Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကိုယ်ကစပြီး ပြောင်းလဲရမှာ

*****************************************

ဆောင်းပါးကဏ္ဍ

ကိုယ်ကစပြီး ပြောင်းလဲရမှာ

မြတ်ထွန်းအောင်

(ဖေဖော်ဝါ၇ီ ၁၆ ထုတ် Popular News အတွဲ (၄) အမှတ် (၇)မှ ထုတ်ယူဖော်ပြသည်)

ပြောင်းလဲခြင်းကို လောကဓမ္မတာတစ်ရပ်အနေနဲ့ အားလုံးက လက်ခံကြပါတယ်။ မပြောင်းလဲတာဆိုလို့ ပြောင်းလဲခြင်းတရားသာရှိ တယ်လို့ ဆိုကြပါတယ်။ ပြောင်းလဲရာမှာလည်း အကောင်းအဆိုးရှိကြပြီး အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှုကိုသာ အားလုံးက နှစ်သက်လိုလား လက်ခံကြတာပါ။

စနစ်ပြောင်းတာ ခေတ်ပြောင်းတာလူတွေ၊ မူတွေပါ အကောင်းဘက်ကို ပြောင်းလဲတာဆိုရင်တော့ ပြောစရာ မရှိတော့ပါဘူး။ အမှန်တကယ်ကို ကောင်းလွန်းလှပါတယ်။ အကောင်းဘက်ကို ဦးတည်မယ့် အပြောင်းအလဲတွေကို စကားလုံးအဖြစ်နဲ့တောင် လူတွေက ဘယ်လောက်များလိုလားနှစ် သက်ကြသလဲဆိုရင် အမေရိကန်နိုင်ငံမှာ အပြောင်းအလဲလုပ်မယ့် ကတိစကားလေးနဲ့တောင် အိုဘားမား သမ္မတဖြစ်လာတာကို တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း ခေတ်တစ်ခေတ်ကို ပြောင်းလဲခဲ့ပါပြီ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အစိုးရသစ်ရဲ့ ပထမဦးစားပေး လုပ်ဆောင်မယ့် တာဝန်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းတဲ့အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းလုပ် ဆောင်ဖို့ဖြစ်ပါတယ်လို့ ပြောဆိုမိန့်ကြားခဲ့ပါတယ်။ အစိုးရရဲ့ ဒုတိယလုပ်ငန်းစဉ်ကတော့ ဒီမိုကရေစီကျင့်စဉ် (Democratic Practice) များ ထွန်းကားရေးပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ်အလေးထား ဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ခုကတော့ တရားဥပဒေ စိုးမိုးရေး ဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ အဲဒီပြောကြားချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ လုပ် ဆောင်ရမယ့်အချက်တွေ ဖြစ်တယ်လို့ ယူဆပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က အထက်မှာပြောခဲ့တဲ့အချက်တွေကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ ဒီမိုကရေစီကျင့်စဉ် (Democratic Practice) တစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်နာကျင့်သုံးပြခဲ့ပါတယ်။ ဒါကတော့   ပြည်သူအားလုံး ရွှင်ပြုံးအားရခဲ့ ကြတဲ့ ”ဧရာဝတီမြစ် ဆုံဆည် တည်ဆောက်ရေးလုပ်ငန်း”နဲ့ ပတ်သက်လို့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားပြီး လုပ်ငန်းကို ရပ်ဆိုင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုပါပဲ၊ အပြောင်းအလဲတွေကိုနေရာ အတော်များများမှာ တွေ့လာရပါတယ်။ ကျေနပ်အားရတဲ့လူတွေလည်း ရှိကြသလို၊ အားမလို အားမရ ဖြစ်ကြတဲ့သူတွေလည်း ရှိကြတာပေါ့။ အခုပဲသရက်ပင်စိုက်ပြီး အခုပဲ သရက်သီးစားချင်လို့တော့ မရနိုင်ပါဘူးလေ။ “လူ့အလိုနတ်မလိုက်နိုင်” ဆိုတဲ့ ဆိုရိုးတောင် ရှိနေတာပဲမဟုတ်လား။

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကိစ္စတွေ၊ မီဒီယာလွတ်လပ်ခွင့်အချို့ ရလာတာတွေ၊ ပြည်သူအများရဲ့ နစ်နာမှု တိုင်ကြားချက်တွေကို ကော်မတီ ဖွဲ့ပြီး ဆောင်ရွက်တာတွေကအစ ‘လွတ်ငြိမ်းချမ်းသာခွင့်’ဆိုတဲ့ စကားကို ပိုမိုပြည့်စုံလာအောင် အဓိပ္ပာယ်ရှိလာအောင် နိုင်ငံရေး အကျဉ်းသားတွေ ထပ်မံလွှတ်ပေးလာတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုပါပဲ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ငြိမ်းချမ်းဖို့ ကြိုးပမ်းချက်တွေကိုလည်း ကြားသိလာရပါတယ်။

ဒီလို နိုင်ငံနဲ့ အမျိုးသားရေးတွေနဲ့ ဆက်နွှယ်တဲ့ ကြီးကျယ်တဲ့ အပြောင်းအလဲတွေသာမက နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့ရတဲ့ ကျင့်ဝတ်သိက္ခာ၊ ကိုယ်ကျင့်တရားဆိုင်ရာ အပြောင်းအလဲတွေကိုလည်း တွေ့ မြင်ခံစားလာရပါတယ်။

အသက်အရွယ် မငယ်တော့တာမို့ အပြင်ထွက်တဲ့ ကိစ္စတွေ   လျှော့ထားခဲ့ရပြီး အပြင်လောကနဲ့  အထိအတွေ့ အတော်လေးဝေး နေခဲ့ရာမှ….. ဇနီးသည် ‘ပင်စင်စား’ ကွယ်လွန်ချိန်မှာတော့ မိသားစုပင်စင်ကိစ္စအတွက် အပြင်ထွက် လှုပ်ရှားခဲ့ရပါတယ်။ ဒီတော့မှပဲ ဟိုယခင်က ဘဝင်မကျ စိတ်ပျက်ခဲ့ရတဲ့ အခြေအနေလေးတွေဟာ မသိမသာ ပြောင်းလဲနေတာကို သတိပြုလာမိပြီးဝမ်းသာ ကြည်နူးခဲ့ရပါတယ်။

မြို့ထဲအသွားဘတ်စ်ကားပေါ်မှာ ပထမဆုံးတွေ့ရတာပါ။ အမြန်ပြိုင်မောင်းနေတဲ့ ဘတ်စ်ကားပေါ်မှာ မယိုင်မလဲရအောင် မြဲမြဲကိုင်ရပ်နေတဲ့ ကျွန်တော့်လို အိုကြီးအိုမ အဘိုးအိုတစ်ဦးကို ဘယ်သူကမှ အရေးတယူနေရာ ဖယ်မပေးကြဘဲ မသိကျိုးကျွန် အပြုခံရတာ ကြာမြင့်ခဲ့လှပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်ကိုင်ရပ်နေတဲ့ ခုံမှာထိုင်နေတဲ့ လူငယ်တစ်ဦးကထပြီး အဘထိုင်ပါလို့ နေရာပေးပါတယ်။ မြို့ထဲကအပြန်မှာလည်း ဝန်ထမ်း ဝတ်စုံဝတ် အမျိုးသမီးငယ်တစ်ဦးက နေရာဖယ်ပေးလို့ ကြည်နူးဝမ်းသာခဲ့ရပါတယ်။ လူငယ်လူရွယ်တွေလည်း ပြောင်းလဲလာကြပြီပဲ။

မိသားစုပင်စင် လျှောက်ထားဖို့ အဓိကကျတဲ့ အိမ်ထောင်စုစာရင်း ပျောက်ဆုံးနေလို့ အသစ်ပြန်လုပ်ရပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်နဲ့ ရဲစခန်းထောက်ခံချက် ရယူပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနကို သွားရောက် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်းအသစ် တစ်စောင် ပြန်လည်ရရှိခဲ့ပါတယ်။ လွယ်လွယ်ကူကူ ဘာအခက်အခဲမှ မရှိပါဘူး။

အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနဲ့ လဝကရုံးကဝန်ထမ်းတွေ အားလုံးဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိကြပြီး လုပ်ငန်းအဝဝကို ကြည်ကြည်ဖြူဖြူ လုပ်ဆောင်ပေးကြပါတယ်။ ငွေကြေးတစ်ပြားတစ်ချပ်မှလည်း မတောင်းကြပါဘူး။ ကြည်နူးဝမ်းသာမိပါတယ်။ ဒါကြောင့် ကျွန်တော်ကပဲ ”စာရွက်စာတမ်း ကြေးတော့ ယူကြကွာ” ဆိုပြီး အထိုက်အလျောက်   ကျေကျေနပ်နပ်ပဲ ပေးခဲ့ပါတယ်။

မိသားစုပင်စင်လျှောက်တဲ့ ပုံစံတစ်စောင်မှာ (၂ဝိ/-)တန်တံဆိပ် ခေါင်းနှစ်ခုကိုကပ်ဖို့အတွက် ပြည်တွင်းအခွန် ဦးစီးရုံးသွားတော့လည်း အဆင်ပြေပါတယ်။ တံဆိပ်ခေါင်း နှစ်ခုအတွက် ၄ဝိ/-ကို ၅ဝိ/-တန် တစ်ရွက်ပေးလိုက်ရင်ပြီးတာကို ဘယ်လောက်ကျသလဲလို့ မေးလိုက်တော့ ”အဆင်ပြေသလိုပဲ ပေးပါ ဘကြီး”တဲ့။ ကျွန်တော်ကလည်း ကျေကျေနပ်နပ်ပဲ အထိုက်အလျောက်  ပေးလိုက်ပါတယ်။

ဒီလိုနဲ့ နောက်ဆုံးအဆင့် မိခင်ဌာနမှာပုံစံတွေ ဖြည့်ရတော့ အမျိုးသမီးဝန်ထမ်းငယ်လေးက ပုံစံစာရွက်တွေ ကူညီ ဖြည့်စွက်ရေးသား ပေးတာကအစ ပြန်တမ်းဝင်အရာရှိရဲ့ ထပ်ဆင့်လက်မှတ်ရေးထိုးတာအဆုံး ပြုံးပြုံးရွှင်ရွှင်   ဆောင်ရွက်ပေးပါတယ်။ လုပ်ငန်းအားလုံးပြီးတော့ ပြုစုဧည့်ခံချင်လို့ တစ်ခုခုစားဖို့ ဝမ်းသာအားရ ဖိတ်ကြားလိုက်ပေမယ့် ဝန်ထမ်း အမျိုးသမီးက နေပါစေအဘရယ်ဆိုပြီး ချိုချိုသာသာပဲ ငြင်းဆိုပါတယ်။  ဒါနဲ့ကျွန်တော်လည်း ရုံးခန်းအနီးမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှ မုန့်အချို့ဝယ်ပြီးသူမရဲ့ စားပွဲပေါ်မှာ ဇွတ်အတင်းတင်ထားခဲ့ပါတယ်။

အဲဒီနေ့ ညပိုင်းစကားဝိုင်းရောက်တော့ သမီးကြီးကသူတို့ အမေရဲ့ မိသားစုပင်စင်ကိစ္စ အဆင်ပြေရဲ့လားလို့ မေးပါတယ်။ ”အေး .. အဆင်ပြေ ပါတယ်” လို့ ပြန်ပြောပြီး ခပ်ကြွားကြွား ခပ်များများပြောတတ်တဲ့ အကျင့်အတိုင်း အဲဒီကိစ္စတွေ ဆောင်ရွက်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ ဝမ်းသာ ကြည်နူးဖွယ်ရာ အပြောင်းအလဲလေးတွေကို သူတို့လည်း မျှဝေခံစားနိုင်အောင် အားပါးတရလေရှည် လိုက်ပါတယ်။

ကျွန်တော့် စကားဆုံးတော့ သမီးငယ်ကပြောပါတယ်။

"မဟုတ်သေးပါဘူးအဖေရယ်။ အဖေ့ဟာဝန်ထမ်းလေးတွေ ပြောင်းလဲဖို့ ကြိုးပမ်းနေတာကိုသွား ပြီးဖျက်ဆီးသလို ဖြစ်နေတာပေါ့” တဲ့။

"ဟေ၊ ဟုတ်ပါရဲ့" ကျွန်တော် ချက်ချင်းသဘောပေါက်သွားပါတယ်။

အဲဒီအချိန်မှာပဲ သမီးကြီးက ပြောပြန်ပါတယ်။ "ဟုတ်တယ်အဖေရဲ့၊ အခြားလူတွေ ပြောင်းတာ၊ မပြောင်းတာ အသာထား၊ အဖေကိုယ်တိုင်က စပြီး ပြောင်းလဲရမှာ” တဲ့ ….။

**********************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment