Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ထပ်ဖွင့်မည်

(People's Daily မှ 13 March 2012 ရက်စွဲပါ Xinhua ၏ Myanmar to open one more border trade point with Thailand ကို ဘာသာ ပြန်ဆိုသည်)

  1. အင်တာနက်၏ ရန်သူများစာရင်းတွင် တရုတ်၊ မြောက်ကိုရီးယား၊ မြန်မာတို့ အပြိုင်ပါဝင်

(Ran ARMENIAN.Net မှ 12 March 2012 ရက်စွဲပါ China, Myanmar, N.korea on enemies of the Internet List ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ် ပို့ကုန်တင်ပို့မှု လျော့ကျ၍ ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်

(Financial Times မှ 11 March 2012 ရက်စွဲပါ Chinese deficit widen as exports slump ကို ဘာသာ ပြန်ဆိုသည်)

  1. ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာတို့ မြစ်ကြောင်း သွားလာရေးစာချုပ် ယခုလကုန်လက်မှတ်ရေးထိုးမည်

(Financial Express Bangladesh မှ 10 March 2012 ရက်စွဲပါ Syful Islam ရေးသားသော BD, Myanmar set to sign river protocol this month ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ထပ်ဖွင့်မည်

(People's Daily မှ 13 March 2012 ရက်စွဲပါ Xinhua ၏ Myanmar to open one more border trade point with Thailand ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်၍ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက တနင်္လာနေ့က သတင်းထုတ်ပြန်ခဲ့သည်။ တနင်္သာရီတောင်ပိုင်း မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ပဉ္စမမြောက် ဖြစ်ကြောင်း Global News ၏ အဆိုအရ သိရှိရသည်။

မြန်မာနိုင်ငံ၏ ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် ၂ဝဝ၉-၁ဝ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၂၇၄) သန်းထိ ရှိခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရှိရသည်။ ယခုအသစ်မဖွင့်မီ မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၂ ခုရှိရာ တရုတ်နှင့် ၄ ခု၊ ထိုင်းနှင့် ၄ ခု၊ အိန္ဒိယနှင့် ၂ ခု၊ ဘင်္ဂလားဒေ့ရှ်နှင့် ၂ ခု အသီးသီး ရှိသည်။ တစ်ချိန်တည်းမှာပင် ဘန်ကောက်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်တို့ ဆက်သွယ်သော အဝေးပြေး လမ်းမကြီးမှာ ဖောက်လုပ်လျက် ရှိရာ တစ်နှစ်ခွဲအတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

တရားဝင် စာရင်းများအရ မြန်မာနယ်စပ် ကုန်သွယ်ရေးသည် ၂ဝ၁၁-၁၂ တွင် အမေရိကန်ဒေါ်လာ ၃.ဝ၄၆ ဘီလျံသို့ ရောက်ရှိခဲ့ပြီး ၂ဝ၁ဝ-၁၁ တွင် ဒေါ်လာ ၁.၉ ဘီလျံသာ ရှိခဲ့ရာ ၆ဝ% ကျော် မြင့်တက်လာခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး ပမာဏ တက်လာရခြင်းမှာ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ဘီလျံနီးပါး မြင့်တက်လာမှုကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးသည် တရုတ်နှင့် အများဆုံး ဖြစ်ပြီး နောက်မှ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ အသီးသီး ရှိခဲ့သည်။

************************************************************

အင်တာနက်၏ ရန်သူများစာရင်းတွင် တရုတ်၊ မြောက်ကိုရီးယား၊ မြန်မာတို့ အပြိုင်ပါဝင်

(Ran ARMENIAN.Net မှ 12 March 2012 ရက်စွဲပါ China, Myanmar, N.korea on enemies of the Internet List ကို ဘာသာ ပြန်ဆိုသည်)

Reporters Without Borders နယ်စည်းမခြားသတင်းထောက်များ အဖွဲ့က နောက်ဆုံး ထုတ်ပြန်သော အင်တာနက်၏ ရန်သူများစာရင်းတွင် အာရပ်နွေဦး အုံကြွမှုသည် အင်တာနက်လွတ်လပ်ခွင့် မျက်နှာစာကို ပြောင်းလဲပေးနေသည်ဟု သုံးသပ် ဖော်ပြထားသည်။

အဆိုပါ နှစ်လည်အစီရင်ခံစာတွင် အင်တာနက် ဝက်ဘ်ဆိုက်များ၌ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြင်းထန်စွာ တားမြစ်ချုပ်ချယ်ထားသော နိုင်ငံများကို အင်တာနက်၏ရန်သူများဟု အမျိုးအစား သတ်မှတ်ထားသည်။ ထို့အပြင် သတိထား စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းကိုလည်း ပြုစုထားသည်ဟု Associated Press က သတင်းထုတ်ပြန်သည်။

အဆိုပါ အုပ်စုက ရန်သူများ စာရင်းတွင် ဘာရိန်းနိုင်ငံကိုလည်း ထည့်သွင်းထားပြီး ဆွန်နီ အာဏာရှင် မင်းဆက်ကို ဆန့်ကျင်သည့် ရှီတီဦးဆောင် သူပုန်ထမှုကို နှိမ်နင်းရန်အတွက် သတင်းမှောင်ချခြင်း၊ ဘလော့ဂါများကို ဖမ်းဆီးနှိပ်စက်ခြင်း တို့ကို ကျူးလွန်နေသည်ဟု ထောက်ပြ ညွှန်ပြထားသည်။ ဘာရိန်းသည် မူလကပင် သတိထား စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် ပါဝင်ပြီး ဖြစ်သည်ဟု ဆိုသည်။

လစ်ဗျားနိုင်ငံကိုမူ သတိထား စောင့်ကြည့်ရမည့် စာရင်းမှ ဖယ်လိုက်ပြီဟု သိရသည်။ ယခုနောက်ဆုံး ထုတ်ပြန်သော အင်တာနက်၏ ရန်သူများ စာရင်းတွင် အင်တာနက် ပိတ်ဆို့မှု၌ နာမည်ကျော် တရုတ်၊ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပါဝင်ကြသည်။ သို့သော် အံ့အားသင့်စရာ အချက်မှာ သတိထား စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် ဩစတြေးလျနှင့် ပြင်သစ်တို့ ပါဝင်လာခြင်း ဖြစ်သည်။ ဩစတြေးလျ နိုင်ငံသည် ကလေးသူငယ် လိင်နှိုးဆွသည့် ဝက်ဘ်ဆိုက်များနှင့် အခြားမသင့်လျော်သော ဝက်ဘ်ဆိုက်များကို တားဆီးမည့် နိုင်ငံလုံးဆိုင်ရာ (Filter)ဆန်ကာစစ်ချသည့်စနစ်ကို ဖန်တီးကြရန် အင်တာနက် ဝန်ဆောင်ကုမ္ပဏီများ (ISP) များကို သိမ်းသွင်းနေသည်ဟု နယ်စည်းမခြား သတင်းထောက်များက ပြစ်တင် ဝေဖန်ထားသည်။ ထို့ပြင် ဩစတြေးလျ အစိုးရက သတ်မှတ်စံညွှန်းများ အလွန်အကျွံ ကျယ်ပြန့်လွန်းသော Filter စနစ်ကို ဆက်လက် အကောင်အထည် ဖော်နေခြင်းအပေါ် သတင်းထောက်အသင်းက စိုးရိမ်ပူပန်နေသည်ဟု သိရသည်။

ပြင်သစ်နိုင်ငံသည်လည်း သတင်းထောက်များ ရေးသားသော သတင်းဆောင်းပါးများအပေါ် ရာဇဝတ်မှု စွဲချက်တင်ခြင်း များစွာ ပြုလုပ်ခြင်းကြောင့် မနှစ်က စောင့်ကြည့်သတိထားရမည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် စာရင်းတွင် ပြင်သစ်နိုင်ငံ ဆက်လက် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ အကြိမ်ကြိမ် တရားမဝင် ဒေါင်းလုတ်ဆွဲသူများအား အင်တာနက် သုံးစွဲခွင့် ဖြတ်တောက်ခြင်းဖြင့် ပြစ်ဒဏ်ပေးရန် ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ဖြစ်သည်။

**************************************************************

တရုတ် ပို့ကုန်တင်ပို့မှု လျော့ကျ၍ ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်

(Financial Times မှ 11 March 2012 ရက်စွဲပါ Chinese deficit widen as exports slump ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၃၁ ဒဿမ ၅ ဘီလီယံထိ ရောက်ရှိခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နှေးကွေးမှုနှင့် ကမ္ဘာ့ဒုတိယအကြီးအဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်ပြည်၏ စီးပွားရေးတိုးတက်ခြင်း နှေးကွေးလာမှုနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ပိုမိုဖြစ်ပေါ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တရုတ်ပြည်မှ ပို့ကုန်တင်ပို့မှုမှာ ဇန်နဝါရီလ တင်ပို့မှုထက် ၂၃ ဒဿမ ၆ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ သို့သော် ယမန်နှစ်ကထက် ၁၈ ဒဿမ ၄ ရာခိုင်နှုန်း နှေးကွေးကျဆင်းသွားမည်ဟု မျှော်မှန်းထားသည်ထက် ပိုမိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနက ဆိုသည်။ တရုတ်ပြည်၏ ပို့ကုန်တင်ပို့မှု လျော့ကျလာရသော်လည်း သွင်းကုန်တင်သွင်းမှုမှာ အံ့သြဖွယ် ကောင်းလောက်အောင် အားကောင်းလျက် ရှိသည်။ အကြောင်းမှာ တရုတ်ပြည်က ရေနံစိမ်း၊ သံနှင့် သတ္တုရိုင်းကဲ့သို့သော ကုန်ပစ္စည်းများ ဝယ်ယူခဲ့သောကြောင့် ဖြစ်သည်။ ပို့ကုန်တင်ပို့မှု လျော့ကျ လာခြင်းကြောင့် ယခုနှစ်များအတွင်း ကုန်သွယ်ရေး လိုငွေပြမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ စီမံခန့်ခွဲရေးဌာနက မတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်သော ကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို တိုင်းတာရာတွင် အဓိက အခရာ ကျသော ဘာရိုမီတာဖြစ်သည်။ တရုတ်ပြည်၏ ပို့ကုန်တင်ပို့မှုသည် ထုတ်ကုန် ပစ္စည်းများ အတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားနှင့် နီးကပ်စွာချိတ်ဆက်နေသည်။

စီးပွားရေးပညာရှင်များ အဆိုအရ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများ လျော့နည်းလာခြင်းနှင့်အတူ တရုတ်ပို့ကုန် တင်ပို့မှု လျော့ကျ လာခြင်းကြောင့် ဘေဂျင်းအစိုးရအနေဖြင့် ငွေကြေးမူဝါဒ ဖြေလျှော့မှုဆိုင်ရာ လုပ်ရပ်များကို အလျင်အမြန် လုပ်ဆောင်လာလိမ့်မည် ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည် စီးပွားရေး အရွယ်အစား ကျုံ့ဝင်မှုကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။ တရုတ်အစိုးရက ထုတ်ပြန်သော အဆိုပါ ကိန်းဂဏန်းများကို ကြည့်ပါက တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှုသည် အေးတိအေးစက် ဖြစ်နေသည်။

"ပို့ကုန်တင်ပို့မှုက ဆိုးဆိုးရွားရွားကြီးတော့ မဖြစ်ပါဘူး။ ဒါပေမဲ့လည်း ယခုအထိ အင်အားမကောင်းသေးဘူး" ဟု BNP Paribas မှ စီးပွားရေး ပညာရှင် Ken Peng ကပြောသည်။ "လာမယ့်နှစ်ကာလတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လုံလောက်တဲ့ ရန်ပုံငွေတွေထောက်ပံ့ပေးဖို့ ဘေဂျင်း အစိုးရက မူဝါဒချမှတ်သူတွေ အနေနဲ့ မဖြစ်မနေ လုပ်ကိုင်ပေးဖို့အထူးလိုအပ်ပါတယ်" ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံသည် ယခုအခါ ၂၀၀၈ ခုနှစ်ကဲ့သို့သော စီးပွားရေးနာလန်ထူရေး အစီအစဉ်မျိုး လုပ်ဆောင်ရန်မှာ ဖြစ်နိုင်ခြေမရှိပေ။ မူဝါဒချမှတ်သူများ အနေဖြင့် ဘဏ်များ၏ အရန်ငွေထားရှိရန် လိုအပ်မှု အချိုးအစားကို ယခုနှစ်အတွင်းလျှော့ချပြီး ငွေကြေးဆိုင်ရာ နာလန်ထူနိုင်မည့် မူဝါဒတစ်ရပ် ချမှတ်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ တရုတ်ပြည်၏ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ နှင့်ပတ်သက်သော စီးပွားရေးကိန်းဂဏန်းများမှာ တရုတ်ရိုးရာ နှစ်သစ်ကူး ကာလကြောင့် ပုံမှန်ဖြစ်လေ့ မရှိပေ။ အဆိုပါ နှစ်လပေါင်း ပို့ကုန်တင်ပို့မှုမှာ ယမန်နှစ်ကထက် ၆ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သွင်းကုန်တင်သွင်းမှုမှာမူ ၇ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တရုတ်ပြည်သည် ယခင်က အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးပိုလျှံမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ဝါရှင်တန်အစိုးရ၏ ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသည်။ သို့သော် ကုန်ပစ္စည်းများ အဆမတန် တင်သွင်းမှုကြောင့် ယခုနှစ်များအတွင်း ကုန်သွယ်ရေးပိုလျှံမှု လျော့ကျလာခြင်း ဖြစ်သည်။

*************************************************************

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာတို့ မြစ်ကြောင်း သွားလာရေးစာချုပ် ယခုလကုန်လက်မှတ်ရေးထိုးမည်

(Financial Express Bangladesh မှ 10 March 2012 ရက်စွဲပါ Syful Islam ရေးသားသော BD, Myanmar set to sign river protocol this month ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသည် နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ယခုလနှောင်းပိုင်းတွင် မြစ်ကြောင်းသွားလာရေး သဘောတူစာချုပ် (River protocol) ကို လက်မှတ် ရေးထိုးရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။

ယခုလနှောင်းပိုင်း မြန်မာသမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ် လာရောက်ချိန်တွင် စာချုပ် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ယင်းတို့က ဖြည့်စွက်ပြောကြားသည်။ စာချုပ်မူကြမ်းကို အတည်ပြုပြီးလည်း ဖြစ်သည်။ အဆိုပါ စာချုပ်လက်မှတ် ရေးထိုးခြင်းကြောင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကုန်ပစ္စည်းသယ်ယူမှု စရိတ်များ လျော့ကျသွားမည် ဖြစ်သည်။

ယခုလက်ရှိအားဖြင့် နှစ်နိုင်ငံ ပို့ကုန်သွင်းကုန်များသည် စင်ကာပူမှတစ်ဆင့် ပင်လယ်လမ်းကြောင်းဖြင့်သာ အသုံးပြုနေရသဖြင့် လုပ်ငန်းရှင်များ ကုန်ကျစရိတ် များပြားခဲ့ရသည်။ စာချုပ်တွင် မြစ်ကြောင်းလမ်း ၆ ခုနှင့်ဆိပ်ကမ်း ၈ ခု သဘောတူထားသည်။ ဆိပ်ကမ်း ၈ ခု၌ တစ်နိုင်ငံလျှင် လေးခုစီ ရှိမည် ဖြစ်သည်။ လက်ရှိ ကမ်းရိုးတန်းနှင့် ရေကြောင်း သင်္ဘောသွားလာရေး သဘောတူညီချက်အရ နှစ်နိုင်ငံအကြား ရိုးရာအတိုင်း သင်္ဘောကြီးများသာ သွားလာနိုင်ပေသည်။

ယခု လက်မှတ်ရေးထိုးမည့် စာချုပ်တွင် သင်္ဘောအသေးများလည်း သွားလာနိုင်မည် ဖြစ်ရာ ကုန်ပစ္စည်း သယ်ယူစရိတ်များ ကျဆင်းသွားနိုင်မည် ဖြစ်သည်။

စာချုပ်မူကြမ်းအရ နှစ်နိုင်ငံစလုံးသည် မိမိတို့၏ မြစ်ကြောင်း အသုံးပြုမှုအတွက် သင်္ဘောများအား အသုံးပြုခ ကောက်ခံနိုင်မည် ဖြစ်သည်။ အသုံးပြုခ နှုန်းထားများကို ဒါကာသို့ မြန်မာသမ္မတလာရောက်မည့် ခရီးစဉ်အတွင်း သတ်မှတ်မည် ဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာ အရည်အသွေး ညံ့ဖျင်းပြီး အရေအတွက်လည်း နည်းသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ၁၉၉၁-၉၂ မှ ၁၉၉၅-၉၆ ထိ ဘင်္ဂလားဒေ့ရှ်က အသာစီးရခဲ့ပြီး ၁၉၉၆-၉၇ မှစ၍ မြန်မာဖက်မှ သိသာစွာ မြင့်တက်လာခဲ့သည်။

၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၉.၆၅ သန်း တန်ဖိုးရှိ ပစ္စည်းများ တင်ပို့ခဲ့ပြီး မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၇၅.၇၂ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ ပြန်လည် တင်သွင်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အဓိကအားဖြင့် ဆေးဝါးထုတ်ကုန်များ၊ သားရေ၊ ရက်လုပ်ထားသော အဝတ်အထည်များနှင့် အခြား ထုတ်ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့ပြီး မြန်မာနိုင်ငံမှ သစ်နှင့်ဆိုင်သော ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ အသင့်ပြင်ထားသော အစားအသောက်များနှင့် ငါးစသည်တို့ ပြန်လည် တင်သွင်းလျက် ရှိသည်။

မကြာခင်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသည် စီးပွားရေး လုပ်ငန်းများကို တိုက်ရိုက် ဘဏ်ဆက်သွယ်ခြင်းဖြင့် လုပ်ကိုင်နေပြီ ဖြစ်သည်။ ယခင်က စင်ကာပူ၊ ထိုင်း စသော နိုင်ငံများရှိ ဘဏ်များမှတစ်ဆင့်သာ ပြုလုပ်ခဲ့ရသည်။ ယခုအခါ LC (Letter of Credit) အတွက် Asian Clearing Union (ACU) ၏ လုပ်ဆောင်မှု အောက်တွင် ငွေပေးငွေယူကိစ္စများ လုပ်ဆောင်လျက် ရှိသည်။

*************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment