Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုအသီးအပွင့်များကို ရိတ်သိမ်းရန် ရင်းနှီးမြှုပ်နှံသူများမျှော်မှန်း

(AFP မှ 23 January 2012 ရက်စွဲပါ Investors aim to reap benefits of Myanmar reforms ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ကောင်းကင်ဆီက တိမ်မည်းတွေ ကင်းစင်သွားပြီလား

(International Herald Tribune သတင်းစာမှ 18 Jan 2012 ရက်စွဲပါ Turning Off the Dark in Myanmar? ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

********************************************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုအသီးအပွင့်များကို ရိတ်သိမ်းရန် ရင်းနှီးမြှုပ်နှံသူများမျှော်မှန်း

(AFP မှ 23 January 2012 ရက်စွဲပါ Investors aim to reap benefits of Myanmar reforms ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စတင်လျက်ရှိသော မကြုံစဖူးပြောင်းလဲမှုများက ယင်းနိုင်ငံ၏ အရာမယွင်းသေးသော စီးပွားရေးဈေးကွက်အလားအလာဝေစုကို လေ့လာနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား စိတ်ဝင်တစားဖြစ်အောင် ဆွဲဆောင်နေပြီ ဖြစ်သည်။

နှစ်ပေါင်း ၅ဝ စစ်ဖက်က အုပ်ချုပ်ခဲ့ပြီးနောက် အာဏာရလာသော အရပ်ဖက်အစိုးရသစ်က ပြုပြင်ပြောင်းလဲမှုတို့ကို အရှိန်မြှင့်လုပ်ဆောင်လာပြီ ဖြစ်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေခဲ့သော အရေးယူ ဒဏ်ခတ်မှု Sanctions များကို ရုတ်သိမ်းဖြေလျော့ပေးရန် အနောက်နိုင်ငံများက စဉ်းစား သုံးသပ်နေကြပြီ ဖြစ်သည်။ သို့သော်လည် Sanctions များ အပြီးတိုင်ရုတ်သိမ်း၍ မီးစိမ်းပြသည့်အချိန်တွင် ယခင်နှစ်ပေါင်း ၅ဝ စစ်အုပ်ချုပ်ရေးနှင့် စီးပွားရေးစီမံခန့်ခွဲမှုအလွဲများ၏ တစ်စစီချိုးဖဲ့ခြင်း ခံထားရသော မြန်မာနိုင်ငံကိုသာ နိုင်ငံတကာကုမ္ပဏီများ တွေ့မြင်ကြပါလိမ့်မည်။

ဗိုလ်ချုပ်ကြီးများ အာဏာမသိမ်းခင်အချိန်ကဆိုလျှင်မူ ရွှေ၊ ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ ကျောက်မျက် စသည်တို့ အပါအဝင် `ကြွယ်ဝသော သယံဇာတများက နိုင်ငံကို ဖွံ့ဖြိုးချမ်းသာအောင် ပြုလုပ်ပေးနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးခေတ်၏ အမွေအဖြစ် အင်္ဂလိပ်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုခြင်းနှင့်အတူ လုပ်အားခဈေးချိုသော လုပ်သားထုကြီးကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် ဆွဲဆောင်အားကောင်းသော ကိုလိုနီဗိသုကာလက်ရာများ၊ ခမ်းနားကြီးကျယ်သော ဘုရားပုထိုးများနှင့် ရွှေရောင်တောက် ကမ်းခြေများ၏ ကျေးဇူးကြောင့် အလားအလာကောင်းနေသော ကမ္ဘာလှည့်ခရီးသွားအပန်းဖြေနေရာ အဖြစ် သတ်မှတ်ခန့်မှန်းခြင်း ခံနေရပြီဖြစ်သည်။

“ကိန်းဂဏန်းတွေကတော့ ဝုန်းဒိုင်းကြဲတိုးတက်နေပါတယ်။ ဒီခရီးသွားရာသီအတွင်း ဟိုတယ်တွေမှာ အခန်းလွတ် မရှိတော့ပါဘူး။” ဟု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦးက ဆိုသည်။ “စီးပွားရေးလုပ်ဖို့အတွက်လည်း ပိုမိုလွယ်ကူလာပြီ။ သီတင်းပတ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ လိုင်စင်တွေကိုလည်း တစ်ရက်တည်းနဲ့ ရနိုင်ပြီး လုပ်လို့ မဖြစ်နိုင်တဲ့ အရာတွေကိုလည်း အခုတရားဝင် လုပ်ခွင့်ရပြီ” ဟု ယင်းက ဆက်လက်ဆိုသည်။ မြန်မာအစိုးရ၏ဆက်လက်ပြောင်းလဲမှုများကို တုံ့ပြန်ချီးမြှောက်မည်ဟု ဝါရှင်တန်က ကတိပြုထားပြီး အီးယူကလည်း Sanctions များကို စောနိုင်သမျှစောကာ ဖေဖော်ဝါရီလတွင် စတင်ရုတ်သိမ်းပေးရန် စဉ်းစားသုံးသပ်လျက် ရှိသည်ဟု ဘရပ်ဆဲလ် သံတမန် သတင်းရပ်ကွက်က ဆိုသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို လွှတ်တော်က အတည်မပြုရသေးခြင်း၊ တရားစီရင်ရေး စနစ်မှာလည်း ကန်ထရိုက်စာချုပ်များကို အာမခံချက်ပေးနိုင်လောက်သော အာဏာနှင့် လွတ်လပ်မှု မရှိခြင်း စသော အချက်များကို မြန်မာနိုင်ငံသို့ အလုအယက် ပြေးဝင်ရန် မျှော်လင့်နေသော ကုမ္ပဏီများ ခေါင်းထဲ ထည့်ထားရလိမ့်မည်ဟု အကဲခတ် လေ့လာသူများက သတိပေးပြောကြားကြသည်။

“ဥပဒေက ခေတ်မမီတော့တဲ့အတွက် လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလာကြတာပါ။ ဥပဒေကို မချိုးဖောက်ချင်ပေမဲ့ ရွေးစရာလမ်း မရှိကြဘူး။” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏ သားဖြစ်သူ တိုးနိုင်မန်းက AFP သို့ ပြောကြားသည်။ ထို့အပြင် တရားမဝင် စီးပွားရေးပုံစံဖြစ်သော နယ်စပ်ဖြတ်ကူး ကုန်သွယ်မှု ဖွံ့ဖြိုးလျက်ရှိပြီး ပင်လယ်ရပ်ခြားသို့ သွားရောက်လုပ်ကိုင်လိုသော အလုပ်သမားများ တရားမဝင် နယ်စပ်ဖြတ်ကူး ရွှေ့ပြောင်းမှု (အထူးသဖြင့် ထိုင်းနိုင်ငံသို့) များ ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလျက်ရှိသည်။ မြန်မာဘဏ်လုပ်ငန်းစနစ်မှာလည်း ၂ဝဝ၃ ခုနှစ်ပြဿနာမှ လုံးဝပြန်လည်ရုန်းထနိုင်ခြင်းမရှိတော့ဘဲ ညံ့ဖျင်းသော နိုင်ငံခြားငွေလဲနှုန်းမူဝါဒကြောင့် တရားမဝင် ငွေလဲကောင်တာများသာ အကျိုးအမြတ် ဖြစ်ထွန်းလျက်ရှိသည်။ ပြင်သစ်ရေနံကုမ္ပဏီ Total ကဲ့သို့သော အနောက်နိုင်ငံကုမ္ပဏီ အနည်းငယ်တည်ရှိနေခြင်းမှာလည်း Sanctions မူဝါဒစတင်ချိန်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေပြီးသားဖြစ်၍ ကျန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် အီးယူ Sanctions များက မြန်မာနိုင်ငံမှပစ္စည်းဝယ်ယူတင်သွင်းခြင်းကို တားမြစ်ထားပြီး ခြွင်းချက်များဖြင့် ကုန်ပစ္စည်း တင်ပို့နေသော ကုမ္ပဏီများကို မပိတ်ပင်သည့်တိုင်အောင် လူ့အခွင့်အရေးအုပ်စုများ၏ ရိုက်ချက်ကို ကြောက်ရွံ့သူအများစုက လက်ရှောင်လျက်ရှိသည်။ တရုတ်နှင့် ထိုင်းကဲ့သို့ အိမ်နီးချင်းများကမူ တံခါးဝတွင် နေရာယူထားကြပြီးဖြစ်ကာ ယင်းတို့၏ ကုမ္ပဏီများက ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့ပိုက်လိုင်း စသော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်လျက်ရှိသည်။

ဂျပန်ကုန်သွယ်ရေးဝန်ကြီး ဦးဆောင်သော ဂျပန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့က စီးပွားရေးအခွင့်အလမ်း အလားအလာများကို ယခုလအတွင်း  လာရောက် ကင်းထောက်ခြင်းနှင့်အတူ အခြားနိုင်ငံများစွာကလည်း မြန်မာနိုင်ငံသို့ဝင်ရန် လက်မှတ်ပေါက်တွင် တန်းစီနေကြပြီ ဖြစ်သည်။ အမေရိကန် စီးပွားရေးလောက အကြီးအကဲများအုပ်စုသည်လည်း မြန်မာ့စီးပွားရေးအခင်းအကျင်းကို အကဲဖြတ်ရန် ယခုလကုန်ပိုင်းတွင် ရောက်လာကြမည်ဟု မျှော်လင့်ရသည်။

ယခုအချိန်ထိမူ စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကအကျိုးအမြတ်များကို တပ်မတော်အစိုးရ ရောင်းရင်းလုပ်ငန်းရှင်များက လက်ဝါးကြီးအုပ် ခံစားနေကြသော်လည်း နိုင်ငံခြားကုမ္ပဏီများ ခေါင်းခဲရသည့်ပြဿနာများ တဖြည်းဖြည်းလျော့ပါးလာပြီဟု ကျွမ်းကျင်သူများက ဆိုကြသည်။ "အခုအချိန်မှာ အစိုးရသစ်က သဘောကျစရာကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ရှုထောင့်ကနေကြည့်ပြီးတော့ အချုပ်အခြယ်တွေ၊ တင်းကြပ်မှုတွေ၊ အပိုဆောင်းကုန်ကျစရိတ်တွေ လျှော့ချပေးနိုင်ဖို့ ကြိုးစားနေပါတယ်" ဟု ရန်ကုန်မှ Asia Development Research Institute ပူးတွဲတည်ထောင်သူ ဝင်စတန်ဆက်အောင်က မှတ်ချက်ပေးသည်။

၂ဝ၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရဟောင်းကလည်း ဓာတ်ဆီဆိုင်များနှင့် ရန်ကုန်ဆိပ်ကမ်း ကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများကို ရောင်းချသည့် ပုဂလိကပိုင် ပြုလုပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ပြစ်ချက်များလွန်းသော အခြေခံအဆောက်အဦများကြောင့် လတ်တလောတွင် ရေစုန်လိုက် အမြတ်ထွက်နေသော ရေနံဓာတ်ငွေ့ကဏ္ဍသည်ပင်လျှင် အင်အားကြီးနိုင်ငံခြားကုမ္ပဏီများကို လုံလုံလောက်လောက် ဆွဲဆောင်နိုင်ခြင်း မရှိသေးဟု တိုးနိုင်မန်းက ပြောသည်။ လက်ရှိအချိန်တွင် ဖခင်အတွက် နိုင်ငံရေးလက်ထောက် အကြံပေးအဖြစ် ဆောင်ရွက်နေသော တိုးနိုင်မန်းက "တစ်ခါတစ်ရံမှာ ကျွန်တော်တို့ အမျိုးသားရေး အကျိုးစီးပွားတွေအတွက် အလွန်အကျွံ ကာကွယ်ခဲ့တာတွေလည်း ရှိပါတယ်" ဟု ဆက်လက် ဆိုသည်။

အမေရိကန်က ကုန်သွယ်ရေးပိတ်ဆို့မှုရုတ်သိမ်းကာ သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ခဲ့သော ၁၉၉ဝ နှစ်များက ဗီယက်နမ်ကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ရှေ့နေနှင့် အတိုင်ပင်ခံကုမ္ပဏီများက ပထမဦးစွာ အခြေတကျထွက်ပေါ်လာမည့် အလားအလာရှိနေသည်။ သယံဇာတနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင်လည်း လျှောက်ထားသောလိုင်စင်များကို အများအပြား ခွင့်ပြုလိမ့်မည်ဟု စင်ကာပူ Institute of Southeast Asian Studies မှ ပညာရှင် Aekapol Chongvilaivan က ခန့်မှန်း ပြောကြားသည်။ သို့သော်လည်း အဂတိလိုက်စားမှု၊ ညံ့ဖျင်းသော စီမံခန့်ခွဲမှု၊ မပြည့်စုံသော စီးပွားရေးမူဝါဒများ စသော ပြဿနာများကို ဖြေရှင်းရန် လိုအပ်နေသည်ဟု ယင်းက ဆက်လက်ပြောသည်။ "အထူးသဖြင့်ကတော့ စီးပွားရေးနဲ့ ငွေကြေးဈေးကွက် ပြုပြင်ပြောင်းလဲမှုတွေဟာ အခြေခံအဆောက်အဦ နိမ့်ကျမှု၊ မူဝါဒ မသေချာမှု၊ စိတ်ပျက်ဖွယ် စီးပွားရေးဝန်းကျင်တွေရဲ့ ဝဲဂယက်ထဲမှာ ဆိုးဆိုးဝါးဝါး ရုန်းကန်နေရပါတယ်" ဟု ယင်းက သုံးသပ်ပြောကြားသွားသည်။

*****************************************************************

 မြန်မာ့ကောင်းကင်ဆီက တိမ်မည်းတွေ ကင်းစင်သွားပြီလား

(International Herald Tribune သတင်းစာမှ 18 Jan 2012 ရက်စွဲပါ Turning Off the Dark in Myanmar? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရကို အနောက်နိုင်ငံများ လတ်လော ပွေ့ဖက်ကြိုဆိုမှုများပြုလုပ်နေကြသည်ကို ကြည့်ရသည်မှာ တုန်လှုပ်ခြောက်ခြားမှုများ၊ အံ့အားသင့်မှုများ၊ အလွန်တရာဝမ်းသာမှုများ အစရှိသည့် ပြင်းပြသောခံစားချက်မျိုးစုံကို ဖြစ်ပေါ်စေသည်။ ကြက်သီးမွေးညှင်းထစရာလည်း ကောင်းလှပါပေ၏။ တစ်ချိန်တစ်ခါက အရှေ့တောင်အာရှဒေသ၏ အီကိုလီဗိုင်းရပ်စ်သဖွယ်ဖြစ်ခဲ့ပြီး စစ်အာဏာရှင်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်သော ကွန်မြူနစ် မြောက်ကိုရီးယားနှင့် နိုင်ငံရေးအရ ညီအစ်ကိုဝမ်းကွဲသဖွယ်တော်စပ်ခဲ့ဖူးသည့် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် အပါအဝင် အနောက်အစိုးရများ၏ အချစ်တော်တစ်ဦး အဖြစ် မည်သို့မည်ပုံ ရုတ်ချည်းပြောင်းလဲသွားသည်ဟူသောအချက်မှာလည်း စိတ်ဝင်စားစရာကောင်းလေသည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား လွန်ဆွဲမှုထက်ပိုသည့်အခြေအနေတို့ကြောင့် ယခုလိုပြောင်းလဲနေရခြင်းလော၊ သို့မဟုတ် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်က အမှောင်ဖုံးသည့်အချိန်ကာလများကို အဆုံးသတ်ရန် အမှန်တကယ်ပင် ကြိုးပမ်းသွားနေခြင်း ကြောင့်လော၊ သို့မဟုတ် မြန်မာနိုင်ငံသည် ဒီမိုကရေစီရှေ့ပြေးပုံစံသဖွယ်ဖြစ်နေ၍လော၊ စသည်ဖြင့် မေးခွန်းထုတ်စရာများဖြစ်လာသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲလိမ်မှုများပြုလုပ်ခြင်းကြောင့် အသစ်ပေါ်ထွန်းခဲ့သည့် ပါလီမန်လွှတ်တော်၌ စစ်ဗိုလ်များ စစ်စခန်းဖွင့်လှစ်နိုင်ခဲ့သလို တစ်ချိန်က ဗိုလ်ချုပ်ကြီးရာထူး ရရှိခဲ့သည့် ဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်သမ္မတရာထူးရယူနိုင်ခဲ့သည်။ သို့သော် ယခုလဆန်းပိုင်းလောက်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်က မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါခရီးစဉ်ကြောင့် သူသည် နှစ်ပေါင်း ၅၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ပထမဆုံးသွားရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့ရာတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူသိရှင်ကြား တွေ့ဆုံခွင့် ရရှိခဲ့သည်။ ယခုဆိုလျှင် မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ဟီလာရီကလင်တန်က ကြေညာသွားပြီဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင်မူ အမေရိကန်ဆီးနိတ်၏ ရီပတ်ဘလီကန်ခေါင်းဆောင်ဖြစ်ပြီး ဟီလာရီကလင်တန်နှင့် နိုင်ငံရေး အိုင်ဒီယာချင်း မတူညီသော ဆီနိတ်တာ မစ်ခ်ျမက်ကောနဲလ်ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေနွေးမှုများ ပြုလုပ်ခဲ့ပေသည်။ သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်ဟူသည် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး အစရှိသည့်နယ်ပယ်များကို လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ပြီး ဝန်ကြီးဌာနများနှင့် နိုင်ငံပိုင်ကုမ္ပဏီကြီးများတွင် စစ်ဗိုလ်ဟောင်းကြီးများကသာ ထိပ်ပိုင်းရာထူးများကို ရယူထားဆဲ ဖြစ်သည်။ မြန်မာသည် မူးယစ်ဆေးဝါး၊ ကျောက်မျက်ရတနာ၊ လက်နက်နှင့် လူကုန်ကူးမှုများပြုလုပ်ရာ ကြားခံဒေသ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲပင်ဖြစ်၏။

သမ္မတဦးသိန်းစိန်ကမူ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ တရုတ်ကျောထောက်နောက်ခံ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုမရှိဟူသော အကြောင်းပြချက်ဖြင့် ရပ်ဆိုင်းပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် သူမ၏ နိုင်ငံရေးပါတီအား မှတ်ပုံတင်ခွင့်ပြုခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးခဲ့သည်။ ဤနေရာတွင် မြန်မာနှင့် အမေရိကန်ပြည်ထောင်စုအကြား ပြည့်ဝသောဆက်ဆံရေးမှာ ကြားဖြတ်ရွေးကောက်ပွဲ မပြီးဆုံးသေးချိန်အထိ ရှင်းရှင်းလင်းလင်း ပြန်လည်စတင်ဦးမည်မဟုတ် ဟူသောအချက်ကိုသတိပြုသင့်သည်။ ပထမဦးစွာ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရယူခွင့်ပေးပြီး သမ္မတဦးသိန်းစိန်အနေဖြင့် စစ်တပ်တွင်းမှ အာဏာရှိပုဂ္ဂိုလ်များ၏ နှိပ်ကွပ်မှုမခံရရန် ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမှန်တကယ်

ရောက်ရှိနေခြင်းရှိ၊ မရှိဟူသောကိစ္စ ဆန်းစစ်ရာတွင် အောက်ဖော်ပြပါအချက်များကိုသိရှိရန် လိုအပ်သည်။

၁။  ဝါရှင်တန်အစိုးရက မြန်မာနိုင်ငံတွင်ခန့်အပ်ရန် လျာထားသည့် သံအမတ်ကြီးတစ်ဦး သို့မဟုတ် နှစ်ဦး၏ အမည်ကို အဆိုပြုလာပြီး အမေရိကန် သံတမန်ကြီးများနှင့် အစိုးရကိုယ်စားလှယ်တော်ကြီးများက Burma ဟူသော နာမည်ထက် မြန်မာနိုင်ငံ၏ တရားဝင်နာမည်ဖြစ်သော Myanmar ကိုရံဖန်ရံခါ သုံးစွဲခေါ်ဝေါ်လာခြင်း။

၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခရီးများစတင်တော့မည်ဖြစ်ခြင်း၊ ပထမဦးစွာ မြန်မာပြည်တွင်းခရီးစဉ်၊ ထို့နောက် ပြည်ပခရီးစဉ်များ သွားရောက်ခြင်း။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းကာလများအတွင်း ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်သွားစဉ်က ဗြိတိန်နိုင်ငံသို့ သွားရောက်နိုင်ခြင်းမရှိခဲ့ပေ။ ခင်ပွန်းဖြစ်သူရှိရာသို့ သွားရောက်ပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်မရရှိတော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

၃။ နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများအနေဖြင့် မြန်မာပြည်တွင်းကျင်းပသောရွေးကောက်ပွဲများကို လာရောက်ကြည့်ရှုနိုင်ခြင်း၊ နိုင်ငံတကာ သတင်းစာဆရာများလည်း မြန်မာပြည်တွင်း၌ တရားဝင်လုပ်ကိုင်ခွင့်ရရှိခြင်း။

၎။ မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ဖြစ်ပေါ်နေသော စစ်မက်ပဋိပက္ခများအတွက် အပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုလာခြင်း။ (အထူးသဖြင့် KNU နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့KIA) အကယ်၍ လက်ရှိလုပ်ကိုင်နေသော ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သာ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော နိုင်ငံများအတွက် ထူးခြားပြီး ငြိမ်းချမ်းမှု ပြည့်ဝသော မော်ဒယ်တစ်ခုဖြစ်လာနိုင်သည်။ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံအတွက် မော်ဒယ်ကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

********************************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment