Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင်များ ထိတ်လန့်တုံ့ပြန်

(Brisbane Times မှ 8 February 2012 ရက်စွဲပါ Suu Kyi’s campaign leaves Burmese leaders on edge ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာဒုက္ခသည်များ တရုတ်တွင် ခိုလှုံ

(Gulf Times မှ 8 February 2012 ရက်စွဲပါ Myanmar Refugees seek shelter in China ကို ဘာသာ ပြန်ဆိုသည်)

  1. ကမ္ဘာလှည့်ခရီးသည်များအတွက် တံခါးပွင့်လာသည့် မြန်မာ

(Channel News Asia မှ 6 Feb 2012 ရက်စွဲပါ Myanmar opening up to tourists ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************************

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင်များ ထိတ်လန့်တုံ့ပြန်

(Brisbane Times မှ 8 February 2012 ရက်စွဲပါ Suu Kyi’s campaign leaves Burmese leaders on edge ကို ဘာသာ ပြန်ဆိုသည်)

အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရေပန်းစား ကျော်ကြားမှုဖြင့် ဗိုလ်ချုပ်ဟောင်းများ၏ အစိုးရသစ်ကို သိသိသာသာ တုန်လှုပ်စေခြင်းနှင့်အတူ ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို စတင်လျက်ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း သူမ၏ ပုသိမ်မြို့လူထုစည်းဝေးပွဲမတိုင်မီတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဧရာဝတီတိုင်း နယ်ခံ ကျောင်းသားများအား ထုံးစံမဟုတ်သော အကြို အစမ်းစာမေးပွဲကျင်းပမည်ဟု ဒေသအာဏာပိုင်များက ရုတ်တရက်ကြေညာခဲ့ခြင်းမှာ သူမ ပုသိမ်၌ရှိနေစဉ် ကျောင်းသားမြောက်များစွာ စုဝေးခြင်း မပြုအောင် တမင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။

အလယ်ပိုင်းမြို့တော် မန္တလေးသို့ သွားမည့်ခရီးစဉ်တွင်လည်း လူထုတွေ့ဆုံပွဲအတွက် ဗထူးအားကစားကွင်း အသုံးပြုခွင့်ကို အာဏာပိုင်များက ငြင်းပယ်ခဲ့ကြခြင်းကြောင့် ထိုခရီးစဉ်ကို ယခင်အပတ်က ဆိုင်းငံ့ထားခဲ့ရပြီး ဖြစ်သည်။ လက်ရှိတွင် သူမ၏ NLD ပါတီသည် နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်တွင် လစ်လပ်နေသော အမတ်နေရာ ၄ဝ အတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ကျင်းပမည့် မဲဆန္ဒနယ်များမှာ နိုင်ငံအနှံ့ ဖြစ်သော်လည်း အများစုမှာ ဗမာလူမျိုးများ လွှမ်းမိုးထားသော အလယ်ပိုင်း မြေပြန့်ဒေသများ ဖြစ်ကြပြီး ထွက်ပေါ်လာမည့် ရလဒ်သည် ၂ဝ၁၅ ရွေးကောက်ပွဲ၏ ရှေ့ပြေးဖြစ်လာဖွယ် ရှိသည်။

အခြေခံဥပဒေစည်းမျဉ်းများအရ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅% ကို တပ်မတော်က ယူထားခြင်း၊ လွှတ်တော်တွင်း ၇၅% ထောက်ခံမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း စသော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ အနိုင်ရကာ အစိုးရဖွဲ့စည်းမည့် အလားအလာသည် တပ်မတော် ခေါင်းဆောင်ဟောင်းကြီးအတွက် ညအိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂ဝဝ၈ အခြေခံဥပဒေကို ကန့်ကွက်ခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ခြင်းအား ပြောင်းလဲ ပြင်ဆင်ကာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် NLD ပါတီက ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော လက်ရှိသမ္မတဦးသိန်းစိန်ကို မိမိကိုယ်မိမိ လူကြိုက်များ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာအောင် တည်ဆောက်မည့်သူဟု ရှုမြင်ထားကြောင်း ထင်ဟပ်နေသည်။

သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေး၍ နိုင်ငံရေးနယ်ပယ်ထဲသို့ တွဲခေါ်လိုက်သည့်အပြင် နိုင်ငံရေး အကျဉ်းသား ရာဂဏန်းကျော် လွှတ်ပေးခြင်း၊ ပြည်သူတို့ ကန့်ကွက်သော ဧရာဝတီ မြစ်ဆုံတမံကို ရပ်ဆိုင်းခြင်း၊ မြန်မာ့စီးပွားရေးကို တံခါးဖွင့် ပြင်ဆင်ရန် စီစဉ်ခြင်းတို့ကိုလည်း အဆက်မပြတ် လုပ်ဆောင် ပြသလျက်ရှိသည်။

“ဒေါ်စုဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ယုံကြည်တဲ့ ခေါင်းဆောင်၊ လွတ်လပ်မှုကို ကိုယ်စားပြုတဲ့ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ လက်ရှိခေါင်းဆောင်တွေကိုလည်း လေးစားသမှုနဲ့ မျှမျှတတ အမှတ်ပေးရပါလိမ့်မယ်” ဟု ထင်ရှားသော ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ရှိအစိုးရသစ်ဟာ ပုလင်းသစ်ထဲကို အရက်ဟောင်းထည့်ပြီး တံဆိပ်ကပ်ထားတာလို့ အရင်က ဝေဖန်ခဲ့ကြသူတွေဟာ အခုချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နိုင်ငံရေးရာသီဥတုနဲ့ လုံးဝ ကွဲပြား ခြားနားသွားပြီ ဆိုတာကို သိရှိ နားလည်သွားကြပါပြီ” ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး (တပ်မတော်အရာရှိဟောင်း) ဦးကိုကိုလှိုင်က ပြောကြားသည်။ “အခုကြားဖြတ်ရွေးကောက်ပွဲရဲ့ ရာသီဥတုပြောင်းလဲသွားရတဲ့ အကြောင်းရင်းကတော့ လက်ရှိသမ္မတနဲ့ ဒေါ်စု အကြားက ဆက်ဆံရေးပုံစံဟာ အရင်အကြီးအကဲလက်ထက်နဲ့ အလွန်ကွဲပြားခြားနားသွားလို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အစိုးရသစ်၊ ပတ်ဝန်းကျင်အသစ် ဖြစ်နေပြီဆိုတာကို သတိရကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေကြားက နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အယူအဆ၊ ခံယူချက်၊ သဘောထားတွေဟာ အရင်ခေတ်နဲ့ မတူတော့ပါဘူး” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

သမ္မတဦးသိန်းစိန်သည် ပြန်လည်သင့်မြတ်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ NLD ပါတီကိုအသိအမှတ်ပြုကာ မှတ်ပုံတင်ခွင့်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းနှင့်တွေ့ဆုံရန် နိုင်ငံခြားအစိုးရခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိခဲ့သည်။

“တပ်မတော်သားတိုင်းဟာ အထက်မိန့်ကိုနာခံကြရပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်မှာ ဝန်ထမ်းကောင်းတစ်ဦး ပီသအောင် နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ အစိုးရအာဏာကို လွှဲပြောင်းယူပြီး နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သွားချိန်မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်ခဲ့ပါတယ်။ သူမှန်တယ်လို့ ယူဆတဲ့ အရာ မှန်သမျှကို သူလုပ်သွားမှာပါ” ဟု ဦးကိုကိုလှိုင်က ရှင်းလင်းပြောဆိုသည်။

“အခု နိုင်ငံရဲ့ အခြေအနေက အရင်နဲ့ မတူတော့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ ကစားပွဲအသစ်ရဲ့ စည်းမျဉ်းတွေအရ ပါဝင် လှုပ်ရှားကြရမှာပါ” ဟုလည်း ယင်းက ပြောသည်။

************************************************************************

မြန်မာဒုက္ခသည်များ တရုတ်တွင် ခိုလှုံ

(Gulf Times မှ 8 February 2012 ရက်စွဲပါ Myanmar Refugees seek shelter in China ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် နယ်စပ် တရုတ်နိုင်ငံဘက်တွင် ယာယီတဲများဖြင့် နေကြရသည်ဖြစ်ရာ ဘေဂျင်းအတွက် လူသားချင်းစာနာသော ပြဿနာများဖြစ်စေခဲ့ပြီး ရှုပ်ထွေးပြီး သံတမန်ရေးအရ ကိုင်တွယ်ရ ခက်သော ကိစ္စရပ်များ ဖြစ်လာစေသည်။

မြန်မာစစ်တပ်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည်တစ်သောင်းခန့်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားရကြောင်း အကူအညီပေးရေးအဖွဲ့ ၅ ဖွဲ့က ပြောကြားခဲ့သည်။ ဒုက္ခသည်အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် အသက်ကြီးသူ ဖြစ်ကြသည်။ တိုက်ပွဲများမှာ ပြီးခဲ့သည့်ဇွန်လက စတင်ခဲ့ရာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားမှု ပျက်ပြယ်သွားခဲ့ပြီး ကချင် တိုင်းရင်းသားများကို နယ်စပ်ဒေသများသို့ ထွက်ပြေးစေခဲ့သည်။ ယခုပဋိပက္ခသည် မြန်မာအစိုးရက အီးယူနှင့်အမေရိကန်တို့၏ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ထိခိုက်စေသည်။

အီးယူနှင့် အမေရိကန်တို့က တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုကို ယင်းတို့၏ အရေးယူမှုများ ရုတ်သိမ်းပေးရန် လိုအပ်သော အခြေအနေတစ်ခုအဖြစ် ထည့်သွင်းထားသည်။ တိုက်ပွဲပြင်းထန်မှုအခြေအနေများ လျော့ပါးသွားသော်လည်း ဒုက္ခသည်များ ဆက်လက် ထွက်ပြေး ဝင်ရောက်လာမှုကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားလာမည်ကို အကူအညီပေးရေးအဖွဲ့များက စိုးရိမ်လျက်ရှိသည်။ တရုတ် အစိုးရသည် ဒုက္ခသည် စခန်းများကို စိတ်ရှည်စွာ လက်ခံထားသော်လည်း ယင်းတို့တည်ရှိနေမှုကို တရားဝင်အသိအမှတ်ပြုခြင်း မရှိသေးပေ။

“သူတို့အားလုံးမှာ သောက်ရေသန့်မရှိပါဘူး” ဟု ပြည်တွင်းအကူအညီပေးရေးအဖွဲ့တစ်ခုမှ ညှိနှိုင်းရေးမှူး La Rip က မြန်မာနိုင်ငံတွင်းမှ တယ်လီဖုန်းဖြင့် ပြောသည်။ “တချို့စခန်းတွေမှာ ဝမ်းရောဂါစဖြစ်နေပါတယ်။ သူတို့ကိုပေးဖို့ အစားအသောက် အစုံမရှိပါဘူး။ ကျွန်တော်တို့မှာ ဘတ်ဂျတ်က ကန့်သတ်ချက်နဲ့ပဲ ရှိတော့ မပြည့်စုံပါဘူး။ နောက်ပြီး သူတို့မှာ ပုံမှန်ဝင်ငွေလည်း မရှိပါဘူး။ အလုပ်လုပ်စရာနေရာလည်း မရှိပါဘူး” ဟု ယင်းက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ များစွာ ဖြစ်ပွားနေခြင်းနှင့် ဒုက္ခသည်များ တိုးပွားလာခြင်းကို အမြဲတမ်း တည်ငြိမ်ရေးကိုသာ ရှေ့တန်းတင် စဉ်းစားသော တရုတ်အစိုးရအတွက် စိတ်ပူပန်လျက်ရှိသည်။

*****************************************************************************

ကမ္ဘာလှည့်ခရီးသည်များအတွက် တံခါးပွင့်လာသည့် မြန်မာ

(Channel News Asia မှ 6 Feb 2012 ရက်စွဲပါ Myanmar opening up to tourists ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်ခဲ့ပြီးနောက် ယခုအခါ အရှေ့တောင်အာရှသို့ လာရောက်မည့် ခရီးသွားများအတွက် စိတ်ဝင်စားမှုများနှင့် ဆွဲဆောင်မှုများဖြစ်ပေါ်စေသည့် နေရာတစ်ခုဖြစ်လာသည်။

လက်ရှိ မြန်မာနိုင်ငံတွင်း လတ်တလောပြောင်းလဲမှုများနှင့်ပတ်သက်၍ အပြုသဘောဆောင်သော အမြင်နှင့် ပြောဆိုမှုများ တစ်ဖက်တွင် ရှိနေသော်လည်း အခြားတစ်ဖက်တွင်မူ အခြေခံအဆောက်အဦကောင်းများ မရှိသည့်အတွက် စိုးရိမ်စရာများဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံတစ်ဝန်း ကိုယ်ပိုင် ခြောက်ယောက်စီးဂျက်လေယာဉ်ဖြင့် လည်ပတ်မည် ဟူသည့်ကိစ္စမှာ ယခင်က ထူးဆန်းထွေလာသဖွယ်ဖြစ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ဖြစ်နိုင်ခြေရှိလာသည်။

မြန်မာသို့ သုံးညအိပ် လေးရက်ခရီးသွားရောက်ပြီး နိုင်ငံယဉ်ကျေးမှုများနှင့် မပျက်မစီးသေးသော ရှေးဟောင်း ဂူနှင့် ဘုရားကျောင်းများကို လေ့လာနိုင်သည်။ လူဦးခြောက်ဦးပါဝင်သော Tour အဖွဲ့တစ်ဖွဲ့အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ အောက်ဖြင့် မြန်မာနိုင်ငံသို့ Package Tour နှင့်သွားရောက်နိုင်သည်။ “အခုလက်ရှိ မြန်မာနိုင်ငံထဲမှာ ဧရာမပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်နေပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ပုံစံက လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ အရင်တုန်းက၊ ဖိနှိပ်ချုပ်ခြယ်မှုတွေရှိခဲ့တုန်းက အနေအထားမျိုးနဲ့ တခြားစီပါပဲ” ဟု Khiri Travel မှ စီအီးအိုဖြစ်သူ Willem Niemeijer ကပြောကြားသည်။

ထိုသို့ပြောင်းလဲမှုများရှိနေသည့်တိုင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းလောက် ဆင်းရဲမွဲတေမှုမျဉ်း အောက်ရှိဘဝဖြင့် နေထိုင်ကြသော မြန်မာသို့ ဇိမ်ခံခရီးစဉ်များအဖြစ် သွားရောက်နိုင်မည့်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်စရာများရှိသည်။ ယမန်နှစ်ကဆိုလျှင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမှာ လေးသိန်းမျှသာရှိခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့မူ ၁၇ သန်းထိဝင်ရောက်ခဲ့သည်။ စီးပွားရေးလုပ်ငန်း စောင့်ကြည့်လေ့လာသူများက မြန်မာ့ခရီးသွားလုပ်ငန်း အခန်းကဏ္ဍတွင် ဧရာမအလားအလာများရှိနေသည်ကို တွေ့မြင်ကြသည်။ သို့သော် အလားအလာ ရှိသည့် ပြဿနာများလည်း တစ်ပြိုင်နက်တည်းရှိနေသည်။

မြန်မာပြည်တွင်းလေကြောင်းခရီးစဉ်များ၊ ဟိုတယ်ခန်းများနှင့် ကျွမ်းကျင်အောင်လေ့ကျင့်ထားသော ဝန်ထမ်းများ လုံလောက်မှု မရှိခြင်းတို့က မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ပြဿနာများသဖွယ်ဖြစ်လာသည်။ နောက်ထပ်စိုးရိမ်စရာဖြစ်ရသည့်ကိစ္စမှာ ထိုသို့ ခရီးသွားလုပ်ငန်းကြီးထွားလာမှုကြောင့် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ လျင်မြန်စွာဖြစ်ပေါ်လာနိုင်ခြင်းပင်ဖြစ်သည်။

မြန်မာအစိုးရ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်ကြည်ကြည်အေးက “ကျွန်မတို့ အနေနဲ့ တိုရစ်ဇင်လုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းမှုရှိအောင် မဖြစ်မနေလုပ်ကိုင်ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကို ဝင်ရောက် လည်ပတ်လာတဲ့သူတွေအပေါ် တာဝန်ယူရုံသာမက ကမ္ဘာလှည့်ခရီးသည်တွေအတွက်ဝင်ဆောင်မှုတွေ လက်ခံလုပ်ဆောင်ပေးတဲ့သူတွေကိုပါ တာဝန်ယူလုပ်ကိုင်သွားရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင်မူ မြန်မာနိုင်ငံမှ ဆီးနှင်းများဖုံးလွှမ်းလျက်ရှိသော တောင်တန်းကြီးများနှင့် ကျယ်ဝန်းလှသော အပန်းဖြေကမ်းခြေများက ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်လျက်ရှိသည်။

****************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment