Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦး ကျန်ရှိနေကြောင်း NLD ထုတ်ဖေါ်ပြောကြား

(The Asahi Shimbun မှ 21 Jan 2012 ရက်စွဲပါ '165 political prisoners still detained, Myanmar's NLD says' သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ၈၈ မျိုးဆက်သစ်ကျောင်းသားများက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ထောက်ခံမည်ဟုဆို

(Yahoo News မှ 21 January 2012 ရက်စွဲပါ Generation 88 activist back Myanmar's reform path ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ် အရေးယူမှုများရုတ်သိမ်းရေးအတွက် အခြေအနေများကို အမေရိကန်ဆီနိတ်တာများ အချက်ပေး

(VOA News မှ 21 Jan 2012 ရက်စွဲပါ Ron Corben ရေးသားသော US senators signal conditional support for lifting Burma sanctions ကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာနိုင်ငံတွင် လွတ်လပ်မျှတသော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ရန် တိုက်တွန်း

(VOA news မှ 22 January 2012 ရက်စွဲပါ US urges Burma to ensure free by-elections ကို ဘာသာ ပြန်ဆိုသည်)

******************************************************************************************

နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦး ကျန်ရှိနေကြောင်း NLD ထုတ်ဖေါ်ပြောကြား

(The Asahi Shimbun မှ 21 Jan 2012 ရက်စွဲပါ '165 political prisoners still detained, Myanmar's NLD says' သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၁၆၅ဦးခန့် ကျန်နေသေးသော ကြောင့် အစိုးရက ကြေညာထားသော အရေအတွက်ထက် ၃၀ရာခိုင်နှုန်းက ပိုများနေသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD ပါတီက ဇန်န၀ါရီ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် လိုက်သည်။ ယခုအခါ NLD ပါတီ၏ ဥက္ကဋ္ဌ အဖြစ် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်နေပြီဖြစ်သည်။

ပြီးခဲ့သော ဇန်န၀ါရီ ၁၄ရက်နေ့တွင် အစိုးရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုက ''နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခံရသူ အကျဉ်းသား ၄၃၀ဦးရေ အနက်မှ ၃၀၂ဦးကိုသာ အစိုးရကလွှတ်ပေးခဲ့သည်" ဟု နေပြည်တော်တွင် ထုတ်ပြန်ကြေညာသွားခဲ့ပြီးဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ဦးကိုကိုက ဆက်လက်၍ "ကျန်ရှိနေသောအကျဉ်းသား ၁၂၈ဦးကို လုံခြုံရေး အကြောင်းရင်းများကြောင့် ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း၊ ၎င်းအကျဉ်းသားများသည် အကြမ်းဖက် ဗုံးဖေါက်ခွဲခြင်းကဲ့သို့သော ရာဇ၀တ်မှုခင်းများတွင် ပါဝင်ပတ်သက်နေဖွယ်ရှိကြောင်း" ရှင်းလင်း ပြောဆိုထားသည်ဟု သိရှိရသည်။

*****************************************************************************************

၈၈ မျိုးဆက်သစ်ကျောင်းသားများက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ထောက်ခံမည်ဟုဆို

(Yahoo News မှ 21 January 2012 ရက်စွဲပါ Generation 88 activist back Myanmar's reform path ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မကြာသေးမီက လွတ်မြောက်လာသော နာမည်ကြီး ကျောင်းသားလှုပ်ရှားသူများက စနေနေ့က ပြောကြားရာတွင် ၎င်းတို့သည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသူများနှင့် အတူလုပ်ကိုင် သွားမည်ဖြစ်ကြောင်းနှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပံ့ပိုးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားအုပ်စု၏ ထိပ်တန်းအဖွဲ့ဝင် မင်းကိုနိုင်က ပြောကြားရာတွင် ၎င်းတို့အဖွဲ့သည် တရားမျှတရေး၊ လွတ်လပ်ခွင့်ရှိရေးနှင့် သာတူညီမျှရေးအတွက် တိုက်ပွဲဝင်လျက်ရှိသူများဖက်တွင် ရပ်တည်သွားမည် ဖြစ်ကြောင်းနှင့် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ ပံ့ပိုးနေသူများနှင့် လက်တွဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဖွဲ့၏အမည်မှာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအုံကြွမှုတွင် ကျရှုံးခဲ့ပြီး၊ ထောင်နှစ်ပေါင်းများစွာ ကျခဲ့ရသော လှုပ်ရှားသူများဖြစ်ပြီး၊ ၎င်းတို့တွင် ကြိမ်ဖန်များစွာပြန်အဖမ်းခံရနိုင်သော အန္တရာယ်ကြားမှ အနစ်နာခံအားထုတ် ကြိုးပမ်းခဲ့ရမှုများကို အများက နှစ်သက်သဘောကျခဲ့ပါသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ၈၈မျိုးဆက်အဖွဲ့ဝင်လေးဦးက စကားပြောခဲ့ပြီး ၎င်းတို့အား ထောက်ခံသူများ အပါအ၀င် လူငါးရာခန့်တက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့သည် ဇန်န၀ါရီလ (၁၃)ရက်နေ့လွတ်လာပြီးကတည်းက ပထမဦးဆုံးအကြိမ် ပြည်သူကြားသို့ ထွက်လာခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကြေညာချက်တွင် ၎င်းတို့သည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတဦးဆောင်သော အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအုပ်စုများနှင့် အပြည့်အ၀ ပါဝင်သွားမည်ဟု ဖော်ပြထားပါသည်။ "ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုသူတွေ ရှိသလို မနှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ပြုပြင်ပြောင်းလဲရေးသမားများဘက်က ရပ်တည်သွားမယ်လို့ ကျွန်တော်တို့က ကတိပြုပါတယ်" ဟု ကိုမင်းကိုနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုများကို သတိထား၍ အကောင်းမြင်ကြောင်း ဖော်ပြခဲ့သည်။ သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီအဖြစ်ပြောင်း၍ ဧပြီလ (၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲများတွင် (၄၈)နေရာလုံးပါဝင်ယှဉ်ပြိုင်၍ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကြောင်းပြသခဲ့သည်။ NLD သည် ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပါသည်။ နောက်ထပ် ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုကိုကြီးက ပြောကြားရာတွင် ၎င်းတို့အုပ်စုသည် လာမည့်ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် အန္တရာယ်များပြီး လက်တွေ့ကျသောရွေးချယ်မှုကို ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့ဝေဖန်သုံးသပ်သူများက ကြောက်ရွံ့နေသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်က နိုင်ငံရေးကို လွှမ်းမိုးစေရန် ထည့်သွင်းထားသဖြင့် ယခုစစ်တပ်သည် သူမအား နိုင်ငံတကာတွင် ဒီမိုကရေစီကျကြောင်း ပြသရန် အသုံးကျသွားနိုင်သည်ဆိုသည့်အချက် ဖြစ်ပါသည်။ စစ်တပ်သည် ဆယ်စုနှစ် နှစ်စုခန့် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်သော ဆန့်ကျင်မှု၊ တိုင်းရင်းသားများနှင့် ပဋိပက္ခများ၊ အနောက်နိုင်ငံများ၏ နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူမှုများ ရှိသော်လည်း အသာစီးဖြင့် အုပ်ချုပ်ခဲ့ပါသည်။

နောက်ထပ် ၈၈ မျိုးဆက် အဖွဲ့ဝင်တစ်ဦးဖြစ်သူ မြအေးက ပြောကြားရာတွင် ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားအများအပြား ကျန်သေးကြောင်း ပြောသည်။ "အစိုးရက အမှန်တရားကို လစ်လျူရှုပြီး နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာကို ငြင်းဆန်နေတဲ့ အချက်ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။ ယခုလနိုင်ငံရေးအကျဉ်းသား (၅၀၀)ခန့် လွှတ်ပေးခဲ့ခြင်းကြောင့် ပျော်ရွှင်အပြီးတွင် သိရှိရသော အချက်မှာ နိုင်ငံရေးအကျဉ်းသားဟု အများက အဓိပ္ပါယ်ဖွင့်ဆိုထားသူများကို အစိုးရက အသိအမှတ်မပြုဘဲ ရာဇ၀တ်မှုဖြင့် အပြစ်ပေးထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့၊ မြန်မာပြည်(AAPP) သည် ထိုင်းနိုင်ငံအခြေစိုက် ဖြစ်ပြီး၊ အကျဉ်းသားများ လွှတ်ပေးခဲ့မှုကို ကြိုဆိုခဲ့သည်။ သို့သော် ၎င်းတို့ကို ခြွင်းချက်များရှိနေပြီး ပြန်လည် ဖမ်းဆီးနိုင်ကြောင်း လက်ညှိုးထိုးညွှန်ပြခဲ့သည်။

***********************************************************************************************************

မြန်မာနိုင်ငံအပေါ် အရေးယူမှုများရုတ်သိမ်းရေးအတွက် အခြေအနေများကို အမေရိကန်ဆီနိတ်တာများ အချက်ပေး

(VOA News မှ 21 Jan 2012 ရက်စွဲပါ Ron Corben ရေးသားသော US senators signal conditional support for lifting Burma sanctions ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသည် ဧပြီလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို ဖိဖိစီးစီး လုပ်ဆောင်သွားမည်ဆိုပါက အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးအရ အရေးယူထားမှုများကို ဖျက်သိမ်းရန် အသင့်ရှိသည်။ အထက်ပါ ပြောကြားချက်အား ဆီနိတ်တာ ဂျွန်မက်ကိန်းနှင့် Joseph Lieberman တို့ ခေါင်းဆောင်သော အကြီးတန်း အမေရိကန်ဆီနိတ်တာများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့အသွား ဘန်ကောက်တွင် ခေတ္တ ရပ်နားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်မပြုလုပ်မီ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကိုလည်း နားထောင်မည်ဟု ဆီနိတ်တာများက ပြောသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအေပ်ါတွင် သတိထားလျက်ရှိနေဆဲဖြစ်သော ဆီနိတ်တာ မက်ကိန်းက သတင်းထောက်များသို့ စနေနေ့က ပြောကြားခဲ့ရာတွင် အရေးယူမှုများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပေါ်တွင် အကဲဖြတ်မှုအပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော့်စိတ်ထဲမှာ တကယ်သံသယမရှိတာကတော့ တကယ်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုရင် အရေးယူမှုတွေ ရုတ်သိမ်းသွားဖို့ ကမ္ဘာပေါ်က ဘယ်နိုင်ငံနဲ့မဆို ညှိနှိုင်းသွားဖို့ ပြဿနာမရှိပါဘူး။ ကျွန်တော့်မှာ သံသယအနည်းငယ်ရှိနေပါသေးတယ်။ အများကြီးတော့ မရှိပါဘူး။ ဒီလုပ်ငန်းစဉ်မှာ မျှတတဲ့စိတ်ထား(Open mind) ရှိနေအောင် ကြိုးစား နေတယ်” ဟု မက်ကိန်းကပြောသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၂၀၀၃ ခုနှစ်ကတည်းက အရေးယူမှုများ ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ခြင်းနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဆန္ဒပြသူများအား စစ်တပ်က နှိပ်ကွပ်ခဲ့သောအခါ ပိတ်ပင်မှုများ တိုးချဲ့ခဲ့သည်။ ထိုသို့တိုးချဲ့ရာတွင် တစ်ဦးချင်းပင်လယ်ရပ်ခြားပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းနှင့် မြန်မာအစိုးရအား ရုပ်ဝတ္တုများ ထောက်ပံ့ကူညီနေသူ များ၏ ပိုင်ဆိုင်မှုများပါဝင်သည်။ အမေရိကန်လူမျိုး တစ်ဦးချင်းနှင့် အကြုံးဝင်သူများ ရင်းနှီးမြှုပ်နှံမှုအသစ်ပြုလုပ်ခြင်းကို ပိတ်ပင်ထားသည်။

                သြစတြေးလျနှင့် ဥရောပသမဂ္ဂကဲ့သို့သော နိုင်ငံအချို့သည် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ၍လွှတ်ပေးအပြီးတွင် အရေးယူမှုများ ဖြေလျော့ရန် လုပ်ဆောင်နေပြီဖြစ်သည်။ သို့သော် အချို့အကျဉ်းသားများ ထိန်းသိမ်းထားဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက်လည်ပတ်အပြီးတွင် သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ရန် လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ဖြေလျော့ရေး အချိန်ကိုက်ဖြစ်စေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကိုလည်း အလေးထားမည်ဖြစ်ကြောင်း ဆီနိတ်တာ Joseph Lieberman က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေအတွက် ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်ရောက်မှုတွေရှိပါမယ်။ တခြားစကားလုံးနဲ့ ပြောရရင် ကျွန်တော်တို့ သူမကို အလွန်သဘောကျရုံ သာမက ယုံကြည်မှုလည်းရှိပါတယ်။ ဒါကြောင့် သူမအပေါ် ဗီတိုအာဏာပေးလိုက်တယ်လို့ မဆိုလိုပေမယ့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်အပေါ် သူမက ယုံကြည်မှုရှိတာနဲ့အမျှ ကျွန်တော်တို့ကလည်း ယုံကြည်မှုရှိမှာပါ။ အဲဒါဆိုရင် အရေးယူမှုတွေ ရုတ်သိမ်းပေးမှာဖြစ်ပြီး၊ အစိုးရနဲ့ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံသွားနိုင်ပါမယ်” ဟု ၎င်းက ပြောသည်။

ယခုအပတ် Washington Post သတင်းစာနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အင်တာဗျူးတွင် ဦးသိန်းစိန်က အနောက်အား အရေးယူမှုများ ရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။ ၎င်း၏ အစိုးသည် နိုင်ငံတကာက တောင်းဆိုသော နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစာကြည်အား နိုင်ငံရေးအရ လွတ်လပ်ခွင့်ပိုမိုပေးလာခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက အင်တာဗျူးတွင် အကယ်၍ မြန်မာနိုင်ငံအစိုးရသည် အရေးယူမှုများ ဖယ်ရှားရေးအတွက် သတ်မှတ်ချက်များ ပြည့်မီ၍ အချိန်တန်လျှင် အမေရိကန်အနေဖြင့် အရေးယူမှုများ ရုတ်သိမ်းပေးသင့်ကြောင်း ပြောကြားခဲ့သည်။

***************************************************************************************************

အမေရိကန်က မြန်မာနိုင်ငံတွင် လွတ်လပ်မျှတသော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ရန် တိုက်တွန်း

(VOA news မှ 22 January 2012 ရက်စွဲပါ US urges Burma to ensure free by-elections ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မကြာသေးမီက တိုးတက်ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အမေရိကန် ပြည်ထောင်စုအနေဖြင့် သဘောကျနှစ်သက်ကြောင်း၊ သို့သော် အမည်ခံအရပ်သားအစိုးရအနေဖြင့် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲဖြစ်စေသင့်ကြောင်း အဓိကကျသော အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျွန်မက်ကိန်းက ပြောကြားလိုက်သည်။

ဆီးနိတ် လက်နက်ကိုင်များနှင့် ပတ်သက်သော ကော်မတီအကြီးတန်း အဖွဲ့ဝင်ဖြစ်သူ ဂျွန်မက်ကိန်းက သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံအပြီး တနင်္ဂနွေနေ့ကပြောကြားလိုက်ခြင်း ဖြစ်သည်။ ယင်းကဦးသိန်းစိန်အား ပြောကြားရာတွင် ဝါရှင်တန်အနေဖြင့် စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေး မစဉ်းစားမီ မြန်မာအစိုးရသည် ကာလကြာမြင့်နေပြီ ဖြစ်သော တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအားကောင်းစေရန် ပြုလုပ်ရမည်ဟု ဆိုသည်။

စနေနေ့က ဆီနိတ်တာ Joseph Lieberman လည်းပါဝင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်အား ဖိအားတိုး၍ ပေးခဲ့ရာ ဝါရှင်တန်နှင့် နှစ်နိုင်ငံစစ်တပ်ဆက်ဆံရေး တိုးချဲ့လိုပါက ယင်း၏ လူ့အခွင့်အရေး မှတ်တမ်းများကို တိုးတက်အောင် လုပ်ဆောင်ရမည်ဟု ဖိအားပေးခဲ့သည်။ မက်ကိန်းက ဟနွိုင်းအစိုးရ၏ လူ့အခွင့်အရေး ကိစ္စရပ်များသည် နောက်သို့ ရွေ့နေသည်ကို တွေ့ရကြောင်း ဆိုခဲ့ပြီး ဟနွိုင်းအနေဖြင့် လူ့အခွင့်အရေးမှတ်တမ်းကို တိုးတက်အောင် မပြုလုပ်နိုင်ပါက နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို တိုက်ရိုက် ထိခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ ဗီယက်နမ်သည် အမေရိကန်လက်နက်စနစ်ကို ဝယ်ယူရန် စိတ်ဝင်စားနေသည်ကို သိကြောင်း၊ သို့သော် ဝါရှင်တန်အနေဖြင့် ဗီယက်နမ်၏ လူ့အခွင့်အရေးအခြေအနေများ တိုးတက်လာသည်ကို မတွေ့ရဘဲ အရောင်းအဝယ်မဖြစ်နိုင်ကြောင်း Lieberman က ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ဒေသတွင်းတွင် တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ အထူးသဖြင့် တရုတ်နှင့် တင်းမာမှုများ ဖြစ်လျက်ရှိခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ဆက်ဆံမှု တိုးချဲ့ရန် မျှော်မှန်းလျက် ရှိသည်။

*********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment