Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စကားလုံးတိုင်းမှာ စွမ်းအားရှိတယ်

*****************************************

ဆောင်းပါးကဏ္ဍ

စကားလုံးတိုင်းမှာ စွမ်းအားရှိတယ်

မိုးမြင့်ငြိမ်း

မြန်မာသိမှုနယ်ပယ်မှာ “စာတစ်လုံး ဘုရားတစ်စူ”ဟူသော အသိစကားသည် မြန်မာလူမျိုးများ၏ စိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်း စူးဝင်နေပြီး ဖြစ်ပါသည်။ လူကြီးသူမများ၏ ဆိုဆုံးမမှုကြောင့် ကျွန်တော်တို့တွေသည် ငယ်စဉ်ကတည်းက စာအုပ်တစ်အုပ်ပေါ် ကျော်ဖြတ်သွားရမည်ကို ဝန်လေး နေခဲ့သည်။ စကားလုံးတွေမှာ စွမ်းအားတွေ ကိုယ်စီရှိကြပါသည်။ ယခုခေတ်အခါတွင် စကားလုံးများမှာ ယခင်ထက်ပိုမိုတိုးပွား များပြားလာခဲ့သည်။ အထူးသဖြင့် အနောက်နိုင်ငံများတွင် တစ်နှစ်ထက်တစ်နှစ် စကားလုံးတိုးပွားလာလျက် ရှိနေသည်။ အဘယ်ကြောင့် စကားလုံးများ တိုးပွားလာရသည်ကို စမ်း စစ်ကြည့်သော် အိုင်ဒီယာ ဖန်တီးမှုများ အားကောင်းလာသည်နှင့်အမျှ ယင်းအိုင်ဒီယာများကို ကိုယ်စားပြုဖော်ပြသည့် စကားလုံးများ တိုးပွားလာရခြင်း ဖြစ်သည်ကို တွေ့ရသည်။ ထိုအတွက် စကားလုံးတစ်လုံး၏ နောက်ကွယ်တွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အိုင်ဒီယာများ ပါဝင်နေခဲ့သည့်အတွက် စကားလုံးများတွင် စွမ်းအားများရှိသည်ဟု ပြောစမှတ်တွင် လာခဲ့သည်။

လက်ဝဲဆရာများ၏ ရည်ရွယ်ရင်းယုတ္တိအမှား

မြန်မာနိုင်ငံတွင်လည်း စကားလုံးများ ရွေးချယ်အသုံးပြုရာတွင် ဆွေးနွေးငြင်းခုံမှုများ၊ လိုရာစွဲ ကိုယ်ကျိုးရှာ အသုံးချမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ မြန်မာ့ ခေတ်သစ်နိုင်ငံရေးသမိုင်းတွင် သြဇာကြီးမားခဲ့သည့် လက်ဝဲစာပေသမားများသည် အီလစ်ဆိုသည့် စကားလုံးကို ရေပေါ်စီလူတန်းစားဟု လိုရာစွဲ ဘာသာပြန် ခဲ့ဖူးသည်။ ထိုအတွက်ကြောင့် မြန်မာသိမှုနယ်ပယ်တွင် ယခုအချိန်ထိတိုင် အီလစ်ဆိုသည့် စကားလုံးကို အနုတ်လက္ခဏာရှုထောင့်ဖြင့် အဓိပ္ပယ်ဖွင့်ဆို ကြသည်။ သို့သော် အမေရိကန်နိုင်ငံတည်ထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးသုခမိန် သောမတ်ဂျက်ဖာဆန်က ယင်းစကားလုံးကို ဒီမိုကရက်တစ် လက်ရွေးစင်ဝါဒ (democratic elitism ) ဟု သုံးဖူးပါသည်။ ဂျက်ဖာဆန်၏ ဆိုလိုရင်းမှာ ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်တွင် အသိမြင့်သော ပုဂ္ဂိုလ်များကို လူထုက ရွေးကောက်တင်မြောက်ရမည်ဟူသော သဘောဖြစ်သည်။ မြန်မာလက်ဝဲဆရာများ အဓိပ္ပယ်ဖွင့်ခဲ့သလို ရေပေါ်စီလူတန်းစားမဟုတ်ပေ။

လူတော်နှင့် လူကောင်း

တစ်ခေတ်တစ်ခါက စကားလုံးနှစ်လုံးကြောင့် အကျေအလည်ငြင်းခုံခဲ့ခြင်းမျိုးဖြစ်ခဲ့သည်။ “လူတော်”နှင့် “လူကောင်း” ဟူသော စကားလုံးနှစ်လုံး ဖြစ်ပါသည်။ လူတော်လူကောင်းဟူသော အသုံးအနှုန်းကို လူကောင်းလူတော်ဟု ပြောင်းလဲသုံးနှုန်းခဲ့သည်။ အကြောင်းပြချက်မှာ လူသည် တော်ပြီး မကောင်းလျှင် အဖွဲ့အစည်းအတွက် အကျိုးမဖြစ်ထွန်းနိုင်၊ ကောင်းပြီးတော်မှသာ အကျိုးဖြစ်ထွန်းနိုင်သည်ဟူသော သဘောဖြစ်သည်။ စာရေးသူအမြင်တွင် လူတော်ဖို့မှာ ခက်ခက်ခဲခဲ လေ့ကျင့်ယူရသလို ကောင်းဖို့ဆိုရာတွင်လည်း ထိန်းထိန်းသိမ်းသိမ်းရှိသည့် အမူအကျင့်ကို ကြိုးစားယူရသည်သာ ဖြစ်သည်။ တော်ပြီး မကောင်းလျှင် တကယ်မတော်၍သာ ဖြစ်မည်။ အကြောင်းမှာ တော်ခြင်းတွင် နက်သောအသိများ ပါဝင်နေပြီးဖြစ်သည်။ အသိနက်လျှင် သတိမြဲ၍ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ တော်ပြီး မကောင်းသည့်သူများမှာ ကမ္ဘာ့သမိုင်းတွင်ရော၊ မြန်မာ့သမိုင်းတွင်ပါ ရှိခဲ့ပါသည်။ သူတို့၏ တော်ခြင်း ဆိုသော ကိုယ်ရည်ကိုယ်သွေးတွင် အတတ်ဖက်သာများပြီး အသိဖက်တွင်အားနည်းခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရပါလိမ့်မည်။

မူနှင့်လူ

ထို့အပြင်  “မူ” နဲ့ “လူ” ဟူသော စကားလုံးမှာ ကပ်ပြီးရှုပ်နေခဲ့သည့် စကားလုံးများဖြစ်ခဲ့ပါသည်။ မူနှင့်လူတွင် ဘယ်အရာကို ဦးစားပေးမည်နည်း ဟူ၍ ဖြစ်သည်။ တစ်ချို့က မူကောင်းမှ လူကောင်းမည်။ တချို့က မူဆိုသည်မှာ လူကလုပ်ခြင်း ဖြစ်သည်။ ထိုကြောင့် လူကောင်းမှ မူကောင်းမည်ဟု ဆိုပြန်သည်။ စာရေးသူအမြင်၌ နှစ်ခုစလုံး ကောင်းမှဖြစ်မည်။ မူကောင်းပြီး လူမကောင်းလျှင်လည်း ယင်းမူကို အကောင်အထည် ဖော်ရာ၌ အောင်မြင်ဖို့ရာ ခက်ခဲမည်ဖြစ်ပြီး လူ ကောင်းပြီး မူမကောင်းလျှင်တော့ လူကောင်းများ အစကတည်းက ပါဝင်လာနိုင်စရာမရှိပေ။ မူနှင့်လူသဘောနှင့် ခပ်ဆင် ဆင် တူသည့် စကားလုံးနှစ်လုံးလည်း ရှိပါသည်။ Rule of Law နှင့် Rule by Law တို့ဖြစ်ပါသည်။ နိုင်ငံခေါင်းဆောင် တချို့သည် သူတို့၏ အကျိုးစီးပွားအတွက် ဥပဒေကိုပြင်ကာ အမှုကိစ္စဆောင်ရွက်ပြီးကာမှ ဘယ်တော့မှ တရားဥပဒေကို မချိုးဖောက်၊ တရားဥပဒေနှင့် အညီသာ ဆောင်ရွက်သည်ဟု ဆိုကြသည်။ ဥပမာအားဖြင့် ထိုင်းဝန်းကြီးချုပ်ဟောင်း သက်ဆင် လို ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ထိုကြောင့် ထိုင်းနိုင်ငံရေးသုံးသပ်လေ့လာသူများက သက်ဆင်အား Rule by law ဖြင့် အုပ်ချုပ် သည့် ဝန်ကြီးချုပ်ဟု ဆိုခဲ့ကြသည်။ အင်အားသည်အမှန်၊ အမှန်သည်အင်အား မြန်မာ့နိုင်ငံရေးနှင့် ယှဉ်၍လည်းကောင်း၊ နိုင်ငံတကာရေးရာနှင့် ယှဉ်၍လည်းကောင်း အလေးထား သုံးသပ်သင့်သည့် အင်အား(might) ဆိုသည့်စကားလုံးနှင့်အမှန် (Right) ဆိုသည့် စကားလုံးတို့ဖြစ်ပါသည်။ အမှန်သည် အင်အားလော၊ အင်အားသည် အမှန်လောဟု ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပွားခဲ့ပါသည်။ အာဏာရှင်နိုင်ငံများတွင် အင်အားသည်အမှန်ဟူသော သဘောတရား ကိုင်စွဲ၍ အင်အားဖြင့် အုပ်ချုပ်ခဲ့ကြသည်။ သို့သော် အမှန်တရားကိုတော့ မျက်ကွယ်ပြု၍ မဖြစ်နိုင်ပါ။ ထိုအတွက်ကြောင့် အင်အားအများဆုံး ဖြစ်သော ပြည် သူ၏ သဘောအတိုင်းသာ ဆောင်ရွက်မှုသည် အမှန်ဖြစ်ကြောင်းကို သိရှိလာကြသည့်အခါ ဒီမိုကရေစီနိုင်ငံရေးစနစ် ကို တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကျင့်သုံးလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း ယခင်အာဏာပိုင်စနစ်တွင် အင်အားသည် အမှန်ဖြစ်ခဲ့သည်။ မပြောရဲ၊ မဆိုရဲနှင့် အများမိုးခါးရေ သောက်လျှင် လိုက်သောက်ခဲ့ကြသည်။ ယခုအခါတွင်တော့ အမှန်သည် အင်အားဖြစ်လာသည်။ အကြံအဖန်ထက် မှန်မှန်ကန်ကန် လုပ်ဆောင်မှသာလျှင် ဒီမိုကရေစီစနစ် ခိုင်ခန့်မည်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မည်။ သန်း၆၀ ပြည်သူများအကျိုးဟူသည့် အမှန်သည် အင်အားတစ်ရပ် ဖြစ်လာမှသာလျှင် ဖွံ့ဖြိုးရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါကြောင်း။

**********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment