Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၇.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. သာတူညီမျှမရှိသည်များကိုပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(The Nation မှ 27 February 2012 ရက်စွဲပါ Suthichai Yoon ရေးသားသော Inequality must be corrected, Suu Kyi says ကို ဘာသာ ပြန်ဆိုသည်)

  1. UNHCR အစည်းအဝေးတွင် ထိုင်းက မြန်မာဘက်မှ ရပ်တည်မည်

(Bangkok Post မှ 27 Feb 2012 ရက်စွဲပါ Gov't to back Myanmar at UN summit ကို ဘာသာ ပြန်ဆိုသည်)

  1. အိုစမာဘင်လာဒင် နောက်ဆုံးခိုအောင်းနေထိုင်ခဲ့သည့် နေအိမ်ခြံဝင်းတစ်ခုလုံးကို ပါကစ္စတန်အစိုးရ ဖြိုချဖျက်ဆီး

(BBC သတင်းဌာမှ 25 Feb 2012 ရက်စွဲပါ Osama Bin Laden compound being demolished in Pakistan ကို ဘာသာ ပြန်ဆိုသည်)

  1. ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးစစ်သားများအား ရှာဖွေရန် မြန်မာ- အမေရိကန် ဆွေးနွေး

(Associated Press မှ 25 Feb 2012 ရက်စွဲပါ “US holds talks in Myanmar on resuming recovery of remains of soldiers from World War II” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************************************************

သာတူညီမျှမရှိသည်များကိုပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(The Nation မှ 27 February 2012 ရက်စွဲပါ Suthichai Yoon ရေးသားသော Inequality must be corrected, Suu Kyi says ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတွင် တကယ့်စီးပွားရေး အရသာတူညီမျှမှုမရှိကြောင်း (no real economic equality) နှင့် ထိုအခြေအနေကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“အမှန်တကယ် ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် သာတူညီမျှမှုလိုအပ်ပါတယ်။ အခုအခြေအနေမှာ စီးပွားရေးအရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြားမှာ တကယ့်ညီတူမျှမှု မရှိသေးပါဘူး။ ဒါကို ဝန်ခံရမှာပါပဲ။ ကျွန်မတို့ စီးပွားရေးတွေ တူညီတဲ့ အဆင့်တစ်ခု ရောက်လာခဲ့မယ်ဆိုရင် ကျွန်မတို့ နှစ်နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖလှယ်ရေးနယ်ပယ်တွေ တိုးချဲ့လာနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ နှစ်ဦးနှစ်ဖက်ကို မှန်မှန် အထောက်အကူဖြစ်မှာပါ။” ဟု သူမက အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆာဝမ်နှင့် ပြီးခဲ့သည့်အပတ်က တွေ့ဆုံအပြီး The Nation ၏ အမေးကို ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် နှစ်နိုင်ငံကြား မညီမျှသော အခြေအနေများကို အသေးစိတ်ပြောကြားသွားခြင်းမရှိပေ။ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် မြန်မာနိုင်ငံသည် အောက်စည်းတွင်ပင် ရှိနေခဲ့ကြောင်း သူမက ပြောသည်ဟု တက်ရောက်သူများက ပြောသည်။

သူမ အစောပိုင်းကပြောခဲ့သော မြန်မာနိုင်ငံအား အခြား အာဆီယံနိုင်ငံများထက်သာသည်ကို တွေ့လိုကြောင်း ပြောကြားခဲ့ခြင်းအား ရှင်းပြရန် စင်ကာပူ သတင်းစာဆရာ မေးမြန်းရာ “တခြား အာဆီယံနိုင်ငံတွေက မြန်မာက သာသွားမှာကို စောင့်နေကြတယ်ဆိုရင်တော့ ကျွန်မ ဝမ်းသာရမှာပေါ့” ဟု ဆိုခဲ့သည်။

- မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ပြန်မလှည့်တော့ဟု သူမ ပြောလိမ့်မလား။

“စစ်တပ်က ပြုပြင်ပြောင်းလဲရေးနောက်မှာ မားမားမတ်မတ်ရပ်မယ်လို့ ကျွန်မ မသိနိုင်သေးပါဘူး။ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲမှုတွေ နောက်မှာ ခိုင်ခိုင်မာမာ ရပ်တယ်လို့ ကျွန်မတို့ မသိရမခြင်းတော့ နောက်ပြန်မလှည့်ဘူးလို့ မပြောနိုင်သေးပါဘူး” ဟု သူမက ပြောသည်။ ဧပြီလ (၁) ရက် ကြားဖြတ် ရွေးကောက်ပွဲများ အပြီးတွင် အနောက်နိုင်ငံများက ၎င်းတို့၏ အရေးယူမှုများကို ရုတ်သိမ်းရန် ဆုံးဖြတ်ခြင်းပြုမပြုကို သူမက စောင့်မျှော်လျက်ရှိသည်။

သူမအနေဖြင့် ဦးသိန်းစိန်၏ ကက်ဘိနက်တွင် ရာထူးတစ်နေရာ ရလိမ့်မည်ဟူသော အများက မျှော်မှန်းချက်နှင့် ပတ်သက်၍ မေးမြန်းရာ သူမက “ကျွန်မ ကက်ဘိနက်မှာ ရာထူးယူရင် ပါလီမန်က ထွက်ပေးရမှာပါ။ ဒီတော့ ထွက်ပေးရမယ့် ပါလီမန်ရာထူးတစ်ခုအတွက် ကျွန်မ ဒီလောက်အပင်ပန်းခံ ကြိုးစားပါ့မလားလို့ ပြည်သူတွေကို အမြဲပြောပါတယ်” ဟု ဆိုသည်။

- သူမသည် နိုင်ငံခြားသို့ ခရီးထွက်မည်ဟု ဆုံးဖြတ်ချက်ချပါက သွားရောက်မည့်နိုင်ငံခြားတိုင်းပြည်သည် မည်သည့်တိုင်းပြည် ဖြစ်မည်လဲ။

“ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ပထမဆုံးသွားလိုတဲ့ နိုင်ငံကတော့ နော်ဝေ ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ကာလတွေမှာ သူတို့ လုပ်ပေးခဲ့တာတွေကြောင့်ပါပဲ။ အခက်အခဲတွေနဲ့ကာလတွေမှာ အတူရပ်ပေးခဲ့တဲ့ မိတ်ဆွေတွေကို ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး။ ဒါက ကျွန်မ သွားချင်တာကို ပြောတာပါ။ ဒါနဲ့ပဲ ပထမဆုံးသွားမယ့် နိုင်ငံက နော်ဝေ ဖြစ်လာမယ်လို့ မဆိုလိုပါဘူး။ ဒါက တခြား အခြေအနေတွေပေါ်မှာ မူတည်နေသေးတယ်” ဟု သူမက ပြောသည်။

အာရပ်နွေဦးတော်လှန်ရေးများက မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် သက်ရောက်မှုများကို မေးမြန်းရာ “အာရပ်နွေဦးက ရလာတဲ့ သင်ခန်းစာ ကတော့ နေရာတိုင်းက လူတွေဟာ လွတ်မြောက်မှု၊ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှုတို့ကို ချစ်မြတ်နိုးတဲ့ နေရာမှအတူတူ ဆက်နွယ်မှုတွေ ရှိတယ်ဆိုတာပါပဲ။ အဲဒီ အသိတရားကို မျှဝေရတာ ရလာဒ်ကောင်းပါပဲ” ဟု သူမက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အမေရိကန်၊ တရုတ်နှင့် အာဆီယံတို့ကို မည်သို့ ချိန်ခွင်လျှာညီအောင် ထိန်းမည်နည်းဟု မေးမြန်းရာ သူမက “ဒါက လုပ်ဆောင်ရမယ့် အလုပ်တစ်ခုပါပဲ။ ကျွန်မတို့ဟာ ကမ္ဘာမှ အင်အားအကြီးဆုံးနဲ့ အကြီးဆုံးတိုင်းပြည်နှစ်ခုကြားမှာ ရှိနေတော့ လွယ်တော့ မလွယ်လှပါဘူး။ အာဆီယံကလည်း ကျွန်မတို့ဘေးမှာ ရှိနေပြီး၊ အနောက်နိုင်ငံတွေကလည်း ဝေးတယ်ဆိုပေမယ့် နီးကပ်တဲ့ ဆက်သွယ်မှုရှိနေပါတယ်” ဟု ဆိုသည်။ “ကျွန်မတို့ လူတိုင်းနဲ့ မိတ်ဆွေဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ နားလည်မှုတွေ၊ အပြန်အလှန်လေးစားမှုတွေနဲ့ အခြေခံပြီး ဆက်ဆံရေးကို ထိန်းသိမ်းရတာပါပဲ။ မြန်မာနိုင်ငံမှာ တခြားအာဆီယံနိုင်ငံတွေ မရခဲ့ဘူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒီတော့ ကျွန်မတို့ အတွေ့အကြုံတွေ မျှဝေနိုင်ပါတယ်၊ အနောက်နိုင်ငံကိုလည်း ကျွန်မတို့ ပေးနိုင်တာ အများကြီးရှိပါတယ်။ ကျွန်မတို့ဟာ စီးပွားရေးအရ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည် ဖြစ်ပေမယ်လို့ ကောင်းမွန်တဲ့ စိတ်ဓာတ်တန်ဖိုးတွေနဲ့ ယဉ်ကျေးမှုတွေ ပေးနိုင်ပါသေးတယ်။ ဒါကြောင့် မျှဝေပေးနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုကို ကျွန်မ မျှော်လင့်ပါတယ်” ဟု သူမက ပြောသည်။

************************************************************************

UNHCR အစည်းအဝေးတွင် ထိုင်းက မြန်မာဘက်မှ ရပ်တည်မည်

(Bangkok Post မှ 27 Feb 2012 ရက်စွဲပါ Gov't to back Myanmar at UN summit ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လုံးဝချိတ်ဆက်မိစေရန် ယခုနှစ်တွင် ပို၍ တက်ကြွစွာ လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားရေးရာ အမြဲတမ်းအတွင်းဝန် Sihasak Phuangket-Kaew က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် ဂျနီဗာတွင် ယနေ့ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHCR)၏ ၁၉ ကြိမ်မြောက် အစည်းအဝေးမှ တစ်ဆင့် မြန်မာနှင့် ဆက်ဆံရေးကို တွန်းအားပေး ကူညီရန် အသင့် ရှိကြောင်း ပြသမည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul သည် UNHCR ၏အဆင့်မြင့်ပုဂ္ဂိုလ်များ အစည်းအဝေးတွင် ထိုင်းနိုင်ငံကိုယ်စားပြု တက်ရောက်မည် ဖြစ်ပြီး မြန်မာကိစ္စကို ဆွေးနွေးကြမည် ဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း UNHCR ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ မူကြမ်းရေးရာတွင် အီးယူက လွှမ်းမိုးခဲ့သည်ဟု Mr.Sihasak က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ ဒီနှစ်မှာ အီးယူနဲ့အတူ ပိုပြီးအပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အလုပ်လုပ်ပါမယ်။ ဒါမှာသာ အီးယူအနေနဲ့ မြန်မာနိုင်ငံက အပေါင်းလက္ခဏာဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အသိအမှတ် ပြုနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနဲ့ ပတ်သက်နိုင်အောင် တံခါးတွေ ဖွင့်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်" ဟု ယင်းက ဘန်ကောက်ပို့စ်သို့ ပြောကြားသွားသည်။

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုပြုလုပ်ရန် ရပ်တည်ချက်ကို ပြင်ဆင်ရန် အသင့်ရှိမည်ဟု ယုံကြည်ကြောင်းလည်း မစ္စတာ Sihasak က ပြောသည်။

အာဆီယံနိုင်ငံများက မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများကို တွန်းအားပေး နိုင်ရန် ကူညီရေး ထိုင်းက ဆုံးဖြတ်ထားခြင်းသည် UNHCR အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များအကြား ထိုင်းနိုင်ငံက တံတားတစ်စင်းသဖွယ် ဆက်သွယ်ပေးရန် အသင့်ရှိသည်ဟု ပြသလိုက်ခြင်း ဖြစ်ကြောင်း ယင်းက ဆိုသည်။ မစ္စတာ Sihasak သည် မြန်မာကိစ္စအပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများတွင်လည်း ထိုင်းနိုင်ငံ၏ အလေးထားမှုအတွက် ကြေညာချက်ကိုလည်း တင်ပြမည်ဖြစ်သည်။

**********************************************************************

အိုစမာဘင်လာဒင် နောက်ဆုံးခိုအောင်းနေထိုင်ခဲ့သည့် နေအိမ်ခြံဝင်းတစ်ခုလုံးကို ပါကစ္စတန်အစိုးရ ဖြိုချဖျက်ဆီး

(BBC သတင်းဌာမှ 25 Feb 2012 ရက်စွဲပါ Osama Bin Laden compound being demolished in Pakistan ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင် နောက်ဆုံး ခိုအောင်းနေထိုင်သွားသည့် နေအိမ်ခြံဝင်းအား ပါကစ္စတန်အစိုးရက ဖြိုချ ဖျက်ဆီးပစ်လျက် ရှိကြောင်းသိရသည်။ အဆိုပါနေအိမ်သည် အစ္စလာမာဘတ်မြို့တော် မြောက်ဘက် Abbottabad မြို့တွင်တည်ရှိပြီး အိုစမာဘင်လာဒင် ပုန်းခို နေထိုင်ခဲ့စဉ် အမေရိကန် အထူးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ မေလ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့စီးနင်းတိုက်ခိုက်မှုပြုစဉ် အိုစမာဘင်လာဒင်မှာ အဆိုပါနေအိမ်အတွင်း သေနတ်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညအချိန်ပိုင်းတွင် ဘူဒိုဇာကြီးများရောက်ရှိလာပြီး နေအိမ်ဝင်းခြံ အုတ်တံတိုင်းများအား စတင်ဖြိုချပစ်ခဲ့ကြောင်း၊ အိမ်တစ်ခုလုံးကို ညလုံးပေါက် ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ အိုစမာဘင်လာဒင် နှစ်ပေါင်း ၅ နှစ် နီးပါးမျှ ခိုအောင်းနေထိုင်ခဲ့သော အဆိုပါနေအိမ်အားဖြိုချဖျက်ဆီးစဉ် အနီးတစ်ဝိုက်၌ လုံခြုံရေးတင်းကြပ်စွာ ချထားခဲ့သည်။ ယင်းမြို့တွင် နေထိုင်သူများအဆိုအရ ထိုအချိန်တွင် တရားမဝင်နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား နေအိမ်ပြင်ပသို့ မထွက်ရန် အမိန့်ပေးထားသည်။ အိုစမာ နေထိုင်ခဲ့သော အိမ်မှာ အကောင်းစားအိမ်တစ်လုံးဖြစ်ပြီး ဘေးပတ်ပတ်လည်တွင် အလွန်မြင့်မားလှသည့် အုတ်တံတိုင်းကြီးများ ကာရံထားသည်။

ပါကစ္စတန် အစိုးရအရာရှိကြီးများအဆိုအရ အဆိုပါနေအိမ်ကို မဖြိုချမီ စစ်ဘက်အာဏာပိုင်များက အရပ်ဘက် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။ နေအိမ်ဖြိုချမည့်ကိစ္စကို ပြီးခဲ့သည့် မေလ ၂ ရက်နေ့ အမေရိကန် တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မကြာမီအချိန်ကာလတွင်ပင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ သို့သော် ပါကစ္စတန်အစိုးရအဖွဲ့က တရားရေးဆိုင်ရာ ကော်မရှင် တစ်ရပ်အား အမေရိကန်တို့ဝင်ရောက်စီးနင်းမှုကို စုံစမ်းဖော်ထုတ်ရန် စီစဉ်ခဲ့ချိန်တွင် ဖျက်ဆီးမည့်ကိစ္စကို ရွှေ့ဆိုင်းပစ်ခဲ့ရသည်။

"အဲဒီတရားရေးကော်မရှင်က သူလုပ်ရမယ့်အလုပ်တွေ အားလုံးနီးပါးပြီးဆုံးသွားပြီဖြစ်တဲ့အတွက် အဲဒီအိမ်ကို ဖြိုချပစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ" ဟု အာဏာပိုင်တစ်ဦးကဆိုသည်။ ယင်းနေအိမ်ကိုဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းမှာ အဆိုပါအိမ်သည် ဧည့်သည် အတော်များများကို ဆွဲဆောင်လျက်ရှိရာ အနီးတစ်ဝိုက် လုံခြုံရေးပြဿနာများ ဖြစ်ပေါ်လာသောကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကိုယ်ဖျောက်စစ်ဆင်ရေး

အိုစမာဘင်လာဒင်သည် ၎င်း၏ မိသားစုနှင့်အတူ အဆိုပါအိမ်၌ နှစ်အတော်များများ ခိုအောင်း နေထိုင်ခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ မေလ ၂ ရက်နေ့တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များက အာဖဂန်နစ္စတန်မှ တိတ်တဆိတ် ဝင်ရောက်လာကာ လျှို့ဝှက်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့က နေအိမ် အုတ်တံတိုင်းကို ဖြတ်ကျော်ဝင်ရောက်ကာ အိုစမာဘင်လာဒင်အပါအဝင် လူငါးဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။ စီးနင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် မိနစ်လေးဆယ်မျှအကြာတွင် အထူးတပ်ဖွဲ့ဝင်များက အိုစမာဘင်လာဒင်၏ ရုပ်အလောင်းနှင့် ကွန်ပျူတာပစ္စည်းများ၊ အိုစမာ လုပ်ဆောင်လျက် ရှိသည့် လုပ်ငန်းစဉ်များ ပါဝင်သည့် စာရွက်စာတမ်းများနှင့် အချက်အလက်များကို ယူဆောင်ထွက်သွားကြသည်။ အဆိုပါ နေအိမ် အဆောက်အအုံ ဝင်းခြံသည် ပါကစ္စတန်နိုင်ငံအတွက် နာကြည်းချက်များကို ဖန်တီးဖြစ်ပေါ်စေခဲ့ကြောင်း၊

အမေရိကန်ပြည်ထောင်စု၏ တစ်ဖက်သတ်စစ်ဆင်ရေးကြောင့် အိုစမာဘင်လာဒင် သေဆုံးခဲ့ကာ ပါကစ္စတန်လည်း အရှက်တကွဲ ဖြစ်ခဲ့ရကြောင်း သတင်းထောက်များက ဆိုသည်။

***************************************************************************

ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးစစ်သားများအား ရှာဖွေရန် မြန်မာ- အမေရိကန် ဆွေးနွေး

(Associated Press မှ 25 Feb 2012 ရက်စွဲပါ “US holds talks in Myanmar on resuming recovery of remains of soldiers from World War II” သတင်းကို ဘာသာပြန်ဆိုသည်)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ ပျောက်ဆုံးခဲ့ကြသော အမေရိကန်စစ်သားများအား ရှာဖွေခြင်းကို ပြန်လည် စတင်ရန် အလားအလာနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာန အကြီးတန်း တာဝန်ရှိသူများ မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

ယင်းကိစ္စအပေါ် မူဝါဒညှိနှိုင်းမှုများ စတင်ရန်အတွက် ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီး ဘော့နယူးဘယ်ရီ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဟု ကာကွယ်ရေးဌာနက သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၌ ရှာမတွေ့သေးသည့် အမေရိကန်တပ်ဖွဲ့ဝင်ခန့်မှန်းခြေ အရေအတွက် ၇၃၀ ခန့် အနက် အများစုမှာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း၌ ပျောက်ဆုံးသွားကြသော အမေရိကန် လေတပ်သားများ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့အား နောက်ဆုံးအကြိမ်ရှာဖွေမှုကို ၂၀၀၄ ခုနှစ်က ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလဆန်း မြန်မာနိုင်ငံခရီးစဉ်တွင် အထက်ပါ ရှာဖွေမှုကို ပြန်လည်စတင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် လက်ရှိအာဏာရ အရပ်ဖက်အစိုးရက သိသိသာသာ ပြောင်းလဲမှုများ လုပ်ဆောင်ပြသနေသောကြောင့် ဝါရှင်တန်ကလည်း မြန်မာအစိုးရနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment