည်။ သို့သော် ပြည်သူအများစုမှာ ကိုးကွယ်စရာ ခေါင်းဆောင်ရှိလာလျှင်တော့ တော်လှန်ပြောင်းလဲလိုသည့် (radical trend) စိတ်သဘောထားများလည်း ရှိသည်။ ထို အတွက်ကြောင့် မြန်မာနိုင်ငံရေးမှာ အပြတ်ပြတ်နှင့် နှာခေါင်းသွေးထွက်နေရပြီး ရင့်ကျင့်မှုမရှိသော သူငယ်နာမစင်သည့်အဖြစ်ကို ဆိုက်နေရသည်။ ယခုအခါတွင်တော့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကိုကြည့်လျှင် ယင်းကို ချိုးဖောက်နိုင်ဖို့လှမ်းစပေါ်ပြီဟု သုံးသပ်လို့ရနိုင်ပါသည်။ တနည်း ဆိုရလျှင် ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန်ဖယ်ထုတ်သော၊ ရန်/ငါ စည်းခြား နိုင်ငံရေးမှ ရင့်ကျက်မှုရှိသည့် ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးအဖြစ်သို့ ပေါ်ပေါက်နိုင်ဖို့ အခွင့်အလမ်းပေါ်လာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေပြီး ယခုခေတ်နှင့် မဆီလျှော်တော့သည့် မနုဿယဉ်ကျေးမှု စိတ်အခံများကို စာရေးသူ တင်ပြလိုက်သည်မှာ မဆိုစလောက်သာ ရှိပါလိမ့်မည်။ နောက်ထပ် ထပ်ဖြည့်ထပ်လေ့လာစရာများလည်း ကျန်ရှိနိုင်ပါသေးသည်။ ဤစိတ်သဘောထားများမှာလည်း လူ့အဖွဲ့ အစည်းတွင်း လွမ်းမိုးနေသည့် အသိပညာစက်ဝန်းကြောင့်သာလျှင် ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်တည်နေလျက်ရှိသော ညံဖျင်းသည့် စိတ်အခံများ၊ အမြင်ကျဉ်းမြောင်းမှုများကို တစိုက်မတ်မတ်လေ့လာ ဖော်ထုတ်ရမည်သာမက၊ လက်တွေ့ ပြုပြင်ပြောင်းလဲခြင်းဖြင့်သာ အသိပညာ မိုးကုတ် စက်ဝန်းကို ချဲ့ထွင်ရမည်သာဖြစ်သည်။ တနည်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်းရှိ အသိပညာ စွမ်းအင်အိမ် (Intellectual power house) ကို ကြီးသထက် ကြီးအောင် ဆောင်ရွက်ကြရင်း အသိမြင့်သော သတိစွမ်းအားကောင်းသော ပြည်သူများဖြင့် နိုင်ငံဖွံ့ဖြိုးရေး ပန်းတိုင်ကို ချီတက်ဖို့ဖြစ်ပါသ)