Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မလေးကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရေး စဉ်းစားရန် တိုက်တွန်း

(The Star Online မှ 15 March 2012 ရက်စွဲပါ Zazali Musa ရေးသားသော Consider investing in Myanmar Malaysian companies told ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်သို့ကျူးကျော်ခြင်း

(Strategy Page မှ 14 March 2012 ရက်စွဲပါ Invading China ကို ဘာသာပြန်ဆိုသည်)

******************************************************************************

မလေးကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရေး စဉ်းစားရန် တိုက်တွန်း

(The Star Online မှ 15 March 2012 ရက်စွဲပါ Zazali Musa ရေးသားသော Consider investing in Myanmar Malaysian companies told ကို ဘာသာ ပြန်ဆိုသည်)

မလေးရှားအစိုးရသည် မလေးရှား ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံအပေါ် ယင်းတို့၏ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာနေရာအဖြစ် သတ်မှတ်ရန် လိုလားလျက် ရှိသည်။

နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Mustapa Mohamed က မြန်မာအစိုးရ၏ မူဝါဒ ပြောင်းလဲမှုများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လေးလေးနက်နက် ဖိတ်ခေါ်နေသည့် လက္ခဏာ ဖြစ်ကြောင်း ဆိုသည်။ ဆက်လက်ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများတွင် လမ်းဖောက်ခြင်း၊ အဝေးပြေးလမ်းများ ဖောက်ခြင်းနှင့် လေယာဉ်ကွင်း တည်ဆောက်ခြင်း စသည့် အခြေခံအဆောက်အဦများ၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ အခြေပစ္စည်း ဖွံ့ဖြိုးမှု စီမံကိန်းများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းများ ပါဝင်ကြောင်း ဆိုသည်။

"လက်ရှိအားဖြင့် မလေးရှားကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ဝဝ ကျော် မြန်မာနိုင်ငံတွင် ရှိနေပြီး နောက်ထပ် မြန်မာကို ပိုပြီး သွားစေချင်ပါတယ်" ဟု ယင်းက ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Mustapa က မကြာမီက မြန်မာနိုင်ငံသို့ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံသည် မလေးရှားရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး အခွင့်အလမ်းကောင်းများ ချပြခဲ့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ယင်းသည် Johor တွင် ရင်းနှီးမြှုပ်နှံသူများနှင့် တံခါးပိတ်အစည်းအဝေး တက်ရောက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် Iskandar ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ CEO ဖြစ်သူ Ismail Ibraham ၏တင်ပြမှုကို တက်ရောက် နားထောင်ခဲ့သည်။

Mustapa က မြန်မာနိုင်ငံ၏ တံခါးဖွင့်ဝါဒကြောင့် မလေးရှား၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်မည်ကို မစိုးရိမ်ကြောင်း ပြောသည်။ "နှစ်နိုင်ငံစလုံးဟာ FDI ကို ဆွဲဆောင်ရာမှာ သူ့ပစ်မှတ်နဲ့သူ ရှိပါတယ်။ မလေးရှားက အဆင့်မြင့်နည်းပညာသုံး ရင်းနှီးမြှုပ်နှံမှုတွေကို ရည်ရွယ်နေပါတယ်။ မြန်မာနိုင်ငံကတော့ လုပ်သားအင်အား သုံးရတဲ့ စက်မှုလုပ်ငန်းအပေါ် ပိုပြီး ပစ်မှတ်ထားပါတယ်" ဟု ယင်းက ပြောသည်။

****************************************************************

တရုတ်သို့ကျူးကျော်ခြင်း

(Strategy Page မှ 14 March 2012 ရက်စွဲပါ Invading China ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရ၏ အနောက်နိုင်ငံများနှင့် ကုန်သွယ်မှုနှင့် အကူအညီများ ရရန် ကြိုးစားမှုသည် ဒီမိုကရေစီကို ပြ၍ ယုံကြည်လာအောင် လုပ်ပြနိုင်မှုပေါ်တွင် မူတည်သည်။ သို့သော်လည်း မြန်မာများကမူ လက်ရှိတွင် အများစုက အငြိမ်းစားယူသွားခဲ့ပြီ ဖြစ်သော စစ်တပ်အရာရှိများ လွှမ်းမိုးသော အစိုးရ၏ ချုပ်ကိုင်မှု ရှိနေသေးသည်ဟု ခံစားနေကြရသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း လွှတ်ပေးခဲ့သော ဒီမိုကရေစီ လှုပ်ရှားသူအများစုကို ရဲများက စောင့်ကြည့်၍ အနှောင့်အယှက် ပေးနေဆဲ ဖြစ်သည်။ ယခု ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲသည် မရိုးသားမှုများ ရှိလိမ့်မည်ဟု ယုံကြည်ရသည်။ မဲဆန္ဒရှင်စာရင်းကို စစ်ဆေးကြည့်သောအခါ သေဆုံးသူ အများအပြား စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်ကို တွေ့ကြရသည်။ အစိုးရကမူ ပြန်လည် ပြင်ဆင်ပေးမည်ဟု ဆိုသည်။ အစိုးရသည် တိုင်းပြည်တွင် ထိန်းချုပ်ထားမှု အတော်များများကို လျှော့ချခဲ့သော်လည်း ပြည်သူများသည် စကား ပြောဆိုရာတွင် လည်းကောင်း၊ မည်သူ့ကို ပြောသည် ဆိုသည်ကိုလည်းကောင်း သတိထားနေရဆဲ ဖြစ်သည်။

ဗိုလ်ချုပ်များနှင့် ယင်းတို့၏ မိသားစုများသည် စီးပွားရေး လုပ်ငန်း အတော်များများကို ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး အစိုးရ၏ အလွန်အကျွံ  ပူးပေါင်း ဆောင်ရွက်မှုကို ရရှိသည်။ အဆက်အသွယ် ကောင်းကောင်း မရှိသူများသည် အခက်အခဲများ တွေ့ကြရသည်။ လာဘ်ပေးခြင်းသည် အထောက်အကူ ဖြစ်သော်လည်း ခက်ခက်ခဲခဲ လုပ်ဆောင်ကြရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အဓိက လူမျိုးစု လက်နက်ကိုင် အုပ်စုနှစ်ခု ဖြစ်သော 'ဝ' ပြည်ထောင်စု တပ်မတော် (UWSA) နှင့် ရှမ်းပြည်နယ် တောင်ပိုင်း တပ်မတော် (SSA-S) တို့သည် မြန်မာ စစ်တပ်နှင့် ညှိနှိုင်းရန် ငြင်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အုပ်စု နှစ်ခုသည် မူးယစ်ဆေးဝါး လုပ်ငန်းမှ ငွေများစွာ ရနေခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်။ ဘိန်းနှင့် ဟီရိုးအင်းကို လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြန်လည် ထုတ်လုပ်ခဲ့ကြသည်။ မက်သာဖက်တမင်း ထုတ်လုပ်မှုမှာ ကြီးမားခဲ့သည်။ မြန်မာပြည်တွင်းက ရာဘ (crazy drug) ဟု ခေါ်သော မူးယစ်ဆေးဝါးကို ထိုင်းနိုင်ငံ မှတဆင့် ရောင်းဝယ်ဖောက်ကားပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ရာဘဆေးပြား ထုတ်လုပ်မှုမှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။ မကြာသေးမီက ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ စစ်တပ်ကားဖြင့် တင်ဆောင်လာသော မက်သာဖက်တမင်း ဆေးပြားလေးသန်းကို ဖမ်းမိခဲ့သည်။ သို့သော် မဖမ်းမိပဲ ရောင်းဝယ်နေသော ပမာဏ အများကြီး ရှိသည်။ မက်သာဖက်တမင်း စက်ရုံများမှာ ဘိန်းခင်းများထက် လူမမြင်အောင် လုပ်ရလွယ်သည်။ (ဘိန်းသည် ဘိန်းပင်မှ အဆီဖြစ်သည်)။ ရာဘ ဆေးပြားများကို တစ်နှစ်လျှင် သန်းရာချီ၍ အဆိုပါ စက်ရုံများမှ ထုတ်လုပ်နေသည်ဟု ယုံကြည်ရသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၊ အထူးသဖြင့် UWSA သည် ဘိန်းလုပ်ရာမှ အမြတ်ငွေကို ယင်းတို့၏ စစ်တပ်အတွက် လက်နက်များ ပိုမို ဝယ်ယူသည်။ အစိုးရသည် ထိုဒေသများတွင် ညှိနှိုင်းမှု၌ အာဏာမတည်ပဲ အားနည်းနေသည်။

မြန်မာအစိုးရသည် အိမ်နီးချင်း တရုတ်အပေါ်တွင် စီးပွားရေးအရ မှီခိုရမှု လျှော့ချရန် ကြိုးစားသည့် အနေဖြင့် အခြားနိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ကုန်သွယ်မှု ပိုမို တိုးတက်အောင် လုပ်ဆောင်လျက် ရှိသည်။ တရုတ်နယ်စပ်များသည် သူပုန်များ ကြီးစိုးရာ နေရာများ ဖြစ်ခြင်းကြောင့် တရုတ်များအဖို့ လုပ်ရကိုင်ရသည်မှာ ကျပ်ကျပ်တည်းတည်း ဒုက္ခများ ရှိကြသည်။ အချို့ တိုင်းရင်းသားများသည် နယ်စပ်တွင် နှစ်ဖက်ခွ၍ နေထိုင်ကြပြီး နယ်စပ်ကို လွတ်လပ်စွာ ဖြတ်ကျော်နေသည်မှာ ထုံးစံ တစ်ခုလို ဖြစ်နေသည်။ ထိုဒေသများတွင် လူဦးရေ ကျဲပါးပြီး သစ်ပင်များ ပေါက်ရောက်လျက် ရှိခြင်းကြောင့် အစိုးရ နှစ်ခုစလုံးသည် နယ်စပ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ တရုတ်သည် ယခု မြန်မာ စစ်သားများ တရုတ်နယ်ထဲသို့ ဝင်၍ ပြဿနြာ ဖစ်သော တရုတ်အား သေနတ်ဖြင့် ပစ်သတ်ခြင်းကို စောဒက တက်လျက် ရှိသည်။

တရုတ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းများတွင် များစွာ ရင်းနှီးမြှုပ်နှံထားမှုကြောင့် စိုးရိမ် ကြောင့်ကြမှု ဖြစ်ပေါ်လျက် ရှိသည်။ တရုတ်တို့၏ ၃.၆ ဘီလျံ ဒေါ်လာတန် ရေလှောင်တမံ စီမံကိန်းမှာ လွန်ခဲ့သော ၆ လက ရပ်ဆိုင်းသွားခဲ့သော်လည်း ဘင်္ဂလားပင်လယ်အော်မှ တရုတ်သို့ ဆက်သွယ်သော ပိုက်လိုင်းများမှာမူ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ ရေလှောင်တမံ အတွက် ခြုံများ ဖုံးနေသော စက်ပစ္စည်း ကိရိယာများနှင့် တရုတ်လုပ်သားများမှာ လုပ်ငန်း ပြန်လည် စတင်ရေး အတွက် အမိန့်ကို စောင့်နေသည်။ ထိုသို့ စောင့်ဆိုင်းနေရခြင်းကြောင့် တရုတ်တို့ ငွေ အမြောက်အများ ကုန်ကျလျက် ရှိသည်။ အစိုးရသည် ကချင်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ သို့သော် အောင်မြင်မှု ရရှိခြင်း မရှိသေးပေ။ အစိုးရသည် အတိတ်က ကချင်တို့အပေါ် တိုက်ခိုက်မှု၊ နှိပ်ကွပ်ခဲ့မှုများကြောင့် ယခု ညှိနှိုင်းရာတွင် လုံလောက်သော ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲနေသည်။ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ စတင် ဖြစ်ပွားခြင်းကြောင့် ကချင် ဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့ခြင်းကြောင့် တရုတ်က စိတ်ညစ်လျက် ရှိသည်။

*********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment