Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၇.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ (အပိုင်း -၁)

  1. ကမ္ဘာ့ခေါင်းဆောင်များအား မြန်မာနိုင်ငံအားထောက်ခံကူညီရန် ဒေါ်အောင်ဆန်းစုကြည် ပြော

(27 Jan 2012 ရက်စွဲပါ Radio Australia News မှ Suu Kyi calls on World Leaders to support Burma ကို ဘာသာပြန်သည်)

  1. အမေရိကန်ဆီနိတ်တာက မြန်မာနိုင်ငံမှ တိုးတက်မှုများကို အသိအမှတ်ပြု

(26 Jan 2012 ရက်စွဲပါ VOA news မှ Michael Bowman ၏  US Lawmaker notes progress in Burma ကို ဘာသာပြန်သည်)

  1. ထားဝယ်စီမံကိန်းအကောင်အထည်ဖော်သည့်ကုမ္ပဏီ ငွေကြေးအရင်းအနှီးနှင့် စီးပွားရေးမိတ်ဖက်ထပ်မံရရှိရန် ရှာဖွေ

(Bangkok Post သတင်းစာမှ 23 Jan 2012 ရက်စွဲပါ Dawei developer seeks more funding, partners ကို ဘာသာပြန်ဆိုသည်)

***********************************

ဘာသာပြန်သတင်းများ

ကမ္ဘာ့ခေါင်းဆောင်များအား မြန်မာနိုင်ငံအားထောက်ခံကူညီရန် ဒေါ်အောင်ဆန်းစုကြည် ပြော

( 27 Jan 2012 ရက်စွဲပါ Radio Australia News မှ Suu Kyi calls on World Leaders to support Burma ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံသည် ရှားပါးပြီး တန်ဖိုးရှိသော အခွင့်အလမ်းများဆုံရာအမှတ်သို့ ရောက်နေပြီဖြစ်ကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တက်ရောက်လာသော ကိုယ်စားလှယ်များအား ပြောကြားလိုက်သည်။

သူမက ဗီဒီယိုလင့်ခ်မှ စကားပြောရာတွင် ကိုယ်တိုင်တက်ရောက်ရန် သူမအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေးအတွက် အလုပ်များနေသဖြင့် မတက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုလုပ်ရန် လိုအပ်နေမှု များစွာရှိသေးကြောင်း၊ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီဖြင့် တိုးတက်မှု များလည်း ရှိခဲ့ကြောင်း သူမကပြောသည်။

“ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးလိုတဲ့သူတွေရယ်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးအတွက် ကြိုးစားနေတဲ့ တခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ နောက်ထပ်အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တဲ့ အလားအလာကောင်းများနဲ့ ဖြည့်ဆီးမှုကြားက ခြားနားနေမှုကို တံတားခင်းပေးခြင်းမှာ ကျွန်မတို့ကို  ထောက်ခံပံ့ပိုးပေးဖို့ဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

**************************

အမေရိကန်ဆီနိတ်တာက မြန်မာနိုင်ငံမှ တိုးတက်မှုများကို အသိအမှတ်ပြု

( 26 Jan 2012 ရက်စွဲပါ VOA news မှ Michael Bowman ၏  US Lawmaker notes progress in Burma ကို ဘာသာပြန်သည်)

ထိပ်တန်းအမေရိကန်ဥပဒေပြုအမတ်တစ်ဦးက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ချီးကျူးခဲ့ပြီး၊ နောက်ထပ်ပြောင်းလဲမှုများ လိုသေးကြောင်း ပြောကြားခဲ့သည်။ ဆီးနိတ်လူနည်းစုခေါင်းဆောင် Mitch McConnell သည် မကြာသေးမီက မြန်မာနိုင်ငံမှ ပြန်လာခဲ့ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ သမ္မတဦး သိန်းစိန်နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

၎င်းသည် ဆီးနိတ်ချိန်ဘာ ( Chamber floor) တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မျှော်လင့်ချက်များရှိပြီး သတိနှင့် အကောင်းမြင်သော သတင်းစကားများ ပြောခဲ့သည်။ ၎င်းက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အထီးကျန်ဆုံးနှင့် အဖိနှိပ်ဆုံးနိုင်ငံများတွင် တစ်ခုဖြစ်ကြောင်းဖော်ပြခဲ့သည်။

“ကျွန်တော်တို့အများစုက မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေဖြစ်တယ်ဆိုတာ ဟုတ်၊မဟုတ် စဉ်းစားနေကြတာ။ ကျွန်တော်မကြာခင်က သွားကြည့်ခဲ့ တာပါ။ ဝမ်းသာစွာပြောလိုတာကတော့ ပြောင်းလဲမှုတွေကို ရှင်းရှင်းလင်းလင်း တွေ့နေရတယ်ဆိုတာပါပဲ” ဟု McConnell ကပြောသည်။ “ လွန်ခဲ့တဲ့ ခြောက်လအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီကိုဦးတည်တဲ့ တိုးတက်မှုအချို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ကြိုဆိုရမယ့်သတင်းအဖြစ် ကျွန်တော် ပြောပြတာပါ” ဟု ၎င်းက ဆိုသည်။

Mitch McConnell သည် နှစ်စဉ် မြန်မာနိုင်ငံအပေါ် အရေးယူရေးဥပဒေများချမှတ်ရန် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ ၎င်းက အစိုးရ၏ အရပ်သားအုပ်ချုပ်ရေးအတွက် အသွင်ကူးပြောင်းရေးကာလနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့မှုကို ချီးးကျူးပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ သည်းခံစိတ်ရှည်နိုင်မှုကြောင့် တရားမျှတမှုဟာ ကြန့်ကြာခဲ့ရတယ်ဆိုပေမယ့်၊ ဒီနေ့ မငြင်းပယ် နိုင်တော့ပါဘူး၊ သူမဟာ သူ့တိုင်းပြည်မှာ လွတ်မြောက်ရေး( freedom) အတွက် မျှော်လင့်ချက်တွေ ရှင်သန်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု McConnell က ပြောသည်။ “ ကျွန်တော့်အနေနဲ့ နိုဘယ်လ်ဆုရှင်ကိုရော သမ္မတကြီးကိုရော လူကိုယ်တိုင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိဘူး၊ တွေ့ခဲ့ရတဲ့ အချိန်တွေဟာ သိပ်တန်ဖိုးရှိပါတယ်” ဟု ၎င်းကပြောသည်။

McConnell ကပြောကြားရတွင် မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေးအတွက် ငြင်းမရနိုင်သော အပေါင်းလက္ခဏာ ဆောင်သော ခြေလှမ်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် ဝါရှင်တန်နှင့် ရန်ကုန်ကြား သံအမတ်ကြီးအဆင့် ဖလှယ်ရေးကို ထောက်ခံကြောင်း၊ သို့သော် နောက်ထပ်လုပ်ဆောင် စရာများ လုပ်ရဦးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ မြန်မာအစိုးရဟာ စစ်မှန်တဲ့ မပြောင်းလဲနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ဖို့ ခိုင်မာတဲ့လမ်းကြောင်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် တိုးတက်မှုတွေများ မရှိပဲနဲ့တော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ ကျွန်တော်မထောက်ခံပါဘူး။ Obama အစိုးရကလည်း ထောက်ခံလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု McConnell ကပြောသည်။

McConnell က လာမည့် ကြားဖြတ်ရွေးကောက်ပွဲများကို အဆိုပါတိုးတက်မှုများအတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခုအဖြစ် သတ်မှတ် ထားပြီး၊ မြန်မာအစိုးရနှင့် တိုင်းရင်းသားများကြား အပြည့်အဝပြန်လည်ပေါင်းစည်းမှု ရရှိရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ ၎င်းက မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားဆက်ဆံရေးကိုလည်း ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။

မကြာသေးမီက ဝါရှင်တန်ပို့စ်နှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံသမ္မတကြီးက ၎င်းတို့သည် အနောက်နိုင်ငံ တောင်းဆိုမှုများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်၍၊ ၎င်းအနေဖြင့် အမေရိကန်၏ အရေးယူမှုများ တဖြည်းဖြည်း ဖြေလျော့သွားပြီး၊ နောက်ဆုံးဖယ်ရှားသည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

**************************

ထားဝယ်စီမံကိန်းအကောင်အထည်ဖော်သည့်ကုမ္ပဏီ ငွေကြေးအရင်းအနှီးနှင့် စီးပွားရေးမိတ်ဖက်ထပ်မံရရှိရန် ရှာဖေ

(Bangkok Post သတင်းစာမှ 23 Jan 2012 ရက်စွဲပါ Dawei developer seeks more funding, partners ကို ဘာသာပြန်ဆိုသည်)

အရင်းအနှီးကဲသော ထားဝယ်စီမံကိန်းကြီး အကောင်အထည်ပေါ်လာရန် ဆက်လက် တွန်းအားပေးရာတွင် ထိုင်းနှင့် မြန်မာအစိုးရနှစ်ရပ်၏ ထောက်ပံ့မှုများသာမက နိုင်ငံခြားစီးပွားရေး မိတ်ဘက်များ၏ ချိန်ခွင်လျှာမျှပေးမှုတို့လည်း လွန်စွာအရေးပါသည့် နေရာတွင်ရှိကြောင်း Italian-Thai Development Plc ကုမ္ပဏီက ပြောကြားသည်။

ဈေးကွက်တန်ဖိုးအရ ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်သော ITD အနေဖြင့် လာမည့်နှစ်များအတွင်း ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း၌ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ တယ်လီကွန်မြူနစ်ကေးရှင်းကွန်ယက် အစရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၈ ဘီလီယံလိုအပ်မည် ဖြစ်သည်။

"အချိုးတူထည့်ဝင်မှု၊ ချေးငွေရယူမှု၊ မဟာဗျူဟာမိတ်ဖွဲ့မှု ပုံစံမျိုးနဲ့ စီမံကိန်းအတွက် ရန်ပုံငွေရှာဖွေသွားမှာ ဖြစ်ပါတယ်" ဟု Dawei Development Co(DDC) မှ အမှုဆောင်ဒါရိုက်တာ Somchet Thinaphong ကပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်တွင်းရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတစ်ခုဖြစ်သော Max Myanmar က DDC မှ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းဝယ်ယူရန် သဘော တူညီထားပြီးဖြစ်သည်။ DDC သည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို စီမံခန့်ခွဲလုပ်ကိုင်ရန် ITD က ထူထောင်ပေးထားသည့် ကုမ္ပဏီခွဲ တစ်ခု ဖြစ်သည်။ DDC ကမူ ထားဝယ်စီမံကိန်းကြီး၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး ကျန်ရှိသော အစုရှယ်ယာများအတွက် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

ITD သည် ထားဝယ်ရှိ စတုရန်းကီလိုမီတာ ၂၅၀ ခန့်ရှိသည့် အထူးစီးပွားရေးဇုန် လုပ်ကိုင်ဆောင်ရွက်ရန် နှစ်ပေါင်း ၇၅ နှစ် လုပ်ပိုင်ခွင့် သဘောတူညီချက်ရရှိထားသည်။ ယင်းစီးပွားရေးဇုန်သည် ထိုင်းနိုင်ငံ Rayong ရှိ Map Ta Phut စက်မှုဇုန်ထက် ၁၀ ဆခန့်ကြီးမားသည်။ အက်ဒမန် ပင်လယ်ကမ်းခြေတွင် တည်ရှိသည့် ယင်းထားဝယ် စီမံကိန်းကြီးမှာ ဘန်ကောက်မြို့တော်နှင့်မူ ကီလိုမီတာ ၃၅၀ မျှသာဝေးကွာပြီး စတီးစက်ရုံ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ အစရှိသည်တို့ တွဲဖက်ပါဝင်မည် ဖြစ်သည်။

"တရုတ်၊ ဂျပန်နဲ့တောင်ကိုရီးယားစတဲ့နိုင်ငံတွေဟာ ကျွန်တော်တို့စီမံကိန်းကြီးရဲ့ အခရာကျတဲ့ မဟာဗျူဟာမိတ်ဖက်တွေပဲ ဖြစ်ပါတယ်။ အဲဒီ အုပ်စုတွေတစ်ခုချင်းစီအတွက် ချိန်ခွင်လျှာထိန်းညှိပေးမယ့်ကိစ္စဟာ အင်မတန်အရေးကြီး လှပါတယ်။ ဥပမာအားဖြင့်ပြောရရင် တကယ်လို့ ကျွန်တော်တို့မှာ တရုတ်မိတ်ဖက်တွေများနေမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက စိတ်ကျေနပ်မှာမဟုတ်ပါဘူး" ဟု Dr Somchet က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်သို့ သွားရောက်ကာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရဝန်ကြီးများသာမက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများပြုလုပ်နိုင်ခဲ့ပြီးနောက် မကြာမီကာလအတွင်း ၌ပင် အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်မည်ဟုကြေညာခဲ့သည်။ ဂျပန် စီးပွားရေး၊ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးသည်လည်း အာလားတူပင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။

Dr Somchet ၏အဆိုအရ ထိုင်းနှင့် မြန်မာအစိုးရတို့သည် ထားဝယ်စီမံကိန်းကြီးအတွက် နယ်ပယ်လေးခုတွင် ထောက်ပံ့မှုများပေးရန် တိုက်တွန်းပြောဆိုထားကြောင်း သိရသည်။ ယင်းနယ်ပယ်များမှာ ၁- ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများအဖြစ် ထိုင်းနှင့် မြန်မာနိုင်ငံအကြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ဖောက်လုပ်ရေး။ ၂- နှစ်နိုင်ငံအကြား ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း(AEC)အရ နယ်စပ် ဆက်သွယ်မှုများ တိုးမြင့်ကောင်းမွန်လာရေးရန်အလို့ငှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အင်စတီးကျူးရှင်းဆိုင်ရာ အခြေခံ အဆောက်အဦများ တည်ဆောက် ရေး။ ၃- နှစ်နိုင်ငံအကြား ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ ကူညီထောက်ပံ့မှုများရရှိရေး။ ၄- နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုသဘောအရ ထိုင်း-မြန်မာစီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှု မြှင့်တင်ရေး စသည်တို့ ဖြစ်သည်။

"အဲဒီ ဖက်တာတွေအားလုံးဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို မဲခေါင်တောင်ပိုင်း စီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင် ကမ္ဘာလုံးသဘောအရ ယှဉ်ပြိုင်မှု အားကောင်းတဲ့ ပုံစံမျိုးဖြစ်စေပါတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ ထားဝယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ရပ်ဆိုင်းလိုက်သည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း Mr Somchet က မြန်မာအစိုးရထံမှ တရားဝင်အကြောင်းကြားမှု တစုံတရာ မရရှိသေးကြောင်း ပြောကြားသည်။

*******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment