Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ တံခါးဖွင့်ခြင်းနှင့်အတူ ထိုင်းကုန်သွယ်ရေးအကျိုးဖြစ်ထွန်းဖွယ်ရှိ

(Bangkok Post မှ 5 Mar 2012 ရက်စွဲပါ With Myanmar open Thai Trade May thrive ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်စစ်ရေးဘတ်ဂျက် ဒေါ်လာ ၁၀၀ ဘီလီယံအထက်သို့ရောက်

(BBC သတင်းဌာနမှ 4 March 2012 ရက်စွဲပါ China military budget tops $100bn ကို ဘာသာပြန်ဆိုသည်)

****************************************************************************

မြန်မာ တံခါးဖွင့်ခြင်းနှင့်အတူ ထိုင်းကုန်သွယ်ရေးအကျိုးဖြစ်ထွန်းဖွယ်ရှိ

(Bangkok Post မှ 5 Mar 2012 ရက်စွဲပါ With Myanmar open Thai Trade May thrive ကို ဘာသာပြန်ဆိုသည်)

                မြန်မာနိုင်ငံသည် ကမ္ဘာကိုတံခါးဖွင့်ပေးကာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကိုလက်ကမ်းကြိုဆိုနေပြီဖြစ်၍ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ လက်ရှိစည်းမျဉ်း၊ စည်းကမ်းဥပဒေများကို ဂရုတစိုက်ရှိသင့်သည်ဟု ထိုင်းနိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဌာနက ပြောကြားလိုက်သည်။

စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့ဖူးသော မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာတစ်လွှားရပ်နီး၊ ရပ်ဝေးမှ ရင်းနှီးမြှုပ်နှံသူများ အာရုံစိုက်ရာ အချက်အချာ ဈေးကွက်တစ်ခုဖြစ်လာလျက် ရှိသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးမစ်ရှင်ကို ဦးဆောင်သွားရောက်ခဲ့သူ ITPD ညွှန်ကြားရေးမှူးချုပ် နန်တာဝမ်ဆာခွန်တာနာဂါက “မြန်မာနိုင်ငံ၏ စီးပွားရေး ကျယ်ပြန့်ကြီးထွားတော့မည့် အလားအလာများ ရှိနေပြီး နိုင်ငံတစ်ဝှမ်း ကုန်စည်ဖြန့်ဖြူးရန် အချက်အချာအဖြစ် ရန်ကုန်ကို အသုံးပြုရန် ထိုင်းကုန်သည်များအတွက် အခွင့်အလမ်းများပေးနေသည်”ဟု ပြောကြားသည်။

တပ်ခ်ပြည်နယ် မဲဆောက်ခရိုင်နှင့် မျက်နှာခြင်းဆိုင် မြဝတီနယ်စပ်ဂိတ်ကို ပြီးခဲ့သောဒီဇင်ဘာလက ပြန်လည်ဖွင့်လှစ်ခြင်းအပါအဝင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများသည် ထိုင်းကုန်သည်များကိုအကျိုးဖြစ်ထွန်းစေသည့်အပြင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကိုလည်း လွယ်ကူချောမွေ့စေသည်ဟု ယင်းက ဆိုသည်။

နောက်ထပ်စဉ်းစားသုံးသပ်နေသည့် အစီအစဉ်မှာကန်ချဘူရီတွင် ယာယီနယ်စပ်ဂိတ်များထပ်မံဖွင့် လှစ်ရန်နှင့် မယ်ဟောင်ဆောင်၊ ပရာချောက်ဘာရီခန်ရှိ စစ်ဆေးရေးဂိတ်များတွင် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများအဆင့်မြှင့်ရန်တို့ဖြစ်သည်ဟုလည်းသိရှိရသည်။

ထိုင်းနှင့်မြန်မာအကြား အခွန်၂ကြိမ် စည်းကြပ်မှုဆိုင်ရာသဘောတူစာချုပ်သည်လည်းဇန်နဝါရီလက စ၍ အကြုံးဝင် သက်ရောက်နေပြီဖြစ်ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀၀ ထက်ပိုသောသွင်းကုန်များအတွက် အခွန် ၃.၅ ရာခိုင်နှုန်းကောက်ခံမှုကိုကင်းလွတ်ခွင့်ပြုထားပြီဟုဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အချို့ရည်၊ ဘီစကစ်၊ ပီကေ၊ ကိတ်မုန့်၊ ဝေဖာ၊ ချောကလက်၊ အသားစည်သွပ်ဗူး၊ သစ်သီးစည်သွပ်ဗူး၊ ခေါက်ဆွဲ၊ ဘီယာ၊ စီးကရက်နှင့် လတ်ဆတ်သီးနှံများအပါအဝင် ထိုင်းကုန်စည်များအပေါ် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ရာ ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေး အခွင့်အလမ်းများပိုမိုပွင့်လန်းလျက်ရှိသည်။

ITPO ညွှန်ကြားရေးမှူးချုပ် မစ္စစ်နန်တာဝန်ကသူမ၏ဌာနအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးချဲ့ထွင်မှု မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာကို အစီရင်ခံစာ တင်ပြမည်ဖြစ်၍ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများနှင့် ဒုတိယတန်စားမြို့ကြီးများတွင် လိုအပ်နေသော ဝန်ဆောင်မှုဈေးကွက်ကို ဦးစားပေး သုံးသပ်နေသည်ဟု ပြောကြားသည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားပြီးသောထိုင်းလုပ်ငန်းများတွင် ဖိနပ်နှင့် အိမ်သုံးကုန် ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်သည်ဟုလည်း သိရှိရသည်။

အလားအလာကောင်းသောအခြားလုပ်ငန်းများမှာကျောက်မျက်ရတနာ၊ အထည်အလိပ်၊ လူသုံးကုန်၊ ရေထွက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ ပရိဘောဂနှင့် သစ်အချောထည်လုပ်ငန်းများဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအထူးသဖြင့် ဈေးပေါသော လုပ်သားနှင့် ကုန်ကြမ်းပစ္စည်းအပေါ် အားပြုသော လုပ်ငန်းများကို လေ့လာရှာဖွေရန်အတွက် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ပိုင်တွန်ထရိုင် ဗီ၈ျစ်ကာဆန်သည်လည်း နောက်ထပ်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ တစ်ခုကိုဦးဆောင်ကာ မြန်မာနိုင်ငံသို့ သွားရန် စီစဉ်နေသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံသည် ဒေါ်လာ ၂.၈၄ ဘီလျံတန်ဖိုးရှိပို့ကုန်များကို မြန်မာနိုင်ငံသို့ မနှစ်ကတင်ပို့ခဲ့ရာ ၂၀၁၀ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသို့ အများဆုံးတင်ပို့ရသော ထိပ်တန်းစာရင်းဝင်ပို့ကုန်များမှာ ဓာတ်ဆီ၊ စက်ပစ္စည်း၊ အချိုရည်၊ သံမဏိနှင့် မော်တော်ကားများ ဖြစ်သည်။

**********************************************************************

တရုတ်စစ်ရေးဘတ်ဂျက် ဒေါ်လာ ၁၀၀ ဘီလီယံ အထက်သို့ရောက်

(BBC သတင်းဌာနမှ 4 March 2012 ရက်စွဲပါ China military budget tops $100 bn ကို ဘာသာပြန်ဆိုသည်)

ယခု ၂၀၁၂ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ တရားဝင်ကာကွယ်ရေးအသုံးစရိတ်သည် ၁၁ ဒဿမ ၂ ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁၀၀ ဘီလီယံ(ပေါင် ၆၅ ဘီလီယံ) အထက်သို့ရောက်ရှိသွားမည်ဖြစ်ကြောင်း ဘေဂျင်းအစိုးရက ကြေညာချက် ထုတ်ပြန်သည်။

တရုတ်အစိုးရ၏ ကာကွယ်ရေးဘတ်ဂျက်မှာ နှစ်ပေါင်း ၂၀ တာကာလအတွင်း နှစ်စဉ်နှင့်အမျှမြင့်တက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ကာကွယ်ရေးစရိတ် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာသည်။ တရုတ်ပြည်သည် လေယာဉ်တင်သင်္ဘောတစ်စီး၊ စတိလ်သ်ဂျက် တိုက်လေယာဉ် တစ်စင်း နှင့် ဂြိုလ်တုများကို ပစ်ချနိုင်သည့်ဒုံးကျည်များကို တီထွင်ထုတ်လုပ်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုက အာရှဒေသတွင်း အခြေချတည်ရှိမှုကို ဆက်လက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ကတိပေး ပြောဆိုခဲ့သည်။ ဒေသတွင်း တရုတ်ပြည်သြဇာလွှမ်းမိုးမှုကို တန်ပြန်ချိန်ညှိရန်ဦးတည်သည်ဟု ယူဆရသည်။ တစ်နှစ်လျှင် စစ်ရေးအသုံးစရိတ် ဒေါ်လာ ၇၄၀ ဘီလီယံရှိသော အမေရိကန်အစိုးရသည် အာရှပစိဖိတ်ဒေသတစ်လျှောက်၌ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို အခြေချထားပြီးဖြစ်သည်။

ဘေဂျင်းအခြေစိုက် BBC သတင်းထောက် Martin Patience အဆိုအရ ဒေသတွင်း အမေရိကန်သြဇာလွှမ်းမိုးလာမှုအပေါ် တရုတ် အရာရှိကြီးများက များစွာသတိထားလျက်ရှိပြီး အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့တိုင်းပြည်အား ဝိုင်းရံလိုစိတ်ရှိနေသည်ဟု ယုံကြည်လျက်ရှိသည်။

တရုတ်ပြည်၏ အင်အားကြီးထွားလာသော စစ်တပ်အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေဟန်ရှိသည်။ တရုတ်သည် နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်အစရှိသည့်နိုင်ငံများနှင့် နှစ်ပေါင်းများစွာ အငြင်းအခုန်ဖြစ်ခဲ့သည်။ ထို့ပြင် ရာနှင့်ချီသော ဒုံးကျည်များကို ထိုင်ဝမ်ကျွန်းဘက်သို့ ဦးတည်ကာ တပ်ဆင်ထားသည်။ တရုတ်က ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားပြီး အကယ်၍ ထိုင်ဝမ်ကသာ လွတ်လပ်ရေးတောင်းဆိုပါက စစ်ရေးဖြင့်တိုက်ခိုက်ရန်လည်း ရည်ရွယ်ချက် ထားရှိသည်။

ယခု စစ်ရေးဘတ်ဂျက်သစ်နှင့်ပတ်သက်၍ မည်သို့မည်ပုံသုံးစွဲမည်ကို စိုးရိမ်ပူပန်မိကြောင်း တရုတ်ပါလီမန်အရာရှိတစ်ဦးဖြစ်သူ Li Zhaoxing က

ပြောကြားသည်။ “တရုတ်နိုင်ငံဟာ ငြိမ်းချမ်းမှုပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လျှောက်ဖို့ဆုံးဖြတ်ထားပြီး ကာကွယ်မှုကိုသာ ဦးတည်တဲ့ အမျိုးသား ကာကွယ်ရေး မူဝါဒကိုကျင့်သုံးနေပါတယ်။ တရုတ်ပြည်မှာ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံရှိတယ်၊ ကျယ်ဝန်းလှတဲ့နယ်နိမိတ်နဲ့ ရှည်လျားလှတဲ့ ကမ်းရိုးတန်းလည်း ရှိတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ တခြားနိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးလွန်းပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျီဒီပီအချိုးအရဆိုပါက တရုတ်ပြည် စစ်အသုံးစရိတ်သည် အမေရိကန်ထက်ရော ဗြိတိန်နိုင်ငံထက်ပါ လျော့နည်းလျက်ရှိသည်။ သို့သော် နိုင်ငံခြား ပညာရှင်များ အဆိုအရ တရုတ်ပြည်၏ အမှန်တကယ် စစ်ရေးအသုံးစရိတ်သည် တရားဝင်ထုတ်ပြန်ထားသည့် စရိတ်ထက် နှစ်ဆခန့်ပိုမိုဖွယ်ရှိသည်။ ဘေဂျင်းအစိုးရက ၂၀၁၁ ခုနှစ်တွင် စတိလ်သ်ဂျက် တိုက်လေယာဉ်တစ်စင်းကို စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး ပထမဆုံးပင်လယ်ကူး လေယာဉ်တင် သင်္ဘော တစ်စီးကိုလည်း ထုတ်လုပ်နိုင်ခဲ့သည်။

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟု အမည်ရသည့် တရုတ်စစ်တပ်တွင် တပ်ဖွဲ့ဝင် နှစ်သန်းကျော်ခန့်ရှိရာ ကမ္ဘာ့အကြီးဆုံး စစ်တပ်လည်း ဖြစ်သည်။

*******************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment