Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးရရန် နီးကပ်လာပြီဟု ဦးအောင်မင်းဆို

(The Asahi Shimbun မှ 1 March 2012 ရက်စွဲပါ Myanmar says it is close to peace with rebel ethnic groups ကို ဘာသာ ပြန်ဆိုသည်)

  1. Thai Air Asia နေပြည်တော်သို့ ပျံသန်းမည်

(TTR Weekly မှ 29 Feb 2012 ရက်စွဲပါ Rapeepat Mantanarat ရေးသားသော Thai Air Asia eyes to Myanmar capital ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာပြည်သည် အုပ်ထိန်းသူမရှိသည့် သူကြွယ်ကလေးငယ်တစ်ဦးနှင့် တူကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

(CNBC မှ 28 Feb 2012 ရက်စွဲပါ "Myanmar Like a Rich Child Living off Trust Fund: Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

  1. ကြားဖြတ်ရွေးကောက်ပွဲသည် ပိတ်ဆို့မှုများဖယ်ရှားရေးအတွက် နောက်ဆုံးအခက်အခဲဖြစ်ဖွယ်ရှိဟု အီးယူပြော

(Radio Australia News မှ 29 Feb 2012 ရက်စွဲပါ "Burma poll may be last EU sanctions hurdle" ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************************

တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးရရန် နီးကပ်လာပြီဟု ဦးအောင်မင်းဆို

(The Asahi Shimbun မှ 1 March 2012 ရက်စွဲပါ Myanmar says it is close to peace with rebel ethnic groups ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကို အဆုံးသတ်နိုင်ဖွယ် ရှိသည့် တိုင်းရင်းသား အုပ်စုများနှင့် ယာယီ စစ်ပြေငြိမ်းရေး သဘောတူညီချက်များ ရရှိရန် နီးကပ်နေပြီဟု အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

"အနောက်နိုင်ငံတွေက အရေးယူမှုတွေ ရုတ်သိမ်းပေးဖို့ အတွက် မဖြစ်မနေလုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြီးစီးဖို့ နီးကပ်လာပါပြီ" ဟု အစိုးရကဖွဲ့စည်းထားသော ငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်သူ ဦးအောင်မင်းက ဖေဖော်ဝါရီ ၂၉ ရက်တွင် အဆာဟိရှင်ဘွန်း သတင်းစာသို့ ပြောကြားသည်။ "တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှုတွေဟာ ၃-၄ လအတွင်း ပြီးစီးသွားမှာပါ" ဟု ယင်းက ဆိုသည်။

အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက်မှ ၇ ဖွဲ့နှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း အခြားအုပ်စုငယ် ၃ ဖွဲ့နှင့် ညှိနှိုင်းစေ့စပ်မှုကို မစတင်ရသေးသော်လည်း အဓိက အုပ်စုကြီး ဖြစ်သည့် KIA နှင့် ဆွေးနွေးမှုများ တိုးတက်မှုရှိနေကြောင်း ဦးအောင်မင်း၏ အဆိုအရ သိရသည်။

လက်တလော လပိုင်းများအတွင်း အပစ်ရပ် ညှိနှိုင်းမှုများ အဘယ်ကြောင့် မြန်ဆန်စွာ တိုးတက်လာသနည်း ဟု မေးမြန်းရာတွင် "အစိုးရအနေနဲ့ အဓိကကျတဲ့ အလျှော့ပေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လက်ခံတဲ့နေရာမှာ ဥပဒေက ခွင့်ပြုသလောက် အစွမ်းကုန် လိုက်လျောဖို့ ကျွန်တော့်ကို သမ္မတကြီးက ညွှန်ကြားထားပါတယ်" ဟု ဦးအောင်မင်းက ဖြေဆိုသွားသည်။

ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးနယ်ပယ်၌ တရားဝင် လှုပ်ရှားရန် ပြင်ဆင်နေခြင်း၊ အစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်း တို့နှင့်အတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်သည် အမှန်တကယ်ပင် ခြေလှမ်း သွက်နေပုံ ရသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးကို ပြန်လည်ထူထောင်ရာတွင်မူ တိုင်းရင်းသား အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများက ပို၍ အရေးပါလာမည် ဖြစ်သည်။

အကယ်၍ အပစ်ရပ်ညှိနှိုင်းမှုများ ပြီးစီးသွားပါက နောက်လာမည့်အဆင့်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီမှု ရရန် ညှိနှိုင်းခြင်းနှင့် စစ်ဒဏ်ခံ ဒေသများသို့ ဒုက္ခသည်များ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးခြင်းတို့ ဖြစ်လိမ့်မည်ဟုလည်း ဦးအောင်မင်းက ပြောသည်။ ထို့နောက်တွင် တိုင်းရင်းသား အုပ်စုများ အားလုံးနှင့် နိုင်ငံရေးပါတီများ ပါဝင်သော အမျိုးသား ညီလာခံ ကျင်းပကာ တိုင်းရင်းသားအုပ်စုများနှင့် လိုက်လျောညီထွေ ရှိမည့် ဥပဒေများကို အကြံပြု ဆွေးနွေးကြပြီး အခြေခံ ဥပဒဆိုင်ရာ ပြင်ဆင်မှုများလည်း ဖြစ်လာနိုင်ခြေ ရှိသည်ဟု ဦးအောင်မင်းက ဆိုသည်။

လက်ရှိတွင် စစ်ဒဏ်ခံ ဒေသများမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ဒုက္ခသည်များစွာသည်လည်း အိမ်ပြန်ရန် မျှော်လင့်လျက်ရှိနေသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှု ရှိလာပြီဖြစ်ရာ ဒုက္ခသည်များ အိမ်ပြန်လာရေး အစီအစဉ် အတွက် အဓိက စိန်ခေါ်မှုများမှာ စစ်ပွဲလက်ကျန်မိုင်းများ ရှင်းလင်းရေးနှင့် ကုမ္ပဏီများအား ဆွဲဆောင်ရေးတို့ ဖြစ်လာပါလိမ့်မည်။ နိုင်ငံတကာ ပံ့ပိုးကူညီမှု များစွာ လိုအပ်လျက်ရှိသော မြန်မာနိုင်ငံအား ကူညီရန် အသင့်ရှိကြောင့် ထုတ်ဖော်ပြောဆိုထားကြသော ဥရောပနိုင်ငံများနှင့်အတူ ဂျပန်နိုင်ငံ ပူးပေါင်း ပါဝင်လာရန် မျှော်လင့်ထားပါသည် ဟုလည်း ဦးအောင်မင်းက ပြောပြီး ဒုက္ခသည်များစွာ ပြန်ရောက်လာကြမည်ဟု မျှော်လင့်ရသော ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အား ဂျပန်နိုင်ငံအနေဖြင့် ဦးစားပေး ကူညီပေးစေလိုသည်ဟု ဆက်လက်ဆိုသည်။

မြန်မာအစိုးရ၏ ရည်မှန်းထားမှုများကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသိပေးထားပြီး ဂျပန် တာဝန်ရှိသူများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပေးအပ်သော တရားဝင် ဖွံ့ဖြိုးရေးအကူအညီ (ODA) အစီအစဉ်ကို အသုံးပြုရန် စီစဉ်လျက်ရှိသည်ဟု မြန်မာအစိုးရ သတင်းရပ်ကွက်မှ ကြားသိရသည်။

ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)သည် ဖေဖော်ဝါရီလအတွင်း ကရင်ပြည်နယ်သို့ ကွင်းဆင်း လေ့လာခဲ့ပြီး အဆိုပါ ဒေသသို့ ဆောက်လုပ်ရေး ကိရိယာများ အခမဲ့ ကူညီပေးအပ်ရန် စီစဉ်နေသည်ဟုလည်း သိရှိရသည်။

********************************************************************

Thai Air Asia နေပြည်တော်သို့ ပျံသန်းမည်

(TTR Weekly မှ 29 Feb 2012 ရက်စွဲပါ Rapeepat Mantanarat ရေးသားသော Thai Air Asia eyes to Myanmar capital ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ ကုန်ကျစရိတ်သက်သာသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သော Air Asia က ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ပျံသန်းခြင်း စတင်မည် ဖြစ်ကြောင်း၊ ယခုနှစ် ပထမခြောက်လအတွင်း ထိုင်းနိုင်ငံ နေရာသုံးခုမှ ခရီးဆုံး ငါးနေရာခန့် ပိုမိုပျံသန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်း Air Asia မှ အမှုဆောင်အရာရှိချုပ် Tassapon Bijleveld က မတ်လ (၂၃)ရက်နေ့တွင် Chongqing နှင့် Chennai သို့ ခရီးစဉ်သစ်နှစ်ခု ပျံသန်းမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ယခုချိန်ထိ လေကြောင်းလိုင်းသည် ယခုနှစ် ပထမခြောက်လအတွင်း ခရီးစဉ်များဖြစ်ပြီး ဇန်နဝါရီ (၁၅)ရက်တွင် Trong သို့လည်းကောင်း၊ ဖေဖော်ဝါရီ (၁၆)တွင် Nakhon Phanom သို့လည်းကောင်း ဖြစ်သည်။ အခြား ခရီးစဉ် သုံးခုမှာ ဒေသတွင်း ခရီးစဉ်များဖြစ်ပြီး မတ်လ(၁)ရက်တွင် သီရိလင်္ကာ နိုင်ငံ ကိုလံဘိုသို့ စတင်ပျံသန်းမည် ဖြစ်သည်။

အခြားဒေသတွင်း ခရီးစဉ်များကို ယခုနှစ် ဒုတိယခြောက်လအတွင်း ထိုင်းနိုင်ငံ၏ ဘန်ကောက်၊ ဖူးခတ်နှင့် ချင်းမိုင်တို့မှ စတင်ပျံသန်းရန် စီစဉ်လျက်ရှိသည်။ ဒုတိယခြောက်လတွင် ပထမခြောက်လက ပျံသန်းခဲ့သော ခရီးစဉ်အတိုင်း ပျံသန်းရန် ရည်ရွယ်ထားကြောင်း Mr.Tassapon က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ နေပြည်တော် ခရီးစဉ်မှ လွဲ၍ အခြားအမည်များကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

"ကျွန်တော်တို့ နေပြည်တော်ကို ပျံသန်းနိုင်ဖို့ လိုအပ်တဲ့ ခွင့်ပြုချက်ကအစ လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဒီနှစ်ထဲမှာ စသင့်တယ်လို့ ထင်ပါတယ်" ဟု ယင်းက ဆိုသည်။

နေပြည်တော် နိုင်ငံတကာ လေဆိပ်ကို ၂ဝ၁၁ ဒီဇင်ဘာက စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်း သွားလာနိုင်သော လေဆိပ် ဖြစ်သော်လည်း ယခုအခါ ပြည်တွင်းခရီးစဉ်များသာ ဆိုက်ရောက်လျက် ရှိသေးသည်။ "နေပြည်တော်က အစိုးရရဲ့ အုပ်ချုပ်ရေး ဗဟိုဌာနဖြစ်တယ်၊ အခု အစိုးရကလည်း တံခါးဖွင့်တယ် ဆိုတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ တိုက်ရိုက်ခရီးသွားဖို့ ပိုများလာပါလိမ့်မယ်" ဟုလည်း ယင်းက ပြောသည်။

၎င်းသည် တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ပျံသန်းချိန် (၃.၅)နာရီထက် မပိုသော ခရီးစဉ်များ တိုးချဲ့ရန်လည်း ရှာဖွေလျက် ရှိသည်။ လောင်စာဆီ ပိုမိုကုန်ကျမည် ဖြစ်သောကြောင့် ဖြစ်သည်။ "လောင်စာဆီ တန်ဖိုးမြင့်တဲ့အတွက် ခရီးရှည်ပျံသန်းဖို့ တွက်ခြေမကိုက်ပါဘူး" ဟု ဆိုသည်။

ယခင်က Air Asia သည် ပျံသန်းချိန် လေးနာရီ သတ်မှတ်ထားခဲ့သော်လည်း လောင်စာဆီဈေးများ တက်လာသောကြောင့် ဒေလီနှင့် မွမ်ဘိုင်း ခရီးစဉ်များကို ရပ်နားခဲ့ရသည်။

"ဆီဈေးနှုန်းက တက်လိုက်ကျလိုက်နဲ့ မငြိမ်ပါဘူး။ ကျလာတာနဲ့ ခရီးစဉ်ပြန်ဆွဲလို့လည်း မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ တက်လာရင် ပြန်ဖျက်ရမှာ မို့လို့ပါ" ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် ပြေးဆွဲသော လေကြောင်းလိုင်းများကို လောင်စာဆီအတွက် အခွန် ၂၃% ခန့် ပေးဆောင်နေရရာ များပြားသဖြင့် ပြည်တွင်း လေကြောင်းလိုင်းများကို အထိနာစေသည်။ ယခုလက်ရှိ Kingfisher ၏ ငွေကြေးပြဿနာသည် ထိုကိစ္စ တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။

"ကျွန်တော်တို့ မဲခေါင်ဒေသက ဒုတိယတန်းမြို့တွေကို စဉ်းစားနေပါတယ်" ဟုလည်း ပြောသည်။ Mr.Tassapon သည် ဗီယက်နမ်ရှိ Danang၊ Nha Trang နှင့် Hue မြို့များ၊ ကမ္ဘောဒီးယားမှ Sihanoukville ၊ မြန်မာနိုင်ငံ၏ မန္တလေးနှင့် လာအိုမှ Pakse မြို့တို့ကို အလားအလာကောင်းသော နေရာများအဖြစ် သတ်မှတ်ခဲ့သည်။

ချင်းမိုင်မှ ကူမင်း၊ ဟောင်ကောင်နှင့် မကာအိုမြို့များသို့ ပျံသန်းရန် တောင်းဆိုမှုများလည်း ရှိနေပြီး ဖူးခတ်မှ အိန္ဒိယနိုင်ငံ ချင်နိုင်းနှင့် ဘန်ဂလောမြို့များသို့လည်း ပျံသန်းရန် တောင်းဆိုထားကြသည်။ ဖူးခတ်သည် ယခုအခါ အိန္ဒိယမင်္ဂလာဆောင်များအတွက် ပေါ်ပြူလာနေရာတစ်ခု ဖြစ်လျက်ရှိသည်။

ယခုနှစ်တွင် Thai Air Asia သည် A 320 လေယာဉ် သုံးစီး အားဖြည့်ထားသည်။ လေကြောင်းလိုင်းသည် ယခုနှစ်ကုန်တွင် ခရီးစဉ် (၈)သန်း ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းထားသည်။ ပြီးခဲ့သည့်နှစ်က ခရီးသည်(၇) သန်း ရရှိရန် ရည်မှန်းခဲ့သော်လည်း (၆.၈)သန်းသာ ရရှိခဲ့သည်။

**************************************************************

မြန်မာပြည်သည် အုပ်ထိန်းသူမရှိသည့် သူကြွယ်ကလေးငယ်တစ်ဦးနှင့် တူကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

(CNBC မှ 28 Feb 2012 ရက်စွဲပါ "Myanmar Like a Rich Child Living off Trust Fund: Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

သဘာဝရင်းမြစ်ကြွယ်ဝသော မြန်မာနိုင်ငံသည် ငွေကြေးစီမံခန့်ခွဲထိန်းသိမ်းပေးမည့်သူ (အဖွဲ့) မရှိသော သူကြွယ် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်ပြီး အကယ်၍ မိမိ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သာကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက မြန်မာပြည်တွင် ကြီးမားသောပြောင်းလဲမှု ဖြစ်အောင် လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံဟာ ငွေကြေး ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့သူ မရှိတဲ့ရောဂါမျိုးကို ခံစားနေရပါတယ်။ ကျွန်မတို့တတွေဟာ မရှာဘဲရတဲ့ဝင်ငွေနဲ့ နေထိုင်ခဲ့ကြတာပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ သဘာဝ သယံဇာတဆိုတဲ့ ရင်းမြစ်တွေကြောင့်ပဲဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူတွင်ပြုလုပ်သော Young Presidents' Organization ၏ဆွေးနွေးပွဲသို့ အင်တာနက်ဗီဒီယိုမှတစ်ဆင့် ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စွမ်းအင်နှင့်ဘဘာဝတွင်းထွက် သယံဇာတ လွန်စွာ ပေါကြွယ်ဝပြီး စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နှစ်ကာလ ကြာမြင့်စွာ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ လက်ရှိသမ္မတဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံအင်အားစုများ ပါဝင် ယှဉ်ပြိုင်နိုင်အောင် လမ်းဖွင့်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခြင်း အစရှိသည်တို့ကို လုပ်ကိုင်ကာ မြန်မာပြည်အား နိုင်ငံတကာ အသိုင်းအဝိုင်း၌ အထီးကျန်ဖြစ်မှုအား အဆုံးသတ်ရန်ကြိုးပမ်းလျက်ရှိသည်။ အနောက်နိုင်ငံများကမူ ယခင် မြန်မာစစ်ခေါင်းဆောင်များအပေါ် သတ်မှတ်ခဲ့သည့် ခရီးသွားလာခွင့် ဗီဇာကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး မြန်မာနှင့် သံတမန်ဆက်ဆံရေး ပြန်လည် နွေးထွေး ကောင်းမွန်လာအောင် လုပ်ဆောင်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ လုပ်ကိုင်လျက် ရှိသည်။ သူမက Yong President's Organization (YPO) သို့ အမှာစကားပြောကြားရာတွင် "တိုင်းပြည်စီးပွားရေး တိုးတက်ကောင်းမွန်ရေးအတွက် သူမ၏အဓိကကျသော ဦးစားပေးမှုမှာ တရားဥပဒေစိုးမိုးရေးနှင့်

ပွင့်လင်းမြင်သာမှု ရှိရေးတို့ပင် ဖြစ်သည်" ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို သိရှိ နားလည်အောင် စုံစမ်းသင့်ကြောင်း ၎င်းကဆိုသည်။ လတ်တလော အနေအထားတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ အတည်တကျ မရှိသေးပေ။

သူမ၏ နောက်ထပ် ဦးစားပေးမှုတစ်ခုမှာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ပဋိပက္ခများ အဆုံးသတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့ပင်ဖြစ်သည်ဟု ဆိုသည်။ "သမ္မတကြီးဦးသိန်းစိန်နဲ့ ပူးပေါင်းပြီး လုပ်ကိုင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်စေချင်တဲ့ဆန္ဒရှိလို့ပါ"

YPO ၏ဆွေးနွေးပွဲသို့တက်ရောက်လာသော ပရိသတ် ၂၀၀၀ ကျော်မှ အချို့၏ မေးခွန်းမေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ခင်မင်ရင်းနှီး ဖော်ရွေစွာဖြင့် ဖြေကြားခဲ့သည်။ "ကျွန်မဟာ အထင်ကရ ပုဂ္ဂိုလ် မဟုတ်ပါဘူး၊ အလုပ်သမားတစ်ဦးပါပဲ" ဟု ဆိုသည်။

****************************************************************

ကြားဖြတ်ရွေးကောက်ပွဲသည် ပိတ်ဆို့မှုများဖယ်ရှားရေးအတွက် နောက်ဆုံးအခက်အခဲဖြစ်ဖွယ်ရှိဟု အီးယူပြော

(Radio Australia News မှ 29 Feb 2012 ရက်စွဲပါ "Burma poll may be last EU sanctions hurdle" ကို ဘာသာ ပြန်ဆိုသည်)

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် လွတ်လပ်မှုတမှုရှိသော ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပိတ်ဆို့ အရေးယူမှုများ အပြီးသတ်ဖယ်ရှားပေးရေးအတွက် နောက်ဆုံး အခက်အခဲတစ်ခု ဖြစ်နိုင်ကြောင်း ဥရောပသမဂ္ဂ(အီးယူ)ကပြောကြားသည်။

အီးယူကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာအပေါ် သတ်မှတ်ပြဌာန်းထားသည့် ကန့်သတ်ချက်များ ဖယ်ရှားပေးမည့် လုပ်ငန်းစဉ်ကို စတင်ခဲ့ကြသည်။ လူဇင်ဘတ်နိုင်ငံမှ အီးယူပါလီမန်အမတ် Robert Goebbels က လာမည့် လများအတွင်း ပိတ်ဆို့အရေးယူမှုများ ထပ်မံဖယ်ရှားပေးဦးမည်ဖြစ်ကြောင်းပြောကြားသည်။

"နောက်ထပ်အခက်အခဲဆိုတာတော့မရှိတော့ပါဘူး။ လာမယ့် ဧပြီလအတွင်းမှာ အီးယူဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြတယ်။ သူတို့ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုံးဝဖယ်ရှားပေးချင်ပေးမယ်၊ ဒါမှမဟုတ် တဖြည်းဖြည်းချင်း ဖယ်ရှားပေးသွားလိမ့်မယ် ဆိုတာကို ကျွန်တော့်အနေနဲ့ လာင်းကြေးထပ်ရဲပါတယ်" ဟု ၎င်းက ဆိုသည်။

"တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် အီးယူနဲ့ မြန်မာဆက်ဆံရေး မြင့်တက်မှု ရှိလာမှာဖြစ်ပါတယ်" ဟုလည်း ပြောသည်။

ဤအတောအတွင်းမှာပင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပေါ်နေပြီဟူသော အချက်ကိုပြောဆိုရန် လွန်စွာ စောလွန်းသေးကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

လက်ရှိ မြန်မာအစိုးရသည် စစ်တပ်ကျောထောက်နောက်ခံ ဖြစ်သော်လည်း အာဏာရရှိလာသည့် အချိန်မှစ၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံအင်အားစုများနှင့် ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း အစရှိသဖြင့် ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးပြုလုပ်လျက်ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာပြည်တွင်း အခြေအနေများနှင့် ပတ်သက်၍ အပြုသဘော ရှုမြင်ရန် စောလွန်းသေးကြောင်း ကနေဒါ တက္ကသိုလ်သို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားသည်။ မြန်မာစစ်တပ်သည် ယခုအချိန်အထိ အာဏာကို အပြည့်အဝ ဆက်လက် ရယူထားဆဲဖြစ်ရာ ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်သွားနိုင်သည့် အခြေအနေတွင် ရှိကြောင်း သူမက ဆိုသည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment