Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြောတော့ မိုးထိုးတော့ မြေကြီးမဖြစ်စေဖို့

**************************************

ဆောင်းပါးကဏ္ဍ

ပြောတော့ မိုးထိုးတော့ မြေကြီးမဖြစ်စေဖို့

မောင်ဝံသ

 (ဖေဖော်ဝါရီ ၁၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၂) မှ ထုတ်ယူဖော်ပြသည်)

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရကဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း  တစ်ခါတစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါတစ်ခါ အားပျက်စရာ အားမရစရာ တွေ့လိုက်ရဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေ လည်း ရှိနေသေးတယ်ဗျာ။

ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်

အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက်တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးအောင်ပွဲနေ့က ဝါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး “ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးတစ်ယောက်တည်း ရှိတာမှ မဟုတ်ဘဲ”လို့ ပြောခဲ့တယ်ဗျ။

ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်အတွဲ (၁)၊ အမှတ်(၂)မှာလည်း “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာအောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်ဗျ။

 မယုံသေးသူတွေကိုအပြစ်မတင်

ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာမီဒီယာသမားတွေ အပါအဝင် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြား သိနေကြရဆဲဖြစ်တဲ့ အားတက်စရာတွေ ကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုးသုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်း ပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီမော်တော်ကား ကြီးနောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ ဘူးဗျာ။

 

ပြည်သူ့ခေတ် မုခ်ဦးမှာ

ဒါပေမယ့် ဘာပဲပြောပြောသမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ သံဃာတော်တွေ အပါအဝင် ယုံကြည်ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာအဆုံး ပြည်သူ့ဆန္ဒကို လေးစား အသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ် အထပ်ထပ်ပေးခဲ့တဲ့ “နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး”ဆိုတဲ့ ကတိစကားတွေ အပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့် ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ် ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။

ပြည်သူတွေရဲ့ ဒီမိုကရေစီအသိရေချိန်

ဒါကြောင့် လောလောဆယ်မှာဒီမိုကရေစီ ဝန်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့ အမြန်ဆိုသလို ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီပန်းတိုင်ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ အသိပညာရေချိန် မြင့်ခြင်းနိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။

အမှန်တရားသည်သာအင်အား

ဒီမိုကရေစီကိုအလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ “အင်အားသည်သာအရာရာ” (Might is Right) သဘော တရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ “အမှန်တရားသည်သာအင်အား” (Right is Might) သဘောတရားတွင် ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရား လက်ကိုင်ထားသူများသာလျှင် ပြည်သူတွေကိုယ်စား နိုင်ငံရဲ့အရေးအရာတွေကို စီမံခန့်ခွဲ ပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရား လက်ကိုင်ထားပြီးသူတို့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်သူ၊ တရားကို သိရုံသာသိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ် တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာသူတို့ရဲ့ ကံကြမ္မာကိုအပ်နှံမှာ ဖြစ်တယ်ဗျ။

 

မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား

ဒီနေရာမှာအပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကိုဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ အယ်ဒီတာ့အာဘော်မှာ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။

တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကိုလက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများပြီး ချောင်းတွေ ဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီးပြောလိုက်လို့ အဲဒီသားအမိ ပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြားလုံးတွေ သိပ်မစားဖို့ ချစ်ခင် ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန်ပြောတယ်။ ကလေးအမေက ဒီဆုံးမ စကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့်မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေ လွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချို လျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။

 

လျှာအရိုးမရှိ လျှောက်ပြောစရာမဟုတ်

ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေသူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမားတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

ဒီမိုကရေစီခေတ်မှာ “လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်”တဲ့ နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ “ပြောတော့ မိုးထိုးတော့ မြေကြီး”လူစားတွေကိုမထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက်ငယ်သားတွေ ကိုတော့ အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှု ပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်က အမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှမရှိစေရ၊ လက်ညှိုးမကောင်းလက်ညှိုး လက်မ မကောင်းလက်မ၊ လက်သင့်ရာ စားတော်ခေါ် ဝေစားမျှစားစီးပွားရေး မဖြစ်စေရစတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြော နေရမှာ မဟုတ်ကြောင်းပါဗျ။

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment