Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်နိုင်သေးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(Reuters မှ 29 February 2012 ရက်စွဲပါ David Ljunggren ရေးသားထားသော Myanmar’s Suu Kyi says reforms could be reversed ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က မြောက်ကိုရီးယားစားနပ်ရိက္ခာအကူအညီကို နျူကလီယားတိုးတက်မှုများနှင့် ဆက်စပ်ထားလို

(BBC News မှ 29 February 2012 ရက်စွဲပါ US ties North Korea food aid to nuclear progress ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေသတွင်း ဘန်းဖြူထုတ်လုပ်မှု မြင့်တက်

(The Nation သတင်းစာမှ 29 Feb 2012 ရက်စွဲပါ Opium production rises in the region ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************

ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်နိုင်သေးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(Reuters မှ 29 February 2012 ရက်စွဲပါ David Ljunggren ရေးသားထားသော Myanmar’s Suu Kyi says reforms could be reversed ကို ဘာသာ ပြန်ဆိုသည်)

စစ်တပ်မှ ဆယ်စုနှစ်ငါးခုခန့် အုပ်ချုပ်ပြီးနောက် လုပ်ဆောင်နေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် နောက်ပြန် မလှည်တော့ဟု ပြောရသည်မှာ လွယ်ကူလှကြောင်းနှင့် အတိုက်အခံခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး ကက်ဘိနက်တွင် နေရာတစ်နေရာ လက်ခံခြင်းနှင့် ပတ်သက်၍မူ အရေးတယူ ပြောကြားခဲ့ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး၊ ကြားဖြတ် ရွေးကောက်ပွဲများသည် နိုင်ငံရေးအရ အများ၏ လက်ခံမှုကို ပေးနိုင်ပြီး အနောက်နိုင်ငံ အရေးယူ မှုများ ရုတ်သိမ်းရေးကို အရှိန်မြှင့်စေနိုင်မည်ဖြစ်သည်။ “တချို့က လက်ရှိ အခြေအနေကို သိပ်ပြီးအကောင်းမြင်နေကြတယ်။ ကျွန်မတို့ကတော့ သတိထားပြီး အကောင်းမြင်ပါတယ်။ ကျွန်မတို့အခုမှ အစပဲရှိပါသေးတယ်”ဟု ကနေဒါနိုင်ငံ အော့တဝါ၏ Carleton တက္ကသိုလ်မှ ကျောင်းသားပရိသတ်သို့ ဗီဒီယိုလင့်(ခ်)မှ တဆင့် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

“အကြွင်းမဲ့ အာဏာက စစ်တပ်မှာရှိနေပါသေးတယ်။ ဒါကြောင့် စစ်တပ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်တွေနောက်မှာ မားမားမတ်မတ် မရပ်မချင်း၊ နောက်ပြန်လှည့်မယ့် အန္တရာယ်မရှိဘူးလို့ မပြောနိုင်သေးပါဘူး။ အများစုက ဒီလုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်တော့ဘူး လို့ စပြောလာကြပါတယ်။ ဒီလိုလဲ မဟုတ်သေးပါဘူး” ဟု သူမက ပြောသည်။

လက်တလောတွင် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် စွမ်းအင်များကြွယ်ဝသော သတ္တုများနှင့် သစ်သယံဇာတ ပေါသော လူဦးရေသန်း (၆၀)ရှိ မဖွံ့ဖြိုးသေးသော မြန်မာနိုင်ငံကို စိတ်ဝင်စားလျက် ရှိသည်။

                အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ချမှတ်ထားသော အရေးယူမှုများသည် မြန်မာခေါင်းဆောင်များ အလျော့ပေးရန် ဖိအားဖြစ်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်က အရေးယူမှုများ ဘက်မှရပ်တည်ခဲ့ပါ သည်။ အရေးယူမှုများ ဖယ်ရှားရန် ပြောကြားလာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲများ ပြီးသည်အထိ စောင့်သင့်ကြောင်း သူမကပြောခဲ့သည်။ “ရွေးကောက်ပွဲပြီးတဲ့ အထိစောင့်ပြီး တကယ့်ပြောင်းလဲမှုဟုတ်မဟုတ်စောင့်ကြည့်ရပါမယ်။ ဒီပြောင်းလဲမှုတွေ အပေါ်မူတည်ပြီး မူဝါဒ ပြောင်းလဲမှုတွေ ရှိရပါမယ်”ဟု သူမကပြောပါသည်။

သူမသည် ဧပြီလရွေးကောက်ပွဲတွင် အလွယ်တကူအနိုင်ရမည့် သဘောရှိပါသည်။ သူမသည် ကက်ဘိနက်တွင် နေရာတစ်နေရာ ရနိုင်ကြောင်း နိုင်ငံတွင်းတွင် ခန့်မှန်းမှုများရှိနေသည်။ “အစိုးရကလည်း ကမ်းလှမ်းလာခြင်းမရှိသေးပါဘူး။ ဒီမေးခွန်းကို ဖြေဖို့စောလွန်းပါသေးတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီး လွန်းရာလည်း ကျပါတယ်” ဟု သူမက ကက်ဘိနက်သို့ ဝင်ရောက်ရေးကိစ္စ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။ “ကျွန်မ ပြောနိုင်တာ တစ်ခုကတော့ လက်ရှိ အခြေခံဥပဒေအရ ကျွန်မအစိုးရအဖွဲ့မှာ ပါသွားရင် လွှတ်တော်ကနေ နှုတ်ထွက်ပေးရပါတယ်။ ဒါကြောင့် ဒီလို နှုတ်ထွက်ပေးဖို့ အခုလို အပင်ပန်းခံပြီး ကြိုးစားနေပါ့မလား”ဟု သူမက ပြောသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် NLD က နေရာ ၄၈ နေရာအားလုံး နိုင်သည့်တိုင်လွှတ်တော်တွင် အခြားပါတီများ ရှိနေ၍ ပမာဏ နည်းပါသေးသည်။ “ကျွန်မတို့မှာ မဟာမိတ်တိုင်းရင်းသားပါတီတွေရှိပါတယ်။ လွှတ်တော်ထဲ ရောက်သွားရင် မဟာမိတ်ဆွေ ပိုရလာနိုင်တယ်လို့ ကျွန်မတို့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချနေပါတယ်” ဟု သူမက ပြောသည်။

***********************************************************************

အမေရိကန်က မြောက်ကိုရီးယားစားနပ်ရိက္ခာအကူအညီကို နျူကလီယားတိုးတက်မှုများနှင့် ဆက်စပ်ထားလို

(BBC News မှ 29 February 2012 ရက်စွဲပါ US ties North Korea food aid to nuclear progress ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယားသို့ ပေးမည့်စားနပ်ရိက္ခာယခုအခါ နိုင်ငံရေးအခြေအနေများနှင့် ဆက်စပ်ထားမည်ဖြစ် ကြောင်း အကြီးတန်း အမေရိကန် စစ်တပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အထက်ပါ မှတ်ချက်ကို အမေရိကန်ပစိဖိတ်သင်္ဘောအုပ်စုတပ်မှူး Admiral Robert Willard က ဆီးနိတ်ကော်မတီသို့ အင်္ဂါနေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။ စားနပ်ရိက္ခာပြန်လည်ပေးရေးအတွက် ဆွေးနွေးမှုများတွင် မြောက်ကိုရိးယား၏ နျူကလီယာအစီအစဉ်များ ရပ်ဆိုင်းရေး ပြောကြားမှုများ ပြုလုပ်ရန် အခြေအနေများလည်း သတ်မှတ်ထားကြောင်း ၎င်းကပြောသည်။ အဆိုပါပြောကြားချက်မှာ အမေရိကန်၏ တရားဝင်မူဝါဒနှင့် ဝိရောဓိဖြစ်လျက်ရှိနေသည်။  အမေရိကန်၏ မူဝါဒအရ နျူကလီယာအစီအစဉ်နှင့် စားနပ်ရိက္ခာအကူအညီကို သီးခြားစီခွဲခြားထား၍ ဖြစ်သည်။ မြောက်ကိုရီးယားသည် ၎င်း၏ ပြည်သူများအား ကျွေးမွေးရန် နိုင်ငံအကူအညီပေါ်တွင် မှီခိုနေရသည်။

“ညှိနှိုင်းဆွေးနွေးမှုများတွင် စားနပ်ရိက္ခာ အကူအညီပေးရေးကို အခြေအနေတစ်ရပ်အဖြစ် ထည့်သွင်း ထားပါတယ်”ဟု Adm Willard က အမေရိကန် ဆီးနိတ် လက်နက်ကိုင်အင်အားစုကော်မတီသို့ ပြောကြားခဲ့သည်။

အကူအညီပေးရေးအတွက် ကြိုတင်သတ်မှတ်ချက်များတွင် ယခုအခါ နျူကလီယာနှင့် ထိပ်ဖူးတပ်ဒုံးကျည်စမ်းသပ်မှုများ ရပ်ဆိုင်းရေးနှင့် Yongbyon ဓာတ်ပေါင်းဖိုသို့ IAEA အား ခွင့်ပြုရေးတို့ အတွက် ဆွေးနွေးမှုများပြုလုပ်ရန် ထည့်သွင်းထားကြောင်း ၎င်းကပြောသည်။

၂၀၀၉ ခုနှစ်က မြောက်ကိုရီးယားသည် ခြောက်နိုင်ငံနျူကလီယားဖျက်သိမ်းရေး ဆွေးနွေးပွဲပျက်သွား ခြင်းကြောင့် ဟုဆိုကာ Yongbyon မှ IAEA စစ်ဆေးရေးမှူးများ ထွက်ခွာရန် ပြောကြားခဲ့သည်။ Adm Willard  က ကော်မတီသို့ ပြောကြားခဲ့ရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဖခင်၏ ခြိမ်းခြောက်သည့် မူဝါဒကို ဆက်လက်ကိုင်စွဲမည့် ပုံရှိကြောင်း၊ ထိုအထဲတွင် နျူကလီယာ လက်နက်လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတွင် ခေါင်းဆောင်ဆက်ဆံမှုအပြောင်းအလဲတွင် ယခင်ခေါင်းဆောင်များ၏ မူဝါဒ ပြောင်းလဲမည့် လက္ခဏာမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အမေရိကန်၏ စားနပ်ရိက္ခာအကူအညီပြန်လည်ပေးအပ်ရေးနှင့် မြောက်ကိုရိးယား နျူကလီယာ အစီအစဉ် ကိစ္စကို ပြီးခဲ့သည့် အပတ်က ဘေဂျင်းတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဌာနက စားနပ်ရိက္ခာအကူအညီပေးရေး ဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားတွင် လိုအပ်ချက်အဆင့်ပေါ်တွင်သာ အခြေခံမည် ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖြန့်ဝေမှုကိုပါ လွတ်လပ်စွာ စောင့်ကြည့်ရန် မူဝါဒချမှတ်ထားသည်။ လက်ရှိနှစ်နိုင်ငံဆွေးနွေးနေသော ကိစ္စတစ်ခုမှာ ပြီးခဲ့သည့်နှစ်က သဘောတူထားသော ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကာလက ပျောက်ဆုံးနေသော အမေရိကန်စစ်သား ၅၅၀၀ ၏ ရုပ်ကြွင်းများ ရှာဖွေရေး ပြန်လည် စတင်နိုင်ရန်ဖြစ်သည်။

နှစ်နိုင်ငံပူးပေါင်းရှာဖွေရေးကို လွန်ခဲ့သော ခုနှစ်နှစ်က ရပ်ဆိုင်းထားခဲ့သော်လည်း မတ်လ(၁) ရက်တွေ့တွင် ပြန်လည် စတင်ရန်ရှိနေသည်။ ထို့သို့ ရှာဖွေရာတွင် အသုံးပြုနိုင်မည့် ကိရိယာများတင်ဆောင်ထားသော အမေရိကန်သင်္ဘောသည် မြောက်ကိုရီးယားဆိပ်ကမ်းသို့ အင်္ဂါနေ့က ဆိုက်ကပ်ကြောင်း Adm Willard က ပြောကြားသွားသည်။

**************************************************************************

ဒေသတွင်း ဘန်းဖြူထုတ်လုပ်မှု မြင့်တက်

(The Nation သတင်းစာမှ 29 Feb 2012 ရက်စွဲပါ Opium production rises in the region ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် မီသာအဖက်တမင်းဆေးပြား သုံးစွဲမှုနှုန်း မြင့်တက်လာခြင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးမှုများ တိုးချဲ့လာခြင်း အစရှိသည်တို့ ပေါ်ပေါက်လာမှုကြောင့် အရှေ့တောင်အာရှဒေသသည် မူးယစ်ဆေးဝါး ပြဿနာများနှင့် တိုးမြှင့် ရင်ဆိုင်လာရကြောင်း နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့Internaional Narcotics Control Board(INCB) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော  ၂၀၁၁ ခုနှစ် ဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

အရှေ့တောင်အာရှ ဒေသတွင်းမှ လူငယ်များသည် ယခုအခါ "Ice" ဟု လူသိများသည့် မီသာအဖက်တမင်း စိတ်ကြွ မူးယစ်ဆေးဝါးအတွက် အဓိကပစ်မှတ်များ ဖြစ်ကြကြောင်း အစီရင်ခံစာကဆိုသည်။ အဆိုပါအစီရင်ခံစာသည် ထိုင်း၊ လာအို၊ မြန်မာနယ်စပ်ဒေသ၊ အထူးသဖြင့် အရှေ့မြောက်ဘက်ဒေသမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ထိန်းချုပ်ရေး အဖွဲ့များက ထုတ်ပြန်သော အစီရင်ခံချက်များနှင့် ကိုက်ညီမှုရှိနေသည်။ လေ့လာတွေ့ရှိချက်များအရ မီသာအဖက်တမင်းကို Diet Supplement အနေဖြင့် ရောင်းချပြီး ထိုင်းနိုင်ငံတွင် ရေပန်းစားလူကြိုက်များသော အင်ဖက်တမင်း ဆေးထက်ပင် ဈေးနှုန်းချိုသာသည်။ မူးယစ်မှောင်ခိုကူးသူ ကုန်သည်များက ဤသို့ ဈေးနှုန်းလျှော့ရောင်းသည့် နည်းဗျူဟာကို အသုံးပြုကာ မီသာအဖက်တမင်း ဆေးဝါးကို ရှိပြီးသား ဝယ်လက်များနှင့် မိတ်ဆက်ပေးကြခြင်း ဖြစ်သည်။

INCB ကမူ နိုင်ငံတကာထိန်းချုပ်မှု အောက်တွင်ရှိသော မူးယစ်ဆေးဝါးပမာဏကို ပိုမိုတိုးမြင့်အောင် လုပ်ဆောင်ပြီး ရောဂါအခြေအနေ အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော လူနာများနှင့် ကိုက်ညီမည့်ဆေးဝါးများ လိုအပ်ချက် ဖြည့်ဆည်းပေးရန် တိုက်တွန်းပြောဆိုသည်။ ထိုသို့လုပ်ကိုင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံသတ်မှတ်ချက် များနှင့်လည်း ကိုက်ညီမှုရှိရမည်ဟုဆိုသည်။

ကုလသမဂ္ဂ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုအရ နိုင်ငံတကာထိန်းချုပ်မှုအောက်တွင် ရှိသောဆေးဝါး(ICDs) ဟူသည်မှာ အထွေထွေရောဂါ သို့မဟုတ် စိတ်ကျန်းမာရေး ကုသမှု ခံယူနေသူများအတွက် လိုအပ်သောဆေးဝါး ဖြစ်သည်။ အဆိုပါ ဆေးဝါးထုတ်လုပ်မှုကို ထိန်းချုပ်ရန် လိုအပ်သည့် အကြောင်းအရင်းမှာ အကယ်၍ ဆေးဝါးများပိုလျှံသွားပါက ကုန်သည်များနှင့် ဆေးသုံးသူများလက်သို့ အမြောက်အမြား ရောက်ရှိသွားနိုင်သောကြောင့်ပင် ဖြစ်သည်။ ICD ဆေးဝါး အတော်များများမှာ မူပိုင်ခွင့်မှတ်ပုံတင်ထားခြင်း မရှိပေ၊ သို့မဟုတ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည်။ သို့အတွက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ယခုအချိန်အထိ WHO ၏ စံသတ်မှတ်ချက်အတိုင်း လူတစ်သန်းလျှင် ၁၀၁ ဦးနှုန်းဖြင့် ICD ဆေးပေးခွင့်ပြုရန် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း INCB ဘုတ်အဖွဲ့ဝင် Viroj Sumyai က ပြောကြားသည်။ WHO ၏ သတ်မှတ်ချက်က ICD ဆေးများကို အနည်းဆုံး လူနာအယောက် ၂၀၀ ထိခွင့်ပြုသည်။ သို့သော် အမေရိကန်ပြည်ထောင်စု ကဲ့သို့သော နိုင်ငံများတွင်မူ အယောက် ၁၀၀၀ ကျော်သည်ကို တွေ့ရသည်။

INCB က လာအိုနိုင်ငံတွင်း ဘိန်းထုတ်လုပ်မှု မြင့်တက်လျက်ရှိသည်ကို တွေ့ရှိခဲ့သည်။ မီသာအဖက်တမင်း ဆေးများမှာ ယခုအခါ တရုတ်၊ လာအို၊ မြန်မာ အစရှိသည့် နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် မှောင်ခိုကူး ရောင်းဝယ် ဖောက်ကားလျက် ရှိသည်။ INCB သည် စိတ်ကြွရူးသွပ်ဆေးဝါများ ထိန်းချုပ် ကန့်သတ်ရေး လုပ်ငန်းများ လေ့လာစောင့်ကြည့်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။

***********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment