Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. လန်ဒန်က မြန်မာကို ကတိပေး

(UPI မှ 7 February 2012 ရက်စွဲပါ London committed to Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. စီအိုင်အေ အကြီးအကဲ မြန်မာသို့ လာရောက်ဖွယ်ရှိ

(New York Times မှ 7 February 2012 ရက်စွဲပါ CIA chief signals possible visit to Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဟန်ချက်ညီ

(7 February 2012 ရက်စွဲပါ The Daily Star မှ Larry Jaganရေးသားသော Burma’s reform process in the balance ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************************

လန်ဒန်က မြန်မာကို ကတိပေး

(UPI မှ 7 February 2012 ရက်စွဲပါ London committed to Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးရုံးတို့ တွေ့ဆုံဆွေးနွေးမှုသည် ဗြိတိသျှအစိုးရက ဆက်ဆံရေးအတွက် အလေးအနက်ထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး ဂျယ်ရမီဘရောင်း(Jeremy Browne)သည် မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် လန်ဒန်တွင် ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ရာ “ဦးကျော်မျိုးထွဋ်နဲ့ ကျွန်တော် တွေ့ဆုံခြင်းဟာ မြန်မာအစိုးရ မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး တွေကြောင့် ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးပြုလုပ်ဖို့ စိတ်အားထက်သန်တယ်ဆိုတာကို ပြလိုက်တာပါပဲ” ဟု ဘရောင်းက ပြောသည်။ “သံအမတ်ကြီးနဲ့ မြန်မာအစိုးရကို ပြောင်းလဲမှုအရှိန်အဟုန် ဆက်လက်ထိန်းသိမ်းဖို့ အားပေးခဲ့ပါတယ်” ဟုလည်း ဆက်လက်ပြောသည်။

မြန်မာအစိုးရသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲကျင်းပပြီးကတည်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် ပြည်သူ့လွှတ်တော်သို့ ဝင်ရောက်ရန် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ “ကျွန်တော်တို့ ပြောလိုတာကတော့ ဗြိတိသျှအစိုးရဟာ အနာဂတ် အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်မှုတွေအတွက် တုံ့ပြန်ဖို့ အဆင်သင့်ရှိနေပါတယ် ဆိုတာရယ်၊ ကမ္ဘာကြီးကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ် တရားမျှတဖို့ မျှော်လင့်ပြီး စောင့်ကြည့်နေပါတယ်ဆိုတာကိုပါပဲ” ဟု ဘရောင်းက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး တာဝန်ရှိသူက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမျှော်လင့်ချက်များအတွက် များစွာ လုပ်ဆောင်ရန် ကျန်ရှိ နေသေးကြောင်း မကြာခင်က ပြောကြားခဲ့သည်။

***************************************************************************

စီအိုင်အေ အကြီးအကဲ မြန်မာသို့ လာရောက်ဖွယ်ရှိ

(New York Times မှ 7 February 2012 ရက်စွဲပါ CIA chief signals possible visit to Myanmar ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ David H. Petraeus သည် ယခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက မနေ့က ပြောကြားလိုက်ခြင်းသည် နှစ်ပေါင်းများစွာ စစ်ဖက်အုပ်ချုပ်မှုနှင့် သံတမန်ရေးအထီးကျန်မှုတို့မှ ရုန်းထွက်နေသော မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ဆက်ဆံရေး တိုးတက်နွေးထွေးလာမှု၏ နောက်ဆုံးလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။

Mr Petraeus သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်နှင့်တနင်္လာနေ့က ဘန်ကောက်တွင် တွေ့ဆုံရာ၌ မြန်မာနိုင်ငံခရီးစဉ် အလားအလာကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ Mr Petraeus က မြန်မာနိုင်ငံသို့ သွားဖြစ်အောင်သွားမည် ဟု ပြောဆိုခဲ့ကြောင်း ဝန်ကြီးဆူပရာပေါင်က ထိုင်းသတင်း မီဒီယာများသို့ ပြောကြားသည်။

ယခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့သွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ယင်းက ထိုင်းတာဝန်ရှိသူများကို ပြောကြားကြောင်း ဘန်ကောက်မှ အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (မနေ့)က အတည်ပြု ပြောဆိုသည်။ ပြီးခဲ့သောနှစ်လအတောအတွင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ၃ ဖွဲ့ခန့် သီးခြားစီ သွားရောက်ခဲ့ကြပြီး ဖြစ်သော်လည်း Mr. Petraeus ၏ ခရီးစဉ်က နှစ်နိုင်ငံအကြား ပိုမိုအသေးစိတ် ဆွေးနွေးခြင်း၊ ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဘန်ကောက် ချူလာလောင်ကွန်းတက္ကသိုလ်မှ အမေရိကန်လေ့လာမှု အစီအစဉ်ဒါရိုက်တာ ရောဘတ်ဖစ်(Robert Fitts)က မှတ်ချက်ပေးသည်။ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လုပ်လို့ မရနိုင်တဲ့လိုင်းတွေကို သူတို့ဖွဲ့စည်းလုပ်ကိုင်နိုင်ပါတယ် ဟုလည်း မစ္စတာဖစ်က ဆိုသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံတို့သည် ၁၉၈ဝ ခုနှစ်များနှောင်းပိုင်းအထိ ထောက်လှမ်းရေးဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သူတို့၏ ဒီမိုကရေစီတောင်းဆိုမှု အရေးတော်ပုံကို မြန်မာ့တပ်မတော်က ရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံများက မြန်မာတပ်မတော် အစိုးရအား ကိုယ့်ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်သူများ ဟု သတ်မှတ်၍ နှစ်ပေါင်းနှစ်ဆယ်ခန့် အဆင့်နှိမ့်ချ ဆက်ဆံ ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော လပိုင်းများအတွင်း မကြုံစဖူး အပြောင်းအလဲများ ရုတ်တရက် ပြသလာခဲ့သော မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်မြှင့်ကာ မြန်မာနိုင်ငံသို့ သံအမတ်ကြီး ခန့်အပ်စေလွှတ်တော့မည်ဟု ဝါရှင်တန်က ယခင်လတွင် ကြေညာခဲ့သည်။ “အမေရိကန်တွေ ဘာလုပ်ဖို့ ကြိုးစားနေသလဲ ဆိုတော့ မြန်မာနိုင်ငံက လစ်ဘရယ်လိုက်ဇေးရှင်းကို တွန်းအား ပေးနေကြတဲ့ အင်အားစုတွေကို အားပေးထောက်ခံတဲ့ လက္ခဏာတွေ ပြသနေတာပါ” ဟု ရောဘတ်ဖစ်က ပြောကြားသွားသည်။

*****************************************************************************

မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဟန်ချက်ညီ

(7 February 2012 ရက်စွဲပါ The Daily Star မှ Larry Jaganရေးသားသော Burma’s reform process in the balance ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ဟန်ချက်ညီနေပြီးဖြစ်ပြီး၊ အစိုးရအဖွဲ့အတွင်းမှ သဘောထား တင်းမာသူများနှင့် လစ်ဘရယ် သမားများမှာ အာဏာအားပြိုင်မှုဖြင့် ချုပ်မိနေပြီ ဖြစ်သည်။ ပြောင်းလဲမှုများမှာ အားတက်ဖွယ် လက္ခဏာများနှင့် သမ္မတဦးသိန်းစိန်အပေါ် နိုင်ငံတကာမှ ချစ်ကြည်မှုများရနေသော်လည်း၊ ပြောင်းလဲမှုများသည် အချိန်မရွေးပျက်ယွင်းသွားနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်။ ယခုအချိန်အထိ ရည်ရွယ်ချက် ကောင်းများစွာ ရှိနေသော်လည်း၊ တကယ်တမ်းတွင် လက်တွေ့ပြောင်းလဲမှုများမှာအကန့်အသတ်နှင့် အနည်းငယ်သာ ရှိကြောင်း သုံးသပ်သူများ၏ အဆိုအရသိရှိရသည်။

အကြောင်းမှာ သမ္မတဦးသိန်းစိန်အား ထောက်ခံသော လစ်ဘရယ်သဘောထားရှိ ဝန်ကြီးများနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များမှ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သော သဘောထားတင်းမာသူများ၏ အမြဲတစေ ဖိအားပေးမှုကြောင့် လုပ်ရကိုင်ရကျပ်တည်းသော အခြေအနေတွင် ရှိခြင်းကြောင့် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးသည့် အဖြစ်အပျက်သည် ကန့်လန်ကာနောက်ကွယ်မှ တိုက်ပွဲကို မီးမောင်း ထိုးပြသည့်သဖွယ်ဖြစ်သည်။ အစိုးရဝန်ကြီးများ၊ အကြံပေးများနှင့် သမ္မတကိုယ်တိုင်ကပင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးမည်ဟု ကတိပေးခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းကလည်း ဒီဇင်ဘာလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လာရောက်စဉ်က ယခုနှစ်မကုန်မီ လွှတ်ပေးမည်ဟု လေသံပစ်ခဲ့သည်။

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုများ အပါအဝင် နာမည်ကြီးများလွှတ်လာခဲ့ပြီဖြစ်သည်။ သို့သော် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသို့ ဦးတည်နေချိန်တွင် အစိုးရထိပ်ပိုင်းတွင် အာဏာလွန်ဆွဲမှု ပိုမိုပြင်းထန်လာခြင်းကြောင့်၊ ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသေးသည်။

ဇန်နဝါရီလ (13) ရက်နေ့က ၎င်းတို့အားလွှတ်မပေးမီက၊ ဇန်နဝါရီလ (4) ရက်နေ့ လွတ်လပ်ရေးနေ့ နှင့် ဖေဖော်ဝါရီလ (12) ရက် ပြည်ထောင်စုနေ့များတွင် နိုင်ငံရေးအကျဉ်းသားအများစု လွှတ်ပေးမည်ဟု သတင်းထွက်ခဲ့သည်။ သို့သော် တကယ်တမ်းဇန်နဝါရီလ (4) ရက် တွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်နှင့် အခြားအကျဉ်းသားများ ပြစ်ဒဏ် လျှော့ပေါ့မှုကြောင့် မြန်မာနိုင်ငံတွင်း လစ်ဘရယ်အသိုင်းအဝိုင်းတွင် စိတ်ပျက်ခဲ့ရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဦးဆောင်နေသော ရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်းသည် သိသိသာသာ စိတ်ဓါတ်ကျသွားခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးခင်မင်သူတစ်ဦး၏ အဆိုအရသိရှိရသည်။ လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းသည် ပြည်သူသို့ တောင်းပန်လုနီးပါး အခြေအနေတွင်ပင် ရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုဒုက္ခပေးမည့် အာဏာလွန်ဆွဲမှု ကျယ်ပြန့်လာခြင်း၏ ပုံရိပ်ပင်ဖြစ်သည်။ သမ္မတသည် နောက်ဆုံး၌ မည်သူတွေကိုလွှတ်မည်၊ မည်သည့်အချိန်တွင် လွှတ်မည်ကို ဆုံးဖြတ်ရမည်ဖြစ်သော်လည်း လူကြီးလူကောင်းဆန်စွာ မဲဆန္ဒပေးစေပြီး၊ သဘောထားတင်းမာသူများအား ရန်စခြင်း မရှိပေ။

ယခုမူဘာတွေဖြစ်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာသည်။ ဒီဇင်ဘာလ(30)ရက်နေ့က အမျိုးသား ကာကွယ်ရေးနှင့် ကောင်စီ အစည်းအဝေး ပြုလုပ်ရာကာကွယ်ရေးဦးစီးချုပ်ကလုံခြုံရေးနှင့် အခြား အမျိုးသားရေးများ ဆွေးနွေးရာ နိုင်ငံရေးအကျဉ်းသားများကိစ္စမှာ အချေအတင် ဖြစ်ခဲ့ရသည်ဟုဆိုသည်။ သဘောထားတင်းမာသူခေါင်းဆောင် ဒုသမ္မတဦးတင်အောင်မြင့်ဦးက နိုင်ငံရေးအကျဉ်းသားများကို ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ မလွှတ်ရန် ပြင်းထန်စွာပြောဆိုခဲ့သည်။

စစ်အစိုးရလက်ထက်က တတိယထိပ်တန်းပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဦးရွှေမန်းသည် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေးတွင် ရှေ့ဆုံးမှ ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အစည်းအဝေးတွင် ယင်းက အကယ်၍ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို ကတိအတိုင်း လွှတ်ပေးခြင်းမရှိပါက၊ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD သည် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်လိမ့်မည်ဟု ငြင်းချက်ထုတ်သည်။ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကိုကို ကလည်း အကျဉ်းသားများ ချက်ခြင်းလွှတ်ရေးကို ထောက်ခံခဲ့သည်။ ကျန်သူများအနက် အချို့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များကဲ့သို့သော နိုင်ငံရေးအကျဉ်းသားများကို ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် စာရင်း မှတ်ပုံတင်ပြီးသည်အထိ လွှတ်ပေးခြင်းမပြုရန် အရေးကြီးကြောင်း အကြံပြုကြသည်။

သဘောထားတင်းမာသူများ၏ အကြီးမားဆုံး ကြောက်ရွံ့မှုမှာ ၈၈ အုပ်စုများ ပါတီထောင်၍ ရွေးကောက်ပွဲသို့ ဝင်ရောက်အရွေးခံမည်ကို ဖြစ်သည်။ အတိုက်အခံ ပြောလာသောအခါ သမ္မတသည် ယင်းဆုံးဖြတ်၍ ရသော ကိစ္စဖြစ်သော်လည်း ငြိမ်နေလိုက်သောသဘောရှိပြီး နောက်ဆုံးတွင် လွတ်လပ်ရေးနေ့၌ လက်တစ်ဆုပ်စာသာ လွတ်မြောက်လာခြင်း ဖြစ်သည်။ သို့သော် နှစ်ပတ်အကြာတွင် သဘောထားတင်းမာသူများ မနှစ်သက်သည့် ၈၈ ကျောင်းသားများနှင့် ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် ထင်ရှားသော အကျဉ်းသားများကို လွှတ်ပေးခဲ့သည်။

သမ္မတက ရုတ်တရက် သဘောထားပြောင်းလဲသွားခြင်းမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး စကားပြောမှုတွင် KNU နှင့် အောင်မြင် သွားသောကြောင့် ဖြစ်သည်။ ထိုအချက်သည် ဦးသိန်းစိန်အား သတ္တိ ရှိသွားစေခဲ့ပြီး လုပ်သာကိုင်သာ ရှိသွားစေသည်။ ဇန်နဝါရီလ (၁၂)ရက်နေ့က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော မြန်မာ အစိုးရအဖွဲ့သည် KNU နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးပြီးလျှင်ပြီးခြင်း ရထားဝန်ကြီးက ဦးသိန်းစိန်ထံ ဖုန်းဆက်ကြောင်း အစည်းအဝေး တက်ရောက်သော သူများထံမှ သိရှိရသည်။ သမ္မတကလည်း စောင့်နေခြင်းဖြစ်ပြီး လေးနာရီအကြာတွင် အဓိကအကျဉ်းသားများ လွှတ်ပေးရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါအချက်ကို ကြည့်ခြင်းဖြင့် အခြေအနေများမှာ မရေရာသော အခြေအနေတွင်ရှိသည်ဟု မြန်မာ အစိုးရအတွင်းမှ သတင်းများက ဆိုသည်။ သဘောထားတင်းမာသူများက သမ္မတကြီးအား ပြဿနာပေးလျက် ရှိပြီး လစ်ဘရယ်သမားများအနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အနှောင့်အယှက်မရှိ လုပ်ဆောင်ရန် ခက်ခဲလှသည်။

သဘောထားတင်းမာသူများ အကြိုက်ဆုံးနည်းတစ်ခုမှာ ယခင်စစ်တပ် ခေါင်းဆောင်ဟောင်း ဦးသန်းရွှေကို ညွှန်းဆိုကြခြင်းပင် ဖြစ်သည်။ သဘောထား တင်းမာသူများ အထူးသဖြင့် ယခင် စစ်အစိုးရစက်မှုဝန်ကြီးနှင့် USDP ၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်သောင်းသည် အကျဉ်းသား အမြောက်အများ လွှတ်ပေးခြင်းသည် အဖိုးကြီးအား စိတ်ဆိုးစေနိုင်ကြောင်း အဆက်မပြတ်ဆိုခဲ့ပြီး နှောင့်နှေးအောင် ပြုလုပ်ခဲ့သည်။ အထက်ပါ ယခင်အစိုးရမှ ပြောင်းလဲရေး မလိုလားသော အဖိုးအိုများသည် ဦးသန်းရွှေနှင့် ရင်းနှီးပြီး မကြာခဏသွားရောက် တွေ့ဆုံလေ့ရှိသူများ ဖြစ်သည်။ ယင်းတို့သည် ပြုပြင် ပြောင်းလဲရေးများကို ကန့်သတ်ရန် ရှေ့ဆုံးမှ ကြိုးစားနေသူများ ဖြစ်သည်။

ယင်းတို့သည် လစ်ဘရယ်သမားများ လုပ်ရကိုင်ရ ခက်အောင် ပြဿနာများ ပြုလုပ်နေပြီး နှောင့်နှေးအောင် ပြုလုပ်လျက်ရှိသည်။ ကချင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်မှုမှာ ယင်းတို့အား ပိုမို အားကောင်းလာစေသည်။ ယခုအခါ ယင်းတို့သည် လူမှုရေးမငြိမ်သက်မှုများနှင့် နိုင်ငံရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်ရန် စောင့်နေပြီး ဦးသိန်းစိန်နှင့် ယင်း၏ လစ်ဘရယ် ထောက်ခံသူများအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုမှာ မှားယွင်းကြောင်း လက်ညှိုးထိုးရန် ဖြစ်သည်။ ကန့်လန့်ကာ နောက်ကွယ်တွင် ကြံစည်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယခု လောလောဆယ်တွင်မူ အခြေအနေမှာ ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေပြီး၊ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် အချိန်ထိ ဖြစ်နေနိုင်သည်။ ရွေးကောက်ပွဲများ၏ ရလဒ်သည် အနာဂတ် ပြုပြင် ပြောင်းလဲရေးများ၏ နှုန်းနှင့် အတိုင်းအတာကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။ ဝန်ကြီးများ၏ ၂၀% သည် လစ်ဘရယ်ဖြစ်ပြီး၊ ၂၀% မှာ သဘောထား တင်းမာသူများ ဖြစ်ပြီး ကျန် ၆၀%မှာ မည်သူ နိုင်မလဲ ဆိုသည်ကို စောင့်ကြည့်နေသော ခြံစည်းရိုးပေါ်တွင် ခွထိုင်နေသူများ ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးက မကြာမီက နိုင်ငံခြား သံတမန်များအား ပြောသည်။ မသေချာသော ကစားပွဲ တစ်ခုကို ကစားနေရသကဲ့သို့ရှိပြီး လစ်ဘရယ် သမားများသည် ယင်းတို့နှင့် ရင်းနှီးသော မြန်မာ အစိုးရ တာဝန်ရှိသူများအပေါ် မူတည်၍ လှုပ်ရှားနေရသည်။ "ကျွန်တော်တို့ ရှုံးရင်တော့ ထောင်ထဲပဲ" ဟု ယင်းတို့အထဲမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

*****************************************************************************

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment